← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 12 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 12 Ch. 175-176

အခန်း ၁၇၅

- အပိုင်း ၃၃ - ထပ်မံဖတ်ရှုခြင်း (၆)

...ဘာလဲဟ။

ပေါ်လာသော မက်ဆေ့ချ်ကို ကြည့်ပြီး ကင်ဒေါ့ဂျာ အံ့ဩသွားရသည်။ ယခုအချိန်အထိ နက္ခတ်များအပေါ် နားလည်နိုင်စွမ်း မြင့်တက်လာခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ကင်ဒေါ့ဂျာသည် စာမှတ်ကို ဖွင့်ကြည့်လိုက်သော်လည်း အသုံးပြုနိုင်သည့် လူစာရင်းထဲတွင် ချောက်ဂျွန်ဂယောင်းကို ထည့်သွင်းထားခြင်း မရှိသေးပေ။ ‘အနည်းငယ်မျှ’ သာ မြင့်တက်လာခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ဖြစ်နိုင်သည်မှာ ၁ ရာခိုင်နှုန်းခန့်သာ တိုးလာခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ကင်ဒေါ့ဂျာသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေမိသည်။ အကယ်၍ နားလည်နိုင်စွမ်းသာ ဆက်တိုက် မြင့်တက်လာမည်ဆိုပါက တစ်နေ့တွင် နက္ခတ်များ၏ စွမ်းရည်များကို အတုခိုးရန် ဖြစ်နိုင်လာမည် မဟုတ်ပါလော။

“...ဒါက ဘာကြီးလဲ”

ဟန်ဆိုယောင်း၏ အသံကြောင့် ကင်ဒေါ့ဂျာ လှည့်ကြည့်လိုက်သည်။ မုန်တိုင်းမတိုက်မီ ရှေ့ပြေးနိမိတ်အလား ဖြူဖွေးနေသော ကောင်းကင်ကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အရှိန်အဝါများဖြင့် ကင်ဒေါ့ဂျာကို ငုံ့ကြည့်နေသကဲ့သို့ ရှိနေလေသည်။ ယခုအချိန်က ဖြူစင်သော ညတစ်ညပင် ဖြစ်သည်။

ရံဖန်ရံခါတွင် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ကွင်းပြင်တစ်ခုလုံးမှာ ငလျင်လှုပ်နေသကဲ့သို့ တုန်ခါနေသည်။ မနီးမဝေးတွင် စစ်ဘုရင်နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှု၏ နောက်ဆက်တွဲရလဒ်များမှာ လွင်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့နေသော်လည်း တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ခြင်းတော့ မရှိကြပေ။

[အားလုံး... ဒူး... ထောက်... ကြစမ်း]

နက္ခတ်တစ်ပါး၏ အသံအစစ်ထွက်ပေါ်လာသည်။ ဤစကားလုံးများကို ပြောဆိုနိုင်ရန်အတွက် ဖြစ်နိုင်စွမ်း မည်မျှအထိ သုံးစွဲခဲ့ရမည်ကို ကင်ဒေါ့ဂျာ တွေးတောနေမိသည်။ ထိုအသံကို မခံစားနိုင်သော ကိုယ်စားလှယ် အများအပြားမှာ နာကျင်စွာဖြင့် ရုန်းကန်နေကြရသည်။

မိမိတို့၏ ထောက်ပံ့သူများထံမှ ကာကွယ်မှု ရရှိထားသူများ သို့မဟုတ် စိတ်ဓာတ်ခိုင်မာသူများမှာမူ အရှုံးမပေးဘဲ တောင့်ခံထားကြ၏။ ဟန်ဆိုယောင်းမှာလည်း ထိုသူများထဲမှ တစ်ဦးဖြစ်သည်။

“ဘာလဲဟ။ ဘာတွေ ဖြစ်နေတာလဲ”

ဟန်ဆိုယောင်းက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။

ကင်ဒေါ့ဂျာသည် ဟန်ဆိုယောင်းနှင့်အတူ ကွင်းပြင်ကို ကြည့်နေမိသည်။ အမှန်တော့ ဤကဲ့သို့ ဖြစ်လာနိုင်သည်ဟု ကင်ဒေါ့ဂျာ ထင်ထားခဲ့သော်လည်း ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“...ဒါက တကယ့်ကို ပရမ်းပတာ ဖြစ်နေတာပဲ။ သူတို့အားလုံး အတူတူ သေဖို့ ကြံနေကြတာလား”

မိမိတို့၏ ပေါင်းစည်းမှုနှုန်းကို အကန့်အသတ်အထိ မြှင့်တင်ထားသည့် ကိုယ်စားလှယ်မှာ တစ်ယောက်နှစ်ယောက်တည်း မဟုတ်ပေ။

မဟူရာရဲတိုက်က ခွင့်ပြုထားသော ဖြစ်နိုင်စွမ်းမှာလည်း အဆုံးစွန်ထိ ကုန်ဆုံးနေပြီဖြစ်သည်။ စစ်မြေပြင်တစ်ခုလုံးတွင် မီးရှူးမီးပန်းများအလား လျှပ်စစ်မီးစများ ထွက်ပေါ်လာသည်။

–ကင်ဒေါ့ဂျာ၊ ငါပြောတာ နားထောင်။ မင်း ဒီလို ဆက်လုပ်ရင် သေလိမ့်မယ်

ပျက်စီးနေသော စစ်မြေပြင်ကို ကင်ဒေါ့ဂျာ ကြည့်နေစဉ် တစ်စုံတစ်ယောက်ထံမှတစ်ဆင့် ဘီဟွန်း၏ အသံကို ကြားလိုက်ရသည်။

–‘ကံကြမ္မာ’ ကနေ လွတ်မြောက်ဖို့ လမ်းစက တစ်ခုပဲ ရှိတယ်။ မင်းကို ကာကွယ်ပေးမယ့် အင်အားစုကို ရှာပါ။ မဟုတ်ရင်တော့...

အသံတစ်ခု ထွက်ပေါ်လာပြီး ဘီဟွန်း၏ အသံမှာ ပြတ်တောက်သွားသည်။ တစ်စုံတစ်ယောက်က ဘီဟွန်းကို တားဆီးလိုက်ခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် ရာနှင့်ချီသော မျက်လုံးများမှာ ကင်ဒေါ့ဂျာထံသို့ စူးစိုက်လာကြသည်။ ထိုသူများမှာ မိမိတို့၏ ကိုယ်စားလှယ်များနှင့် ပေါင်းစည်းမှုကို အမြင့်ဆုံးအထိ မြှင့်တင်ထားကြသော သမိုင်းဝင်အဆင့်နှင့် ဒဏ္ဍာရီလာအဆင့် နက္ခတ်အချို့ ဖြစ်ကြသည်။

ပူလောင်နေသော ပတ်ဝန်းကျင်အငွေ့အသက်ကို ကင်ဒေါ့ဂျာ ခံစားလိုက်ရပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ထိုစဉ် ချောက်ဂျွန်ဂယောင်းက ပထမဆုံးအကြိမ် စကားပြောလာသည်။

[မင်း ကြောက်နေတာထင်တယ်]

“မဟုတ်ဘူး။ တကယ်တော့ ဒါက ပျော်စရာကောင်းပါတယ်”

ကင်ဒေါ့ဂျာ အတည်ပြောလိုက်ခြင်းဖြစ်၏။

[နက္ခတ် အများအပြားက သင့်ကို ကြည့်ရှုနေကြပါသည်။]

[နက္ခတ် အချို့က သင့်အမည်ကို ကြွေးကြော်နေကြပါသည်။]

[ဆုကြေးအဖြစ် ၂,၀၀၀ ဒင်္ဂါး ရရှိပါပြီ။]

ချောက်ဂျွန်ဂယောင်းက ထပ်မံ ပြောကြားလိုက်သည်။

[ကံကြမ္မာရဲ့ တံတိုင်းက မြင့်မားတယ်]

“ဒါက မြင့်ရုံတင် မြင့်နေတဲ့ တံတိုင်းတစ်ခုပါ။ လိုအပ်လာရင် ကျနော်ပဲ ချိုးဖျက်ပစ်မှာပေါ့”

ကင်ဒေါ့ဂျာ ချစ်မြတ်နိုးရမည့်သူ၊ ထို့ကြောင့် ကင်ဒေါ့ဂျာကို သတ်မည့်သူ။ ထိုသူမှာ မည်သူမှန်း ကင်ဒေါ့ဂျာ မသိသေးပေ။ မိမိ၏ ကံကြမ္မာကို မိမိကိုယ်တိုင် မသိသကဲ့သို့ပင် ထိုသူတို့ကလည်း ကင်ဒေါ့ဂျာကို သိကြမည် မဟုတ်ဟု ပြော၍ရ၏။

“သွားကြစို့”

ကင်ဒေါ့ဂျာ စစ်မြေပြင်ကို ဖြတ်ကျော်ကာ ပြေးလွှားလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ကင်ဒေါ့ဂျာသည် မိမိ၏ စွမ်းအားကို ဖုံးကွယ်မထားတော့ပေ။

“ပဉ္စမမြောက် စာမှတ်ကို ရွေးချယ်မယ်။ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်”

စာမှတ် စွမ်းရည် အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ကင်ဒေါ့ဂျာသည် သေးငယ်စေခြင်းနှင့် လျှပ်စစ်ဓာတ် အားဖြည့်ခြင်းတို့ကို လုပ်ဆောင်လိုက်သည်။

[ပြန်လာသူတစ်ယောက်ရဲ့ နည်းစနစ်ပါလား။ တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ]

ချောက်ဂျွန်ဂယောင်း၏ စွမ်းအားဖြင့် ကင်ဒေါ့ဂျာသည် စစ်မြေပြင်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။

သို့သော်လည်း ကင်ဒေါ့ဂျာ အလွန်အကျွံ မလုပ်ဆောင်ခဲ့သင့်ပေ။ ဓားသုံးလက်ဟန်မှ ဓားတစ်လက်ကို အသုံးပြုပြီးနောက် ကင်ဒေါ့ဂျာ၏ ညာဘက်လက်မောင်းမှာ အဝတ်စုတ်တစ်ခုကဲ့သို့ ဖြစ်သွားလုနီးပါး ပျက်စီးသွားသောကြောင့် ဖြစ်သည်။

ကင်ဒေါ့ဂျာသည် ဒိုကဲဘီ အိတ်ထဲမှ ဝယ်ယူထားသည့် အဆင့်မြင့် ကိုယ်ခန္ဓာကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်စေသော ဆေးရည်များကို သုံးစွဲရင်း စစ်မြေပြင်တစ်လျှောက် ပြေးလွှားနေသည်။

“လမ်းဖယ်ကြစမ်း”

ကင်ဒေါ့ဂျာ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဖြူဖွေးသော အရှိန်အဝါများ ကျန်ရစ်ခဲ့သည်။ ဤသည်မှာ ပြန်လာသူ ကိုင်ရီယော့စ်၏ စွမ်းအား ဖြစ်၏။ အဆင့် ၁၀ ထက် ကျော်လွန်ကာ နက္ခတ်တစ်ပါး၏ စွမ်းအားကို ရရှိထားသော ထိုတည်ရှိမှု၏ စွမ်းအားမှာ စစ်မြေပြင်ကို ဖြတ်ကျော်သွားစဉ် အဖြူရောင်နှင့် အပြာရောင် အစင်းကြောင်းများကို ချန်ရစ်ခဲ့လေသည်။

“အားးးး။ ဘာ... ဘာကြီးလဲ”

ဆူနာမီလှိုင်းကြီး နှစ်ခြမ်းကွဲသွားသကဲ့သို့ပင် အချင်းချင်း တိုက်ခိုက်နေကြသော ကိုယ်စားလှယ်များသည် အော်ဟစ်ကာ ဟိုဟိုဒီဒီ လွင့်စင်သွားကြသည်။

“မင်းတို့ ဘာအတွက် တိုက်နေကြတာလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အခုချက်ချင်း ရပ်လိုက်ကြ”

နဝမမြောက် ဇာတ်ဝင်ခန်းကို ဖြေရှင်းရန်အတွက် အဆင့်တက်အောင် လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သော်လည်း ဤကဲ့သို့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ဝါးမြိုနေခြင်းမှာမူ မသင့်တော်ပေ။

“ရုပ်...ရုပ်အဆိုးဆုံးဘုရင်ပဲ”

“သူ သေသွားပြီလို့ ငါကြားထားတာ”

ကင်ဒေါ့ဂျာကို မှတ်မိနေကြသော ကိုယ်စားလှယ်များ ရှိနေလေသည်။

“ငါ ဘယ်သူလဲဆိုတာ သိရင် အခြေအနေကို သဘောပေါက်လောက်ပြီ ထင်တယ်”

ကိုယ်စားလှယ်အချို့က လက်နက်များကို ချလိုက်ကြပြီး အချို့မှာမူ နောက်သို့ ဆုတ်သွားကြသည်။ အချို့ကမူ တောက်ပသော မျက်လုံးများဖြင့် ကင်ဒေါ့ဂျာကို ကြည့်နေကြသည်။

[ကိုယ်စားလှယ် အများအပြားက သင့်ကို အရိုအသေ ပေးနေကြပါသည်။]

“အဋ္ဌမမြောက် ဇာတ်ဝင်ခန်းအတွက် ကျေးဇူးတင်ပါတယ်။ မင်း ပြန်ရှင်လာတယ်ဆိုတဲ့ ကောလဟာလက တကယ်ပဲကိုး”

ကင်ဒေါ့ဂျာသည် ‘အသန်မာဆုံး ယဇ်ကောင်’ အဖြစ် မိမိကိုယ်ကိုယ် စတေးခဲ့စဉ်က အဖြစ်အပျက်ကို မှတ်မိနေကြသူများ ရှိနေလေသည်။ ထိုသူများသည် ခေါင်းကို အသာအယာ ငြိမ့်ပြကာ ဆန္ဒအလျောက် ဆုတ်ခွာသွားကြသည်။

[သင်၏ ပြန်လည်ရှင်သန်ခြင်းဇာတ်လမ်းမှာ ကျယ်ပြန့်စွာ ပျံ့နှံ့နေပါပြီ။]

[သင်၏ ပဉ္စမမြောက် ဇာတ်လမ်းထဲသို့ အောင်မြင်မှုအသစ်ဖြစ်သော ‘ကြားဝင်စေ့စပ်ပေးသည့် မေရှိယ(ကယ်တင်ရှင်)’ ကို ထည့်သွင်းလိုက်ပါပြီ။]

ထိုသူတို့မှာ သုခဘုံမှ လာသော အင်အားစုများ ဖြစ်ဟန်တူသည်။ ယူဂျွန်ဟော့နှင့် အဖွဲ့ဝင်များမှာလည်း ထိုအထဲတွင် ပါဝင်နေလောက်မည်ဖြစ်သည်။ သို့ဆိုလျှင် အခြားတစ်ဖက်မှာကော။

“ဟဲဟဲ။ ပြန်တွေ့ကြပြန်ပြီပေါ့ လူငယ်လေး။ အဲဒီ အစီအရင်ထဲကနေ နင် ဘယ်လို ထွက်လာတာလဲ”

မျှော်လင့်ထားသည့်အတိုင်းပင် ထိုသူတို့မှာ လေလွင့်သူများ ဖြစ်ကြသည်။ ကင်ဒေါ့ဂျာက လီဘုတ်ဆွန်းကို မေးလိုက်၏။

“ဘာလို့ တိုက်ခိုက်နေရတာလဲ”

“ဘာလို့လဲ ဟုတ်လား။ ဒါတွေအားလုံးက နင်ကြောင့်ပေါ့”

လီဘုတ်ဆွန်းဆိုသည်မှာ ဟာဘင်၏ လက်ဖြောင့်သေနတ်သမားကို ထောက်ပံ့သူအဖြစ် ပိုင်ဆိုင်ထားသည့် အဖွားအိုပင် ဖြစ်သည်။

“နင် နောက်ထပ် ဇာတ်ဝင်ခန်းဆီကို မသွားသင့်ဘူး”

“...အဲ့ဒီစကားကို ကျနော့်အမေ ပြောခိုင်းတာလား”

လီဘုတ်ဆွန်းမှာ အဖြေမပေးဘဲ ကင်ဒေါ့ဂျာထံသို့ ပြေးဝင်လာသည်။

လူကြီးခွန်အား စွမ်းရည်ကြောင့် အဘွားအို၏ ကြွက်သားအင်အားမှာ ရုတ်တရက် မြင့်တက်လာပြီး ရထားတစ်စင်းအလား ဘေးပတ်ဝန်းကျင်ရှိ ကိုယ်စားလှယ်များကို ဖြတ်ကျော်ကာ ကင်ဒေါ့ဂျာအနားသို့ ခဏချင်းအတွင်း ရောက်ရှိလာသည်။

[‘ဂိုလျော၏ ပထမဆုံးသော ဓား’နက္ခတ်၏ အလံတော်အောက်တွင် မိနစ် ၃၀ ကြာအောင် စွမ်းရည်အလုံးစုံ ၁၀ ဆ မြင့်တက်လာပါမည်။]

[သင်၏ စွမ်းရည်အလုံးစုံသည် လူသားတို့၏ အကန့်အသတ်ကို ယာယီ ကျော်လွန်သွားပါပြီ။]

ကင်ဒေါ့ဂျာအနေဖြင့် သက်ကြီးရွယ်အိုများကို ရိုသေသည်ဟု မပြောနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ယဉ်ကျေးစွာ ဆက်ဆံလေ့ရှိခဲ့သည်။ သို့သော် ယခုအချိန်မှာမူ ခြွင်းချက်ဖြစ်သည်။

“စိတ်မကောင်းပါဘူး။ အဖွား။ ဒီတစ်ခါတော့ ကျနော် နောက်ဆုတ်မှာ မဟုတ်ဘူး”

‘ဟာဘင်၏ လက်ဖြောင့်သေနတ်သမား’ မှာ အချို့သော နက္ခတ်များအပေါ်တွင်သာ ပြင်းထန်သော တုံ့ပြန်မှုမျိုး ပြသတတ်သည့် ထောက်ပံ့သူ ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် လက်ရှိ တိုက်ခိုက်ရေးစွမ်းအားမှာ လီဘုတ်ဆွန်း တည်ဆောက်ထားသော ဇာတ်လမ်းများ၏ အင်အားပေါ်တွင်သာ မူတည်သည်။ ထိုသို့သာဆိုလျှင် ကင်ဒေါ့ဂျာ အရှုံးပေးစရာ အကြောင်းမရှိပေ။

လျှပ်စစ်ဓာတ် အားဖြည့်ခြင်း အခြေအနေတွင် စွမ်းရည်အလုံးစုံမှာ ၁၀၀ ထက် ကျော်လွန်သွားသည်နှင့် ကင်ဒေါ့ဂျာ၏ ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားများ ထွက်ပေါ်လာသည်။

လီဘုတ်ဆွန်းသည် ကင်ဒေါ့ဂျာ၏ လက်သီးချက်ကို ထိမှန်ကာ လွင့်ထွက်သွား၏။

“ကင်ဒေါ့ဂျာကို တားကြ”

လေလွင့်သူများ၏ အင်အားမှာ ကင်ဒေါ့ဂျာ ထင်ထားသည်ထက် ပိုမိုများပြားနေသည်။ ဤမျှများပြားသော အင်အားစုဖြင့် နာဗားနား၏ ကယ်တင်ခြင်းဂိုဏ်းကို အရေးနိမ့်ခဲ့သည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။

လေလွင့်သူများထဲတွင် ထူးဆန်းသော အရာအချို့ ရှိနေလေသည်။ ၎င်းတို့မှာ မိစ္ဆာအဖြစ် အသွင်ပြောင်းခံထားရသည့် ညစ်ညမ်းနေသော လူသားများ ဖြစ်ကြ၏။

ကံမကောင်းစွာဖြင့် ကင်ဒေါ့ဂျာသည် ဤဇာတ်လမ်းကို သိနေသည်။ ဟန်ဆိုယောင်းက ထိုအရာကို မြင်တွေ့သွားပြီးနောက် ရေရွတ်လိုက်သည်။

“ချီးပဲ။ တစ်ယောက်ယောက်က အဆင့်တတိယရထားတဲ့ကောင်ရဲ့ ဇာတ်လမ်းကို ရသွားတာပဲ”

မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်၏ တတိယအဆင့်ဖြစ်သော ‘မရဏ ဘုရင်’ ဒေးဗစ်ဇ်။

လေလွင့်သူများထဲတွင် ဒေးဗစ်ဇ်ကို သတ်ဖြတ်နိုင်ခဲ့သူ တစ်ဦး ရှိနေပုံရသည်။ ‘မရဏ ဘုရင်’ မှာ စိတ်ပျက်စရာကောင်းသော သုခဘုံကဲ့သို့ပင် အင်အားကြီးမားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ‘မရဏ ဘုရင်’ မှာ သေဆုံးသွားသူများကို ဖုတ်သွင်းကာ ပြန်လည် တိုက်ခိုက်ခိုင်းသည့် စွမ်းရည်ဖြစ်သည်။

“ပြေးဖို့ ပြင်တော့ ကင်ဒေါ့ဂျာ။ ဒီနေရာကနေ ဖောက်ထွက်ရအောင်”

ဟန်ဆိုယောင်းသည် ကိုယ်ပွား ၁၀ ခုထက်မက ဖန်တီးလိုက်ပြီး ညာဘက်လက်တွင် ပတ်ထားသော ပတ်တီးကို ဖြေလိုက်သည်။ ဟန်ဆိုယောင်း လက်ထဲတွင် မဟူရာ အီသာဓာတ်များ စုစည်းလာပြီး မဟူရာ မီးလျှံများသည် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ကင်ဒေါ့ဂျာသည် ဟန်ဆိုယောင်း ဖောက်ပေးသည့် လမ်းကြောင်းအတိုင်း ပြေးထွက်ခဲ့သည်။ မိစ္ဆာလူသား အုပ်စုကို ကျော်ဖြတ်ကာ လေလွင့်သူများကိုလည်း ခါထုတ်ပစ်လိုက်၏။

ထို့နောက်တွင်မူ ‘မရဏ ဘုရင်’ စွမ်းရည်ကို အသုံးပြုနေသော ချိုယောင်ရန်ကို ကင်ဒေါ့ဂျာ မြင်လိုက်ရတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဤအမျိုးသမီးသည် ထိုဇာတ်လမ်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ ဖြစ်သည့် ချိုယောင်ရန်သည် ယန္တယားတံခါးပေါက် အစီအရင်နှင့် ‘မရဏ ဘုရင်’ စွမ်းရည်တို့ကို ပိုင်ဆိုင်ထားသည်။

ကင်ဒေါ့ဂျာ၏ အမေမှာ တကယ့်ကို စွယ်စုံရသည့် လက်အောက်ငယ်သားကို ပိုင်ဆိုင်ထားခြင်းပင်။ ချိုယောင်ရန်သည် မှော်စွမ်းအင်ဆေးရည်ကို သောက်သုံးနေရင်း ကင်ဒေါ့ဂျာကို မြင်သောအခါ အံ့ဩသွားပုံရသည်။

“ကင်ဒေါ့ဂျာ။ နင်က ဘယ်လိုလုပ်ပြီးထွက်လာတာလဲ။ နင်က ရှစ်မြှောင့်ခေါင်းလောင်းရဲ့ ချိပ်ပိတ်မှုထဲမှာ မိနေခဲ့တာ မဟုတ်ဘူးလား”

“နည်းနည်းတော့ အခက်တွေ့သွားခဲ့တာမှန်ပါတယ်”

ချိုယောင်ရန်က မှော်စွမ်းအင်ကို စုစည်းလိုက်သည်။ ချိုယောင်ရန်သည် လက်ရှိတွင် မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်၌ တတိယနေရာတွင် ရှိနေသူ ဖြစ်နိုင်လေသည်။

“ရပ်ပြီး နောက်ဆုတ်လိုက်တော့။ ငါ နင့်ကို မထိခိုက်စေချင်ဘူး”

“ကျနော် မလုပ်နိုင်ဘူး...”

ချိုယောင်ရန်က ယန္တယားတံခါးပေါက် အစီအရင် နည်းစနစ်ကို ထပ်မံအသုံးပြုတော့မည့် အရိပ်အယောင်ကို တွေ့လိုက်ရသဖြင့် ကင်ဒေါ့ဂျာက သူဝှက်ထားခဲ့သော စွမ်းအင်များကို မြှင့်တင်လိုက်သည်။ ထို့နောက် ချောက်ဂျွန်ဂယောင်း၏ ခွန်အားများ ပေါက်ကွဲထွက်လာသည်။

[‘ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ’နက္ခတ်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားပါသည်။]

ယန္တယားတံခါးပေါက် အစီအရင် နည်းစနစ်မှာ ပျက်စီးသွားပြီး ချိုယောင်ရန်၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ ချိုယောင်ရန်၏ နောက်ကွယ်တွင် စွမ်းအင်လျှပ်စစ်မီးစများ လွင့်စင်လာပြီး အသံတစ်ခု ထွက်ပေါ်လာသည်။

[ဒီ... ဒီအရှိန်အဝါက... ခင်ဗျား ဘာလို့ ဒီမှာ ရှိနေတာလဲ]

နောက်ဆုံးတွင် ယောင်ဝူချိက သူ၏ မူလအသံဖြင့် စကားပြောလာသည်။ ထိုအခါ ချောက်ဂျွန်ဂယောင်းက ပြန်လည် ဖြေကြားလိုက်သည်။

[ထွက်သွားစမ်း]

[ဒါ... ဒါပေမဲ့ ခင်ဗျားက သူ့ရဲ့ ထောက်ပံ့သူ မဟုတ်ဘူးလေ]

[ငါ နှစ်ခါ မပြောဘူး]

[ကလစ်...]

ယောင်ဝူချိသည် အဆင့်အတန်း ကွာခြားမှုဒဏ်ကြောင့် ဖိနှိပ်ခြင်းခံလိုက်ရပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ချိုယောင်ရန်သည် ဖြစ်နိုင်စွမ်း သုံးစွဲမှု၏ နောက်ဆက်တွဲဒဏ်ကို မခံနိုင်ဘဲ ယိုင်နဲ့သွားသည်။ ချိုယောင်ရန်သည် ‘မရဏ ဘုရင်’ စွမ်းရည်ကို ဆက်လက် မထိန်းထားနိုင်တော့သဖြင့် စစ်မြေပြင်၏ ဟန်ချက်မှာ စတင်ပြိုလဲလာသည်။

“မ... မဖြစ်ဘူး။ နင် သွားလို့မဖြစ်ဘူး။ ကင်ဒေါ့ဂျာ”

ကင်ဒေါ့ဂျာသည် ချိုယောင်ရန်ကို လျစ်လျူရှုကာ ပြေးထွက်ခဲ့သည်။ ချောက်ဂျွန်ဂယောင်း၏ စွမ်းအားကြောင့် သူ့ထံသို့ ကျရောက်လာသော မည်သည့်တိုက်ခိုက်မှုကိုမျှ ကင်ဒေါ့ဂျာ မကြောက်တော့ပေ။ အဆင့်အတန်း ကွာခြားမှုက အလွန်ကြီးမားလွန်းလှသည်။

ငါးမိနစ်ခန့် ကြာပြီးနောက်တွင် စစ်မြေပြင်၏ အလယ်ဗဟိုကို မြင်လိုက်ရသည်။ ထိုနေရာမှာ စွမ်းအင်လျှပ်စစ်မီးပွားများ အပြင်းထန်ဆုံး ဖြစ်ပေါ်နေသော နေရာပင်။

ကွင်းပြင်ထဲတွင် ကင်ဒေါ့ဂျာ သိသောလူများမှာ တစ်ဦးကိုတစ်ဦး လက်နက်များဖြင့် ချိန်ရွယ်နေကြသည်။

ဟန်ဆိုယောင်းက ကင်ဒေါ့ဂျာ၏ နောက်မှ ပြေးလိုက်လာပြီး ပြောလိုက်သည်။

“...နင့်အမေက တကယ့် မကောင်းဆိုးဝါးပဲ”

ကင်ဒေါ့ဂျာ သိပ်တော့ အံ့ဩမသွားပေ။ သူ၏အမေမှာ ဧကန်မုချ ဤအဆင့်တွင် ရှိနေမည်ကို သူသိပြီးသားဖြစ်သည်။ ကင်ဒေါ့ဂျာ သိထားသော သတင်းအချက်အလက်များအရ...။

သူ၏အမေသည် ယူဂျွန်ဟော့နှင့် အခြားသော အပေါင်းအဖော်များကို တစ်ပြိုင်တည်း ရင်ဆိုင် တိုက်ခိုက်နေလေသည်။

အဆင့်ကျော်လွန်သူ တစ်ဦးကို တန်းတူရင်ဆိုင်နိုင်သည့် ကိုယ်စားလှယ်မျိုး မရှိနိုင်ပေ။ ကင်ဒေါ့ဂျာ၏ အမေ နောက်ကွယ်တွင် ကြီးမားသော ဝံပုလွေကြီးတစ်ကောင်၏ အရိပ်ရှိနေ၏။

[သနားစရာကောင်းတဲ့ နောင်လာနောက်သားလေးတွေ... ငါ မတိုက်ခိုက်ချင်ပါဘူးကွာ...]

ဤပုံစံမျိုးကို ငြိမ်းချမ်းမြေတွင် ယာမာတာ နို အိုရိုချိ ဆင်းသက်လာစဉ်က ကင်ဒေါ့ဂျာ မြင်ဖူးသည်။ ထိုအရာမှာ ‘တည်ထောင်သူ၏ မိခင်’ အရိပ် ဆင်းသက်လာခြင်းပင် ဖြစ်သည်။

ငြိမ်းချမ်းမြေမှ အိမ်မက်ဆိုးကြီး ပြန်လည် အသက်ဝင်လာသဖြင့် ဟန်ဆိုယောင်းက ခေါင်းခါလိုက်သည်။

“ဘယ်လိုလုပ်ပြီးဒီလိုတွေဖြစ်နေရတာလဲ... ဖြစ်နိုင်စွမ်းကရော လုံလောက်လို့လား”

“ရှစ်မြှောင့်ခေါင်းလောင်းကြောင့် ဖြစ်လိမ့်မယ်”

ကောင်းကင်ဘုံ၏ ရတနာသုံးပါးအနက် တစ်ခုမှာ ကင်ဒေါ့ဂျာ၏ အမေလက်ထဲတွင် တောက်ပနေသည်။ ဖြစ်နိုင်စွမ်း မလုံလောက်မှုကို စွမ်းအားကြီးမားသော ကြယ်အမွေအနှစ်ဖြင့် အစားထိုးလိုက်ခြင်းပင်။

“မတိုက်ချင်ဘူးဆိုရင် ဘာလို့ ကျုပ်တို့ကို ဆက်တိုက်နေတာလဲ။ အားးးး”

ဝံပုလွေကြီး၏ အရိပ်က ကွင်းပြင်ကို ရိုက်ခတ်လိုက်သဖြင့် လီဂျီဟယ်နှင့် လီဟန်းဆောင်တို့ လွင့်စင်သွားကြသည်။ သူတို့သည် ထိုဖျက်ဆီးအားကို ကောင်းမွန်စွာ မတောင့်ခံနိုင်ကြပေ။ ဤသည်မှာ သိသိသာသာပင် ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်၏။

“ဒေါ့ဂျာ”

ယူဆန်းအာက ကင်ဒေါ့ဂျာကို အရင်ဆုံး သတိထားမိသွားသည်။ ထို့နောက် အခြားသော အဖွဲ့ဝင်များမှာ ကင်ဒေါ့ဂျာထံသို့ ချဉ်းကပ်လာကြသည်။ ယောင်ဟီဝန်က အရင်ဆုံး အော်ပြောလိုက်သည်။

“ဒေါ့ဂျာ။ နင့်အမေကို ပြောပေးပါဦး”

“အကိုကြီး။ အဲဒီအဒေါ်ကြီးက တကယ်ပဲ အကိုကြီးရဲ့ အမေလား။ ယူဆောင်းက...”

“ဒေါ့ဂျာ။ ဒါက ဘာတွေ ဖြစ်နေတာလဲ”

စကားလုံးများမှာ တစ်ပြိုင်တည်း ထွက်ပေါ်လာသဖြင့် ကျနော် မဖြေနိုင်ဘဲ ဖြစ်နေလေသည်။ နောက်ဆုံးတွင် ယူဂျွန်ဟော့က ကင်ဒေါ့ဂျာထံသို့ လျှောက်လာ၏။

“မင်းအမေက ငါ့ကို သဘောမကျဘူး ထင်တယ်”

အခန်း ၁၇၆

- အပိုင်း ၃၃ - ထပ်မံဖတ်ရှုခြင်း (၇)

ကျနော် ခေါင်းငြိမ့်ပြပြီး စကားပြောလိုက်သည်။

"ဒါပေမဲ့ သူ့ကိုတော့ မသတ်ပါနဲ့"

"…ငါတို့ သူ့ကို အနိုင်ယူမှ ဖြစ်မယ်။ အဲဒီ မိန်းမကြီးက ပူးပေါင်းဆောင်ရွက်မယ့်ပုံမပေါ်ဘူး"

သွေးအိုင်ထဲ နစ်နေသော ကျနော့်အမေကို လှမ်းကြည့်လိုက်မိသည်။ အမေ၏ သွေးလား သို့မဟုတ် အခြားသူများ၏ သွေးလားဆိုသည်ကို ကျနော် မသိပေ။

သို့သော်လည်း ကျနော့်အမေလီဆော့ယောင်မှာ သိသိသာသာပင် အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။ အမေသည် ဆီလျော်သော ဖြစ်နိုင်စွမ်းဖြင့် တစ်နည်းတစ်ဖုံ တိုက်ခိုက်နေခဲ့သော်လည်း အမေ့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ အဆုံးထိ ကျဆင်းသွားခဲ့ပြီ ဖြစ်လိမ့်မည်။ ၎င်းမှာ ရှောင်လွှဲ၍မရသော ရလဒ်ပင် ဖြစ်၏။

ကျနော့်အမေလီဆော့ယောင်သည် တစ်ကိုယ်တည်း ဖြစ်နေပြီး ဤနေရာတွင် ယူဂျွန်ဟော့ကလည်း ရှိနေပြန်သည်။

ယူဂျွန်ဟော့မှာ အဆင့်ကျော်လွန်သူ တစ်ဦး ဖြစ်လာခဲ့ပြီး ငြိမ်းချမ်းမြေနှင့် နှိုင်းယှဉ်ပါက လုံးဝ ကွဲပြားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဇာတ်လမ်းက မည်မျှပင် ကြီးကျယ်နေပါစေ အရိပ်တစ်ခုတည်းဖြင့်တော့ မဖြစ်နိုင်ပေ။

ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဆင်းသက်လာခြင်း မရှိဘဲ အဆင့်ကျော်လွန်သူတစ်ဦးကို ကျော်လွှားရန်မှာ မလွယ်ကူသည့်အပြင် ကျနော့်အမေတွင် ကျန်ရှိနေသော ဖြစ်နိုင်စွမ်းမှာ မလုံလောက်တော့ပေ။

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်သည် တံတွေးမြိုချနေပါသည်။]

['ရွှေခေါင်းကွင်း၏အကျဉ်သား'နက္ခတ်သည် သင်၏ ရွေးချယ်မှုကို အာရုံစိုက်နေပါသည်။]

['မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်သည် သင်၏ ရက်စက်သော လုပ်ရပ်များကို စောင့်ကြည့်နေပါသည်။]

ကျနော်သည် အဖွဲ့ဝင်များကို ထားခဲ့ပြီး အမေ့ထံသို့ ဦးတည်လိုက်သည်။

" ရပ်လိုက်ပါတော့"

[Fourth Wall သည် အနည်းငယ် တုန်လှုပ်နေပါသည်။]

"အမေဘာလို့ ကျနော့်ကို ပွင့်ပွင့်လင်းလင်းမပြောနိုင်ဘဲ ဖြစ်နေရတာလဲ"

နက္ခတ်၏ အရိပ်ကြားမှ မသဲမကွဲ မြင်နေရသော်လည်း အမေ့၏ မျက်နှာမှာ ကြည့်မကောင်းလှပေ။ အမေ၏ မျက်လုံးနှင့် ပါးစပ်တို့မှာ မထင်မရှား ပေါ်နေသည်။ အမေနှင့်ကျနော်ကြား အကွာအဝေးမှာ ဖြတ်ကျော်နိုင်သော အကွာအဝေး ဖြစ်သော်လည်း ကျနော် အမေ့ထံသို့ ဘယ်တော့မှ မရောက်နိုင်သလို ဖြစ်နေမိ၏။ အကျဉ်းထောင်ထဲတွင်လည်း ထိုအတိုင်းပင် ဖြစ်ပြီး ယခုလည်း ထိုအတိုင်းသာပင်။ ဤသည်မှာ ကျနော်တို့ကြားက အကွာအဝေး ဖြစ်လာခဲ့သည်။

ကျနော့်အမေလီဆော့ယောင်က ကျနော့်ကို ပြောသည်။

"ငါပြောပြရင်... နင်က နားထောင်မှာ မဟုတ်ဘူးလေ"

အမေသည် အဘယ်ကြောင့် ဤမျှအထိ လုပ်ဆောင်နေရသနည်း။ အမေ၏ သွေးစွန်းနေသော ကိုယ်ခန္ဓာဖြင့် အဘယ်ကြောင့် ဤသို့ ဆက်လက် လုပ်ဆောင်နေရသနည်း။

ကျနော့် အပေါင်းအဖော်များက ကျနော့်ကို စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက ကျနော့်ကို မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ရန် တောင်းဆိုနေကြသည်။ ကျနော် သက်ပြင်းချပြီး စကားပြောလိုက်သည်။

"တစ်ခါပဲ။ ကျနော် တစ်ခါပဲ နားထောင်ပေးမှာမလို့ ပြောပြပါ"

ကျနော့် ပါးစပ်မှ ထွက်လာသော စကားလုံးများကြောင့် ကျနော်ကိုယ်တိုင်ပင် အံ့ဩသွားမိသည်။

"ဘာလို့ပွင့်ပွင့်လင်းလင်းမပြောနိုင်ဘဲဖြစ်နေရတာလဲဆိုတာကို သေချာ ပြောပြပါ"

ကျနော် ဤသို့ ပြောနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျနော့် စိတ်ရင်း ဟုတ်မဟုတ် မသိသော်လည်း ဤစကားလုံးများကို ညှစ်ထုတ်ကာ ပြောလိုက်မိသည်။

အမေ့ မျက်လုံးများ တုန်လှုပ်သွားသည်။

"ဘယ်လောက်အထိ ဒီလို ဆက်နေမှာလဲ။ ကိုယ့်စိတ်ထဲမှာပဲ သိမ်းမထားဘဲ ပြောပြပါ။ ဘာလို့ ကျနော့်ကို ပြောမပြနိုင်ရတာလဲ။ အမေ၊ ဘာလို့ ဒီအထိ လာခဲ့တာလဲ။ ဘာပဲဖြစ်ဖြစ် ပြောပြလိုက်တာက ပိုကောင်းပါတယ်"

"နင့်ကို ပြောလိုက်ရင်..."

ငိုတော့မည့်ပုံ ပေါ်နေသော မျက်လုံးများကို ကျနော် မြင်လိုက်ရပြီး ယခုအချိန်အထိ အကြောင်းအရာအားလုံးမှာ ဆက်စပ်နေသည်ကို သဘောပေါက်လိုက်သည်။

ကျနော်မှာ အမေ၏ သားဖြစ်သဖြင့် သိနေ၏။ အမေ ကျနော့်ကို တားနေရသည့် အကြောင်းအရင်းမှာ ကျနော်တို့သားအမ၏ ဇာတ်လမ်း အကြောင်းအရင်းနှင့် ဆက်စပ်နေသည်။

ကျနော် နာကျင်ရလိမ့်မည်။ ကျနော် ပြိုလဲသွားလိမ့်မည်။ ကျနော့်၏ ယခင်ဘဝမှာ ပျက်စီးသွားနိုင်သည်။

"ပြောပြပါ"

ကျနော် ထိုအကြောင်းကို စဉ်းစားနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ကျနော်တို့သားအမိ၏ဇာတ်လမ်းမှာ ကျနော် ကြိုတင် ခန့်မှန်းထားပြီးသား ဇာတ်လမ်းလည်း ဖြစ်နိုင်သည်။

နက္ခတ်များထံမှ အရိပ်အမြွက်များစွာ ရရှိထားသဖြင့် ကျနော် မသိပါက ထူးဆန်းနေလိမ့်မည်။ သို့သော်လည်း ကျနော်သည် ကျနော်တို့သားအမိ၏ဇာတ်လမ်းကို အမေ့ပါးစပ်မှ တိုက်ရိုက် ကြားချင်မိသည်။

ကျနော်တို့သားအမိ၏ဇာတ်လမ်းမှာ ကျနော့်ဘဝကို လုံးဝ ပြောင်းလဲသွားစေနိုင် သော်လည်း Fourth Wall ထပ်မံ တုန်လှုပ်သွားလျှင်ပင် ကျနော် နားထောင်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့သားအမိ၏ဇာတ်လမ်းမှာ ကျနော့်၏ ဇာတ်လမ်း ဖြစ်သောကြောင့်ဖြစ်သည်။ အချို့သော ဇာတ်လမ်းများသည် စာမျက်နှာတစ်ခု လွဲချော်သွားပါက နားလည်နိုင်မည် မဟုတ်ပေ။

ခဏအကြာတွင် အမေ့ နှုတ်ခမ်းများ ပွင့်ဟလာသည်။ သို့သော်လည်း ဤချီးထုတ် ဇာတ်ဝင်ခန်းတွင် ကျနော်တို့သားအမိ၏ဇာတ်လမ်းမှာ သားအမိနှစ်ယောက်တည်း ပါဝင်သည့် ဇာတ်လမ်း ဖြစ်မလာခဲ့ပေ။

[နက်ဗျူလာ 'ဝေဒ' သည် သင်၏ ကံကြမ္မာကို ကြည့်ရှုနေပါသည်။]

[နက်ဗျူလာ 'အိုလံပတ်စ်' သည် သင်၏ ကံကြမ္မာကို ကြည့်ရှုနေပါသည်။]

[နက်ဗျူလာ 'ပါပီရပ်စ်' သည် သင်၏ ကံကြမ္မာကို ကြည့်ရှုနေပါသည်။]

ကျနော်တို့သားအမိ အလွမ်းသယ်ဖို့ကို ခွင့်မပြုခဲ့ကြပေ။

နက်ဗျူလာများ၏ မက်ဆေ့ချ်များ ပေါ်လာပြီး ပြင်းထန်သော စွမ်းအင်လျှပ်စစ်ပွားများမှာ လေထုထဲတွင် ပြည့်နှက်သွားသည်။ အမေသည် ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အော်ဟစ်တော့သည်။

ကျနော် အော်ဟစ်ပြီး အမေ့ထံသို့ ပြေးသွားလိုက်သည်။ ကျနော့်၏ ဆန့်ထုတ်ထားသော လက်မှာ အမေ့ထံသို့ ရောက်ခါနီးအချိန်တွင် 'တည်ထောင်သူ၏ မိခင်' အရိပ်က ကျနော့်ကို ဖမ်းဆီးလိုက်သည်။

[နက္ခတ် ကင်ဒေါ့ဂျာ။ နင်... ဒီကနေ ဆက်သွားလို့ မရဘူး]

ရှစ်မြှောင့်ခေါင်းလောင်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး မဟူရာ ရွှံ့နွံလှိုင်းများ လျှံတက်လာသည်။ ကောင်းကင်ကြီး ကွဲထွက်သွားသကဲ့သို့ ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ဝဲဂယက်တစ်ခု ပေါ်လာတော့သည်။

ဝဲဂယက်၏ အလယ်ဗဟိုတွင် ကူးပြောင်းမုခ်ဝတစ်ခု ပွင့်လာသည်။

[မဟာတွင်းနက်ကြီး။]

လွန်ကဲလှသော ဖြစ်နိုင်စွမ်းက အရာအားလုံးကို ဖျက်ဆီးပစ်မည့် တည်ရှိမှုတစ်ခုကို ဆင့်ခေါ်လိုက်ခြင်းပင်။

"အားလုံးပဲ အဲဒါကို မကြည့်နဲ့။ မျက်စိမှိတ်ထားကြ"

မဟာတွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသော လက်တံများကို မြင်လိုက်ရသည့် ခဏမှာပင် ကျနော် အော်ဟစ်လိုက်သည်။ အဆင့်ကျော်လွန်သူဖြစ်သည့် ယူဂျွန်ဟော့အတွက် မသိသော်လည်း သာမန်ကိုယ်စားလှယ်များမှာမူ ထိုကဲ့သို့သော တည်ရှိမှုကို မြင်လိုက်ရရုံမျှဖြင့် ပြိုလဲသွားနိုင်သောကြောင့်ဖြစ်၏။

"…မျိုးစိတ်ပြင်ပ နတ်ဘုရားတစ်ပါးပဲ"

ယူဂျွန်ဟော့၏ မျက်နှာ အမူအရာ တင်းမာသွားသည်။ မဟာတွင်းနက်ကြီးမှ ထွက်လာသည့် လက်တံများကို မြင်လိုက်ရချိန်တွင် သေချာသွားလေပြီ။

ဤသည်မှာ မျိုးစိတ်ပြင်ပ နတ်ဘုရားတစ်ပါး ဖြစ်၏။ 'တည်ထောင်သူ၏ မိခင်'၏ စတေးမှုကြောင့် ဆင့်ခေါ်ခြင်းခံလိုက်ရသည့် နတ်ဘုရား။

ကောင်းကင်ယံမှ အက်ကြောင်းထဲမှ မိုးကြိုးများ ပစ်ချနေပြီး ပုံပျက်ပန်းပျက်ဖြစ်နေသော အချိန်နှင့် အာကာသမှာလည်း နာကျင်စွာ အော်ဟစ်နေကြသည်။

လက်ရှိအခြေအနေမှာ ငြိမ်းချမ်းမြေတွင် ဆင့်ခေါ်ခံရစဉ်ကနှင့် ဆင်တူသော်လည်း ကွဲပြားနေသည်။ ယခု ဆင့်ခေါ်ခံရသည်မှာ မျိုးစိတ်ပြင်ပ နတ်ဘုရား၏ စစ်မှန်သော ကိုယ်ထည်ဖြစ်၏။

ဤပမာဏအရဆိုလျှင် အနည်းဆုံး စစ်မှန်သော ကိုယ်ထည်၏ သုံးပုံတစ်ပုံခန့် ဆင့်ခေါ်ခံရမည်ဖြစ်သည်။ နတ်ဘုရားတစ်ပါး၏ စစ်မှန်သော ကိုယ်ထည်။ အရိပ်တစ်ခုနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

"ယူဂျွန်ဟော့။ အခု ငါတို့ ဒါကို မတားရင်―"

"နောက်ကျသွားပြီ။ ဒါက ငါတားနိုင်တဲ့ အဆင့် မဟုတ်တော့ဘူး"

ကောင်းကင်ကို ကြည့်နေရုံမျှဖြင့် ကျနော့် ကိုယ်ခန္ဓာမှာ တုန်ယင်နေသည်။ နက္ခတ်တစ်ပါး၏ အဆင့်အတန်းဖြင့်ပင် ကျနော် မြင်တွေ့နိုင်နေသည်။

[Fourth Wall က ပြင်းထန်စွာ အသက်ဝင်နေပါသည်။]

Fourth Wall ကြောင့် ကျနော့် တုန်ယင်မှုမှာ အနည်းငယ် သက်သာသွားသော်လည်း ကြောက်ရွံ့မှုကမူ ပြောင်းလဲမသွားပေ။ ထိုမဟာတွင်းနက်ကြီး၏ တစ်ဖက်ခြမ်းတွင် ရှိနေသော တည်ရှိမှုမှာ ယခုလက်ရှိ ယူဂျွန်ဟော့နှင့် ကျနော် အင်အားချင်း ပေါင်းလိုက်လျှင်ပင် အနိုင်မတိုက်နိုင်သော အရာဖြစ်သည်။

ဤမျှ အားကိုးရာမဲ့နေသည့်ကြားမှ ကျနော် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ ယခုသည် ကိုယ်စားလှယ်များအတွက် တိုက်ပွဲ မဟုတ်တော့ပေ။

"အားးးးး"

သမိုင်းဝင်အဆင့် နက္ခတ်များရှိသည့် ကိုယ်စားလှယ်အချို့မှာ ထိုတည်ရှိမှုကို မြင်လိုက်ရသည့် ခဏမှာပင် သွေးအန်ကာ သေဆုံးသွားကြသည်။ ယူဂျွန်ဟော့နှင့် ကျနော်သည် အဖွဲ့ဝင်များကို ကာကွယ်ပေးရင်း နောက်ဆုတ်လိုက်ကြ၏။ ယူဂျွန်ဟော့၏ မျက်ဝန်းများမှာ ပို၍ မှောင်မိုက်လာသည်။ ကျနော်က ရုန်းကန်သည့် အနေဖြင့် ပြောလိုက်သည်။

"စိတ်မပူနဲ့။ ဒီလိုမျိုး တစ်ကောင် ဆင်းသက်လာရင် နက္ခတ်တွေ ငြိမ်နေမှာ မဟုတ်ဘူး"

နက္ခတ်များနှင့် မျိုးစိတ်ပြင်ပ နတ်ဘုရားများသည် ဆက်ဆံရေး မကောင်းကြကြောင်း နက္ခတ်ပွဲတော်တွင် ပြသခဲ့ပြီးသားဖြစ်သည်။ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့် အခြေအနေတွင် အခြား မည်သည့် နက္ခတ်မှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

'ကောင်းကင်တစ်မျှ မဟာပညာရှိ'၊ 'နတ်ခေါင်ချုပ် ယူရီအယ်' နှင့် အနည်းငယ် အားကိုးရသည့် 'မဟူရာမီးလျှံ အသူတစ်ရာနဂါး'…

သို့သော်လည်း နတ်ဘုရား၏ စစ်မှန်သော ကိုယ်ထည် ဖြတ်သန်းလာခြင်းအပေါ် နက္ခတ်များက မည်သည့် တုံ့ပြန်မှုမှ မပြသခဲ့ကြပေ။

ယူဂျွန်ဟော့က အံကြိတ်ရင်း ပြောလိုက်သည်။

"…သူတို့ ဘယ်လိုများ လျစ်လျူရှုနိုင်ရတာလဲ ငါမသိဘူး"

ကျနော့်အတွက်လည်း ရှုပ်ထွေးစရာ အခြေအနေပင်။ ဤသည်မှာ မျိုးစိတ်ပြင်ပ နတ်ဘုရားတစ်ပါး၏ ဆင်းသက်မှုဖြစ်သည်။ အဘယ်ကြောင့် မည်သူမှ ကူညီရန် ရောက်မလာကြသနည်း။

[နက္ခတ်အချို့သည် မျိုးစိတ်ပြင်ပ နတ်ဘုရား၏ ရောက်ရှိလာမှုအပေါ် အံ့အားသင့်နေကြပါသည်။]

[နက္ခတ်များစွာသည် အချို့သော နက်ဗျူလာများ၏ အာဏာရှင်ဆန်မှုအပေါ် မကျေမနပ် ဖြစ်နေကြပါသည်။]

…ဘာလဲဟ။

['ရွှေခေါင်းကွင်း၏အကျဉ်သား'နက္ခတ်သည် 'ပါပီရပ်စ်'နက်ဗျူလာ အပေါ် ရန်လိုမှု ပြသနေပါသည်။]

['မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်သည် 'ဝေဒ'နက်ဗျူလာအပေါ် ၎င်း၏ အစွယ်များကို ထုတ်ပြနေပါသည်။]

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်သည် 'အိုလံပတ်စ်'နက်ဗျူလာ၏ ယုတ်မာသော လုပ်ရပ်များအပေါ် နာကျည်းနေပါသည်။]

ယခုမှ ကျနော် သဘောပေါက်သွားတော့သည်။

ဪ... ဟုတ်ပြီ။ ဒီလို အခြေအနေမျိုးဖြစ်နေတာကိုး။

[ကိုရီးယား ကျွန်းဆွယ်ပေါ်ရှိ နက္ခတ်အားလုံးသည် သင် မည်သည့် နက်ဗျူလာကို ရွေးချယ်မည်နည်းဟု သိချင်နေကြပါသည်။]

ဒါတွေ အားလုံးက ငါ့ကြောင့် ဖြစ်နေရတာပဲ။

မက်ဆေ့ချ်များမှာ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

[နက်ဗျူလာ အမြောက်အမြားသည် သင့်ကို ၎င်းတို့၏ ဇာတ်လမ်းများအား ဆက်ခံစေချင်နေပါသည်။]

[အကယ်၍ သင်သည် ဇာတ်လမ်းတစ်ခုကို ဆက်ခံပါက သင်၏ တည်ရှိမှုမှာ ထိုနက်ဗျူလာနှင့် အတင်းအဓမ္မ ချည်နှောင်ခြင်း ခံရမည် ဖြစ်သည်။]

.

.

['အိုလံပတ်စ်'နက်ဗျူလာသည် သင့်ကို 'လျှပ်စီးပွဲတော်'အား ဆက်ခံစေချင်နေပါသည်။]

['အိုလံပတ်စ်'နက်ဗျူလာသည် သင့်ကို 'မိုးကြိုးလမ်းညွှန်'အား ဆက်ခံစေချင်နေပါသည်။]

['ပါပီရပ်စ်'နက်ဗျူလာသည် သင့်ကို 'မုန်တိုင်းဝံပုလွေ၏ သခင်'အား ဆက်ခံစေချင်နေပါသည်။]

.

.

[နက်ဗျူလာများသည် သင့်အား နောက်ဆုံး ရွေးချယ်မှုတစ်ခု ကမ်းလှမ်းနေပါသည်။]

[ကိုရီးယား ကျွန်းဆွယ်ပေါ်ရှိ နက္ခတ်အားလုံးသည် သင်၏ ရွေးချယ်မှုကို စောင့်ကြည့်နေပါသည်။]

ကျနော် ရယ်လိုက်မိသည်။ ဤသည်မှာ ကျနော် နက္ခတ်များကို မကြိုက်ရသည့် အကြောင်းအရင်းပင်။

လျှပ်စီးပွဲတော်။

'မိုးကြိုးလမ်းညွှန်'

'မုန်တိုင်းဝံပုလွေ၏ သခင်'

၎င်းတို့အားလုံးမှာ မိမိတို့၏ ဆွေမျိုးသားချင်းများကို သတ်ဖြတ်ခဲ့သည့် ရာဇဝင်ရှိသော နက္ခတ်များ၏ ဇာတ်လမ်းများသာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နက်ဗျူလာတစ်ခုစီ၌ အစွမ်းထက်သော ဇာတ်လမ်းကိုယ်စီ ရှိကြသည်။ ကျနော်သာ ထိုဇာတ်လမ်းများကို ဆက်ခံလိုက်ပါက မျိုးစိတ်ပြင်ပ နတ်ဘုရားကို တွန်းလှန်နိုင်ပေလိမ့်မည်။ သို့သော် ထိုသို့ဖြစ်ပါက ကျနော့်အမေသည် ဤနေရာတွင် သေဆုံးသွားပေလိမ့်မည်။

ယူဂျွန်ဟော့က ကျနော့်ကို ကြည့်နေသည်။ ကျနော် မည်သို့လုပ်မည်နည်းဟု သူ၏ မျက်ဝန်းများက မေးခွန်းထုတ်နေသည်။ ကျနော် သူ့ကို ပြောလိုက်သည်။

"…ယူဂျွန်ဟော့။ ငါတို့ တည်ထောင်ခဲ့တဲ့ နက်ဗျူလာကို မှတ်မိလား။ ကင်ဒေါ့ဂျာ ကုမ္ပဏီလေ"

ဤသည်မှာ ကျနော့်အမေကို ကယ်တင်ရန် သက်သက်မျှ မဟုတ်ပေ။ ကျနော်သာ နက်ဗျူလာတစ်ခုခုအောက် ရောက်သွားပါက အရာအားလုံးမှာ အဆုံးသတ်သွားပေလိမ့်မည်။

ဇာတ်လမ်းတစ်ခုခုကို ဆက်ခံလိုက်ပါက သူတို့နှင့် ချုပ်ဆိုထားသော မတရားသည့် ကတိကဝတ်ကို ကျနော် မကျော်လွှားနိုင်တော့ဘဲ ဇာတ်လမ်း၏ အဆုံးသတ်သို့လည်း မည်သည့်အခါမျှ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

"…မင်းက ဒီနာမည်ကို သုံးချင်တုန်းပဲလား"

ယူဂျွန်ဟော့က မျက်မှောင်ကြုတ်ရင်း ကျနော့်အနားသို့ တိုးကပ်လာကာ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

"နက်ဗျူလာရဲ့ နာမည်ကို ငါပဲ ရွေးမယ်"

ယူဂျွန်ဟော့ နောက်ပြောင်နေသည်ဟု တွေးမိကာ ကျနော် ပြုံးလိုက်မိသည်။ ကျနော့်ဘေးနားတွင် အဆင့်ကျော်လွန်ခြင်း၏ စွမ်းအင်များကို ခံစားနေရသည်။ ကျနော့်ထက် အစွမ်းအစ အဆပေါင်းများစွာ သာလွန်သူတစ်ဦး ရှိနေသော်လည်း ထူးဆန်းစွာပင် စိတ်သက်သာရာ ရမိသည်။

ဇာတ်ဝင်ခန်း စတင်ကတည်းက ကျနော်တို့ နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် တန်းတူညီမျှသောအဆင့်တစ်ခုတွင် အတူတူ ရပ်တည်နေရသည်ဟု ခံစားမိသောကြောင့် ဖြစ်နိုင်သည်။

ကျနော်က ညကောင်းကင်ယံရှိ ကြယ်တာရာများဆီသို့ ဦးတည်ကာ ကြေညာလိုက်သည်။

"ခင်ဗျားတို့ သတ်မှတ်ပေးတဲ့ ကံကြမ္မာကို ကျနော် အညံ့ခံမှာ မဟုတ်ဘူး"

ထိုတိတ်ဆိတ်နေသော အကြည့်များဆီသို့ ကျနော့်ဓားကို ချိန်ရွယ်လိုက်သည်။

"ကျနော့်ရဲ့ ဇာတ်လမ်းကို ကျနော်ကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်"

ထိုစဉ် တစ်နေရာရာမှ ရယ်မောသံတစ်ခုကို ကျနော် ကြားလိုက်ရသည်။ ရယ်မောသံနှင့်အတူ အရေးမပါသော ပိုးကောင်ငယ်လေးများကို လှောင်ပြောင်နေသကဲ့သို့ စကြဝဠာထဲမှ ခပ်တိုးတိုး ပြောဆိုသံများကို ကြားလိုက်ရ၏။

—ကံဆိုးမိုးမှောင်ကျနေတဲ့ နက္ခတ်

—မိမိလက်နဲ့ မိမိအဖေကို သတ်ခဲ့သူ

—မိမိအမေကို ဖျက်ဆီးမယ့်သူ

—မိမိတန်ဖိုးထားတဲ့ အရာတွေ ပျက်စီးသွားတာကို ကြည့်နေရမယ့်သူ

ကျနော်က မျိုးစိတ်ပြင်ပ နတ်ဘုရားကို စိုက်ကြည့်လိုက်သည်။ သူသာ အလုံးစုံ ဆင်းသက်ပြီးပါက 'စိတ်တစ္ဆေအကျဉ်းထောင်' ၏ ဒုတိယအထပ်မှာ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။

အခြေအနေမှာ 'ငြိမ်းချမ်းမြေ' နှင့် အခြေအနေချင်း ကွဲပြားသည်။ ဤနေရာတွင် အကျပ်အတည်း ဖြစ်လာပါက ပြေးစရာ နေရာမရှိပေ။ သို့သော်လည်း…

ကျနော့်အတွင်း၌ ကျနော့်ကဲ့သို့ပင် 'ကံကြမ္မာ' ဟူသော စကားလုံးကို စက်ဆုပ်ရွံရှာနေသည့် နက္ခတ်တစ်ပါး ရှိနေသည်။

[ရာစုနှစ်ပေါင်းများစွာ ကြာသွားပေမဲ့ ဘာမှမပြောင်းလဲသေးဘူးပဲ။ မအေဘေးခွေးမသား]

ကျနော့်အတွင်းရှိ 'ချောက်ဂျွန်ဂယောင်း' ၏ တည်ရှိမှုမှာ စတင် ထွက်ပေါ်လာသည်။ 'ချောက်ဂျွန်ဂယောင်း' အနေဖြင့် အခြားကမ္ဘာမှ နတ်ဘုရားကို ရင်ဆိုင်နိုင်မလား ကျနော် မသိသော်လည်း သူ့ကို ယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

အခြားကမ္ဘာမှ နတ်ဘုရား၏ တစ်ဝက်တစ်ပျက် ဝါးမျိုခြင်းခံထားရသော 'တည်ထောင်သူ၏ မိခင်' ဆီသို့ 'ချောက်ဂျွန်ဂယောင်း' က အော်ဟစ်လိုက်သည်။

['တည်ထောင်သူ၏ မိခင်'။ နင်က ဘာလို့ မျိုးစိတ်ပြင်ပ နတ်ဘုရားနဲ့ သဘောတူညီမှု လုပ်ခဲ့ရတာလဲ]

ဒေါသများ ပြည့်နှက်နေသော ဟိန်းထွက်နေသည့် အသံကြီး ဖြစ်သည်။

['ဟုန်းဂစ်' က ဘယ်တုန်းကတည်းက ဒီလောက် တန်ဖိုးမဲ့သွားရတာလဲ]

အံ့သြစရာကောင်းသည်မှာ 'တည်ထောင်သူ၏ မိခင်' က ပြန်လည် ဖြေကြားခဲ့သည်။

[ငါက... မျိုးစိတ်ပြင်ပ နတ်ဘုရားနဲ့... သဘောတူညီမှု မလုပ်ခဲ့ပါဘူး]

[ဒါဆိုရင် ဒီအခြေအနေက ဘာလဲ]

[တောင်းပန်ပါတယ်။ ကိုရီးယား ကျွန်းဆွယ်ရဲ့... ဇာတ်ဝင်ခန်းတွေကို ကာကွယ်ဖို့အတွက်... အခြားနည်းလမ်း မရှိတော့လို့ပါ။ ဒီကိုယ်စားလှယ်က... ဒီမှာပဲ ရှိနေရမယ်။ အဲဒီလူက ကိုရီးယား ကျွန်းဆွယ်ဆီ ပြန်မလာသင့်ဘူး။ အဲ့လိုမှမဟုတ်ရင် အခြား နက်ဗျူလာတွေက...]

[နင်က နက်ဗျူလာတွေနဲ့ သဘောတူညီမှု လုပ်ခဲ့တာလား]

'ချောက်ဂျွန်ဂယောင်း' က အော်ဟစ်လိုက်သည်။

[နင်က အဲဒီမြေကွက်ငယ်လေးအပေါ် စွဲလန်းလွန်းလို့ ခုထိ နင့်ရဲ့ မျိုးဆက်တွေကို သစ္စာဖောက်နေတာလား]

[နင် မသိပါဘူး။ နင်က...]

[ဒါတွေက ဘာလဲ။ ဖန်ဆင်းရှင် နတ်ဘုရားက ဘယ်ရောက်နေတာလဲ။ ဒီလိုမျိုးတွေ ဖြစ်နေတာကို သူက ဘာလို့ ကိုယ်ယောင်ဖျောက်နေရတာလဲ]

[ဖန်ဆင်းရှင် နတ်ဘုရားက...]

သို့သော်လည်း 'ဟန်နမ်ဂွန် တည်ထောင်သူ' ၏ မိခင်၏ စကားများမှာ အဆုံးမသတ်နိုင်ခဲ့ပေ။ တစ်အောင့်ခန့်အကြာတွင် 'ချောက်ဂျွန်ဂယောင်း' က ကောင်းကင်ယံသို့ မော့ကြည့်နေသည်ကို ကျနော် ခံစားလိုက်ရသည်။

[မဟုတ်မှလွဲရော...]

ညကောင်းကင်ယံက အဖြေမပေးမီ သွယ်ဝိုက်သော မက်ဆေ့ချ်တစ်ခု ပေးပို့လာသည်။

[ 'ဂိုလျော၏ ပထမဆုံးသော ဓား' ကို ကူညီသူ မည်သူ့ကိုမဆို နောင်တွင် ရန်သူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း နက်ဗျူလာများက ကြေညာလိုက်သည်။ ]

ထို့နောက် မှော်အတတ်တစ်ခုအလား ညကောင်းကင်ယံရှိ သွယ်ဝိုက်သော မက်ဆေ့ချ်များမှာ ငြိမ်သက်သွားတော့သည်။

'ကောင်းကင်တစ်မျှ မဟာပညာရှိ' နှင့် 'ယူရီအယ်' တို့၏ အသံများကို ကျနော် ကြားလိုက်ရသော်လည်း သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ သို့မဟုတ် အထူးအကြောင်းပြချက်များကြောင့် ဝင်ရောက်စွက်ဖက်နိုင်ပုံမရပေ။

'ချောက်ဂျွန်ဂယောင်း' က ကျနော့်မျက်လုံးများမှတစ်ဆင့် ညကောင်းကင်ယံကို စိုက်ကြည့်နေသည်။ ထိုတိတ်ဆိတ်မှုအတွင်း ရောပြွမ်းနေသည့် ပေါက်ကွဲထွက်လုနီးပါး ခံစားချက်များကို ကျနော် ခံစားနေရသည်။ 'ချောက်ဂျွန်ဂယောင်း' ၏ ဒေါသနှင့် ဝမ်းနည်းမှု၊ သူ၏ ကြေကွဲမှု... ပြီးတော့... သူ၏ ဆုံးဖြတ်ချက်။

[မင်း ဂုဏ်ယူလို့ရတယ်]

'ချောက်ဂျွန်ဂယောင်း' က ကျနော့်ကို ပြောလိုက်သည်။

[ဒီကမ္ဘာစုတ်ရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေတဲ့သူတွေက မင်းကို ကြောက်နေကြတာ]

"…ကျနော် သေတော့မှာကို ဂုဏ်ယူနေလို့ ဘာထူးမှာလဲ"

[မင်း မသေစေရဘူး]

ထိုစကားမှာ စကားလုံးသက်သက်မျှသာ ဖြစ်သော်လည်း နက္ခတ်တစ်ပါးက ပြောကြားလိုက်သည့် စကားများ ဖြစ်သည်။

ကံကြမ္မာကို ဆန့်ကျင်ရန်အတွက် ဗေဒါပင်ကို အားပြုထားသကဲ့သို့ပင် 'ချောက်ဂျွန်ဂယောင်း' တည်ဆောက်ခဲ့သမျှ ဇာတ်လမ်းအားလုံးမှာ ကျနော့်ဖြစ်တည်မှုအတွင်း အမြစ်တွယ်သွားတော့သည်။

[ငါ မင်းကို အသေမခံဘူး]

All Chapters