← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 12 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 12 Ch. 179-180

အပိုင်း ၁၇၉

- အခန်း ၃၄ - စားသုံး၍ မရနိုင်သော (၁)

ယူဂျွန်ဟော့သည် ကျနော့်လည်ပင်းကို ကိုင်ထားရင်း သူ၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ဒုတိယဇာတ်ဝင်ခန်းတုန်းကဆိုလျှင် ကျနော်သည် လေထဲမှ အောက်သို့ ပြုတ်ကျခဲ့သည် ဖြစ်သော်လည်း ယခုမူ အရာအားလုံးမှာ ပြောင်းပြန် ဖြစ်နေခဲ့သည်။ ကျနော်သည် ပြုတ်ကျမည့်အစား လေထဲသို့ ပျံတက်သွားခဲ့၏။ ယူဂျွန်ဟော့သည် သူတတ်နိုင်သမျှ အင်အားအကုန်သုံး၍ ကျနော့်ကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ယူဂျွန်ဟော့သည် ကျနော့်ကို ကြည့်နေ၏။ သူ၏မျက်နှာအမူအရာမှာ ကျနော် မသေဆုံးနိုင်ကြောင်းကို သေချာပေါက် ယုံကြည်နေသည့်ပုံစံမျိုး ဖြစ်နေလေသည်။ သူ၏အသံကို ကျနော် မကြားရသော်လည်း သူဘာပြောနေသည်ကိုမူ ခန့်မှန်း၍ ရ၏။

'သူ့ကို တစ်ချက်လောက် ထိုးပစ်လိုက်။ ကင်ဒေါ့ဂျာ'

ကျနော် ပြန်လည်အဖြေပေးရန် ပြင်လိုက်သည့်အချိန်တွင် ရေဘဝဲလက်တံများက ကျနော့်အမြင်အာရုံကို ပိတ်ဆို့လိုက်သည်။ ရေဘဝဲလက်တံများ၏ တိုက်ခိုက်မှုမှာ ကျနော့်ကို ကပ်သီး လွဲချော်သွားခဲ့ပြီးနောက် ကျနော်သည် အိမ်မက်များကို စားသုံးသူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်သွားသည်။ ကျနော်သည် လက်မောင်းများထဲတွင် ကျန်ရှိနေသေးသော အင်အားများကို အသုံးပြု၍ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ ဒဏ်ရာရှိရာဆီသို့ ရွေ့လျားခဲ့၏။

ဤအကောင်သည် ထိတွေ့ရုံမျှဖြင့် အသက်အန္တရာယ် ပေးနိုင်လောက်သည့် တည်ရှိမှုမျိုး ဖြစ်သည်။ အကယ်၍ ကျနော်သာ ကိုယ်စားလှယ် အဆင့်တွင်သာ ရှိနေသေးပါက မေ့လဲသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းမျိုး ဖြစ်နိုင်၏။ သူသာ မြေပြင်သို့ အပြီးတိုင် ဆင်းသက်နိုင်သွားခဲ့လျှင် ဘာတွေဖြစ်လာမည်ကို တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

သူ၏ဒဏ်ရာထဲသို့ ကိုယ်ကို ကျနော်ပစ်သွင်းလိုက်သည်။

[...တောင်းပန်ပါတယ်။ ငါ မင်းနဲ့အတူ လိုက်မလာနိုင်တော့ဘူး]

ကျနော့်ခန္ဓာကိုယ်ထဲမှ အင်အားများ ဆုတ်ယုတ်သွားခဲ့ပြီး ချောက်ဂျွန်ဂယောင်း၏ စွမ်းအားများ ကွဲလွင့်သွားသည်ကို ခံစားလိုက်ရသည်။ ဤအခြေအနေကို ကျနော် ကြိုတင်ခန့်မှန်းထားပြီးဖြစ်၍ မထိတ်လန့်ခဲ့ပေ။ မကြာမီတွင် အပြင်ဘက်နှင့် ဆက်သွယ်ထားသော ဒဏ်ရာမှာ လုံးဝ ပိတ်သွားခဲ့သည်။

စကြဝဠာထဲတွင် မျောလွင့်နေသူတစ်ဦးကဲ့သို့ လေထဲတွင် ကျနော် လွင့်မျောနေမိသည်။ အိမ်မက်များကို စားသုံးသူ၏ အတွင်းပိုင်းမှာ မိုးကောင်းကင်ကဲ့သို့ပင် မှောင်မည်းနေ၏။ ထိုနေရာသည် သွေး သို့မဟုတ် အသားမျှင်များ မရှိသည့် နယ်ပယ်တစ်ခု ဖြစ်သည်။ ဤမိုးကုတ်စက်ဝိုင်း၏ မိစ္ဆာမှာ သက်ရှိသတ္တဝါတစ်ဦး မဟုတ်သည့်အတွက်ကြောင့် ထိုသို့ဖြစ်နေခြင်းမှာ သဘာဝပင် ဖြစ်သည်။

ဒုန်း... ဒုန်း... ဒုန်း...

တစ်နေရာရာမှ ထွက်ပေါ်လာသော စည်တီးသံကို ကျနော် ကြားလိုက်ရ၏။ ထို့နောက် တီးတိုး ပြောဆိုနေသည့် အသံများ ထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက်က ကျနော့်ကို စိုက်ကြည့်နေသည်။ လေထုမရှိသော်လည်း အသက်ရှူရသည်မှာ ခက်ခဲခြင်း မရှိပေ။ ကျနော် ဤနယ်ပယ်ထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှာပင် ကျနော့်၏ တည်ရှိမှုမှာ အသွင်ပြောင်းလဲသွားခြင်း ဖြစ်နိုင်၏။

ခဏအကြာတွင် အသံအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ကိုယ်စားလှယ်များ၏ အော်ဟစ်သံများနှင့် နက္ခတ်များ၏ မက်ဆေ့ချ်များမှာလည်း မရှိတော့ပေ။ ၎င်းတို့အစား အမည်မသိသော စာလုံးများနှင့် ပုံရိပ်များ ပေါ်ထွက်လာသည်။ ဤနေရာမှာ အိမ်မက်များကို စားသုံးသူ၏ အစာအိမ်ပင် ဖြစ်သည်။ သူ စားသုံးခဲ့သော ဇာတ်လမ်းအားလုံး စုစည်းရာ နေရာလည်း ဖြစ်၏။

「 ■■■■ … 」

「 #%&^#$^ 」

ကျနော် နားလည်နိုင်သော ဇာတ်လမ်းအချို့လည်း ရှိနေသည်။ ထိုဇာတ်လမ်းတို့မှာ တည်ထောင်သူ၏ မိခင် ထံမှ ဖြစ်နိုင်လေသည်။

「 ငါ့အမှားပါပဲ။ မိုက်မဲခဲ့တဲ့ သမိုင်းကြောင်းက ရှည်လျားလွန်းခဲ့တယ်... 」

「 ငါ ဒီနယ်မြေကို နက်ဗျူလာတွေဆီကနေ ကာကွယ်ရမယ်။ ဒါပေမဲ့ အခု ဟုန်းဂစ် မှာ ဘယ်သူမှ မရှိတော့ဘူး။ ဖန်ဆင်းရှင် နတ်ဘုရားတွေအားလုံး ဘယ်ကို ရောက်ကုန်ကြတာလဲ 」

「 ဟွာနွန်း... ဟွာနွန်း ကို တွေ့ချင်တယ် 」

ထိုစဉ် အလင်းငယ်တစ်ခုပါသော ဇာတ်လမ်းတစ်ပုဒ်မှာ ကျနော့်ထံသို့ ရောက်ရှိလာပြီး အော်ဟစ်လိုက်သည်။

「 နင် ဘာလုပ်နေတာလဲ။ ဘာလို့ ဒီကို ရောက်နေတာလဲ။ ထွက်ပြေးတော့... 」

အလင်းမှာ လင်းလိုက် မှိန်လိုက် ဖြစ်နေ၏။ ကျနော် ကျေးဇူးတင်သော်လည်း ကျနော့်အတွက် ထွက်ပြေးစရာ နေရာ မရှိတော့ပေ။

'မိုးကုတ်စက်ဝိုင်း၏ မိစ္ဆာများ' ဆိုသည်မှာ ဝေးကွာလှသော ပြင်ပစကြဝဠာတွင် အခြေတည်သည့် တည်ရှိမှုများ ဖြစ်သည်။ သူ၏ခန္ဓာကိုယ် တစ်ဝက်မှာ မဟူရာရဲတိုက်၏ ဒုတိယထပ်နှင့် ဆက်သွယ်ထားသော်လည်း ခန္ဓာကိုယ် အတွင်းပိုင်းမှာမူ ပြင်ပစကြဝဠာနှင့် တိုက်ရိုက် ဆက်သွယ်ထားခြင်း ဖြစ်၏။

ထို့ကြောင့် သူ၏အစာအိမ်မှာ ကျနော့်အတွက် ပြင်ပအာကာသကဲ့သို့ပင် ဖြစ်နေ၏။ ထိုအစာအိမ်သည် စားသုံးလိုသည့် အလိုဆန္ဒများဖြင့်သာ ပြည့်နှက်နေသော ဟာလာဟင်းလင်း ကမ္ဘာတစ်ခု ဖြစ်သည်။

အိမ်မက်များကို စားသုံးသူသည် ကျနော့်ကို အလိုရှိနေသည်။

ကွဲလွင့်နေသော စာလုံးများမှာ စုစည်းသွားပြီး ပုံသဏ္ဌာန်တစ်ခုအဖြစ် စတင် ဖြစ်တည်လာသည်။ ဤဟာလာဟင်းလင်း နယ်ပယ်ထဲတွင် မျက်လုံးများနှင့် ပါးစပ်တစ်ခု ဖန်တီးလာခဲ့၏။ အမှန်တကယ်တွင်မူ ဖြစ်တည်လာသည့်အရာတွေမှာ မျက်လုံးများ သို့မဟုတ် ပါးစပ်များ ဟုတ်မဟုတ်ကို ကျနော် မသေချာသော်လည်း လူသားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုသို့သာ တွေးတောရခြင်း ဖြစ်သည်။

သူသည် တစ်စုံတစ်ခုကို ပြောဆိုနေပုံ ရသော်လည်း သူ၏အသံကို သေချာစွာ မကြားရပေ။ ခဏအကြာတွင် စာလုံးများမှာ တုန်ခါသွားပြီး ကျနော် နားလည်နိုင်သော စကားလုံးများအဖြစ်သို့ စတင် ပြောင်းလဲလာခဲ့သည်။

[ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းရဲ့ အနံ့အသက်ပဲ... ]

မျက်လုံးနှစ်လုံးက ကျနော့်ကို စိုက်ကြည့်လိုက်သည့် အခိုက်အတန့်တွင် ကျနော်သည် အလိုလို တံတွေးမြိုချမိသွားသည်။ ဤသည်မှာ ဒဏ္ဍာရီလာအဆင့် နက္ခတ်များကိုပင် ကြောက်လန့်စေသည့် နတ်ဘုရားတစ်ပါး၏ တည်ရှိမှုပင် ဖြစ်သည်။

[ နိမ့်ကျလှတဲ့ ဇာတ်ဝင်ခန်းရဲ့ တည်ရှိမှုက... ဘယ်လိုလုပ်ပြီး... ငါ့စကားကို ကြားနိုင်ရတာလဲ ]

[သီးသန့်စွမ်းရည် ‘Fourth Wall’ အလွန်အမင်း အသက်ဝင်နေပါသည်။]

Fourth Wall သည် ယခင်ကထက် ပိုမို၍ အသက်ဝင်လာခဲ့သည်။ ကျနော့်အရေပြားပေါ်တွင် တံတိုင်းတစ်ခု ပေါက်ထွက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ရန်သူသည် အလွန်အမင်း အန္တရာယ်ရှိကြောင်း ပြသနေခြင်း ဖြစ်သည်။

ဒါတောင် သူသည် ‘မဟာရှေးဟောင်းတည်ရှိမှု’ အဆင့်ပင် မဟုတ်သေးပေ။ ‘ဆာနတ်သ်၏ ကြောက်လန့်မှု’၊ ‘တောင်ကုန်းများမှ ထိတ်လန့်ဖွယ်ရာ’ သို့မဟုတ် ‘လူးလ်ယဲ၏ သခင်’ ကဲ့သို့သော နတ်ဘုရားများသာဆိုလျှင် မည်သို့ရှိမည်ကို ကျနော် စိတ်ပင် မကူးကြည့်နိုင်တော့ချေ။

ကျနော် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“အိမ်မက်များကို စားသုံးသူ၊ ခင်ဗျားက အခြားကမ္ဘာတစ်ခုရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးပဲ”

[ အို... ]

အိမ်မက်များကို စားသုံးသူ၏ စာလုံးများမှာ ကျနော့်စကားကြောင့် အံ့အားသင့်သွားသကဲ့သို့ လှုပ်ခတ်သွားသည်။ ဤအကောင်၏ မျက်လုံးထဲတွင် ကျနော်သည် ပိုးကောင်တစ်ကောင်မျှပင် မဟုတ်ပေ။ ကျနော်သည် သူအလိုရှိသည့်အချိန်တိုင်း ဖျက်ဆီးပစ်နိုင်သည့် ထူးဆန်းသော ကစားစရာတစ်ခုမျှသာ ဖြစ်သည်။

ကျနော့်ပတ်ဝန်းကျင်တွင် ပြင်းထန်သော မီးပွားများ ဖြစ်ပေါ်လာပြီး စာလုံးများမှာ စတင်လှည့်ပတ်လာခဲ့သည်။ ကျနော့်အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်လိုသော အရာတစ်ခု ရှိနေ၏။ သို့သော်လည်း ထိုအရာသည် ကျနော့်အနားသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပြန်လည်ကန်ထွက်သွားခဲ့သည်။

အိမ်မက်များကို စားသုံးသူ၏ စာလုံးများက တည်ငြိမ်သောအသံဖြင့် ပြောဆိုလိုက်သည်။

[ မင်းက... ဘာလဲ။ မင်းက ထူးခြားတဲ့ အကာအကွယ်တစ်ခုအောက်မှာ ရှိနေတာလား ]

ဤအကောင်သည် ကျနော့်စိတ်ကို ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် Fourth Wall ကြောင့် ပြန်လည်ကန်ထွက်သွားခဲ့ခြင်း ဖြစ်၏။

အကယ်၍ ကျနော့်တွင် Fourth Wallစွမ်းရည်သာ မရှိပါက ကျနော် ပျက်စီးသွားပေလိမ့်မည်။ ကျနော်သည် ရင်တုန်နေသည်ကို ထိန်းချုပ်လိုက်ပြီး အိမ်မက်များကို စားသုံးသူကို ကြည့်လိုက်၏။

ကျနော် ယခင်က ပြောခဲ့သလိုပင် ၁၃၆ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့သည် ဤအကောင်၏ စားသုံးခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ယူဂျွန်ဟော့ မသေဆုံးခဲ့ပေ။ တစ်နည်းအားဖြင့် ကျနော် လက်ရှိလုပ်ဖို့ဆောင်ရွက်နေသည့်ကိစ္စမှာ ယူဂျွန်ဟော့၏ ၁၃၆ ကြိမ်မြောက်တွင် လုပ်ခဲ့သောအရာသာ ဖြစ်သည်။

သူ၏ နယ်ပယ်အတွင်းတွင် ကျနော် မိမသွားစေရန် ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“ကျနော် ခင်ဗျားကို ဇာတ်လမ်းတစ်ပုဒ် ပြောပြဖို့ လာခဲ့တာ”

[ ဇာတ်လမ်းဟုတ်လား။ ငါက ဇာတ်လမ်းတွေကို ကြိုက်တယ် ]

မိုးကုတ်စက်ဝိုင်း၏ မိစ္ဆာမှာ ချက်ချင်းပင် တုံ့ပြန်လာခဲ့သည်။ ဆာလောင်မွတ်သိပ်လှသော လောဘများကြောင့် သူ၏ပုံသဏ္ဌာန်မှာ ဝေဝါးသွားခဲ့၏။

“ခင်ဗျား စားသုံးခဲ့တဲ့ ဇာတ်လမ်းတွေထဲမှာ လီဆော့ယောင်နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းတွေ ပါဝင်နေတယ်။ ကျေးဇူးပြုပြီး လီဆော့ယောင်ကို ပြန်လွှတ်ပေးပါ”

မျက်နှာမှာ ဇဝေဇဝါ ဖြစ်သွားပုံ ရသည်။

[ ဒါက... ဇာတ်လမ်း မဟုတ်ဘူးလား ]

“အဲဒါအတွက် အလဲအလှယ်အနေနဲ့ ကျနော် ခင်ဗျားကို ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်”

[ မင်းက ငါ့ကို ဘယ်လိုဇာတ်လမ်းမျိုး ပြောပြမှာလဲ ]

ကျနော်သည် စကားမပြောဘဲ မိမိကိုယ်မိမိ ညွှန်ပြလိုက်သည်။ ကျနော် ဘာကို ဆိုလိုသည်မှာ ရှင်းလင်းလှပါသည်။ ကျနော်သည် ကျနော့်၏ တည်ရှိမှုကို လောင်းကြေးထပ်ကာ အလောင်းအစား ပြုလုပ်နေခြင်း ဖြစ်သည်။ မျက်ခွံကြီးများမှာ ဖြည်းညင်းစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။

[ နက္ခတ်အငယ်စားလေး... ]

“ဟုတ်ကဲ့”

[ မင်းက ငါနဲ့ ညှိနှိုင်းဖို့ ရည်ရွယ်နေတာလား ]

ကျနော် ပြန်ပြောမည့် အခိုက်အတန့်တွင် လေထဲ၌ ပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။ ထိုပုံရိပ်များမှာ အိမ်မက်များကို စားသုံးသူ စားသုံးထားသော ဇာတ်လမ်းများဖြင့် ဖန်တီးထားသည့် ပုံရိပ်တစ်ခု ဖြစ်သည်။

[ ဝက်ဝံက သူစားမယ့် ငါးနဲ့ စကားမပြောဘူး ]

ပြသထားသော ပုံရိပ်မှာ တည်ထောင်သူ၏ မိခင်ကို အမှတ်ရစေသည့် ဧရာမ ဝက်ဝံကြီး တစ်ကောင် ဖြစ်သည်။ ဝက်ဝံကြီးသည် မိုက်မဲသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေပြီး ဟာလာဟင်းလင်းဖြစ်နေသည့် စကြဝဠာထဲတွင် စီးဆင်းနေသော ငါးကို ဖမ်းယူလိုက်သည်။

အိမ်မက်များကို စားသုံးသူသည် ဝက်ဝံကြီးကို ကြည့်ကာ ပြောလိုက်သည်။

[ လူသား၊ ငါက ပိုးကောင်တွေနဲ့ ညှိနှိုင်းလေ့ မရှိဘူး ]

ကျနော်သည် သေချာစွာ အသိအမှတ်ပြုခြင်း မခံရသေးပေ။ နက္ခတ်တစ်ပိုင်းတစ်စမှာ စကြဝဠာ နတ်ဘုရားတစ်ပါးနှင့် အဆက်အဆံမပြုနိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သဘာဝကျသော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။

သို့သော်လည်း ကျနော် ခေါင်းခါလိုက်သည်။

“တကယ်လို့ ပိုးကောင်တွေက လူသားတွေလို စကားပြောပြီး၊ လူသားတွေလို တွေးတောကာ၊ လူသားတွေလို လုပ်ဆောင်နေမယ်ဆိုရင် အဲဒီအကောင်တွေကို ပိုးကောင်တွေလို့ ခေါ်လို့ မရတော့ဘူး”

ကျနော်သည် ကြီးမားပြီး မဟူရာရောင်ရှိသော မျက်လုံးနှစ်လုံးကို စိုက်ကြည့်လိုက်သည်။

[ မင်းမှာ... ငါနဲ့ ညှိနှိုင်းနိုင်တဲ့ အရည်အချင်း မရှိဘူး။ ငါ မင်းဆီမှာ ရှိသမျှ အရာအားလုံးကို အချိန်မရွေး လုယူနိုင်တယ် ]

“ဒါဆိုရင် ဘာလို့ လုယူမယ့်အစား ပိုးကောင်တစ်ကောင်နဲ့ စကားပြောနေရတာလဲ”

[ ······ ]

ငါးကို စားနေသည့် ဝက်ဝံသည် ကျနော့်ကို ကြည့်လာခဲ့သည်။ ဝက်ဝံသည် ကျနော့်ကို ချက်ချင်းပင် ရိုက်သတ်တော့မည့်အတိုင်း ခြိမ်းခြောက်သည့် ဟန်ပန်ဖြင့် သူ၏ လက်ဝါးများကို မြှောက်လိုက်၏။ ကျနော်သည် ဝက်ဝံကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဝက်ဝံက ငါးကို ဘယ်လိုစားရမလဲဆိုတာ သိပေမဲ့ ဘယ်လိုမျိုး အရသာရှိအောင် စားရမလဲဆိုတာကိုတော့ မသိဘူး”

ဝက်ဝံ၏ လက်ဝါးမှာ တုံ့ဆိုင်းသွားခဲ့သည်။

“ငါးကြေးခွံတွေကြောင့် ခြေထောက်တွေ ဒဏ်ရာရတယ်၊ ငါးကလီစာတွေကို ထုတ်ပြီးတဲ့နောက်မှာ လက်သည်းတွေက ညစ်ပတ်သွားပြီးတော့ ဒေါသကိုပဲ ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားတာမလား”

[ ······ ]

“ကျနော်က ပိုးကောင်တစ်ကောင် မဟုတ်သလို ခင်ဗျားကလည်း ဝက်ဝံတစ်ကောင် မဟုတ်ဘူး။ ဟုတ်တယ်မလား”

ဟင်းလင်းပြင်ထဲရှိ စာလုံးများမှာ ရောထွေးကုန်ကြပြီး အိမ်မက်များကို စားသုံးသူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားခဲ့သည်။ ပုံမှန်ဆိုလျှင် ကျနော်သည် အလွန်အမင်း ထိတ်လန့်နေမည် ဖြစ်သော်လည်း ကျနော်သည် မူရင်းဝတ္ထုကို ဖတ်ရှုထားသူ ဖြစ်၏။

ကျနော် ပြုံးလိုက်မိသည်။ ဤအခြေအနေမှာ ကျနော့်အတွက် သည်းမခံနိုင်လောက်အောင်ပင် ကျေနပ်စရာ ကောင်းနေ၏။

“ဇာတ်လမ်းတွေကို အတင်းအဓမ္မ လုယူမယ်ဆိုရင် အားလုံး ပျက်စီးသွားလိမ့်မယ်။ ခင်ဗျားသာ ကျနော့်ကို အခုချက်ချင်း နင်းခြေလိုက်မယ်ဆိုရင် ‘ပြီးပြည့်စုံတဲ့’ ဇာတ်လမ်းကို ရမှာ မဟုတ်ဘူး။ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေနဲ့ စားသုံးနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ကို ကျနော် ပြောပြမယ်။ ခင်ဗျား အမြဲတမ်း စားသုံးနိုင်မှာပါ”

ဒုန်း... ဒုန်း... ဒုန်း

ဗုံတီးသံကဲ့သို့ အသံကို ကျနော် ထပ်မံကြားလိုက်ရပြန်သည်။ ထိုအသံမှာ ဧရာမ သားရဲကြီးတစ်ကောင်၏ သွေးခုန်နှုန်းနှင့် တူလှ၏။ ထိုအသံ၏ အရှိန်မှာ တဖြည်းဖြည်း ပိုမို မြန်ဆန်လာခဲ့သည်။

ဒုန်း။ ဒုန်း။ ဒုန်း။ ဒုန်း

မူရင်းလက်ရာကို ဖတ်ထားသဖြင့် ဤဗုံတီးသံမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ကျနော်သိရှိနေသည်။

[ ငါ မင်းကို စားချင်တယ် ]

ဤအသံမှာ အိမ်မက်များကို စားသုံးသူ၏ ဆာလောင်မှုပင် ဖြစ်သည်။ ကျနော် တံတွေးမြိုချလိုက်ပြီး လက်နှစ်ဖက်လုံးကို မြှောက်လိုက်ကာ ပြောလိုက်၏။

“ခင်ဗျား ကတိတည်မယ်ဆိုရင် ကျနော် အများကြီး ပေးပါ့မယ်”

စာလုံးများမှာ မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ပုံသဏ္ဌာန်တစ်ခု စတင်ဖော်ဆောင်လာခဲ့သည်။ ခဏအကြာတွင် ထိုပုံသဏ္ဍာန်မှာ ကျနော့်အမေ၏ အသွင်အပြင်ကို ယူလိုက်၏။

[ ဒါက မင်း အလိုရှိတဲ့ အရာလား ]

ကျနော် ခေါင်းညိတ်ပြလိုက်သည်။

[ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားစရာ အပိုင်းတချို့ ရှိနေတယ်။ သူ့ကိုစားခဲ့ချိန်မှာ သူနဲ့အတူ ရှိနေခဲ့တဲ့ နက္ခတ်ရဲ့ အခွံထက် ဒီဇာတ်လမ်းက ပိုပြီး အရသာရှိတဲ့ အနံ့ထွက်နေလို့ ငါ သိမ်းထားခဲ့တာ။ ငါ မင်းကို အရမ်းစားချင်နေပေမဲ့ ဒီဇာတ်လမ်းကိုတော့ မင်းကို မပေးနိုင်ဘူး ]

“ခင်ဗျားက ဆာလောင်မှုကို မထိန်းချုပ်နိုင်တဲ့ သားရဲတစ်ကောင်လား”

[ ပိုးကောင်တွေရဲ့ စော်ကားမှုကို စိတ်ဆိုးမယ့်သူ ရှိမယ်ထင်လို့လား ]

...မအေဘေးကြီး။

အစားကြူးသူတွေထဲမှာ သူက ဘယ်အဆင့်ရှိသလဲဆိုတာ ကျနော် မသိသော်လည်း မိုးကုတ်စက်ဝိုင်း၏ မိစ္ဆာတွေထဲမှာတော့ သူက အဆင့်နိမ့်သူ ဖြစ်သည်။ စာလုံးများမှာ ရက်စက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

[ မင်းနဲ့ စကားပြောတာ ဒီမှာတင် အဆုံးသတ်ပြီ။ ငါ မင်းတို့အားလုံးကို စားပစ်မယ် ]

ငါးကို ဖမ်းမိထားသည့် ဝက်ဝံပုံရိပ်မှာ ပီလွားနား ငါးတစ်ကောင်ကဲ့သို့ ထက်မြက်သော သွားများကို ဖြဲကာ ကျနော့်ထံသို့ ပျံသန်းလာခဲ့သည်။ ထွက်ပြေးစရာ နေရာမရှိပေ။ ကျနော့်ခြေထောက်များက မလှုပ်ရှားနိုင်သလို ကျနော်သည် သူ၏ ဗိုက်ထဲတွင် ရှိနေခြင်း ဖြစ်သည်။

“ချီး… အေးလေ၊ ကောင်းပြီ။ စားချင်တယ်ဆိုရင်လည်း စိတ်ကြိုက်သာ စားစမ်းပါ”

ထိုသို့ဆိုကာ ကျနော်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ သူ့ကို ကြိုဆိုလိုက်သည်။

“အကုန်လုံးကို သေချာ စားပစ်လိုက်နော်”

ငါးပေါင်း ရာချီမှာ ကျနော့်ခန္ဓာကိုယ်ကို စတင် ဝိုင်းအုံစားသောက်ကြတော့သည်။

ငါးတွေသည် ကျနော့်လက်မောင်းများ၊ ခြေထောက်များ၊ ကျောပြင်နှင့် မျက်နှာတို့ကို ကိုက်ခဲကြ၏။ ကျနော်သည် ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုကို ခံစားလိုက်ရသော်လည်း သွေးများ ထွက်မလာခဲ့ပေ။ အစားထိုးအနေဖြင့် စာလုံးများသာ ထွက်ပေါ်လာခဲ့သည်။ ကျနော် တည်ဆောက်ခဲ့သော ဇာတ်လမ်းများနှင့် သမိုင်းကြောင်းများမှာ သူ၏ သွားများဖြင့် အကိုက်ခံရပြီးနောက် ယိုစိမ့်ထွက်လာခဲ့သည်။

[ အိုး... ဒါ-ဒါက ဘာလဲ ]

နတ်ဘုရားသည် ကောင်းကင်ဘုံမှ အရသာထူးများကို မြည်းစမ်းရသကဲ့သို့ ပျော်ရွှင်စွာ ဟစ်အော်လိုက်သည်။ ကျနော့်၏ အသိစိတ်များမှာ ဝေဝါးလာခဲ့ပြီး ခေါင်းထဲတွင်လည်း တဒိန်းဒိန်း ခံစားနေရ၏။ သို့သော်လည်း ကျနော် အောင့်ခံထားခဲ့သည်။ ကျနော် စဉ်းစားထားသည့် အစိတ်အပိုင်းကို သူ စားသုံးမိသည်အထိ ကျနော် တောင့်ခံထားရမည် ဖြစ်သည်။

[ အို... အာ ]

တအောင့်ခန့်အကြာတွင် ကျနော့်ထံမှ အရာတစ်ခုမှာ ရေတံခွန်ကဲ့သို့ အရှိန်အဟုန်ဖြင့် စီးထွက်သွားခဲ့သည်။ သူသည် တစ်ခုခုကို ထိတွေ့မိသွားခြင်း ဖြစ်သည်။

[သီးသန့်စွမ်းရည် ‘Fourth Wall’ သည် တံတိုင်းကို ရိုက်ခတ်နေသော တုန်ခါမှုများအပေါ် တုံ့ပြန်လိုက်ပါသည်။]

ကျနော် စောင့်မျှော်နေသော အချိန်မှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စာလုံးများမှာ သူ၏ ဗိုက်ထဲသို့ အလုံးအရင်းနှင့် စီးဝင်သွားပြီး လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်၏။ ထိုလှိုင်းလုံးကြီးမှာ မရေမတွက်နိုင်သော ဇာတ်လမ်းများပင် ဖြစ်သည်။

[ မင်း၊ မင်းက ဘာကောင်လဲ... ]

ဇဝေဇဝါဖြစ်နေသော အိပ်မက်များကို စားသုံးသူသည် ကျနော့်ကို အော်ဟစ်မေးမြန်းနေသော်လည်း ကျနော့်တွင် ပြန်ဖြေရန် ခွန်အားမရှိတော့ပေ။

စီးထွက်နေသော ဇာတ်လမ်းများကြားတွင် စိတ်ကို မလွတ်သွားအောင် ထိန်းထားရသည်မှာ အလွန်ပင် ခက်ခဲလှ၏။ ကျနော့်မျက်စိရှေ့မှ ဖြတ်ပြေးသွားသော စာသားများကို ကျနော် ကြည့်လိုက်သည်။

「 ယူဂျွန်ဟော့က အိပ်မက်များကို စားသုံးသူ၏ ပါးစပ်ကို ကြည့်ကာ ပြောလိုက်သည်။ 」

ထိုအရာမှာ Ways of Survival ထဲမှ အကြောင်းအရာများ ဖြစ်သည်။

「 "အေး၊ မင်း ငါ့ကို စားချင်ရင် စိတ်ကြိုက်သာ စားစမ်းပါ" 」

ထိုသူမှာ ၁၃၆ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့ ဖြစ်သည်။ ယူဂျွန်ဟော့သည် အိပ်မက်များကို စားသုံးသူ၏ ဝါးမြိုခြင်းကို ခံခဲ့ရပြီး ကျနော်နှင့် အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ရဖူးသည်။

[ ဒါ... ဒါက ဘာကြီးလဲ... ]

ကျနော့်ကိုယ်စား Ways of Survival ထဲက ယူဂျွန်ဟော့က ပြန်ဖြေလိုက်သည်။

「 "မင်း သိလာလိမ့်မယ်။ ၁၃၆ ကြိမ်တိုင်တိုင် အသက်ရှင်ခဲ့ရတာ ဘယ်လိုမျိုးလဲဆိုတာကို မင်း လက်တွေ့ခံစားရလိမ့်မယ်။ ဒီစက်ဆုပ်စရာကောင်းတဲ့ အချိန်တွေအတွင်းမှာ ငါခံစားခဲ့ရတဲ့ အထီးကျန်မှု၊ ဝမ်းနည်းမှု၊ ဒေါသနဲ့ ဒီကမ္ဘာစုတ်ကြီးအပေါ်ထားတဲ့ အမုန်းတရားတွေအားလုံးကို မင်း သိသွားလိမ့်မယ်" 」

[ အား... အား... ]

「 "မင်းက လူသားတွေကို ပိုးကောင်တွေထက်တောင် နိမ့်ကျတယ်လို့ ထင်နေတာမလား။ ဒါဆိုရင် အခုကစပြီး ခံစားကြည့်လိုက်စမ်း" 」

[ ခဏ... ခဏလေးနေပါဦး... ]

「 "ပိုးကောင်တွေ ခံစားရတဲ့ နာကျင်မှု။ မင်း လက်မခံနိုင်လောက်တဲ့ ပိုးကောင်တစ်ကောင်ရဲ့ သမိုင်းကြောင်းကို မြည်းစမ်းကြည့်လိုက်။ ငါ့ကို စားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုသာရှိရင် စိတ်ကြိုက်သာ ဝါးမြိုလိုက်စမ်း" 」

အဆက်မပြတ် ပေါက်ကွဲထွက်နေသော ဇာတ်လမ်းများမှာ အိပ်မက်များကို စားသုံးသူ၏ ဗိုက်ထဲတွင် ပြည့်လျှံသွားခဲ့သည်။ အိပ်မက်များကို စားသုံးသူသည် Ways of Survival ကို ဝါးမြိုမိသွားပြီး နာကျင်မှုကြောင့် လူးလိမ့်နေ၏။

သူ၏ ဝမ်းဗိုက်အတွင်း တစ်နေရာမှ အက်ကြောင်းများ စတင်ပေါ်ပေါက်လာသည်။ Ways of Survival သည် မျက်စိပျက်မျက်နှာပျက် ဖြစ်နေသော အိပ်မက်များကို စားသုံးသူကို လှောင်ပြောင်သည့်အလား ပြောလိုက်သည်။

「 ယခုအခိုက်အတန့်သည် ဟင်းလင်းပြင်တွင် မွေးဖွားပြီး နှစ်ပေါင်း ၈,၀၀၀ ကြာအောင် အသက်ရှင်ခဲ့သော အိပ်မက်များကို စားသုံးသူက ထိုအရာကို သဘောပေါက်သွားသည့် အခိုက်အတန့်ပင် ဖြစ်သည်။ 」

[ အူး... ]

ထိုအခန်းမှာ ယူဂျွန်ဟော့က 'နတ်ဘုရား' တစ်ပါးကို ပထမဆုံးအကြိမ် သတ်ဖြတ်ခဲ့သည့် အခန်း ဖြစ်သည်။ ကျနော်သည် ထိုအခန်းကို အလွတ်ရလုနီးပါး အကြိမ်ကြိမ် ဖတ်ရှုခဲ့ဖူးသည်။ ကျနော်သည် Ways of Survival ၏ ကိုယ်စား နောက်ထပ်စာကြောင်းကို ဤသို့ ပြောလိုက်သည်။

"ဒီကမ္ဘာပေါ်မှာ ဘယ်တော့မှ မစားသင့်တဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိတယ်"

အခန်း ၁၈၀

- အပိုင်း ၃၄ - စားသုံး၍မရနိုင်သော (၂)

မူရင်းဝတ္ထုထဲတွင် အိပ်မက်များကို စားသုံးသူသည် ယူဂျွန်ဟော့ကို ဝါးမြိုခဲ့ပြီး ယူဂျွန်ဟော့ ခံစားခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် ဘဝဆိုးကို ရုန်းကန်ရင်ဆိုင်ရင်း နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ အလွန်အကျွံ စားမိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကပ်ဆိုက်မှုတစ်ခုပင် ဖြစ်၏။ သို့သော် ၎င်းမှာ Ways of Survival ထဲက ဇာတ်လမ်းသာ ဖြစ်သည်။

ယခုတစ်ကြိမ် သူ စားသုံးရမည့်အရာမှာ ၁၃၆ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း မဟုတ်ပေ။

[ အူး... ]

တတိယအကြိမ် နောက်ပြန်ဆုတ်ခြင်း၊ စတုတ္ထအကြိမ် နောက်ပြန်ဆုတ်ခြင်း၊ ပဥ္စမအကြိမ် နောက်ပြန်ဆုတ်ခြင်း...

「 "လူသားတွေက နှစ်ပေါင်းထောင်ချီပြီး အသက်ရှင်ရင် ဘာဖြစ်မလဲဆိုတာ မင်း သိလား" 」

၃၆ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း၊ ၄၇ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း၊ ၆၉ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း...

「 "အဆုံးမရှိ ထပ်ခါတလဲလဲဖြစ်နေတဲ့ ဘဝရဲ့ နာကျင်မှုအကြောင်းကို မင်း တွေးဖူးလား" 」

၁၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း၊ ၁၄၃ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း၊ ၁၄၈ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း...

「 "ဒါက လူသားတွေရဲ့ ဆင်းရဲဒုက္ခပဲ။ စက်ဆုပ်စရာကောင်းတဲ့ လက်တံတွေနဲ့ မင်းလိုကောင် ခံစားဖူးသွားပြီမလား" 」

အဆုံးမရှိသော မှတ်ဉာဏ်ပွဲတော်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ပြည့်လျှံနေသော ဟင်းလင်းပြင်ကြီးထဲတွင် အက်ကြောင်းများ စတင်ပျံ့နှံ့လာ၏။ မစားသင့်သောအရာကို စားမိပြီးနောက် အိပ်မက်များကို စားသုံးသူသည် စတင်သောင်းကျန်းတော့သည်။

သို့သော် ဤနေရာမှာ သူ၏ ဝမ်းဗိုက်အတွင်းပိုင်း ဖြစ်နေသောကြောင့် သူ့အတွက် ပြေးစရာ မြေမရှိပေ။ မည်သူမျှ မိမိကိုယ်ကိုယ်ထံမှ ထွက်ပြေး၍မရနိုင်ပေ။

[ အူး... ]

စကားလုံးများ အလုံးအရင်းနှင့် စီးဝင်လာမှုမှာ သူ တောင့်ခံနိုင်သည်ထက် ပို၍ များပြားနေသည်။

စုပ်ယူ၍မရသော ဇာတ်လမ်းများသည် လွင့်စင်သွားပြီး ဇာတ်လမ်းဒီရေလှိုင်းကြီးများသည် ပြင်ပစကြဝဠာကို လွှမ်းမိုးသွား၏။ ပျက်စီးသွားသော ဝမ်းဗိုက်၏ အပိုင်းအစများမှာ ဟိုဟိုဒီဒီ ပြန့်ကျဲသွားလေသည်။

[Fourth Wall သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်နေပါသည်။]

[Fourth Wall သည် စားစရာ တစ်ခုခုကို ရှာဖွေနေပါသည်။]

ထိတ်လန့်သွားသော အိပ်မက်များကို စားသုံးသူသည် ကျနော့်ကို စိုက်ကြည့်လာသည်။

[Fourth Wall သည် အိပ်မက်များကို စားသုံးသူကို လှောင်ပြောင်နေပါသည်။]

ယခုအခါ အမဲလိုက်သူနှင့် အမဲလိုက်ခံရသူ၏ နေရာမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

[ အား... ]

စာလုံးပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော Fourth Wall သည် အိပ်မက်များကို စားသုံးသူ၏ ဇာတ်လမ်းများကို စတင်ဝါးမြိုတော့သည်။

စားသုံးနေပုံမှာ အရသာခံစားခြင်းမျိုး မဟုတ်ဘဲ ဆာလောင်မွတ်သိမ်းစွာ စားသောက်ခြင်း သက်သက်သာ ဖြစ်သည်။ အိပ်မက်များကို စားသုံးသူ၏ ရေတွက်မရသော ငါးများနှင့် အခြားအထိမ်းအမှတ် သင်္ကေတများသည် ထွက်ပြေးရန် ကြိုးစားသော်လည်း ဇွဲကောင်းလှသော Fourth Wallထံမှ မလွတ်မြောက်နိုင်ကြပေ။

သူ နှစ်ပေါင်း ၈,၀၀၀ ကြာအောင် စားသုံးခဲ့သော ဇာတ်လမ်းများသည် အမှုန့်ဖြစ်အောင် ချေဖျက်ခံလိုက်ရပြီး Fourth Wallထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ Fourth Wallပေါ်ရှိ ပုံစံများသည် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေ၏။

ခွင့်ပြုချက်မရှိဘဲ ဇာတ်လမ်းကို ခိုးယူဖတ်ရှုနေသောကောင်၏ အသံမှာ တုန်လှုပ်ချောက်ချားသွားသည်။

[ ■■….]

သူ၏ အတွေးများ တစ်ဝက်ကျော်မှာ ဝါးမြိုခံလိုက်ရပြီး Fourth Wallပေါ်တွင် ပေါ်လာသည်။

「 ဒါက တကယ်ပဲ ... ■■လား... 」

[ အိုး... ]

「 ကြီးမြတ်သော ရှေးဟောင်းပုဂ္ဂိုလ်တွေ။ ခင်ဗျားတို့ အားလုံး ဘယ်ရောက်နေကြတာလဲ... 」

နောက်ဆုံးအချိန်တွင် သူသည် အရာအားလုံးကို စွန့်ပစ်ပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း Fourth Wall က ခြေတစ်လှမ်း ပိုမြန်နေသည်။ Fourth Wall၏တံတိုင်းကြီးသည် ကြောက်မက်ဖွယ်ကောင်းသော သွားများကို ထုတ်ပြကာ ဝမ်းဗိုက်အတွင်းရှိ အကြောင်းအရာများကို ဝါးမြိုပစ်လိုက်သည်။

[ အိုး... ကြီးမြတ်သော... အိုး... ]

စူးရှသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးနောက် တံတိုင်းကြီး၏ ဟနေသော ပါးစပ်မှာ နောက်ဆုံးတွင် ပိတ်သွားတော့သည်။

[Fourth Wall၏ စားသောက်ခြင်း ပြီးဆုံးသွားပါပြီ။]

[သင်သည် ပြင်ပနတ်ဘုရားတစ်ပါးကို အနိုင်ယူလိုက်ပါပြီ။]

. . .

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် သင်၏ အောင်မြင်မှုအတွက် သင့်တော်သော အမည်တစ်ခုကို ရှာဖွေရန် ပျက်ကွက်ခဲ့ပါသည်။]

[အမည်မသိ အောင်မြင်မှုတစ်ခုကို သင်၏ ပဥ္စမမြောက် ဇာတ်လမ်းတွင် ထည့်သွင်းပါမည်။]

[အတည်ပြုရန် နီးစပ်နေသော သင်၏ အဆင့်အတန်းကို ပြန်လည်အကဲဖြတ်ပါမည်။]

အိပ်မက်များကို စားသုံးသူ၏ အပိုင်းအစများမှာ ပြန့်ကျဲသွားပြီး ကျနော်သည် ဇာတ်လမ်းအနည်းငယ်နှင့်အတူ ပြင်ပစကြဝဠာ၏ လေဟာပြင်ထဲတွင် ကျန်ရစ်ခဲ့သည်။

အိပ်မက်များကို စားသုံးသူ သေဆုံးသွားသော်လည်း ဟင်းလင်းပြင်ကြီးမှာ ပြိုလဲမသွားပေ။ ကျနော်သည် မူလကမ္ဘာသို့ ပြန်မရောက်သေးပေ။

[ပြင်ပစကြဝဠာ၏ နတ်ဘုရားများသည် အိပ်မက်များကို စားသုံးသူ၏ သေဆုံးမှုကို ကြားသိပြီးနောက် များစွာ ဇဝေဇဝါ ဖြစ်နေကြပါသည်။]

[ပြင်ပနတ်ဘုရားများသည် သူ၏ ဇာတ်ဝင်ခန်းတွင် မည်သည့်ကိစ္စဖြစ်ခဲ့သည်ကို သိရှိရန် ကြိုးစားနေကြပါသည်။]

[အချို့သော ‘ရှေးဟောင်းပုဂ္ဂိုလ်ကြီးများ’ က သင့်ကို စောင့်ကြည့်နေပါသည်။]

ကျနော့်ရင်ထဲတွင် ပျို့အန်ချင်စိတ်များ တက်လာသည်။ ကျနော့်ဝိညာဉ် ဝါးမြိုခံလိုက်ရတာကြောင့် အားအင်ကုန်ခမ်းသွားပုံရ၏။

"ဝေါ့... ဝေါ့... အော့"

ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုပင်။ ၁၃၆ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတုန်းက ယူဂျွန်ဟော့လည်း ဤအတိုင်း ခံစားခဲ့ရသည်။

"ဝေါ့"

အကြိမ်အနည်းငယ် အန်ထုတ်ပြီးနောက် ကျနော်သည် ဇာတ်လမ်းအပိုင်းအစများကြားတွင် အမေ့ကို လိုက်ရှာမိသည်။

ကံကောင်းထောက်မစွာပင် အိပ်မက်များကို စားသုံးသူ ဖန်တီးထားသော ပုံရိပ်မှာ ပျက်စီးမသွားဘဲ ကျန်ရှိနေသေး၏။ အမေသည် မျက်လုံးများမှိတ်လျက် ထိုနေရာတွင် ရပ်နေသည်။

အမေ အသက်ရှင်သေးရဲ့လား။ ကျနော် မသိပေ။ အမေ့သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီး ပခုံးကို လှုပ်ခါလိုက်သည်။

"ကျေးဇူးပြုပြီး ထပါဦး"

ပထမဆုံးအနေဖြင့် အမေကို ဤနေရာမှ ခေါ်ထုတ်သွားရမည်။ ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

…ဤဟင်းလင်းပြင်က ဘာလို့ ပျက်စီးမသွားတာလဲ။

၁၃၆ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့က အိပ်မက်များကို စားသုံးသူကို သတ်လိုက်သည့် ဇာတ်ဝင်ခန်း၌ ဤဟင်းလင်းပြင်မှာ ပြိုလဲသွားပြီး သူသည် မူလကမ္ဘာသို့ ပြန်ရောက်သွားခဲ့သည်။ ပြင်ပစကြဝဠာသည် ပြင်ပနတ်ဘုရား၏ စွမ်းအားဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။ ပြင်ပနတ်ဘုရား သေဆုံးသွားသည်နှင့် ဟင်းလင်းပြင်မှာ ပျက်စီးသွားသင့်၏။ ယခုတစ်ကြိမ်တွင် ပြင်ပနတ်ဘုရား သေဆုံးသွားသော်လည်း သူ၏ ဟင်းလင်းပြင်မှာ တည်ရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်း။

[Fourth Wall က သင့်ကို ကြည့်နေပါသည်။]

…မဟုတ်မှလွဲရော။

[Fourth Wall က နောင်တရသလိုမျိုး ခေါင်းခါပြနေပါသည်။]

[Fourth Wall က ဗိုက်ဆာနေဆဲ ဖြစ်ပါသည်။]

ဇာတ်လမ်းတွေ အများကြီး စားထားတာတောင် ဗိုက်ဆာနေသေးတာလား။

[Fourth Wall က ကျန်ရှိနေတဲ့ အကြွင်းအကျန်တွေကို စုပ်ယူနေပါပြီ။]

ဖုန်စုပ်စက်ကို ဖွင့်လိုက်သကဲ့သို့ပင် Fourth Wall သည် ပါးစပ်ကို ဖြဲကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စုပ်ယူတော့သည်။

ကျန်ရှိနေသော ဇာတ်လမ်းများ၊ ဖုန်မှုန့်များ၊ ပြီးတော့...

"နေဦး။ ခဏနေဦး"

ကျနော့်ရင်ခွင်ထဲက အမေပင် ပါသွားသည်။ ကျနော် တံတိုင်းကြီးဆီသို့ အပြေးသွားလိုက်၏။

"ဟေး။ အဲဒါကို မစားနဲ့"

ကျနော် တံတိုင်းဆီ မရောက်ခင်မှာပင် အမေသည် တံတိုင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထိုပါးစပ်ကြီးက အမေ့ခေါင်း၊ လက်မောင်းနှင့် ကိုယ်ထည်တို့ကို ဝါးမြိုပစ်လိုက်၏။

"လီးပဲ။ အဲဒါကို မစားပါနဲ့ဆို"

[Fourth Wall က ကျေနပ်အားရစွာ ရယ်မောနေပါသည်။]

[Fourth Wall က သင့်ကို ကြည့်ပြီး လျှာသပ်နေပါသည်။]

ကျနော် တစ်ခုခု မေးရမည်။ ကျနော် မကြားရသေးသည့် အရာတစ်ခု ရှိသေးသည်။ သို့သော် မအေဘေး တံတိုင်းကြီးက အမေကို ဝါးမြိုပစ်လိုက်ချေပြီ။

တံတိုင်းထဲ ဝါးမြိုခံရပြီးနောက် ဘာဖြစ်သွားသလဲ ကျနော် မသိပေ။ သေချာသည့် အချက်တစ်ခုမှာ တံတိုင်း၏ ဝါးမြိုခြင်းကို ခံရသူများထဲက မည်သူမျှ ပြန်မလာခဲ့ခြင်းပင်။

ပြဇာတ်ရုံ ခံတပ်သခင်၊ ပြန်လည်ဝင်စားသူ နာဗားနား၊ ပြီးတော့ အိပ်မက်များကို စားသုံးသူတောင်မှ ပြန်မလာနိုင်ကြ။

ပြင်ပနတ်ဘုရားတစ်ပါးတောင် မရှင်သန်နိုင်သည့်နေရာတွင် အမေ ရှင်သန်နိုင်ခြေ ရှိပါ့မလား။

"အမေ့ကို ပြန်ထွေးထုတ်စမ်း"

ကျနော် Fourth Wall ကို စတင်ထိုးနှက်တော့သည်။ တံတိုင်းကြီးက ကျနော့်ကို ကြည့်ပြီး လျှာသပ်ပြသော်လည်း ကျနော့်ကို စားမည့် အရိပ်အယောင်မပြပေ။ ကျနော့်လက်သီးချက်ကြောင့် တံတိုင်းမျက်နှာပြင်မှာ အနည်းငယ် လှုပ်ခါသွားသည်။

ထိုးနှက်ပြီး ထပ်ထိုးနှက်နေမိသည်။။ မိုက်မဲမှန်း သိသော်လည်း ကျနော် မရပ်တန့်ခဲ့ပေ။ ရပ်တန့်၍ မရခဲ့ခြင်း ဖြစ်သည်။ ကျနော် ဘယ်လောက်တောင် ထိုးလိုက်မိသလဲ မသိ။ ထိုစဉ် တံတိုင်းပေါ်တွင် စာတိုတစ်ခု ပေါ်လာသည်။

「 ပထမဆုံးအနေနဲ့ သားလေးကို နာမည်ပေးခဲ့တုန်းက ငါ မှတ်မိနေသေးတယ် 」

ကျနော် ထိုဝါကျကို ငေးကြည့်နေမိသည်။ ခဏအကြာတွင် ထိုစာသားမှာ ဘာကို ဆိုလိုမှန်း ကျနော် သဘောပေါက်သွား၏။

「 သူက ‘ဒေါ့’ (တစ်ကိုယ်တော်) ကို သုံးချင်ခဲ့ပေမဲ့ ငါကတော့ ‘ဒေါ့’ (စာဖတ်သူ) ကို ဖြစ်စေချင်ခဲ့တာ။ ဒီနေရာကနေစပြီး သူနဲ့ငါရဲ့ အကွဲအပြဲဟာ စတင်ခဲ့တာ ဖြစ်နိုင်တယ် 」

ကျနော် ညည်းညူရင်း တံတိုင်းကို ထပ်ထိုးလိုက်သည်။ ဇာတ်လမ်းကို ဤကဲ့သို့ နည်းလမ်းမျိုးဖြင့် မကြားလိုခဲ့ပေ။

「 သူ့ကို လူမွဲတစ်ယောက်ထက် စာဖတ်သူတစ်ယောက်ပဲ ဖြစ်စေချင်ခဲ့တာ။ တစ်ခုခုကို ဖတ်နေသရွေ့ လူသားတွေဟာ အထီးကျန်မှာ မဟုတ်ဘူး။ ဒါကိုပဲ ငါ ယုံကြည်ချင်ခဲ့တာ ဖြစ်မယ် 」

ကျနော့် လက်သီးချက်များ ရပ်တန့်သွားသည်နှင့် တံတိုင်းပေါ်တွင် မရေမတွက်နိုင်သော စာကြောင်းများ ပေါ်လာ၏။ လူတစ်ယောက်၏ သက်တမ်းတစ်ခုလုံးတွင် ဤမျှလောက်များပြားသော စာကြောင်းများ ရှိနေသည်ဆိုသည်မှာ မယုံနိုင်စရာပင်။

「 “ကျမက အိမ်မှာပဲ နေရမှာလား။ ဟင်။ ကျမ ဘာလို့ ဒီလိုမျိုး အသက်ရှင်နေရမှာလဲ။ ရှင်နဲ့ အဲဒီကလေးကို လုပ်ကျွေးပြုစုရင်း ကျမ ဘယ်လောက်တောင် ကြာကြာ သည်းခံနေရဦးမှာလဲ” 」

「 “ဆော့ယောင်ရယ်။ သည်းခံလိုက်ပါဦး။ ဒေါ့ဂျာကို ငဲ့ကြည့်စမ်းပါ။ ယောက်ျားဆိုတာ ခဏတဖြုတ်ပဲ ဒီလို ဖြစ်တတ်တာပါ” 」

「 “အမေ... အမေက ဒေါ့ဂျာကိုပဲ ပိုဂရုစိုက်သင့်တယ်လို့ ကျမ ထင်တယ်” 」

ကျနော် ဆဲဆိုလိုက်ပြီး တံတိုင်းကို ထပ်မံ ထိုးနှက်မိပြန်သည်။ ကျနော် မှတ်မိနေသည့် အရာအချို့ ရှိသလို၊ မေ့လျော့နေသည့် အရာအချို့လည်း ရှိသည်။ သို့သော် ထိုစဉ်က ခံစားချက်များမှာမူ ယခုထက်တိုင် ထင်ရှားနေဆဲပင်။

「 “ပင်ပန်းခဲ့ရတယ်။ အဲဒီတုန်းက တခြား ဘာကိုမှ မစဉ်းစားနိုင်လောက်အောင် ငါ အရမ်း နွမ်းနယ်နေခဲ့တာ။ ပြန်စဉ်းစားကြည့်တော့ ငါ့ရဲ့ သားလေးကလည်း ပင်ပန်းခဲ့မှာပါပဲလေ” 」

ထိုနေ့ရက်များတွင် အမေသည် ဒုက္ခများစွာ ခံစားခဲ့ရသည်။ အမျိုးသမီးတစ်ဦး၊ မိခင်တစ်ဦး၊ လူသားတစ်ဦးအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုမှာ ဘယ်သောအခါမှ မဖြစ်သင့်သည့် အရာပင်။

「 “ဒေါ့ဂျာ။ အထဲဝင်တော့။ ကြားလား။ အမေ ထွက်လာလို့ မပြောမချင်း အပြင်ကို မထွက်လာနဲ့” 」

ရက်စက်ကြမ်းကြုတ်သော စကားလုံးများက တရစပ် ပေါ်ထွက်လာပြီး ကျနော်သည် ကျနော့်၏ ငယ်ဘဝကို အခြားရှုထောင့်တစ်ခုမှနေ၍ ထပ်မံ ခံစားနေရသည်။

ကျနော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အရာဖြစ်သော်လည်း လုံးဝ စိမ်းသက်နေသော ဇာတ်လမ်းတစ်ခုကို ကြားနေရသကဲ့သို့ပင်။

ဤအရာများက တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အလွန် နာကျင်စရာကောင်းလှ၏။ ဝမ်းနည်းစရာလည်း ကောင်းသည်။

ဒါနဲ့ ငါက ဘာလို့ ဒါတွေအားလုံးကို မေ့နေခဲ့တာလဲ။ ငါက မေ့ပစ်လိုက်ချင်ရုံသက်သက်ပဲလား။

ထိုအတောအတွင်း တံတိုင်းကြီးက ဆက်လက် ပြောပြနေသည်။

「 “ငါ သူ့ကို ထားခဲ့သင့်တာ။ တခြားလူတွေ ဘာပဲပြောပြော ငါ အဲဒီကလေးကို ခေါ်ပြီး ဝေးရာတစ်နေရာကို ထွက်သွားခဲ့သင့်တာ” 」

အဆုံးသတ်မှာတော့ အမေသည် ထွက်သွားခဲ့သင့်သည်။

「 “ငါ ဘာလို့ မထွက်သွားခဲ့တာလဲ” 」

ထိုအရာမှာ နောင်တနှင့် အားမလိုအားမရမှုများ ပြည့်နှက်နေသည့် မှတ်တမ်းတစ်ခုပင်။ ဤသည်မှာ လက်တွေ့ဘဝတွင် ‘နှုတ်ဆိတ်’ နေခဲ့သည့် အမေပင် ဖြစ်သည်။ ယခု ဝတ္ထုတစ်ပုဒ် ဖြစ်လာသည့်အခါမှသာ အမေက ဖွင့်ဟနေခြင်း ဖြစ်သည်။

「 “ညနေစောင်း အချိန်မှာ အဲဒီကိစ္စ ဖြစ်ပျက်ခဲ့တာ” 」

နောက်ဆုံးတွင် ဇာတ်လမ်းက စတင်ခဲ့ပြီ။

「 “အရက် ထပ်ယူလာစမ်း” 」

အရက် ထပ်ယူလာရန် အဖေ့၏ အော်ဟစ်သံက ထွက်ပေါ်လာသည်။ သူသည် အမေကို တွန်းထုတ်ပြီး ဝမ်းဗိုက်ကို ထိုးနှက်လိုက်သည်။ အဖေက ခြိမ်းခြောက်နေခဲ့ခြင်း ဖြစ်၏။

「 “ရှင်... ရှင်။ ဓားကို ချလိုက်စမ်းပါ။ ကျမတို့ စကားပြောကြရအောင်” 」

မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ပြန်လည် ပေါ်ပေါက်လာသည်။ အခန်းထဲတွင် ပုန်းနေသည့် ကောင်လေးက ခေါင်းပြူထွက်လာသည်။ ဟုတ်သည်။ ထိုစဉ်က အဖေသည် ဓားကိုကိုင်ပြီး ခြိမ်းခြောက်နေခဲ့သည်။

「 “ဒေါ့ဂျာ။ အခန်းထဲမှာပဲ နေလို့ အမေ ပြောထားတယ်မလား” 」

အမေက အော်ဟစ်ပြီး ကျနော့်ဆီသို့ ပြေးလာသည်။ အရက်မူးနေသော အဖေက ဓားကို ခြိမ်းခြောက်သည့်ဟန်ဖြင့် ဝှေ့ယမ်းလိုက်၏။

「 “နင်လည်း သေရမယ်၊ ငါလည်း သေမယ်။ အေး... ငါတို့အားလုံး အတူတူ သေကြမလား။ ဒီလိုမျိုး အတူတူ နေနေရတာ ငါတို့ ဘဝတွေက လီးတွေ ဖြစ်နေပြီ မဟုတ်လား။ ဟင်။ ဒါဆိုလည်း အတူတူ သေလိုက်ကြရအောင်” 」

အမေသည် ကိုယ်ကို ရှေ့သို့ ပစ်လိုက်သည်။ အသံတစ်သံ ထွက်ပေါ်လာပြီး အဖေ့၏ ကိုယ်မှာ ပြိုလဲသွားခဲ့သည်။ ဓားမှာ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွား၏။ လိမ့်နေသည့် ဝိုင်ပုလင်းထဲမှ အရက်များ စီးကျလာသည်။ ကျနော် နောက်ထပ် ဇာတ်ဝင်ခန်းကို သိနေသည်။ အမေက လဲကျနေသည့် ဓားကို ကောက်ယူပြီး အဖေကို ထိုးနှက်လိုက်လိမ့်မည်။ ထို့နောက် အမေက ကျနော့်ကို ‘အခုကစပြီး အမေ အားလုံးကို ပြန်သုံးသပ်ပြမယ်’ ဟု ပြောလိမ့်မည်။

「 “အား... အား...” 」

ဒါနဲ့...

「 “ဒေါ့ဂျာ။ မဟုတ်ဘူး။ ဓါးကို ချလိုက်စမ်း” 」

ဒါက ဘာလဲ။

「 “ဒေါ့ဂျာ” 」

ကျနော် ဓားကို ကောက်ယူလိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် အဖေကို စိုက်ကြည့်နေသည်။ ကျနော့်၏ သေးငယ်သော မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေ၏။ အဖေက လှောင်ပြောင်ရယ်မောလိုက်ပြီး လက်သီးဖြင့် ဝှေ့ယမ်းလိုက်သည်။ အမေကို ထိမည့်အစား အဖေသည် ပုလင်းပေါ်တွင် ခြေချော်သွားခဲ့သည်။ ထို့နောက်...

အဖေ့၏ ပါးစပ်မှ သွေးများ ထွက်လာသည်။

「 “ငါသာ ချက်ချင်း အကူအညီ ခေါ်ခဲ့ရင် သူ အသက်ရှင်ကောင်း ရှင်နိုင်လိမ့်မယ်” 」

ကျနော့် ရင်ထဲတွင် မွန်းကြပ်လာသလို ခံစားလိုက်ရသည်။

「 “သူ့ကို ကယ်နိုင်တဲ့ တစ်ဦးတည်းသောလူက ငါဖြစ်နေပေမဲ့ ငါက မကယ်ဖို့ ရွေးချယ်ခဲ့တယ်” 」

ဤမတော်တဆမှုက ကျနော်တို့၏ ဘဝများကို ပြောင်းလဲပစ်ခဲ့သည်။

「 “သားလေးကို ပြောခဲ့တဲ့ စကားတွေက လိမ်ညာတာ မဟုတ်ဘူး။ ငါကိုယ်တိုင်ပဲ သူ့ကို သတ်ခဲ့တာ” 」

အမေသည် စိတ်လွတ်နေသော ကောင်လေး၏ လက်ထဲမှ ဓားကို ယူလိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကျနော့်ကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။

「 “ဒေါ့ဂျာ။ အခုကစပြီး အမေ အားလုံးကို ပြန်သုံးသပ်ပြမယ်” 」

「 “သားအဖေက အမှားတစ်ခုခုလုပ်ခဲ့လို့ သေသွားတာ။ ဒါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာပဲ။ နားလည်လား” 」

「 “ဘာပဲဖြစ်ဖြစ် သားက နစ်နာသူဆိုတာကို ဘယ်တော့မှ မမေ့ရဘူး” 」

အမေ့ရဲ့ အသံက ကျနော့်နားထဲမှာ ပဲ့တင်ထပ်နေသည်။

「 “မဟုတ်မှလွဲရော အဲဒီအချိန်တုန်းက အရာတော်တော်များများက ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့တာထင်တယ်” 」

အမေသည် လူသတ်မှုနှင့် ပတ်သက်သည့် အမှုတွဲများကို ရှာဖွေပြီး သက်သေအထောက်အထားများကို လှည့်စားခဲ့သည်။ ကျနော်နှင့် ပတ်သက်နိုင်သည့် အရာမှန်သမျှကို ချန်လှပ်ထားခဲ့၏။ ထိုသို့လုပ်လိုက်ခြင်းက မတော်တဆ သေဆုံးမှုကို ကြိုတင်ကြံစည်ထားသည့် ပြစ်မှုတစ်ခုအဖြစ် ပေါ်လွင်သွားစေခဲ့သည်။

「 “တစ်ယောက်က လူသတ်သမားအဖြစ် အသက်ရှင်ရမယ်။ နောက်တစ်ယောက်ကတော့ လူသတ်သမားရဲ့ သားအဖြစ် အသက်ရှင်ရမယ်” 」

အခုတော့ ကျနော် မှတ်မိသွားလေပြီ။

“...ဒါကြောင့်မလို့ ကျနော့်ကို ရင်မဖွင့်နိုင်ခဲ့တာလား”

ကျနော် တံတိုင်းပေါ် လက်တင်လိုက်ပြီး ခဏလောက် ခေါင်းငုံ့ထားမိသည်။

...တကယ်တော့ ကျနော် သိနေခဲ့သည်။ ဒါမျိုး ဖြစ်နိုင်တယ်လို့ ကျနော် တွေးခဲ့ဖူးပြီး အမေ့ လုပ်ရပ်တွေကို နားလည်ပေးလို့လည်း ရခဲ့၏။ အမေ ရုတ်တရက်ကြီး ဆောင်းပါးရေးခဲ့ခြင်းက ကျနော့်ကို လူသတ်သမား မဖြစ်စေဘဲ လူသတ်သမား၏ သားအဖြစ်သာ ဖြစ်စေချင်ခဲ့၍ဖြစ်၏။

「 “ငါ အဲဒီအကြောင်းကို ခဏခဏ စဉ်းစားမိတယ်” 」

「 “ဒါတွေအားလုံးက ဆင်ခြေတွေပဲ ဖြစ်နေမလားလို့ပေါ့” 」

「 “ဒီထက် ပိုကောင်းတဲ့ နည်းလမ်း ရှိနိုင်ခဲ့တယ်လေ” 」

「 “ဘာပဲဖြစ်ဖြစ် သားလေးကို တစ်ယောက်တည်း ငါမထားခဲ့သင့်ဘူး” 」

「 “မိခင်တစ်ယောက်အနေနဲ့ ငါ ဒီလို မလုပ်ခဲ့သင့်ဘူး” 」

...

「 “နောက်ဆုံးမှာတော့ ငါက ထွက်ပြေးသွားတဲ့ မိခင်တစ်ယောက်ပါပဲလေ” 」

ဒါက နောက်ဆုံးစာကြောင်း ဖြစ်သည်။ ကျနော် စောင့်ကြည့်ရင်း တံတိုင်းကို အကြိမ်အနည်းငယ် ထိုးနှက်မိသည်။ သို့သော် မည်သည့်စာကြောင်းမှ ထပ်ပေါ်မလာတော့ပေ။

ဒီလို မဖြစ်သင့်ဘူး။ ဒီလိုဆိုရင်တော့ အဓိပ္ပာယ်မရှိတဲ့ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို ငါ ကြားနိုင်မှာ မဟုတ်တော့ဘူး။

“သူ့ကို ပြန်ထွေးထုတ်လိုက်။ ပြန်ထွေးထုတ်လိုက်စမ်း”

ကျနော် တံတိုင်းကို အရူးအမူး ထိုးနှက်တော့သည်။

“လီးပဲ”

Fourth Wall က ကျနော့်လက်သီးကို လျက်လိုက်သည်။ ကျနော့်လက်သီးပေါ်က သွေးတွေ၊ မှတ်ဉာဏ်တွေနဲ့ ဇာတ်လမ်းတွေက Fourth Wall ထဲကို စုပ်ယူခံလိုက်ရသည်။ ကျနော် မငိုခဲ့။

「 ကင်ဒေါ့ဂျာ ငိုနေခဲ့သည်။ 」

Fourth Wall က ပြောလိုက်သည်။

「 ကင်ဒေါ့ဂျာသည် တိတ်ဆိတ်စွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ 」

ဘုန်း

「 သူ တံတိုင်းကို ထိုးနှက်လိုက်၏။ 」

ဘုန်း

「 သူ ထပ်ပြီး ထိုးနှက်လိုက်ပြန်သည်။ 」

“လီးပဲ”

「 ကင်ဒေါ့ဂျာ ကြက်သီးဖြန်းဖြန်း ထသွားသည်။ အရာအားလုံးက ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနေသည်။ ဇာတ်ဝင်ခန်းတွေထဲက သူပြောခဲ့တဲ့ စကားတွေနဲ့ လုပ်ရပ်တွေအားလုံးက တံတိုင်းပေါ်က စာကြောင်းတွေ ဖြစ်လာနေသည်။ 」

“ပါးစပ်ပိတ်ထားစမ်း”

「 ကင်ဒေါ့ဂျာ သိချင်နေခဲ့သည်။ သူ ဘာလုပ်သင့်သလဲ။ ဒီတံတိုင်းကို သူ ဘယ်လို ချိုးဖျက်နိုင်မလဲ။ ဒါက Ways of Survival ကို ဖတ်ခဲ့တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးလား။ သူ အဲဒါကို ဖတ်ခဲ့လို့ သူ့ရဲ့ လက်တွေ့ဘဝက ဝတ္ထုတစ်ပုဒ် ဖြစ်သွားခဲ့သည်။ ထို့နောက် စာမျက်နှာတစ်ခု ဆုတ်ဖြဲလိုက်သည့်အသံမျိုး ကြားလိုက်ရသည်။ 」

ဗြိ

「 ကင်ဒေါ့ဂျာ တွေးလိုက်မိသည်... (ဟေ့)... ဒါက ဘာတွေလဲ 」

နောက်ဆုံးတော့ တံတိုင်းပေါ်က ပုံမှန်မဟုတ်သော စကားလုံးတွေကို ကျနော် မြင်လိုက်ရသည်။ ထိုအရာက ဝတ္ထုကို ဖတ်ဖူးတဲ့ တစ်စုံတစ်ယောက် ချန်ထားခဲ့ည့် နံရံဆေးရေးပန်းချီတွေနှင့် တူနေလေသည်။

「 ကင်ဒေါ့ဂျာ အံ့ဩသွားသည်... (သတိကပ်ထားစမ်း)... ဘယ်သူက သူ့ကို စကားပြောနေတာလဲ... (ဒါက မင်းရဲ့ စွမ်းရည်ပဲ)... အဲဒါ ဘယ်သူလဲ... (မင်းရဲ့ စွမ်းရည်က မင်းကို ပြန်ဝါးမြိုတာမျိုး အဖြစ်မခံနဲ့)... ဘာ... (ငတုံးကောင်။ လက်ကို မြန်မြန်ဖယ်လိုက်စမ်း) 」

တံတိုင်းက ကျနော့်လက်သီးကို ဝါးမြိုနေတာကို ကျနော် မြင်လိုက်ရသည်။

「 ...(စွမ်းရည်ကို ပိတ်လိုက်တော့၊ ကင်ဒေါ့ဂျာ)... 」

နားလည်သဘောပေါက်မှုတစ်ခု ကျနော့်ခေါင်းထဲ ဖြတ်ပြေးသွားသည်။ ကျနော် ဘယ်သူနဲ့ စကားပြောနေမှန်း မသိသလို၊ ဒါက ဖြစ်နိုင်ပါ့မလားဆိုတာလည်း ကျနော် မသိပေ။

သို့သော် ကျနော် ဘာလုပ်ရမလဲဆိုတာတော့ ရှင်းနေပါသည်။

"ငါ Fourth Wall ကို ပိတ်လိုက်မယ်"

တံတိုင်းက ပြင်းထန်စွာ တုန်ခါသွားပြီး လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသည်။ ကျနော့်ပတ်ဝန်းကျင်က တစ်စုံတစ်ခု မှေးမှိန်ပျောက်ကွယ်သွားတာကို ပထမဆုံးအကြိမ်အဖြစ် ကျနော် ခံစားလိုက်ရသည်။

တံတိုင်းကြီး ပြိုလဲနေပြီ ဖြစ်သည်။

ခဏအကြာတွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။

[အမည်မသိ အကြောင်းအရင်းများကြောင့် ဖြစ်ပွားသော စနစ်ချို့ယွင်းမှုကို ယာယီ ပြုပြင်ပြီးပါပြီ။]

.

.

[သင်၏ ဝိသေသ လက္ခဏာ ဇယားကို ပြန်လည်ရရှိပါပြီ။]

[သင်၏ ဝိသေသ လက္ခဏာ ဇယားကို ယခု စစ်ဆေးလိုပါသလား။]

All Chapters