ပထမဆုံး ခန္ဓာကိုယ်ကျင့်ကြံသူ
Vol. 19 Ch. 181
နွေဦးပွဲတော် ရောက်ရှိလာသည်နှင့်အမျှ ချင်းရှောင်တောင်နှင့် ဇီယန်တောင်ထွတ်တို့တွင် တောက်ပစွာ အလှဆင်ထားပြီး လူစည်ကားလျက် ရှိနေသည်။ ကျိုးယာ၏ ကိုယ်ပိုင်ကျောင်းတော် တည်ထောင်ရန် ဆုံးဖြတ်ချက်က ဂိုဏ်းအတွင်း ဂယက်ရိုက်သွားစေခဲ့သည်။ အကယ်၍ ကျိုးယာကသာ ဤအရာကို ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် မလုပ်ခဲ့လျှင် သူ့ရဲ့ ကံကြမ္မာက သာမန် တပည့်တစ်ဦးအဖြစ် ရာထူးချခံရခြင်းထက် များစွာ ဆိုးရွားသွားနိုင်ကြောင်း တပည့်များစွာ နားလည်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ဤအရာက ဂိုဏ်းချုပ်၌ သိုင်းလောက၏ မွန်မြတ်သော စိတ်ဓာတ် ရှိနေဆဲ ဖြစ်ကြောင်း ပြသနေသည်။
ပွဲတော်နေ့တွင် လီရန် ပြန်လည် ရောက်ရှိလာခဲ့သည်။
ချီမျိုးနွယ် ဖျက်ဆီးခံရပြီး လင်းထျန်းဂိုဏ်းလည်း ပျောက်ကွယ်သွားပြီ ဖြစ်ရာ လီရန်အနေနှင့် လီမျိုးနွယ်ကို ထပ်မံ ကာကွယ်ပေးမည် မဟုတ်တော့ချေ။ သူပြန်ရောက်လာသည်နှင့် လင်းရှောင်ခြံဝင်းသို့ သွား၍ လီချင်းချိုးနှင့် တစ်ဦးတည်း စကားပြောခဲ့သည်။
"ဂိုဏ်းချုပ်... ကျွန်တော့် ဝမ်းကွဲအစ်ကိုရဲ့ ဇနီးနဲ့ ကလေးတွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
လီရန်က လီချင်းချိုး၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
လီချင်းချိုးနှင့် အခြား နှစ်ယောက်တို့က ဘုန်းကြီးနှင့် သခင်မရွှီတို့ကို မြို့ထဲသို့ ခေါ်ဆောင်သွားပြီးနောက် လမ်းခွဲခဲ့ကြသည်။ လီမျိုးနွယ်၏ တပည့်များက ကမ္ဘာတစ်လွှား ပြန့်ကျဲနေပြီး ရန်သူ့မြို့များသို့ မဝင်သရွေ့ သူတို့ သေချာပေါက် ဘေးကင်းစွာ ပြန်ရောက်လာကြပေမည်။
လီချင်းချိုးက ဤကိစ္စကို သိပ်ဂရုစိုက်ပုံ မပေါ်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ဒါက တိုက်ဆိုင်မှုတစ်ခုပါ..."
သခင်မရွှီနှင့် သူမ၏သားကို ကယ်တင်ခဲ့ခြင်းမှာ လီမျိုးနွယ်၏ ဂုဏ်သတင်းကြောင့် မဟုတ်ဘဲ မည်သည့် ဆွေမျိုးမတော်စပ်သူအတွက်မဆို ဤအတိုင်း လုပ်ဆောင်မည် ဖြစ်သောကြောင့်ပင်။ သူ့မိဘများက လီမျိုးနွယ်ကို လှည့်စားခဲ့သော်လည်း သူ့ကို မိဘများက စွန့်ပစ်ခဲ့ခြင်း ဖြစ်သောကြောင့် သူ လီမျိုးနွယ်ကို မုန်းတီးမည်ပင် မဟုတ်ချေ။
လီရန် သက်ပြင်းချလိုက်မိပြီး…
“ဒီရက်ပိုင်းတွေအတွင်း လီမျိုးနွယ်နောက် လိုက်ရင်းနဲ့လောကကြီးရဲ့ ကစဉ့်ကလျား ဖြစ်မှုတွေကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်... မှူးမတ်မျိုးနွယ်တွေရဲ့ အခြေခံအုတ်မြစ်က ကျွန်တော် ထင်ထားတာထက် ပိုနက်နဲတယ်... သူတို့က ဆူပူအုံကြွမှုတွေကို ကြိုသိပြီး လက်နက်တွေ၊ ရိက္ခာတွေကို ကြိုတင် ပြင်ဆင်ထားကြတယ်လို့တောင် သံသယဖြစ်မိတယ်... ဒါနဲ့ ကျွန်တော့် ဝမ်းကွဲအစ်ကို လီရွီကျုံးက သာမန်လူ မဟုတ်ဘူး... ငယ်ငယ်ရွယ်ရွယ်နဲ့ သူက စစ်သည် သုံးသောင်းကို ကွပ်ကဲရတဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီ... အကယ်၍ သူသာ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခဲ့ရင် သူ့ရဲ့ ပါရမီက ကျွန်တော့်ထက် နိမ့်ကျမှာ မဟုတ်ဘူးလို့ ထင်တယ်..."
လီချင်းချိုးက သူ၏ အကြည့်ကို သတိပြုမိပြီး ဘာမှ ထပ်မတွေးတော့ချေ။
"ပြောစရာရှိတာ ပြောလိုက်ပါ..."
လီရန်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ….
"တကယ်တော့ လီရွီကျုံးက ခင်ဗျားရဲ့ ညီပါ... ခင်ဗျားက ခယ်မနဲ့ တူကို ကယ်တင်ခဲ့တာပါ..."
လီချင်းချိုးက သူ့နောက်ခံကို သိပြီးသား ဖြစ်သောကြောင့် တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
"မဟုတ်ဘူး... တခြား အတွေးတွေ မတွေးနဲ့... ပြီးတော့ တခြားသူတွေအတွက်လည်း ဝင်မပြောနဲ့..."
"ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး... ဒါပေမဲ့ မျိုးနွယ်စုထဲက အကြီးအကဲတချို့က ဒါကို ရိပ်မိပြီး နောင်ကျရင် ခင်ဗျားကို လာနှောင့်ယှက်ကောင်း နှောင့်ယှက်နိုင်တယ်..."
"မင်း ငါ့အတွက် သူတို့ကို တားထားတာ ပိုကောင်းမယ်... အကယ်၍ ငါသာ ဒေါသထွက်သွားရင် လီမျိုးနွယ်ကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး..." ဟု လီချင်းချိုးက လေးနက်စွာ ပြောလိုက်တော့ လီရန် အနေခက်သွားပြီး အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။
"ငါ မင်းကို သည်းခံနိုင်တယ်ဆိုတဲ့ အချက်က ငါ အတိတ်ကို စွန့်လွှတ်လိုက်ပြီ ဆိုတာပါပဲ... အကယ်၍ နောင်တစ်ချိန် လီမျိုးနွယ်ထဲကနေ ထူးချွန်တဲ့ ပါရမီရှင်တွေ ပေါ်ထွက်လာရင် သူတို့ ချင်းရှောင်ဂိုဏ်းကို လာပြီး မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနိုင်တယ်... ဒါပေမဲ့ တစ်ယောက်ယောက်က ဖြတ်တောက်လိုက်တဲ့ ဆက်ဆံရေးကို အသုံးချပြီး ငါ့ကို လာသိမ်းသွင်းဖို့ ကြိုးစားရင် ငါ့လက်နဲ့ပဲ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ရလိမ့်မယ်..."
"လီရန်... အခု မင်း ဒီကိစ္စကို သိသွားပြီ ဆိုတော့ လီမျိုးနွယ်ရဲ့ လောဘကို တားဆီးဖို့က မင်းရဲ့ တာဝန်ပဲ... အကယ်၍ မင်း မလုပ်နိုင်ဘဲ နောင်တစ်ချိန်ကျမှ လီမျိုးနွယ်က ငါ့လက်ချက်နဲ့ ပျက်စီးသွားရရင် အဲဒါ မင်းရဲ့ အမှားပဲ..."
လီချင်းချိုးက အရာရာကို ရှင်းလင်းစွာ ရှင်းပြလိုက်သည်ကို မြင်သောအခါ လီရန်က ချက်ချင်းပင် လေပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး …
"ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ သိပါပြီ..."
ထို့နောက် လီချင်းချိုးက စကားလမ်းကြောင်း လွှဲလိုက်ပြီး ကျင့်ကြံခြင်းအကြောင်း မေးမြန်းလိုက်သည်။ လီရန်သည် မသေမျိုးလမ်းစဉ်ကို အာရုံစိုက် ကျင့်ကြံရန်အတွက် သိုင်းလောက၏ အထွတ်အထိပ် ပညာရှင်ဆိုသည့် ဂုဏ်ပုဒ်နှင့် စစ်မြေပြင်တွင် တိုက်ခိုက်မည်ဟူသော စံပြရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ပြီ ဖြစ်သည်။ ဤအချက်က လီချင်းချိုးကို အလွန် ကျေနပ်စေပြီး လီရန်ကိုယ်တိုင်လည်း လျင်မြန်စွာ ကြီးထွားလာကာ နောင်တွင် တာဝန်ပိုယူနိုင်မည်ဟု မျှော်လင့်မိသည်။
လီရန် ထွက်သွားပြီးနောက် လီချင်းချိုးက ခြံဝင်းနံရံ ထောင့်ရှိ နုနယ်သော မြက်ပင်လေး တစ်ပင်ကို လှမ်းကြည့်လိုက်သည်။
"အခုကစပြီး အရာအားလုံး ပိုပြီး ငြိမ်းချမ်းလာမယ်လို့ မျှော်လင့်ပါတယ်... ချင်းရှောင်ဂိုဏ်းက အခု အချိန်လိုတယ်... နောက်ထပ် ဆယ်နှစ်လောက် အချိန်ရရင် ချင်းရှောင်ဂိုဏ်းကို အဆင့်သစ်တစ်ခုဆီ ဦးဆောင်သွားနိုင်မယ်လို့ ယုံကြည်တယ်..."
………..
နှစ်သစ်၏ ပထမဆုံး အဓိက ဖြစ်ရပ်မှာ မိစ္ဆာနှိမ်နင်းရေးခန်းမကို တရားဝင် တည်ထောင်လိုက်ခြင်းပင် ဖြစ်ပြီး ၎င်းက ချင်းရှောင်ဂိုဏ်းကို ခန်းမ ခုနစ်ခုမှ ရှစ်ခုသို့ ပြောင်းလဲသွားစေခဲ့သည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် မိစ္ဆာနှိမ်နင်းရေးခန်းမမှ တပည့်အားလုံး ရောက်ရှိလာကြပြီး မိစ္ဆာနှိမ်နင်းရေးခန်းမ၏ လေ့ကျင့်ရေး ကွင်းပြင်တွင် စုရုံးခဲ့ကြသည်။
တပည့် ရာဂဏန်းခန့်က နှစ်ယောက်တစ်စု သုံးယောက်တစ်စု စကားပြောနေကြပြီး ယနေ့ ဂိုဏ်းချုပ်နှင့် အဖွဲ့ခေါင်းဆောင်တို့ လာရောက်မည် ဖြစ်ရာ တပည့်တိုင်းမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။
လီစစ်ဖုန်းကို တစ်ချိန်က ကယ်တင်ခဲ့ဖူးသော မောင်နှမနှစ်ယောက် တို့လည်း ထိုနေရာတွင် ရှိနေကြသည်။ သူတို့လည်း အများနည်းတူ စိတ်လှုပ်ရှားနေကြပြီး တိမ်တိုက်များ ကွဲအက်ကာ နေရောင်ခြည် ဖြာကျလာသကဲ့သို့ ခံစားနေကြရသည်။
"ဂိုဏ်းချုပ် ရောက်လာပြီ..."
မိစ္ဆာနှိမ်နင်းရေးခန်းမမှ တပည့်တစ်ဦးက အရှေ့တံခါးမှ ပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့ မိစ္ဆာနှိမ်နင်းရေးခန်းမမှ တပည့်များ ချက်ချင်းပင် နေရာယူလိုက်ကြသည်။ မည်သူကမျှ ဦးဆောင်လမ်းပြခြင်း မရှိသော်လည်း သူတို့အားလုံး ဇာတ်တိုက်ထားသကဲ့သို့ အစီအရီ ရပ်လိုက်ကြသည်။ မကြာမီပင် လီချင်းချိုးနှင့် ချန်ချန်ဟိုင်တို့က ခြံဝင်းတံခါးမှ ဝင်လာပြီး လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ လျှောက်လာကြသည်။ လီချင်းချိုးကို မြင်သည်နှင့် တပည့်များ စိတ်လှုပ်ရှားသွားကြ၏။
သူတို့၏ ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း မိစ္ဆာနှိမ်နင်းရေးခန်းမ အမှန်တကယ် တည်ထောင်လိုက်ပြီ ဆိုသည်ကို ယခုမှပင် သူတို့ ယုံကြည်ရဲတော့သည်။ ချန်ချန်ဟိုင်သည်လည်း အလားတူပင် စိတ်လှုပ်ရှားနေသည်။
သူသည် ထျန်းကျီတောင်မှ အလျင်စလို ပြန်လာခဲ့ပြီး ယနေ့မှသာ ရောက်ရှိလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ချင်းရှောင်ဂိုဏ်းက အောက်တန်းအဆင့် မိစ္ဆာနယ်မြေနှင့် ဆက်သွယ်ရေး လမ်းကြောင်းကို အပြီးသတ်နိုင်ခဲ့ပြီး သတင်းစကားများ ပေးပို့ရန်အတွက် သီးသန့် တပည့်များကို တာဝန်ပေးအပ်ထားခဲ့သည်။ သူက မိစ္ဆာများကို ထိန်းချုပ်ရာတွင် အတွေ့အကြုံများကို လီချင်းချိုးအား ပြောပြနေပြီး မိစ္ဆာသားရဲ အနည်းငယ်နှင့် သံယောဇဉ် တွယ်နေပြီ ဖြစ်သည်။ လီချင်းချိုးလို ရှောင်ပါးကို သူ အမိန့်မပေးနိုင်သော်လည်း မိစ္ဆာများကို ထိန်းချုပ်နိုင်မည့် မျှော်လင့်ချက်ကို သူ မြင်တွေ့ခဲ့ရသည်။ တိုက်ပွဲတွင် မိစ္ဆာသားရဲကို ထိန်းချုပ်ခြင်းက သေချာပေါက် ဖြတ်လမ်းတစ်ခု ဖြစ်ပြီး အနာဂတ်အတွက် ကြီးမားသော မျှော်လင့်ချက်များကို ကိုင်ဆောင်ထားသည်။
"မင်းက ရိုးရိုးရှင်းရှင်းလေး တွေးနေတာပဲ... မိစ္ဆာကျင့်ကြံသူတွေက မိစ္ဆာသားရဲတွေကို အမိန့်ပေးခိုင်းစေရုံ သက်သက် မဖြစ်သင့်ဘူး... သူတို့က မှော်အတတ်တွေနဲ့ ကျင့်စဉ်တွေကို အတူတူ ကျင့်ကြံနိုင်တယ်... အဲဒီအကြောင်းကို နောင်ကျရင် မင်း စဉ်းစားလို့ ရတယ်..."
လီချင်းချိုး၏ စကားကြောင့် ချန်ချန်ဟိုင် အံ့အားသင့်သွားသည်။
အုပ်စုလိုက် မှော်အတတ် ကျင့်ကြံခြင်း…
အဓိပ္ပာယ်မဲ့သည်ဟု ထင်ရသော်လည်း အနီးကပ် လေ့လာကြည့်ပါက မဖြစ်နိုင်စရာ အကြောင်း မရှိပေ။
လီချင်းချိုးက မိစ္ဆာနှိမ်နင်းရေးခန်းမမှ တပည့်များရှေ့သို့ ရောက်လာပြီး ချန်ချန်ဟိုင်က သူ့နောက် တစ်လှမ်းအကွာ ဘေးဘက်တွင် ရပ်နေလိုက်သည်။ လီချင်းချိုးက တပည့်အားလုံးကို အကဲခတ်ကြည့်လိုက်ပြီး ချန်ရှို့တို့မောင်နှမတို့အပေါ်တွင် အကြည့်မရပ်တန့်ခဲ့ချေ။
အခန်းတစ်ခုလုံးကို အကဲခတ်ပြီးနောက် သူက လက်မြှောက်၍ လေချွန်လိုက်လေရာ ချက်ချင်းပင် ဟိန်းဟောက်သံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး တပည့်အားလုံးကို မော့ကြည့်စေခဲ့သည်။
ကောင်းကင်ယံ၌ အမည်းရောင် အရိပ်နှစ်ခု ပေါ်လာပြီး အောက်သို့ စိုက်ဆင်းလာရာ ပြင်းထန်သော လေဖိအားတစ်ခု ဖြစ်ပေါ်လာပြီး လေ့ကျင့်ရေး ကွင်းပြင်တွင် ဖုန်မှုန့်များ ထောင်းလမောင်း ထသွားသည်။
တပည့်များက သူတို့ကိုယ်သူတို့ ကာကွယ်ရန် လက်များကို မြှောက်လိုက်ကြပြီး လေဖိအားကြောင့် သူတို့၏ ခန္ဓာကိုယ်များ ကွေးညွှတ်သွားကြသည်။မုန်တိုင်း ငြိမ်ကျသွားသောအခါ လီချင်းချိုး၏ နောက်ကျောဘက်ရှိ ခန်းမ အမိုးပေါ်တွင် ရှောင်ပါးနှင့် ရှောင်ကျိုတို့ဘွားကနဲ ပေါ်လာကြသည်။ သူတို့၏ အတောင်ပံများကို ခေါက်ထားသော်လည်း အမည်းရောင် သိမ်းငှက် နှစ်ကောင်စလုံးက ဧရာမကြီးများ ဖြစ်နေပုံရသည်။
ရှောင်ပါးက ခြောက်ကျန်းခန့် မြင့်ပြီး ရှောင်ကျိုက သုံးကျန်းခန့် မြင့်သည်။ သူတို့၏ ခြေသည်းများအောက်တွင် မိစ္ဆာနှိမ်နင်းရေးခန်းမ၏ အစည်းအဝေး ခန်းမသည်ပင် သေးငယ်သွားပုံရသည်။ ခမ်းနားထည်ဝါလှသော ဤမိစ္ဆာသားရဲ နှစ်ကောင်ကို ကြည့်ရင်း မိစ္ဆာနှိမ်နင်းရေးခန်းမမှ တပည့်များအားလုံး အသက်ရှူ ပြင်းပြင်း ရှူနေကြရသည်။
ဂိုဏ်းချုပ်က ဘာကို ဆိုလိုချင်သည်ကို သူတို့အားလုံး သိကြသည်။ တစ်နေ့တွင် သူတို့လည်း ဤကဲ့သို့ ခမ်းနားပြီး ဧရာမ မိစ္ဆာအိမ်မွေးတိရစ္ဆာန်များ ပိုင်ဆိုင်ခွင့် ရမည်ဟူသော အတွေးက သူတို့ကို စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားစေခဲ့သည်။
တပည့်များ၏ မျက်နှာအမူအရာများကို လီချင်းချိုးက အလွန် ကျေနပ်သွားသည်။
"မင်းတို့ မြင်တဲ့အတိုင်းပဲ နောင်ကျရင် မင်းတို့လည်း မိစ္ဆာသားရဲ လုပ်ဖော်ကိုင်ဖက်တွေ ရှိလာလိမ့်မယ်... မှတ်ထားပါ... အိမ်မွေးတိရစ္ဆာန် ဒါမှမဟုတ် အစေခံလို့ ငါ မပြောဘူး... လုပ်ဖော်ကိုင်ဖက်လို့ ပြောတာ... မိစ္ဆာသားရဲတွေမှာလည်း လူတွေလိုပဲ နှလုံးသားရှိတယ်... သူတို့ အဆင့်တစ်ခုကို ရောက်လာတဲ့အခါ ငါတို့နဲ့တောင် ဆက်သွယ်ပြောဆိုနိုင်တယ်..."
ဤသို့ဖြင့် မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ရည်ရွယ်ချက်ကို စတင် ချမှတ်ပေးလိုက်သည်။ ရှောင်ပါးနှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် လီချင်းချိုးက ရှောင်ပါးကို ညီငယ်တစ်ယောက်သဖွယ် အမှန်တကယ် ဆက်ဆံခဲ့သည်။ ထို့ပြင် နောင်တစ်ချိန်တွင် တရုတ်နံနံကိုလည်း မိစ္ဆာနှိမ်နင်းရေးခန်းမသို့ ခေါ်ဆောင်လာရန် အစီအစဉ် ရှိသောကြောင့် မိစ္ဆာထိန်းချုပ်ခြင်း၏ မှန်ကန်သော အယူအဆကို ဦးစွာ တည်ဆောက်ရန် လိုအပ်ပေသည်။
လီချင်းချိုးပြောသမျှကို တပည့်များက အာရုံစိုက် နားထောင်နေကြပြီး အထူးသဖြင့် ရှောင်ပါးကို မွေးမြူခဲ့သည့် အတွေ့အကြုံများကို ပြန်လည် ပြောပြသောအခါ ပို၍ပင် အာရုံစိုက် နားထောင်ကြကာ တချို့ဆိုလျှင် မျက်တောင်မခတ်မိအောင်ပင် ကြိုးစားနေကြသည်။
ထိုအချိန်မှစ၍ မိစ္ဆာနှိမ်နင်းရေးခန်းမကို ဖြတ်သန်းသွားသော တပည့်များသည် အထဲမှ ထွက်ပေါ်လာသော အောင်ပွဲခံသံများနှင့် အော်ဟစ်သံများကို ရံဖန်ရံခါ ကြားရတတ်ပြီး ၎င်းတို့က အလွန် ကျယ်လောင်ကာ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို ခံစားရစေသည်။
ထျန်းကုန်းဆောင်မှ မင်ကွမ်းနှင့် ဝူရှင်းယွဲတို့တွေ မူလသံမဏိကောင်းချီးပေးမြေမှ ပြန်လာစဉ် မိစ္ဆာနှိမ်နင်းရေးခန်းမကို ဖြတ်သွားမိကြသည်။ သူတို့တွေ ရှောင်ပါးနှင့် ရှောင်ကျိုတို့ကို မြင်သောအခါ မျက်စိမလွှဲနိုင်အောင် ဖြစ်သွားခဲ့ကြသည်။
ဝူရှင်းယွဲမှာ နက်ရှိုင်းသော တွေးတောမှုထဲ နစ်မြုပ်နေပုံရသည်။ သူမ ဒုတိယမြောက် မှော်ပစ္စည်းကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ ပစ္စည်းကောင်းများ ရှိနေသရွေ့ မှော်ပစ္စည်း ဖန်တီးခြင်းက မခက်ခဲကြောင်း သူမ ခံစားရသည်။
စိန်ခေါ်မှုမှာ မှော်ပစ္စည်း၏ ဆန်းသစ်တီထွင်မှုတွင် တည်ရှိသည်။ သူမ ဖန်တီးခဲ့သည့် ဒုတိယ မှော်ပစ္စည်းက နက်နဲသော မီးကြေးမုံနှင့် အခြေခံအားဖြင့် ကွာခြားမှု မရှိပေ။ နှစ်ခုစလုံးက မှော်အတတ်များကို လွယ်ကူစွာ သုံးနိုင်ရန် ကန့်သတ်ချက်များ ဖြည့်သွင်းထားသည့် သိုလှောင်ပစ္စည်းမျှသာပင်။
ဂိုဏ်းချုပ် သူမကို ယခင်က ပေးခဲ့သည့် သိုလှောင်အိတ်ကို သူမ တွေးမိလိုက်သည်။ သိုလှောင်အိတ်၏ နေရာလွတ် ကန့်သတ်ချက်က အလွန်ဆန်းကြယ်သဖြင့် သူမ အပြည့်အဝ နားမလည်နိုင်သေးချေ။
"အကယ်၍ မိစ္ဆာသားရဲကို အိတ်ထဲ ထည့်လို့ရရင် မိစ္ဆာနှိမ်နင်းရေးခန်းမက တပည့်တွေ ပိုပြီး အဆင်ပြေလာမှာပဲ... ပြီးတော့ မိစ္ဆာသားရဲက နောင်ကျရင် နည်းဗျူဟာပိုင်းဆိုင်ရာ အခန်းကဏ္ဍမှာတောင် ပိုပြီး အသုံးဝင်လာနိုင်တယ်..."
ဤအတွေးကိုတွေးနေစဉ် မင်ကွမ်းက သူမကို သတိပြန်ဝင်လာစေရန်နှင့် တောင်ပေါ်သို့ လျှောက်လှမ်းရာတွင် ခြေလှမ်းသွက်စေရန် တိုက်တွန်းလိုက်သည်။ သူတို့တွေ ကျူယန်နှင့် တွေ့ဆုံရန် ထျန်းကုန်းဆောင်သို့ အရင် ပြန်သွားရမည် ဖြစ်သည်။
အချိန်တစ်နာရီ အပြည့် ကုန်လွန်သွားပြီးနောက် မိစ္ဆာနှိမ်နင်းရေးခန်းမမှ လီချင်းချိုး တစ်ယောက်တည်း ပြန်ထွက်လာခဲ့သည်။ ရှောင်ပါးနှင့် ရှောင်ကျိုတို့လည်း ပျံတက်သွားကြပြီး ရှောင်ကျိုက ဝိညာဉ်တစ်ထောင်ကောင်းချီးပေးမြေသို့ ပြန်၍ ကျင့်ကြံကာ ရှောင်ပါးကတော့ မိစ္ဆာသစ်သားများကို ရွှေ့ပြောင်းရန် မြောက်ပိုင်းသို့ ခရီးဆက်ရပေဉီးမည်။
ရှေးဟောင်းနတ်ဘုရား၏ အလောင်းက ဧရာမကြီး ဖြစ်နေသဖြင့် နှစ်လကြာ ရွှေ့ပြောင်းပြီးနောက်တွင်ပင် ရှောင်ပါးခင်မျာ အလုပ်မပြီးသေးပေ။ ချင်းရှောင်ဂိုဏ်းအတွက် ထိုမိစ္ဆာသစ်သားများက တန်ဖိုးရှိပြီး အလဟဿ အဖြစ်မနိုင်ပေ။ တစ်ခါတစ်ရံတွင် မတော်တဆမှုများ မဖြစ်စေရန် မိုကျိုဟုန်နှင့် ရှန်ယွဲ့တို့ပါ ရှောင်ပါးနှင့်အတူ ထိုနေရာသို့ အဖော်လိုက်သွားတတ်ကြသည်။
သေချာသည်မှာ ကျင့်ကြံသူ ပေါ်မလာသရွေ့ သိုင်းလောကမှ လူများက မြှားများကို မကြောက်တော့သည့် ရှောင်ပါးအား မည်သို့မျှ မလုပ်နိုင်ကြချေ။
………..
ရက်များက လျင်မြန်စွာ ကုန်လွန်သွားပြီး ချင်းရှောင်ဂိုဏ်းမှာလည်း အလုပ်ရှုပ်လျက် ရှိသည်။ တချို့က မြို့ရွာများ တည်ဆောက်ကြပြီး တချို့က ခြံဝင်းများနှင့် မဏ္ဍပ်များကို တည်ဆောက်ကြကာ တချို့က လယ်ယာမြေများကို ထွန်ယက်နေကြသည်။
နေရာတိုင်းတွင် အလုပ်များနေသည့် မြင်ကွင်းကိုမြင်နိုင်သော်လည လီချင်းချိုးကတော့ အချိန်အများစုကို ကိုယ်ပိုင် ကျင့်ကြံခြင်းတွင်သာ မြှုပ်နှံထားသည်။
ရှေးဟောင်း နတ်ဘုရားကို ဖယ်ရှားပြီးနောက်တွင်ပင် ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိရန် စိတ်အားထက်သန်နေဆဲပင်။ဒါဟာလည်း ဘေးဒုက္ခတစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းပင် ပိုမို အစွမ်းထက်လာချင်သောကြောင့် ဖြစ်သည်။
လီချင်းချိုး မသေမျိုးဂူအတွင်း ရှိနေစဉ် သူ့ရှေ့တွင် အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
[ ချင်းရှောင်ဂိုဏ်း၌ ပထမဆုံးသော ခန္ဓာကိုယ်ကျင့်ကြံသူ ထွက်ပေါ်လာခဲ့ပြီး တာအိုလမ်းစဉ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်နိုင်ခြေများ ထပ်မံ ပေါင်းထည့်ပေးလိုက်သောကြောင့် သင့်အား ကံကြမ္မာ အခွင့်အရေး တစ်ခု ပေးသနားလိုက်ပါသည်။ ]
လီချင်းချိုး မျက်လုံးဖွင့်လိုက်မိသည်။
ခန္ဓာကိုယ်ကျင့်ကြံသူ ….
သူ ချက်ချင်းပင် ဝမ်းသာအားရ အံ့အားသင့်သွားသည်။ ရှန်ယွဲ့က ဓားကျင့်ကြံသူဟူသော ဘွဲ့ကို ရရှိခဲ့ပြီး ဓားဝိညာဉ်ကို ဖန်တီးကာ ကိုယ်ပိုင်စွမ်းအားကို များစွာ တိုးမြှင့်နိုင်ခဲ့ပြီး ရွှီနင်းကိုပင် ကျော်လွန်သွားခဲ့သည်။ ဤအချက်က ကျင့်ကြံသူများ၏ မတူညီသော အမည်နာမများက တာအိုတစ်ခုစီအတွက် ပိုမို မြင့်မားသော အဆင့်များကို ကိုယ်စားပြုကြောင်း ပြသနေသည်။
ခန္ဓာကိုယ်ကျင့်ကြံသူ ဆိုသည်က အတိအကျ ဘာလဲ။ ၎င်းက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ရိုးရိုးရှင်းရှင်း တိုးတက်စေခြင်းမျှသာ မဖြစ်သင့်ပေ။
လီချင်းချိုး ထိုသူကို သွားတွေ့ရန် မလောချေ။ ထိုသူ သူ့ဆီ ကိုယ်တိုင် လာလိမ့်မည်ဟု သူ တွက်ဆထားသည်။
ကံကြမ္မာ အခွင့်အရေးကိုပင် မဖွင့်ချင်သေးသဖြင့် သစ်ပင်မိစ္ဆာ ကိုယ်ပွားကို သတ်ဖြတ်ခြင်းမှ ရရှိခဲ့သည့် ကံကြမ္မာ အခွင့်အရေးကိုပင် သူ သိမ်းဆည်းထားလိုက်သည်။ ဘာဖြစ်လို့လဲဆိုတော့ သူထံတွင် အကြံတစ်ခု ရှိနေသောကြောင့်ပင်။
ကံကြမ္မာဆိုသည်မှာ လက်ရှိ ကျင့်ကြံခြင်းအဆင့်အပေါ် အခြေခံ၍ သင့်လျော်သော နေရာတစ်ခုကို ရွေးချယ်ခြင်းဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းကို ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိချိန်မှ ဖွင့်မည်ဆိုလျှင် ရရှိလာမည့် ကံကြမ္မာက သေချာပေါက် ပိုမို တန်ဖိုးမြင့်မားလာမည် ဖြစ်သည်။
အကယ်၍ သူသာ ဝိညာဉ်အသိအာရုံအဆင့်နှင့် ဝေးကွာနေသေးလျှင် တစ်မျိုး ဖြစ်သော်လည်း ယခုအခါ သူက မူလအားဖြည့်နယ်ပယ် နဝမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ရာ စောင့်ဆိုင်းနိုင်ပေသည်။ ထို့ပြင် ဂိုဏ်းသည် လက်ရှိ ပိုင်ဆိုင်ထားသော ကောင်းချီးပေးမြေ အားလုံးကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခြင်း မရှိသေးချေ။
လီချင်းချိုး မျက်လုံးများကို မှိတ်၍ ဆက်လက် ကျင့်ကြံလိုက်ပြီး ညနေစောင်းမှသာ သူ လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။
သူပြန်ရောက်တော့ ခြံဝင်းအတွင်း၌ တစ်စုံတစ်ယောက်က သူ့ကို စောင့်နေပြီး သူ့ကို အံ့အားသင့်သွားစေသည်။ ထိုသူက ကျောက်ကျိန်းလည်း မဟုတ်၊ ကျီယာလည်း မဟုတ်သလို ရှောင်ဝူတိလည်း လုံးဝ မဟုတ်ဘဲ ယွမ်လီ ဖြစ်နေသည်။ စွမ်းအား မနိုးထသေးသော ယွမ်လီသည် ဖျက်ဆီး၍မရသော သခင်ကြီးခန္ဓာကိုယ်နှင့်အတူ ပထမဆုံး ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်လာသည်လား။
"ဆရာ... ကျွန်တော် ကောင်းကင်ကန်းရွှေခန္ဓာကိုယ်ပညာရပ်မှာ အောင်မြင်မှု အသေးစားလေး ရခဲ့တယ်... ဆရာ ကြည့်ချင်လား..."
ယွမ်လီက လီချင်းချိုးကို ကြည့်ရင်း သတိထား၍ မေးလိုက်ချေပြီ……