← Chapters

တိုက်ရိုက်ကွပ်ကဲမှုအောက်က ဂိုဏ်းချုပ်၏ စွမ်းအား….

Vol. 19 Ch. 183

တိုက်ရိုက်ကွပ်ကဲမှုအောက်က ဂိုဏ်းချုပ်၏ စွမ်းအား….

Vol. 19 Ch. 183

ခန္ဓာကိုယ်ကျင့်ကြံသူ၏ တာအိုကို ယွမ်လီ ဖန်တီးလိုက်ခြင်းက တပည့်များစွာ၏ စပ်စုလိုစိတ်ကို နိုးဆွပေးလိုက်ပြီး အဖွဲ့ခေါင်းဆောင်ပင်လျှင် စပ်စုချင်စိတ် ဖြစ်ပေါ်လာသည်။ထို့ကြောင့် ခန္ဓာကိုယ်ကျင့်ကြံသူဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သိချင်ကြသဖြင့် လူများက သူ့ထံသို့ အဆက်မပြတ် လာရောက်ခဲ့ကြသည်။

ယွမ်လီက စွမ်းအားကို အကြိမ်ကြိမ် ထုတ်ဖော်ပြသလိုက်သောအခါ အရှိန်အဝါဟူသော အမည်နာမ ပျံ့နှံ့သွားပြီး တပည့်များစွာက သူ့ကို စတင် ယုံကြည်လာကာ ကြည်ညိုလေးစားလာကြတော့သည်။

ယွမ်လီသည် အသက်ဆယ့်နှစ်နှစ် အရွယ်သာ ရှိသေးသော်လည်း ခန္ဓာကိုယ်ကျင့်ကြံသူ တာအိုကို ဖန်တီးနိုင်ခဲ့ခြင်းက သူ့ရဲ့ ပါရမီကို သက်သေပြရန် လုံလောက်ပေသည်။ သူ့ရဲ့ ကျင့်ကြံခြင်း တိုးတက်မှု နှေးကွေးနေခြင်းမှာ အသက်အရွယ်ကြောင့် ဖြစ်နိုင်သည်ဟု အမြော်အမြင်ရှိသော တချို့က ယုံကြည်ကြသည်။

လူတချို့က ငယ်ရွယ်စဉ်တွင် လျင်မြန်စွာ အရပ်ရှည်လာတတ်သော်လည်း အသက်ဆယ့်ခြောက်နှစ် နောက်ပိုင်းတွင် အရပ်ရှည်ခြင်း ရပ်တန့်သွားတတ်သည်။ တချို့ကတော့ ဖြည်းညင်းစွာ အရပ်ရှည်လာပြီး အသက်ဆယ့်ခြောက်နှစ် နောက်ပိုင်းမှသာ လျင်မြန်စွာ ကြီးထွားလာတတ်ကြသည်။ ဤသည်က လူတိုင်း၏ ကြီးထွားမှု နှုန်းထားက မတူညီကြဘဲ ပုံသေ သတ်မှတ်ထားသော ပုံစံ မရှိကြောင်း ပြသနေသည်။

ယွမ်လီ၏ အောင်မြင်မှုက ဂိုဏ်းချုပ်၏ ထူးချွန်လှသော အမြော်အမြင်ကို ထပ်မံ သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ သေချာသည်မှာ ဂိုဏ်းချုပ်က ယွမ်လီကို တမင်တကာ မြှောက်စားပေးခဲ့ခြင်း ဖြစ်ပြီး အရှိန်အဝါ ဆိုသည်မှာလည်း တကယ်တမ်းတွင် ဂိုဏ်းချုပ် သင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ယူဆကာ လျှို့ဝှက် ကြံစည်မှု သီအိုရီများကို ယုံကြည်နေသူများလည်း ရှိနေဆဲပင်။

ဂိုဏ်းအတွင်းရှိ တပည့်များ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယွမ်လီ၏ အောင်မြင်မှုများက တာအို ဖန်တီးခြင်း လမ်းကြောင်းပေါ်တွင် အခိုင်အမာ တည်ရှိနေပြီ ဖြစ်ပြီး နောင်လာနောက်သား တပည့်များ အမှတ်ရနေကြမည် ဖြစ်သည်။

လပေါင်းများစွာ သတင်းပျံ့နှံ့သွားပြီးနောက် ချီမျိုးနွယ် မိစ္ဆာ၏ တည်ရှိမှုကို လောကတစ်ခွင်လုံး သိရှိသွားကြပြီး လီချင်းချိုး ထိုမိစ္ဆာကို သတ်ဖြတ်ခဲ့ခြင်းအား လောကတစ်လွှားရှိ လူများက ဆွေးနွေးပြောဆိုခဲ့ကြသည်။

နှစ်များတစ်လျှောက်တွင် လီချင်းချိုးက မိစ္ဆာဧကရာဇ်ကို သတ်ဖြတ်ခဲ့ပြီး မိစ္ဆာများကို နှိမ်နင်းခဲ့သည်။ ယခုအခါ မိစ္ဆာများကို ထပ်မံ ဖျက်ဆီးခဲ့ပြန်ရာ သူ့ဂုဏ်သတင်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လူပိုများလာသည်နှင့်အမျှ လူသားများကြားရှိ မသေမျိုး တစ်ပါး ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းသည်လည်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရာ နေရာတစ်ခု ဖြစ်သည်ဟု ယုံကြည်လာကြသဖြင့် လူများစွာက တပည့်ခံရန်အတွက် ချင်းရှောင်ဂိုဏ်းသို့ လာရောက်နေကြသည်။

ချင်းရှောင်ဂိုဏ်းက တပည့် စမ်းသပ်မှု နေရာကို ဇီယန်တောင်ထွတ်သို့ ရွှေ့ပြောင်းလိုက်ပြီး တတိယမြောက် တောင်ထွတ်ကိုလည်း စတင် တည်ဆောက်နေပြီ ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းသည် လက်ရှိတွင် သာမန် တပည့်များနှင့် အမည်ခံ တပည့်များဘက်၌ အလုပ်အရှုပ်ဆုံး ဖြစ်နေသည်။ ဂိုဏ်းက လက်မှုပညာသည် သောင်းချီကိုလည်း အလုပ်ခန့်ထားပြီး နေ့စဉ် ရိက္ခာ အမြောက်အမြား သုံးစွဲနေရသည်။ မှူးမတ်မျိုးနွယ်များစွာထံမှ ဘဏ္ဍာရေး အထောက်အပံ့များ ရရှိနေ၍သာတော်ပေတော့သည်။

ဧပြီလနှောင်းပိုင်းတွင် လှည်းများနှင့် မြင်းများ အဆက်မပြတ် ရောက်ရှိလာပြီး အစောင့်အကြပ် အမြောက်အမြား ပါဝင်လာသဖြင့် တောင်ပေါ်ရှိ တပည့်များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

"မှူးမတ်မျိုးနွယ်တွေက ငွေနဲ့ ရိက္ခာတွေ ထပ်ပို့ပေးနေပြန်တာလား..."

"လောကကြီးတခုလုံး ဒီလောက် ကစဉ့်ကလျား ဖြစ်နေတာတောင် ဒီမှူးမတ်မျိုးနွယ်တွေက ရိက္ခာတွေ အများကြီး ထုတ်ပေးနိုင်သေးတယ်နော်... ကျွတ် ကျွတ်...လောကကြီးက တကယ့်ကို မတရားဘူး..."

"သမိုင်းတစ်လျှောက် သိုင်းလောကမှာ ဒီလိုမျိုး ရှိခဲ့ဖူးလို့လား... ဘယ်ဂိုဏ်းကများ ငါတို့ ချင်းရှောင်ဂိုဏ်းလောက် ကြီးပွားတိုးတက်ဖူးလို့လဲ..."

"ဂိုဏ်းချုပ်က ရိက္ခာတွေ ဝေငှဖို့ တောင်အောက်ကို လူတွေ ထပ်လွှတ်လိုက်တယ်လို့ ကြားတယ်... ပြီးတော့ အဲဒါကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား လုပ်ခဲ့တာတဲ့... မှူးမတ်မျိုးနွယ်ဝင်တွေက ကြည့်နေပေမဲ့ ဘာမှ ဝင်မပြောရဲကြဘူး..."

"ငါတို့ကရော ဘာပြောနိုင်မှာလဲ... သူတို့က ငါတို့ ချင်းရှောင်ဂိုဏ်းကို သူတို့ရဲ့ စေတနာတွေ လာပို့ပေးရုံပဲလေ... အဲဒါတွေကို ငါတို့ ဘယ်လို သုံးမလဲ ဆိုတာကိုတော့ သူတို့ ဝင်စွက်ဖက်လို့ မရသလို ဂရုစိုက်နေမှာလည်း မဟုတ်ဘူး..."

ချင်း​ရှောင်တောင်၏ ချောက်ကမ်းပါးတစ်ခုပေါ်တွင် ကျန်းယွီချွန်းနှင့် ကျူယန်တို့ ယှဉ်လျက် ရပ်နေကြပြီး နဂါးကြီး တစ်ကောင်နှင့် တူသော လှည်းတန်းကြီးကို ငုံ့ကြည့်နေကြသည်။

ကျူယန်က …

"လင်ချွမ်က လီမျိုးနွယ်က တကယ်ကို ချမ်းသာပြီး အင်အားကြီးတာပဲ..."

ကျန်းယွီချွန်းက….

"လက်ရှိ ချင်းရှောင်ဂိုဏ်းက အရင်က ချင်းရှောင်ဂိုဏ်း မဟုတ်တော့ဘူး... သူတို့ လက်ဆောင်တွေ ဘယ်လောက်ပဲ ပေးပေး ငါတို့က သူတို့ကို မျက်နှာသာ အရမ်းပေးစရာ မလိုဘူး..."

"နောင်ကျရင် ဂိုဏ်းချုပ်က လီရန်ကို ဘယ်လမ်းကြောင်းအတွက် ပြုစုပျိုးထောင်ပေးမလဲဆိုတာ ရှင် သိလား..."

"အဲဒါကိုတော့ ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ လီရန်က နောင်ကျရင် အရေးကြီးတဲ့ တာဝန်တွေကို သေချာပေါက် ယူရလိမ့်မယ်... လီမျိုးနွယ်ကလည်း သူ့ကို တားနိုင်မှာ မဟုတ်ဘူး..."

ဤစကားကို ကြားပြီးနောက် ကျူယန် မျက်မှောင်ကြုံ့လိုက်မိသည်။ သူမ ဖိအားများကို ခံစားလိုက်ရပြီ….

ဤအချိန်တွင် လီမျိုးနွယ်မှ ပေးပို့လိုက်သော ရက်ရောလှသည့် လက်ဆောင်များကို သူတို့ နှစ်ယောက်တည်း ကြည့်နေခြင်း မဟုတ်ဘဲ အခြားသော ခန်းမသခင်များ၊ ဒုခန်းမသခင်များ၊ အကြီးအကဲများနှင့် တပည့်များကလည်း အဝေးမှနေ၍ ကြည့်ရှုနေကြသည်။ ကြီးမားလှသော စည်းစိမ်ဥစ္စာများနှင့် အစွမ်းထက်သော အဆက်အသွယ်များဖြင့် လီမျိုးနွယ်က ချင်းရှောင်ဂိုဏ်း၏ မြင်ကွင်းထဲသို့ အတင်းအကျပ် ဝင်ရောက်လာခဲ့ချေပြီ။သို့သော်လည်း လီချင်းချိုးကတော့ ကြည့်မနေခဲ့ချေ။

………………………

ချင်းရှောင်တောင်၏ မြောက်ဘက်ရှိ မြေအောက် နန်းတော်တစ်ခုအတွင်း၌…

ထိုနန်းတော်မှာ သိပ်မကြီးမားဘဲ အလှဆင်ထားမှု သိပ်မရှိချေ။ နံရံများပေါ်တွင် ဆီမီးခွက်များ ရှိနေသဖြင့် အထဲတွင်အလင်းရောင်ကောင်းစွာရနေသည်။

နန်းတော်ထဲတွင် လီချင်းချိုးနှင့် မိုကျိုဟုန်တို့ ယှဉ်လျက် ရပ်နေကြသည်။

မိုကျိုဟုန်သည် သူ့ရှေ့တွင် ရပ်နေသော တပည့် နှစ်ဆယ်ကို ကြည့်ရင်း အတော်လေး စိတ်လှုပ်ရှားနေပုံရကာ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

"ဒီနေ့ကစပြီး အမှောင်ခန်းမကို တည်ထောင်လိုက်ပြီ... မိုကျိုဟုန်က ခေါင်းဆောင် ဖြစ်မယ်... မင်းတို့က အမှောင်ခန်းမရဲ့ ပထမဆုံး တပည့်အသုတ်ပဲ...ဒါတွေကို ငါတစ်ယောက်တည်းပဲ သိခွင့်ရှိတယ်... မင်းတို့ရဲ့ တည်ရှိနေမှုကို ခေါင်းဆောင်၊ မင်းတို့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ အပါအဝင် ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောရဘူး..."

လီချင်းချိုးက တပည့်နှစ်ဆယ်ကို အကဲခတ်ကြည့်ရင်း လေးနက်စွာ ပြောလိုက်ခြင်းပင်။

ဤတပည့်များသည် လီချင်းချိုးအပေါ် လွန်စွာ သစ္စာရှိကြပြီး အားလုံးမှာ ၉၅ ရာခိုင်နှုန်း အထက်တွင်ရှိသဖြင့် ယုံကြည်စိတ်ချမှုနှင့် ထိုက်တန်ပေသည်။

လီချင်းချိုး၏ စကားကို ကြားသောအခါ တပည့်များလည်း မိုကျိုဟုန်နည်းတူ စိတ်လှုပ်ရှားသွားကြသည်။

အမှောင်ခန်းမ…

ဂိုဏ်းချုပ်၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ရှိနေခြင်းက ယုံကြည်ရသော လူယုံများနှင့်မခြားပေ။

လီချင်းချိုးက….

"ဆရာမိုက မင်းတို့ကို လေ့ကျင့်ပေးလိမ့်မယ်... အခုကစပြီး မင်းတို့ရဲ့ တာဝန်က မတူညီတဲ့ အင်အားစုတွေဆီကို ထိုးဖောက်ဝင်ရောက်ဖို့ပဲ... မင်းတို့ရဲ့ ခံစားခွင့်က ခန်းမရှစ်ခုနဲ့ တူတူပဲ ဖြစ်လိမ့်မယ်... တပည့်တွေရဲ့ လစာကို နှစ်ဆ ပေးမယ်... ပြီးတော့ မင်းတို့ ပေးစွမ်းနိုင်တဲ့ သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး ထပ်ဆောင်း ဆုကြေးတွေလည်း ပေးမယ်... ဒါပေမဲ့ မှားယွင်းတဲ့ သတင်းတွေ ပေးတဲ့သူ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်... နောင်ကျရင် မင်းတို့ကို သိုင်းလောကဆီ လွှတ်ကောင်း လွှတ်မယ်... ဂိုဏ်းအတွင်းမှာဆိုရင် မင်းတို့ကို ဧကရာဇ်ရဲ့ ဘေးမှာတောင် ထားကောင်း ထားနိုင်တယ်... ပြီးတော့ ဂိုဏ်းချုပ်ကို စောင့်ကြည့်ဖို့တောင် မင်းတို့ကို လိုအပ်ကောင်း လိုအပ်လာနိုင်တယ်..."

"ဒီနေ့ကစပြီး မင်းတို့ တစ်ယောက်ချင်းစီတိုင်း ကိုယ်ပိုင် လျှို့ဝှက်နာမည် တစ်ခုကို ရွေးချယ်ရမယ်... အဲဒါကို ဆရာမိုက မှတ်တမ်းတင်ထားပြီး ငါကိုယ်တိုင် စာအုပ်တစ်အုပ်ထဲမှာ သိမ်းဆည်းထားမယ်..."

တပည့်နှစ်ဆယ်က လီချင်းချိုး၏ စကားကို အာရုံစိုက် နားထောင်နေကြသဖြင့်အမှောင်ခန်းမ၏ တည်ရှိနေမှုကို သူတို့ ခံစားနိုင်ကြသည်။ တပည့်များ၏ တာဝန်က ဘယ်လောက်တောင် အရေးကြီးလိုက်သနည်း…

မိုကျိုဟုန်သည်လည်း တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။ သူသည် အရေးကြီးသော ရာထူးတစ်ခုကို ပေးအပ်ခံရသော်လည်း ဤအလုပ်က မလွယ်ကူသလို အန္တရာယ်လည်း များမည်မှာ သေချာပေသည်။ သို့သော်လည်း သူ အရှုံးမပေးခဲ့ချေ။

သူသည် ချင်းရှောင်ဘိုးဘေးအတွက် လပေါင်းများစွာ လ္ဘက်ရည်နှင့် ရေများ ခပ်ပေးကာ ညစ်ပတ်သော အလုပ်မျိုးစုံနှင့် ကြမ်းတမ်းသော အလုပ်များကို လုပ်ကိုင်ခဲ့သည်။ သို့သော် ချင်းရှောင်ဘိုးဘေးက သူ့ကို မည်သည့်အခါမျှ ရာထူး မတိုးပေးခဲ့သဖြင့် အခြေအနေကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ချင်းရှောင်ဂိုဏ်း အတွင်း၌ အလုံခြုံဆုံးသော နေရာမှာ လူတစ်ယောက်တည်းကိုသာ သစ္စာရှိရန် ဖြစ်သည်။ ၎င်းမှာ ဂိုဏ်းချုပ်ပင် ဖြစ်၏။

လီချင်းချိုးက အမှောင်ခန်းမအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိပြီး ထောက်လှမ်းရေး စနစ် နှစ်ခု တည်ဆောက်ရန် စီစဉ်ထားသည်။

တစ်ခုက ကျန်းယွီချွန်း ဦးဆောင်မည့် ဂိုဏ်း၏ ထောက်လှမ်းရေး စနစ် ဖြစ်ပြီး နောက်တစ်ခုက သူတစ်ဦးတည်းကိုသာ အလုပ်အကျွေးပြုမည့် ကိုယ်ပိုင် ထောက်လှမ်းရေး စနစ် ဖြစ်သော အမှောင်ခန်းမ ဖြစ်သည်။

ဒါဟာလည်း ခန်းမသခင်များကို သတိထားနေခြင်း မဟုတ်ဘဲ ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ ဂိုဏ်း၏ တည်ဆောက်မှုက တောင်ထွတ်များ ပိုမို များပြားလာသည်နှင့်အမျှ ခန်းမ ရှစ်ခု ခွဲထွက်လာမှုမှာ ရှောင်လွှဲ၍ မရနိုင်ချေ။ အဆင့်တိုင်းတွင် စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ အကျိုးအမြတ်အတွက် ရုန်းကန်မှုများ ပိုမို ပြင်းထန်လာမည်သာ….

ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူသည် လူတိုင်း၏ ပဋိပက္ခများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ သူ လုပ်ဆောင်ရမည့် အရာမှာ အင်အားစု အားလုံးကို ထိန်းချုပ်ထားရန်နှင့် တစ်ချိန်တည်းမှာပင် ရှေ့ကို ပိုမို မြင်နိုင်ရန် ဖြစ်သည်။ သူ့အ​နေနှင့် ထိုအရာများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း မရှိခဲ့ချေ။ အမှန်တကယ်တွင် အတိတ်ဘဝတစ်ခုမှ ကစားပွဲတစ်ခုကို ကစားနေရသကဲ့သို့သာ ခံစားနေရသည်။

အမှောင်ခန်းမတွင် တစ်နာရီခန့် နေပြီးနောက် ထွက်ခွာသွားကာ ကျန်ရှိသည်များကို မိုကျိုဟုန်ထံ လွှဲအပ်ပေးခဲ့သည်။

………….

လင်းစိုင်ခန်းမ၏ လေ့ကျင့်ရေး ကွင်းပြင်တွင် ယန်ရွှမ်က သစ်ပင်တစ်ပင်အောက်၌ တင်ပျဉ်ခွေ ထိုင်နေပြီး လက်ထဲတွင် ဝိညာဉ်အပင် တစ်ပင်ကို ကိုင်ကာ အတွေးနက်နေသည်။

ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိပြီးနောက် လီတုန်းယွဲ့က ကိုယ်ပိုင်ကျင့်ကြံခြင်း အရင်းအမြစ်များကို သူ့အပေါ်သို့ လောင်းချပေးခဲ့သဖြင့် သူ့ရဲ့ ကျင့်ကြံခြင်း လျင်မြန်စွာ တိုးတက်လာခဲ့သည် ထူးချွန်လှသော ပါရမီက သူ့ကို မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာသို့ပင် ရောက်ရှိစေခဲ့သည်။ မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာမှာ ချင်းရှောင်ဂိုဏ်း အတွင်း၌ ထိပ်တန်း ကျင့်ကြံခြင်းအဖြစ် မသတ်မှတ်တော့သော်လည်း ယန်ရွှမ်၏ အလားအလာက လင်းစိုင်ခန်းမရှိ လူတိုင်းကို သူ့အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိစေခဲ့သည်။

ထိုစဉ် လူငယ်တစ်ယောက် ခြံဝင်းထဲသို့ ဝင်လာပြီး ယန်ရွှမ်ထံသို့ ခပ်သွက်သွက် လျှောက်လာသည်။ ထိုသူမှာ မွေးရာပါ သူရဲကောင်းကံကြမ္မာနှင့် အသိဉာဏ်ပွင့်လင်းခြင်း ကံကြမ္မာတို့ကို ပိုင်ဆိုင်ထားသော ယဲ့နန် ဖြစ်သည်။

ချီမျိုးနွယ်က ငရဲချီလင်ကို ဖမ်းဆီးရန် ယဲ့နန်၏ ဆရာမော့လီကို ချင်းရှောင် တောင်သို့ စေလွှတ်ခဲ့သည်။ လူမိသွားပြီးနောက် မော့လီက လီချင်းချိုး ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။နောက်ပိုင်းတွင် ယဲ့နန်က တောင်ပေါ်သို့ ဖိတ်ကြားခံခဲ့ရပြီး နောက်ဆုံးတွင် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အစပိုင်းတွင် သူ့စိတ်ထဲ၌ စိုးရိမ်မှုများ ရှိခဲ့ပြီး လီချင်းချိုး သူ့ကို လိမ်ညာနေခြင်း ဖြစ်မည်ကို ကြောက်ရွံ့ခဲ့သော်လည်း ချင်းရှောင်ဂိုဏ်းတွင် အချိန်အတန်ကြာ နေထိုင်ပြီးနောက် မည်သူကမျှ သူ့ကို စောင့်ကြည့်မနေသလို လျစ်လျူရှုထားခြင်းလည်း မရှိကြောင်း တွေ့ရှိရသဖြင့် ချင်းရှောင်ဂိုဏ်းအပေါ် ထားရှိသော ခံစားချက်များ ပိုမို အားကောင်းလာခဲ့သည်။

နောက်ပိုင်းတွင် ဂိုဏ်းချုပ်က ချီမျိုးနွယ် မိစ္ဆာကို သတ်ဖြတ်ခဲ့ပြီး သစ်ပင်မိစ္ဆာ၏ အလောင်းကို ရှောင်ပါးက ချင်းရှောင်ဂိုဏ်းသို့ ယူဆောင်လာသောအခါ လီချင်းချိုး၏ စကားများကို လုံးဝ ယုံကြည်သွားခဲ့ပြီး ချင်းရှောင်ဂိုဏ်းအပေါ် ထားရှိသည့် နောက်ဆုံး နာကြည်းချက်များလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။

ယဲ့နန်သည် ယခုအခါ အတိတ်က နာကြည်းချက်များကို စွန့်လွှတ်လိုက်ပြီ ဖြစ်ပြီး ကိုယ်ပိုင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုတော့သည်။

"စီနီယာအစ်ကိုယန်... ဂိုဏ်းက ယွမ်လီအတွက် ပြင်ဆင်ပေးနေတယ်... စီနီယာအစ်ကိုက ခန္ဓာကိုယ်ကျင့်ကြံသူ ကျောင်းတော် ဖွင့်မှာကို သွားတက်ချင်လား..."

ယဲ့နန်က ယန်ရွှမ်အနားသို့ ချဉ်းကပ်လာရင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။သူတို့နှစ်ဉီးက အသက်အရွယ် တူညီကြသည့်အပြင် သ စိတ်သဘောထား တိုက်ဆိုင်သူများ ဖြစ်သောကြောင့်ရင်းနှီးကြပေသည်။

ယန်ရွှမ်က သူ့ကို မော့ကြည့်ပြီး ….

"ငါ မသွားဘူး... ငါ ခန္ဓာကိုယ်ကျင့်ကြံတာကို စိတ်မဝင်စားဘူး... မင်းသာ သွားလိုက်..."

"စီနီယာအစ်ကိုယန်... ဘာတွေ တွေးနေတာလဲ..."

"မင်း သိတဲ့အတိုင်းပဲ... ငါက ပန်းတွေနဲ့ သစ်ပင်တွေရဲ့ ခံစားချက်တွေကို သိနိုင်တယ်လေ...ဒီထူးခြားချက်အပေါ် အခြေခံပြီး ခန္ဓာကိုယ်ကျင့်ကြံသူနဲ့ ဓားကျင့်ကြံသူတွေလိုမျိုး တာအိုလမ်းကြောင်း တစ်ခုကို ဖန်တီးနိုင်မလား ဆိုတာကို ဒီရက်ပိုင်း ငါ စဉ်းစားနေတာ..."

"တကယ်လား... စီနီယာအစ်ကိုယန်သာ အောင်မြင်သွားရင် ကျွန်တော်တို့ လင်းစိုင်ခန်းမက အများကြီး အကျိုးအမြတ် ရမှာပဲ..."

ယဲ့နန်က သူ့ထက်ပင် ပို၍ ဝမ်းသာအားရ အော်ဟစ်လိုက်သဖြင့် ယန်ရွှမ်က ခေါင်းခါ၍ ရယ်မောလိုက်သည်။

"ဒါက စိတ်ကူးယဉ် အခြေအနေ တစ်ခုပါ... အဲဒီလောက် မလွယ်ပါဘူး..."

"အစ်ကို ခန္ဓာကိုယ်ကျင့်ကြံသူရဲ့ ပြသမှုကို သွားနားထောင်စရာ မလိုပါဘူး... ဒါပေမဲ့ မနက်ဖြန် သိုင်းပြိုင်ကွင်းမှာ ကျွန်တော့် တိုက်ပွဲကို လာကြည့်ပြီး အားပေးရမယ်နော်..."

"ပြိုင်ဘက်က ဘယ်သူလဲ..."

"နင်ရှု..."

"ကျင့်ကြံခြင်း အဆင့် ဘယ်လောက်လဲ..."

"မူလအားဖြည့်နယ်ပယ် ဒုတိယအလွှာပါ... စိတ်မပူပါနဲ့... ကျွန်တော် စိန်ခေါ်နိုင်တဲ့ ပြိုင်ဘက်တွေက ကျွန်တော်နဲ့ အဆင့်တူတွေချည်းပါပဲ... ဒါပေမဲ့ နင်ရှုက တောင်ပိုင်းချူပြည်နယ်ရဲ့ နင်မျိုးနွယ်က လာတာဆိုတော့ မှူးမတ်မျိုးနွယ်ဝင်ပေါ့... သူ့နားမှာ နောက်လိုက်တွေ အများကြီး ရှိတယ်..."

"ကောင်းပြီ... မနက်ဖြန် ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်..."

"စီနီယာအစ်ကိုက ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်တုန်းပဲနော်..."

ယဲ့နန် ဝမ်းသာသွားပြီး ယန်ရွှမ်၏ ဘေးတွင် ထိုင်ကာ ထိုနေ့က သူ ကြားခဲ့ရသည့် ဂိုဏ်း၏ သတင်းတချို့ကို စတင် ပြောပြနေတော့သည်။

ချင်းရှောင်ဂိုဏ်းသည် လျင်မြန်ပြီး ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုများကို ဖြတ်သန်းနေရပြီး နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ အရာသစ်များ ပေါ်ထွက်လာပြီး လူသစ်များ ဝင်ရောက်လာရာ ဤနေရာတွင် ဇာတ်လမ်းများ ပြတ်လပ်သွားမည် မဟုတ်ကြောင်း သေချာနေပေသည်။

...

ချီမျိုးနွယ်၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် လီချင်းချိုး၏ နေ့ရက်များ ပိုမို သက်သောင့်သက်သာ ရှိလာပြီး သိုင်းပညာများကို လေ့ကျင့်ရာတွင် အလုပ်ရှုပ်နေသဖြင့် အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်ဟုပင် ခံစားရသည်။

မသိလိုက်မသိဘာသာပင် ဇူလိုင်လဆန်းပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် လီချင်းချိုး၏ မသေမျိုးဂူသို့ ကျူးယန် ရောက်ရှိလာသည်။

"ဂိုဏ်းချုပ်... လီစစ်ဖုန်းက ဖေ့မျိုးနွယ်နဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ..."

"ဘာအကြောင်းကြောင့်လဲ..."

"အာဏာလုပွဲကြောင့် ဖေ့မျိုးနွယ်က သူတို့ရဲ့ သားအကြီးဆုံး တစ်ယောက်ကို တပ်မတော်သုံးရပ်ရဲ့ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်တယ်... ဒါကို ခန်းမသခင် လီစစ်ဖုန်းက မကျေမနပ်ဖြစ်ပြီး ဒေါသတကြီးနဲ့ ဖေမြောင်ကို ခေါ်ပြီး ဖေ့မျိုးနွယ်ကနေ ထွက်ခွာပြီး မြောက်ဘက်ကို ထွက်သွားတယ်..."

"မြောက်ဘက်ကို..."

"ဟုတ်ပါတယ်... ခန်းမသခင် လီစစ်ဖုန်းက သူကိုယ်တိုင် စစ်တပ်တစ်ခု ဖွဲ့စည်းပြီး ဖေ့မျိုးနွယ်နဲ့ လောကကြီးကို ယှဉ်လုမယ်လို့ ကြွေးကြော်ခဲ့တယ်လို့ ကြားတယ်..."

ဤစကားကို ကြားသောအခါ လီချင်းချိုးက ကျူးယန်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး…

"ကျူးမျိုးနွယ်မှာ အကြံအစည် တစ်ခုခု ရှိနေလို့လား..."

"အခုဆို လောကကြီးကို ပဒေသရာဇ်မင်းတွေက ခွဲဝေယူထားကြပြီ... ခန်းမသခင် လီစစ်ဖုန်းအနေနဲ့ အာဏာရလာဖို့ဆိုရင် အကူအညီ လိုလိမ့်မယ်... အကယ်၍ ကျူးမျိုးနွယ်က မကူညီရင် တခြားသူတွေ ကူညီကြလိမ့်မယ်... ဘာပဲဖြစ်ဖြစ် သူ့နောက်ကွယ်မှာ ချင်းရှောင်ဂိုဏ်း ရှိနေတာပဲလေ... နောက်ခံ မသေချာတဲ့ တခြား မှူးမတ်မျိုးနွယ်တွေကို ခန်းမသခင် လီစစ်ဖုန်းကို ထိန်းချုပ်ခွင့် ပေးမယ့်အစား ကျူးမျိုးနွယ်ကို ကူညီခွင့် ပေးလိုက်တာ မကောင်းဘူးလား..."

လီချင်းချိုးက သူမကို ကြည့်လိုက်သော်လည်း ပြန်မဖြေခဲ့ချေ။ ကျူးယန် သူ့အကြည့်ကြောင့် လန့်ဖြန့်သွားပြီး ခေါင်းငုံ့လိုက်ကာ ရင်ဘတ်ထဲတွင် တဒိတ်ဒိတ် ခုန်နေပြီး စိတ်ထဲတွင် မအီမသာ ဖြစ်နေသည်။

သူမ စည်းကျော်သွားပြီလား….

“ဒီကိစ္စကို မင်း သင့်တော်သလို ကိုင်တွယ်နိုင်ပါတယ်... မှတ်ထားရမှာက သူနဲ့အတူ ကျူးမျိုးနွယ်ဝင်တွေ အပါအဝင် ချင်းရှောင်ဂိုဏ်းက ဘယ်တပည့်ကိုမှ သွားကူညီခွင့် မပြုဘူး..."

ဤစကားကို ကြားသောအခါ ကျူးယန်က ဝမ်းသာအားရ မော့ကြည့်လိုက်ပြီး လီစစ်ဖုန်းကို ကူညီရန် လောကီအင်အားကိုသာ အသုံးပြုမည်ဖြစ်ကြောင်း ကမန်းကတန်း ကတိပေးလိုက်သည်။

All Chapters