← Chapters

လေဟာနယ်ဖြတ်သန်း မိစ္ဆာနှလုံးသား …မွေးရာပါ ဓားကျင့်ကြံသူ….

Vol. 19 Ch. 184

လေဟာနယ်ဖြတ်သန်း မိစ္ဆာနှလုံးသား …မွေးရာပါ ဓားကျင့်ကြံသူ….

Vol. 19 Ch. 184

ပြင်ပ ခြိမ်းခြောက်မှုများ မရှိဘဲ ပြည်တွင်း ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ချေပြီ….

ချင်းရှောင်ဂိုဏ်းရှိ မှူးမတ်မျိုးနွယ်များ အကြား ပြိုင်ဆိုင်မှုများ စတင်လာပြီ ဖြစ်သော်လည်း လီချင်းချိုးက ဤအရာကို သိပ်ဂရုမစိုက်ချေ။

အဘယ်ကြောင့်ဆိုသော် မှူးမတ်မျိုးနွယ်များသည် လက်ရှိတွင် ဂိုဏ်းကို ထိန်းချုပ်နိုင်လောက်အောင် အင်အား မကြီးမားသေးဘဲ ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် သူတို့၏ အကူအညီကို အမှန်တကယ် လိုအပ်နေသောကြောင့်ပင်။

လီချင်းချိုးက ကိုယ်ပိုင် ကျွမ်းကျင်မှုများကို လေ့ကျင့်ခြင်းအပြင် မသေမျိုးဂူမှ ထွက်ခွာပြီးနောက် အချိန်အများစုကို မိစ္ဆာနှိမ်နင်းရေးခန်းမနှင့် ထျန်းကုန်းခန်းမတို့တွင် ကုန်ဆုံးစေခဲ့ပြီး တပည့်များအားလုံး သူ ဤခန်းမနှစ်ခုကို အလေးထားကြောင်း ခံစားမိစေရန် သေချာစေခဲ့သည်။

မင်ကွမ်းက ဝင်္ကပါများ လေ့လာခြင်းကို တာဝန်ယူထားပြီး သူ့ရဲ့ ကွပ်ကဲမှုအောက်တွင် တပည့် ဒါဇင်ပေါင်းများစွာ ရှိနေပြီဖြစ်သည်ါ

ဝူရှင်းယွဲတွင်လည်း သူမကို ကူညီပေးနေသော တပည့်များစွာ ရှိသည်။ လီချင်းချိုးက ဆက်သွယ်ရေး မှော်ပစ္စည်းကို ဦးစွာ လေ့လာရန် သူမကို တောင်းဆိုခဲ့သည်။ လီချင်းချိုးဘက်ကလည််း သူတို့၏ တောင်းဆိုချက်များ အားလုံးနီးပါးကို သဘောတူညီခဲ့သည်။

ကံမကောင်းစွာဖြင့် ဝင်္ကပါနှင့် မှော်ပစ္စည်းများကို လေ့လာရန် မလွယ်ကူချေ။ သို့သော်လည်း ချွမ်းကုန်းခန်းမ၏ အောင်မြင်မှုများကတော့ ထိုးတက်သွားခဲ့သည်။ လီစစ်ကျင်းက အဆောင်အင်းများကို ပိုမို ဖန်တီးခဲ့ပြီး ထိုဂါထာရိုက်နှိပ်ထားသော အင်းများကို ဂိုဏ်းအတွင်း၌ ရောင်းချရာ ရလဒ်ကောင်းများ ရရှိခဲ့သည်။

ချန်ဟွေ့လန်ကလည်း နောက်ဆုံးတွင် ဝိညာဉ်ချီဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ ဝိညာဉ်ချီဆေးလုံးကို ကျင့်ကြံရန်အတွက် သို့မဟုတ် မူလချီစွမ်းအင်ကို လျင်မြန်စွာ ဖြည့်တင်းရန်အတွက် အသုံးပြုနိုင်သည်။ ဤရတနာများကို ချွမ်းကုန်းခန်းမ၌သာ သီးသန့် ရောင်းချသဖြင့် အလွန် နာမည်ကြီးစေခဲ့ပြီး ခန်းမရှစ်ခုအနက် အလုပ်အရှုပ်ဆုံး ခန်းမ ဖြစ်လာစေခဲ့သည်။

တပည့်များ၏ အဆင့်အတန်းမှာလည်း များစွာ တိုးတက်လာခဲ့ပြီး သူတို့ သွားလေရာ နေရာတိုင်းတွင် လူကြိုက်များလာခဲ့သည်။ မည်သို့ပင်ဆိုစေ ဝိညာဉ်ချီဆေးလုံးများနှင့် အ​ဆာင်အင်းများက ရှားပါးသော ပစ္စည်းများ ဖြစ်နေဆဲဖြစ်ပြီး ဤပစ္စည်းနှစ်ခုကို ယူဆောင်သွားခြင်းက ခရီးသွားရာတွင် ပိုမို ယုံကြည်မှု ရှိစေသည်။

ချင်းရှောင်ဂိုဏ်းက ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်သော်လည်း ကျန်းဟူ၌ လှည့်လည်သွားလာရင်း တပည့်များ ပျောက်ဆုံးသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းများ ရှိနိုင်သေးရာ ကျန်းဟူမှာ လွန်စွာ အန္တရာယ်များနေဆဲပင်။

တဖြည်းဖြည်းနှင့်ချင်းရှောင်ဂိုဏ်းနှင့် လောကကြီးမှာ လုံးဝ မတူညီသော ကမ္ဘာနှစ်ခု ဖြစ်လာခဲ့သည်။

နွေရာသီ ရောက်ရှိလာပြန်ပြီ…..

တောင်များကြားတွင် ချောင်ကပ်လျက် လီစစ်ဖုန်းက သံချပ်ကာကို ချွတ်ထားပြီး မြစ်ကမ်းနားရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ တိရွှမ်းဓားက သူ့ ပတ်ပတ်လည်တွင် ဝဲပျံနေပြီး မီးတောက် တစ်မျိုးမျိုးဖြင့် ရစ်ပတ်ထားသကဲ့သို့ အနည်းငယ် လှုပ်ရှားနေသည်။ ငရဲချီလင်က အနီးအနားတွင် ရေသောက်နေပြီး ဖေမြောင်ကတော့ မြစ်ကမ်း တစ်ဖက်ကမ်းတွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် မြေကြီးကို ထောက်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ကိုင်ထားသည်။

သူမက လီစစ်ဖုန်းကို စွဲလမ်းမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေပြီး…

"ယောက်ကျား... ရှင်က ကိစ္စကြီးတစ်ခုကို လုပ်ချင်နေမှတော့ ဒီစစ်သည်တွေကို ဘာလို့ မခေါ်သွားရတာလဲ... သူတို့က ရှင့်နောက်ကို နှစ်ပေါင်းများစွာ အေးအတူ ပူအမျှ လိုက်ပါလာခဲ့တာဆိုတော့ ယုံကြည်စိတ်ချရမှာပါ..."

ဖေမြောင်က လီစစ်ဖုန်းနှင့်အတူ လောကအနှံ့ လှည့်လည်သွားလာရမည် ဆိုလျှင်တောင် သူမ ပျော်ရွှင်နေမည်ဟု ဆိုကာ မေးလိုက်ခြင်းပင်။

လီစစ်ဖုန်းက မျက်လုံးများကို မှိတ်ထားရင်း ….

"အကယ်၍ ကိုယ်က စစ်တပ်ကို ခေါ်သွားရင် လောကလူတွေက ကိုယ့်ကို ဘယ်လို ပြောကြမလဲ... ကိုယ်က ဖေ့မျိုးနွယ်ကို သစ္စာဖောက်တယ်လို့ ပြောကြမှာပေါ့..."

"ဒါပေမဲ့ စစ်တပ် မရှိရင် ရှင် အာဏာရဖို့ အရမ်း ခက်ခဲလိမ့်မယ်... ကျွန်မတို့ဆီမှာ ငွေလည်း မရှိသလို လူအင်အားလည်း မရှိဘူး... လောကကြီးကို ယှဉ်လုဖို့ ဘယ်နှနှစ်တောင် ကြာမလဲ..."

ဖေမြောင် ဤသို့မေးရခြင်းမှာ စိုးရိမ်နေခြင်း မဟုတ်ဘဲ လီစစ်ဖုန်း၏ အတွေးများကို နားလည်ချင်ရုံသာ ဖြစ်သည်။

"ဘယ်လိုလုပ် မရှိရမှာလဲ... မင်းသာ စောင့်ကြည့်နေ... မကြာခင် ငါတို့ဆီ လူတွေနဲ့ ငွေတွေ လာပေးကြလိမ့်မယ်... ကိုယ်က ချင်းရှောင်ဂိုဏ်းရဲ့ အင်အားကို မမှီခိုရင်တောင် ချင်းရှောင်ဂိုဏ်းကြောင့် လူအများကြီးက ကိုယ့်ကို လာကူညီကြလိမ့်မယ်...ဒီကိစ္စ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူး..."

ဤစကားကို ကြားသောအခါ ဖေမြောင်မှာ သူမ ဖခင်၏ စကားများကို မတွေးဘဲ မနေနိုင်တော့ချေ။

"သူ့ကို သွားခွင့်ပြုလိုက်ပါ... သမီး ကလေးယူနိုင်သရွေ့ ဖေ့မျိုးနွယ်အတွက် ထွက်ပေါက်တစ်ခု ရှိနေမှာပါ..."

လီစစ်ဖုန်းနှင့် သူမ၏ ဖခင်တို့က တကယ်တမ်းတွင် သဘောထားကွဲလွဲခဲ့ကြခြင်း မဟုတ်ဘဲ တိတ်တဆိတ် သဘောတူညီခဲ့ကြပြီး တမင်တကာ ဟန်ဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဖေမြောင် ယုံကြည်ထားသည်။

လီစစ်ဖုန်းက အာဏာကို တရားဝင် သိမ်းပိုက်လိုသဖြင့် သူမ၏ ဖခင်က ဖေ့မျိုးနွယ်အတွက် အခြားရွေးချယ်စရာ လမ်းကြောင်းတစ်ခု ပေးရန် လိုအပ်ပေသည်။ သူမအနေနှင့် စစ်ရေး ဆွေးနွေးပွဲများတွင် မပါဝင်ခဲ့သော်လည်း ဖေ့မျိုးနွယ် ဒုက္ခရောက်နေကြောင်းကို သူမ ခံစားနိုင်သည်။

ပြည်နယ် နှစ်ခုကို စိုးမိုးပြီးနောက် ပဒေသရာဇ်မင်း နှစ်ပါးက ဖေ့မျိုးနွယ်ကို နှိမ်နင်းလိုကြသည်။ ဖေ့မျိုးနွယ်အတွက် လောကကြီးမှာ အလွန် နီးစပ်သလို အလွန်လည်း ဝေးကွာနေပေသည်။

"ယောက်ကျား... အကယ်၍ ရှင့်မှာ အဲဒီ ရည်ရွယ်ချက် တကယ် ရှိပြီး ကိစ္စတွေကို လုပ်ဖို့ ရှင့်ရဲ့ ရာထူးကို အသုံးပြုချင်တယ်ဆိုရင် ရှင် လောကကြီးကို တတ်နိုင်သမျှ မြန်မြန် ငြိမ်းချမ်းအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်...ကစဉ့်ကလျား ဖြစ်နေတဲ့ လောကကြီးက အချိန်ဆွဲလေလေ လူတွေ ပိုသေလေလေပဲ..."

ကစဉ့်ကလျား ဖြစ်နေသော အချိန်များကို သူမ မည်သည့်အခါမျှ မနှစ်သက်ခဲ့သော်လည်း သူမ၏ မနှစ်သက်မှုက မည်သည့်အရာကိုမျှ ပြောင်းလဲပစ်နိုင်မည် မဟုတ်ချေ။

"စိတ်မပူပါနဲ့... ကိုယ် အာဏာရလာတာနဲ့ ကစဉ့်ကလျား ဖြစ်နေတဲ့ လောကကြီးကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ပေးမှာပါ..."

လီစစ်ဖုန်း စကားပြောပြီးသည်နှင့် မြစ်ကမ်းဘေးရှိ မြက်ခင်းပြင်က တုန်ခါသွားသဖြင့် သူ့ကို မျက်လုံးဖွင့်သွားစေသည်။

ရေသောက်နေကြသော ငရဲချီလင်နှင့် ဖေမြောင်တို့လည်း အဝေးသို့ မော့ကြည့်လိုက်ရာ မြင်းစီးလာသော လူတစ်စုနှင့် နောက်မှ လိုက်ပါလာသော လှည်းများကို တွေ့လိုက်ရပြီး ဖုန်မှုန့်များ ထောင်းလမောင်း ထနေလေသည်။

ခေါင်းဆောင်က "လီ" ဟု ရေးထိုးထားသော အလံကြီးတစ်ခုကို မြှောက်ကိုင်ထားသဖြင့် ဖေမြောင် မျက်မှောင်ကြုတ်သွားပြီး အံ့အားသင့်သွားသည်။

"ဘယ်က လီမျိုးနွယ် ဖြစ်နိုင်မလဲ..."

လီစစ်ဖုန်းက လီမျိုးနွယ်၏ တပ်ဖွဲ့ကြီး ချဉ်းကပ်လာသည်ကို ကြည့်နေလိုက်သည်။ လူဘယ်လောက် ပါလာသလဲ ဆိုသည်ကို အတိအကျ မမြင်ရသော်လည်း သူ မလန့်ဖြန့်သွားချေ။ သူသည် ယခုအခါ တိရွှမ်းဓားကို အပြည့်အဝ ကျွမ်းကျင်နေပြီ ဖြစ်ပြီး စွမ်းအားမှာလည်း ယခင်ကနှင့် လုံးဝ ကွာခြားနေပြီ ဖြစ်သည်။

သူက ငရဲချီလင်ကိုပင် လူပုံအလယ်တွင် ထုတ်ဖော်ပြသရန် ရဲဝံ့နေပြီ ဖြစ်သဖြင့် ဤသည်က သူ့ရဲ့ ခိုင်မာသော ယုံကြည်မှုကို သက်သေပြရန် လုံလောက်ပေသည်။

………….

ပူပြင်းအိုက်စပ်လှသော နွေရာသီတွင် လောကကြီးတခွင်လုံး အပူချိန် မြင့်မားမှုများကို ကြုံတွေ့နေရသည်။

ထိုနေ့ နံနက်စောစောတွင် ….

ပင်လယ်ကမ်းစပ်ရှိ ဆိပ်ကမ်းသို့ လီချင်းချိုး တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ သူက ကောင်းကင်သက်တံဓားကို အရှေ့တွင် ထား၍ ဓားပျံစီးလာကာ တောင်ထွတ်ကို ကျော်လွန်လာခဲ့ရင်း တောင်များနှင့် ပင်လယ် ဆုံရာ နေရာတွင် ဧရာမ မဏ္ဍပ်ကြီး တစ်ခုကို သူ တွေ့လိုက်ရပြီး လူများစွာကလည်း ၎င်း၏ ပတ်ပတ်လည်တွင် အခြား အဆောက်အအုံများကို တည်ဆောက်နေကြသည်။

ဤသည်မှာ ချင်းရှောင်ဂိုဏ်းမှ တည်ဆောက်သော ပထမဆုံး ဆိပ်ကမ်း ပင်….

မူလက လျှို့ဝှက်ဆန်းကြယ်သော ရေဝဲကို ဖုံးကွယ်ရန် ရည်ရွယ်ခဲ့သော်လည်း လီချင်းချိုးက ဤအခွင့်အရေးကို အသုံးချ၍ ၎ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ရေဝဲကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နောင်တွင် ဤနေရာသို့ တပည့်များ ပိုမို စေလွှတ်နိုင်ပေသည်။

လီချင်းချိုးက လေထဲမှနေ၍ တည်ဆောက်ရေး လုပ်ငန်းများကို တစ်ချက်သာ ကြည့်လိုက်ပြီး အောက်သို့ မဆင်းသက်ခဲ့ချေ။

မိုင်တစ်ရာကျော် ခရီးနှင်ပြီးနောက် ထူထပ်သော သစ်တောတစ်ခု၏ အထက်သို့ ရောက်ရှိလာခဲ့ပြန်သည်။ ဤနေရာရှိ သစ်ပင်များမှာ ထူထပ်လွန်းပြီး သစ်တောတခုလုံး မှောင်မိုက်နေသဖြင့် လေထဲမှ ကြည့်လျှင်ပင် ထိတ်လန့်စရာ ကောင်းနေကာ အတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရာတစ်ခုခု ပုန်းအောင်းနေမည်ကို စိုးရိမ်မိစေသည်။

အမှန်တကယ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက ဤနေရာ၌ ပုန်းအောင်းနေသည်။

လီချင်းချိုး ကောင်းကင်မှ ဆင်းသက်လာပြီး သစ်ပင်ထိပ်ဖျားတစ်ခုပေါ်တွင် ရပ်နားလိုက်နှင့် ကောင်းကင်သက်တံဓားက ဓားအိမ်ထဲသို့ ကြည်လင်သော အသံတစ်ခုနှင့်အတူ ချောမွေ့စွာ ဝင်ရောက်သွားသည်။

ထိုစဉ် အောက်ဘက်ရှိ သစ်တောငယ်လေး တစ်ခုက စတင် ယိမ်းနွဲ့လာသည်မှာ ဧရာမ သတ္တဝါကြီး တစ်ကောင် အတွင်း၌ လှုပ်ရှားနေသကဲ့သို့ပင်။ မကြာမီမှာပင် လီချင်းချိုး၏ ရှေ့ရှိ သစ်ရွက်များ ဖယ်ရှားခံလိုက်ရပြီး ဧရာမ မြွေခေါင်းကြီး တစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ တရုတ်နံနံပင် ဖြစ်သည်။ တရုတ်နံနံက လီချင်းချိုးကို စိုက်ကြည့်ရင်း သူမ၏ လျှာကို အဆက်မပြတ် ထုတ်လိုက်သွင်းလိုက် လုပ်နေသည်။

"မင်း ဆုံးဖြတ်ချက် ချပြီးသွားပြီ ထင်တယ်..."

"မသေမျိုးရဲ့ အထင်ကြီးမှုကို ခံရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ... အောက်တန်းစား မိစ္ဆာတစ်ကောင်က ဘယ်လိုလုပ် ကျေးဇူးကန်းနိုင်မှာလဲ..."

သူမ၏ စကားများကို နားထောင်ရင်း လီချင်းချိုးသည် တရုတ်နံနံကို ဤမျှ နှိမ့်ချသွားစေရန်အတွက် ထိုကျင့်ကြံသူ နှစ်ယောက်က မည်သို့သော စိတ်နေသဘောထားမျိုး ရှိသနည်း ဟု မတွေးဘဲ မနေနိုင်ခဲ့ချေ။

"အဲဒီ မိစ္ဆာငယ် သုံးကောင်ကို ငါ့ဆီ ခေါ်လာခဲ့..."

တရုတ်နံနံက ခေါင်းညိတ်လိုက်ပြီးနောက် ထူးဆန်းသော အသံတစ်ခု ပြုလုပ်လိုက်သည်။ မြွေတစ်ကောင် ဖြစ်သော်လည်း သူမ၏ အသံက ငှက်တစ်မျိုးမျိုး၏ အသံနှင့် တူနေသည်။

"ကူ ကူ..." တရုတ်နံနံ၏ အသံ ဆက်လက် ပျံ့နှံ့သွားသည်နှင့် မှေးမှိန်သော မိစ္ဆာချီစွမ်းအင် တစ်ခုကို လီချင်းချိုး မကြာမီ ခံစားလိုက်ရသည်။ ချက်ချင်းပင် နောက်ထပ် မိစ္ဆာချီစွမ်းအင် နှစ်ခုက မတူညီသော လမ်းကြောင်းများမှ ရောက်ရှိလာသည်။

ဤမိစ္ဆာငယ် သုံးကောင်၏ စွမ်းအားမှာ ရှောင်ကျိုနှင့် အဆင့်တူပြီး မူလအားဖြည့်နယ်ပယ် တတိယအလွှာ၏ ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်ဟု လီချင်းချိုး ခန့်မှန်းလိုက်သည်။ ဤသည်ကပင် အလွန် သန်မာနေပြီ ဖြစ်သည်။

အကယ်၍ လောကီ သိုင်းလောကထဲတွင်သာ ဆိုလျှင် သူတို့ကို မည်သူမျှ တစ်ခုခု လုပ်နိုင်မည် မဟုတ်ချေ။ မကြာမီပင် မိစ္ဆာငယ် သုံးကောင်က တရုတ်နံနံ၏ အနီးသို့ ရောက်ရှိလာပြီး သစ်ပင်ထိပ်သို့ တက်လာကာ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသလိုက်ကြသည်။

ရွှေမျောက်ဝံ၊ ကျားသစ်နက်၊ ပုစဉ်းရင်ကွဲ….

လီချင်းချိုး၏ အကြည့်က အိမ်မွေးကြောင် တစ်ကောင်လောက် ကြီးမားသော ပုစဉ်းရင်ကွဲဆီသို့ ရောက်သွားသည်။

ပုစဉ်းရင်ကွဲမိစ္ဆာ..

ဤသတ္တဝါသည် တစ်ကိုယ်လုံး အပြာရောင်သန်းသော အစိမ်းရောင် ရှိပြီး ဓားနှစ်လက်နှင့် တူကာ နေရောင်အောက်တွင် သတ္တုရောင်ကို ရောင်ပြန်ဟပ်နေသည်။

"မင်းတို့ ငါ့ရဲ့ ချင်းရှောင်ဂိုဏ်းကို ဝင်ချင်လား..."

"ဆန္ဒရှိပါတယ်..."

မိစ္ဆာ သုံးကောင်က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။ သူတို့၏ အသံများမှာ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်၏ အသံများ ဖြစ်သည်။ ကျားသစ်နက်မှာ တကယ်တမ်းတွင် အမျိုးသမီး မိစ္ဆာ တစ်ကောင် ဖြစ်သည်။

လီချင်းချိုး မရောက်လာမီကပင် တရုတ်နံနံက သူတို့ကို အခြေအနေကို ရှင်းပြထားပြီး ဖြစ်သဖြင့် သူတို့ကလည်း ဖိတ်ကြားချက်ကို လက်ခံရန် မတုံ့ဆိုင်းခဲ့ကြချေ။ သူတို့ လူစကား ပြောနိုင်လိမ့်မည်ဟု လီချင်းချိုး မမျှော်လင့်ထားခဲ့ပေ။

နှစ်ရာပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် မိစ္ဆာသားရဲများ ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်ချေ။ သူ ချက်ချင်းပင် တာအိုလမ်းစဉ် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်ပြီး မိစ္ဆာ သုံးကောင်၏ ပုံတူများကို ရှာဖွေလိုက်သည်။

ရွှေမျောက်ဝံနှင့် ကျားသစ်နက်တို့၏ ပါရမီက အထူးတလည် ထူးချွန်ခြင်း မရှိသလို မည်သည့် အထူး ကံကြမ္မာမှလည်း မပိုင်ဆိုင်ကြချေ။ သို့သော် ပုစဉ်းရင်ကွဲမိစ္ဆာကတော့ အတော်လေး ထူးခြားနေသည်။

[ အမည် - ရွှေသူငယ် ]

[ ကျား/မ - ကျား ]

[ အသက် - ၁၃၂ နှစ် ]

[ သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း) - ၇၁/၄၄ (အများဆုံး ၁၀၀) ]

[ ကျင့်ကြံခြင်း ပါရမီ - ကောင်းမွန် ]

[ နားလည်သဘောပေါက်နိုင်စွမ်း - အထူးကောင်းမွန် ]

[ ကံကြမ္မာ - လေဟာနယ်ဖြတ်သန်း မိစ္ဆာနှလုံးသား၊ မွေးရာပါ ဓားကျင့်ကြံသူ ]

[ လေဟာနယ်ဖြတ်သန်း မိစ္ဆာနှလုံးသား - လွန်စွာ လျင်မြန်သော တုံ့ပြန်မှုနှင့် မြန်ဆန်မှု ရှိသည်။ နယ်ပယ် ကျင့်ကြံခြင်းအဆင့် တိုးလာသည်နှင့်အမျှ ဤအားသာချက် နှစ်ခုက ဆတိုး တိုးလာမည်။ လှုပ်ရှားမှု နည်းစနစ်များ၊ လျင်မြန်မှုအခြေခံ မှော်အတတ်များ၊ နတ်စွမ်းအင်နှင့် လျှို့ဝှက်ပညာရပ်များတွင် ထူးခြားသော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်။ ]

[ မွေးရာပါ ဓားကျင့်ကြံသူ - သိုင်းပညာအတွက် မွေးရာပါ ပါရမီ ပါလာပြီး ဓားများနှင့်ပတ်သက်၍ ထူးခြားသော နားလည်သဘောပေါက်နိုင်စွမ်း ရှိကာ ဓားကျင့်ကြံသူ တစ်ဦး ဖြစ်လာရန် ဖန်တီးခံထားရသည်။ ]

...

လီချင်းချိုးသည် ဤလေဟာနယ်ဖြတ်သန်း မိစ္ဆာနှလုံးသားကံကြမ္မာကို မိတ္တူကူးချင်လာမိသည်။

သိုင်းလောကတွင် မြန်ဆန်မှုကသာ ကာကွယ်မှုများကို ထိုးဖောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဤအခြေခံသဘောတရားကို မသေမျိုး ကျင့်ကြံခြင်းတွင် အသုံးချမည်ဆိုလျှင်လည်း ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။

ပြီးတော့ မွေးရာပါ ဓားကျင့်ကြံသူ ကံကြမ္မာက ပုစဉ်းရင်ကွဲ တစ်ကောင်ပေါ်တွင် ပေါ်လာခြင်းက အလွန်ကို လွန်ကဲလွန်းလှသည်။ ၎င်းက ဓားကျင့်ကြံသူ တစ်ဦး ဖြစ်လာရန် ဖန်တီးခံထားရသည် ဆိုသည်မှာ အကယ်၍ တရုတ်နံနံနှင့် မတွေ့ခဲ့လျှင်တောင် ကိုယ်ပိုင် ပါရမီအပေါ် အခြေခံ၍ မိစ္ဆာတာအို လမ်းစဉ်ထဲသို့ ဝင်ရောက်နိုင်ခဲ့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လီချင်းချိုးက ရွှေသူငယ်ကို ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်လာပြီး ရွှေသူငယ်သည် အလားအလာရှိသော ပါရမီရှင် တစ်ဦး ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူက ရွှေသူငယ်ကို ထပ်ကြည့်လိုက်တော့ ပုစဉ်းရင်ကွဲမိစ္ဆာက ခေါင်းငဲ့၍ အတော်လေး ထိုင်းမှိုင်းနေပုံရသော်လည်း သူ့ အမြင်တွင်တော့ ရက်စက်သော ဓားသမား တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လီချင်းချိုးက….

"တရုတ်နံနံ... ငါ သူတို့ သုံးကောင်ကို ချင်းရှောင်ဂိုဏ်းဆီ အရင် ခေါ်သွားချင်တယ်... မင်း ဘယ်လို ထင်လဲ..."

ဤစကားကို ကြားသောအခါ တရုတ်နံနံက ချက်ချင်း သဘောထား တင်းမာသွားပြီး မေးလိုက်သည်။

"ကျွန်မကရော..."

"ပင်လယ်ကမ်းစပ်က ဆိပ်ကမ်း တည်ဆောက်ပြီးသွားတာနဲ့ မင်းကို ချင်းရှောင်ဂိုဏ်းဆီ ခေါ်သွားမယ်... အလွန်ဆုံး ကြာရင် တစ်နှစ်ပေါ့... မင်း​​​ဒီနေရာမှာ နေလို့ရတယ်... အကယ်၍ ဆိပ်ကမ်းမှာ ပြဿနာ တစ်ခုခု ကြုံလာရင် မင်းရဲ့ အကူအညီကို ငါတို့ လိုအပ်လိမ့်မယ်..."

လီချင်းချိုး၏ စီစဉ်မှုကြောင့် တရုတ်နံနံက သက်ပြင်းချလိုက်ပြီး သဘောတူကြောင်း ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့... ကျွန်မ ကိုယ်ထင်ပြလိုက်ရင် ချင်းရှောင်ဂိုဏ်းက ကျွန်မကို ရန်သူလို့ သတ်မှတ်ကြမလား..."

"ငါ မင်းကို အခု သူတို့နဲ့ သွားတွေ့ခိုင်းမယ်... မင်း ယူစရာ တစ်ခုခု ရှိသေးလား..."

"ဘာမှ ယူစရာ မရှိပါဘူး..."

"ဒါဆို သွားကြရအောင်..."

ထို့နောက် လီချင်းချိုးက တရုတ်နံနံ အပါအဝင် မိစ္ဆာလေးကောင်ကို ဆိပ်ကမ်းဘက်သို့ ဦးဆောင် ခေါ်သွားခဲ့သည်။သူက ဓားပျံစီး၍ ရှေ့သို့ သွားရင်း အောက်ဘက်ကို အကဲခတ်နေသည်။ မိစ္ဆာလေးကောင်က သစ်တောကို ဖြတ်၍ လျင်မြန်စွာ လှုပ်ရှားနေကြသည်။ အထူးသဖြင့် ရွှေသူငယ်က တရုတ်နံနံထက် အနည်းငယ် ပိုမြန်သည်။

အချိန် အတန်ကြာပြီးနောက်….

လီချင်းချိုးက ဆိပ်ကမ်းရှေ့ရှိ ကမ်းခြေသို့ ဆင်းသက်လိုက်သည်။ သူ့ အသွင်အပြင်က တပည့်များ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ တပည့်များက သူ့ကို ဝိုင်းရံရန် ကြိုးစားသောအခါ သူ့နောက်မှ တရုတ်နံနံကြောင့် သူတို့ လန့်ဖြန့်သွားကြသည်။

"မြွေကြီး... မြွေကြီး တစ်ကောင်..."

"မြွေမိစ္ဆာပဲ... ဂိုဏ်းချုပ် သတိထား..."

"ဂိုဏ်းချုပ်... နောက်ကို သတိထား..."

"ဘုရားရေ... ဘယ်လိုလုပ် ဒီလောက် ကြီးမားတဲ့ မြွေကြီး ရှိနေရတာလဲ..."

တပည့်များက လန့်ဖြန့်စွာ အော်ဟစ်လိုက်ကြပြီး တပည့် အနည်းငယ်က မသိစိတ်မှပင် သူတို့၏ ဓားများကို ဆွဲထုတ်ကာ လီချင်းချိုးဆီသို့ ပြေးလာကြသဖြင့် လီချင်းချိုးက လက်မြှောက်၍ ကျယ်လောင်စွာ အော်ပြောလိုက်ရသည်။

"လန့်စရာ မလိုဘူး... ဒီမိစ္ဆာလေးကောင်က ငါ့ဆီ ခိုလှုံနေကြပြီ..."

ဤစကားကို ကြားသောအခါ တပည့်များက ရပ်တန့်သွားပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ဤအချိန်တွင် ကျန်းကျောက်ရှားက ဓားပျံစီး၍ ပျံသန်းလာပြီး လီချင်းချိုး၏ ဘေးတွင် ဆင်းသက်လိုက်သည်။ သူလည်း လီချင်းချိုး၏ စကားကို ကြားလိုက်တာကြောင့် စပ်စုချင်စိတ်များ ပြည့်နှက်နေပြီး တရုတ်နံနံကို စိုက်ကြည့်နေသဖြင့် သူမအပေါ် ကြီးမားသော ဖိအားများ ကျရောက်သွားစေသည်။ ထို့နောက် လီချင်းချိုးက တရုတ်နံနံ အပါအဝင် မိစ္ဆာလေးကောင်ကို တပည့်အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

ရွှေသူငယ် ပေါ်လာသောအခါ တပည့်များက သူ့နည်းတူ ရွှေသူငယ်ကို ထူးဆန်းသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။ ပုစဉ်းရင်ကွဲတွေက အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ဖြစ်လာနိုင်လို့လား...

All Chapters