← Chapters

ချင်းရှောင်တောင် တုန်လှုပ်ခြင်း…..

Vol. 19 Ch. 185

ချင်းရှောင်တောင် တုန်လှုပ်ခြင်း…..

Vol. 19 Ch. 185

တရုတ်နံနံကို ဆိပ်ကမ်းရှိ တပည့်များနှင့် မိတ်ဆက်ပေးပြီးနောက် လီချင်းချိုးက ရွှေသူငယ် အပါအဝင် မိစ္ဆာသုံးကောင်နှင့်အတူ ချင်းရှောင်ဂိုဏ်းသို့ ပြန်လာခဲ့သည်။

သူက ရွှေသူငယ်နှင့် ရွှေမျောက်ဝံတို့ကို ဘယ်ညာ ပခုံးပေါ်တွင် နားခိုစေပြီး ကျားသစ်နက်ကို လက်တစ်ဖက်ဖြင့် သယ်ဆောင်ကာ ဓားပျံစီး၍ ပြန်လာခဲ့ခြင်းဖြစ်သည်။ ဤအရာက မိစ္ဆာသုံးကောင်ကို အလွန် ကြောက်ရွံ့သွားစေပြီး အောက်သို့ ပြုတ်ကျမည်ကို စိုးရိမ်သကဲ့သို့ တောင့်တင်းနေကြသည်။

လင်းရှောင်ခြံဝင်းသို့ တိုက်ရိုက် ပြန်သွားမည့်အစား သူက ချင်းရှောင် တောင်ခြေရှိ ရှီးမြစ်ဘေးတွင် ဆင်းသက်လိုက်သည်။

ကျားသစ်နက်ကို အောက်ချပေးလိုက်ပြီးနောက် မိစ္ဆာသုံးကောင်နှင့်အတူ တောင်ပေါ်သို့ ကြွားကြွားဝင့်ဝင့် လမ်းလျှောက်တက်သွားခဲ့သည်။

ကျားသစ်နက်၏ တောက်ပနေသော အမွေးအမှင်များနှင့် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားသော အသွင်အပြင်က လမ်းတစ်လျှောက်ရှိ တပည့်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး နောက်မှ လိုက်ပါလာသော ရွှေမျောက်ဝံမှာတော့ လျစ်လျူရှုခံခဲ့ရရှာသည်။

"ဂိုဏ်းချုပ်... ဒီ​ကျားသစ်က ဘယ်က ရောက်လာတာလဲ... မိစ္ဆာနှိမ်နင်းရေးခန်းမဆီ ပို့ပေးရမလား..." ဟု သတ္တိရှိသော တပည့်တစ်ဦးက မေးလိုက်တော့

"အပြင်မှာ ရှာတွေ့ခဲ့တာ... နောင်ကျရင် ဒီကောင်တွေကို မိစ္ဆာနှိမ်နင်းရေးခန်းမထဲကို တကယ် ထည့်ပေးရမှာပဲ..."ဟု လီချင်းချိုးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

သူ့ရဲ့ပြုံးနေသော မျက်နှာကို မြင်သောအခါ အခြား တပည့်များ ပို၍ ရဲတင်းလာကြပြီး သူ့အနားသို့ ဝိုင်းအုံလာကြသည်။ လီချင်းချိုး၏ ပခုံးပေါ်တွင် ဧရာမ ပုစဉ်းရင်ကွဲကြီး တစ်ကောင် ရှိနေသည်ကို မြင်သောအခါ တပည့်များ ပို၍ပင် အံ့အားသင့်သွားကြ၏။

တစ်ယောက်ယောက်က ကျားသစ်နက်ကို သွားကိုင်ရန် ကြိုးစားလိုက်ရာ ကျားသစ်နက်က လန့်ဖြန့်သွားပြီး အော်ဟစ်လိုက်သည်။

"ထွက်သွားစမ်း..."

ကျားသစ်နက်က လူစကား ပြောသည်ကို ကြားသောအခါ တပည့်များမ လန့်ဖြန့်သွားကြပြီး ဒီရေ လှိုင်းလုံးကြီး တစ်ခုကဲ့သို့ နောက်သို့ ကမန်းကတန်း ဆုတ်ခွာသွားကြသည်။

ကျားသစ်နက်က တပည့်များကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီးနောက် လီချင်းချိုး၏ နောက်မှ ကပ်၍ လိုက်သွားလေတော့သည်။

လီချင်းချိုးက တောင်ပေါ်သို့ ဆက်လက် လျှောက်လှမ်းသွားသော်လည်း မိစ္ဆာသုံးကောင်ကို လူစကား မပြောရန် သူ တားမြစ်မထားခဲ့ချေ။ ဤသည်က တပည့်များကို အမြင်ကျယ်လာစေရန် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်သည်။ မိစ္ဆာသုံးကောင် ရောက်ရှိလာခြင်းက ဂိုဏ်းအတွင်း အတော်လေး ဂယက်ရိုက်သွားစေခဲ့၏။

လီချင်းချိုးက ရွှေမျောက်ဝံနှင့် ကျားသစ်နက်တို့ကို မိစ္ဆာနှိမ်နင်းရေးခန်းမထဲသို့ ထည့်လိုက်ရာ တပည့်များစွာ လာရောက် ကြည့်ရှုရန် ဆွဲဆောင်နိုင်ခဲ့သည်။

ရွှေသူငယ်ကိုတော့ သူ၏ ဘေးတွင်သာ ထားရှိရန် စီစဉ်ထားသည်။

မသေမျိုးဂူ အတွင်း၌….

လီချင်းချိုးက ကျောက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ဝိညာဉ်ရေကန် ဘေးတွင် ရပ်နေသော ရွှေသူငယ်ကို မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

ချူကျင်း ကောင်းကင်သက်တံဓားထဲမှ ထွက်လာပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"သခင်... ဒီအင်းဆက်ကောင်ကို ဘာလို့ ရွေးချယ်ခဲ့တာလဲ... မျောက်ဝံနဲ့ ကျားသစ်နက်က ပိုပြီး အလားအလာ ရှိပုံရတယ်..."

ဘယ်လိုပဲ ကြည့်ကြည့် လီချင်းချိုး၏ရွေးချယ်မှု မှန်ကန်ပုံ မပေါ်ချေ။ အနည်းဆုံးတော့ ချူကျင်း အနေဖြင့် ပုစဉ်းရင်ကွဲကောင် ကျင့်ကြံလိုက်လျှင် မည်သို့ အသွင်အပြင် ရှိလာမည်ကို မတွေးတတ်အောင်ပင် ဖြစ်နေသည်။

ရှေးဟောင်းနှင့် ခေတ်သစ်မှ ထူးဆန်းသော ပုံပြင်များ အားလုံးထဲတွင် အင်းဆက် ဝိညာဉ်များ အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။ သေချာသည်မှာ သူသာ မကြားဖူးခြင်း ဖြစ်ပြီး လီချင်းချိုးကတော့ ကြားဖူးပေသည်။

"တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေလို့ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သူက သယ်သွားရတာ ပိုအဆင်ပြေမယ်လို့ ငါ ထင်တယ်..." ဟု လီချင်းချိုးက စိတ်ထဲမှ ပြန်ဖြေလိုက်သည်။

ဤစကားကို ကြားသောအခါ ချူကျင်းလည်း စဉ်းစားကြည့်လိုက်သည်။ အမှန်တကယ်ပင် ဤသို့သော ပုစဉ်းရင်ကွဲ တစ်ကောင်က သယ်ဆောင်သွားရန် ပိုလွယ်ကူပြီး ဖုံးကွယ်ထားနိုင်ကာ အရေးကြီးသော အချိန်တွင် ရန်သူကို သေစေနိုင်သော ထိုးနှက်ချက်တစ်ခု ပေးစွမ်းနိုင်ပေသည်။

ဤနည်းဖြင့် တွေးကြည့်သောအခါ သူ အားကျလေးစားမှု တစ်ခုကို ခံစားလိုက်ရပြန်သည်။ သခင်က မျှော်လင့်ထားသည့်အတိုင်း အရာအားလုံးကို တွေးတောထားပြီးသားပင်။

လီချင်းချိုးက ရွှေသူငယ်၏ ပါရမီကို ထုတ်ဖော် မပြောခဲ့ချေ။ လူများက မေးခွန်းထုတ်လေလေ ပိုကောင်းလေလေပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီဖြစ်ရပ်က သူ့ရဲ့ အမြော်အမြင်နှင့် ပါရမီရှင်များကို ပြုစုပျိုးထောင်နိုင်စွမ်းကို သက်သေပြနိုင်မည် ဖြစ်သောကြောင့်ပင်။

သို့သော် အရေးအကြီးဆုံး တာဝန်မှာ ရွှေသူငယ်၏ သစ္စာရှိမှုကို မြှင့်တင်ရန် ဖြစ်သည်။

ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းဖို့ လိုတယ်...

……….

ရွှေမျောက်ဝံ၏ အမည်မှာ ယွဲ့ရှန် ဖြစ်ပြီး ကျားသစ်နက်၏ အမည်မှာ ဟေးလီ ဖြစ်သည်။ လီချင်းချိုးက တိကျသော ညွှန်ကြားချက်များ ပေးထားသောကြောင့် ချန်ချန်ဟိုင်က သူတို့အပေါ် အလွန် ဖော်ရွေပြီး ပေါ့ပေါ့ဆဆ မဆက်ဆံရဲချေ။ မိစ္ဆာ နှစ်ကောင်မှာ ပထမဆုံး ရောက်လာစဉ်က အလွန် စိုးရိမ်ပူပန်နေခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤလူများက သူတို့အပေါ် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်းနှင့် အလွန် နွေးထွေးကြောင်း တွေ့ရှိလာကြသဖြင့် တဖြည်းဖြည်း သတိလျော့လာကြပြီး မိစ္ဆာနှိမ်နင်းရေးခန်းမကို စတင် သဘောကျလာကြသည်။

စကားပြောတတ်သော မိစ္ဆာနှစ်ကောင် မိစ္ဆာနှိမ်နင်းရေးခန်းမတွင် ပေါ်လာခြင်းက အတော်လေး ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းက ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်သည်ဟု သတ်မှတ်ခံရပြီး သစ်ပင်မိစ္ဆာများ လောကတွင် ရှိနေသေးသော်လည်း တပည့်များရော ကိုးကွယ်သူများပါ အသက်ရှင်လျက် စကားပြောတတ်သော မိစ္ဆာသားရဲ တစ်ကောင်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

ဤသို့ဖြင့် မိစ္ဆာနှိမ်နင်းရေးခန်းမ ပိုမို စည်ကားလာပြီး နေ့စဉ် လာရောက် လည်ပတ်သူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။ သတင်းများက တောင်အောက်သို့လည်း ပျံ့နှံ့သွားသည်။ မိစ္ဆာသုံးကောင် ပေါ်လာခြင်းက လောကီသားများ၏ အမြင်တွင် လီချင်းချိုးကို ပိုမို လျှို့ဝှက်ဆန်းကြယ်သွားစေခဲ့သည်။

ချင်းရှောင်ဂိုဏ်းချုပ်က မိစ္ဆာများကို မျိုးတုံးသတ်ဖြတ်နိုင်သလို နှိမ်နင်းလည်း နှိမ်နင်းနိုင်ပေသည်။

လဝက်ခန့် အတူတကွ နေထိုင်ပြီးနောက် နောက်ဆုံးတွင် လီချင်းချိုးက ရွှေသူငယ်၏ သစ္စာရှိမှုကို ၈၉ အထိ ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ၉၀ သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။

အပြစ်ကင်းစင်သော မိစ္ဆာငယ်လေးများကို ချော့မော့ရသည်မှာ လွယ်ကူကြောင်း ပြောရမည်ပင်။ ထိုညနေခင်းတွင် လီချင်းချိုးက မသေမျိုးဂူမှ ထွက်လာခဲ့ပြီး ခါးတွင် ကောင်းကင်သက်တံဓားကို ချိတ်ဆွဲထားကာ ပခုံးပေါ်တွင် ရွှေသူငယ်က နားခိုနေသည်။

လီစစ်ကျင်းနှင့် လီတုန်းယွဲ့တို့က ခြံဝင်းထဲတွင် စောင့်နေကြပြီး မိန်းကလေး နှစ်ယောက်က ပုလင်းများနှင့် အိုးများကို ကိုင်ကာ စိတ်လှုပ်ရှားစွာ စကားပြောနေကြ၏။

လီစစ်ကျင်းက ခေါင်းလှည့်ကြည့်လိုက်ပြီး ချက်ချင်း လက်ဝှေ့ယမ်းကာ …

"အစ်ကိုကြီး... လာကြည့်ပါဦး... ပစ္စည်းကောင်းလေး တစ်ခု ရှိတယ်..."

လီချင်းချိုးက ပြုံး၍ ရှည်လျားသော စားပွဲဆီသို့ လျှောက်သွားကာ ထိုင်လိုက်တော့ လီစစ်ကျင်းက သူ့ ပခုံးပေါ်က ရွှေသူငယ်ကို သတိပြုမိသွားပြီး မမေးဘဲ မနေနိုင်တော့ချေ။

"အပြင်ထွက်တဲ့အခါတိုင်း ဘာလို့ ဒီကောင်ကို အမြဲတမ်း ခေါ်သွားရတာလဲ..."

"ဘာဖြစ်လို့လဲ... ထူးဆန်းနေလို့လား..."

"အဲဒါက ထူးဆန်းနေလို့..."

"ဘာများ မှားနေလို့လဲ... ငါ့ရဲ့ ရွှေသူငယ်လေးက အရမ်း ခန့်ညားတာကို..."

ဤစကားကို ကြားသောအခါ ရွှေသူငယ်က ခေါင်းမော့လိုက်ပြီး အလွန် မာနထောင်လွှားနေပုံ ပေါ်သည်။

လီစစ်ကျင်းက လီချင်းချိုးကို မျက်စောင်းထိုးလိုက်ပြီး သူ့အစ်ကိုရဲ့ အကြိုက်များက မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု တွေးလိုက်မိသည်။ ဤကိစ္စကို ဆက်မပြောချင်တော့သဖြင့် စားပွဲပေါ်မှ ပုလင်းငယ် သုံးလုံးကို ကောက်ယူကာ လီချင်းချိုး ရှေ့သို့ တွန်းပေးလိုက်ပြီး .

"ဒါတွေက ချန်ဟွေ့လန် အသစ် ဖော်စပ်ထားတဲ့ ဆေးလုံး သုံးမျိုးပါ... မအိုဆေး၊ နတ်ဘုရားအမြန်နှုန်းဆေးလုံးနဲ့ သွေးလောင်ကျွမ်းခြင်းဆေးလုံး..."

"မအိုဆေးက လူကို ငယ်ရွယ်နုပျိုစေတယ်... အသွင်အပြင်ကို ထိန်းသိမ်းပေးပြီး အသားအရေကိုတောင် နုပျိုစေတယ်..."

"နတ်ဘုရားအမြန်နှုန်းဆေးလုံးက ရုပ်ခန္ဓာရဲ့ တုံ့ပြန်မှု အမြန်နှုန်းကို မြှင့်တင်ပေးတယ်... တိုက်ပွဲဝင်ဖို့ သင့်တော်တယ်..."

"သွေးလောင်ကျွမ်းခြင်းဆေးလုံး ဒါမှမဟုတ် တိုက်ပွဲဝင်ဆေးလုံး လို့လည်း ခေါ်တယ်... ခွန်အားကို မြှင့်တင်ပေးဖို့ သွေးကို လောင်ကျွမ်းစေတယ်... အသည်းအသန် အခြေအနေတွေ ဒါမှမဟုတ် သေရေးရှင်ရေး တိုက်ပွဲဝင်ရတဲ့ အခြေအနေတွေမှာ သုံးဖို့ သင့်တော်တယ်..." ဟု လီစစ်ကျင်းက ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြနေသည်။

ဤနှစ်မှာ သူတို့ရဲ့ ချွမ်းကုန်းခန်းမက ကြီးမားတဲ့ အောင်မြင်မှု တစ်ခုကို ရရှိခဲ့ပြီး ဂိုဏ်းအတွင်းမှာ သူမကို ပိုပိုပြီး ဂုဏ်သိက္ခာ ကြီးမားလာစေခဲ့သည်။ အကြောက်အလန့်မရှိသော ချိုင်ယွင်ရှန်းပင်လျှင် သူမကို အရင် စတင် မိတ်ဖွဲ့လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကျီဖှာခန်းမမှ တပည့်များကလည်း ဆေးလုံးများ ဝယ်ယူခွင့် ရရှိရန် ပြိုင်ဆိုင်နေကြသောကြောင့်ပင်။

ဤစကားကို ကြားသောအခါ လီချင်းချိုးက မအိုဆေး ပါဝင်သော ပုလင်းငယ်ကို ကောက်ယူလိုက်ပြီး ဆေးတစ်လုံးကို ထုတ်ကာ ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်သွင်းလိုက်သဖြင့် လီစစ်ကျင်းက မျက်လုံးပြူးသွားပြီး…

"အဲဒါ မအိုဆေးလေ... ဘယ်လိုလုပ် တိုက်ရိုက် စားလိုက်ရတာလဲ..."

“ငါ ဘာလို့ စားလို့ မရရမှာလဲ…”

လီချင်းချိုးက မအိုဆေး၏ အရသာကို မြည်းစမ်းကြည့်လိုက်သည်။ စစားချင်းမှာ အလွန် ကြွပ်ရွနေပြီး ကြွပ်ရွသော အပြင်လွှာကို ကိုက်ဖြတ်ပြီးနောက် ဆေးလုံးက တိုက်ရိုက် အရည်ပျော်သွားပြီး လည်ချောင်းထဲသို့ စီးဆင်းသွားကာ ပါးစပ်ထဲတွင် မွှေးကြိုင်သော အရသာကို ကျန်ရစ်စေသည်။

လီစစ်ကျင်းက နှုတ်ခမ်းဆူလိုက်ပြီး….

"မအိုဆေးဆိုတာ အမျိုးသမီးတွေ ကြိုက်တဲ့ ဆေးလုံး ဖြစ်သင့်တာ မဟုတ်ဘူးလား... အမျိုးသားတွေက ရင့်ကျက်မှုကို ကြိုက်သင့်တာပေါ့... ပိုတည်ငြိမ်လေ ပိုကောင်းလေပဲလေ... အစ်ကိုကြီးက လုံလောက်အောင် ငယ်ရွယ်နေပြီကို ဘာလို့ ငယ်ရွယ်မှုကို ထိန်းသိမ်းဖို့ ကြိုးစားနေရသေးတာလဲ..."

"ဒါ ဘာစကားလဲ... ငါ့ကို ဘိုးဘေးကြီးလို စုတ်ပြတ်သတ်နေတဲ့ အဘိုးကြီး တစ်ယောက် ဖြစ်သွားစေချင်လို့လား..."

လီချင်းချိုးက လီစစ်ကျင်းကို မျက်စောင်းခဲလိုက်သည်။

"ဟုတ်တယ်... အစ်ကိုကြီးက ဒီပုံစံနဲ့သာ အကြည့်ကောင်းဆုံးပါ..."

လီစစ်ကျင်းက ချင်းရှောင်ဘိုးဘေး၏ အသွင်အပြင်နှင့် စိတ်နေသဘောထားကို တွေးမိသောအခါ လီချင်းချိုး၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

လီချင်းချိုး မအိုဆေး စားသည်ကို မြင်သောအခါ လီတုန်းယွဲ့လည်း လိုက်စားခဲ့သည်။ လီချင်းချိုးက ဆေးကို သေချာ စစ်ဆေးကြည့်သော်လည်း ပုံမှန်မဟုတ်သည့် အရာ တစ်ခုမျှ သတိမပြုမိချေ။ ထို့ကြောင့် မမေးဘဲ မနေနိုင်တော့ပေ။

"ဒီမအိုဆေးက အတုများ ဖြစ်နေမလား..."

ထိုအခါ လီစစ်ကျင်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး…

"အလုပ်ဖြစ်၊ မဖြစ်ဆိုတာ နောက်နှစ်အနည်းငယ် ကြာမှ သိရမှာပေါ့..."

"ကောင်းပြီလေ..."

လီချင်းချိုးမှာ လက်လျှော့လိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ သူသည် မအိုဆေး၏ အာနိသင်များကို မခံစားနိုင်သော်လည်း ဆေးပုလင်းမှတစ်ဆင့် နတ်ဘုရားအမြန်နှုန်းဆေးလုံးနှင့် သွေးလောင်ကျွမ်းခြင်းဆေးလုံးတို့၏ ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်ပေသည်။

ချန်ဟွေ့လန်က တကယ်ကို အစွမ်းအစ ရှိတာပဲ။ သူမကို ကယ်တင်ဖို့ ငါ စွန့်စားခဲ့ရတာ တန်ပါတယ်။

လီချင်းချိုးက လီစစ်ကျင်းကို ကြည့်ပြီး …

"မင်းတို့ရဲ့ ချွမ်းကုန်းခန်းမက သုတေသန လုပ်ရုံသက်သက်ပဲ အာရုံစိုက်နေလို့ မရဘူး... ကျောင်းတော်တွေနဲ့ သင်တန်းတွေ တည်ထောင်ဖို့ လိုတယ်... ဒီအချက်က ချွမ်းကုန်းခန်းမအတွက် ရေရှည် အရေးပါတယ်..."

လီတုန်းယွဲ့က…..

"ဟုတ်တယ်... နောင်ကျရင် တပည့် အများစုက ချွမ်းကုန်းခန်းမကို ကျေးဇူးတင်ရလိမ့်မယ်... ချွမ်းကုန်းခန်းမရဲ့ အဆင့်အတန်းက ပိုပို မြင့်လာမှာပဲ... ပြီးတော့ မင်းလည်း အဲဒီကနေ အကျိုးအမြတ် ရလိမ့်မယ်..."

လီစစ်ကျင်းက ကူကယ်ရာမဲ့စွာဖြင့်…

"ကျွန်မလည်း လုပ်ချင်ပါတယ်... ဒါပေမဲ့ ကျွန်မတို့မှာ လူအင်အား မလုံလောက်ဘူး..."

ထိုအခါ လီချင်းချိုးက တစ်ခဏမျှ စဉ်းစားလိုက်ပြီး …

"ချွမ်းကုန်းခန်းမရဲ့ ထူးချွန်တဲ့ အောင်မြင်မှုတွေကြောင့် နောက်ထပ် လူတစ်ရာ ထပ်ခေါ်ဖို့ ငါ ခွင့်ပြုတယ်..."

"ကျေးဇူးတင်ပါတယ် အစ်ကိုယြီး..."

လီစစ်ကျင်းမှာ ချက်ချင်းပင် ဝမ်းသာအားရ ပြုံးရွှင်သွား၏။ အမှန်ဆို ဤကိစ္စအတွက် လီချင်းချိုးကို လာတွေ့ခဲ့ခြင်းပင် ဖြစ်သည်။ လီချင်းချိုးက သူမကို အလွန် ချစ်ခင်သော်လည်း အရေးကြီးသော ကိစ္စများနှင့် ပတ်သက်လာလျှင် သူမကို အလိုလိုက်မည် မဟုတ်ချေ။ ထို့ကြောင့် ရလဒ်များကို အရင် ပြသရမည်။

လီချင်းချိုး၏ သဘောတူညီချက်ကို ရရှိပြီးနောက် လီစစ်ကျင်း ချက်ချင်း ထ၍ အလျင်စလို ထွက်ခွာသွားသဖြင့် လီချင်းချိုး ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

ဒီကောင်မလေးတောင် တကယ်ကို သွယ်ဝိုက်ပြီး ပြောတတ်လာပြီပဲ….

သူက လီတုန်းယွဲ့ကို ကြည့်ပြီး

"လင်းစိုင်ခန်းမက ဒီရက်ပိုင်း ပြဿနာ တစ်ခုခု ရှိနေလို့လား..."

လီတုန်းယွဲ့တွင် ဖွင့်ဟစရာ တိုင်ကြားချက်များစွာ ရှိနေပြီး ထိုမေးခွန်းကို ကြားသောအခါ သူမ ဆက်မထိန်းထားနိုင်တော့ဘဲ အရာအားလုံးကို စတင် ပြောပြတော့သည်။ လီချင်းချိုးကလည်း အာရုံစိုက် နားထောင်နေသည်။ ဂိုဏ်း၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုအတွင်း ပြဿနာ အမျိုးမျိုးနှင့် ကြုံတွေ့ရမည်ကို သူ ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။

သူသည် ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်ရှိရန် ကြိုးစားနေသော်လည်း ဤပြဿနာများကို ဖြေရှင်းရန် အချိန်ပေးရဦးမည် ဖြစ်သည်။ သူ ဝင်မစွက်ဖက်လျှင်တောင် သူ့ သဘောထားကို ပြသနေသရွေ့ လီတုန်းယွဲ့က ပြဿနာများစွာကို ဖြေရှင်းနိုင်ပေသည်။

...

ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုက ဂိုဏ်းအတွက် လျင်မြန်သော အပြောင်းအလဲများကို ယူဆောင်လာခဲ့ပြီး နေ့စဉ် ဂိုဏ်းအတွင်းသို့ သတင်းအမျိုးမျိုး ဝင်ရောက်လာလျက် ရှိသည်။

သို့သော်လည်း တပည့် အများစုအတွက် အရေးအကြီးဆုံး အရာမှာ သူတို့ မျိုးဆက်၏ ပါရမီရှင်များပင် ဖြစ်၏။

ထိုနှစ်က ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့ပြီး ခန်းမတိုင်းတွင် ပါရမီရှင်များ ရှိကြသည်။ သူတို့က သိုင်းပြိုင်ကွင်းတွင် သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ကြပြီး လျင်မြန်စွာ နာမည်ကြီးလာခဲ့ကြသည်။

ချင်းရှောင်တောင်၏ တစ်ဝက်ခန့်တွင် တပည့် ဒါဇင်ပေါင်းများစွာက သိုင်းပြိုင်ကွင်းကို ဝိုင်းရံထားကြပြီး ရံဖန်ရံခါ အားပေး အော်ဟစ်နေကြသည်။

ဘုန်း……

ယဲ့နန် စင်ပေါ်မှ အချိုးမကျစွာ ပြုတ်ကျလာပြီး မျက်နှာတခုလုံး ဖြူရော်နေကာ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။

ယန်ရွှမ်က သူ့အနားသို့ အမြန် လာကာ ထူပေးလိုက်ပြီး အတွင်းပိုင်း ချီသွေးကြောများကို သက်သာစေရန် သူ့ရဲ့ ကိုယ်ပိုင် မူလချီစွမ်းအင်ကို အသုံးပြုလိုက်သည်။ စင်ပေါ်တွင်တော့ ချောမောသော လူငယ်တစ်ယောက်က လက်ပိုက်ရပ်နေပြီး မာနတကြီး ပြုံးနေသည်။

"ယဲ့နန်... ဒါက မင်း ငါ့ကို ရှုံးတာ ကိုးကြိမ်မြောက် ရှိပြီ... အခုထိ အရှုံးမပေးချင်သေးဘူးလား... ငါ မူလအားဖြည့်နယ်ပယ် တတိယအလွှာကို ရောက်တော့မယ်... အဲဒီနောက်ကျရင် ဂိုဏ်းက အဆင့်ကျော် တိုက်ခိုက်ခွင့် မပြုတော့ ငါတို့ တိုက်ခိုက်ဖို့ အခွင့်အရေး မရှိတော့ဘူးနော်..."

ထိုသူ၏ အမည်မှာ နင်ရှု ဖြစ်သည်။

သူ ဂိုဏ်းသို့ ရောက်ရှိလာသည်မှာ နှစ်နှစ်ပင် မပြည့်သေးသော်လည်း နာမည်တစ်ခု ရရှိနေပြီ ဖြစ်သည်။ သူက ဝင်ခွင့်စာမေးပွဲတွင် အကောင်းဆုံး ရမှတ်ကို ရရှိခဲ့ပြီး ရှီးလျန့်ခန်းမမှ စောစီးစွာ ခေါ်ယူခြင်း ခံခဲ့ရ၏။ လက်ရှိ ခန်းမ ရှစ်ခုမှာ ဝင်ခွင့် သတ်မှတ်ချက်က အလွန် မြင့်မားလှသည်။ထို့ကြောင့်မူလအားဖြည့်နယ်ပယ် တတိယအလွှာရှိ တပည့်တချို့ပင်လျှင် ဝင်ရောက်နိုင်ခြင်း မရှိချေ။

သို့သော် နင်ရှုက ဂိုဏ်းသို့ ယခုမှ ဝင်ရောက်လာသူ အသစ် တစ်ယောက် အနေဖြင့် ရှီးလျန့်ခန်းမသို့ ဝင်ရောက်နိုင်ခဲ့ရာ သဘာဝကျကျပင် ဝေဖန်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

နင်ရှု၏ ရိုင်းစိုင်းသော စကားများကို နားထောင်ရင်း ယဲ့နန်၏ ဒေါသများ ရုတ်တရက် ထောင်းခနဲ ထွက်လာကာ ခန္ဓာကိုယ်တွင်းရှိ မူလချီစွမ်းအင် မညီမျှမှုကို ဖြစ်စေပြီး ပြင်းထန်စွာ ချောင်းဆိုးသွားစေသည်။

ယန်ရွှမ်က နင်ရှုကို မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ …

"ညီလေး... ငါတို့ အားလုံးက ဂိုဏ်းတစ်ခုတည်းက လာကြတာပဲ... ဘာလို့ လူတွေကို ဒီလိုမျိုး အရှက်ခွဲနေရတာလဲ..."

ပရိသတ်ထဲတွင် နင်ရှု၏ နောက်လိုက် တပည့် တစ်စု ရှိနေသော်လည်း အများစုမှာ ပွဲလာကြည့်ရုံ သက်သက်သာ ဖြစ်သည်။ နင်ရှု လွန်ကျူးနေပြီဟု သူတို့လည်း ခံစားရသဖြင့် ယန်ရွှမ်၏ စကားကို ကြားသောအခါ အားလုံးက ထောက်ခံလိုက်ကြသည်။

ထိုအခါ နင်ရှုက ယန်ရွှမ်ကို ကြည့်ပြီး မေးလိုက်သည်။

"မင်းက ဘယ်သူလဲ..."

ယန်ရွှမ်က ယဲ့နန်၏ ပွဲများကို လာကြည့်လေ့ရှိကြောင်း သူ ယခင်က သတိပြုမိသော်လည်း သူတို့နှစ်ယောက် တစ်ခါမှ စကားမပြောဖူးခဲ့ချေ။

"လင်းစိုင်ခန်းမက ယန်ရွှမ်..."

ယန်ရွှမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူသည် ယခင်ကလို မုဆိုးတစ်ယောက်နှင့် မတူတော့ချေ။ အသားအရေ ဖြူဝင်းလာပြီး ကျင့်ကြံသူ တစ်ယောက်နှင့် ပိုပို၍ တူလာသည်။

နင်ရှု မျက်မှောင်ကြုတ်သွားပြီး ထိုနာမည်ကို တစ်နေရာရာတွင် ကြားဖူးသလို ခံစားလိုက်ရသည်။ ပရိသတ်ထဲမှ တစ်ယောက်ယောက်က ယန်ရွှမ်မှာ လင်းစိုင်ခန်းမသခင တပည့် ဖြစ်ကြောင်း အော်ပြောလိုက်သည်ကို ကြားမှသာ သူ အခြေအနေကို နားလည်သွားတော့သည်။

ဂိုဏ်းချုပ်ရဲ့ တပည့်!

နင်ရှုက ယန်ရွှမ်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး ခြိမ်းခြောက်မှုများကို ရပ်တန့်လိုက်ကာ စင်မြင့်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် သိုင်းပြိုင်ကွင်း စတင် တုန်ခါလာသည်။ တိတိကျကျ ပြောရလျှင် ချင်းရှောင်တောင် တစ်ခုလုံးက စတင် တုန်ခါလာသဖြင့် တပည့်များ လန့်ဖြန့်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

"ဘာဖြစ်တာလဲ... ငလျင်လှုပ်တာလား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ထိုက်ခွန်းတောင်တန်းမှာ ငလျင်လှုပ်တယ်လို့ တစ်ခါမှ မကြားဖူးပါဘူး..."

"ဘာလို့ တုန်ခါမှုက တောင်ပေါ်ကနေ လာနေသလို ခံစားရတာလဲ..."

"မလန့်ကြနဲ့... ဒီနေရာက ချင်းရှောင်ဂိုဏ်း... မသေမျိုးလမ်းစဉ် ကျင့်ကြံတဲ့ နေရာပဲ... ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါတို့ မကြောက်ဘူး..."

ယန်ရွှမ် ခေါင်းလှည့်ကြည့်လိုက်ရာ ဝိညာဉ်ချီစွမ်းအင်များ အပေါ်သို့ တဟုန်ထိုး တက်သွားသည်ကို ခံစားလိုက်ရသဖြင့် ဘာဖြစ်နေသနည်း ဟု သိချင်စိတ် ဖြစ်ပေါ်သွားလေတော့သည်။

All Chapters