← Chapters

ဂိုဏ်းချုပ် အတိဒုက္ခ ဖြတ်ကျော်ခြင်း…..

Vol. 19 Ch. 186

ဂိုဏ်းချုပ် အတိဒုက္ခ ဖြတ်ကျော်ခြင်း…..

Vol. 19 Ch. 186

မသေမျိုးဂူ အတွင်း၌….

လီချင်းချိုးက ကျောက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး မသေမျိုးဂူ တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

ချူကျင်း၊ နန်ကုန်းအာ၊ လင်းချွမ်နှင့် ရွှေသူငယ်တို့ အားလုံးက သူ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ မသေမျိုးဂူ အတွင်းရှိ ဝိညာဉ်ချီစွမ်းအင်များ လီချင်းချိုးဆီသို့ ရူးသွပ်စွာ တိုးဝင်သွားသည်ကို သူတို့ ခံစားနိုင်ကြပြီး သူတို့ကို တွေဝေသွားစေကာ ဘာတွေ ဖြစ်နေသနည်း ဟု တွေးတောနေမိစေသည်။

လီချင်းချိုး မျက်လုံးဖွင့်လိုက်တော့ သူ့မျက်လုံးများမှ ပုံမှန်မဟုတ်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသဖြင့် တစ္ဆေသုံးကောင်နှင့် မိစ္ဆာတစ်ကောင်တို့မှာ တစ်ခုခုကို မြင်ယောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူ မတ်တတ်ရပ်လိုက်ပြီး အဆုံးစွန် လှုပ်ရှားမှု နည်းစနစ်ကို ချက်ချင်း အသုံးပြုလိုက်သည့်အခါ ချင်းရှောင် တောင်၏ ထိပ်သို့ ရောက်ရှိသွားသည်။

သူ ပေါ်လာသည်နှင့် သူ့ ပတ်ပတ်လည်တွင် ချီစွမ်းအင် ရေဝဲတစ်ခု ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီစွမ်းအင်များက သူ့ထံသို့ တိုးဝင်လာကြသည်။

နောက်ဆုံးတော့ ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်ရှိဖို့ အခွင့်အရေး တွေ့ပြီပဲ...

နတ်စွမ်းအင်တစ်ခုကို သူ ခံစားလိုက်ရသောအခါ ယခုလိုအဖြစ်အပျက်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

မှန်တယ်... ဒါအတိဒုက္ခပဲ... သူ ဤကဲ့သို့ ခံစားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

အမြင့်မြတ်ဆုံးသော စွမ်းအားတစ်ခုက သူ့ကို စောင့်ကြည့်နေပြီး အမှောငထဲမှနေ၍ ဖိအားပေးနေသကဲ့သို့ပင်။

သူ့ရဲ့စိတ်နှလုံးသားက သူ့ကို တောင်ထိပ်သို့ လမ်းပြခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာတွင် တောင်၏ ပိတ်ဆို့မှု မရှိဘဲ ကောင်းကင်၏ စွမ်းအားကို သူ ပိုမို ကောင်းမွန်စွာ ခံစားနိုင်ပေသည်။ သူ့ အကြည့်အောက်တွင် ကောင်းကင်၌ မိုးတိမ်မည်းများ စတင် စုဝေးလာပြီး လျင်မြန်စွာ ပြင်းထန်လာကာ ပိုပို၍ ဖိနှိပ်မှုများ ဖြစ်လာနေသည်။

လီချင်းချိုး အနည်းငယ် လန့်ဖြန့်သွားသည်။ ဒါက သူ ပထမဆုံးအကြိမ် ကောင်းကင် အတိဒုက္ခနဲ့ ရင်ဆိုင်ရတာပဲ...

ဟွမ်ယွမ်ကျမ်းစာတွင် ကျင့်ကြံခြင်း တာအိုတစ်ခု ဖြစ်သည့် အတိဒုက္ခ ဖြတ်ကျော်ခြင်း နည်းလမ်းကို မှတ်တမ်းတင်ထားပြီး ၎င်းကို အဓိက ဖြစ်ရပ်များအတွင်း အသုံးပြုသည်။ အဆင့်ကျော်လွန်မှုများတွင် အမြဲတမ်း ကောင်းကင် အတိဒုက္ခ ပါဝင်နေတတ်သည်။အတိဒုက္ခကို ကျော်လွှားနိုင်ပါက အသွင်ပြောင်းလဲမှုကို ဖြစ်စေပြီး မကျော်လွှားနိုင်ပါက အနာဂတ်တွင် အန္တရာယ် ဖြစ်စေလိမ့်မည်။ သင် အသက်ရှင်ကျန်ရစ်ခဲ့လျှင်တောင် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် ခက်ခဲပေလိမ့်မည်။

လီချင်းချိုးက တာအိုလမ်းစဉ်စနစ်ကို ခေါ်ထုတ်လိုက်ပြီး ကံကြမ္မာကို ထပ်ကြည့်လိုက်သည်။

[ ကောင်းကင်မိုးကြိုးဝိညာဉ်အမြစ် - မိုးကြိုးစွမ်းအင် တာအို မှော်အတတ်များအတွက် ထူးချွန်သော ပါရမီ ပါရှိသည့် ရှားပါးသော စွမ်းအင်တစ်ခုတည်း ဝိညာဉ်အမြစ် ဖြစ်သည်။ မိုးကြိုးအတိဒုက္ခသည် တကယ်တမ်းတွင် ကောင်းကင်မိုးကြိုးဝိညာဉ်အမြစ်အတွက် အားသာချက် တစ်ခု ဖြစ်သည်။ ]

ဒါက မြှင့်တင်ပေးတာပဲ... လီချင်းချိုး စိတ်သက်သာရာ ရသွားသော်လည်း အနည်းငယ်တော့ မအီမသာ ဖြစ်နေဆဲပင်။ ၎င်းကို မြှင့်တင်ပေးသည်ဟု ဖော်ပြထားရုံဖြင့် ဒဏ်ရာ မရနိုင်ဟု မဆိုလိုချေ။

မဖြစ်ဘူး... ပေါ့ဆလို့ မရဘူး...

လီချင်းချိုး လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တင်ပျဉ်ခွေ ထိုင်ကာ သူ့ခေါင်းပေါ်ရှိ မိုးတိမ်မည်းများကို စိုက်ကြည့်ရင်း ကောင်းကင် အတိဒုက္ခ စတင်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ချင်းရှောင်တောင်က တုန်ခါနေဆဲ ဖြစ်သော်လည်း ပြင်းထန်မှုမှာ လျော့ကျလာနေသည်။ တောင်ထိပ်မှ မိုးခြိမ်းသံများ စတင် မြည်ဟည်းလာပြီး ကျယ်ပြန့်သော မိုးတိမ်မည်းကြီးများ ပ်ုမိုကျယ်ပြန့်လာကာ တောင်ပေါ်နှင့် တောင်အောက်ရှိ တပည့်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

အနီးအနားရှိ အခြားတောင်များမှ တပည့်များပင်လျှင် ဤမြင်ကွင်းဆီသို့ ဆွဲဆောင်ခံခဲ့ရသည်။ တစ်စုံတစ်ယောက် လင်းရှောင်ခြံဝင်းဆီသို့ အပြေးအလွှား လာနေသည်ကို လီချင်းချိုး ခံစားလိုက်ရပြီး ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် ယွမ်ချီတို့ထံမှ သတင်းစကားများကိုလည်း ရရှိခဲ့သည်။

သူတို့ လင်းရှောင်ခြံဝင်း အနားသို့ ရောက်လာသောအခါ …

"တောင်ထိပ်နားကို ဘယ်သူမှ မလာရဘူး... ငါ အတိဒုက္ခ ဖြတ်ကျော်ခြင်း လုပ်နေတယ်..."

သူ့အသံက ကျယ်လောင်ပြီး အဝေးအထိ ရောက်ရှိသွားသဖြင့် တောင်ပေါ်သို့ တက်လာနေသော ကျန်းယွီချွန်းနှင့် အခြားသူများ အပြင် ထိုအသံကို ကြားလိုက်ရသော တပည့်များ အားလုံးမှာ မှင်သက်သွားကြသည်။

အတိဒုက္ခ ဖြတ်ကျော်ခြင်း…

သူတို့ နားကြားမှားသွားသည်ဟု မသိစိတ်မှပင် တွေးလိုက်ကြသည်။

ဂျိမ်း……

အန္တရာယ်ကင်းသော မိုးခြိမ်းသံ တစ်ခုက တွေဝေနေဆဲ ဖြစ်သော တပည့်များကို လန့်ဖြန့်သွားစေသည်။ ကျန်းယွီချွန်းက လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ယွမ်ချီနှင့် အခြား နောက်လိုက်များဘက်သို့ လှည့်ကာ….

"အောက်ကို သတင်းပေးလိုက်... အထူးသဖြင့် ဇီယန်တောင်ထွတ်ကို... တပည့်တွေကို ချင်းရှောင်တောင်ထိပ်နားကို ဓားပျံစီးပြီး မလာဖို့ တားမြစ်လိုက်..."

အားလုံးက ချက်ချင်းပင် သဘောတူလိုက်ကြပြီး တောင်အောက်သို့ ပြေးဆင်းသွားကာ ဂိုဏ်းချုပ်က အတိဒုက္ခ ဖြတ်ကျော်နေကြောင်း သတင်းဖြန့်လိုက်ကြသည်။ သတင်းကြားရသော တပည့်တိုင်း အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးသွားကြသည်။

ဘာ အတိဒုက္ခကို ဖြတ်ကျော်နေတာလဲ..

လီတုန်းယွဲ့ တောင်ထိပ်ကို မော့ကြည့်လိုက်သည်။ သူမ ကြည့်နေသော နေရာမှ ကောင်းကင်ကြီးက မှောင်မိုက်နေပြီး မိုးကြိုးတိမ်တိုက်များ အတွင်း၌ ​မြွေနဂါးများနှင့်တူသော လျှပ်စီးကြောင်းများ ယှက်နွှယ်နေကာ ထိတ်လန့် အံ့သြဖွယ် ကောင်းနေပေသည်။

"အစ်ကိုကြီး..."

အတိဒုက္ခ ဖြတ်ကျော်ခြင်းက ကောင်းသည့်အရာလား၊ ဆိုးသည့်အရာလား ဆိုသည်ကို လီတုန်းယွဲ့ မပြောနိုင်သော်လည်း ကောင်းကင်၏ လွှမ်းမိုးနိုင်သော စွမ်းအားက သူမကို မအီမသာ ဖြစ်စေပြီး လီချင်းချိုး တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။

ကျန်းယွီချွန်းခင်မျာလည်း သူမကို မနှစ်သိမ့်ခဲ့ချေ။ သူ လှည့်၍ တောင်အောက်သို့ ဆင်းသွားကာ ချင်းရှောင်တောင် ကစဉ့်ကလျား မဖြစ်စေရန် ထိန်းသိမ်းရန် တာဝန်ယူရပေဉီးမည်။

လီချင်းချိုးက အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။ သူ့စိတ်က ကောင်းကင် အတိဒုက္ခ အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေသည်။ ရွှေသူငယ်က သူ၏ ပခုံးပေါ်တွင် ရုတ်တရက် ပေါ်လာပြီး သူနှင့်အတူ ကောင်းကင်ကို မော့ကြည့်နေသည်။

"မင်း အပေါ်မှာ ဘာလုပ်နေတာလဲ..."

လီချင်းချိုးက အံ့အားသင့်စွာ မေးလိုက်သည်။ ရွှေသူငယ်ကလည်း ပြန်ဖြေရှာသည်။

"ကျွန်တော် သခင်နဲ့အတူ အေးအတူ ပူအမျှ နေမယ်..."

သူ့အသံက အေးစက်နေသော်လည်း အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အရွယ် ကောင်လေး တစ်ယောက်၏ အသံကဲ့သို့ ကလေးဆန်မှု အနည်းငယ် ရောယှက်နေသည်။ သူ မမျှော်လင့်ဘဲ ပြောလိုက်သော စကားများကြောင့် လီချင်းချိုး နှလုံးသားထဲတွင်နက်နက်ရှိုင်းရှိုင်း လှုပ်ခတ်သွားသည်။

မိစ္ဆာတွေရဲ့ ခံစားချက်တွေက လူတွေလောက် နက်ရှိုင်းမှု မရှိဘူးဆိုတာ မဟုတ်ပါလား…

"အေးအတူ ပူအမျှ နေမယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ... ဒါက ကောင်းတဲ့ ကိစ္စပဲ... ငါက နယ်ပယ်ကြီးကို ကျော်ဖြတ်တော့မှာ... မင်း အောက်ဆင်းပြီး စောင့်နေ... ငါက ခံနိုင်ရည် ရှိပေမဲ့ မင်းက ခံနိုင်မှာ မဟုတ်ဘူး..."

လီချင်းချိုးက ရွှေသူငယ်ကို ဖမ်းဆုပ်ပြီး သူ့နောက်သို့ ပစ်လိုက်ပြီး လင်းချွမ်၊ နန်ကုန်းအာနှင့် ချူကျင်းတို့ကို မျက်လုံးထောင့်မှနေ၍ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့လည်း တူတူပဲ... ကောင်းကင် မိုးကြိုးက မင်းတို့ကို ပိုပြီး ထိခိုက်စေလိမ့်မယ်... အဝေးကို သွားကြ..."

လီချင်းချိုး လိမ်ပြောနေပုံ မပေါ်သည်ကို မြင်သောအခါ တစ္ဆေသုံးကောင်မှာ ရွှေသူငယ်နောက်မှ တောင်အောက်သို့ ဆင်းသွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ သူတို့က နောက်ကို အကြိမ်ကြိမ် လှည့်ကြည့်နေကြပြီး သူတို့၏ အကြည့်အောက်တွင် တရားထိုင်နေသော လီချင်းချိုးက ရုတ်တရက် လေထဲသို့ ပေါလောပေါ်နေသည်။

လီချင်းချိုး အတော်လေး အံ့အားသင့်သွားသော်လည်း အခြားသူများ ရှေ့တွင် အားနည်းချက် ပြ၍ မရကြောင်း သိထားသဖြင့် သူ လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။

ကောင်းကင်နှင့်မြေပြင်မှ ဝိညာဉ်ချီစွမ်းအင်များက သူ့ကို လေထဲသို့ မြှောက်တင်လိုက်ရာ မမြင်ရသော လက်တစ်ဖက်က သူ့ကို ကောင်းကင် အတိဒုက္ခနှင့် ရင်ဆိုင်နိုင်ရန် အပေါ်သို့ မြှောက်တင်ပေးနေသကဲ့သို့ပင်။

နတ်စွမ်းအင်များက အားယူနေဆဲ ဖြစ်ပြီး မိုးခြိမ်းသံများ ပိုမို ကျယ်လောင်လာသည်။ ထိုအချိန်တွင် ဂိုဏ်းချုပ် အတိဒုက္ခ ဖြတ်ကျော်တော့မည်ဟူသော သတင်းက တောင်အောက်သို့ ပျံ့နှံ့သွားသဖြင့် တပည့်များ ပိုမို များပြားလာကာ အိမ်ခေါင်မိုးများနှင့် သစ်ပင်ထိပ်ဖျားများပေါ်သို့ ခုန်တက်ကြပြီး တောင်ထိပ်ဆီသို့ မော့ကြည့်နေကြသည်။

တောင်ခြေတွင်….

ဘုန်းကြီးတပါးနှင့် သခင်မရွှီတို့က ရှီးမြစ်ကို ဖြတ်ကူးပြီးစ အချိန်တွင် ချင်းရှောင်တောင်ထိပ်ကို မော့ကြည့်လိုက်ကြပြီး ဖိနှိပ်မှုများ ရှိနေသော မိုးကြိုးတိမ်တိုက်များကြောင့် မျက်မှောင်ကြုတ်သွားကြသည်။

"မိုးရွာတော့မယ်... ငါတို့ မြန်မြန် သွားဖို့ လိုတယ်..." ဟု ဘုန်းတော်ကြီးက ပြောလိုက်တော့ သခင်မရွှီက ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ သားကို ချီကာ ခြေလှမ်းသွက်လိုက်သည်။

ဂျိမ်း……

နားကွဲမတတ် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုက သခင်မရွှီ၏ သားဖြစ်သူ လီဟွိုင်ကျိန်းကို လန့်ဖြန့်သွားစေပြီး မိခင်၏ ရင်ခွင်ထဲတွင် ကျုံ့ကျုံ့လေး နေနေရှာသည်။ သူတို့တွေ ချင်းရှောင် တောင်ခြေရှိ တောင်တံခါးသို့ ရောက်လာသောအခါ ချင်းရှောင်ဂိုဏ်းမှ တပည့်များလည်း တောင်ထိပ်ကို မော့ကြည့်နေကြပြီး မိုးခိုရန် နေရာ မရှာကြသည်ကို တွေ့လိုက်ရသည်။

တပည့်များက တစ်ယောက်ပြီး တစ်ယောက် ဓားပျံစီး၍ သစ်တောထဲမှ ပျံထွက်လာကြပြီး တောင်တံခါးကို အမြန် ဖြတ်သန်းကာ ဇီယန်တောင်ထွတ်ဆီသို့ ပျံသန်းသွားကြသည်။

"ဂိုဏ်းချုပ်က အတိဒုက္ခ ဖြတ်ကျော်တော့မယ်... ဘယ်သူမှ ဓားပျံစီးပြီး လေထဲ မတက်ရဘူး..."

ဤတပည့်များက ဤစကားကို ထပ်ခါတလဲလဲ အော်ပြောနေကြသဖြင့် တံခါးစောင့် တပည့် မှင်သက်သွားပြီး ဘုန်းတော်ကြီးနှင့် သခင်မရွှီတို့လည်း အံ့အားသင့်သွားကြသည်။ သူတို့ အကြားမှားလေသလား ဟုပင် တွေးလိုက်မိကြသည်။

ကောင်းကင်က မိုးကြိုးတိမ်တိုက်တွေနဲ့ လီချင်းချိုး အတိဒုက္ခ ဖြတ်ကျော်တာနဲ့ ဆက်စပ်နေတယ် ဆိုတာ ယုံရခက်လိုက်တာ…..

...

လေထဲတွင် ထိုင်နေသော လီချင်းချိုး၏ ခန္ဓာကိုယ်ကို ဝိညာဉ်ချီစွမ်းအင်များဖြင့် ဝိုင်းရံခံထားရသည်။ သူ့ရဲ့ဝတ်ရုံက လေပြင်းများကြောင့် ပြင်းထန်စွာ လွင့်ဝဲနေပြီး အနှောင့်အယှက်များ အားလုံးကို ဘေးဖယ်ကာ ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံရန် အပြည့်အဝ အာရုံစိုက်လိုက်သည်။

ရုတ်တရက် သူ မျက်လုံးဖွင့်လိုက်ပြီး ထိုတစ်ခဏချင်းမှာပင် ပေရာပေါင်းများစွာ ရှည်လျားသော လျှပ်စီးကြောင်းတစ်ခုက အောက်သို့ ပစ်ချလာပြီး သူ့အပေါ်ကျရောက်လာလေသည်။

ထုံကျင်သွားတာပဲ…..

ဤသည်မှာ လီချင်းချိုး၏ ပထမဆုံး ခံစားချက် ဖြစ်သည်။ သို့သော်လည်း နာကျင်မှု တစ်စုံတစ်ရာ မခံစားရသဖြင့် အနည်းငယ် တည်ငြိမ်သွားပြန်သည်။

ကောင်းကင်မိုးကြိုးဝိညာဉ်အမြစ်က တကယ်ကို အစွမ်းထက်ပုံရတယ်...

တောင်ခြေတွင်….

ရှန်ယွဲ့နှင့် ရွှီနင်းတို့က ဆယ်ပေခန့် ကွာဝေးသောနေရာက သစ်ပင်ထိပ်ပေါ်တွင် ရပ်နေကြသည်။

လီချင်းချိုးကို လျှပ်စီးကြောင်းထိမှန်သွားသည်ကို မြင်သောအခါ သူတို့၏ နှလုံးခုန်သံများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် လီချင်းချိုး၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားခြင်း သို့မဟုတ် အောက်သို့ ပြုတ်ကျသွားခြင်း မရှိသည်ကို သတိပြုမိသွားမှ သူတို့ သက်ပြင်းချနိုင်တော့သည်။

“အတိဒုက္ခ ဖြတ်ကျော်ပြီး မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတာ... ဒါက ကောင်းကင်ကို ဆန့်ကျင် တိုက်ခိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်လား...မိုးကြိုးအတိဒုက္ခနဲ့ ရင်မဆိုင်ရခင် ဘယ်လောက်အထိ ကျင့်ကြံရမလဲ ဆိုတာ သိချင်လိုက်တာ..."

ရှန်ယွဲ့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ကောင်းကင်၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူ့ကို အကြောက်တရားများ ပြည့်နှက်သွားစေသည်။ လီချင်းချိုးက ဤမိုးကြိုးများကို မည်သို့ ခံနိုင်ရည် ရှိသနည်း ဆိုသည်ကို သူ စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေသည်။ သူက သေချာ အကဲခတ်ကြည့်ရှုရန်နှင့် အနာဂတ်တွင် သူကြုံတွေ့ရမည့် အတိဒုက္ခ ဖြတ်ကျော်ခြင်းအတွက် ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်သည်။

ရွှီနင်းလည်း အလားတူပင် တွေးနေပေသည်။

ဂိုဏ်းအတွင်း ကျင့်ကြံခြင်းတွင် ဒုတိယ အဆင့်ရှိသူ တစ်ယောက် အနေဖြင့် ကောင်းကင် အတိဒုက္ခနှင့် ဟွမ်ယွမ်ကျမ်းစာတို့ အကြား ဆက်စပ်မှုကို သူမ ပို၍ မြင်နိုင်ပေသည်။

သူတို့၏ ပုံရိပ်များကို နောက်ယောင်ခံ၍ တောင်အောက်သို့ ကြည့်လိုက်လျှင် သစ်ပင်ထိပ်ဖျားများ၊ အိမ်ခေါင်မိုးများနှင့် ကျောက်တုံးများပေါ်တွင် ရပ်နေသော လူများစွာကို မြင်တွေ့ရပေမည်။ ကျောက်ကျိန်း၊ ရွှီကျင်း၊ လီရန်၊ ဟန်လန်၊ ကျိယာ၊ ယန်ကျွယ်တိန်၊ ချန်ချန်ဟိုင်၊ ချိုင်ယွင်ရှန်းနှင့် အခြားသူများ အပါအဝင် လူအရေအတွက် တိုးပွားလျက် ရှိနေသည်။

သူတို့က တောင်ထိပ်ကို လျှပ်စီးကြောင်းများ ပစ်ချနေသည်ကို ကြည့်ရင်း အားလုံး အကြောက်တရားဖြင့် တုန်လှုပ်နေကြသည်။

သူတို့က လီချင်းချိုးကို မမြင်ရသော်လည်း တောင်ထိပ်တစ်ခုကို လျှပ်စီးကြောင်းများ အဆက်မပြတ် ပစ်ချနေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး ထိုမြင်ကွင်းကလည်း အတော်လေး ခမ်းနားထည်ဝါလှပေသည်။

ဘုန်း... ဘုန်း... ဘုန်း…

လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု အောက်သို့ ပစ်ချလာပြီး လီချင်းချိုးအပေါ် ကျရောက်လာနေသည်။ သူ့ဝတ်ရုံများ လွင့်ဝဲနေသော်လည်း ပျက်စီးသွားခြင်း မရှိချေ။ ၎င်းမှာ သူ့ ဝတ်ရုံများကို ပစ္စည်းကောင်းများဖြင့် ပြုလုပ်ထားသောကြောင့် မဟုတ်ဘဲ ကောင်းကင်မိုးကြိုးက သူ့ ဝတ်ရုံများကို ကျော်လွန်၍ သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောကြောင့်ပင်။

ကောင်းကင်မိုးကြိုးက အတိဒုက္ခ ဖြတ်ကျော်ခြင်းကိုသာ ပစ်မှတ်ထားပုံရသဖြင့် ကောင်းကင်နှင့်မြေပြင် ဝိညာဉ်ချီစွမ်းအင်များက လီချင်းချိုးကို အပေါ်သို့ မြှောက်တင်ပေးထားကာ တောင်ထိပ် ဖျက်ဆီးမခံရအောင် ကာကွယ်ပေးထားခြင်း ဖြစ်သည်။

လျှပ်စီးကြောင်းများက ပိုမို မြန်ဆန်စွာ ပစ်ချလာသည်။ လီချင်းချိုးခင်မျာ တစ်ကိုယ်လုံး ထုံကျင်နေသည်ကို ခံစားရပြီး တစ်ချိန်တည်းမှာပင် အရိုးများထဲတွင် အင်းဆက်ပိုးမွှားများ တွားသွားနေသကဲ့သို့ ယားယံလာသည်။

သူ မျက်လုံးများကို ထပ်မှိတ်လိုက်ပြီး ဟွမ်ယွမ်ကျမ်းစာ၏ စိတ်နှလုံးကျင့်ကြံခြင်းနည်းစနစ်ကို စတင် အသုံးပြုလိုက်ရသည်။ စိတ်နှလုံးကျင့်ကြံခြင်းနည်းစနစ်များကို ထပ်ခါတလဲလဲ အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်မဟုတ်သော အရာများနှင့် သူ တဖြည်းဖြည်း ရင်းနှီးလာပြီး ၎င်းတို့ကိုပင် စတင် သဘောကျလာသည်။

အချိန် အတန်ကြာပြီးနောက် ဝိညာဉ်အာရုံ ပိုမို အားကောင်းလာသည်ကို လီချင်းချိုး ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူ မျက်လုံး မှိတ်ထားလျှင်တောင် သူ့ အမြင်တွင် လောကကြီးက ပိုမို ရှင်းလင်းလာသည်။

ရုတ်တရက် လီချင်းချိုး၏ ဝိညာဉ်အာရုံက အခြား ကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားပြီး ကိုယ်ပိုင် ခန္ဓာကိုယ် အတွင်းရှိ အရာအားလုံးကို သူ မြင်တွေ့နိုင်နေသည်။

သွေးကြောများ၊အသွေးအသားများ၊ ကိုယ်တွင်း အင်္ဂါများ၊ အရိုးများ စသည်ဖြင့် အားလုံးကို မြင်နေရသည်။ ဒါတွေကို အနီးကပ် ချဲ့ကြည့်နိုင်ပြီး သွေးထဲတွင် ပုန်းကွယ်နေသော လျှို့ဝှက်ချက်များကိုပင် မြင်တွေ့နိုင်ပေသည်။

ဤခံစားချက်က လီချင်းချိုးကို စိတ်ဝင်စားသွားစေပြီး စိတ်ထဲမှ လျှို့ဝှက်စွာ တွေးလိုက်မိသည်။

"ဒါက ဒဏ္ဍာရီလာ အတွင်းပိုင်း အမြင်ဆိုတာများလား..."

သူသည် ခန္ဓာကိုယ် အတွင်းရှိ အရာအားလုံးကို ရှင်းလင်းသော အဏုကြည့်မှန်ဘီလူးဖြင့် စောင့်ကြည့်နေသကဲ့သို့ပင် မြင်နေရပြီး နေရာ တစ်ခုမျှ မကျန်ရစ်ချေ။ မူလချီစွမ်းအင်များက ကျယ်ပြောလှသော သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ လှိုင်းထန်နေပြီး အရိုးများနှင့် ကြွက်သားများက တောင်တန်းများနှင့် တူကာ အသွေးအသားများ အတွင်း၌ မရေမတွက်နိုင်သော ကမ္ဘာငယ်လေးများ ရှိနေသည်။

ဝိညာဉ်အာရုံ၏ အသွင်ပြောင်းလဲမှုက လီချင်းချိုးအား သူ့ရဲ့ ရုပ်ခန္ဓာအကြောင်း ပိုမို နက်ရှိုင်းစွာ နားလည်လာစေခဲ့သည်။

ထို့ပြင် လီချင်းချိုးသည် ဝိညာဉ်အာရုံက ဒြပ်မဲ့ အာရုံတစ်ခုမှနေ၍ ဒြပ်ရှိ စွမ်းအားတစ်ခုအဖြစ်သို့ စုစည်းလာနေကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူက ဝိညာဉ်အာရုံကို သူ့ခန္ဓာကိုယ် ပြင်ပသို့ ရွှေ့လိုက်ပြီး အောက်ဘက်ရှိ ကျောက်တုံးတစ်တုံးကို စိုက်ကြည့်လိုက်ရာ သူ့ အတွေးများဖြင့် ထိန်းချုပ်ထားသကဲ့သို့ ကျောက်တုံးက အပေါ်သို့ တက်လာသည်။

ဒါက အစစ်အမှန် ဝိညာဉ်အသိအာရုံအဆင့်လား...

လီချင်းချိုးမှာ အလွန် ဝမ်းသာသွားပြီး ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လိုက်ရသလိုခံစားလိုက်ရသည်။ သူသည် အတိဒုက္ခ ဖြတ်ကျော်နေစဉ်မှာပင် ဝိညာဉ်အာရုံကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ သူ စိတ်လှုပ်ရှားနေသည့် အချိန်တွင် ချင်းရှောင်ဂိုဏ်း တစ်ခုလုံးရှိ တပည့် သောင်းချီက သူ့အတွက် အသက်အောင့်ထားကြသည်။

တောင်ခြေတွင်ပင် တပည့်များက ကောင်းကင်ယံ၌ လျှပ်စီးများ လက်နေသည်ကို မြင်တွေ့နိုင်ပြီး မိုးတိမ်များက ၎င်းကို လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ကောင်းကင် အတိဒုက္ခက ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်စေပြီး တပည့်များကြားတွင် ပြင်းထန်သော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

သိုင်းပြိုင်ကွင်းတွင်…

ယဲ့နန်က မြေကြီးပေါ်၌ တင်ပျဉ်ခွေ ထိုင်ကာ ဒဏ်ရာများကို ကုသရင်း တောင်ထိပ်ဆီသို့ မော့ကြည့်နေပြီး သူ့ မျက်နှာမှာ အကြောက်တရားများ ပြည့်နှက်နေသည်။

ဂိုဏ်းချုပ်က ဘယ်လို အတိဒုက္ခမျိုးကို ဖြတ်ကျော်နေတာလဲ…

ယန်ရွှမ်ကလည်း သူ့ဘေးတွင် ရပ်နေပြီး တောင်ထိပ်ကို ကြည့်နေသည်။

ထိုအချိန်တွင် တပည့်တစ်ဦးက ဓားပျံစီး၍ အောက်သို့ ဆင်းလာပြီး အော်ပြောလိုက်သည်။

"ဂိုဏ်းချုပ်က သူရဲ့ရုပ်ခန္ဓာကို ကောင်းကင် မိုးကြိုးရဲ့ သန့်စင်မှုကို ခံယူနေတာ..."

ဘုန်း……

ဤနေရာရှိ တပည့်များ ပို၍ စိတ်လှုပ်ရှားသွားကြပြီး ဆွေးနွေးမှုများက ပိုမို ကျယ်လောင်လာသော်လည်း သူတို့ ဘယ်လောက်ပဲ ကျယ်လောင်စွာ ပြောနေပါစေ မိုးခြိမ်းသံများကို မဖုံးလွှမ်းနိုင်ချေ။

မိုးခြိမ်းသံများက မြည်ဟည်းနေပြီး တောင်များကြားတွင် ပဲ့တင်ထပ်ကာ သစ်တောထဲရှိ သားရဲတိရစ္ဆာန်များကို ကြောက်လန့်တကြား ထွက်ပြေးသွားစေသည်။

ကောင်းကင် မိုးကြိုး ဒါဇင်ပေါင်းများစွာကို ခံနိုင်ရည် ရှိပြီးနောက် လီချင်းချိုးက သူ့အတွက် လုံးဝ အသစ်ဖြစ်သော နယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး များစွာ လျင်မြန်သော နှုန်းထားဖြင့် မူလချီစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားကြသည်။

မူလချီစွမ်းအင်က တဟုန်ထိုး တက်လာသည်နှင့်အမျှ ၎င်း၏ အခြေခံ သဘာဝမှာလည်း အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းသွားသည်။

ဝိညာဉ်အသိအာရုံအဆင့်…

လီချင်းချိုး ဤနယ်ပယ်ထဲသို့ အမှန်တကယ် ဝင်ရောက်သွားသောအခါ ဝိညာဉ်အသိအာရုံအဆင့်က မည်မျှ ထူးခြားကြောင်း သူ နားလည်သွားပြီး ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုများမှာလည်း တိုးတက်လာခဲ့သည်။

All Chapters