ဝိညာဉ်အသိအာရုံအဆင့်သို့ ထိုးဖောက်ဝင်ရောက်ခြင်း…..
Vol. 19 Ch. 187
ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီစွမ်းအင်များ လီချင်းချိုးထံသို့ ပိုမို လျင်မြန်သော နှုန်းထားဖြင့် တိုးဝင်လာသည်နှင့်အမျှ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ချင်းရှောင်တောင်ပေါ်ရှိ သစ်တောများကို ပြင်းထန်စွာ တုန်လှုပ်သွားစေကာ တောင်စောင်းတစ်လျှောက် ကျယ်ပြန့်လာသော အစိမ်းရောင် လှိုင်းတံပိုးများကဲ့သို့ ဖြစ်နေလေသည်။
ရွှီနင်း၏ ဆံပင်များ လေထဲတွင် လွင့်ဝဲနေပြီး သူမ၏ ဝတ်ရုံများ ဖောင်းကြွနေကာ သစ်ပင်ထိပ်တွင် ရပ်နေသော မသေမျိုး တစ်ပါးကဲ့သို့ လေပြင်းကို မျက်နှာမူရင်း မတုန်မလှုပ် ရပ်နေသည်။ သူမ၏ အကြည့်က ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များဆီသို့ စူးစိုက်နေပြီး အကြောင်းပြချက် တစ်ခုခုကြောင့် ထိုအထဲသို့ ပျံသန်းဝင်ရောက်သွားချင်စိတ်များ ပေါ်ပေါက်လာသည်။
"ငါ ရူးနေတာ သေချာတယ်... ဒါကရော အတိဒုက္ခ ဖြတ်ကျော်ခြင်းရဲ့ အစိတ်အပိုင်း တစ်ခုများလား..."
ရွှီနင်းက ခေါင်းခါလိုက်ပြီး သူမ၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသည်။ အကယ်၍ ဒါတွေသာ အမှန်ဆိုလျှင် ဤကောင်းကင် အတိဒုက္ခက ကြည့်ရှုနေသူများကိုပင် တွေဝေသွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရှန်ယွဲ့၏ အတွေးများက သူမလောက် မရှုပ်ထွေးချေ။ အတိဒုက္ခ ဖြတ်ကျော်ပြီးနောက် လီချင်းချိုး မည်မျှ အစွမ်းထက်လာမည်ကိုသာ သူ သိချင်နေသည်။
လီချင်းချိုး အတိဒုက္ခ ဖြတ်ကျော်နေသည့် သတင်း ပျံ့နှံ့သွားသဖြင့် တပည့်များက တောင်ပေါ်တောင်အောက် အဆက်မပြတ် သွားလာနေကြပြီး ယခုအခါ အားလုံးက ဤကောင်းကင် အတိဒုက္ခကို အာရုံစိုက်နေကြသည်။
လူတချို့က လီချင်းချိုး၏ ဘေးကင်းရေးအတွက် စိုးရိမ်နေကြပြီး တချို့က သူ ဘာကြောင့် အတိဒုက္ခ ဖြတ်ကျော်နေရသနည်းဟု သိချင်နေကြကာ အခြားသူများကတော့ ရှန့်ယွဲ့လိုပင် အတိဒုက္ခ ဖြတ်ကျော်ပြီးနောက် သူ့ဆီတွင် ဘာတွေ ဖြစ်လာမလဲ ဆိုသည်ကို မျှော်လင့်နေကြသည်။
ကိုးဆယ့်ကိုးခုမြောက် ကောင်းကင် အတိဒုက္ခမိုးကြိုး ပစ်ချပြီးနောက် ကောင်းကင် အတိဒုက္ခ ရုတ်တရက် ရပ်တန့်သွားပြီး နောက်ထပ် ကောင်းကင် အတိဒုက္ခများ ထပ်မံ ဖြစ်ပေါ်မလာတော့ချေ။
တောင်များကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအင်များ တဖြည်းဖြည်းချင်း စတင် ပျောက်ကွယ်သွားပြီး တိမ်တိုက်များကို ဖောက်ထွင်း၍ နေရောင်ခြည် တစ်လိုင်းက ချင်းရှောင်တောင်နှင့် ဇီယန်တောင်ထွတ် ကြားသို့ ထိုးဆင်းလာသောအခါ တပည့်များစွာ သက်ပြင်းချနိုင်သွားကြပြီး တောင်ထွတ် နှစ်ခုမှ ဆူညံသံများက ပိုပို၍ ကျယ်လောင်လာသည်။
ထိုစဉ် လီချင်းချိုး၏ မျက်လုံးရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာသည်။
[ သင်သည် ကောင်းကင် အတိဒုက္ခကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး ကျင့်ကြံခြင်း တာအိုကို ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်လာကာ တာအိုဂိုဏ်းမှ တပည့်များ၏ နှလုံးသားထဲတွင် ကောင်းကင်ကို ဆန့်ကျင် တိုက်ခိုက်ခြင်း ဟူသော အယူအဆကို ထည့်သွင်းပေးနိုင်ခဲ့သောကြောင့် ၎င်းက တာအိုလမ်းစဉ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မှတ်တိုင်တစ်ခု ဖြစ်လာပါသည်။ သင်သည် နတ်စွမ်းအင် အမွေအနှစ် ဆုလာဘ် တစ်ခုကို ရရှိပါသည် ]
နတ်စွမ်းအင် အမွေအနှစ် ဆုလာဘ်… မဆိုးပါဘူး... ပုံမှန် အမွေအနှစ် ဆုလာဘ်ထက်တော့ ပိုကောင်းတယ်... ကံမကောင်းတာက ကံကြမ္မာ ရွေးချယ်ခွင့် မဟုတ်တာပဲ...
လီချင်းချိုး တိတ်ဆိတ်စွာ တွေးတောရင်း ကျင့်ကြံခြင်းကို စတင် စုစည်းလိုက်သည်။
ဝိညာဉ်အသိအာရုံအဆင့်သို့ ဝင်ရောက်ပြီးနောက် မူလချီစွမ်းအင် သိုလှောင်နိုင်မှု နှစ်ဆ တိုးလာသည်။ ဤအချိန်တွင် သန့်စင်ခြင်းတစ်ရာ မိစ္ဆာခန္ဓာကိုယ်ကံကြမ္မာက စတင် အကျိုးသက်ရောက်လာသည်။ သူ့ရဲ့ ခန္ဓာကိုယ်က အောက်ခြေမရှိသော တွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်လာပြီး ကောင်းကင်နှင့်မြေပြင်မှ ဝိညာဉ်ချီစွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူကာ အဆင့်မတက်မီကထက် များစွာ သာလွန်သော နှုန်းထားဖြင့် မူလချီစွမ်းအင် အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များ တဖြည်းဖြည်း ကွဲလွင့်သွားပြီး နေရောင်ခြည်များ ပိုမို ဖြာကျလာကာ ချင်းရှောင်ဂိုဏ်းကို အလင်းရောင် ပြန်လည် မြင်တွေ့ခွင့် ပေးလိုက်သည်။
ဤအတိဒုက္ခ ဖြတ်ကျော်ခြင်းက နာရီဝက်ပင် မကြာခဲ့သော်လည်း တပည့်များအတွက်တော့ တစ်နေ့တာလုံး ကြာမြင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဂိုဏ်းချုပ်၏ အတိဒုက္ခ ဖြတ်ကျော်ခြင်း အခြေအနေကို သူတို့ သိချင်နေကြပြီး ထိုရလဒ်ကြောင့် တပည့် အမြောက်အမြားက တောင်ပေါ်သို့ တက်လာကြသည်။
တပည့်များ လီချင်းချိုးကို မနှောင့်ယှက်စေရန် တားဆီးဖို့ ကျန်းယွီချွန်းက ချိုင်ယွင်ရှန်းကို ချက်ချင်း အမိန့်ပေးလိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် တောင်ထိပ်တွင် လူများဖြင့် ပြည့်နှက်နေပြီး အလွန် ကြိတ်ကြိတ်တိုး စည်ကားနေသည်။
ယွင်ချိုင်နှင့် အဖော် ခုနစ်ယောက်တို့က သစ်တောထဲတွင် ရပ်နေကြပြီး တစ်ယောက်ကို တစ်ယောက် အဝေးမှ အံ့အားသင့်စွာ ကြည့်နေကြသည်။ တာအိုဂိုဏ်းတွင် တပည့်များစွာ ရှိကြောင်း သူတို့ သိထားသော်လည်း ယနေ့ သူတို့ကို မြင်တွေ့ရချိန်တွင် သူတို့၏ ဂိုဏ်းတူ ညီအစ်ကို မောင်နှမ အရေအတွက်ကို လျှော့တွက်ထားမိကြောင်း သဘောပေါက်သွားကြသည်။
"အတိဒုက္ခ ဖြတ်ကျော်တယ် ဆိုတာကို ဒဏ္ဍာရီတွေ ပုံပြင်တွေထဲမှာပဲ ကြားဖူးတာ... ဂိုဏ်းချုပ်က တကယ်ပဲ မသေမျိုး တစ်ပါးလား..."
"အဓိပ္ပာယ်မရှိတာ... အကယ်၍ ဂိုဏ်းချုပ်သာ မသေမျိုး မဟုတ်ရင် ချင်းရှောင်ဂိုဏ်းက ဒီလောက် မြန်မြန် ဖွံ့ဖြိုးလာပါ့မလား..."
"သူ့အတွက် ငါ တကယ် စိတ်ပူတယ်... အဲဒီ လျှပ်စီးတွေက သူ့ရဲ့ ဝတ်ရုံတွေကို ဆုတ်ဖြဲပစ်လိုက်မလား..."
"နင် သူ့ရဲ့ ခန္ဓာကိုယ်ကို တပ်မက်နေတာလို့ ငါထင်တယ်..."
"အို... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... နင့်စကားတွေက ပိုပိုပြီး လွန်လာပြီ..."
မိန်းကလေး တပည့် ခုနစ်ယောက်က စကားပြောရင်း နောက်ပြောင် ရန်ဖြစ်နေကြသည်။
ယွင်ချိုင်က သူတို့၏ စကားဝိုင်းကို နားထောင်ရန် စိတ်ဝင်စားမှု မရှိချေ။ သူမ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး လီချင်းချိုး တစ်ခုခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေသည်။ သူမ၏ ညာလက်က ခါးရှိ ဝါးဘူးပေါ်တွင် တင်ထားပြီး သူမ၏ လက်ဖဝါးမှာ ဖြူရော်နေကာ ၎င်းက တောင်ပေါ် ပျားသုံးကောင်ကို ဝါးဘူးထဲမှ ပျံထွက်သွားစေသည်။
...
တောင်အောက်ရှိ ဆူညံသံများကို ဂရုမစိုက်ဘဲ လီချင်းချိုးက ကျင့်ကြံခြင်းကို စုစည်းရန်သာ အာရုံစိုက်နေသည်။ နေဝင်ပြီး လထွက်လာသည်အထိ၊ ညဉ့်နက်လာသည်အထိ ချင်းရှောင်တောင်တခွင် စည်ကားနေဆဲ ဖြစ်ပြီး ခြံဝင်းတိုင်းတွင် မီးများ အမြဲ လင်းထိန်နေသည်။
လီချင်းချိုးက ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီစွမ်းအင်များကို စုပ်ယူနေဆဲ ဖြစ်သော်လည်း လုပ်ငန်းစဉ်က ယခင်ကလောက် အံ့မခန်း မဖြစ်တော့ချေ။ လီချင်းချိုး၏ မူလချီစွမ်းအင် အပြည့်အဝ ပြည့်ဝလာစေရန် သုံးရက်နှင့် သုံးည အချိန်ယူခဲ့ရသည်။
ဝိညာဉ်အသိအာရုံအဆင့် ပထမအလွှာ…
အသက် နှစ်ဆယ့်ရှစ်နှစ် အရွယ်တွင် ဝိညာဉ်အသိအာရုံအဆင့် ပထမအလွှာသို့ ရောက်ရှိခြင်းမှာ အတိတ်က သူ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းနှင့် မည်သို့ နှိုင်းယှဉ်ရမည်ကို လီချင်းချိုး မသေချာသော်လည်း ယနေ့ လောကတွင် မည်သူကမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ကြောင်းတော့ သူ သေချာပေါက် သိနေ၏။
ဂုဏ်ယူသည့်ခံစားချက်ကိုအနည်းငယ် ခံစားလိုက်ရသော်လည်း မတ်တတ်ရပ်လိုက်သည်နှင့် ၎င်းကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်သည်။ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် မာနမထောင်လွှားသင့်ဘဲ ချင်းရှောင်ဂိုဏ်းကို ရှေ့သို့ ပိုမို ဦးဆောင်နိုင်ရန် လောကကြီးကို အမြဲ သတိထားနေရမည် ဖြစ်သည်။
သူ တောင်အောက်သို့ ဆင်းလာတော့ လင်းချွမ်၊ နန်ကုန်းအာနှင့် ချူကျင်းတို့က သူ့ကို စစ်ဆေးရန် ချက်ချင်း ပျံသန်းလာကြသည်။ ရွှေသူငယ်လည်း သူ့ပခုံးပေါ်သို့ ခုန်တက်လာသည်။
"အရမ်းကောင်းတယ်... ငါ အခု ပိုမြင့်တဲ့ နယ်ပယ်ကို ရောက်သွားပြီ... မင်းတို့ မူလအားဖြည့်နယ်ပယ် နဝမအလွှာကို ရောက်တဲ့အခါ ငါ့ရဲ့ နယ်ပယ်ကို မင်းတို့ မြင်တွေ့ခွင့် ရလိမ့်မယ်..."
လီချင်းချိုးက တိုးတိတ်စွာ ရယ်မောလိုက်တော့ တစ္ဆေများနှင့် မိစ္ဆာငယ်တို့သိချင်စိတ်ပြင်းပြလာသည်။
ချူကျင်းက …
"သခင်... မိုးကြိုးပစ်ချခံရတုန်းက နာကျင်မှု မခံစားရဘူးလား..."
"ဘယ်လိုလုပ် မနာဘဲ နေမှာလဲ... ဒါက ဝိညာဉ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားတဲ့ နာကျင်မှုမျိုးပဲ... ဒါပေမဲ့ ငါက ချင်းရှောင်ဂိုဏ်းကလေ... ဂိုဏ်းချုပ် တစ်ယောက်က ဘယ်လိုလုပ် နာကျင်လို့ အော်ဟစ်နိုင်မှာလဲ... ဘယ်လောက်ပဲ နာကျင်ပါစေ ငါ ခံနိုင်ရည် ရှိရမှာပေါ့..."
ထိုအခါ ချူကျင်းမှာ လီချင်းချိုးအပေါ် အားကျလေးစားမှုများ ပြည့်နှက်သွားတော့သည်။ နန်ကုန်းအာနှင့် လင်းချွမ်တို့ကလည်း သူ့ကို မြတ်နိုးမှုများ၊ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြပြီး ရွှေသူငယ်ပင်လျှင် ခေါင်းငဲ့၍ သူ့ကို ကြည့်နေသည်။
လီချင်းချိုးက ချဲ့ကားပြောဆိုနေသော်လည်း အခြားသူများအတွက် ဤသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အခြားသူများ သူ့ကြောင့် ကောင်းကင် မိုးကြိုး၏ စွမ်းအားကို အထင်လွဲသွားမည်ကို သူ မလိုလားချေ။
သူတို့က တောင်အောက်သို့ ဆင်းလာရင်း စကားပြောဖြစ်ခဲ့ကြသည်။
လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ရောက်သောအခါ မွန်းလွဲပိုင်း အနည်းငယ် ကျော်လွန်နေပြီ ဖြစ်ပြီး လီတုန်းယွဲ့က ထိုနေရာတွင် စောင့်နေဆဲပင်။
သူ့ကို မြင်သောအခါ လီတုန်းယွဲ့ အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး ချက်ချင်း သွားကြိုလိုက်သည်။
သူမက လီချင်းချိုး အနားသို့ ရောက်လာပြီး သူ့တစ်ကိုယ်လုံးကို လှမ်းစမ်းနေသဖြင့်
"ညီမလေး... မင်း ဘာလုပ်နေတာလဲ..." ဟု လီချင်းချိုးက စိုးရိမ်တကြီး မေးလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လီတုန်းယွဲ့က မထိသင့်သော နေရာများကို မထိခဲ့ချေ။ သူမက သက်ပြင်းချလိုက်ပြီး လီချင်းချိုးကို နာကြည်းနေသော မျက်နှာအမူအရာဖြင့် မော့ကြည့်ကာ …
"ကျွန်မက အစ်ကိုကြီးအတွက် စိတ်ပူနေတာပါ... အစ်ကိုကြီး တကယ်ကို လွန်တယ်... အတိဒုက္ခ ဖြတ်ကျော်မယ့် အကြောင်းကို ကြိုမပြောဘူး... အရမ်း ရုတ်တရက် ဆန်လွန်းတယ်..."
ထိုစကားကြောင့် လီချင်းချိုး၏ နှလုံးသားထဲတွင် နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရသည်။ အခြားသော ဂျူနီယာ ညီအစ်ကို မောင်နှမများ အားလုံးက သူတို့၏ အလုပ်များကို လုပ်ရန် ထွက်သွားကြသော်လည်း လီတုန်းယွဲ့ကတော့ ဤနေရာတွင် ရှိနေဆဲပင်…
သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း…
"ဒါက ငါ ကြိုတင် ခန့်မှန်းနိုင်တဲ့ ကိစ္စမှ မဟုတ်တာ... အဆင့်ကျော်လွန်မယ့် ခံစားချက်က သူ့အလိုလို ရောက်လာနိုင်တာပဲလေ..."
လီချင်းချိုးက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။ ဤစကားကို ကြားသောအခါ လီတုန်းယွဲ့၏ မျက်မှောင်ကြုတ်မှု ပြေလျော့သွားပြီး လီချင်းချိုးကို ရှည်လျားသော စားပွဲတွင် ထိုင်ရန် ဆွဲခေါ်သွားကာ သူ့အတွက် လ္ဘက်ရည် ငဲ့ပေးလိုက်သည်။
"အစ်ကိုကြီး... အခု ဘယ်လို ခံစားရလဲ..."
"အရမ်းကောင်းတယ်... ငါ အခု မူလအားဖြည့်နယ်ပယ် နဝမအလွှာကို ကျော်လွန်ပြီး ဝိညာဉ်အသိအာရုံအဆင့် ဆိုတဲ့ ပိုမြင့်တဲ့ နယ်ပယ်ကို ရောက်သွားပြီ..."
"အလို…မူလအားဖြည့်နယ်ပယ် နဝမအလွှာကို ကျော်လွန်သွားပြီ... အစ်ကိုကြီး... တကယ် အံ့မခန်းပဲ..."
သူမ၏ မျက်နှာအမူအရာနှင့် စကားများက လီချင်းချိုး၏ ဟန်ဆောင်လိုစိတ်ကို များစွာ ကျေနပ်စေခဲ့သည်။
"မင်းလည်း ဒီလိုနေ့ရက်မျိုး ရောက်လာမှာပါ..."
ထိုအခါ လီတုန်းယွဲ့၏ မျက်နှာအမူအရာက ညှိုးနွမ်းသွားပြီး…
"ကျွန်မရဲ့ ပါရမီနဲ့ဆို မသေခင် မူလအားဖြည့်နယ်ပယ် နဝမအလွှာကို ရောက်နိုင်ဖို့တောင် မလွယ်လောက်ဘူး..."
ဤစကားများက လီချင်းချိုး၏ စိတ်လှုပ်ရှားမှုကို ချက်ချင်း လျော့ကျသွားစေသည်။ သူ မျက်မှောင်ကြုတ်သွားပြီး သူ့ရဲ့ အဆင့်ကျော်လွန်မှု ဝမ်းသာမှုမှာ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
"လင်းစိုင်ခန်းမက ဖွံ့ဖြိုးနေပြီဆိုတော့ မင်း အနီးကပ် စောင့်ကြည့်နေစရာ မလိုတော့ဘူး... လုပ်ပိုင်ခွင့်တွေကို တပည့်တွေဆီ လွှဲအပ်လိုက်ပါ... ဒါဆို မင်း ကျင့်ကြံဖို့ အချိန် ပိုရလာလိမ့်မယ်... တပည့်တွေလည်း ပျော်ရွှင်ကြလိမ့်မယ်... သူတို့လည်း လုပ်ပိုင်ခွင့် ပိုရဖို့ ကြိုးစားချင်ကြမှာပဲ..."
"အဲဒီလို လုပ်ရင်တောင် ကျွန်မရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက မမြန်လောက်ဘူးနော်..."
"အရမ်းကြီး အဆိုးမြင် မနေပါနဲ့... မင်းက ငါ မူလအားဖြည့်နယ်ပယ် နဝမအလွှာကို ကျော်ဖြတ်နိုင်ရမယ် ဆိုတဲ့ အတွေးမျိုး ရှိသင့်တယ်... ခန်းမသခင်ဆိုတဲ့ မာနကို ဘေးဖယ်ထားပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ကျင့်ကြံရမယ်... ပြီးတော့ ငါ ဒီမှာ ရှိနေတယ်လေ... မင်းတို့အတွက် အရင်းအမြစ်တွေ အများကြီး ပုံအောပေးရမယ်ဆိုရင်တောင် မင်းနဲ့ ဂျူနီယာ ညီမလေးတွေကို အဲဒီအဆင့် ရောက်အောင် ငါ အစွမ်းကုန် ကြိုးစားပေးမှာပါ..."ဟု လီချင်းချိုးက လေးနက်စွာ ပြောလိုက်ပြီး သူ၏ လေသံက နောက်ပိုင်းတွင် ဩဇာလွှမ်းမိုးမှု ရှိလာသည်။
ချင်းရှောင်ဂိုဏ်းသည် သူ၏ ပိုင်ဆိုင်မှု ဖြစ်ပြီး တပည့်များကို တတ်နိုင်သမျှ တရားမျှတစွာ ဆက်ဆံပေးနိုင်သော်လည်း ဂိုဏ်း၏ အရင်းအမြစ်များကို သူကသာ သေချာပေါက် ဆုံးဖြတ်မည် ဖြစ်သည်။ သဘာဝကျကျပင် ဂျူနီယာ ညီအစ်ကို မောင်နှမများကို မျက်နှာသာပေးမည် ဖြစ်ပြီး အခြားသူများ ပြောမည့် စကားများကို သူ မကြောက်ချေ။
လီတုန်းယွဲ့လည်း သူ့ အကြည့်ကြောင့် မှင်သက်သွားသည်။တစ်ခဏမျှ အံ့အားသင့် ငြိမ်သက်သွားပြီးနောက် သူမက ချိုသာစွာ ပြုံးလိုက်ပြီး …
"ကောင်းပါပြီ... ဒါဆို အစ်ကိုကြီးနဲ့ တတ်နိုင်သမျှ အတူတူ နေနိုင်ဖို့ ကျွန်မ တကယ်ကို ကြိုးစားပြီး ကျင့်ကြံရတော့မှာပေါ့..."
ဤသို့ဖြင့် သူတို့နှစ်ယောက်က အတိတ်က အကြောင်းများကို စတင် ပြန်လည် အမှတ်ရနေကြသည်။ သူတို့ ငယ်ရွယ်သေးသော်လည်း နှစ်ယောက်တည်း ရှိနေချိန်တိုင်း ကလေးဘဝ အကြောင်းများကို အမြဲ ပြောလေ့ရှိကြသည်။
ထိုနေ့တွင်ပင် ဂိုဏ်းချုပ်က သူ့ရဲ့ ကျင့်ကြံခြင်းကို စုစည်းပြီးစီးကြောင်း သတင်း ပျံ့နှံ့သွားသည်။
လီချင်းချိုးက မသေမျိုးဂူသို့ မပြန်ဘဲ လင်းရှောင်ခြံဝင်းတွင် စောင့်နေသည်။ ခန်းမသခင်များနှင့် သူတို့၏ တပည့်များက တစ်ယောက်ပြီး တစ်ယောက် သူ့ကို လာရောက် တွေ့ဆုံကြသည်။ သူ တကယ် ဘာမှမဖြစ်ကြောင်း မြင်တွေ့ရမှသာ သူတို့ လုံးဝ စိတ်သက်သာရာ ရသွားကြ၏။
ညနေပိုင်းတွင် လီချင်းချိုးက လင်းရှောင်ခြံဝင်းမှ ထွက်လာပြီး တပည့်များ သူ့ကို ပိုမို မြင်တွေ့နိုင်စေရန် တောင်အောက်သို့ ဆင်းလာခဲ့သည်။ တပည့်တစ်ဦးက လီချင်းချိုးအား ဘာကြောင့် အတိဒုက္ခ ဖြတ်ကျော်ရသနည်း ဟု မေးသောအခါ သူက မှန်ကန်စွာ ပြန်ဖြေခဲ့သည်။
နောက်ထပ် တပည့်တစ်ဦးက အတိဒုက္ခကို မည်သို့ ဖြတ်ကျော်ရမည်နည်းဟု သူ့ကို မေးပြန်တော့ သူက အတိဒုက္ခ ဖြတ်ကျော်ရန် ပုံသေ သတ်မှတ်ထားသော နည်းလမ်း မရှိကြောင်း၊ သို့သော် သေချာသည်မှာ ကောင်းကင် အတိဒုက္ခကို ရှောင်လွှဲ၍ မရနိုင်ဘဲ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။
နောင်တွင် ဂိုဏ်းက တပည့်များ အတိဒုက္ခ ဖြတ်ကျော်ရာတွင် ကူညီပေးနိုင်ရန် ဝင်္ကပါနှင့် မှော်ပစ္စည်းများကို လေ့လာမည် ဖြစ်သည်။ သူ ထုတ်ဖော်ပြောကြားလိုက်သော အစီအစဉ်များက တပည့်များကို များစွာ စိတ်လှုပ်ရှားသွားစေခဲ့သည်။
တောင်ပေါ်တွင် တစ်နာရီခန့် လှည့်လည်သွားလာပြီးနောက် လီချင်းချိုး နောက်ဆုံးတွင် တောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ သူ တောင်လမ်းလေး တစ်ခု တစ်လျှောက် လျှောက်လာစဉ် ရုတ်တရက် လူတစ်ယောက်က သစ်တောထဲမှ ထွက်လာသည်။
သူ ခေါင်းလှည့်ကြည့်လိုက်တော့ ယွင်ချိုင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ..."
ဤကောင်မလေးက မီးတောင် မဖွင့်ထားဘူး... လူတွေကို ခြောက်လန့်ချင်နေတာလား...
ယွင်ချိုင်က သူ့အနားသို့ လျှောက်လာပြီး သူ့ကို အထက်အောက် ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ထို့နောက် သူမက ခါးမှ ဝါးဘူးကို ယူလိုက်ပြီး
"ဂိုဏ်းချုပ်... ကျွန်မ နှလုံးစားပျားတွေကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပါပြီ... အလွန်ဆုံး တစ်နှစ်အတွင်း သူတို့ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်ပါလိမ့်မယ်..."
လီချင်းချိုးက မှေးမှိန်သော ဝိညာဉ်ချီစွမ်းအင်များ ပါဝင်သည့် သေးငယ်သော အရာများ ဘူးထဲတွင် လှုပ်ရှားနေသည်ကို ခံစားလိုက်ရသဖြင့် ပြုံးလိုက်ပြီး ချီးကျူးလိုက်သည်။
"မင်း တကယ် မွေးမြူနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... မင်း တော်တာပဲ... မင်းရဲ့ နှလုံးစားပျားတွေကို ထည့်ထားဖို့ ထျန်းကုန်းဆောင်က ဝူရှင်းယွဲ့ကို မှော်ပစ္စည်း တစ်ခု သီးသန့် ဖန်တီးပေးဖို့ ငါ ခိုင်းလိုက်မယ်..."
ထိုအခါ ယွင်ချိုင်က ခေါင်းညိတ်လိုက်ပြီး ရဲရင့်မှုကို မွေးမြူကာ ရှေ့သို့ တစ်လှမ်း တိုးလာသဖြင့် လီချင်းချိုး မျက်မှောင်ကြုတ်သွားသည်။
ဒီကောင်မလေး ဘာလုပ်မလို့လဲ...
"ဂိုဏ်းချုပ်... ကျွန်မ ပိုသန်မာလာချင်တယ်... ဂိုဏ်းချုပ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထပ်ပြီး မျှဝေခံစားပေးချင်တယ်... နှလုံးစားပျားတွေက မလုံလောက်ဘူး... ကျွန်မအတွက် အရမ်း လွယ်လွန်းတယ်... အမှန်တကယ် အစွမ်းထက်တဲ့ မှော်အတတ်တွေကို ကျွန်မ သင်ယူချင်တယ်..."
ဒါပဲလား... လီချင်းချိုး သက်ပြင်းချလိုက်သော်လည်း သူ့ မျက်နှာထားကတော့ တည်ကြည်နေဆဲပင်..
"မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်း နိမ့်နေသေးတယ်... အခု မှော်အတတ်တွေ အများကြီး ကျင့်ကြံတာက မင်းရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်... မင်း ယန်ယွမ်အဆင့် ဆဋ္ဌမအလွှာကို ရောက်တာနဲ့ ငါ သိသမျှ ပညာရပ် အားလုံးကို မင်းဆီ လက်ဆင့်ကမ်းပေးမယ်... မင်းအပေါ် ငါ မျှော်လင့်ချက် ကြီးကြီးမားမား ထားတယ်... ဂိုဏ်းမှာ အသန်မာဆုံး တပည့် ဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်တယ်... မင်းကို ငါ ယုံကြည်တယ်..."
"အသန်မာဆုံးလား..."
ယွင်ချိုင် အံ့အားသင့်သွားပြီး သူမ၏ ရင်ခုန်သံများ မြန်ဆန်လာချေပြီါ ဂိုဏ်းထဲတွင် ပါရမီရှင်များ အများအပြား ရှိသည်။ သူမ ယုံကြည်မှု ရှိသော်လည်း လုံးဝ သေချာနေခြင်းတော့ မရှိချေ။ ဒါပေမဲ့ လီချင်းချိုး ဒီလို ပြောမှတော့ သူမကလည်း ဤရည်မှန်းချက်အတွက် ကြိုးစားရမည်ပင်။ သူမ ချင်းရှောင်ဂိုဏ်း၏ အသန်မာဆုံး တပည့် ဖြစ်လာရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်ပြီး လီချင်းချိုး၏ အကဲဖြတ်မှုက မှန်ကန်ကြောင်း လောကကြီးကို သက်သေပြမည်… လီချင်းချိုးက သူမကို ကာကွယ်ပေးခဲ့သလိုမျိုး သူမကလည်း သူ့ကို ပြန်လည် ကာကွယ်ပေးချင်သည်...