← Chapters

တောင်ရွှေ့နတ်နှိမ်နင်းခြင်း….

Vol. 19 Ch. 188

တောင်ရွှေ့နတ်နှိမ်နင်းခြင်း….

Vol. 19 Ch. 188

ယွင်ချိုင်နှင့် အတန်ကြာ စကားပြောပြီးနောက် လီချင်းချိုး တောင်ပေါ်သို့ ဆက်လက် တက်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် ယွမ်လီနှင့် ထပ်မံ ဆုံတွေ့ခဲ့သည်။

ယွမ်လီက ခန္ဓာကိုယ်ကျင့်ကြံသူ တာအိုကို ဖန်တီးခဲ့ပြီးကတည်းက အရှိန်အဝါကို ဖွံ့ဖြိုးတိုးတက်စေရန်သာ အာရုံစိုက်နေခဲ့သည်။ နယ်ပယ် ကျင့်ကြံခြင်းအဆင့် မတိုးတက်သော်လည်း စွမ်းအားကတော့ တဖြည်းဖြည်း တိုးလာနေသည်။

ယွမ်လီက လီချင်းချိုးကို မြင်သောအခါ အလားတူပင် စိတ်လှုပ်ရှားနေသည်။ အတိဒုက္ခ ဖြတ်ကျော်ပြီးနောက် မည်သို့သော အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသနည်း ဆိုသည်ကို သူ အလွန် သိချင်နေသည်။ လီချင်းချိုးက ချစ်လှစွာသော တပည့်ကို ဘာမှ ဖုံးကွယ်မထားခဲ့ချေ။ ယွမ်လီ မေးသမျှကို ဖြေကြားပေးပြီး ယွမ်လီ၏ သိချင်စိတ်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့သည်။ နောက်ဆုံးတွင် လီချင်းချိုးက ယွမ်လီအား အားပေးစကားများစွာ ပြောကြားခဲ့ပြီး နောင်တစ်ချိန်တွင် ဂိုဏ်း၏ အသန်မာဆုံး တပည့် ဖြစ်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောလိုက်ရာ ပုံမှန်အားဖြင့် တည်ငြိမ်သော ယွမ်လီကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

မသေမျိုးဂူ အတွင်းသို့ ပြန်ရောက်သောအခါ လီချင်းချိုးက ကျောက်ကုတင်ပေါ်တွင် ထိုင်၍ အကြောဆန့်လိုက်သည်။

ထိုအခါ နန်ကုန်းအာက ထွက်လာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။

"သခင်... သခင့်ရဲ့ စိတ်ထဲမှာ နောင်ကျရင် ဂိုဏ်းရဲ့ အသန်မာဆုံး တပည့်က ဘယ်သူ ဖြစ်မလဲ..."

လင်းချွမ်နှင့် ချူကျင်းတို့လည်း အလားတူပင် သိချင်နေသဖြင့် အနားသို့ ပျံသန်းလာကြသည်။ သူတို့က လီချင်းချိုး နောက်သို့ လိုက်ပါလာပြီး တပည့်များစွာကို ချီးမွမ်းနေသည်ကို နားထောင်ခဲ့ရရာ မည်သည့် စကားက အမှန်ဖြစ်ပြီး မည်သည့် စကားက အတုဖြစ်ကြောင်းကို မခွဲခြားနိုင်တော့ချေ။ သို့သော်လည်း ချင်းရှောင်ဂိုဏ်း အတွင်း၌ ပါရမီရှင် အများအပြား ရှိနေသည်ကိုတော့ သူတို့ ဝန်ခံရမည်ပင်။ ထိုပါရမီရှင်များ အပြည့်အဝ ကြီးထွားလာသောအခါ ချင်းရှောင်ဂိုဏ်းက မည်မျှ အစွမ်းထက်လာမည် ဆိုသည်ကို သူတို့ တွေး၍ပင် မရနိုင်အောင် ဖြစ်နေသည်။

"သူတို့ အားလုံးက အသန်မာဆုံးတွေချည်းပါပဲ... ဒါပေမဲ့ ထာဝရတော့ မဟုတ်ဘူး... ခဏတာလေး ဖြစ်ရင်တောင် သူတို့က အသန်မာဆုံးတွေ ဖြစ်နေဦးမှာပါပဲ..." ဟု လီချင်းချိုးက ပြန်ဖြေလိုက်သည်။

ဤစကားကို ကြားပြီးနောက် တစ္ဆေသုံးကောင်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မငြင်းဆန်နိုင်အောင် ဖြစ်သွားကြသည်။

လီချင်းချိုးက သူတို့ကို ဂရုမစိုက်တော့ဘဲ တာအိုလမ်းစဉ် မျက်နှာပြင်ကို ခေါ်ထုတ်ကာ နတ်စွမ်းအင် အမွေအနှစ်ကို အသက်သွင်းလိုက်သည်။

[ နတ်စွမ်းအင် အမွေအနှစ် ဆုလာဘ်ကို ရယူပါ ]

[ တာအိုလမ်းစဉ် နတ်စွမ်းအင် အမွေအနှစ်ကို ဖွင့်ပါ ]

[ သင်သည် နတ်စွမ်းအင် — တောင်ရွှေ့နတ်နှိမ်နင်းခြင်း ကို ရရှိပါသည် ]

[ အမွေအနှစ်ကို လက်ခံမည်လား ]

တောင်ရွှေ့နတ်နှိမ်နင်းခြင်းလား... တကယ်ကို အထင်ကြီးစရာ ကောင်းတဲ့ နာမည်ပဲ... အမွေအနှစ်...

ဤသို့ဖြင့် လီချင်းချိုးက အမွေအနှစ်ကို မျှော်လင့်ချက်များဖြင့် လက်ခံလိုက်လေတော့သည်။

...

ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ကောင်းကင် အတိဒုက္ခကို ဖြတ်ကျော်ခဲ့ပြီး ရုပ်ခန္ဓာက မိုးကြိုးကို ခံနိုင်ရည် ရှိကြောင်း သတင်းများက တောင်အောက်နှင့် ထိုက်ခွန်းတောင်တန်း၏ ပတ်ဝန်းကျင် ဒေသများသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အတိဒုက္ခ ဖြတ်ကျော်ခြင်း ဆိုသည်မှာ သာမန်လူများ နားလည်နိုင်ရန်အတွက် အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းလှပေသည်။

သာမန်လူများကို မဆိုထားနှင့် ချင်းရှောင်ဂိုဏ်းမှ တပည့်များပင်လျှင် အံ့အားသင့်နေခဲ့ကြသည်။ ဂိုဏ်းချုပ်က တစ်ခါတစ်ရံတွင် မြေပြင်တုန်ဟည်းမတတ် ဖြစ်ရပ်များကို ဖန်တီးလေ့ရှိပြီး အံ့အားသင့်သွားပြီးနောက် သူတို့တွေ စိတ်လှုပ်ရှားကာ ဂုဏ်ယူလာတတ်ကြသည်။

ဤကဲ့သို့သော လောကကြီးတွင် လီချင်းချိုး အတိဒုက္ခ ဖြတ်ကျော်သည့် ကိစ္စက နှစ်အတော်ကြာသည်အထိ ဂယက်ရိုက်နေမည်မှာ မလွဲမသွေ ဖြစ်ပြီး နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဤကိစ္စကို လောကတစ်လွှားရှိ လူများက ပြောဆိုနေကြဦးမည် ဖြစ်သည်။

လီချင်းချိုးက ကျောက်ကျိကို သတ်ဖြတ်ခဲ့သည့် ကိစ္စကို ယခုအခါ လူတချို့သာ ကြားဖူးပြီး အံ့သြချီးကျူးနေကြဆဲပင်…

နောက်တစ်နေ့ နံနက်တွင် တောင်ရွှေ့နတ်နှိမ်နင်းခြင်း နတ်စွမ်းအင် အမွေအနှစ်ကို သင်ယူပြီးခါစ ဖြစ်သော လီချင်းချိုးက ရွှင်လန်းသော စိတ်အခြေအနေဖြင့် တောင်အောက်သို့ ဆင်းလာခဲ့သည်။

အချိန်အကြာကြီး ကြိုးစားပမ်းစား အလုပ်လုပ်ပြီးနောက် နောက်ဆုံးတွင် သူ အဆင့်ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ရာ သဘာဝကျကျပင် ဂိုဏ်း၏ အခြေအနေကို စစ်ဆေးရန် အချိန်ယူရမည် ဖြစ်သည်။

ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် အချိန်ကြာမြင့်စွာ တံခါးပိတ် ကျင့်ကြံနေခြင်းက ပြင်းထန်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ဂိုဏ်းများ ကြီးထွားလာသည်နှင့်အမျှ ပြသာနာဖြစ်စေမည့် အရာများက ပေါ်ထွက်လာတတ်သည်။ တပည့်များ သူ့ကို မြင်တွေ့ခွင့် ရစေရန် ဂိုဏ်းအတွင်း အချိန်ရတိုင်း လှည့်လည်သွားလာရသည်ကို သူ သဘောကျသည်။ သို့သော် သူ လင်းရှောင်ခြံဝင်းမှ ထွက်လိုက်သည်နှင့် ကျောက်လှေကားအောက်ရှိ ခြံဝင်းပြင်ပတွင် လူသုံးယောက် စောင့်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူတို့ကား ချန်ဒင်ကျောင်းတော်မှ ဘုန်းတော်ကြီးနှင့် ရွှီသခင်မတို့သားအမိ တို့ပင် ဖြစ်သည်။

သူတို့ လီချင်းချိုးကို မြင်သောအခါ တွေဝေနေကြပြီး သူတို့၏ မျက်လုံးများ တောက်ပသွားကြသည်။ ရွှီသခင်မက သားဖြစ်သူကို ချီကာ ရှေ့သို့ တက်လာပြီး မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်လိုက်သဖြင့် လီချင်းချိုးက လှေကားပေါ်မှ ဆင်းလာပြီး မေးလိုက်ရသည်။

"ခင်ဗျားတို့ ဘာလုပ်နေတာလဲ..."

"ဂိုဏ်းချုပ်လီ... ကျွန်မရဲ့ သားကို ငရဲစမ်းရေ တပ်မတော်က ဖမ်းခေါ်သွားကတည်းက ကုသလို့မရတဲ့ ရောဂါတစ်ခု ခံစားနေရပါတယ်... ဂိုဏ်းချုပ်လီက ဆေးပညာ ကျွမ်းကျင်တယ်လို့ ကြားရတဲ့အတွက် ဂိုဏ်းချုပ်ရဲ့ အကူအညီကို လာတောင်းခံရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့လို့ပါ..."

"ချင်းရှောင်ဂိုဏ်းမှာ ဆေးခန်း ရှိတာပဲ... အဲဒီကို ဘာလို့ မသွားတာလဲ…

" "သူတို့ဆီ သွားရင်တောင် ဘာမှ မတတ်နိုင်ပါဘူး..."

ပြောနေရင်းနှင့် ရွှီသခင်မ၏ မျက်လုံးများ နီရဲလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

သူမ၏ ရင်ခွင်ထဲရှိ သားဖြစ်သူက ခေါင်းကို အနည်းငယ် လှည့်လိုက်တော့ မျက်နှာ ဖြူရော်နေပြီး အသက်ရှူသံက အားနည်းနေသည်။ သူ လီချင်းချိုးကို လှည့်ကြည့်လိုက်သောအခါ မျက်ခွံများကို အပြည့်အဝ မဖွင့်နိုင်တော့ချေ။

လီချင်းချိုး ရှေ့သို့ လျှောက်သွားကာ လက်ကို မြှောက်လိုက်ပြီး လီဟွိုင်ကျိန်း၏ လက်ဖမိုးငယ်ပေါ်သို့ အပ်သုံးချောင်း စိုက်သွင်းလိုက်သည်။ ဤသည်ကို မြင်သောအခါ ရွှီသခင်မက လီချင်းချိုးကို ကမန်းကတန်း မော့ကြည့်လိုက်သည်။

"အဲဒီ အပ်သုံးချောင်းကို မထိနဲ့... တောင်အောက် မဆင်းခင် သူ့ကို အနားယူပြီး ပြန်လည် နာလန်ထူအောင် အောက်ကို ခေါ်သွားလိုက်ပါ..."

လီချင်းချိုးက ရွှီသခင်မကို ဖြတ်ကျော်သွားပြီး သူ့စကားများက သခင်မရွှီ၏ နားထဲတွင် ပဲ့တင်ထပ်နေကာ ရွှီသခင်မကို မှင်သက်သွားစေသည်။

လီချင်းချိုးက ဤမျှ စကားပြောရ လွယ်ကူလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။ မလာရောက်မီက လီချင်းချိုးနှင့် သူမ၏ ခင်ပွန်းတို့ကြားက ဆက်ဆံရေးကို သူမ ကြားသိထားခဲ့ပြီး ဖြစ်သည်။ ဤကိစ္စကို လီချင်းချိုး သိထားပြီး နာကြည်းချက်များ ရှိနေကြောင်းကိုပင် သူမ ကြားခဲ့ရသည်။

ရလဒ်ကတော့...

လီချင်းချိုးက ချန်ဒင်ကျောင်းမှဘုန်းတော်ကြီးကို ကြည့်ပြီး ပြုံးလိုက်ကာ..

"ရောက်လာပြီ ဆိုမှတော့ ကျွန်တော်တို့ တပည့်တွေနဲ့ စကားကောင်းကောင်း ပြောလို့ ရပါတယ်... ကျွန်တော်လည်းခင်ဗျားတို့ရဲ့ ကျောင်းထိုင်ဆရာတော်နဲ့ အရင်က စကားပြောဖူးတယ်... ချင်းရှောင်ဂိုဏ်းနဲ့ ချန်ဒင်ကျောင်းတော်က ဖော်ရွေတဲ့ ဆက်ဆံရေး ရှိတယ်လေ... ဒါကြောင့် အရမ်းကြီး အနေမခက်ပါနဲ့..."

ထိုအခါ ဘုန်းတော်ကြီးလည်း ဂုဏ်ယူဝမ်းမြောက်သွားပြီး လီချင်းချိုးကို ကမန်းကတန်း အရိုအသေပေးလိုက်သည်။

လီချင်းချိုးကတော့ အေးအေးလူလူ တောင်အောက်သို့ ဆက်ဆင်းသွားလေပြီ….

သူသည် ချန်ဒင်ကျောင်းတော်ကို မျက်နှာလိုမျက်နှာရ လုပ်ရန် ဤသို့ ပြောခဲ့ခြင်း မဟုတ်ဘဲ ချန်ဒင်ကျောင်းတော်ကို အမှန်တကယ် လေးစားသောကြောင့် ဖြစ်သည်။

မိစ္ဆာဂိုဏ်းက ဆူပူအုံကြွမှုများ ဖန်တီးသောအခါ ချန်ဒင်ကျောင်းတော်က သူတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် ပျက်စီးမည့် အန္တရာယ်ကိုပင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ရာ လီချင်းချိုး၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။ ထိုဘုန်းတော်ကြီးက ပို၍ပင် ထိုက်တန်၏။ ဘုန်းတော်ကြီးက သစ်သားတုတ်ကို ကိုင်ကာ သေသည်အထိ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို သူ မှတ်မိနေဆဲပင်….

လီချင်းချိုးက လူများကို သူတို့၏ စွမ်းရည်များဖြင့် မဆုံးဖြတ်ဘဲ သူတို့၏ လုပ်ရပ်များနှင့် စရိုက်လက္ခဏာများဖြင့်သာ ဆုံးဖြတ်တတ်သည်။

ဘုန်းတော်ကြီးက လီချင်းချိုး တောင်အောက်ဆင်းသွားသည်ကို ကြည့်နေပြီးနောက် ရွှီသခင်မ အနားသို့ လာကာ …

"ဒါယကာမရွှီ... ဂိုဏ်းချုပ်လီရဲ့ သဘောထားကြီးမှုက ဒကာမကြီး ကြောက်နေသလို စိတ်ထားကျဉ်းမြောင်းတာ မဟုတ်ဘူးလို့ ကိုယ်တော် အရင်ကတည်းက ပြောခဲ့ပါတယ်... လီမျိုးနွယ်နဲ့ သူ ဘယ်လို အတိတ်မျိုးပဲ ရှိခဲ့ပါစေ လူတစ်ယောက် သေသွားတာကို သူ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး... ဒကာမကြီးရဲ့ ကိစ္စက ဒီနေရာမှာ ပြီးဆုံးသွားပါပြီ... ကိုယ်တော် ဒီမှာ ရက်အနည်းငယ်လောက် နေပြီးမှ ပြန်မယ်..."

စကားပြောပြီးနောက် ဘုန်းတော်ကြီးက ရိုသေမှု အမူအရာအဖြစ် လက်အုပ်ချီလိုက်ပြီးနောက် လှည့်၍ ထွက်ခွာသွားလေသည်။

ရွှီသခင်မလည်း လီဟွိုင်ကျိန်းကို ချီကာ မတ်တတ်ရပ်လိုက်သည်။ သားဖြစ်သူ၏ မျက်နှာအရောင်က မျက်မြင်ကိုယ်တွေ့ ပြန်လည် ကောင်းမွန်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ထိုစဉ် လီဟွိုင်ကျိန်းက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး တိုးတိတ်စွာ မေးလိုက်သည်။

"မေမေ... သား နည်းနည်း... သက်သာလာသလို ခံစားရတယ်... သူတို့ ပြောနေတဲ့ သူက... ဦးလေးလား..."

"သား နေကောင်းလာမှာပါ... သူက တကယ်ပဲ သားရဲ့ ဦးလေးပါ... ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောရဘူးနော်... ဒါက လျှို့ဝှက်ချက်ပဲ... နားလည်လား..."

လီဟွိုင်ကျိန်း၏ အားနည်းနေသော မျက်နှာလေးမှာ ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ အသက် သုံးနှစ် အရွယ်တွင် လူကြီးများကြားက ကိစ္စများကို သူ နားမလည်သော်လည်း လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အခြားတစ်ဖက်တွင်….

လီချင်းချိုး တောင်အောက်သို့ ဆင်းလာစဉ် လမ်းတစ်လျှောက်ရှိ တပည့်များက သူ့ကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်ကြသဖြင့် ခြေလှမ်းများ နှေးကွေးသွားသည်။ ထိုအခါ ဘုန်းတော်ကြီးက သူ့ကို မှီလာပြီး တပည့်များ၏ မည်မျှ ချစ်ခင်မှုကို ရရှိထားကြောင်း မြင်တွေ့ရသောအခါ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားတော့သည်။

ချင်းရှောင်ဂိုဏ်းတွင် တင်းကျပ်သော အထက်အောက် အဆင့်ဆင့် သတ်မှတ်ချက် ရှိသော်လည်း မတူညီသော အဆင့်ရှိ လူများကြားတွင် မချိုးဖောက်နိုင်သော ဆက်ဆံရေးမျိုး မရှိကြောင်း သူ တွေ့ရှိလိုက်ရသည်။

ချန်ဒင်ကျောင်းတော်တွင်တော့ သာမန် တပည့်များက ကျောင်းထိုင်ဆရာတော်နှင့် သွားလေရာ စကားပြောခွင့် မရှိချေ။ထို့ကြောင့် လီချင်းချိုးကို ပိုပို၍ စိတ်ဝင်စားလာပြီး ဤလူမှာ သာမန် မဟုတ်ကြောင်း ခံစားလိုက်ရသည်။

ဒါဟာလည်း လီချင်းချိုး၏ အလွန် မြင့်မားလှသော စွမ်းရည်အဆင့်ကြောင့်သာမက သူ၏ အတွေးအခေါ်နှင့်စိတ်သဘောထားတို့က လူအများစုနှင့် ကွာခြားနေသောကြောင့်ပင်…

………..

မသိလိုက်မသိဘာသာပင် အောက်တိုဘာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လီချင်းချိုး အတိဒုက္ခ ဖြတ်ကျော်သည့် ကိစ္စကို တပည့်များစွာက မကြာခဏ ပြောဆိုနေကြဆဲပင်….

ချောက်ကမ်းပါးတစ်ခုပေါ်တွင် ကျောက်ကျိန်းက ဇီယန်တောင်ထွတ်ကို မျက်နှာမူ၍ တရားထိုင်ကာ ကောင်းကင်ကန်းရွှေခန္ဓာကိုယ်ပညာရပ်ကို လေ့ကျင့်နေသည်။ ထိုစဉ် ခုယီနှင့် ခု​အာတို့က ကျောက်ကျိန်း၏ နောက်သို့ ရောက်လာကြသည်။

နှစ်များတစ်လျှောက်တွင် သူတို့သည်လည်း ကျောက်ကျိန်း၏ ဩဇာလွှမ်းမိုးမှုမှ အကျိုးအမြတ်များ ရရှိခဲ့ပြီး မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခဲ့ကြသည်။ သို့သော် သူတို့၏ ပါရမီမှာ သာမန်သာ ဖြစ်ပြီး မူလအားဖြည့်နယ်ပယ် ဒုတိယအလွှာတွင်သာ ရှိနေကြသည်။

"အရှင်မင်းသား... တောင်ခြေကနေ သတင်း ရောက်လာပါတယ်..." ဟု ခု​ယီက တိုးတိုးလေး ပြောလိုက်တော့ ကျောက်ကျိန်းက မျက်လုံးများကို မှိတ်ထားရင်း ကနေ…

"ငါ မင်းတို့ကို ခဏခဏ ပြောပြီးပြီလေ... ငါ့ကို အရှင်မင်းသား လို့ မခေါ်ပါနဲ့တော့... ငါက တော်ဝင် မိသားစုဝင် မဟုတ်တော့ဘူး... အခု ငါက ချင်းရှောင်ဂိုဏ်းက တပည့်ပါ... အတိတ်က ငါနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး..."

ခန္ဓာကိုယ်ကျင့်ကြံသူကို ယွမ်လီ ဖန်တီးခဲ့ပြီးကတည်းက သူက ယွမ်လီကို စမ်းသပ်တိုက်ခိုက်ရန် ရှာဖွေခဲ့ပြီး ၎င်းမှာ တကယ်တမ်းတွင် သူ တစ်ဖက်သတ် ခံစားခဲ့ရသော အရှိန်အဝါ အတွေ့အကြုံပင် ဖြစ်သည်။ယွမ်လီ၏ လက်သီးချက် ခံရပြီးနောက် သူ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားရာ သူ့ကို များစွာ တုန်လှုပ်သွားစေခဲ့သည်။ အကယ်၍ သေရေးရှင်ရေး အစစ်အမှန် တိုက်ပွဲ ဖြစ်ခဲ့လျှင် ယွမ်လီ၏ တိုက်ခိုက်မှုများကို သူ ရှောင်တိမ်းနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုတော့ ပြန်လည် မတည်ဆောက်နိုင်ခဲ့ချေ။

သူ၏ စိတ်ထဲတွင် ယွမ်လီက သူ့ထက် နိမ့်ကျသည်ဟု အမြဲ ခံစားနေရကြောင်းနှင့် ယွမ်လီ ကျော်တက်သွားခြင်းကို သူ လက်မခံနိုင်ကြောင်း ဝန်ခံရမည်ပင်။

သူက ယွမ်လီကို အထင်မသေးသော်လည်း သူတို့ နှစ်ယောက်ကြားရှိ ကွာဟချက်မှာ အမှန်တကယ် တည်ရှိနေကြောင်း ခံစားမိသည်။ယွမ်လီ ဖိအား ခံစားရမည်ကိုလည်း သူ စိုးရိမ်သဖြင့် များသောအားဖြင့် လီရန်နှင့်သာ အချိန်ဖြုန်းလေ့ရှိသည်။

ရလဒ်ကတော့...

"ခန္ဓာကိုယ်ကျင့်ကြံသူရဲ့ တာအို... ငါလည်း တာအိုတစ်ခု ဖန်တီးချင်တယ်..."

ကျောက်ကျိန်းမှာ တိုက်ပွဲဝင် စိတ်ဓာတ်များ ပြည့်နှက်နေပြီး သူက အရှုံးကို လက်မခံချင်သလို ယွမ်လီကိုလည်း အားကျလေးစားမိသည်။

ဤခံစားချက်များ အားလုံးက နောက်ဆုံးတွင် တိုက်ပွဲဝင် စိတ်ဓာတ်အဖြစ် ပြောင်းလဲသွားပြီး ယွမ်လီကို တစ်ဖန် ပြန်လည် ကျော်တက်ချင်နေသည်။

ခုအာက… "ဒါက အရှင့်သား မယ်တော်ဆီက သတင်းစကားပါ..."

ဤစကားကို ကြားသောအခါ ကျောက်ကျိန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကိုယ်ကို လှည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။

"ငါ့မယ်တော်... သူ သက်ရှိထင်ရှား ရှိသေးတာလား..."

"တကယ်တော့ သူ အမြဲတမ်း အသက်ရှင်နေခဲ့တာပါ... အရှင်မင်းသားက အရှင့်မယ်တော်နဲ့ အရှင့်သားကို ဘုရင်ကြီးက အန္တရာယ် ပေးနိုင်တယ် ဆိုတာ သိလို့ အရှင့်မယ်တော်ကို ကြိုတင် နေရာချထားပေးပြီး အရှင်မင်းသားကို ချင်းရှောင်ဂိုဏ်းဆီ ပို့လိုက်တာပါ..."

"သူ ဘယ်မှာလဲ..." ဟု ကျောက်ကျိန်းက စိုးရိမ်တကြီး မေးလိုက်သည်။

"သူက မြောက်ပိုင်းလျန်က ထျန်းရွှမ်တောင်မှာ ရှိနေတာပါ... အခု သူ အရမ်း အဆင်ပြေနေတယ်... သူ့ရဲ့ ဒုတိယ အစ်ကိုက ထျန်းရွှမ်တောင်ရဲ့ ဓားကိုင် အကြီးအကဲ ဖြစ်နေပြီလေ... သူက သတင်းစကား ပါးဖို့ လူလွှတ်လိုက်တာပါ... အရှင်မင်းသား ထျန်းရွှမ်တောင်ကို လာပြီး သူ့ကို လာတွေ့နိုင်ဖို့ မျှော်လင့်နေတယ်..."

ထျန်းရွှမ်တောင်ကို သွားဖို့လား...

"ငါက ငယ်လွန်းသေးတယ်... ဆရာ သဘောတူမှာ မဟုတ်ဘူးလို့ ထင်တယ်..."

"သူ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး... ဒီကိစ္စကို သူ့ကို ပြောပြလို့ မရဘူး... ကျွန်တော်မျိုးတို့လဲ စဉ်းစားပြီးပြီ... အခုလောလောဆယ် မင်း ထျန်းရွှမ်တောင်ကို သွားဖို့ မသင့်တော်သေးဘူး... နောက်နှစ်နှစ်နေမှ သွားရင်ရော ဘယ်လိုလဲ..."

နောက်နှစ်နှစ်နေမှ သွားနိုင်မည်ဟု ကြားသောအခါ ကျောက်ကျိန်းက ချက်ချင်း သဘောတူလိုက်သည်။ နောက်နှစ်နှစ် ကြာလျှင် သူ့ရဲ့ ကျင့်ကြံခြင်းက သေချာပေါက် ပိုမို အားကောင်းလာမည် ဖြစ်ပြီး ထိုအချိန်တွင် ဆရာက သူ့ကို တောင်အောက်ဆင်းရန် သဘောတူကောင်း သဘောတူနိုင်ပေသည်။ သူ့ရဲ့ မိခင် ရုပ်ရည် မည်သို့ ရှိသည်ကိုပင် မေ့နေပြီ ဖြစ်ပြီး သူမကို ပြန်တွေ့ရမည်ဟူသော အတွေးက သူ့ကို စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားစေသည်။

ခူယီနှင့် ခူအာတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး သက်ပြင်းချလိုက်ကြသည်။ အထူးသဖြင့် ခူအာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။

"ဒီကိစ္စကို ဂိုဏ်းချုပ်ကို ကြိုမပြောနဲ့နော်... ဒီရက်ပိုင်း ဂိုဏ်းထဲမှာ မှူးမတ်မျိုးနွယ်တွေ တော်တော်များများ ရှိနေပြီး အဖွဲ့ခွဲတွေလည်း အများကြီးပဲ... အရှင့်သားရဲ့ ကိုယ်ရေးရာဇာဝင်က အရမ်း အကဲဆတ်လွန်းတော့ အရှင့်သားရဲ့မယ်တော်အတွက် ပြဿနာ ဖြစ်မလာစေနဲ့..." ဟု ခူယီက သတိပေးလိုက်သည်။ ကျောက်ကျိ သေဆုံးပြီးနောက် တိုင်းပြည် အနှံ့အပြားရှိ တော်ဝင် မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြသည်။ကျောက်ကျိန်းသည် ယခုအခါ သွေးသားအရ အသန့်စင်ဆုံးသော တော်ဝင် သားတော် ဖြစ်ပြီး လောကရှိ လူများစွာက သူ့ကို ရှာဖွေနေကြဆဲပင်။

နှစ်များတစ်လျှောက် လူတချို့က ကျောက်ကျိန်းထံ ချဉ်းကပ်လာပြီး လောကကြီးကို ပြန်လည် သိမ်းပိုက်နိုင်ရန် ကူညီပေးလိုကြသော်လည်း သူက ငြင်းပယ်ခဲ့သည်။

သူက ဧကရာဇ် ဖြစ်ခြင်းထက် မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရသည်ကို ပိုနှစ်သက်သည်။

"ငါ နားလည်ပါပြီ... နောက်နှစ်နှစ်နေမှ ဒီအကြောင်း ပြန်ပြောကြတာပေါ့..." ဟု ကျောက်ကျိန်းက ပြန်ဖြေလိုက်ပြီး သိုင်းပညာများကို ဆက်လက် လေ့ကျင့်နေသဖြင့် ခူယီနှင့် ခူအာတို့က သူတို့ကို ဆက်မနှောင့်ယှက်တော့ဘဲ တောင်အောက်သို့ ဆင်းရန် လှည့်ထွက်သွားကြသည်။

…………

ညဉ့်နက်လာသောအခါ လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်လာပြီး ခြံဝင်းထဲတွင် ကျန်းယွီချွန်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူ လာနေသည်ကို မြင်သောအခါ ကျန်းယွီချွန်းက ချက်ချင်း သွားကြိုလိုက်သည်။

"လင်းထျန်းဂိုဏ်းရဲ့ ခြေရာကို ကျွန်တော်တို့ ရှာတွေ့ပြီ..."

"ဘယ်မှာလဲ..."

"ယွီခရိုင်မှာ... သူတို့က မြို့တစ်မြို့မှာ ပုန်းအောင်းနေပြီး နာမည်ဝှက်တွေနဲ့ နေထိုင်နေကြတယ်... ကျွန်တော်တို့ရဲ့ တပည့်တစ်ယောက်က ဒွကိစ္စကို တိုက်ဆိုင်မှုတစ်ခုအရ သိလိုက်ရတာပါ... သူက အလျင်စလို မလုပ်ဘဲ သတင်းကို ပြန်ယူလာခဲ့တယ်... လင်းထျန်းဂိုဏ်းကို ဖယ်ရှားဖို့ ဘယ်သူ့ကို လွှတ်သင့်တယ်လို့ ထင်လဲ..."

သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လီချင်းချိုး မသွားသင့်ကြောင်းပင်။ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် လီချင်းချိုး မကြာခဏ တောင်အောက်ဆင်းခြင်းက ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည်။ သူ့အမြင်တွင် အခြား တပည့်များကို အခွင့်အရေးများ ပိုမို ပေးသင့်ပြီး သေဆုံးဒဏ်ရာရမှုများ ရှိခဲ့လျှင်တောင် အခွင့်အရေး ပေးသင့်သည်ဟု ယူဆထားသည်။

တစ်ခဏမျှ စဉ်းစားပြီးနောက် လီချင်းချိုးက…

"ရှန်ယွဲ့နဲ့ ရွှီကျင်းတို့ကို လူတွေ ခေါ်သွားခိုင်းရင်ရော ဘယ်လိုလဲ..."

ထိုအခါ ကျန်းယွီချွန်း၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့... သူတို့ နှစ်ယောက်က အဖွဲ့ကို ဦးဆောင်မယ်ဆိုရင် အရာအားလုံးက အပြစ်အနာအဆာ ကင်းနေမှာပါ..."

All Chapters