အခန်း (၄၃)
Vol. 5 Ch. 43
လော့လန် - 'စနစ်ရေ... ပန်းနာရင်ကျပ် ပျောက် အောင်ကုနိုင်လား'
စနစ် - 'အမှတ်တွေ လိုတယ်'
လော့လန် - 'တကယ် ပျောက်ကင်းအောင် ကုနိုင်မယ်ဆိုရင် အမှတ်တွေ လဲလို့ရတယ်'
စနစ် - 'ငါ့ဆီမှာ ချက်ချင်း သက်သာစေတဲ့ စပရေး ရှိတယ်'
လော့လန် - 'တကယ်လား အမှတ် ဘယ်လောက်လဲ'
စနစ် - 'ဒီဆေးက ပန်းနာရင်ကျပ်အတွက် အရမ်းထိရောက်တယ်၊ လိုတဲ့အမှတ်က သိပ်မများပါဘူး၊ ဒါပေမယ့် ပန်းနာရင်ကျပ်ကို အပြီးပျောက်အောင်တော့ မကုနိုင်ဘူး'
လော့လန် - 'ချက်ချင်း သက်သာသွားရင်ပဲ တော်ပါပြီ၊ ကလေးက ဆေးတွေအများကြီး သောက်နေရတာ၊ ရောဂါထတဲ့အချိန် အသက်ရှူမဝရင် အသက်အန္တရာယ် ရှိနိုင်တယ်၊ သူတို့မိဘတွေက ကလေး ရုတ်တရက် အသက်ရှူကျပ်ပြီး သေသွားမှာကို အမြဲကြောက်နေကြရတာ'
စနစ် - 'လဲလှယ်ချင်လား'
လော့လန် - 'အင်း... လဲမယ်'
လော့လန်သည် တွေဝေမနေဘဲ ဆေးကို လဲလှယ်လိုက်သည်။ ကျိုးချင်းရှန် ကလေးမလေးနှင့် စကားပြောနေစဉ် သူမက သိုသိုသိပ်သိပ် လက်ခံယူလိုက်သည်။ ယောက်မဖြစ်သူကို မည်သို့ပေးရမည်နည်းဟု စဉ်းစားနေစဉ် ကျိုးချင်းရှန်က အိမ်သာသွားရန် အပြင်ထွက်သွားသဖြင့် အခန်းထဲတွင် အမျိုးသမီးများသာ ကျန်ရစ်ခဲ့သည်။
လော့လန်က ဆေးဘူးကို ထုတ်၍ ယောက်မဖြစ်သူကို ပေးလိုက်သည်။
"ဒါ ပေကျင်းကရလာတဲ့ အထူးပန်းနာရင်ကျပ်ဆေးပဲ၊ အသက်ရှူမဝတဲ့အခါ ချက်ချင်း သက်သာစေတယ်၊ အရေးပေါ် သုံးဖို့ သိမ်းထားလိုက်"
ယောက်မဖြစ်သူ၏ မျက်လုံးများသည် အံ့သြဝမ်းသာမှုတို့ဖြင့် ပြူးကျယ်သွားသည်။ ဆေးဘူးလေးကို အဖိုးတန် ဆေးဝါးသဖွယ် ကိုင်ထားရင်း သူမ မေးလိုက်သည်။
"တကယ်လား ချက်ချင်း သက်သာတယ်လား၊ ပြီးခဲ့တဲ့တစ်ခေါက် သူ အသက်ရှူမဝတုန်းက ငါတို့တွေ ဘယ်လောက်ကြောက်ခဲ့ရလဲ နင်မသိပါဘူး၊ မိနစ်ပိုင်းအတွင်း အသက်အန္တရာယ် ရှိနိုင်တာ"
"ဟုတ်တယ်... ဆရာဝန်က အဲဒီလိုပြောတာပဲ"
ယောက်မဖြစ်သူက ဆေးကိုကြည့်ရင်း သမီးဖြစ်သူ၏ အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ဒါ ဈေးကြီးမှာပဲ၊ ဘယ်လောက်ပေးရလဲ၊ နှစ်ကုန်ကျရင် ငါ ပြန်ပေးပါ့မယ်"
"ကျွန်မတို့က မိသားစုတွေပဲဟာ စိတ်မပူပါနဲ့၊ အဓိကက ရောဂါသက်သာဖို့ပါပဲ၊ သေချာ သိမ်းထားနော်"
"ဘယ်တော့မှ အပျောက်မခံဘူး"
ယောက်မဖြစ်သူထံမှ ထိုမျှ အဖိုးတန်သော လက်ဆောင်ကို ရရှိလိုက်သဖြင့် လက်တွေ့မစမ်းသပ်ရသေးသော်လည်း ပေကျင်းကလာသော ပစ္စည်းမှန်သမျှ ကောင်းသည်ဟု ယုံကြည်လိုက်သည်။ လော့လန်က ညစာစားရန် မနေခဲ့ပေ။ ပြန်ခါနီးတွင် ယောက်မဖြစ်သူက ဆားနှင့်လဲရန် စုထားသော ကြက်ဥအားလုံးကို ပေးလိုက်သည်။
"ယောက်မ ဒီလိုလုပ်စရာ မလိုပါဘူး"
"ယူသွားပါ... “
သားဖြစ်သူ မင်္ဂလာဆောင်အတွက် အိမ်ဆောက်ရန် ပိုက်ဆံချေးထားရသဖြင့် သူမထံတွင် တစ်ပြားမှ မကျန်တော့ပေ။ “ယူသွားပါ၊ မဟုတ်ရင် ငါ စိတ်မကောင်းဖြစ်ရလိမ့်မယ်"
"ကောင်းပြီလေ"
ကြက်ဥ အလုံး ၂၀ ခန့်ရှိပြီး ၃ ကျင်းနီးပါး လေးသည်။ လော့လန် အိမ်ပြန်ရောက်သောအခါ သူတို့ နယ်ဘက်သွားခဲ့မှန်း ယောက္ခမဖြစ်သူ သိသွားသည်။ ရက်ရောသော လက်ဆောင်များကို မြင်သောအခါ ယောက္ခမဖြစ်သူမှာ အတော်လေး အားနာသွားသည်။
"သွားတုန်းက လက်ဆောင်ပစ္စည်း ယူသွားတယ် မဟုတ်လား"
သူတို့ လက်ဗလာနှင့်မသွားဘဲ တန်ဖိုးရှိသော ပစ္စည်းများ ပြန်ပါလာခြင်း မဟုတ်ဟု မျှော်လင့်ရင်း သူမ မေးလိုက်သည်။
"သကြား ၁ ကျင်း ယူသွားပါတယ်"
"တော်သေးတာပေါ့"
ကျိုးချင်းရှန်က အခြေအနေကို မိခင်ဖြစ်သူအား ရှင်းပြလိုက်သည်။
"ကျွင်းဖန်ကို နယ်လွှတ်ဖို့ စီစဉ်ထားတယ်၊ လော့လန်တို့ တပ်ဖွဲ့မှာ ယာယီဆရာမအဖြစ် လုပ်ရမှာ"
"ဘာ... သူတို့ချပေးတာလို့ ထင်နေတာ၊ ကိုယ့်ဘာသာ နေရာရွေးလို့ရတာလား၊ အထက်တန်းအောင်ပြီးရင် နယ်ဆင်းရမယ်ဆိုရင်တော့ ဒါက ရွေးချယ်စရာ ကောင်းတစ်ခုပဲ"
မိခင်ဖြစ်သူ အံ့သြသွားသည်။
"အခုမှ အစဆိုတော့ ရွေးချယ်စရာ ပိုများတယ်လေ၊ ကျွန်တော် အားလုံး စီစဉ်ပြီးပြီ၊ နောက်တစ်ပတ်ကျရင် ကျွင်းဖန်ရဲ့ စာရွက်စာတမ်းကိစ္စတွေ လုပ်ကြတာပေါ့"
"ကောင်းသားပဲ၊ အခု ကျောင်းတွေမှာ ဆရာ သိပ်မရှိတော့ သူ ဘာမှ သိပ်မသင်ရဘူး၊ ကိုယ်တွေ မျက်စိအောက်က နေရာနားမှာ ရှာထားတာ ပိုကောင်းပါတယ်"
လော့လန်၏ တပ်ဖွဲ့တွင် သူမ၏ အစ်ကိုကြီး၊ အစ်ကိုလတ်နှင့် အစ်မဖြစ်သူတို့၏ မိသားစုများအပြင် ဝမ်းကွဲမောင်နှမများစွာ ရှိသဖြင့် သူမကို စောင့်ရှောက်မည့်သူ အများအပြား ရှိသည်။ အကယ်၍ မရင်းနှီးသော နေရာသို့ ပို့လိုက်ရပြီး သူမ၏ နုနယ်သော သဘာဝနှင့်ဆိုလျှင် သူတို့ အမှန်တကယ် စိတ်ပူရလိမ့်မည်။
"ကောင်းပြီလေ... သူ့ပစ္စည်းတွေ အမေ သိမ်းဆည်းလိုက်မယ်"
အမေကျိုးက သားဖြစ်သူကို သဘောတူလိုက်သည်။ အခြေအနေကို စောင့်ကြည့်နေမည့်အစား ဦးဆောင်လုပ်ကိုင်လိုက်ခြင်းက ပိုကောင်းသည်။ ထို့အပြင် ဆရာမလုပ်ခြင်းက လယ်လုပ်ခြင်းထက် ပိုကောင်းသည်။
"ကျွင်းဖန် ပြင်ဆင်လို့ရအောင် အမေ ပြောပြလိုက်ဦး"
"အေး... ပြောလိုက်မယ်"
ကျိုးကျွင်းဖန်ကို နယ်လွှတ်ရန် မိသားစုက သဘောတူလိုက်ကြသည်။ အမေကျိုးက သမီးဖြစ်သူကို ပြောပြသောအခါ အမြဲလိမ္မာသော ကောင်မလေးက ပုံမှန်အတိုင်း ခေါင်းညိတ်လက်ခံသည်။
"အမေ... သမီး တကယ် စာသင်လို့ရပါ့မလား၊ ကလေးတွေက သမီးကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ"
အမေကျိုးက ပြုံးရင်း စနောက်လိုက်သည်။
"ဒီကလေးကတော့... ညည်းက ဆရာမလုပ်ရမှာလေ၊ ကျောင်းသားတွေကို စာသင်ဖို့ပဲ အာရုံစိုက်ထား၊ ဘာတွေ စိတ်ပူနေတာလဲ"
"ဒါပေမယ့် သမီး ကျောင်းသားတွေကို မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ" ကျိုးကျွင်းဖန်က မျက်မှောင်ကြုတ်ရင်း ပြန်ပြောသည်။
"အခု ၁၉ နှစ်ရှိပြီ၊ အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ရောက်နေပြီ၊ ငယ်ငယ်ရွယ်ရွယ် ကလေးတွေကို တကယ်ပဲ မထိန်းနိုင်ဘူးလား"
ကျိုးကျွင်းဖန်က နှုတ်ခမ်းဆူလိုက်သည်။ "ဒါပေမယ့်..."
"ဒါပေမယ့်တွေ လုပ်မနေနဲ့၊ ပြဿနာရှာတဲ့သူ တွေ့ရင် သူတို့မိဘတွေကို ခေါ်ပြီး ရှင်းခိုင်းလိုက်"
"ဟုတ်ကဲ့ပါ"
လိမ္မာသော ကောင်မလေးသည် မိသားစု၏ စီစဉ်မှုကို မည်သည့် ခုခံမှုမျှမပြုဘဲ လက်ခံလိုက်သည်။ အစ်ကိုဖြစ်သူက စေတနာနှင့် လုပ်ပေးခြင်းဖြစ်သည်ကို နားလည်သလို မိသားစုက သူမကို ဒုက္ခမပေးမှန်းလည်း ယုံကြည်သည်။
နောက်တစ်နေ့ ကျောင်းဆင်းချိန်တွင် သူမ ကျောင်းတံခါးဝ၌ တွေဝေနေမိသည်။ ယောက်မဖြစ်သူက စောင့်နေရန် မပြောထားသော်လည်း မနက်က အစ်ကိုဖြစ်သူ လိုက်ပို့ထားခြင်း ဖြစ်ရာ အိမ်ကို ကိုယ့်ဘာသာ ပြန်ရမလား သို့မဟုတ် လာကြိုမည့်သူကို စောင့်ရမလားဟု စဉ်းစားနေသည်။ ပုံမှန်အားဖြင့် သူမ တစ်ယောက်တည်း လမ်းလျှောက်ပြန်လေ့ရှိသည်။ မြို့က သိပ်မကြီးသလို လူတိုင်း ကိုယ့်ဘာသာ သွားလာနေကြသဖြင့် မိသားစုက လာကြိုရန် မျှော်လင့်ချက် မရှိပေ။
"ကျိုးကျွင်းဖန်"
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသဖြင့် သူမ မော့ကြည့်လိုက်ရာ မနေ့က လူဖြစ်နေသည်။ သူက အရပ်ရှည်ပြီး အစ်ကိုဖြစ်သူနှင့် အရပ်ချင်း တူလောက်သည်။ သူမက အင်္ကျီနှင့်လိုက်ဖက်သည့် သိုးမွှေးအင်္ကျီ လက်ပြတ် အဝါနုရောင်ကို ဝတ်ဆင်ထားပြီး သူကမူ အပြာရင့်ရောင် ကျုံးရှမ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုကွာခြားမှုက သူမကို မသိစိတ်ဖြင့် သူ့အား အကဲခတ်မိစေသည်။
"မင်း အဲဒီအင်္ကျီနဲ့ လိုက်သားပဲ" သူပြောလိုက်သည်။
ချီးမွမ်းခံရသဖြင့် ကောင်မလေး၏ ပါးပြင်များ ရဲတက်လာသည်။ သူစိမ်းတစ်ယောက်က ထိုသို့ပြောလာသည်ကို နေရခက်နေသော်လည်း ပြန်မပြောနိုင်သဖြင့် ရေရွတ်လိုက်သည်။
"ကျွန်မ အိမ်ပြန်တော့မယ်"
"မလောပါနဲ့ဦး"
ထိုအမျိုးသားက သူမသွားရာလမ်းကို ပိတ်ရပ်ရင်း ငြိမ်သက်နေသည်။
"ကုန်တိုက်မှာ နေရာလွတ်တစ်ခု ရှိတယ်၊ မင်းနဲ့ အရမ်းကိုက်ညီမယ်လို့ ထင်တယ်၊ မင်း အခု ၁၈ နှစ်ကျော်ပြီဆိုတော့ နယ်ဘက်ကို ဆင်းစရာမလိုတော့ဘူးပေါ့"
ဒါက မက်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ဖြစ်သည်။ ဤအချိန်သည် ရောင်းသူဈေးကွက်ဖြစ်ပြီး အရောင်းဝန်ထမ်းအလုပ်မှာ ဂုဏ်ရှိသော အလုပ်တစ်ခု ဖြစ်သည်။ သူ၏ အကြံပြုချက်မှာ အလေးသာမည်ဟု ထင်သော်လည်း လိမ္မာသော ကောင်မလေးက စိတ်ဝင်စားပုံမရပေ။
"အစ်ကိုက ကျွန်မကို နယ်လွှတ်ဖို့ စီစဉ်ထားပြီးသားပါ" သူမက ထွက်သွားရန် ကြိုးစားရင်း ပြောလိုက်သည်။
"ရဲဘော်... ကျွန်မ တကယ် အိမ်ပြန်ရတော့မယ်"
"မင်းအစ်ကိုက မင်းကို နယ်လွှတ်ဖို့ စီစဉ်လိုက်တယ်ဟုတ်လား"
ထိုလူ သိသိသာသာ စိတ်ဆိုးသွားသည်။ သူ၏ လေသံမှာ မကျယ်လောင်သော်လည်း အကဲဆတ်သော ကောင်မလေးက ခြိမ်းခြောက်လိုသော အရိပ်အယောင်ကို ခံစားလိုက်ရသည်။ သူမ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ရာ ထိုလူက လေသံကို ပြန်လျှော့လိုက်သည်။
"မင်းလိုလူက တောရွာဘဝနဲ့ မသင့်တော်ပါဘူး၊ မင်းအစ်ကိုရဲ့ ဆုံးဖြတ်ချက်က မင်းကို ဒုက္ခရောက်စေလိမ့်မယ်၊ ငါ့ကိုယုံစမ်းပါ၊ ကုန်တိုက်မှာ သွားလုပ်ပါ၊ လစာကောင်းတယ်၊ ဂုဏ်ရှိတဲ့ အလုပ်ပဲ"
"အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး"
ထိုအချိန်တွင် လော့လန် ရောက်ရှိလာပြီး ကြောက်လန့်နေသော ယောက်မလေး၏ ရှေ့တွင် ကာကွယ်ရပ်တည်ပေးလိုက်သည်။
"ရဲဘော်... ကျွန်မ ညီမလေးက ငယ်ပါသေးတယ်၊ သူ့ကိစ္စတွေကို မိသားစုဝင်တွေပဲ တာဝန်ယူမှာမို့ ရှင် စိတ်ပူပေးစရာ မလိုပါဘူး"
ရှင်က ဘယ်သူမို့လို့လဲ။ ဒီကိုလာပြီး အဝတ်အစားတွေ၊ အလုပ်တွေ လာကမ်းလှမ်းနေရတာလဲ။ ကြွက်ဆီကို ကြောင်က နှစ်သစ်ကူး လာနှုတ်ဆက်သလိုပဲ၊ ရှင့်ရည်ရွယ်ချက်က မကောင်းလှဘူး။
"မရီး..."
"ကျေးဇူးတင်စရာ မလိုပါဘူး"
လော့လန်က ထိုလူ၏ စိတ်အားထက်သန်မှုကို ပို၍ပင် သတိထားမိလာပြီး ထပ်ငြင်းဆိုလိုက်သည်။
"ရှင့်မှာ တခြားကိစ္စ မရှိတော့ရင် ကျွန်မတို့ အိမ်ပြန်ထမင်းစားရတော့မယ်"
သူမက သူ့အဖြေကို မစောင့်တော့ဘဲ ယောက်မဖြစ်သူကို ဆွဲခေါ်သွားသည်။ လမ်းတွင် သူတို့နှစ်ယောက် ဘာပြောခဲ့သလဲဟု မေးမြန်းရာ ကောင်မလေးက အမှန်အတိုင်း ပြန်ပြောပြသည်။
"ကျွန်မ မသွားဘူးလို့ ပြောပေမယ့် သူက... ယောက်မ၊ သူ ကျွန်မကို ကြာပွတ်နဲ့ မရိုက်လောက်ဘူးမလား"
ဘာတွေ လျှောက်တွေးနေတာလဲ။
"မရိုက်ပါဘူး"
"အော်... စောစောက ကျွန်မ ကြောက်နေတာ၊ ယောက်မ ရောက်လာလို့ တော်သေးတယ်၊ ယောက်မက ကျွန်မရဲ့ ကယ်တင်ရှင်ကြီးပါပဲ"
ကျိုးချင်းရှန် နေ့လယ်စာ စားရန် ပြန်မလာသဖြင့် လော့လန်က နေ့လယ်ပိုင်းတွင် ကျွင်းဖန်ကို ကျောင်းမလွှတ်တော့ရန် ယောက္ခမဖြစ်သူကို ပြောလိုက်သည်။
"သူ့ကို စောင့်ကြည့်မယ့်သူ တကယ်မရှိဘူး၊ အိမ်မှာပဲနေပြီး စာဖတ်ခိုင်းလိုက်ပါ"
"ကောင်းပြီလေ"
ကျိုးချင်းရှန်သည် ညီမဖြစ်သူ၏ စာရွက်စာတမ်းကိစ္စများကို ကူညီလုပ်ဆောင်ပေးနေသဖြင့် အလုပ်ရှုပ်နေသည်။ အမေကျိုးက အိမ်အပြင်ဘက် အခန်းတစ်ဝက်ကို ငှားရန် စဉ်းစားနေသည်။ တစ်နေ့လယ်လုံး အလုပ်ရှုပ်ပြီးနောက် ညနေပိုင်းတွင် အိမ်ပြန်ရောက်သောအခါ ကျိုးချင်းရှန်က သူ့မိခင်နှင့် ဇနီးသည်ကို ကြည့်ပြီး ခေါင်းခါပြသည်။
"အခု အားလုံးက အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီလို့ သူတို့ပြောတယ်၊ ကိုယ် သွားကြည့်တော့ ဘယ်သူဖြစ်နေလဲ ခန့်မှန်းကြည့်ပါဦး"
လော့လန် ဝင်ပြောလိုက်သည်။
"ဟိုတစ်လောက လူရိုက်တဲ့တစ်ယောက်လေ"
"ဟုတ်တယ်... မင်း ယုံမှာတောင် မဟုတ်ဘူး၊ ကိုယ်တို့ကို နေလို့ရတယ်လို့ သူက ပြောသေးတာ"
"လက်မခံနဲ့နော်" လော့လန် အော်ပြောလိုက်သည်။
"အလိမ်မခံနဲ့၊ သူက ငါတို့ဆီက အမြတ်ထုတ်ဖို့ စောင့်နေတာ"
"သိပါတယ်... ကိုယ် လက်မခံပါဘူး၊ အစက ငှားချင်တယ်လို့ မေးလိုက်ပေမယ့် နောက်တော့ အိမ်မှာပဲ အဆင်ပြေအောင် နေလို့ရတော့ မလိုတော့ဘူးလို့ မြန်မြန်ပြောလိုက်တယ်"
ကျိုးချင်းရှန် ဆက်ပြောလိုက်သည်။
"ကျွင်းဖန် ထွက်သွားရင် နှစ်ထပ်ခုတင်ကို ဖယ်ပြီး ကျွင်းဟွေ့အတွက် ကုတင်ကြီးတစ်လုံး ထားပေးလို့ရပြီ"
"အမေလည်း အဲဒီလိုပဲ တွေးနေတာ" အမေကျိုးက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"အမေ့ဉာဏ်က အရမ်းနှေးတာပဲ၊ ဟိုကို မသွားခဲ့သင့်ဘူး၊ ကျွင်းဖန် ထွက်သွားတာနဲ့ အဲဒီအခန်းထဲမှာ ကုတင်ကြီးတစ်လုံး ထည့်လို့ရပြီ၊ အဝတ်အစားတွေကို ကုတင်အောက်မှာ ထားလို့ရတယ်၊ ကျန်တာတွေအတွက် သစ်သားသေတ္တာတစ်လုံး ရှာလိုက်မယ်"
ကျိုးကျွင်းဟွေ့ ပြန်ရောက်လာသည်အထိ သူတို့သုံးဦး မီးဖိုချောင်ထဲတွင် တီးတိုးတိုင်ပင်နေကြသည်။ ညစာစားနေစဉ် ကျိုးချင်းရှန်က သူမ၏ မင်္ဂလာဆောင် အစီအစဉ်အကြောင်း မေးလိုက်သည်။
"ဘယ်မှာ လုပ်မှာလဲ၊ ရုံးမှာလား... အိမ်မှာလား"
"သူနဲ့ မတိုင်ပင်ရသေးဘူး"
"အချိန်မရှိတော့ဘူး၊ ဒါကို စီစဉ်မှရမယ်၊ ရုံးမှာလုပ်မယ်ဆိုရင်တော့ ရိုးရှင်းတယ်၊ လုပ်ဖော်ကိုင်ဖက်တွေကို သကြားလုံးကျွေးလိုက်ရုံပဲ၊ အိမ်မှာလုပ်မယ်ဆိုရင်တော့ လက်ဖက်ရည် ပိုပြင်ဆင်ရမယ်"
ကန်တင်းဆိုင်တွင် ဧည့်ခံကျွေးမွေးခြင်းမှာ အလွန်ဖြုန်းတီးရာ ကျသည်။ သူတို့၏ အခြေအနေအရ ထိုသို့လုပ်ရန် မသင့်လျော်ပေ။ သူ လက်ထပ်စဉ်က သကြားလုံးနှင့် လက်ဖက်ရည်သာ တည်ခင်းခဲ့ပြီး လော့လန်၏ အိမ်တွင် လူခြောက်ယောက်ဖြင့် ရိုးရှင်းသော ထမင်းလက်ဆုံသာ စားခဲ့ကြသည်။
"သိပြီ... မနက်ဖြန် သူ့ကို မေးလိုက်မယ်"
ကျိုးကျွင်းဟွေ့က ခေါင်းငုံ့လျက် ခေါင်းညိတ်လိုက်သည်။ ကောင်းကောင်းမစားဘဲ ဆန်ပြုတ်ကို တူဖြင့် ယောက်ယက်ခတ်နေသည်။ သူမ၏ အပြုအမူကို စိတ်မရှည်သော အမေကျိုးက သူမကို ဖြည်းဖြည်းလေး ရိုက်လိုက်သည်။
"သေချာစား၊ အတွေးလွန်မနေနဲ့"
"ဟုတ်"
အိမ်တွင် အရေးကြီးကိစ္စကြီး နှစ်ခု ပြီးသွားသဖြင့် အမေကျိုး စိတ်သက်သာရာ ရသွားသည်။ ညစာစားပြီးနောက် သူမ သိမ်းဆည်းကာ ခြေထောက်စိမ်နေချိန်တွင် အခန်းထဲမှ ဆူညံသံများက သူမကို အနှောင့်အယှက် မပေးတော့ပေ။ သူမ စိတ်လက်ပေါ့ပါးသွားကာ ထိုညက ဆေးသောက်ရန် မေ့သွားပြီး ဆေးမပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
"ညက ဆေးသောက်ဖို့ မေ့သွားတယ်" မနက်ပိုင်းတွင် သူမက လော့လန်ကို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ရပ်လို့မရဘူးလေ အမေ၊ ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်လိုက်ပါနဲ့၊ နေလို့ကောင်းနေရင်တောင် ဆက်သောက်ရမယ်၊ နောက်လ ကျွင်းဟွေ့ မင်္ဂလာဆောင်ပြီးရင် သမီးဖြစ်ဖြစ် ချင်းရှန်ဖြစ်ဖြစ် အမေ့ကို ပြည်နယ်ဆေးရုံ ခေါ်သွားပြီး စစ်ဆေးပေးမယ်၊ ဆရာဝန် ဘာပြောမလဲ ကြည့်ကြတာပေါ့"
အမေကျိုး ပြုံးလိုက်သည်။ စိတ်လက်ပေါ့ပါးသွားပြီဖြစ်ရာ နေထိုင်မကောင်းခြင်း လုံးဝ မရှိတော့ပေ။
"အင်း... နားလည်ပါပြီ၊ အခု ငါနေကောင်းသွားပြီလို့ ခံစားရတယ်၊ ဆေးသောက်စရာ မလိုတော့ပါဘူး"
“ကိုယ့်ဘာသာလျှောက်တွေးမနေနဲ့၊ ဆရာဝန်ကို အရင်စစ်ခိုင်းလိုက်” ကျိုးချင်းရှန်က သူမကို သတိပေးလိုက်သည်။ ဆရာဝန်က သူမအခြေအနေသည် ထပ်ပြီးတည်ငြိမ်ဖို့လိုကြောင်း ပြောထားသည်။ ထို့ကြောင့် အခြေအနေ ပြန်မဆိုးသွားရန် သူမ ဆေးသောက်နေတာကို ရပ်လိုက်လို့ မဖြစ်ပေ။
“အင်းပါ .. ငါ နင်ပြောတာ နားထောင်ပါ့မယ်”
ယောင်းမနှစ်ယောက်လုံး အဆင်ပြေနေပြီး ယောက္ခမဖြစ်သူ၏ ကျန်းမာရေးမှာလည်း အတော်လေး ပြန်လည်ကောင်းမွန်လာသဖြင့် လော့လန်သည် ပြည့်စုံသောဘဝကို နေထိုင်နေရသည်။ အကယ်၍ နောက် ၂ နှစ်အတွင်း သူမ ကလေးမမွေးသေးပါက မိသားစုတွင် ကလေးအများအပြားရှိသော ဝေးလံသည့်နေရာတစ်ခုမှ ကလေးတစ်ဦးကို ကျား၊မ မရွေး မွေးစားရန် စီစဉ်ထားခဲ့သည်။ သူမသည် ကိုယ်ဝန်ရှိသယောင် ဟန်ဆောင်ကာ ကလေးမှာ သူမ၏ ကိုယ်ပိုင်ကလေးဖြစ်ကြောင်း လူတိုင်းကို ပြောပြမည်ဖြစ်သည်။
အရာအားလုံးသည် စီစဉ်ထားသည့်အတိုင်း တိုးတက်ဖြစ်ထွန်းနေခဲ့သည်။ အလုပ်ခွင်တွင် သူမသည် စိတ်လက် ပေါ့ပါးနေပုံဖြစ်နေခဲ့ရာက တစ်ရက်တွင် သူမကြမ်းတိုက်နေရင်း အစ်မလျိုက လျှို့ဝှက်နက်နဲသည့်ပုံစံဖြင့် ဝင်လာသောအခါ လော့လန်က သူမမျက်နှာပေါ်ရှိ ကြီးမားသော ဒဏ်ရာတစ်ခုကို သတိထားမိလိုက်သည်။
"ဘာဖြစ်လာတာလဲ"
အစ်မလျိုသည် စိတ်ဓာတ်ကျနေပုံရသည်။ ဤသည်မှာ ယနေ့တွင် သူမ အမေးခံရခြင်း တတိယအကြိမ်ဖြစ်သည်။ သူမမျက်နှာပေါ်ရှိ ဒဏ်ရာမှာ လစ်လျူရှုထား၍ မရနိုင်လောက်အောင် သိသာလွန်းနေသည်။
"ငါ ချော်လဲတာပါ"
"အစ်မလျို” လော့လန်က မေးခွန်းထုတ်လိုသော လေသံဖြင့် ပြောလိုက်သည်။ “ကျွန်မ အစ်မကို ကူညီချင်ပေမယ့် အစ်မရဲ့ အဖြေက ဒါပဲဆိုရင်တော့ ကျွန်မဆက်ပြီး စပ်စုမနေတော့ပါဘူး"
"ငါ ရန်ဖြစ်ခဲ့တာ” အစ်မလျိုက အလွန်တိုးသော အသံဖြင့် တီးတိုးပြောလိုက်သည်။ “သူလည်း သိပ်ပြီး သက်သာတာတော့ မဟုတ်ပါဘူး၊ ငါ သူ့မျက်နှာကို တော်တော်ဆိုးဆိုးရွားရွား ကုတ်ဖဲ့လိုက်တယ်"
"ဘာဖြစ်လို့လဲ"
"ငါ့အမေ နေမကောင်းဖြစ်ပြီး လေဖြတ်လို့ မြို့နယ်ဆေးရုံ ရောက်နေတာ၊ ငါ ပိုက်ဆံလိုတယ်၊ ဒါနဲ့ ငါ့ယောက္ခမကို တောင်းဖို့ စဉ်းစားမိတယ်၊ ဘာလို့လဲဆိုတော့ ဒီနှစ်တွေတစ်လျှောက်လုံး ငါ့ယောက်ျားရဲ့ လစာက သူ့လက်ထဲမှာပဲ အမြဲရှိနေခဲ့တာလေ၊ ဒါပေမဲ့ အဲဒီအဘွားကြီး ဘာပြောလဲဆိုတာ နင် ခန့်မှန်းကြည့်ပါဦး"
"ငါတို့ မိသားစုထဲ ဝင်လာပြီးရင် နင့်မိသားစု ကိစ္စတွေကို ဂရုစိုက်တာ လျှော့သင့်တယ်တဲ့"
"အတိအကျပဲ၊ တစ်လုံးမကျန်ဘူး၊ ညီမ နင်လည်း ဒါမျိုး ကြုံဖူးပုံရတယ်၊ ငါ အကူအညီ အလိုအပ်ဆုံးအချိန်ကျမှ အဲဒီစုန်းမကြီးက အဲဒီလို ပြောထွက်တယ်၊ ဒီတစ်လျှောက်လုံး ငါ သည်းခံလာခဲ့ပေမယ့် အရေးကြီးတဲ့ အချိန်ကျမှ သူ ဘယ်လိုလုပ် အဲဒီလိုစကားမျိုး ပြောနိုင်ရတာလဲ၊ ဒါ ငါ့ကို မွေးပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ငါ့ အမေလေ၊ ငါ ဘယ်လိုလုပ် လစ်လျူရှုထားနိုင်မှာလဲ"
"ပိုက်ဆံ ရခဲ့လား"
"မရဘူး၊ သူက သူ့အမေဘက်က ပါတယ်၊ ဒါနဲ့ ငါတို့ စကားများကြရော၊ အခြေအနေတွေ ထိန်းမရဖြစ်ပြီး နှစ်ယောက်သား ရန်ဖြစ်ကြတော့တာပဲ၊ အဲဒီအဘွားကြီးက ငါ့ကို တစ်ပြားမှ ပေးမှာမဟုတ်ဘူးလို့ ပြောတယ်၊ ငါ ဒါရိုက်တာကို လစာကြိုထုတ်လို့ ရမလားလို့ မေးကြည့်တော့ သူက ရပါတယ်လို့ ပြောတယ်၊ ငါ လစာတစ်လစာ ကြိုထုတ်ပြီး နည်းနည်းလောက် ချေးလို့ရမလား ကြည့်လိုက်ဦးမယ်"
"ဒါပေမဲ့ ကျွန်မတို့အိမ်က ယောက်မနှစ်ယောက်လုံးကို နေရာချပေးနေရတာဆိုတော့ ညီမလည်း ပိုက်ဆံပြတ်နေတာ..."
"နင်က အိမ်ထောင်ကျကာစဆိုတော့ ကျပ်တည်းမှာပေါ့၊ စိတ်မပူပါနဲ့၊ ငါ အရှုံးခံမှာ မဟုတ်ပါဘူး၊ မျက်နှာဖုံး ကွာကျသွားပြီဆိုတော့ ဒီကိစ္စက ပြီးမှာမဟုတ်သေးဘူး"
"အစ်မ အကူအညီ လိုသေးလား"
"နင် ငါ့အစား သွားပေးနိုင်မလား၊ ငါ စဉ်းစားမိတာက နင်သာ အမျိုးသမီးအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ဝင်ပါပေးမယ်ဆိုရင် ဒါက တရားဝင်ကိစ္စ ဖြစ်သွားမှာ၊ အဲဒီ စုန်းမကြီးလည်း ဒီလောက်ထိ ပြောင်ကျကျ လုပ်ရဲမှာ မဟုတ်တော့ဘူး"
"ကောင်းပြီလေ၊ ကျွန်မ ကြိုးစားကြည့်ပေးမယ်"