အခန်း (၄၉)
Vol. 5 Ch. 49
"ကျွန်မယောက်ျားက သတိပေးခံရုံပဲလား၊ ဒါမှမဟုတ် လယ်ထဲဆင်းဖို့ အပို့ခံရမှာလား"
"အဲဒါတော့ ပြောရခက်တယ်။ သူ အပို့ခံရဖို့များတယ်။ သူက..."
အမျိုးသားသည် ခေတ္တရပ်လိုက်သည်။ "ကျိုးကျွင်းဖန်က မင်းရဲ့ ယောင်းမမလား"
"ဟုတ်တယ်"
"ကျိုးချင်းရှန်က သတိပေးတာကို ဂရုမစိုက်တဲ့ အမျိုးအစားပဲ။ ငါတို့ သူဌေးကို မဆန့်ကျင်ဖို့ မင်း သူ့ကို အကြံပေးသင့်တယ်၊ အဲဒါက ကောင်းတဲ့အရာ မဟုတ်ဘူး"
"အစ်ကို့သူဌေးက ဘယ်သူလဲ။ တော်တော် ရက်စက်မယ့်ပုံပဲ"
"ငါတို့ ညွှန်ကြားရေးမှူးက မျိုးဆက်ရှစ်ဆက်တိုင်တိုင် ကြိုးကြိုးစားစား အလုပ်လုပ်လာတဲ့ လယ်သမားစစ်စစ် မိသားစုကနေ ဆင်းသက်လာတာ"
"ရင်းနှီးနေသလိုပဲ။ ကျွန်မ မိသားစုကလည်း မျိုးဆက်ပေါင်းများစွာ ဆင်းရဲမွဲတေနေတဲ့ လယ်သမားတွေပဲ"
"ဒါပေမယ့် အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် မင်းမှာ နည်းလမ်းတချို့ ရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ စဉ်းစားနေရင် အဆင်မပြေဘူး။ တခြားသူတွေရဲ့ အလိုကို ဘယ်လို ဖြည့်ဆည်းပေးရမလဲဆိုတာ သိဖို့လိုတယ်... အာ.. ငါ စကားပြောတာ များသွားပြီ"
"အစ်ကို့သူဌေးက စိတ်မြန်လက်မြန် ရှိလား"
"ဇွန်လရဲ့ ရာသီဥတုလိုပဲ"
ဇွန်လသည် ရုတ်တရက် ပြောင်းလဲမှုများကြောင့် လူသိများသည်။ အမျိုးသား၏ စကားများက သူ့သူဌေးအပေါ် မကျေနပ်မှုအချို့ကို ဖော်ပြနေပြီး သူသည် အသုံးဝင်သော မဟာမိတ်တစ်ဦး ဖြစ်လာနိုင်ကြောင်း ညွှန်ပြနေသည်။ ရင်းနှီးစွာ စကားစမြည်ပြောပြီးနောက် လော့လန်သည် သူ့ကို စီးကရက်တစ်ဗူး ပေးခဲ့သည်။ ဤခေတ်တွင် ဒါက ရှားပါးသော ပစ္စည်းတစ်ခုဖြစ်သည်။
"ဝိုး၊ မင်းဆီမှာ ဒီလို ပစ္စည်းကောင်းတွေ ရှိလိမ့်မယ်လို့ ကိုယ် မမျှော်လင့်ထားဘူး"
"ကျွန်မယောက်ျားကို ဂရုစိုက်ပေးပါဦးနော်။ သူက ခေါင်းနည်းနည်းမာတယ်။ သူ ပြဿနာကြီးကြီးမားမားနဲ့ မကြုံရဖို့ မျှော်လင့်ပါတယ်"
အမျိုးသားသည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း သဘောတူလိုက်သည်။
"ရတယ်လေ"
"ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်။ တာ့တာ အစ်ကိုကြီး"
"နောက်မှ ထပ်လာခဲ့ဦးနော် ညီမလေး"
သူမသည် အနာဂတ်ဖြစ်ရပ်များအတွက် ပြင်ဆင်ရန် အဆက်အသွယ်များ တည်ဆောက်နေခြင်းဖြစ်သည်။ အိမ်သို့ ပြန်ရောက်ပြီးနောက် အရာအားလုံး အဆင်ပြေကြောင်း သူမ၏ ယောက္ခမကို နှစ်သိမ့်ပေးခဲ့ပြီး ယောက္ခမဖြစ်သူကလည်း သူမကို အမှန်တကယ် ယုံကြည်ပုံရကာ ခေါင်းညိတ်ပြခဲ့သည်။ ဆယ်စုနှစ်များစွာ အလုပ်မလုပ်ခဲ့သော အမျိုးသမီးတစ်ဦးအနေဖြင့် အပြင်ဘက်ရှိ အခြေအနေများမှာ မည်မျှဆိုးရွားနေသည်ကို သူမ လုံးဝမသိပေ။ ဤနည်းအားဖြင့် ကိုင်တွယ်ဖြေရှင်းရန် ပိုလွယ်ကူပြီး သူမကို အလွန်အမင်း စိုးရိမ်ပူပန်ကာ ဖျားနာခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ဖျားနာပါက ပြုစုစောင့်ရှောက်ရန် လိုအပ်လာမည်ဖြစ်သည်။
မိသားစု၏ အကြီးအကဲအနေဖြင့် ကျိုးချင်းရှန်သည် ဖိအားများ၏ ဒဏ်ကို အများဆုံး ခံစားရသည်။ သူက ထိုအရာများကို ကိုင်တွယ်နိုင်သဖြင့် လော့လန်အတွက် လှုပ်ရှားရ ပိုလွယ်ကူစေသည်။ ငါးရက်ခန့် တိတ်ဆိတ်စွာ စောင့်ဆိုင်းပြီးနောက် ကျိုးကျွင်းဟွေ့မှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားနိုင်ခဲ့သည်။
ကျိုးကျွင်းဟွေ့ထံမှ ထိုသတင်းကို ကြားသောအခါ သူမသည် သက်ပြင်းချနိုင်ခဲ့သည်။ ကျိုးကျွင်းဖန်၏ အစီအစဉ်များလည်း ပြီးစီးသွားပြီဖြစ်ရာ ထိုရက်သတ္တပတ် အဆုံးတွင် သူမနှင့် သူမ၏ ယောက္ခမတို့က ယောင်းမဖြစ်သူကို နယ်ဘက်သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
လော့လန် စက်ဘီးစီးလာပြီး ကျိုးကျွင်းဟွေ့နှင့် ကျိုးကျွင်းဖန်တို့က တစ်ယောက်တစ်လှည့်စီ လိုက်ပါလာကြသည်။ လမ်းတွင် ကျိုးကျွင်းဖန်သည် အရာအားလုံးကို သိချင်စိတ်ပြင်းပြနေသည်။ လယ်ကွင်းများမှ ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီးဖြစ်ကာ အချို့မြေများကို ထွန်ယက်နေပြီဖြစ်သည်။
"ယောက်မ၊ သူတို့ ဘာလုပ်နေကြတာလဲ"
"ဂျုံစိုက်နေကြတာ။ ဆောင်းဂျုံတွေကို စိုက်ပျိုးဖို့ လိုတယ်လေ၊ မဟုတ်ရင် အေးလာတဲ့အခါ အရမ်းနောက်ကျသွားလိမ့်မယ်"
"အော်.. ဒါဆို မြေကြီးမအေးခဲခင် သူတို့က လယ်ကွင်းတွေကို ထွန်ယက်ဖို့ လိုတာပေါ့၊ ဟုတ်လား"
"အဲဒီလိုလုပ်တာ အကောင်းဆုံးပါပဲ"
"ဘာလို့လဲဟင်"
"အဲဒီလိုဆိုရင် နောက်နှစ်မှာ သူတို့ ထပ်ပြီး ထွန်ယက်စရာ မလိုတော့ဘူးလေ။ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အပင်ပေါက်နှုန်း ကောင်းဖို့ သေချာအောင်လေ"
"ယောက်မက တကယ်ကို အများကြီး သိတာပဲနော်"
လော့လန်က ရယ်မောလိုက်ရင်း ပြောလိုက်သည်။ ကျိုးကျွင်းဖန်သည် သူမ၏မိသားစုအယုအယခံထားရသဖြင့် တကယ်ကိုပင် ရိုးအလှသည်။ သို့သော် ထိုမိန်းကလေးမှာ ချိုသာပြီး ချစ်စရာကောင်းလှသည်။
"ငါက တောင်သူလယ်သမားပဲဟာ၊ ဒါတွေကို ဘယ်လိုလုပ် မသိဘဲနေမလဲ။"
"ယောက်မ... ဆရာမတွေကော လယ်လုပ်ရလား။ မူလတန်းပြဆရာမတွေက ဟင်းသီးဟင်းရွက်တွေ စိုက်ရတယ်လို့ ကြားဖူးတယ်။ ကောက်နှံတွေကျတော့ရော။ သူတို့ရော လယ်ထဲဆင်းလုပ်ရလား။"
"မင်းတို့ကောင်မလေးတွေ အတူတူ အသီးအရွက်စိုက်ခင်းထဲမှာ အလုပ်လုပ်လို့ရပါတယ်။ စိတ်မပူပါနဲ့၊ ဘယ်လိုလုပ်ရမလဲ မသိရင် ငါ့တူကို ကူညီခိုင်းလိုက်မယ်။ တပ်မဟာကနေ လတိုင်း ကောက်နှံတွေ ရမှာဆိုတော့ လယ်ထဲဆင်းလုပ်စရာ မလိုပါဘူး။"
"ဪ၊ ဒါဆို ကောင်းတာပေါ့။"
လော့လန်က ကျိုးကျွင်းဖန်ကို ခေါ်သွားပြီး ကျိုးကျွင်းဟွေ့က အမေကျိုးကို လမ်းပြခေါ်ဆောင်သွားခဲ့သည်။ သူတို့သည် ထုတ်လုပ်ရေးတပ်ဖွဲ့ရှိရာဆီသို့ မိုင်ဆယ်ကျော်ခရီးကို အလျင်အမြန် သွားခဲ့ကြသည်။ ကောက်နှံများအားလုံး ရိတ်သိမ်းပြီးဖြစ်ကာ ပါတီအတွင်းရေးမှူးမှာ တပ်မဟာ အဖွဲ့အစည်းထံသို့ ရိက္ခာများပို့ဆောင်ရန် အလုပ်များနေခဲ့သည်။ ပါတီရုံးခွဲတွင် မည်သူ့ကိုမျှ မတွေ့ရသဖြင့် လော့လန်သည် ဆက်စုံစမ်းမေးမြန်းကာ ဂိုဒေါင်ဘက်သို့ ထွက်လာခဲ့သည်။
လမ်းတွင် ဝမ်မိသားစု၏ စတုတ္ထချွေးမဖြစ်သူ ဝမ်ရှီခွမ်း နှင့် ဆုံတွေ့ခဲ့ရာ သူမက လော့လန်၏ ယောက္ခမနှင့် ယောက်မဖြစ်သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။ အမေကျိုးနှင့် သမီးအငယ်ဆုံးတို့က နောက်မှလျှောက်လာကြပြီး သူမက လော့လန်အနားသို့ တိုးကပ်လာကာ တီးတိုးပြောလိုက်သည်။
"နင့်ယောက္ခမက တော်တော်နုတာပဲနော်။"
"အင်း၊ အသက် ခြောက်ဆယ်တောင် မပြည့်သေးဘူးလေ။"
"အဲ့ဒါ မအိုသေးပါဘူး။ သူက လယ်အလုပ်မလုပ်ရတော့ ငါတို့တပ်မဟာက မိန်းမတွေထက် ပိုနုနေတာပေါ့။ နင့်ယောက်မနှစ်ယောက်ကလည်း ရုပ်ရည်လေးတွေ သနားကမားနဲ့။ သူတို့အတွက် အိမ်ထောင်ဖက်တွေ ရှာတွေ့ပြီလား။"
"မတွေ့သေးပါဘူး၊ လောစရာမှ မလိုတာ။"
"ဪ၊ ဒါနဲ့ နင့်ကို ပြောရဦးမယ်။ အိမ်က အဘိုးကြီးအဘွားကြီးနှစ်ယောက်လုံး အိပ်ရာထဲကနေ မထနိုင်တော့လို့ ညီအစ်ကိုသုံးယောက် အလှည့်ကျ ပြုစုနေရတယ်ဟ။"
"ဟင်း... အရင်တုန်းကဆိုရင် သူက ငါတို့ကို ဟင်းရည်ကျဲကျဲလေးတွေ တိုက်ပြီး သူ့သားတွေကိုကျတော့ အပျစ်ကြီးတွေ ကျွေးတာလေ။ အခု အိပ်ရာထဲက မထနိုင်တော့တဲ့အချိန်ကျမှ သူ့ချွေးမအကြီးဆုံးက ရက်စက်တော့တာပဲ။ ပြီးခဲ့တဲ့အပတ်က သူ့အလှည့်လည်းကျရော တစ်နေ့ကို ဆန်ပြုတ်ကျဲကျဲလေး တစ်ဝက်ပဲ ကျွေးတယ်။ အိမ်သာသွားရမှာစိုးလို့ဆိုပြီး ရေလည်း အလုံအလောက် မတိုက်ဘူး။"
"ခံရမှာပေါ့။"
"အေးလေ။ သူ့ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး ပိုးတွေဝင်နေတာတောင် သားတွေထဲက တစ်ယောက်မှ သန့်ရှင်းရေးလုပ်မပေးချင်ကြဘူး။ ငါ့ယောက်ျားကတောင် ငါ့ကို လုပ်ခိုင်းချင်နေလို့ အကြီးအကျယ် ရန်ဖြစ်ထားရသေးတယ်။ သူက မိဘကို ဂရုမစိုက်ဘဲနဲ့၊ ငါ့ကိုကျတော့ အလုပ်ကြမ်းတွေခိုင်းပြီး သူကတော့ သားလိမ္မာလေး ဟန်ဆောင်ချင်နေတာ။"
"ဒါနဲ့ နင် သူ့ကို သန့်ရှင်းရေး လုပ်ပေးလိုက်သေးလား။"
"ဘာကို လုပ်ပေးရမှာလဲ။ အဲ့ဒီအဘွားကြီးက လှုပ်လိုက်တာနဲ့ နာလို့ဆိုပြီး ကျိန်ဆဲနေတာ။ အဲ့လိုမျိုးကို ဘယ်သူက ကူညီချင်မှာလဲ။"
ဒါက တကယ့်ကို ကဗျာဆန်လှသော ဝဋ်လည်ခြင်းဟု ခံစားလိုက်ရ၏။ သူမ ငယ်စဉ်က တာဝန်ဝတ္တရားများကို လစ်လျူရှုကာ ချွေးမများအပေါ် ဆိုးရွားစွာ ဆက်ဆံခဲ့သဖြင့် ယခုအခါတွင်လည်း အလားတူ ခါးသီးမှုမျိုးကို ပြန်လည်ခံစားနေရခြင်းဖြစ်သည်။
"ဒါနဲ့ နင်က ဘာလို့ ယောက္ခမနဲ့ ယောက်မကို ခေါ်ပြီး အတွင်းရေးမှူးကို လာရှာရတာလဲ။"
"ငါ့ယောက်မက ငါတို့တပ်မဟာမှာ အစားထိုးဆရာမ လာလုပ်မှာလေ။ သူ့ကို စောင့်ရှောက်ပေးဖို့ နင့်ကို အကူအညီတောင်းချင်လို့ပါ။ ကြိုပြီး ကျေးဇူးတင်ပါတယ်ဟာ။"
"အားနာစရာ မလိုပါဘူး။ ငါကူညီနိုင်ရင် သေချာပေါက် ကူညီမှာပေါ့။ နင့်ယောက်မလေးက တကယ်ကို ချစ်စရာလေးပဲ၊ ဝါဂွမ်းလေးလိုပဲ နုနယ်ပြီး လတ်ဆတ်နေတာပဲ။"
"အင်း၊ သူက မြို့က ကလေးဆိုတော့ ဆင်းရဲဒုက္ခ မခံဖူးဘူးလေ။"
စကားပြောဆိုရင်းဖြင့် သူတို့သည် နောက်ဆုံးတွင် ခရီးဆုံးသို့ရောက်ရှိလာကာ အတွင်းရေးမှူးကို ရှာတွေ့ခဲ့သည်။ ထိုအမျိုးသားက သူတို့ကို လွတ်မြောက်ရေးရပြီးနောက်ပိုင်း တည်ထောင်ခဲ့သော ကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်က အရင်းအမြစ်များ ရှားပါးသဖြင့် ကျောင်းဆောက်ရန် ငွေမရှိသောကြောင့် ရွာမြောက်ဘက်ရှိ ဘုရားကျောင်းတွင် ဖွင့်လှစ်ခဲ့ရသည်။ ယခုအခါတွင် ရှေးဟောင်းဓလေ့ထုံးတမ်းများကို ပပျောက်စေခဲ့ပြီဖြစ်ရာ ကျယ်ဝန်းသော ခြံဝင်းကြီးမှာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအတွက် လုံလောက်မှုရှိနေပြီဖြစ်သည်။
အတွင်းရေးမှူးက အထဲသို့ဝင်ရင်း လှမ်းခေါ်လိုက်ရာ အရှေ့ဘက်အခန်းထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။
"ကျောင်းအုပ်ကြီးဟယ်၊ ကျောင်းအုပ်ကြီးဟယ်..."
"အတွင်းရေးမှူး၊ ဒီနေ့ ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ။"
"အရင်က အစားထိုးဆရာမအကြောင်း ပြောဖူးတယ်လေ။ ဒါက အဲဒီဆရာမပဲ။"
ကျိုးကျွင်းဖန်မှာ အနည်းငယ် ကြောက်ရွံ့နေသော်လည်း သူမ၏ ယောက်မနှင့် မိခင်ဖြစ်သူတို့က မလာမီကတည်းက ကြိုတင်ပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။ သူမက အနည်းငယ် ရှက်ရွံ့နေသော်လည်း မည်သူ့နောက်တွင်မျှ ပုန်းကွယ်မနေခဲ့ပေ။ သူမသည် ဘေးရှိ လူသစ်ကို ညင်သာစွာ ပြုံးပြလိုက်သည်။
ယနေ့တွင် သူမသည် အကွက်ဖော်ထားသော အကျီၤကို ဝတ်ဆင်ထားပြီး ရိုးရှင်းသောဟန်ပန်ဖြစ်နေသော်လည်း မှိုင်းညို့နေခြင်း အလျဉ်းမရှိပေ။ ဤမျှ လှပသော မိန်းမငယ်လေးတစ်ဦး ဆရာမလာလုပ်သည်ကို မြင်လိုက်ရသဖြင့် ကျောင်းအုပ်ကြီးဟယ်မှာ အနည်းငယ် အံ့သြမှင်သက်သွားခဲ့သည်။
"အသက် ဘယ်လောက်ရှိပြီလဲ။"
"ဆယ့်ရှစ်နှစ်ပါ။"
သူမသည် အသက်ပြည့်ပြီဖြစ်သော်လည်း အတော်လေး နုနယ်သေးပုံပေါ်သည်။ ဤခေတ်အခါတွင် ကျေးလက်ဒေသများ၌ ဆရာ၊ ဆရာမများ လိုအပ်နေသဖြင့် ကျောင်းအုပ်တစ်ယောက်အနေဖြင့် လာရောက်လိုသူများကို သူက ကြိုဆိုရမည်ဖြစ်သည်။
ယခုမူ ဤမိန်းကလေးက ကျောင်းသားများကို ထိန်းကျောင်းနိုင်ပါ့မလားဟု သူ စိုးရိမ်နေမိသည်။ လိုအပ်ပါက သူ ကူညီပေးနိုင်မည်ဟု တွေးလိုက်သည်။ အနည်းငယ် ခြိမ်းခြောက်လိုက်ခြင်းက ကျောင်းသားများကို ငြိမ်သက်စေနိုင်သည်။
"ကောင်းပြီလေ။ မင်းက အသစ်ဆိုတော့ ပထမတန်းကို သင်ရမယ်။ ဒီနှစ်မှာ ကျောင်းသား လေးဆယ့်တစ်ယောက်ရှိတယ်၊ တစ်တန်းလုံးအတွက် ဘာသာစကားနဲ့ သင်္ချာကို တာဝန်ယူရမယ်။ ပတ်ဝန်းကျင်နဲ့ အရင်ဆုံး ရင်းနှီးအောင် လုပ်ရလိမ့်မယ်။"
ကျောင်းအုပ်ကြီးဟယ်က အနောက်ဘက်အခန်းကို လက်ညှိုးထိုးပြလိုက်သည်။ "ပထမတန်း စာသင်ခန်းက ဟိုမှာ။ ဒီအခန်းက သုံးပိုင်းခွဲထားပြီး အနောက်ဘက်မှာ ဆရာမနေဖို့ အခန်းတစ်ခန်းရှိတယ်။ လာ၊ သွားကြည့်ရအောင်။"
နံနက် ဆယ့်တစ်နာရီအချိန်တွင် ကလေးအားလုံး အတန်းထဲ၌ ရှိနေကြသည်။ သူတို့ ဝင်သွားချိန်တွင် ကျောင်းသားတိုင်းက စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေကြပြီး မည်သူက ဆရာမအသစ်ဖြစ်မည်ကို အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
သုံးပိုင်းခွဲထားသော အခန်းမှာ အတော်လေး ကျယ်ဝန်းပြီး အနောက်ဘက်ရှိ အခန်းမှာလည်း စတုရန်းမီတာ နှစ်ဆယ်ခန့် ကျယ်ဝန်းသည်။ အထဲတွင် ခန် ဟုခေါ်သော အုတ်ကုတင်တစ်ခု၊ ရှေးဟောင်းဗီရိုတစ်ခုနှင့် အိမ်စာများစစ်ဆေးရန် ကျောင်းသားများ၏ စားပွဲများနှင့် ဆင်တူသော စားပွဲတစ်လုံးတို့ ရှိသည်။
"ကြည့်ရတာ အဆင်ပြေသားပဲ။" အမေကျိုးက မှတ်ချက်ချလိုက်သည်။ သူမသည် ဂျီးများတတ်သူတစ်ယောက် မဟုတ်ပေ။ အခန်းထဲတွင် အသုံးအဆောင်အချို့သာ လိုအပ်နေသော်လည်း ယနေ့ အိပ်ရာခင်းများ ယူလာခဲ့ပြီးဖြစ်ကာ နောင်တွင် အခြားပစ္စည်းများကို တဖြည်းဖြည်း ဖြည့်တင်းနိုင်မည်ဖြစ်သည်။
"ဆောင်းတွင်းဆိုရင်တော့ ဒီမှာ ဟင်းချက်လို့ရတယ်၊ နွေရာသီကျတော့ ဘယ်လိုလုပ်မလဲ။"
ကျောင်းအုပ်ကြီးဟယ်က ခြံဝင်းအတွင်းရှိ အဆောက်အအုံပုလေးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုဘက်မှာ၊ အဲဒီအခန်းငယ်လေးကို ဝေမျှသုံးကြတာပေါ့။"
"ကောင်းပါပြီ၊ အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ကြရအောင်။"
"ကျောင်းသားတွေကို ကူခိုင်းလိုက်လေ။ သူတို့ အသက်ကိုကြည့်ပြီး အထင်မသေးနဲ့။ အလုပ်ကြမ်းတွေ လုပ်နေကျမလို့ ကြမ်းပြင်လှည်းတာတို့၊ ရေခပ်တာတို့ လုပ်နိုင်တယ်။"
လော့လန် ရှိနေသဖြင့် ကလေးများကို ရေမခပ်ခိုင်းတော့ပေ။ သူမက ကျောင်းမှ ရေပုံးကိုယူကာ ရေတွင်းမှ ရေခပ်ခဲ့သည်။ ဤအချိန်တွင် အလုပ်များများစားစား မရှိတော့သလို အမျိုးသမီးများစွာမှာလည်း အလုပ်နားနေကြပြီဖြစ်သည်။ လမ်းတွင် သူမသည် မလွှဲမရှောင်သာ သိကျွမ်းသူများနှင့် ဆုံတွေ့ခဲ့ပြီး နှုတ်ဆက်စကားပြောဆိုကာ ရေကို အမြန်သယ်ယူ၍ ပြန်လာခဲ့သည်။
သန့်ရှင်းရေးလုပ်ခြင်းနှင့် နေရာချထားခြင်းတို့ကို အမျိုးသမီးလေးဦး ပူးပေါင်းလုပ်ဆောင်ခဲ့ကြရာ မကြာမီတွင် အခန်းမှာ ပြောင်စင်သွားခဲ့သည်။ သူတို့သည် အုတ်ကုတင်ပေါ်တွင် အိပ်ရာခင်းများကို ခင်းလိုက်ပြီး မီးဖိုကို မီးမွှေးကာ နွေးထွေးစေရန်နှင့် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းမှ ကာကွယ်ရန်အတွက် မီးခိုးခေါင်းတိုင်ကို နံရံနှင့်ကပ်၍ တပ်ဆင်လိုက်သည်။
"ကြည့်ရတာ အဆင်ပြေပါတယ်။ တပ်မဟာက မီးသွေးတွေ ပေးထားတော့ ဒီမှာ အေးမှာမဟုတ်ပါဘူး။"
ကလေးများက စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြစဉ် လော့လန်သည် စင်မြင့်ပေါ်တွင် တွေ့ရသော စာသင်တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်သို့ ခေါက်လိုက်သည်။ ချက်ချင်းပင် ကလေးများ တိတ်ဆိတ်သွားကြပြီး သူတို့၏နေရာများသို့ ပြန်ထိုင်ကြသည်။
"အချင်းချင်း မိတ်ဆက်ကြရအောင်။ လော့လန်က ယောက်မဖြစ်သူကို ဆွဲခေါ်လာရင်း ပြောလိုက်သည်။
“ဒါက ဆရာမကျိုးတဲ့၊ သားတို့၊ သမီးတို့ရဲ့ ဘာသာရပ်အားလုံးအတွက် ဆရာမအသစ်ပဲ။ သူမကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြပါဦး။"
ကလေးများက လိမ္မာစွာပင် လက်ခုပ်တီးကြသည်။ ကျိုးကျွင်းဖန်မှာ အနည်းငယ် ရှက်ရွံ့နေသော်လည်း သူမကိုယ်သူမ အားပေးလိုက်သည်။ သူမ၏ ယောက်မဖြစ်သူက သူမအတွက် နေရာဖန်တီးပေးခဲ့ပြီဖြစ်ရာ ယခုမှာ သူမ စွမ်းဆောင်ပြရမည့် အလှည့်ဖြစ်ကြောင်း သိထားသည်။
ကျိုးကျွင်းဖန်က မိတ်ဆက်လိုက်သည်။ " အားလုံး မင်္ဂလာပါ ဆရာမရဲ့ မျိုးရိုးနာမည်က ကျိုးပါ၊ ဆရာမကို ဆရာမကျိုးလို့ ခေါ်လို့ရပါတယ်။"
"မင်္ဂလာပါ ဆရာမကျိုး။"
နံနက်ပိုင်းတွင် အတန်းမရှိသဖြင့် သူတို့သည် ကလေးများနှင့် ရင်းနှီးကျွမ်းဝင်စေရန် အချိန်ဖြုန်းခဲ့ကြသည်။ မွန်းတည့်ချိန်ရောက်၍ ကျောင်းဆင်းသောအခါ လော့လန်က သူတို့ကို သူမ၏ ယောက်မအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ရေခပ်စဉ်ကတည်းက ယောက်မဖြစ်သူနှင့် နေ့လယ်စာအတူစားရန် သူမ စီစဉ်ထားခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က လော့လန်သည် ယောက်မဖြစ်သူထံမှ ကြက်ဥများ ယူလာခဲ့ပြီး ယခုအကြိမ်တွင်မူ ကျိုးအမေက ခေါက်ဆွဲခြောက် အနည်းငယ် ယူဆောင်လာခဲ့သည်။ ပေါင်းသင်းဆက်ဆံရေးတွင် အပြန်အလှန်ရှိသင့်ပြီး မိသားစုအပေါ် အမြတ်မထုတ်သင့်ပေ။
သူမ လာသည်ကို မြင်သောအခါ ယောက်မအကြီးဆုံးက တံခါးဝသို့ ပျော်ရွှင်စွာ လာရောက်ကြိုဆိုခဲ့သည်။
"လူတွေအရမ်းများနေလို့ ငါ စောစောက မပြောလိုက်ရတာ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အငယ်ဆုံးလေးက ဖျားပြန်ရော၊ နင်ပေးခဲ့တဲ့ ဆေး ကျေးဇူးကြောင့် တကယ့်ကို အံ့မခန်းပဲဟေ့။ အို... တကယ်ကို ထိရောက်တာ။ တစ်ချက်လေး ဖျန်းလိုက်တာနဲ့ ပုံမှန်ပြန်ဖြစ်သွားတယ်။ အဲဒီဆေးရှိတော့ သူ ရုတ်တရက် အသက်ရှူကျပ်သွားမှာကို ငါ မကြောက်ရတော့ဘူး။"
"ရှောင်ဝူက အသက်ဘယ်လောက်ရှိပြီလဲ။"
"ခုနစ်နှစ်လေ။ ဘာလို့လဲ။"
"သူ ကျောင်းသွားရတော့မယ့် အရွယ်ရောက်နေပြီမလား။"
"သူငယ်တန်းလေ။ တခြားတပ်မဟာတွေမှာတော့ ရှိတယ်လို့ ကြားတယ်၊ ဒါပေမယ့် ငါတို့ဆီမှာ မရှိဘူး။ ဒီမှာက ကလေးတွေ အသက် ရှစ်နှစ်၊ ကိုးနှစ်ရောက်မှ ပထမတန်းကို တန်းသွားရတာ။ ကျွင်းဖန်က အခုကစပြီး ငါ့သမီးရဲ့ ဆရာမဖြစ်တော့မှာပဲ။ နင့်မှာ လိုအပ်တာတွေရှိရင် ယောကိမကို အားမနာဘဲသာ ပြောနော်။" သူမက ပြောနေရင်း ကျိုးကျွင်းဖန်ကို လှမ်းကြည့်လိုက်သည်။
ကျိုးကျွင်းဖန်က လိမ္မာစွာ ပြုံးပြလိုက်ပြီး သူမ၏ ယောက်မ နောက်မှလိုက်ကာ အကြီးဆုံးယောက်မအိမ်ထဲသို့ ဝင်သွားခဲ့သည်။ ကျိုးချင်းရှန်ကို မတွေ့ရသဖြင့် ယောင်းမအကြီးဆုံးက ကျိုးချင်းရှန် အဘယ်ကြောင့် မပါလာသနည်းဟု မေးလိုက်သည်။ ကျိုးအမေမှာ ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားသော်လည်း လော့လန်က သူမ သက်တောင့်သက်သာဖြစ်စေရန် ပေါင်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"သူ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ ရက်အနည်းငယ်ကြာမှ ပြန်ရောက်မယ်။"
"ဪ၊ နားလည်ပါပြီ"
"ဒါနဲ့ ယောက်မ၊ အရင်တုန်းက ကျွန်မသုံးခဲ့တဲ့ အိုးတွေ ပန်းကန်တွေ ရှိသေးလား။"
ယောက်မဖြစ်သူက ပြန်ဖြေသည်။ "ရှိတာပေါ့။ နင့်အတွက် ငါ သိမ်းထားပေးပါတယ်။ နင်က အဲဒါတွေကို ကျွင်းဖန်အတွက် သုံးမလို့မလား။ ခဏလေးစောင့်၊ ငါ သွားရှာပေးမယ်။"
"အလောတကြီး မလိုပါဘူး၊ နောက်မှ ရှာလို့ရပါတယ်။"
"ဒုက္ခမများပါဘူးဟယ်၊ ဟိုဘက်နားလေးတင် ရှိတာ။"
အိုးတစ်လုံး၊ ပန်းကန်နှစ်လုံး၊ တူတစ်စုံနှင့် စဉ်းတီတုံးငယ်တစ်ခု။ ဓားမှာ မီးဖိုချောင်သုံးဓား မဟုတ်ဘဲ ခေတ်ပေါ် သစ်သီးလှီးဓားနှင့်ဆင်တူသော အသွားကျဉ်းကျဉ်း ဓားတစ်ချောင်းဖြစ်သည်။ ယနေ့ခေတ်လူများအတွက် အဆင်မပြေဟု ထင်ရသော်လည်း အသားကျသွားပါက အတော်လေး အသုံးဝင်နေဆဲဖြစ်သည်။
သူတို့သည် ယောက်မဖြစ်သူ၏အိမ်တွင် ရိုးရှင်းသော နေ့လယ်စာကို စားသုံးခဲ့ကြသည်။ သူမ၏ အစ်ကိုကြီးတွင် သားလေးယောက်ရှိပြီး အကြီးဆုံးမှာ ဆယ့်ရှစ်နှစ်ရှိပြီဖြစ်ကာ ယခုနှစ်တွင် အိမ်ထောင်ကျရန် ရည်ရွယ်ထားသည်။ သို့သော် အခြေအနေအရ မင်္ဂလာပွဲမှာ ရွှေ့ဆိုင်းရမည့်ပုံပေါ်နေသည်။
"နေစရာ နေရာလည်းမရှိဘူး၊ သတို့သမီးကလည်း ဒီမှာ မနေချင်ဘူးတဲ့လေ။"
"ဘယ်လိုလုပ်ရမလဲ။ အိမ်တစ်လုံးဆောက်တယ်ဆိုတာ ချက်ချင်း ပြီးသွားမယ့်ကိစ္စမှ မဟုတ်တာ။"
"ဆောက်မှဖြစ်မယ်။ မြက်မိုးအိမ်ဆိုရင်တောင် အနည်းဆုံး အခန်းနှစ်ခန်းတော့ လိုတယ်။ သားအလတ်ကလည်း ကြီးလာပြီလေ။ သူတို့က ရွှံ့အုတ်ခဲ ငါးတုံးတောင် လုပ်ပြီးသွားပြီ။ အထုပ်တန်းတွေနဲ့ ဒိုင်းမြားတွေကို ဆောင်းတွင်းကျရင် တောင်ပေါ်ကနေ ခုတ်ရမယ်။ အခု အခေါင်းခဲဆုံးက အိမ်ဆောက်ပေးမယ့်သူ ရှာဖို့ပဲ။ အဲဒီလောက်များတဲ့ ကောက်နှံတွေကို ချေးငှားစရာ နေရာလည်း မရှိဘူး။"