အခန်း (၁၀၀၉-၁၀၁၀)
Vol. 101 Ch. 1009-1010
အခန်း (၁၀၀၉) ငါ့မှာ ရှိတယ်၊ မင်း လိုချင်လား
အမည်းလေးနဲ့ ဖန့်ချန်တို့ဟာ ဝူးဝေးကို ပြိုင်တူ စိုက်ကြည့်နေကြပါတယ်။
ဝူးဝေးခမျာ ချွေးစေးတွေပြန်၊ အသက်ရှူတွေမြန်ပြီး မျက်နှာ ဖြူဖျော့လာတဲ့အထိ အကြည့်ခံရပြီးမှ အမည်းလေးက မသိမသာ ပြုံးလိုက်ပြီး
"မင်း ဒီကိစ္စမှာ ပါဝင်တယ်ဆိုတဲ့ သက်သေ ငါ့မှာ လောလောဆယ် မရှိသေးပါဘူး ဒါပေမဲ့ စဉ်းစားကြည့်ရင်တော့ ဒီကိစ္စကို လုပ်တဲ့သူက သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန် ပေါ်သွားမှာကို အရမ်းစိုးရိမ်မှာပဲ၊ မင်းလိုမျိုး သိသာတဲ့ အပြုအမူမျိုး လုပ်မှာမဟုတ်ဘူး"
"လူကြီးမင်းအမည်းက ကျွန်တော့်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်"
ဝူးဝေးရဲ့ ရင်ထဲမှာ ဟာခနဲ ဖြစ်သွားပြီး စိတ်သက်သာရာ ရသွားပါတယ်။
တစ်ဆက်တည်းမှာပဲ ဒေါသတွေ တလိပ်လိပ် တက်လာပါတော့တယ်။
သူဟာ တစ်ယောက်ယောက်ရဲ့ အသုံးချတာ ကို ခံလိုက်ရတာ ထင်ရှားနေပြီလေ
"မင်းတို့ အခု မြို့ပြင်ထွက်ပြီး လင်ခုန်းမြို့ကို သွားကြ၊ သူတို့ လှုပ်ရှားလား ငါ ကြည့်ချင်တယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
အမည်းလေးက ခပ်ဖွဖွ ခေါင်းညိတ်ပြီး တံခါးအပြင်ဘက်ကို လျှောက်သွားပါတယ်။
ဝူးဝေးကလည်း ဒါကို မြင်တာနဲ့ ဖန့်ချန်ကို အရိုအသေပြုပြီး အမည်းလေးနောက်ကို အပြေးလိုက်သွားပါတော့တယ်။
"လူကြီးမင်း... ဘယ်သွားမလို့လဲ"
ယင်စစ်သည်တော်ဌာန တံခါးဝကို ရောက်တာနဲ့ တခြားသော နေကင်းလှည့်စစ်သူကြီး အချို့ဟာ သတင်းကြားပြီး ရောက်လာကြပါတယ်။
အမည်းလေးနဲ့ ဝူးဝေးတို့ အတူတူ ထွက်သွားတာကို မြင်တော့ သူတို့ရဲ့ အမူအရာတွေက အနည်းငယ် လေးနက်နေကြပါတယ်။
"ဝူးဝေးက သဲလွန်စ ရှာတွေ့ထားလို့ ငါ လင်ခုန်းမြို့ကို ခဏသွားမလို့ မင်းတို့ လိုက်ခဲ့စရာ မလိုဘူး၊ ဒီမှာပဲ စောင့်နေကြ"
အမည်းလေးက ပြောပါတယ်။
"လင်ခုန်းမြို့ကို သွားမလို့လား လူကြီးမင်း... လူကြီးမင်း မကြာသေးခင်ကမှ တိုက်ခိုက်ခံထားရတာလေ၊ အခု မြို့ပြင်ထွက်မယ်ဆိုရင်..."
နေကင်းလှည့်စစ်သူကြီး တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောတယ်
"ဟူကျောက်မြို့ကနေ လင်ခုန်းမြို့ကို သွားဖို့ဆိုရင် ကြားထဲမှာ မြို့တွေ အများကြီး ဖြတ်ရမယ်၊ လမ်းခရီးကလည်း ဝေးတယ် တကယ်လို့ တိုက်ခိုက်တဲ့သူက စိတ်မပျက်သေးဘူးဆိုရင် သူတို့အတွက် အခွင့်ကောင်း ဖြစ်သွားလိမ့်မယ်"
"သူတို့က ဒီလောက်အထိ သတ္တိရှိမယ် မထင်ပါဘူး တစ်ခါ မအောင်မြင်တာနဲ့ ထွက်ပြေးသွားလောက်ပြီ၊ ငါ့နောက်ကို တကောက်ကောက် ဘယ်လိုက်နေပါ့မလဲ "
အမည်းလေးက လက်ကာပြလိုက်တယ်
"စကားအများကြီး ပြောမနေနဲ့တော့၊ ဒီမှာပဲ စောင့်နေကြ"
"အားလုံး စိတ်ချကြပါ၊ ကျွန်တော် လူကြီးမင်းရဲ့ ဘေးမှာ ရှိနေတာပဲ လူကြီးမင်းကို အန္တရာယ်ဖြစ်အောင် ဘယ်တော့မှ အဖြစ်မခံပါဘူး"
ဝူးဝေးက ဝင်ပြောပါတယ်။
နေကင်းလှည့်စစ်သူကြီးတွေလည်း ဘာမှ ထပ်မပြောတော့ဘဲ မျက်မှောင်ကြုတ်ရင်း သူတို့နှစ်ယောက် ဝေးရာကို ထွက်ခွာသွားတာကို ကြည့်နေကြပါတယ်။
သူတို့နှစ်ယောက် မြင်ကွင်းက ပျောက်သွားတော့မှ ယင်စစ်သည်တော်ဌာနထဲကို ပြန်ဝင်သွားကြပါတယ်။
သူတို့ထဲက တစ်ယောက်ဟာ ဒီက ညကင်းလှည့်နတ်ဘုရား ရုံးခန်းဆီကို လာခဲ့ပါတယ်။
တံခါးဝကို ရောက်တာနဲ့ အတွင်းထဲကနေ ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာပါတယ်။
"ဝင်ခဲ့လေ"
အဲဒီ နေကင်းလှည့်စစ်သူကြီးဟာ အခန်းထဲကို ဝင်သွားပြီး လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့ ပုံရိပ်တစ်ခုကို လက်အုပ်ချီ အရိုအသေပြုလိုက်တယ်
"လူကြီးမင်းဟူ... လူကြီးမင်းအမည်းက ဝူးဝေးကို ခေါ်ပြီး လင်ခုန်းမြို့ကို သွားဖို့ ပြင်နေပါပြီ"
"နောက်ဆုံးတော့လည်း လှုပ်ရှားပြီပေါ့"
သူမ လှည့်ကြည့်လိုက်တဲ့အခါ ကျပ်ကျပ်ထုတ်ထုတ် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေတံရှည်ရှည်၊ လှပလွန်းတဲ့ မျက်နှာပိုင်ရှင် အမျိုးသမီးတစ်ယောက် ဖြစ်နေတာကို တွေ့ရပါတယ်။
ဖန့်ချန် အတော်လေး အံ့သြသွားပါတယ်။
သူဟာ အစကတည်းက ဟူကျောက်မြို့က အခြေအနေ တစ်ခုခု မှားနေတယ်လို့ သံသယ ရှိခဲ့တာပါ။
မဟုတ်ရင် ဘာလို့ အမည်းလေးက တိုက်ခိုက်ခံရပြီး အဖြူလေးကတော့ ဘာမှ မဖြစ်ရတာလဲ
တစ်ဖက်လူက အမည်းလေးကို ရွေးချယ်တယ်ဆိုကတည်းက ဟူကျောက်မြို့ထဲမှာ အခြေအနေကို သူတို့ ထိန်းချုပ်နိုင်တယ်လို့ ယူဆထားလို့ပါပဲ။
ဒါပေမဲ့ ဒါဟာ ညကင်းလှည့် အနွယ်ဝင်တွေ ဖြစ်နေလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ဘူး။
"မင်း ပြန်လို့ရပြီ၊ ဒီအတောအတွင်းမှာ ဘာသဲလွန်စမှ မပေါ်စေနဲ့ ကိစ္စတွေ စပြီဆိုမှ ငါတို့ ဘေးကနေ ကြည့်နေရုံပဲ"
ဟူချန့် က ပြုံးပြီး ပြောလိုက်ပါတယ်။
အဲဒီ နေကင်းလှည့်စစ်သူကြီးက သတ္တိမွေးပြီး သူမကို တစ်ချက် မော့ကြည့်လိုက်ပါတယ်။
သူမရဲ့ အလှကြောင့် ခဏတာ မိန်းမောသွားပြီးမှ ခေါင်းညိတ်ပြတယ်
"လူကြီးမင်းမဟူ... လူကြီးမင်းအမည်း ဘက်ကရော..."
"စီစဉ်မယ့်သူ ရှိပါတယ် ငါသာ အခု ဟူကျောက်မြို့ကနေ ထွက်သွားရင် တရားသူကြီး ကောင်းမှု မကောင်းမှု မှတ်တမ်း မှာ သေချာပေါက် မှတ်တမ်းတင်ခံရလိမ့်မယ် အဲဒီအခါကျရင် ငါ ဝမ်ချွမ်းမြစ်ထဲ ခုန်ချရင်တောင် ငါ့ရဲ့ သံသယကို ဆေးကြောနိုင်မှာ မဟုတ်ဘူး ဒါကြောင့် ငါတို့အားလုံး လှုပ်ရှားလို့ မရဘူး"
ဟူချန့်က ပြုံးပြီး ပြောပါတယ်။
"လူကြီးမင်းမဟူက တကယ်ကို အစစအရာရာ စဉ်းစားတာ စေ့စပ်တာပဲ "
အဲဒီ နေကင်းလှည့်စစ်သူကြီးက မသိမသာ မြှောက်ပင့်လိုက်ပါသေးတယ်။
...
အမည်းလေးဟာ နေကင်းလှည့်နတ်ဘုရား တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ ရာထူးအာဏာနဲ့ဆိုရင် လမ်းခရီးမှာ ဘယ်မြို့ကို ဖြတ်ဖြတ် ဘာအတားအဆီးမှ မကြုံရပါဘူး။
တစ်နေ့ရဲ့ လေးပုံတစ်ပုံလောက် အချိန်အတွင်းမှာပဲ လင်ခုန်းမြို့ကို ရောက်ခါနီးနေပါပြီ။
ဝူးဝေးကတော့ လမ်းတစ်လျှောက်လုံး အလွန် သတိထားနေပြီး ဘယ်နားကနေ မျက်စိမရှိတဲ့ ကောင်တွေ ထွက်လာပြီး ဒီလူကြီးမင်းအမည်းကို သတ်မလဲဆိုတာကို စိုးရိမ်တကြီး အာရုံခံနေပါတယ်။
အကယ်၍ သူ့မျက်စိရှေ့မှာတင် သူ့အထက်လူကြီး လုပ်ကြံခံရတာ အောင်မြင်သွားရင်တော့ သူ့ရဲ့ နေကင်းလှည့်စစ်သူကြီး ရာထူးကလည်း မြဲတော့မှာ မဟုတ်ပါဘူး။
နောက်ထပ် အချိန်အနည်းငယ် ကြာတဲ့အခါ ဝူးဝေးက ရုတ်တရက် ပြောလိုက်တယ်
"လူကြီးမင်း... ကျွန်တော်တို့ လင်ခုန်းမြို့ကို ရောက်တော့မယ်၊ ဘယ်လို..."
"စကားအပိုတွေ မပြောနဲ့၊ ဆက်သွားရုံပဲ"
အမည်းလေးက သူ့ကို တစ်ချက်ကြည့်လိုက်ပါတယ်။
ဝူးဝေးလည်း မတတ်သာဘဲ ခေါင်းညိတ်ပြီး အမည်းလေးနောက်ကနေ တကောက်ကောက် လိုက်လာပါတယ်။
တံတားတစ်စင်းကို ဖြတ်ဖို့ ပြင်လိုက်ချိန်မှာတော့ တံတားအလယ်မှာ လူတစ်ယောက်က သူတို့ကို ကျောခိုင်းပြီး လက်နောက်ပြန် စောင့်နေတာကို မြင်လိုက်ရပါတယ်။
ဝူးဝေးရဲ့ မျက်နှာ ညိုမှောင်သွားပြီး
"တံတားအလယ်မှာ ဘာရပ်လုပ်နေတာလဲ၊ ဘေးကို ဖယ်စမ်း၊ ငါတို့ သွားမယ့်လမ်းကို မပိတ်နဲ့ "
တစ်ဖက်လူက ခပ်ဖွဖွ ရယ်လိုက်တယ်
"လမ်းက ဒီလောက် အကျယ်ကြီးပဲ မင်းအိမ်က လမ်းလည်း မဟုတ်ဘူး သွားချင်ရင် သွားကြလေ ငါ ဒီမှာ ရှုခင်းကြည့်နေတာကို လာမနှောင့်ယှက်နဲ့"
"ဘာရှုခင်းလဲ ဝမ်ချွမ်းမြစ် ရှုခင်းလား မင်း ကြည့်ရတာ ရေထဲဆင်းပြီး ရေကူးချင်နေပုံပဲ"
ဝူးဝေးက အေးစက်စွာ ပြောလိုက်ပြီး အမည်းလေးကို အဲဒီမှာပဲ စောင့်ခိုင်းထားကာ သူကိုယ်တိုင် အဲဒီလူဆီကို လျှောက်သွားပြီး ဖယ်ထုတ်ဖို့ ပြင်လိုက်ပါတယ်။
လျှပ်တပြက်အတွင်းမှာပဲ ဝူးဝေးရဲ့ ခန္ဓာကိုယ်ထဲကနေ ပြင်းထန်တဲ့ ယင်စွမ်းအင်တွေ ထွက်ပေါ်လာပြီး ဓားမြှောင်တစ်စင်းအဖြစ် ပြောင်းလဲကာ အဲဒီလူရဲ့ ကျောဘက်ကို ထိုးစိုက်လိုက်ပါတယ်။
တစ်ဖက်လူက ကျောဘက်မှာ မျက်စိပါနေသလိုပဲ ဝူးဝေးရဲ့ လှုပ်ရှားမှုကို သိမြင်နေပြီး ရှေ့ကို တစ်လှမ်း မသိမသာ တိုးလိုက်တာနဲ့ ဝူးဝေးရဲ့ တိုက်ကွက်ကို သီသီလေး ရှောင်ထွက်သွားပါတယ်။
"လမ်းပိတ်မိရုံလေးကိုပဲ အသက်ကို ရန်ရှာတော့တာလား"
သူ လှည့်ကြည့်လိုက်ပြီး ဝူးဝေးကို အေးအေးဆေးဆေး စိုက်ကြည့်နေပါတယ်။
ဝူးဝေးလည်း သတိထားသွားပါတယ်။
တစ်ဖက်လူက သူ့ရဲ့ တိုက်ကွက်ကို ဒီလောက် အလွယ်တကူ ရှောင်နိုင်တယ်ဆိုကတည်းက တစ်ဖက်လူရဲ့ ခွန်အားဟာ မသေမျိုး အဆင့်ကို ရောက်နေပြီဆိုတာ ထင်ရှားပါတယ်။
"မင်း ငါ့ကို အယုံအကြည် မရှိဘူးလား ဒီလို လူသူကင်းမဲ့တဲ့ နေရာမှာ မင်းက ရှုခင်းကြည့်နေတယ် ဟုတ်လား "
ဝူးဝေးက အေးစက်စွာ ရယ်မောပြီး အမည်းလေးရဲ့ ဘေးကို ဖြည်းဖြည်းချင်း ပြန်ဆုတ်လာကာ တစ်ဖက်လူကို စိုက်ကြည့်ရင်း
"ပြောစမ်းပါဦး၊ ဘာလုပ်ချင်တာလဲ"
"လူကြီးမင်း... သူက အောက်ဆင်းသူ ပဲ"
"မြင်သားပဲ"
အမည်းလေးက ခပ်ဖွဖွ ခေါင်းညိတ်ပါတယ်။
တစ်ဖက်လူရဲ့ ကိုယ်ပေါ်မှာ ယန် စွမ်းအင် အနည်းငယ် ပါနေတာကြောင့် သူက လေလွင့်ဝိညာဉ် မဟုတ်ဘဲ လူ့လောကက အောက်ဆင်းသူဖြစ်တာ ထင်ရှားပါတယ်။
"ဒီလို အထီးကျန်ဆန်တဲ့ ရှုခင်းမျိုးကမှ လူ့နှလုံးသားကို အထိမိဆုံးလို့ မင်းတို့ မထင်ဘူးလား"
ထိုလူက ကျယ်ပြောလှတဲ့ ဝမ်ချွမ်းမြစ်ကို လက်ညှိုးထိုးပြတယ်
"ကြည့်စမ်း... ဝမ်ချွမ်းမြစ်က ငြိမ်သက်နေသလိုပဲဒါပေမဲ့ အောက်ထဲမှာ လေလွင့်ဝိညာဉ်တွေ ဘယ်လောက်တောင် နစ်မြုပ်နေလဲဆိုတာ ဘယ်သူ မြင်နိုင်မှာလဲ အဲဒီ ဝိညာဉ်တွေက သူတို့ လူ့ဘဝတုန်းက ဘာတွေ ကြုံခဲ့ရလဲ ဒီနေရာမှာ ရပ်ပြီး အဲဒီ အရသာကို ငြိမ်ငြိမ်လေး ခံစားကြည့်မှပဲ သူတို့နဲ့ ထပ်တူ ခံစားနိုင်မှာပေါ့"
"မင်း ရူးနေတာလား "
ဝူးဝေးက မျက်မှောင်ကြုတ်ပြီး
"ရူးနေရင်လည်း ဆရာဝန်ဆီ စောစောသွားပြ၊ ဒီမှာ လမ်းမပိတ်နဲ့၊ အမြန်ဖယ်စမ်း"
"မင်းက ငါ့ကို ရည်ရွယ်ပြီး လာတာလား ငါ့ဘေးမှာ ဝူးဝေးအပြင် တခြားသူတွေပါ ပါလာမှာကို မင်း မကြောက်ဘူးလား "
အမည်းလေးက အေးအေးဆေးဆေး မေးပါတယ်။
"ဟဲဟဲ... ငါ အဲဒါကို ကြောက်လို့ပဲ အခုထိ မလှုပ်ရှားခဲ့တာ အခု ကြည့်ရသလောက်တော့ မင်းတို့နှစ်ယောက်က တကယ်ပဲ သတ္တိကောင်းတာပဲ၊ ဒီလိုအချိန်မျိုးမှာတောင် လင်ခုန်းမြို့ကို နှစ်ယောက်တည်း သွားရဲတယ်"
သူက ခပ်ဖွဖွ ရယ်လိုက်ပြီး သူ့ရဲ့ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားပါတယ်။
ဝူးဝေးနဲ့ အမည်းလေးတို့ ခဏတာ ကြောင်သွားပြီးမှ သတိဝင်လာချိန်မှာတော့ အဲဒီလူရဲ့ အသံက သူတို့နှစ်ယောက်ရဲ့ နောက်ဘက်ကနေ ထွက်ပေါ်လာတာကို ကြားလိုက်ရပါတယ်။
တစ်ချိန်တည်းမှာပဲ သူတို့ကိုယ်ပေါ်က ယင်စွမ်းအင်တွေဟာ အင်အားတစ်ခုရဲ့ ချုပ်နှောင်မှုကို ခံလိုက်ရပြီး လုံးဝ လှုပ်ရှားလို့ မရတော့ပါဘူး။
"ငါ မင်းတို့နှစ်ယောက်ကို မသတ်ချင်ပါဘူး ဒါပေမဲ့ မင်းတို့ကို ဝမ်ချွမ်းမြစ်ထဲမှာ နှစ်မြှုပ်ပေးထားပြီး ငရဲပြည်ရဲ့ အလှပဆုံးအရာတွေကို ခံစားစေချင်တယ်"
"မင်း တကယ်ပဲ ရူးနေတာပဲ"
အမည်းလေးက တည်ငြိမ်တဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။
"ဟုတ်လား ငါ ရူးနေတယ်ဆိုရင် မင်းမှာ ဆေးရှိလို့လား"
ထိုလူက ညင်သာတဲ့ အသံနဲ့ မေးလိုက်ပါတယ်။
"ငါ့မှာ ရှိတယ်၊ မင်း လိုချင်လား"
အသံတစ်ခုက သူ့ရဲ့ နောက်ဘက်ကနေ ထွက်ပေါ်လာပါတယ်။
အောက်ဆင်းသူရဲ့ ဦးရေပြားဟာ တစ်ခဏချင်းမှာပဲ ထုံကျင်သွားပြီး လှည့်ကြည့်ဖို့ ပြင်လိုက်ပေမဲ့ သူ့ရဲ့ လက်ချောင်းတစ်ချောင်းတောင်မှ လှုပ်ရှားလို့ မရတာကို သိလိုက်ရပါတယ်။
သူ့ရင်ထဲမှာ အကြီးအကျယ် ထိတ်လန့်သွားပါတယ်။
ဒါဟာ ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးလဲ သူ့ကို ဒီလောက်အထိ အသံတိတ် ချုပ်နှောင်နိုင်ရတာလဲ
ဝူးဝေးနဲ့ အမည်းလေးတို့ဟာ သူတို့ကိုယ်သူတို့ လှုပ်ရှားလို့ ရသွားမှန်း သိတာနဲ့ ချက်ချင်း လှည့်ပြီး အရိုအသေပြုလိုက်ကြပါတယ်။
"သခင်လေး... သူက အောက်ဆင်းသူပဲ သူ့ပါးစပ်ကနေ အချက်အလက်တွေ အများကြီး မေးလို့ရမှာပါ"
အမည်းလေးက အောက်ဆင်းသူကို အေးစက်စွာ စိုက်ကြည့်ရင်း ဖန့်ချန်ကို ပြောလိုက်ပါတော့တယ်။
အခန်း (၁၀၁၀) ငါ မကြားချင်ဘူး
မြို့တော်၊ ယင်စစ်သည်တော်ဌာန၊ နေကင်းလှည့်အရှင် နေအိမ်။
အောက်ဆင်းသူ တစ်ယောက်ဟာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေပြီး ခေါင်းကို ငုံ့ထားကာ တစ်ကိုယ်လုံး မသိမသာ တုန်ရင်နေပါတယ်။
အမည်းလေးနဲ့ ဝူးဝေးတို့က ဖန့်ချန်ရဲ့ နောက်ကွယ်မှာ ရပ်နေကြပြီး၊ တုယွန်းရွှီကတော့ ဖန့်ချန်ရဲ့ ဘယ်ဘက်မှာ ရပ်ရင်း အဲဒီအောက်ဆင်းသူကို တည်ငြိမ်စွာ စိုက်ကြည့်နေပါတယ်။
ဝူးဝေးရဲ့ ရင်ထဲမှာတော့ အလွန် ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။
ဒီနေ့မှာ မြို့တော်ရဲ့ ယင်စစ်သည်တော်ဌာနဆီကို အတူတူ လိုက်ပါခွင့်ရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
ဒါဟာ နေကင်းလှည့် အနွယ်ဝင်တွေရဲ့ စိတ်ထဲမှာတော့ အထွတ်အမြတ်ထားရာ နေရာတစ်ခုပဲ မဟုတ်လား။
ဒီနေရာက နေကင်းလှည့်စစ်သည်တော်လေး တစ်ယောက်ဟာတောင် အပြင်ထွက်ရင် သူ့လို နေကင်းလှည့်စစ်သူကြီးထက်တောင် ပိုပြီး ဂုဏ်ရှိန်ဝါ ထွက်ပါသေးတယ်။
ဒီအချက်ကြောင့်ပဲ သူ့ရှေ့က အောက်ဆင်းသူအပေါ် ထားတဲ့ အာဃာတတွေဟာတောင် နည်းနည်း လျော့ပါးသွားသလိုပါပဲ။
အကယ်၍ ဒီကောင့်ကြောင့်သာ မဟုတ်ရင် သူ ဒီလို အခွင့်အရေးမျိုး ရမှာ မဟုတ်ဘူးလေ။
"ပြောစမ်း... မင်းကို ဘယ်သူ ခိုင်းတာလဲ"
တုယွန်းရွှီက အေးအေးဆေးဆေး မေးလိုက်တယ်
"အမှန်အတိုင်း ပြောရင် အပြစ်ပေးတာကို ရှောင်ရှားနိုင်မယ် မင်းလည်း အောက်ဆင်းသူတစ်ယောက်ပဲ၊ ငရဲပြည်ရဲ့ နည်းလမ်းတွေကို သိမှာပါသေချင်ရင်တောင် အဲဒီလောက် မလွယ်ဘူးဆိုတာကိုပေါ့"
"အမှန်အတိုင်း ပြောရင်... တကယ်ပဲ အသက်ရှင်ခွင့် ရမှာလား "
အောက်ဆင်းသူရဲ့ အသံက အနည်းငယ် အက်ရှနေပါတယ်။
"အင်း... မင်း ပြောတာတွေသာ အမှန်ဖြစ်မယ်ဆိုရင် သေချာပေါက် အသက်ရှင်ခွင့် ရစေရမယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပါတယ်။
"ကောင်းပါပြီ... လင်ခုန်းမြို့ မြို့စားမင်း ကျိုးနင် က ကျွန်တော့်ကို ငှားရမ်းခဲ့တာပါ"
"လူကြီးမင်း... တရားသူကြီးဌာနက အဲဒီလူက တကယ်ပဲ မကျေမနပ် ဖြစ်နေတာလား "
တုယွန်းရွှီက ဖန့်ချန်ကို လှမ်းကြည့်လိုက်ပါတယ်။
"ဒီကောင် အမှန်အတိုင်း မပြောဘူးလို့ ငါ ခံစားနေရတယ် ပထမဆုံး အခွင့်အရေးကိုမှ တန်ဖိုးမထားမှတော့ သူ့ကို အားနာမနေနဲ့တော့"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
တုယွန်းရွှီရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ခပ်ဖွဖွ ခေါင်းညိတ်ကာ ရှေ့ကို တိုးပြီး အောက်ဆင်းသူရဲ့ လည်ပင်းကို လှမ်းညှစ်လိုက်ပါတယ်။
နှစ်ဖက်လုံးက မသေမျိုး အဆင့်ချင်း တူပေမဲ့ တုယွန်းရွှီရဲ့ ကျင့်ကြံမှုက ဒီအောက်ဆင်းသူထက် အများကြီး ပိုသာပါတယ်။
လည်ပင်း အညှစ်ခံလိုက်ရတာနဲ့ တုယွန်းရွှီရဲ့ ကိုယ်ထဲက ယင်စွမ်းအင်တွေဟာ အဲဒီလူရဲ့ ကိုယ်ထဲကို အရူးအမူး စီးဝင်သွားပြီး သူ့ရဲ့ ဝိညာဉ်ကို စတင် ဖျက်ဆီးပါတော့တယ်။
"ကျွန်တော် ပြောပါ့မယ် ပြောပါ့မယ်"
သေဘေးကို ခံစားလိုက်ရတာကြောင့် အောက်ဆင်းသူဟာ အကုန်အစင် ဝန်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တုယွန်းရွှီက သူ့လှုပ်ရှားမှုကို ရပ်လိုက်ပြီး ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်ပါတယ်။
"ငါ မကြားချင်တော့ဘူး၊ သူ့ကို သတ်လိုက်တော့"
ဖန့်ချန်က ပြောပါတယ်။
တုယွန်းရွှီ ခဏတာ ကြောင်သွားပြီးမှ ခေါင်းညိတ်ကာ အောက်ဆင်းသူကို ဆက်လက် သတ်ဖြတ်ပါတော့တယ်။
အဲဒီအောက်ဆင်းသူဟာ မျက်လုံးအပြူးသားနဲ့ ဖန့်ချန်ကို မယုံနိုင်သလို ကြည့်နေပါတယ်။
သူ ပြောပါ့မယ်လို့ ဝန်ခံနေတာတောင် တစ်ဖက်လူက မကြားချင်ဘူးတဲ့လား
တစ်ဖက်လူက နောက်ကွယ်က အမှန်တရားကို မသိချင်ဘူးလား
နောက်ပိုင်းမှာ သူ ဘယ်လောက်ပဲ အသနားခံပါစေ၊ အမှန်တရားတွေကို စတင် ထုတ်ပြောနေပါစေ ဖန့်ချန်ကတော့ သူ့ကို တစ်ချက်တောင် လှည့်မကြည့်တော့ပါဘူး။
ဝူးဝေးဟာ မသေမျိုး အဆင့်ရှိတဲ့ အောက်ဆင်းသူတစ်ယောက် သူ့မျက်စိရှေ့တင် သေဆုံးသွားတာကို ကြည့်ရင်း ရင်ထဲမှာ ထိတ်လန့်သွားပါတယ်။
အောက်ဆင်းသူရဲ့ ဝိညာဉ် လုံးဝ ပျက်စီးသွားတော့မှ တုယွန်းရွှီက ဖန့်ချန်ကို ကြည့်ပြီး တိုးတိုးလေး မေးပါတယ်
"လူကြီးမင်း... ဒီသဲလွန်စ ပြတ်သွားပြီဆိုတော့ သဲလွန်စအသစ် ရှိသေးလို့လား "
"ရှိတာပေါ့"
ဖန့်ချန်က ပြောတယ်
"သွားပြီး ကျင်ရွှေ ကို ဖိတ်ခဲ့လိုက်၊ ယဉ်ယဉ်ကျေးကျေး ဖိတ်ပါ"
"ဟုတ်ကဲ့ပါ"
တုယွန်းရွှီ လှည့်ထွက်သွားပါတယ်။
ဝူးဝေးရဲ့ စိတ်ထဲက သံသယတွေဟာ ချက်ချင်း ရှင်းလင်းသွားပြီး မျက်ဝန်းထဲမှာ သဘောပေါက်သွားတဲ့ အရိပ်အယောင်တွေ လင်းလက်လာပါတယ်။
ဒီလူကြီးမင်းက အောက်ဆင်းသူရဲ့ စကားကို နားထောင်ပြီး အချိန်မဖြုန်းချင်တာဟာ သဲလွန်စအသစ် ရှာတွေ့ထားလို့ကိုး။
ကိစ္စဖြစ်ကတည်းက အခုထိဆိုတာ ဘယ်လောက်မှ မကြာသေးဘူးလေ။
ဝူးဝေးရဲ့ အကြည့်တွေက ပိုပြီးတော့တောင် ရိုသေလေးစားမှုတွေ ပြည့်နှက်လာပါတယ်။
နေကင်းလှည့် မျိုးနွယ်ဝင်တွေရဲ့ အမြင့်ဆုံး အထက်လူကြီး နေကင်းလှည့်အရှင် ပီသပါပေတယ်။
အချိန်တိုအတွင်းမှာပဲ အသုံးဝင်တဲ့ သဲလွန်စကို ရှာတွေ့နိုင်ခဲ့တာပဲ။
အကယ်၍ တခြားသူသာဆိုရင် သေတဲ့အထိ အမှောင်ချခံထားရမှာ သေချာပါတယ်။
"သခင်လေး... ဒီကိစ္စက ညကင်းလှည့် မျိုးနွယ်ဝင်တွေနဲ့ ပတ်သက်နေတာလား "
အမည်းလေးရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပါတယ်။
ဝူးဝေးကလည်း နားစွင့်လိုက်ပါတယ်။
"မင်း တိုက်ခိုက်ခံရတုန်းက ဘယ်သူ ကယ်ခဲ့တာလဲ"
ဖန့်ချန်က မေးပါတယ်။
"ဟူကျောက်မြို့ ညကင်းလှည့်စစ်သူကြီး ဟူချန့် ပါ"
အမည်းလေးက ဖြေပါတယ်။
"သူမမှာ ပြဿနာရှိတယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပါတယ်။
"သူမ ဖြစ်နေတာလား..."
အမည်းလေးရဲ့ အမူအရာက ထူးဆန်းသွားတယ်
"ကျွန်တော် ဟူကျောက်မြို့ကို ရောက်တုန်းက ဟူချန့်က ကျွန်တော့်အပေါ် တော်တော်လေး ဂရုစိုက်ပေးခဲ့တာပါ"
ခဏအကြာမှာတော့ တုယွန်းရွှီက ကျင်ရွှေ ကို ခေါ်ပြီး အခန်းထဲ ဝင်လာပါတယ်။
ကျင့်ရွှယ်က ရှုပ်ထွေးတဲ့ အမူအရာနဲ့ ဖန့်ချန်ကို လက်အုပ်ချီလိုက်တယ်
"တုယွန်းရွှီက ပြောတယ်၊ လူကြီးမင်းဖန့်က ကျွန်မကို တွေ့ချင်တယ်ဆိုလို့"
"လူကြီးမင်းကျင် မင်းက မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါ့ရဲ့ လက်အောက်ငယ်သားကို လုပ်ကြံခိုင်းတာလား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။
"လူကြီးမင်းဖန့်... ဒါက ဘာကို ဆိုလိုတာလဲ"
ကျင့်ရွှယ်ရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး မျက်ဝန်းထဲမှာ ဒေါသအရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်
"ကျွန်မက ဘယ်တုန်းက ရှင့်လူကို လုပ်ကြံခိုင်းလို့လဲ"
"မလုပ်ခိုင်းဘူးဆိုရင်တော့ ကောင်းတာပေါ့ ဒါဆိုရင် ဟူကျောက်မြို့က ညကင်းလှည့်နတ်ဘုရား ဟူချန့် ကို မြို့တော်ကို ခေါ်လိုက်ပါဦး"
ဖန့်ချန်က ပြောပါတယ်။
"ဟူချန့်"
ကျင်ရွှေ ခဏတာ ကြောင်သွားပြီး ဖန့်ချန်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်ကာ
"လူကြီးမင်းဖန့်... ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အရင် ပြောပြလို့ ရမလား "
"အမည်းလေး... မင်းပဲ ပြောပြလိုက်တော့"
ဖန့်ချန်က ခွင့်ပြုလိုက်ပါတယ်။
အမည်းလေးက မကြာသေးခင်က ဖြစ်ပျက်ခဲ့သမျှကို စကားအနည်းငယ်နဲ့ပဲ ရှင်းပြလိုက်ပါတယ်။
ကျင်ရွှေ ရဲ့ အမူအရာက အမျိုးမျိုး ပြောင်းလဲသွားတယ်
"ရှင် ပြောချင်တာက တစ်ယောက်ယောက်က ဒီကိစ္စကို သုံးပြီး တရားသူကြီးဌာနကို အပြစ်ပုံချချင်နေတာပေါ့ ဟုတ်လား "
ဒီနေ့ခေတ်မှာ ဒီ နေကင်းလှည့်အရှင်ရဲ့ လူယုံကိုတောင် လုပ်ကြံရဲတဲ့သူက ဘယ်သူလဲဆိုတာ သူမ စဉ်းစားလို့ မရပါဘူး။
သူမ စိတ်ထဲမှာတော့ သံသယဖြစ်ဖွယ် အချက်အချို့ ပေါ်လာပါတယ်။
တရားသူကြီးဌာနကို အပြစ်ပုံချချင်တယ်ဆိုရင်တော့ တရားရုံးဌာန နဲ့ ဝိညာဉ်ဖမ်းဆီးရေးဌာန တွေက သံသယဖြစ်စရာ အကောင်းဆုံးပါပဲ။
ဒီအတောအတွင်းမှာ သူတို့တွေက အပြင်းအထန် အားပြိုင်နေကြတာမို့၊ ဒီအကြောင်းပြချက်ကို သုံးပြီး ဒီလူကြီးမင်းဖန့်ကို ရေထဲ ဆွဲချချင်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဒီလို တွေးမိလိုက်တာနဲ့ ကျင်ရွှေက သူမရဲ့ တွေးဆချက်ကို ပြောပြလိုက်ပြီး
"ဒီကိစ္စမှာ ညကင်းလှည့် အနွယ်ဝင်တွေ ဘယ်တုန်းကမှ ဝင်မပါခဲ့ဘူး အကယ်၍ တစ်ယောက်ယောက်က ကိုယ်ပိုင်သဘောနဲ့ ပါဝင်နေတယ်ဆိုရင်တော့ ကျွန်မ ကိုယ်တိုင် အပြစ်ပေးပြီး လူကြီးမင်းဖန့်ကို အဖြေတစ်ခု ပေးပါ့မယ်"
"အဖြေတစ်ခုတော့ ပေးရမှာပေါ့ ခဏခဏ ကျုပ်ရှေ့မှာ လာပြီး သူတို့ ရှိနေကြောင်း လာလာပြီး ပြနေလို့တော့ မဖြစ်ဘူးလေ"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
ကျင်ရွှေ ရဲ့ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
သူမ ခြေတစ်ချက် ဆောင့်လိုက်တာနဲ့ အားလုံးရဲ့ ရှေ့မှာ ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာပါတယ်။
ဟူချန့်ဟာ ခဏတာ ကြောင်အသွားပြီးမှ သူမ ဘယ်ရောက်နေလဲဆိုတာ သတိပြုမိသွားပါတယ်။
သူမက ကျင်ရွှေ ကို အမြန် လက်အုပ်ချီ အရိုအသေပြုလိုက်တယ်
"လက်အောက်ငယ်သား ဟူချန့်၊ လူကြီးမင်းကျင် ကို ဂါရဝပြုပါတယ်"
ကျင်ရွှေ အပြင် သူမဟာ အမည်းလေးနဲ့ ဝူးဝေးကိုလည်း မြင်လိုက်ရပါတယ်။
ဒါပေမဲ့ သူမကတော့ ဘာထူးခြားတဲ့ အမူအရာမှ မပြဘဲ တည်တည်ငြိမ်ငြိမ်ပါပဲ။
"လူကြီးမင်းဖန့်က မင်းကို တချို့အချက်တွေ မေးချင်လို့ အမှန်အတိုင်း ပြောတာ အကောင်းဆုံးပဲအကယ်၍ တစ်ခုခု ဖုံးကွယ်ထားမယ်ဆိုရင် ငါတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"
ကျင်ရွှေ က အေးစက်စွာ ပြောလိုက်ပါတယ်။
ဟူချန့်က ကြောင်အသလိုမျိုးနဲ့ ဟိုကြည့်ဒီကြည့် လုပ်ပြီးမှ ဖန့်ချန်ဆီမှာ အကြည့်ချင်း ဆုံသွားကာ စမ်းတဝါးဝါး မေးလိုက်တယ်
"လူကြီးမင်းဖန့် လား"
"ဟုတ်တယ်၊ ငါပဲ"
ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။
"လူကြီးမင်းဖန့် ဘာမေးချင်လို့လဲဟင် ကျွန်မ သိတာဆိုရင် လုံးဝ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"
ဟူချန့်က အမြန် ပြောပါတယ်။
"ငါ မေးချင်တာက... မင်း ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ ဘာလို့ ငါ့အပေါ်ကို အစီအစဉ်တွေ လာဆွဲနေရတာလဲ"
ဖန့်ချန်က မေးလိုက်ပါတယ်။
ဟူချန့်ဟာ အစပိုင်းမှာ ကြောင်အသွားပြီးနောက် ထိတ်လန့်သွားတဲ့ အမူအရာ ပြောင်းသွားပါတယ်။
သူမက ကျင်ရွှေ ကို မသိမသာ လှမ်းကြည့်ပြီး ဖန့်ချန်ကို ပြန်ကြည့်ကာ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောတယ်
"ကျွန်... ကျွန်မ လူကြီးမင်းဖန့် ပြောတာကို နားမလည်ပါဘူး ကျွန်မက ဘယ်တုန်းက လူကြီးမင်းအပေါ် အစီအစဉ်တွေ ဆွဲခဲ့လို့လဲ "
"မင်း အရင်က အမည်းလေးရဲ့ လက်အောက်က နေကင်းလှည့်စစ်သူကြီးနဲ့ စကားပြောတုန်းကတော့ အခုလို အမူအရာမျိုး မဟုတ်ပါဘူး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
ဟူချန့်ရဲ့ ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားပါတယ်။
တစ်ဖက်လူက ဒါကို ဘယ်လို သိသွားတာလဲ သူမကို တစ်ယောက်ယောက်က သစ္စာဖောက်လိုက်တာလား
"ပြောစမ်းပါ... မင်းနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်း နဲ့ ဘာပတ်သက်လဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းက မင်းကို အမည်းလေးကို လုပ်ကြံခိုင်းတာရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ"
ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်ပါတယ်။
ဝိညာဉ်နတ်ဘုရားဂိုဏ်း
တရားရုံးဌာနနဲ့ ဝိညာဉ်ဖမ်းဆီးရေးဌာန မဟုတ်ဘူးလား
ကျင်ရွှေ က ဖန့်ချန်ကို မသိမသာ လှမ်းကြည့်လိုက်တယ်
"လူကြီးမင်းဖန့်... ဝိညာဉ်နတ်ဘုရားဂိုဏ်းက နေကင်းလှည့်နတ်ဘုရားကို လုပ်ကြံခိုင်းရဲပါ့မလား ဒီကိစ္စက တရားရုံးဌာနနဲ့ ဝိညာဉ်ဖမ်းဆီးရေးဌာနတွေနဲ့ မကင်းဘူးလို့ပဲ ကျွန်မ ထင်တယ်"
"လူကြီးမင်းကျင် ကျုပ် က ဝိညာဉ်နတ်ဘုရားဂိုဏ်း လို့ ပြောရင် အဲဒါ ဝိညာဉ်နတ်ဘုရားဂိုဏ်းပဲ ဒီကိစ္စက တရားရုံးဌာန၊ ဝိညာဉ်ဖမ်းဆီးရေးဌာနတွေနဲ့ ဘာမှ မဆိုင်ဘူး"
ဖန့်ချန်က ပြုံးပြီး ပြောတယ်
"မင်း သွားပြီး လူကြီးမင်းယို ကို ဖိတ်ခဲ့လိုက်ပါ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီလောက်အထိ ရိုင်းစိုင်းနေမှတော့ သေချာလေး ရှင်းလင်းပေးဖို့ လိုနေပြီ"
"ဒါက..."
ကျင်ရွှေ က ကိစ္စတွေဟာ တစ်ခုခု မှားနေပြီလို့ ခံစားနေရပေမဲ့ ဖန့်ချန်နဲ့ အဲဒီ ငရဲမင်းကြီး တို့ရဲ့ ဆက်ဆံရေးကို တွေးမိတာကြောင့် ဘာမှ ထပ်မပြောတော့ဘဲ ယိုဖန့် ကို သွားရှာပါတော့တယ်။