အခန်း (၁၀၁၁-၁၀၁၂)
Vol. 102 Ch. 1011-1012
အခန်း (၁၀၁၁) မင်းရဲ့ ရာထူးကို ဖယ်ပေးရမယ့် အချိန်ရောက်ပြီ
ကျင်ရွှေ ထွက်သွားပြီးနောက် ဟူချန့်ဟာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရပါတယ်။
သူမက တစ်ခုခု ရှင်းပြချင်ပေမဲ့လည်း ကြောက်ရွံ့နေတဲ့ ပုံစံမျိုး ဖမ်းနေပါတယ်။
"မင်း မလှုပ်ရှားနဲ့တော့ သိသင့်တာတွေ အကုန် ငါသိပြီးပြီ အခု ပြောစမ်းပါဦး၊ နောက်ကွယ်ကလူက ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ဘယ်သူလဲ "
ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။
"လက်... လက်အောက်ငယ်သားက ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး လူကြီးမင်းဖန့် တကယ်ပဲ အထင်လွဲနေတာပါ"
ဟူချန့်က အနည်းငယ် နာကျင်ခံစားရသလို ဟန်ဆောင်လိုက်ပါတယ်။
လှပလွန်းတဲ့ မျက်နှာလေးက အခုလို အမူအရာမျိုး ပြလိုက်တဲ့အခါ သာမန်ယောင်္ကျားဆိုရင် ဘယ်လိုလုပ် စိတ်ထိန်းနိုင်ပါ့မလဲ၊ ရင်ထဲမှာ သနားစိတ်တွေ တဖွားဖွား ပေါ်လာမှာ အသေအချာပါပဲ။
ဝူးဝေးတောင်မှ ထိုနည်းတူပါပဲ။
"လူကြီးမင်း... လူကြီးမင်းဖန့်... အစတုန်းက လူကြီးမင်းအမည်း တိုက်ခိုက်ခံရတုန်းကလည်း... လူကြီးမင်းဟူကပဲ ကယ်ခဲ့တာပါ၊ ဒီကိစ္စက..."
ဝူးဝေး စကားပြောဖို့ ပြင်လိုက်ရုံရှိသေး၊ ဖန့်ချန်က လက်ချောင်းတစ်ချက် တောက်လိုက်တာကို မြင်လိုက်ရပါတယ်။
သာမန်ယင်စွမ်းအင်တစ်ခုဟာ ဟူချန့်ရဲ့ ခန္ဓာကိုယ်ထဲကို လျှပ်တပြက်အတွင်း စီးဝင်သွားပါတယ်။
ဟူချန့်ရဲ့ မျက်နှာမှာ မယုံနိုင်စရာ အမူအရာ ပေါ်လာပြီး၊ နောက်ဆုံးမှာတော့ ဖန့်ချန်ကို နာကျည်းမှုအပြည့်နဲ့ စိုက်ကြည့်ရင်း
"ရှင် တော်တော် ရက်စက်တာပဲ"
ဘုန်း
ဝိညာဉ်ဟာ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ကြယ်စင်လေးတွေအလား လွင့်စင်ကာ ပျောက်ကွယ်သွားပါတော့တယ်။
ဝူးဝေး ချက်ချင်း ပါးစပ်ပိတ်လိုက်ရပြီး ရင်ထဲမှာ စိမ့်ခနဲ အေးသွားပါတယ်။
အမည်းလေး ခဏတာ ကြောင်သွားပြီးမှ မသိမသာ မေးလိုက်တယ်
"သခင်လေး... နောက်ထပ် နှစ်ခွန်းလောက် ထပ်မမေးတော့ဘူးလား"
"အဓိပ္ပာယ်မရှိဘူး"
ဖန့်ချန်က ပြုံးပြီး ခေါင်းခါလိုက်ပါတယ်။
အမည်းလေး ခဏလောက် စဉ်းစားကြည့်ပြီးမှ သဘောပေါက်သွားပါတယ်။
မကြာခင်မှာပဲ ယိုဖန့် နဲ့ ကျင်ရွှေ တို့ ဝင်လာကြပါတယ်။
ဟူချန့်ကို မတွေ့တော့တာကြောင့် ကျင်ရွှေက မေးလိုက်ရာ ဟူချန့် သေသွားပြီဆိုတာ သိလိုက်ရတဲ့အခါ ကျင်ရွှေဟာ အချိန်အတော်ကြာအောင် ကြောင်အသွားပါတယ်။
"လူကြီးမင်းဖန့်... ရှင်က ဘာသက်သေမှ မရှိဘဲနဲ့ ညကင်းလှည့်နတ်ဘုရား တစ်ယောက်ကို သတ်လိုက်တာလား "
ယိုဖန့်ရဲ့ မျက်ဝန်းမှာ ဒေါသရိပ်တွေ ယှက်သန်းနေတယ်
"ညကင်းလှည့်မျိုးနွယ်မှာ ညကင်းလှည့်အရှင် ရှိတယ် သူကပဲ အပြစ်ပေးရမှာ မင်းက နေကင်းလှည့်အရှင်ပဲ ဖြစ်တာ ဘာလို့ ဝင်စွက်ဖက်တာလဲ "
"လူကြီးမင်းယို... အဲဒါက အဓိက မဟုတ်ဘူး ကျုပ်က မင်းလက်အောက်က ယင်စစ်သည်တော်တွေကို သုံးပြီး ငရဲပြည်ထဲက ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင်တွေကို ရှင်းလင်းခိုင်းမယ်ဆိုရင် မင်း ဘယ်လောက်ကြာကြာ ပြင်ဆင်ရမလဲ "
ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။
ယိုဖန့်က ဒေါသထွက်လွန်းလို့ ရယ်တောင် ရယ်မိသွားတယ်
"ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင်တွေကို ရှင်းလင်းမယ် ဟုတ်လား ငရဲပြည်ထဲမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် အရေအတွက် ဘယ်လောက်ရှိလဲ မင်း သိလို့လား"
"အဝေးဆုံး အစွန်အဖျားဆုံး မြို့လေးတွေမှာတောင် သောင်းနဲ့ချီပြီး ရှိနိုင်တယ် သူတို့ကို ရှင်းထုတ်ဖို့ဆိုရင် ယင်စစ်သည်တော်ဌာနက စစ်သည်တော်တွေ အကုန်လုံး လှုပ်ရှားရင်တောင် တစ်နှစ်၊ တစ်နှစ်ခွဲလောက်နဲ့ မပြီးနိုင်ဘူး "
သူ ခဏနားပြီး ဆက်ပြောတယ်
"ဒါ့အပြင် ငါက မင်းအတွက် ဒီကိစ္စကို လုပ်ပေးမှာ မဟုတ်ဘူး ဝိညာဉ်နတ်ဘုရားဂိုဏ်းက မင်းကို ဒုက္ခပေးတယ်ဆိုတဲ့ သက်သေကရော သက်သေမရှိဘဲ ညကင်းလှည့်နတ်ဘုရား တစ်ယောက်ကို သတ်လိုက်တာ ထားပါဦး၊ ဘာသက်သေမှ မရှိဘဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို လှုပ်ရှားမယ်ဆိုရင် ငရဲပြည်ကြီး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်"
"အောက်ဆင်းသူတွေအပြင် ငရဲပြည်က လေလွင့်ဝိညာဉ် အများကြီးကလည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဖြစ်နေတာကို မင်း သိရဲ့လား "
"လူကြီးမင်းယို... အရင် စိတ်မပူပါနဲ့ဦး"
ကျင်ရွှေက ဝင်ဖျန်ပေးပြီးနောက် ဖန့်ချန်ကို တည်ငြိမ်စွာ ကြည့်ပြီး
"ဟူချန့် ကိစ္စအတွက် ရှင် ကျွန်မကို အဖြေတစ်ခု ပေးရလိမ့်မယ်"
"မလိုအပ်ဘူး မင်းတို့ နှစ်ယောက် လုပ်နိုင်ရင် လုပ် မလုပ်နိုင်ရင်တော့ ယိုဖန့် နဲ့ ညကင်းလှည့်အရှင် ရာထူးတွေကို ဖယ်ပေးလိုက် ငါ တခြားလူကို အစားထိုးခန့်လိုက်မယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်
"ဒီငရဲပြည်ထဲမှာ အရှင်အဆင့် ခွန်အားမျိုး ရှိတဲ့သူတွေ အများကြီးပဲ၊ အခွင့်အရေး မရကြလို့ပဲ ရှိတာ"
ဝူးဝေး တစ်ယောက် ကြောင်အသွားပါတယ်။
သူ ခုနက ကြားတာ မမှားဘူးမလား ဒီနေကင်းလှည့်အရှင် လူကြီးမင်းက... ယင်စစ်သည်တော်ဌာနရဲ့ ယိုဖန့် ရော၊ ညကင်းလှည့်အရှင် ရော နှစ်ယောက်လုံးကို ရာထူးကနေ ဖြုတ်ချဖို့ ကြံနေတာလား
ယိုဖန့် နဲ့ ကျင်ရွှေ တို့လည်း စက္ကန့်အနည်းငယ်လောက် ကြောင်အသွားကြပြီးမှ ရှေ့ကလူက ဖန့်ချန်ကို စိုက်ကြည့်ရင်း
"မင်း ဘာတွေ ပြောနေတာလဲ"
"နောက်ဆုံးတစ်ခွန်းပဲ မေးမယ် ယင်စစ်သည်တော်ဌာနက အမိန့်ကို နာခံမှာလား မနာခံဘူးလား"
ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်ပါတယ်။
ယိုဖန့်ရဲ့ မျက်နှာက ညိုမှောင်သွားပြီး ဖန့်ချန်ကို စိုက်ကြည့်ရင်း တစ်ခုခုကို ရှာဖွေနေပုံရတယ်
"မင်းက နေကင်းလှည့်အရှင်ပဲ ရှိတာ ဘာလို့ ယင်စစ်သည်တော်ဌာနက မင်းအမိန့်ကို နာခံရမှာလဲ ပွင့်ပွင့်လင်းလင်း ပြောရရင် ယင်စစ်သည်တော်ဌာနရဲ့ အကြီးအကဲက ငါပဲ မင်း မဟုတ်ဘူး"
"ယင်စစ်သည်တော် နေကင်းလှည့်၊ ညကင်းလှည့် ဆိုတာ အတူတူ ရှေ့ဆက်ရမှာ အခု ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူလွှတ်ပြီး ငါ့ကို လုပ်ကြံတယ် ပြီးတော့ ငါ့ လက်အောက်ငယ်သားကို သတ်ဖို့ ကြိုးစားတယ်အဲဒါကို တရားသူကြီးဌာန အပေါ် ပုံချပြီး ငရဲပြည်ကို ဖရိုဖရဲ ဖြစ်အောင် လုပ်ချင်နေကြတာ"
"ဒီလိုအချိန်မျိုးမှာ မင်းက အရှင် တစ်ယောက်အနေနဲ့ မင်းရဲ့ တာဝန်ကို ထမ်းဆောင်သင့်တယ် ခုနက မေးခွန်းပဲ ထပ်မေးမယ်၊ ယင်စစ်သည်တော်ဌာနက အမိန့်ကို နာခံမှာလား"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
"ငါက ဘာလို့ နာခံရမှာလဲ ငါ့ကို ရာထူးက ဖြုတ်ဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ "
ယိုဖန့် အကြီးအကျယ် ဒေါသထွက်သွားပြီး ဖန့်ချန်ရဲ့ နှာခေါင်းကို လက်ညှိုးထိုးကာ ဟောက်ပါတော့တယ်
"ငါ မင်းကို ကြည့်မရတာ ကြာပြီ မင်း ရောက်လာကတည်းက ငရဲပြည်မှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်နေတာ"
"အောက်ဆင်းသူတွေဆီက ယင်သက်တမ်းခွန် ကောက်မယ် ဟုတ်လား တရားရုံးဌာန နဲ့ ဝိညာဉ်ဖမ်းဆီးရေးဌာန တွေကို ပြန်ထုတ်ပြီး လူကြားထဲ အရှက်ခွဲမယ် ဟုတ်လား"
"ဒါတွေက မင်းနဲ့ မဆိုင်တာ ဘယ်ဟာ ရှိလို့လဲ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ရှင်းရလင်းရတဲ့ အရှုပ်အထုပ်တွေ ဘယ်လောက်များလဲ မင်း သိရဲ့လား"
ယိုဖန့် ရဲ့ အသံက အရမ်းကျယ်လွန်းတာကြောင့် ယင်စစ်သည်တော်ဌာန တစ်ခုလုံးကလူတွေ ကြားရပြီး အံ့သြတုန်လှုပ်ကုန်ကြပါတယ်။
ယိုဖန့်ရဲ့ လူယုံတွေက သတင်းကြားတာနဲ့ ဒီဘက်ကို အပြေးအလွှား လာကြပေမဲ့ နေကင်းလှည့်နတ်ဘုရားတွေက လမ်းပိတ်ထားကြပါတယ်။
"အရှင် သုံးယောက် အထဲမှာ ကိစ္စတွေ တိုင်ပင်နေကြတာ ဘယ်သူမှ ဝင်ပြီး မနှောင့်ယှက်ပါနဲ့"
နေကင်းလှည့်နတ်ဘုရား တစ်ယောက်က တည်ငြိမ်စွာ ပြောပါတယ်။
"အထဲမှာ သိသိသာသာ ကိစ္စဖြစ်နေတာလေ... မင်းတို့ရဲ့ နေကင်းလှည့်အရှင်က စိတ်မရှည်တဲ့သူဆိုတော့ ကျွန်တော်တို့ အရှင် ကို တစ်ခုခု လုပ်နေမှာ စိုးလို့ပါ"
"တကယ်လို့ အဲလိုသာ ဖြစ်ရင်... ကျွန်တော်တို့ မျက်နှာ ဘယ်နား သွားထားရမလဲ"
ယိုဖန့် ရဲ့ လူယုံတွေက မျက်မှောင်ကြုတ်ကြပါတယ်။
"ကျွန်တော်တို့ကို ပေးဝင်ပါ ကျွန်တော်တို့ ဝင်မစွက်ဖက်ပါဘူး အရှင်ယိုရဲ့ ဘေးကင်းမှုကိုပဲ ကြည့်ချင်တာပါ"
"မရဘူး၊ ဒါက စည်းကမ်းပဲ လူကြီးမင်းဖန့်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မဝင်ရဘူး"
အဲဒီမှာရှိတဲ့ နေကင်းလှည့်နတ်ဘုရားတွေက ခေါင်းခါပြီး တစ်လှမ်းတောင် မဆုတ်ပေးကြပါဘူး။
အခြေအနေက တင်းမာနေတုန်းမှာပဲ လူအုပ်စုတစ်စု ဝင်လာပါတယ်။
ယိုဖန့်ရဲ့ လူယုံတွေက လာတဲ့လူတွေကို မြင်တော့ မျက်နှာတွေ ထူးဆန်းသွားကြပါတယ်။
သံသရာဌာန ရဲ့ အကြီးအကဲ ချိုးကျင်
ဒီလူက ပုံမှန်ဆို ယင်စစ်သည်တော်ဌာနကို အထင်သေးလွန်းလို့ ဒီနေရာကို ခြေမချတာ ဘယ်လောက်တောင် ကြာပြီလဲ ဒီနေ့ သူ ဘာလာလုပ်တာလဲ
"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ ယိုဖန့် ကို အရှက်ခွဲချင်လို့လား"
ချိုးကျင်က ခြေလှမ်းရပ်လိုက်ပြီး ယိုဖန့်ရဲ့ လူယုံတွေကို ကြည့်ကာ ပြောပါတယ်။
"လူကြီးမင်းချိုး... ဒါက ယင်စစ်သည်တော်ဌာနလေ၊ အဲဒီစကားက ဘာကို ဆိုလိုတာလဲ"
ယိုဖန့်ရဲ့ လူယုံတွေက ကြောင်အသွားပါတယ်။
"ဪ... ဒါက ယင်စစ်သည်တော်ဌာနကိုး၊ ငါ မေ့သွားလို့"
ချိုးကျင်က ပြုံးလိုက်ပြီး နေကင်းလှည့်နတ်ဘုရားတွေကို ကြည့်ကာ
"လူကြီးမင်းဖန့်က ငါ့ကို ခေါ်ထားတာ၊ ငါ ဝင်လို့ရပြီလား "
"လူကြီးမင်းချိုး... ကြွပါ"
နေကင်းလှည့်နတ်ဘုရားတွေက ချက်ချင်း ခေါင်းညိတ် လမ်းဖယ်ပေးလိုက်ပါတယ်။
ချိုးကျင် အထဲကို ရောက်သွားတဲ့ အချိန်မှာပဲ ဖန့်ချန်ရဲ့ စကားသံကို ကြားလိုက်ရပါတယ်
"လူကြီးမင်းယို... ငရဲပြည်မှာ ပြဿနာတက်ရင် မင်းက ရှင်းရမှာ ဥပဒေစည်းမျဉ်းတွေအတိုင်း လုပ်ရမှာ အလုပ်ရှုပ်မှာ စိုးလို့ဆိုပြီး နှုတ်ဆိတ်မနေသင့်ဘူးမင်း တာဝန်ယူရမယ့် ကိစ္စတွေကို ရှောင်မနေသင့်ဘူး အောက်ဆင်းသူတွေက ဒီနေရာမှာ ယင်သက်တမ်း တွေ ရှာနေကြပြီး တစ်ပြားမှ အခွန်မဆောင်တာက မင်းအတွက် တရားမျှတတယ်လို့ ထင်လား"
"တရားရုံးဌာန နဲ့ ဝိညာဉ်ဖမ်းဆီးရေးဌာန တွေက ရှေးကတည်းက ရှိခဲ့တာ၊ အခုတော့ ခွေးတောင် မလာတဲ့ ရုံးခန်းတွေ ဖြစ်နေတာကရော မင်းအတွက် သဘာဝကျတယ်လို့ ထင်လား "
"ဒီစကားကို ငရဲမင်းကြီး က ပြောရင် ပြောနိုင်တယ်၊ မင်း ပြောစရာ မလိုဘူး"
ယိုဖန့် က ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်နေပါတယ်။
"ငါက ငရဲမင်းကြီး ကိုယ်စား ပြောပေးတယ်လို့ပဲ သဘောထားလိုက်တော့ ရမလား ငါ မင်းကို ရာထူးကနေ လုံးဝ ဖြုတ်ပစ်တာ မဟုတ်ပါဘူး မင်းကတော့ အရှင် အဖြစ် ရှိနေဦးမှာပဲ ဒါပေမဲ့ မင်းရဲ့ ဒီရာထူး ကိုတော့ ဖယ်ပေးရမယ့် အချိန်ရောက်ပြီ"
ဖန့်ချန်က ခပ်ဖွဖွ ရယ်လိုက်ပြီး ယိုဖန့် ဆီကို လက်လှမ်းကာ ဖမ်းယူလိုက်ပါတယ်။
ခရမ်းရောင် အငွေ့အသက်တွေ ထွက်ပေါ်လာပြီးနောက် ယင်စစ်သည်တော်ဌာန အကြီးအကဲရဲ့ ဝတ်စုံ ဟာ ယိုဖန့် ရဲ့ ကိုယ်ပေါ်ကနေ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရပါတယ်။
ယိုဖန့်ဟာ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး ပြန်ခုခံဖို့ ကြိုးစားပေမဲ့ ဘာပဲလုပ်လုပ် အဲဒီဝတ်စုံက သူ့ဆီ ပြန်မလာတော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖန့်ချန်ရဲ့ လက်ထဲကို ရောက်သွားပါတော့တယ်။
ဒါကို မြင်လိုက်ရတဲ့ ကျင်ရွှေ၊ ချိုးကျင် နဲ့ ဝူးဝေး တို့အားလုံးရဲ့ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်လာပါတယ်။
ဝတ်စုံ မရှိတော့ဘူးဆိုရင် အစိုးရအရာရှိ မဟုတ်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ...
ယိုဖန့် တကယ်ပဲ ဖြုတ်ချခံလိုက်ရပြီလား
အခန်း (၁၀၁၂) ငရဲမင်းကြီးရဲ့ အလိုတော်
"မဖြစ်နိုင်ဘူး..."
ယိုဖန့် ဟာ သူ့ရဲ့ အရာရှိဝတ်စုံက ဖန့်ချန်ရဲ့လက်ထဲ ရောက်နေတာကို ကြည့်ပြီး စိတ်အာရုံတွေ ထိန်းမရအောင် လှုပ်ရှားချောက်ချားနေပါတယ်။
သူက အရှင်တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ရာထူးကို ဖြုတ်နိုင်တာဟာ ငရဲမင်းကြီးနန်းတော်ထဲမှာ နှစ်ပေါင်းများစွာ ကျင့်ကြံနေပြီး အပြင်မထွက်လာတဲ့ ငရဲမင်းကြီး တစ်ယောက်ပဲ ရှိပါတယ်။
ရှေ့က နေကင်းလှည့်အရှင် ဖန့်ချန်က သူ့ထက် ရာထူးမသာဘဲ အဆင့်တူတူပဲကို ဘာလို့ ဒီလောက်အလွယ်တကူနဲ့ သူ့ရဲ့အရာရှိဘဝကို လုယူနိုင်ရတာလဲ
ကျင်ရွှေရဲ့ မျက်ဝန်းတွေကလည်း လှုပ်ရှားနေပါတယ်။
သူမက ရင်ထဲက ထိတ်လန့်မှုကို အတင်းဖိသိပ်ပြီး ငြိမ်နေဖို့ ကြိုးစားလိုက်တယ်၊ အခုအချိန်မှာ ဝင်မပြောဖို့ကိုလည်း ရွေးချယ်လိုက်ပါတယ်။
သူမက ကိစ္စတွေဟာ တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီဆိုတာကို ရိပ်မိလိုက်ပြီလေ။
ယိုဖန့် ရာထူးဖြုတ်ခံရတာဟာ... ရှေ့က နေကင်းလှည့်အရှင်ရဲ့ စိတ်ကူးပေါက်ရာ လုပ်ရပ်မဟုတ်ဘဲ ကြိုတင်နိမိတ်တွေ ရှိနေခဲ့တာပဲ။
ဒါဟာ နောက်ကွယ်မှာ ငရဲမင်းကြီးရဲ့ အလိုတော် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေပြီ
ပြီးခဲ့တဲ့ရက်ပိုင်းက ဖန့်ချန်တစ်ယောက်တည်း ငရဲမင်းကြီးနဲ့ တွေ့ခွင့်ရခဲ့တာကို ပြန်တွေးမိပြီး ကျင်ရွှေဟာ သူမရဲ့တွေးဆချက်ကို ပိုပြီး ယုံကြည်သွားပါတယ်။
ချိုးကျင်ရဲ့ အမူအရာကလည်း လှုပ်ရှားသွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ ဖန့်ချန်ကို ကြည့်တဲ့အကြည့်က ပိုပြီးတော့တောင် ရိုသေလေးစားမှုတွေ ပါလာပါတယ်။
"မြို့တော် ယင်စစ်သည်တော်ဌာနရဲ့ အရှင်ရာထူးက ဒီလိုပဲ ဖြုတ်ချခံလိုက်ရတာလား..."
ဝူးဝေးကတော့ ဒီနေရာမှာ ရာထူးအနိမ့်ဆုံးပါ။
နေကင်းလှည့်စစ်သူကြီး အဆင့်လေးပဲ ရှိတာမို့ ဒီမြင်ကွင်းကို ကြည့်ပြီး သူ့ရင်ထဲမှာ လှိုင်းတံပိုးတွေ ထနေသလို ခံစားနေရပါတယ်။
အထက်လူကြီးတွေရဲ့ အားပြိုင်မှုကို သူ တစ်ခါတလေ နားမလည်ပေမဲ့ သာမန်သဘောတရားကိုတော့ သူ သိပါတယ်။
နေကင်းလှည့်အရှင် ရာထူးနဲ့ ယင်စစ်သည်တော်ဌာနရဲ့ အကြီးအကဲကို ဖြုတ်ချလိုက်တယ်ဆိုတာ ဘယ်လောက်တောင် အစွမ်းထက်တဲ့ နည်းလမ်းလဲ
ဒီနေကင်းလှည့်အရှင်ဟာ မြို့တော်မှာ ဘယ်လောက်အထိ အာဏာရှိနေပြီလဲဆိုတာ သူ မှန်းတောင် မမှန်းရဲတော့ပါဘူး...
ဖန့်ချန်က လက်ထဲက အရှင်ဝတ်စုံကို တစ်ချက်ကြည့်ပြီး ပြုံးကာ ချိုးကျင်ဆီကို လွှင့်ပေးလိုက်တယ်
"လူကြီးမင်းချိုး... နောက်ပိုင်း ယင်စစ်သည်တော်ဌာနရဲ့ အရှင်ရာထူးကို မင်းပဲ ယာယီတာဝန်ယူလိုက်တော့"
ယာယီ
ချိုးကျင်ဟာ ဘာမှ မကျေမနပ် မဖြစ်တဲ့အပြင် ဝတ်စုံကို ရိုရိုသေသေ လက်ခံလိုက်ပါတယ်။
အားလုံးရဲ့ ရှေ့မှာတင် သူ့ရဲ့ သံသရာဌာန ဝတ်စုံကို ချွတ်ပြီး ယိုဖန့် ဆီက ရလာတဲ့ ဝတ်စုံကို ဝတ်ဆင်လိုက်ပါတယ်။
ခဏချင်းမှာပဲ ချိုးကျင်ဟာ ထူးခြားတဲ့ စွမ်းအားတွေ သူ့ကိုယ်ထဲ စီးဝင်လာတာကို ခံစားလိုက်ရပြီး သူဟာ တစ်လောကလုံးက ယင်စစ်သည်တော်တွေကို အမိန့်ပေးနိုင်ပြီလို့တောင် ထင်မှတ်သွားပါတယ်။
"ယိုဖန့် ဒါက သံသရာဌာနရဲ့ အရာရှိဝတ်စုံပဲ"
ချိုးကျင်က ပြုံးပြီး ကျေနပ်အားရစွာနဲ့ ယိုဖန့် ရှေ့ကို သွားကာ ဝတ်စုံကို ကမ်းပေးလိုက်ပါတယ်။
ယိုဖန့် ဟာ ချက်ချင်း လက်မခံဘဲ မျက်နှာပျက်ပျက်နဲ့ ဖန့်ချန်ကို ကြည့်ပြီး
"ဖန့်ချန်... မင်းက ဘာလို့ ငါ့ရဲ့ ရာထူးအာဏာကို သိမ်းယူနိုင်ရတာလဲ"
"ငရဲမင်းကြီးရဲ့ အလိုတော်ပဲ"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
"မဖြစ်နိုင်ဘူး... အခု ဒါတွေအားလုံးက..."
ယိုဖန့် ဟာ ပါးစပ်ပိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ချိုးကျင် ကမ်းပေးတဲ့ ဝတ်စုံကို တိတ်တဆိတ် လက်ခံဝတ်ဆင်လိုက်ပါတယ်။
အခုအချိန်ကစပြီး သူဟာ ယင်စစ်သည်တော်ဌာနရဲ့ အကြီးအကဲ မဟုတ်တော့ဘဲ ခွေးတောင် မလာတဲ့ သံသရာဌာနရဲ့ အရှင် တစ်ယောက် ဖြစ်သွားပါပြီ။
"အရှင်ချိုး... ကျွန်တော်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင်တွေကို ဘယ်လိုရှင်းလင်းပြီး ငရဲပြည်ကို ပြန်ပြီး သန့်ရှင်းအောင် လုပ်မလဲဆိုတာ ဆက်ပြီး တိုင်ပင်ကြရအောင်"
ဖန့်ချန်က လက်ဟန်ပြလိုက်ပါတယ်။
ချိုးကျင်က ဖန့်ချန်ရှေ့ကို ချက်ချင်း လျှောက်သွားပြီး ကျင်ရွှေကလည်း ဘာမှမပြောဘဲ နှစ်လှမ်းလောက် ရှေ့တိုးလာပါတယ်။
ယိုဖန့် က ဒါကို မြင်တော့ အားငယ်တဲ့ အမူအရာနဲ့ လက်အုပ်ချီကာ
"ကျွန်တော် သံသရာဌာနကို အရင် ပြန်နှင့်ပါတော့မယ်"
ဖန့်ချန်က လက်ကို ခပ်ဖွဖွ ဝေ့ယမ်းပြလိုက်ပါတယ်။
တုယွန်းရွှီက ဒါကို မြင်တာနဲ့ ယိုဖန့် ကို အပြင်အထိ ကိုယ်တိုင် သွားပို့ပေးပါတယ်။
ယိုဖန့် ရဲ့ လူယုံတွေက ယိုဖန့် ကို မြင်တော့ အလွန် စိတ်လှုပ်ရှားသွားကြပေမဲ့ ချက်ချင်းဆိုသလို ထူးခြားတဲ့ အချက်တစ်ခုကို သတိပြုမိသွားကြပါတယ်။
သူတို့တွေဟာ ယိုဖန့် ဆီကနေ အထက်လူကြီးတစ်ယောက်ရဲ့ ဖိအားမျိုးကို မခံစားရတော့ပါဘူး။
"ဒါက..."
အားလုံးက သံသယတွေ ဖြစ်ကုန်ကြပါတယ်။
ယိုဖန့် က အေးအေးဆေးဆေး ပြောလိုက်တယ်
"ငါက အခု သံသရာဌာနရဲ့ အရှင်ဖြစ်သွားပြီ နောက်ပိုင်း ယင်စစ်သည်တော်ဌာနရဲ့ အကြီးကဲရာထူးကိုတော့ အရင် သံသရာဌာန အကြီးအကဲ ချိုးကျင် က ယာယီ တာဝန်ယူလိမ့်မယ် မင်းတို့ အထက်လူကြီးကို မဆန့်ကျင်ကြနဲ့၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ကြတော့"
သူ ထွက်သွားပြီး မျက်စိရှေ့က ပျောက်ကွယ်သွားတဲ့အထိ သူ့ရဲ့ လူယုံဟောင်းတွေဟာ ဘာဖြစ်သွားမှန်း မသိဘဲ ဝေဝေဝါးဝါး ဖြစ်ကျန်ရစ်ခဲ့ပါတယ်။
ဘာလို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ အထက်လူကြီးက ရာထူးပြောင်းသွားရတာလဲ
ယင်စစ်သည်တော်ဌာနက... သံသရာဌာန အကြီးအကဲ ချိုးကျင်ရဲ့ လက်ထဲကို ရောက်သွားပြီလား
တရားသူကြီးဌာန
ရှန်းထူချန်း က အဓိကနေရာမှာ ထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ ကျား၊ မ၊ ကြီး၊ ငယ် အစုံရှိတဲ့ အရှင် (အကြီးအကဲ) တွေ ထိုင်နေကြပါတယ်။
ငရဲပြည်မှာ လုပ်ပိုင်ခွင့် အာဏာအရှိဆုံး ဌာနဖြစ်တာကြောင့် တရားသူကြီးဌာနက အရှင် အရေအတွက်ဟာ ယင်စစ်သည်တော်ဌာနတို့၊ တရားရုံးဌာနတို့ထက် အများကြီး ပိုပါတယ်။
ရှန်းထူချန်းက တရားသူကြီးဌာနရဲ့ အကြီးအကဲ ဖြစ်သလို သူ့လက်အောက်မှာလည်း တရားသူကြီး ၁၀ ယောက် ရှိပြီး တစ်ယောက်ချင်းစီက အရှင် အဆင့် အစွမ်းထက်သူတွေ ဖြစ်ပါတယ်။
ဒီတရားသူကြီးတွေဟာ ပုံမှန်ဆိုရင် နေရာအနှံ့မှာ တာဝန်ကျနေတာမို့ မြို့တော်ကို လာခဲပါတယ်။
တရားသူကြီးဌာနနဲ့ သူတို့ရဲ့ ဆက်ဆံရေးက အထက်နဲ့အောက် ဆိုတာထက် ပူးပေါင်းဆောင်ရွက်သူတွေနဲ့ ပိုတူပါတယ်။
"မကြာသေးခင်က မြို့စားအတော်များများက တရားရုံးဌာန လက်အောက်ကို ဝင်သွားပြီး မြို့စောင့်နတ်ဘုရား တွေ ဖြစ်ကုန်ကြပြီ"
အသက် ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်ပဲ ရှိပုံရပြီး ကလေးဝတ်စုံ ဝတ်ထားကာ ဆံပင်နှစ်ဖက် ခွဲစည်းထားတဲ့ မိန်းကလေးငယ်တစ်ယောက်က ခြေထောက်ချိတ်ထိုင်ရင်း အေးအေးဆေးဆေး ပြောနေပါတယ်
"ဒီအတိုင်း ဆက်သွားရင် တရားသူကြီးဌာနရဲ့ အင်အားက အများကြီး လျော့နည်းသွားလိမ့်မယ် အခွန်ရတဲ့ ယင်သက်တမ်းတွေလည်း နည်းသွားမယ် အကြီးကဲ မှာ ဘာအစီအစဉ်ရှိလဲ "
"ဟုတ်တယ် ဝိညာဉ်ဖမ်းဆီးရေးဌာန ကတော့ တော်သေးတယ် နေရာအနှံ့မှာ ရုံးခွဲတွေ ပြန်ဖွင့်တာလောက်ပဲ ရှိတာ ဒါပေမဲ့ တရားရုံးဌာနက ချီထျန်းရန် ကတော့ တကယ်ကို ရိုင်းစိုင်းလွန်းတယ်၊ ငါတို့ ခေါင်းပေါ်အထိ တက်နင်းနေပြီ"
"အကြီးကဲ မြန်မြန် နည်းလမ်းတစ်ခုခု စဉ်းစားပါ ဒီအတိုင်း ဆက်သွားရင် ငရဲပြည်ကြီး ဖရိုဖရဲ ဖြစ်ကုန်တော့မယ် ကျွန်တော့်ရဲ့ အောက်ဆင်းသူ မိတ်ဆွေတော်တော်များများက အခု ငရဲပြည် အခြေအနေကို မကျေမနပ် ဖြစ်နေကြပြီ အကယ်၍ သူတို့တွေ အောက်မဆင်းတော့ဘူးဆိုရင် လူ့လောကက ကိစ္စတွေကို ဘယ်သူ့ကို ခိုင်းရတော့မလဲ "
ရှန်းထူချန်းဟာ သူ့လက်အောက်ငယ်သားတွေရဲ့ ညည်းတွားသံတွေကို နားထောင်ရင်း လက်ချောင်းနဲ့ လက်ဖက်ရည်ခုံကို ခပ်ဖွဖွ ခေါက်နေပါတယ်။
ပြီးမှ သူက ခပ်တိုးတိုး ရယ်လိုက်ပြီး
"အောက်မဆင်းတော့ဘူး ဟုတ်လား ငရဲပြည်က ယင်သက်တမ်း ရှာရတာက လူ့လောကက ကုသိုလ်ထက် ပိုလွယ်ပါတယ် အခု လူ့လောကမှာ အရင်းအမြစ်တွေ ရှားပါးနေတာ သူတို့တွေ ငရဲပြည်ကို အောက်မဆင်းရင် လေပဲ သောက်နေကြမှာလား"
အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
ရှန်းထူချန်း ပြောတာကလည်း အမှန်ပဲလေ။
"ငရဲပြည်က ခဏလောက်တော့ ရှုပ်ထွေးနေဦးမှာပဲ ဒီအတောအတွင်းမှာ တရားရုံးဌာနက ငါတို့ တရားသူကြီးဌာနကို လှုပ်ရှားလာအောင် နည်းမျိုးစုံနဲ့ တွန်းအားပေးမှာ သေချာတယ်"
"ဒါကြောင့် ငါတို့က ပိုပြီး သည်းခံရမယ်၊ သူတို့ကို အကြောင်းပြချက် ပေးသလိုမျိုး အမှားအယွင်း မလုပ်မိစေနဲ့"
ရှန်းထူချန်းက အေးအေးဆေးဆေး ပြောတယ်
"မင်းတို့တွေလည်း ကောင်းစားခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီပဲ သာမန်အားဖြင့် အရှင် တစ်ယောက်က မင်းတို့ အသက်အရွယ်အထိ အသက်ရှင်ဖို့ဆိုတာ ရှေးခေတ်တုန်းကဆိုရင် အလွန် ရှားပါးပါတယ် ဒါကြောင့် အခု နည်းနည်းပါးပါး ပြန်ပေးလိုက်ရတာကို စိတ်မပူကြနဲ့"
စကားပြောနေတုန်းမှာပဲ ယိုဖန့် ဟာ အခန်းထဲကို ဖြည်းဖြည်းချင်း ဝင်လာပါတယ်။
လူတိုင်းက ယိုဖန့် ကို မြင်တော့ နှုတ်ဆက်ကြပေမဲ့ အဲဒီ ရှစ်နှစ်၊ ကိုးနှစ်အရွယ် မိန်းကလေးငယ်ကတော့ ရုတ်တရက် ကြောင်သွားပြီး သံသယနဲ့ မေးလိုက်တယ်
"အရှင်ယို ရှင့်ရဲ့ အငွေ့အသက်က မမှန်ဘူးနော် ဘာလို့ ချိုးကျင် ဆိုတဲ့ ကောင်နဲ့ သွားတူနေရတာလဲ"
သူမ သတိပေးလိုက်တော့မှ အားလုံးက သေသေချာချာ ကြည့်လိုက်ကြပြီး သူတို့ရဲ့ အမူအရာတွေက ထူးဆန်းကုန်ကြပါတယ်။
ရှန်းထူချန်းရဲ့ မျက်နှာကလည်း လေးနက်သွားတယ်
"ဘာဖြစ်တာလဲ"
ယိုဖန့် က လွတ်နေတဲ့ နေရာတစ်ခုမှာ ဝင်ထိုင်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်တယ်
"နေကင်းလှည့်အရှင် ဖန့်ချန်က ငါ့ရဲ့ အရှင်ဝတ်စုံကို သိမ်းယူပြီး ချိုးကျင်ကို ပေးလိုက်ပြီ အခု ငါက သံသရာဌာနရဲ့ အရှင် ပဲ"
"ဘာ "
"သူက ဘာအရည်အချင်းနဲ့ လုပ်တာလဲ"
"ရှင်က ယင်စစ်သည်တော်ဌာနရဲ့ အရှင်ပဲလေ သူ့မှာ ရှင့်ဝတ်စုံကို သိမ်းပိုင်ခွင့် ဘာရှိလို့လဲ ဒါက ယုတ္တိမရှိဘူးလေ "
"ရှင်က ငြိမ်နေရင်တောင် သူ လုလို့ရမှာ မဟုတ်ဘူး၊ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ "
နေရာအသီးသီးက တရားသူကြီးတွေရဲ့ မျက်နှာတွေ ပျက်ကုန်ကြပါတယ်။
ရှန်းထူချန်းက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဝမ်ချွမ်းမြစ် ရှိရာဘက်ကို လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်
"ငရဲမင်းကြီးရဲ့ အလိုတော်လား..."
အားလုံး ချက်ချင်း တိတ်ဆိတ်သွားကြပါတယ်။
ငရဲမင်းကြီးရဲ့ အလိုတော် ဒါဆိုရင်... ငရဲမင်းကြီးက အခု ငရဲပြည်ရဲ့ အခြေအနေကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီလား
အဲဒီ နေကင်းလှည့်အရှင် ရာထူးကိုလည်း ငရဲမင်းကြီး ကိုယ်တိုင် ခန့်အပ်ခဲ့တာကို တွေးမိလိုက်တဲ့အခါ အားလုံးရဲ့ မျက်နှာတွေက ပိုပြီး ကြည့်မကောင်း ဖြစ်ကုန်ပါတယ်။
အဲဒီအချိန်မှာပဲ မြေပြင်က ရုတ်တရက် ခပ်ဖွဖွ တုန်ခါလာပါတယ်။
တရားသူကြီးတစ်ယောက်ဟာ အပြင်ကို ချက်ချင်း ပျံထွက်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ မျက်နှာ အစိမ်းပုတ်ရောင် သန်းရင်း ပြန်ဝင်လာကာ အားလုံးကို ပြောလိုက်တယ်
"ယင်စစ်သည်တော်ဌာနက ယင်စစ်သည်တော်တွေကို စုစည်းနေပြီ နေရာအနှံ့ကို ချီတက်သွားကြပြီ "