← Chapters

ထူးဆန်းသော သတ္တုလုံး

Vol. 1 Ch. 1

ထူးဆန်းသော သတ္တုလုံး

Vol. 1 Ch. 1

မျိုးရိုးဗီဇပညာဆိုသည်မှာ လူသားတို့အတွက် တားမြစ်ထားသော အသိပညာတစ်ရပ် ဖြစ်သည်။ ၎င်းသည် နတ်ဘုရားတို့၏ ပညာရပ်နယ်ပယ်သာ ဖြစ်၏။ မျိုးရိုးဗီဇတို့၏ လျှို့ဝှက်ချက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်တတ်မြောက်ခြင်းသည် နတ်ဘုရားတို့၏ စွမ်းအားကို ပိုင်စိုးခြင်းနှင့် ထပ်တူပင် ဖြစ်ပေလိမ့်မည်။

— မန်ဒယ်စတက်

...

ဗဟိုပင်လယ်တက္ကသိုလ်၏ စာကြည့်တိုက်အတွင်းတွင် အနည်းငယ်ဖျော့တော့နေသောပုံစံရှိသည့် လင်းဖုန်းသည် သူ၏လက်ထဲမှ မျိုးရိုးဗီဇဆိုင်ရာ ဇီဝဗေဒစာအုပ်တစ်အုပ်ကို အသေအချာ လေ့လာဖတ်ရှုနေသည်။ မျိုးရိုးဗီဇဆိုင်ရာ စာအုပ်တိုင်းလိုလို၏ အစတွင် ထိုကျော်ကြားသော စကားစုကို အမြဲတွေ့မြင်ရလေ့ရှိသည်။ ၎င်းမှာ မျိုးရိုးဗီဇဆိုင်ရာ ဇီဝဗေဒပညာရပ်ကို စတင်တည်ထောင်သူ ဇမ္ဗူမှာတစ်လူဟု ကျော်ဇောထင်ရှားသော မဟာပညာရှင် ပရော်ဖက်ဆာ မန်ဒယ်စတက်၏ စကားပင် ဖြစ်သည်။ ဤသည်မှာ လူတိုင်းသိကျော်ကြားသော မျိုးရိုးဗီဇသိုင်းပညာသီအိုရီပင် ဖြစ်၏။

ပရော်ဖက်ဆာ မန်ဒယ်စတက်၏ မျိုးရိုးဗီဇသိုင်းပညာသီအိုရီအရ လူသားတို့၏ ခန္ဓာကိုယ်သည် အကန့်အသတ်မဲ့ စွမ်းအားများ ကိန်းအောင်းနေသော ရတနာသိုက်ကြီး ဖြစ်သည်။ သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် ထိုစွမ်းအားများမှာ ချုပ်နှောင်ကန့်သတ်ခံထားရသည်။ လူသားတို့၏ မျိုးရိုးဗီဇများထဲရှိ စွမ်းအားအလုံးစုံကို ပိတ်လှောင်ထားသော မမြင်တွေ့နိုင်သည့် ကန့်သတ်ချက်များ ရှိနေသည်။ ထိုမျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မှသာလျှင် လူသားတို့အနေဖြင့် သာမန်ထက်ထူးကဲသော စွမ်းအားများကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

“မျိုးရိုးဗီဇတွေက သန္ဓေပြောင်းလဲနိုင်တယ်။ သိုင်းပညာရှင်တွေက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး လူသားတွေထက်သာလွန်တဲ့ စွမ်းအားတွေရအောင် သူတို့ရဲ့ မျိုးရိုးဗီဇကို ပြန်လည်ဖွဲ့စည်းတည်ဆောက်နိုင်ကြတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အားကောင်းတဲ့ အခြေခံမျိုးရိုးဗီဇရှိမှ ဖြစ်နိုင်တာတဲ့လား။”

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ စာမျက်နှာများကို မြန်မြန်ဆန်ဆန် လှန်ကြည့်နေမိသည်။

သို့သော်လည်း မျိုးရိုးဗီဇဆိုင်ရာ စာအုပ်များစွာကို လှန်လှောကြည့်ရှုပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် စာအုပ်ကို ပိတ်လိုက်သည်။ သူသည် ခေါင်းကိုခါယမ်းရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ထင်တဲ့အတိုင်းပဲ၊ ဘာအဖြေမှ မရှိသေးဘူး။ မျိုးရိုးဗီဇ သိုင်းပညာသီအိုရီက အခြေခံမျိုးရိုးဗီဇ အားကောင်းဖို့ကိုပဲ အလေးပေးထားတာ။ အဲဒါမှလည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးတော့ ပြန်လည်ဖွဲ့ဆည်းတည်ဆောက်နိုင်ဖို့အတွက် မျိုးရိုးဗီဇသိုင်းပညာကို ကျင့်ကြံနိုင်လိမ့်မယ်။ အချိန်တိုအတွင်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မယ့် နည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား… အဟွတ်၊ အဟွတ်…”

လင်းဖုန်း အပြင်းအထန် ချောင်းဆိုးတော့သည်။

သူ၏ စကားကို တစ်စုံတစ်ယောက်က ကြားသွားလျှင် လင်းဖုန်းမှာ အလွန်အမင်း စိတ်လောနေသည်ဟု ထင်ကြမည်မှာ အသေအချာပင်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သော သိုင်းပညာရှင်ဆိုသည်မှာ မယုံနိုင်လောက်အောင်ပင် ရှားပါးလှသည်။ ထိုသို့သော ပညာရှင်တိုင်းသည် လူ့အသိုက်အဝန်း၏ အဓိကဒေါက်တိုင်များဖြစ်ကြပြီး အလွန်တရာ လေးစားကြည်ညိုခြင်း ခံရသူများ ဖြစ်ကြသည်။ လူတစ်ယောက်အနေဖြင့် တစ်သက်တာအတွင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို တစ်ကြိမ်တစ်ခါမျှသာလျှင် ချိုးဖျက်နိုင်ခြင်းသည်ပင် မဟာအောင်မြင်မှုတစ်ခု ဖြစ်နေရကား အချိန်တိုအတွင်း ချိုးဖျက်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။

သို့သော် လင်းဖုန်း၏ စိုးရိမ်ပူပန်မှုမှာ အကြောင်းမဲ့မဟုတ်ပေ။ သူသည် ငယ်စဉ်ကတည်းကပင် ပုံမှန်မဟုတ်သော ကိုယ်အင်္ဂါ ချို့ယွင်းမှု (Atypical Organ Failure) ဟု ခေါ်သည့် ထူးခြားသော ရောဂါကို ခံစားနေရခြင်း ဖြစ်သည်။

၎င်းမှာ သာမန် ကိုယ်အင်္ဂါချို့ယွင်းမှုပင် မဟုတ်ချေ။ အလွန်တရာရှားပါးပြီး ထူးခြားဆန်းကြယ်သော ရောဂါဖြစ်သည်။ ရောဂါလက္ခဏာမှာ ချက်ချင်းမပေါ်ဘဲ အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါရပ်အားလုံး တဖြည်းဖြည်း ပျက်စီးယိုယွင်းလာပြီး နောက်ဆုံးတွင် သေဆုံးရမည်ဖြစ်သည်။ ဆရာဝန်၏ ခန့်မှန်းချက်အရ လင်းဖုန်းသည် အသက် ၂၃ နှစ်အထိသာ အများဆုံး ရှင်သန်နိုင်ပေလိမ့်မည်။

လင်းဖုန်းသည် ယခုနှစ်တွင် အသက် ၂၀ ပြည့်ပြီ ဖြစ်ရာ သူ့အတွက်ရှင်သန်ဖို့ အချိန် ၃ နှစ်သာ ကျန်တော့သည်ပင်။

ဤထူးဆန်းသောရောဂါမှာ မွေးရာပါဖြစ်သည်။ လင်းဖုန်း၏ မျိုးရိုးဗီဇမှာ တစ်စုံတစ်ရာသော သန္ဓေပြောင်းလဲမှု ဖြစ်သွားခဲ့ပြီးနောက် ဤရောဂါ ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သာမန် ဆေးကုသမှုများမှာ အသုံးမဝင်ပေ။ အခြေခံ မျိုးရိုးဗီဇဖွဲ့စည်းပုံကို ပြောင်းလဲနိုင်မှသာလျှင် လင်းဖုန်း၏ ဆန်းကြယ်သောရောဂါကို ပျောက်ကင်းစေနိုင်မည်ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်းက လင်းဖုန်း၏ရောဂါကို ပျောက်ကင်းစေနိုင်သည်ဆိုသော်ငြား လက်ရှိ နည်းပညာအဆင့်အတန်းဖြင့်မူ ကုသဖို့နေနေသာသာ မျိုးရိုးဗီဇပြန်လည်ဖွဲ့ဆည်းတည်ဆောက်ရန်ပင် မဖြစ်နိုင်သေးပေ။ နည်းလမ်းတစ်ခုသာ ရှိပေသည်။ ၎င်းမှာ မျိုးရိုးဗီဇသိုင်းပညာကို ကျင့်ကြံပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သည်နှင့် မျိုးရိုးဗီဇ အလိုအလျောက် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ရာ လင်းဖုန်း၏ရောဂါမှာ ကုစရာမလိုဘဲ ပျောက်ကင်းသွားမည့်အပြင် ကြီးမားသောစွမ်းအားကိုပါ ရရှိနိုင်မည်ဖြစ်သည်။

လက်ရှိကမ္ဘာသည် နည်းပညာအရ တိုးတက်နေသော်လည်း လူသားတို့သည် ကမ္ဘာကြီးအကြောင်း အနည်းအကျဥ်းလောက်သာ သိကြသေးသည်။ လူသားတို့၏ နေထိုင်ရာနယ်မြေမှာ တစ်ကမ္ဘာလုံး၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

ကျန် ၉၀ ရာခိုင်နှုန်းမှာမူ ပြင်ပနယ်‌မြေမှ ကြမ်းကြုတ်သည့် သားရဲများ၏ နယ်မြေဖြစ်သည်။ လူသားတို့မှာ နည်းပညာနှင့် စွမ်းအားကြီး သိုင်းပညာရှင်များကို မှီခိုအားထား၍သာ တည်ငြိမ်အေးချမ်းစွာ ရှင်သန်နိုင်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် သိုင်းပညာရှင်များသည် လူ့အဖွဲ့အစည်းတွင် အလွန်မြင့်မားသော အဆင့်အတန်းကို ရရှိထားကြသည်။ အထူးသဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သော သဘာဝလွန် သိုင်းပညာရှင်များဖြစ်သည်။ ထိုပညာရှင်များမှာ လူသားမျိုးနွယ်စုတစ်ခုလုံး၏ အစောင့်အရှောက်များအဖြစ် သတ်မှတ်ခံရပြီး လူအပေါင်း၏ ရိုသေလေးစားမှုကို ရရှိကြသည်။

သို့သော်ငြား မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ကာ သဘာဝလွန် သိုင်းပညာရှင်ဖြစ်လာနိုင်သူမှာ လူထောင်ပါင်းများစွာတွင်မှ တစ်ယောက်မျှသာ ရှိနိုင်ပေလိမ့်မည်။ တကယ်တန်းတွင် တစ်သိန်းတွင်တစ်ယောက် သို့မဟုတ် တစ်သန်းတွင်တစ်ယောက်ပင် ဖြစ်နိုင်ပေသည်။

လင်းဖုန်းမှာမူ ငယ်စဉ်ကတည်းက ရောဂါခံစားနေရသူ ဖြစ်ရာ သူ၏ မွေးရာပါမျိုးရိုးဗီဇမှာ အလွန်ပင် အားနည်းလှသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မဆိုထားနှင့် သာမန်လူတစ်ယောက်ထက်ပင် ပို၍အင်အားနည်းနေေသးသည်။ ဤအခြေအနေနှင့် သူသည် မည်သို့ သိုင်းပညာကိုကျင့်ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပါမည်နည်း။

လင်းဖုန်းသည် ဗဟိုပင်လယ်တက္ကသိုလ်စာကြည့်တိုက်သို့ မကြာခဏ လာရောက်လေ့ရှိပြီး စာအုပ်များထဲမှ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည့် ဖြတ်လမ်းနည်းကို ရှာဖွေနေခဲ့သည်။ သို့သော်လည်း ဤကမ္ဘာတွင် မျိုးရိုဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် သိုင်းတာအိုကျင့်ကြံခြင်းတွင် အလွန်တရာ ပါရမီထူးခြားနေခြင်းမှလွဲ၍ အခြား မည်သည့်ဖြတ်လမ်းနည်း ရှိနိုင်ပါဦးမည်နည်း။

လင်းဖုန်းသည် အလွန်စိတ်ပျက်နေသော်လည်း စာကြည့်တိုက်ရှိ မျိုးရိုးဗီဇဆိုင်ရာ စာအုပ်တိုင်းကို ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။ သီအိုရီအရ မျှော်လင့်ချက် အလင်းတန်းလေး တစ်စွန်းတစ်စ ရှိနေဦးမည်ဆိုလျှင်ပင် သူ လက်လျှော့မည်မဟုတ်ပေ။

လင်းဖုန်းသည် ထူထဲသော စာအုပ်တစ်အုပ်ကို ထပ်မံတွေ့ရှိပြန်သည်။ ၎င်းမှာ လူသိများသော မျိုးရိုးဗီဇသိပ္ပံ အခြေခံဗဟုသုတ စာအုပ်နှင့် ဆင်တူသည်။ စာကြည့်တိုက်ထဲတွင် ဤကဲ့သို့သော စာအုပ်မျိုး အနည်းဆုံး ဆယ်ဂဏန်း ရာဂဏန်းမျှ ရှိနေပေလိမည်။

ထို့အပြင် စာအုပ်ထဲတွင် လင်းဖုန်းပင် ခေါင်းခါရလောက်သည့် ထူးဆန်းလွန်းသော အယူအဆအချို့ ပါဝင်နေသည်။ ဤသည်မှာ ဗဟုသုတစာအုပ်ပင် မဟုတ်ဘဲ စိတ်ကူးယဉ် ကပျက်ကချော်များသာ ဖြစ်နေပုံရသည်။ ဗဟိုပင်လယ်တက္ကသိုလ် စာကြည့်တိုက်ကဲ့သို့သော နေရာမျိုးတွင် ဤသို့သောစာအုပ်မျိုး မည်သို့ ရောက်ရှိနေသည်ကိုပင် သူ နားမလည်နိုင်တော့ပေ။

လင်းဖုန်းသည် နောက်ထပ် စာမျက်နှာအချို့ကို လှန်ကြည့်သော်လည်း မည်သည့် အသုံးဝင်မည့် အရိပ်အယောင်မျှ မတွေ့ရပေ။ ထို့ကြောင့် စာအုပ်ကို ပိတ်ကာ စင်ပေါ်ပြန်တင်ရန် ပြင်လိုက်သည်။ ထိုစဉ် စာအုပ်စင်၏ နောက်ကွယ်တွင် ကလေးလက်သီးဆုပ်အရွယ်ခန့် ရှိသော သတ္တုလုံးလေးတစ်ခု ကို တွေ့လိုက်ရသည်။

လင်းဖုန်းသည် စာအုပ်စင်နောက်မှ ထိုသတ္တုလုံးကို ယူကြည့်လိုက်သည်။ သတ္တုလုံးသည် အတွင်း၌ အခေါင်းပွပုံစံဖြစ်ပုံရပြီး မလေးလှပေ။ ထိတွေ့ကိုင်တွယ်ရသည်မှာ အနည်းငယ်အေးစက်စက် ဖြစ်သည်။

“ဘယ်သူက စာအုပ်စင်ပေါ်မှာ ဒီသတ္တုလုံးကြီး လာတင်ထားတာလဲ”

လင်းဖုန်း သေချာကြည့်လိုက်သည်။ ဤကဲ့သို့သော သတ္တုမျိုးကို သူ တစ်ခါမျှ မမြင်ဖူးသလို ကလေးကစားစရာနှင့်လည်း မတူပေ။ ဤသတ္တုလုံးကို စာအုပ်စင်ပေါ်တွင် မည်သူလာထားခဲ့သည်ကို မသိနိုင်ချေ။ ဖုန်တွေ အလိမ်းလိမ်း တက်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် ရှိနေသည်မှာ ကြာလှပြီဟု ယူဆရသည်။

သတ္တုလုံး၏ အပြင်ဘက်ပိုင်းမှာ အလွန်တရာ ချောမွေ့နေသော်လည်း အလယ်တည့်တည့်တွင်မူ အဝိုင်းလိုက် အက်ကြောင်းလေး တစ်ခု ရှိနေသည်။ ၎င်းမှာ ခွာထုတ်၍ ရနိုင်မည့်ပုံစံမျိုး ဖြစ်သဖြင့် လင်းဖုန်းလည်း လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဆွဲဖွင့်လိုက်သည်။

ဂျောက်

ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ မယုံနိုင်စရာကောင်းသည်မှာ ထိုသတ္တုလုံးလေးထဲမှ အဖြူရောင် အလင်းတန်းလေး တစ်စွန်းတစ်စ ထွက်ပေါ်နေခြင်းပင်။ ထို့နောက် သတ္တုလုံးသည် ထိန့်လန့်အံ့ဩဖွယ်ရာ ပြောင်းလဲမှုတစ်ခုဖြစ်လာလေတော့သည်။ သတ္တုလုံးသည် တဖြည်းဖြည်း အရည်ပျော်သွားပြီး ငွေဖြူရောင် သတ္တုရည်အဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် သတ္တုဘောလုံးမှ ပြောင်းလဲလာသော သတ္တုရည်သည် လင်းဖုန်း၏ လက်ဖဝါးကို ခဏတွင်းချင်း ဖုံးလွှမ်းသွားတော့သည်။ လင်းဖုန်းလည်း လန့်သွားပြီး လက်ကို အလျင်အမြန် ခါထုတ်လိုက်သော်လည်း မရတော့ပေ။

ပြင်းထန်သော နာကျင်မှုတစ်ခု လင်းဖုန်း၏ လက်ဖဝါးမှတစ်ဆင့် ဆောင့်တက်လာလေသည်။ ထို့နောက် သတ္တုရည်များသည် လင်းဖုန်း လက်ဖဝါးပေါ်ရှိ ဒဏ်ရာလေးတစ်ခုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ လင်းဖုန်း တစ်ကိုယ်လုံး ပူလောင်နာကျင်လာပြီး ချွေးစေးများ ထွက်လာသည်။ ကောင်းကောင်းမွန်မွန် မတ်တပ်မရပ်နိုင်တော့သောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး စာအုပ်စင်ကိုသာ မှီထားလိုက်ရသည်။

စာအုပ်စင်ပေါ်မှ စာအုပ်ရွေးနေသည့် မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ဦးက လင်းဖုန်း၏ ပုံမှန်မဟုတ်သည့် အပြုအမူကို သတိပြုမိသွားသည်။ သူမလည်း လင်းဖုန်းအနားသို့ အပြေးလာကာ တွဲကူရင်း ညင်သာသောအသံဖြင့် မေးလိုက်သည်။

“အဆင်ပြေရဲ့လားဟင်”

လင်းဖုန်း၏ အသိစိတ်များမှာ ဝေဝါးနေလေသည်။ အချိန်မည်မျှ ကြာသွားသည်ကိုပင် သူ မသိတော့ပေ။ တစ်ကိုယ်လုံး ပူလောင်နာကျင်နေပြီး အင်အားကုန်ခမ်းနေသလို ခံစားရသည်။ အချိန်အတန်ကြာမှ သူ ပြန်လည် တည်ငြိမ်လာသည်။

“ကျွန်တော် အဆင်ပြေပါတယ်။ ကျေးဇူးပါခင်ဗျာ”

လင်းဖုန်း အနည်းငယ် သက်သာသွားပြီးနောက် ထိုမိန်းကလေးကို ကျေးဇူးတင်စကား ပြောကာ စာကြည့်တိုက်မှ အမြန်ထွက်လာခဲ့သည်။ ထိုသတ္တုလုံးမှာ ဘာလဲဆိုသည်ကို သူ မသိသော်လည်း ဤသို့ ထူးခြားဆန်းကြယ်စွာ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခြင်းမှာ ကောင်းသည့်လက္ခဏာ မဟုတ်နိုင်ပေ။ သူ အမြန်ဆုံး အဖြေရှာရမည် ဖြစ်သည်။

...

လင်းဖုန်းသည် ကျောင်းအိပ်ဆောင်တွင် နေသည် မဟုတ်ပေ။ ထိုအစား ကျောင်းပြင်ပတွင် တိုက်ခန်းငှား၍ တစ်ဦးတည်း နေထိုင်သူဖြစ်သည်။ လင်းဖုန်းသည် တိုက်ခန်းသို့ အမြန်ပြန်လာပြီး လက်ဖဝါးကို ဖြန့်ကြည့်လိုက်ရာ လက်ဖဝါးအလယ်တွင် သေးငယ်သော ဒဏ်ရာလေး တစ်ခုကို တွေ့ရသည်။

လင်းဖုန်း၏ ခန္ဓာကိုယ်တွင် ပြင်းထန်သောနာကျင်မှုများ မရှိတော့သော်လည်း ခန္ဓာကိုယ်အတွင်းပိုင်းထဲတွင် တစ်စုံတစ်ခု ရှိနေသည်ကို ဝိုးတဝါး ခံစားနေရသည်။ထို့ကြောင့် သူသည် ပင်ကိုယ်အသိစိတ်ဖြင့်ပင် တီးတိုးရေရွတ်လိုက်သည်။

“ထွက်လာခဲ့”

ထိုစဉ် အံ့သြမင်သက်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ လင်းဖုန်း ပြောပြီးသည်နှင့် တစ်ပြိုင်နက် စောစောက မြင်ခဲ့ရသည့် သတ္တုလုံးမှာ သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာတော့သည်။

လင်းဖုန်း ထူးဆန်းအံ့သြနေမိသည်။ သူ့လက်ဖဝါးထက်တွင်သတ္တုဘောလုံးပေါ်လာသည်နှင့် ထိုသတ္တုလုံးက သူ၏ သွေးသားနှင့် တစ်သားတည်း ဆက်နွှယ်နေသလို ခံစားရသည်။ ထို့နောက် လင်းဖုန်း၏ စိတ်ကူးအတိုင်း သတ္တုလုံးမှာ ပုံစံပြောင်းလဲလာပြီး ဖုန်းတစ်လုံးအဖြစ် လည်းကောင်း၊ လင်းဖုန်း၏ လက်ကောက်ဝတ်တွင် ပတ်ထားသော နာရီတစ်လုံးအဖြစ် လည်းကောင်း ပြောင်းလဲသွားသည်။

ဤသတ္တုလုံးသည် လင်းဖုန်း၏ အလိုအတိုင်း ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိနေသည်။

သို့သော် ဤသည်မှာ သတ္တုလုံး၏ စစ်မှန်သော အသုံးဝင်ပုံ မဟုတ်သေးပေ။ လင်းဖုန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ လက်ပတ်နာရီကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အသက်ဝင်စမ်း”

“မျိုးရိုးဗီဇ ပေါင်းစပ်ကိရိယာ စတင်အသက်သွင်းနေပါပြီ။”

ဝီ…

လက်ပတ်နာရီ တုန်ခါသွားသည်နှင့်အမျှ လင်းဖုန်း၏ ရှေ့တွင် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး သုံးဖက်မြင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကြံ့ခိုင်မှု : ၀.၉၂

ခွန်အား : ၀.၈၁

သွက်လက်မှု : ၀.၇၈

ကျွမ်းကျင်မှု : အခြေခံ လက်သီးပညာ (ကျွမ်းကျင်အဆင့် - ဆက်လက် လေ့ကျင့်ပါက အဆင့်မြင့်ကျွမ်းကျင်မှုအဆင့်သို့ အဆင့်တိုးနိုင်သည်)

မျိုးရိုးဗီဇ ပေါင်းစပ်မှု : မရှိသေးပါ

မျိုးရိုးဗီဇ ပမာဏ : မရှိသေးပါ

ဤကဲ့သို့သော ထူးဆန်းသော အချက်အလက်များကို ပုံရိပ်ယောင်မျက်နှာပြင်ပေါ်တွင် တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ လင်းဖုန်းအနေဖြင့် ထိုအချက်အလက်များကို အာရုံစိုက် ကြည့်လိုက်ရုံဖြင့် အလိုအလျောက် နားလည်သွားခြင်းပင်။

ဥပမာအားဖြင့် ကြံ့ခိုင်မှု၊ ခွန်အားနှင့် သွက်လက်မှုတို့မှာ လင်းဖုန်း၏ လက်ရှိ ကိုယ်ကာယ အခြေအနေကို ဖော်ပြခြင်းဖြစ်သည်။ သို့သော်လည်း အချက်အလက်များအရ သာမန် အရွယ်ရောက်ပြီးသူ တစ်ယောက်၏ ပျမ်းမျှတန်ဖိုးမှာ တစ် ဖြစ်သည်။

ထို့ကြောင့် ထိုအချက်အလက်များကိုကြည့်ခြင်းအားဖြင့် လင်းဖုန်း၏ ကျန်းမာရေးအခြေအနေမှာ ပုံမှန်အောက် ရောက်နေသည်မှာ ထင်ရှားလှသည်။ ဤသည်မှာလည်း လက်ရှိအခြေအနေနှင့် ကိုက်ညီပေသည်။ အဆုံးတွင်မူ လင်းဖုန်း၏ ကိုယ်တွင်းအင်္ဂါများမှာ တဖြည်းဖြည်း ပျက်စီးနေခြင်းကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ သာမန်လူထက် အင်အားနည်းနေသည်မှာ အဆန်းမဟုတ်ချေ။

ကျွမ်းကျင်မှု ကဏ္ဍတွင်မူ သိုင်းနည်းစနစ်တချို့ ပါဝင်နေပုံရသည်။ ယင်းမှာ သူ ငယ်စဉ်က မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ ရောဂါပျောက်ကင်းလိုသော ရည်ရွယ်ချက်ဖြင့် လေ့ကျင့်ခဲ့ဖူးသည့် အခြေခံ လက်သီးပညာရပ်သာ ဖြစ်သည်။

ထိုအချက်အလက်တို့အပြင် တကယ့်အရေးကြီးဆုံး အကြောင်းအရာမှာ မျိုးရိုးဗီဇပေါင်းစပ်မှု နှင့် မျိုးရိုးဗီဇပမာဏ တို့ ဖြစ်သည်။ ၎င်းတို့မှာ သတ္တုလုံး၏ အလွန်အရေးကြီးသော အချက်နှစ်ချက် ဖြစ်သည်။ မျိုးရိုးဗီဇပေါင်းစပ်မှု ဆိုသည်မှာ မျိုးရိုးဗီဇများကိုပေါင်းစပ်နိုင်သည်ဟု ဆိုလိုခြင်းပင်။ ယင်းမှာ သတ္တုလုံး၏ လုပ်ဆောင်ချက်တစ်ခုဖြစ်ကာ အခြားသော သက်ရှိများ၏ မျိုးရိုးဗီဇကို မိမိခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်သော စွမ်းရည်ဖြစ်သည်။ မျိုးရိုးဗီဇပမာဏမှာလည်း အလွန်ရိုးရှင်းပေသည်။ လက်ရှိ လင်းဖုန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားသော မျိုးရိုးဗီဇ ပမာဏမည်မျှအထိ ခန္ဓာကိုယ်အတွင်းတွင် နေရာယူ လက်ခံထားသည်ကို ပြသခြင်း ဖြစ်သည်။

ဤကဲ့သို့သော ဗဟုသုတများသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှတဆင့် လင်းဖုန်း၏ စိတ်ထဲသို့ ယခင်ကတည်းက သိထားသည့်အတိုင်းပင် အလိုအလျောက် ရောက်ရှိလာသည်။

လင်းဖုန်း အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ ဤသည်မှာ အလွန် ရုတ်တရက် ဆန်လွန်းသော်လည်း သူ စိတ်တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲ ဖြစ်သည်။

ဤကိရိယာ၏ အဓိက အရေးကြီးဆုံး လုပ်ဆောင်ချက်မှာ အခြားသော သက်ရှိများ၏ မျိုးရိုးဗီဇကို မိမိခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပြီး ထိုသက်ရှိများ၏ မျိုးရိုးဗီဇစွမ်းရည်များကို ရယူနိုင်ခြင်းပင်။ ဤသည်မှာ စိတ်ကူးယဉ်သိပ္ပံ ဝတ္ထုများထဲတွင်သာ ရှိနိုင်သည့် အရာဖြစ်သော်လည်း ယခုအခါ လင်းဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

လက်ရှိကမ္ဘာ၏ မျိုးရိုးဗီဇဆိုင်ရာ သိပ္ပံနည်းကျလေ့လာတွေ့ရှိထားသော နည်းပညာတို့မှာ အကန့်အသတ် ရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် မျိုးရိုးဗီဇပေါင်းစပ်ခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းတို့မှာ အမှန်တကယ်ဖြစ်နိုင်သော်လည်း အောင်မြင်စွာ လေ့လာစမ်းသပ်နိုင်ခြင်းမရှိသေးပေ။ သီအိုရီအရသာ ရှိနေပြီး လက်တွေ့တွင် မဖြစ်နိုင်သေးပေ။ ဤမျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာမူ လက်ရှိကမ္ဘာ၏ နည်းပညာထက် များစွာ သာလွန်နေသော နတ်ဘုရားရတနာ တစ်ခုကဲ့သို့ပင်။

အခြားသက်ရှိများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်နိုင်ခြင်းမှာ ခေတ်သစ်နည်းပညာ၏ အိပ်မက်တစ်ခု ဖြစ်သလို လင်းဖုန်းအတွက်လည်း မျှော်လင့်ချက် အလင်းရောင်စဥ်တစ်ခု ဖြစ်လာစေသည်။ လင်းဖုန်းအတွက် သူ၏ မျိုးရိုးဗီဇများသာ ပိုမို အားကောင်းလာမည်ဆိုလျှင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် အခွင့်အလမ်းတစ်ခုရလာမည်ဖြစ်ပြီး သူ၏ရောဂါဆန်းကို ကုသနိုင်မည် မဟုတ်ပါလား။

All Chapters