← Chapters

မျိုးရိုးဗီဇ ပေါင်းစပ်ခြင်း

Vol. 1 Ch. 2

မျိုးရိုးဗီဇ ပေါင်းစပ်ခြင်း

Vol. 1 Ch. 2

သို့သော်လည်း လင်းဖုန်းသည် ဝမ်းသာပျော်ရွှင်မှုကြောင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်မသွားဘဲ တစ်ချိန်လုံး တည်ငြိမ်စွာ ရှိနေခဲ့သည်။ သူသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ လုပ်ဆောင်ချက်အမျိုးမျိုးကို အသေအချာ စတင်လေ့လာတော့သည်။

နာရီအနည်းငယ်ကြာ လေ့လာဆန်းစစ်ပြီးနောက် လင်းဖုန်း ကောက်ချက်အချို့ ချနိုင်ခဲ့သည်။

ပထမအချက်မှာ မျိုးရိုးဗီဇပေါင်းစပ်ခြင်းသည် မျိုးစိတ်တူအချင်းချင်း ပေါင်းစပ်၍မရပေ။ ဥပမာအားဖြင့် လင်းဖုန်းသည် လူသားဖြစ်သဖြင့် အခြားလူသားများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်၍မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အနှစ်သာရအားဖြင့် ၎င်းတို့အားလုံးမှာ လူသားမျိုးရိုးဗီဇများသာ ဖြစ်သောကြောင့်ပင်။

ဒုတိယအချက်မှာ သတ္တဝါမျိုးရိုးဗီဇများသည် အပင်မျိုးရိုးဗီဇများနှင့် ပေါင်းစပ်၍မရပေ။

တတိယအချက်မှာ ပေါင်းစပ်မည့်မျိုးရိုးဗီဇသည် အလွန်အမင်း စွမ်းအားကြီးမားနေ၍ မရပေ။ အကယ်၍ လက်ခံမည့်သူ၏ မျိုးရိုးဗီဇထက် သာလွန်သွားပါက ၎င်းမျိုးရိုးဗီဇက ခန္ဓာကိုယ်ကို ဝါးမြိုလွှမ်းမိုးသွားပေလိမ့်မည်။ ထိုသို့ဖြစ်ပါက လင်းဖုန်းသည် မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သလို မျိုးရိုးဗီဇများလည်း ပြိုကွဲပျက်စီးသွားနိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် လင်းဖုန်းသည် သူ၏ ကိုယ်ပိုင်မျိုးရိုးဗီဇထက် အားနည်းသော အခြားမျိုးစိတ်များ၏ မျိုးရိုးဗီဇကိုသာ ပေါင်းစပ်နိုင်သည်။ သို့သော်လည်း မျိုးရိုးဗီဇတို့၏ သန်မာခြင်း၊ အားနည်းခြင်း ကိုမူ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကသာ ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ဤသတ်မှတ်ချက်များနှင့် ပြီးပြည့်စုံစေပြီးပါက လင်းဖုန်းသည် မည်သည့်အချိန်မဆို အခြားသက်ရှိများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ပြီး သူ၏ မွေးရာပါမျိုးရိုးဗီဇအခြေအနေကို မြှင့်တင်နိုင်သည်။ သို့သော်လည်း အန္တရာယ်များတော့ ရှိနေဆဲပင်။ ထို့အပြင် ဤမျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည် ထိုမျှလောက်အထိ စိတ်ကူးယဉ်ဆန်ဆန် အံ့ဖွယ်ကောင်းလိမ့်မည်ဟုလည်း လင်းဖုန်း အပြည့်အဝ မယုံကြည်ရဲသေးပေ။

လင်းဖုန်း အချိန်အတော်ကြာ စဉ်းစားနေမိသည်။ သူ့အတွက် ရှင်သန်ဖို့ အချိန် ၃ နှစ်သာ ကျန်တော့ပေသည်။ လက်ရှိတွင် လင်းဖုန်း၏ ဆန်းကြယ်သောရောဂါကို ကုသနိုင်မည့် နည်းလမ်းမရှိချေ။ ထို့ကြောင့် ဤမျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည် သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အန္တရာယ်ရှိလျှင်ပင် သူ စမ်းသပ်ကြည့်ရပေမည်။

ဆိုတော့ကား... ဘယ်သက်ရှိရဲ့ မျိုးရိုးဗီဇနဲ့ အရင်ဆုံး ပေါင်းစပ်ရမလဲ။

လင်းဖုန်း ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူသည် ရေခဲသေတ္တာကို ချက်ချင်းဖွင့်ကာ အေးခဲထားသည့် နွားရိုင်းအသားတစ်တုံးကို ထုတ်လိုက်သည်။ နွားရိုင်းများသည် မူလက ပြင်ပနယ်‌မြေမှ အလွန်တရာခွန်အားကြီးသော်လည်း အသိဉာဏ်နည်းပါးသည့် သားရဲတစ်မျိုး ဖြစ်သည်။ နောက်ပိုင်းတွင် လူသားများက ယဉ်ပါးအောင် ပြုလုပ်ခဲ့ပြီး မွေးမြူရေးပင် လုပ်နိုင်ခဲ့ကြသည်။ ၎င်းတို့၏ အသားမှာ လတ်ဆတ်နူးညံ့ပြီး အရသာရှိသည့်အပြင် အာဟာရဓာတ်လည်း ကြွယ်ဝလှသည်။ လင်းဖုန်းကိုယ်တိုင်လည်း ထိုအသားကို နှစ်သက်သဖြင့် သူ၏ ရေခဲသေတ္တာထဲတွင် နွားရိုင်းသား အမြဲရှိနေလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေ နွားရိုင်းသည် ကြမ်းကြုတ်သားရဲတစ်မျိုး ဖြစ်နေဆဲပင်။ ကြမ်းကြုတ်သားရဲများထဲတွင် သာမန်အဆန်ဆုံး ဖြစ်နေသော်လည်း ၎င်း၏ မျိုးရိုးဗီဇကို ပေါင်းစပ်နိုင်လျှင် ခွန်အားတစ်ခုတည်းတွင်ပင် လင်းဖုန်းကို အကြီးအကျယ် တိုးတက်လာစေနိုင်သည်။

ထို့ကြောင့် လင်းဖုန်းက တိုးညင်းသော လေသံဖြင့် ဆိုလိုက်သည်။

“နွားရိုင်းမျိုးရိုးဗီဇကို ထုတ်ယူမယ်။”

“နွားရိုင်းမျိုးရိုးဗီဇကို အောင်မြင်စွာ ထုတ်ယူပြီးပါပြီ။ လူသားမျိုးရိုးဗီဇနဲ့ ပေါင်းစပ်နိုင်ပါတယ်။ အခုချက်ချင်း ပေါင်းစပ်လိုပါသလား။”

လင်းဖုန်း ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် သွားကိုတင်းတင်းစိကာ ပြောလိုက်သည်။

“ပေါင်းစပ်မယ်။”

“နွားရိုင်းမျိုးရိုးဗီဇနဲ့ စတင်ပေါင်းစပ်နေပါပြီ။ ကြာချိန် - တစ်မိနစ်။”

ဝုန်း

မျိုးရိုးဗီဇပေါင်းစပ်ကိရိယာက နွားရိုင်းမျိုးဗီဇကို စတင်ပေါင်းစပ်လိုက်သည်နှင့် လင်းဖုန်း တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ လင်းဖုန်း၏ အခြေအနေမှာ အလွန်တရာလေးလံသော ကုန်တင်ကားကြီးတစ်စီးနှင့် တိုက်မိပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသကဲ့သို့ပင်။

သူ၏ သွေးကြောများအတွင်း သွေးများ တိုးဝှေ့စီးဆင်းနေသံကိုတောင် ခပ်သဲ့သဲ့ ကြားနေရသကဲ့သို့ပင် ဖြစ်နေသည်။ ရုတ်တရက် လင်းဖုန်း၏ မှတ်ဉာဏ်ထဲတွင် မဟူရာနွားရိုင်းကြီးတစ်ကောင်သည် တောရိုင်းမြေပြင်ထက်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည့်ပုံရိပ် ပေါ်လာသည်။

ပေါင်းစပ်မှု လုပ်ငန်းစဉ်သည် တစ်မိနစ်သာ ကြာသော်လည်း လင်းဖုန်းအဖို့မူ ဘဝတစ်ခုစာမျှ ကုန်ဆုံးသွားသကဲ့သို့ အလွန်တရာ ကြာမြင့်သွားသလို ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာချိန်တွင် သူ၏ ခန္ဓာကိုယ်၌ မည်သည့်ထူးခြားမှုမျှ ဖြစ်မလာသလို ထင်ရသည်။

မဟုတ်သေး... ပြောင်းလဲမှုတွေ ရှိနေသည်။ အပြင်ပန်းတွင် မပြောင်းလဲသော်လည်း ခန္ဓာကိုယ်အတွင်းပိုင်း သွေးသားထဲတွင်မူ လင်းဖုန်းသည် သူကိုယ်တိုင် နွားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး တောရိုင်းမြေပြင်ထက်တွင် တစ်ကောင်တည်း အားရပါးရ ပြေးလွှားနေသလို ခံစားနေရသည်။

“မျိုးရိုးဗီဇပေါင်းစပ်မှုက ငါ့ကို နွားရိုင်းတစ်ကောင်အဖြစ် တကယ်ကြီး ပြောင်းလဲပစ်မှာတော့ မဟုတ်လောက်ပါဘူးနော်။”

လင်းဖုန်း မိမိကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်မိသည်။ နွားရိုင်းမျိုးဗီဇသည် သူ၏ မျိုးရိုးဗီဇနှင့်သာ ပေါင်းစပ်ခြင်းဖြစ်ပြီး လင်းဖုန်း၏ မျိုးရိုးဗီဇကသာ အဓိက အခြေခံမျိုးဗီဇအဖြစ် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အရာအားလုံး အဆင်ပြေ‌ချောမွေ့နေလျှင် သူ နွားရိုင်းတစ်ကောင် ဖြစ်သွားဖို့ဆိုသည်မှာ ဖြစ်နိုင်ချေ မရှိပေ။

မျိုးရိုးဗီဇပေါင်းစပ်မှု ပြီးဆုံးသွားပြီဖြစ်ရာ လင်းဖုန်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကို စစ်ဆေးရန် ပုံရိပ်ယောင် မျက်နှာပြင်ကို ထပ်မံဖွင့်လိုက်သည်။

ကြံ့ခိုင်မှု : ၁.၆၆

ခွန်အား : ၁.၅၄

သွက်လက်မှု : ၁.၃၄

ကျွမ်းကျင်မှု : အခြေခံ လက်သီးပညာ (ကျွမ်းကျင်အဆင့် - ဆက်လက် လေ့ကျင့်ပါက အဆင့်မြင့်ကျွမ်းကျင်အဆင့်သို့ အဆင့်တိုးနိုင်သည်)

မျိုးရိုးဗီဇ ပေါင်းစပ်မှု : နွားရိုင်းမျိုးရိုးဗီဇ (ပေါင်းစပ်မှု ၁၀% - မျိုးရိုးဗီဇများ လျင်မြန်စွာ ဖွံ့ဖြိုးနေဆဲဖြစ်သည်၊ အာဟာရဓာတ် လုံလောက်စွာ မှီဝဲရန် ဂရုပြုပါ)

မျိုးရိုးဗီဇ ပမာဏ : ၆%

သူ၏ အချက်အလက် အမျိုးမျိုးကို မြင်လိုက်ရသောအခါ အမြဲတမ်း တည်ငြိမ်တတ်သော လင်းဖုန်းပင်လျှင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ အင်အားလှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေသလို ခံစားရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤသည်မှာ ထင်ယောင်ထင်မှား မဟုတ်ဘဲ အစစ်အမှန် ဖြစ်နေခဲ့သည်။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာဖြင့် နွားရိုင်းမျိုးဗီဇကို ပေါင်းစပ်ပြီးနောက် သူ၏ ကြံ့ခိုင်မှု၊ ခွန်အားနှင့် သွက်လက်မှုတို့မှာ အဘက်ဘက်မှ သိသိသာသာ တိုးတက်လာခဲ့သည်။

ထို့အပြင် နွားရိုင်းမျိုးရိုးဗီဇမှာ လင်းဖုန်း၏ မျိုးရိုးဗီဇအတွင်းသို့ အပြည့်အဝ မပေါင်းစပ်ရသေးပေ။ ထို့ကြောင့် ထိုမျိုးရိုးဗီဇများ ဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ လင်းဖုန်း၏ အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များသည်လည်း ဆက်လက် တိုးတက်နေဦးမည် ဖြစ်သည်။

သေချာသည်မှာ ဘေးထွက်ဆိုးကျိုးလည်း မကင်းပေ။ လင်းဖုန်းသည် မကြာမီမှာပင် အလွန်အမင်း ဗိုက်ဆာလာသည်။ ထိုဆာလောင်မှုမှာ တကယ့်ကို သည်းခံရခက်လှသည်။ သူ၏ ရှေ့တွင် မြင်းတစ်ကောင်လုံး ချထားပေးလျှင်ပင် ကုန်အောင် စားနိုင်မည့်ပုံစံမျိုး ဖြစ်နေသည်။

ဤသည်မှာ မျိုးရိုးဗီဇပေါင်းစပ်မှု၏ ရလဒ်ပင်။ မျိုးရိုးဗီဇများ ဖွံ့ဖြိုးရန် လိုအပ်သောကြောင့် လင်းဖုန်း၏ အချက်အလက်များမှာ အခြေအမြစ်မရှိ တိုးလာခြင်း မဟုတ်ပေ။ ၎င်းအတွက် အာဟာရဓာတ် ပမာဏများစွာ လိုအပ်သည်။

ထို့ကြောင့် လင်းဖုန်းသည် ရေခဲသေတ္တာထဲရှိ ရှိသမျှ အရာအားလုံးကို ထုတ်စားတော့သည်။ ထိုမျှနှင့်ပင် မလုံလောက်သေးသဖြင့် အဆင့်မြင့် အဖြူရောင် အာဟာရဖျော်ရည် ပုလင်းအချို့ကို ထုတ်လိုက်သည်။

၎င်းမှာ အလွန်အဆင့်မြင့်သည့် ပစ္စည်းဖြစ်သည်။ အာဟာရဖျော်ရည် ပုလင်းလေးတစ်လုံးတွင် ပါဝင်သော အာဟာရဓာတ်မှာ အာဟာရကြွယ်ဝသည့် အစားအစာများစွာနှင့် ညီမျှသည်။ သာမန်လူများ ဝယ်ယူရန် မတတ်နိုင်ပေ။ လင်းဖုန်းမှာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေသူဖြစ်ပြီး ကိုယ်အင်္ဂါပျက်စီးမှုကြောင့် အစာစားချင်စိတ် မရှိနိုင်သဖြင့် သူ၏ မိသားစုက သူ့အတွက် ဤအဆင့်မြင့် အာဟာရဖျော်ရည်များကို အမြဲတမ်း ပြင်ဆင်ပေးထားလေ့ရှိသည်။

ဤအာဟာရဖျော်ရည်များမှာ သောက်သုံးနိုင်သလို တိုက်ရိုက်လည်း ထိုးသွင်းနိုင်သည်။ လင်းဖုန်းသည် အာဟာရဖျော်ရည် ၃ ပုလင်းလုံးကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။ ထိုးသွင်းခြင်းက တိုက်ရိုက်သောက်သုံးခြင်းထက် အကျိုးသက်ရောက်မှု ပိုမြန်မည်မှာ အသေအချာပင်။

မျှော်လင့်ထားသည့်အတိုင်းပင် အဆင့်မြင့်အာဟာရဖျော်ရည် သုံးပုလင်း ထိုးသွင်းပြီးနောက်တွင် သူခံစားနေရသည့် ဆာလောင်မှုမှာ များစွာ လျော့ပါးသွားသည်။ သူ၏ တစ်ကိုယ်လုံး နွေးထွေးလာပြီး ရေပူစမ်းထဲတွင် စိမ်နေရသလို ခံစားလိုက်ရသည်။ ဆဲလ်တစ်ခုစီတိုင်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသလိုပင် အလွန်တရာ သက်သောင့်သက်သာ ရှိလှသည်။

ထို့ကြောင့် လင်းဖုန်းသည် ထိုနွေးထွေးသော ခံစားချက်ထဲတွင် မသိမသာ နစ်မျောသွားပြီး ကုတင်ပေါ်မှာပင် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။

အိပ်မက်ထဲတွင် လင်းဖုန်းသည် သူကိုယ်တိုင် နွားရိုင်းတစ်ကောင် ဖြစ်သွားသကဲ့သို့ ခံစားရသည်။ သူသည် အခြားနွားရိုင်းအုပ်ကြီးနှင့်အတူ တောရိုင်းမြေပြင်ထက်တွင် ဆက်လက်ပြေးလွှားနေသည်။ သူသွားရာ လမ်းတစ်လျှောက်ရှိ သားရဲများအားလုံးမှာ ဘေးသို့ ဖယ်ပေးကြရသည်။

နွားရိုင်းတစ်ကောင်တည်းမှာ မပြောပလောက်သော်လည်း နွားရိုင်းအကောင်တစ်သောင်း သို့မဟုတ် တစ်သိန်းခန့် စုဝေးမိပါက မည်သူမျှ မယှဉ်နိုင်သော အင်အားကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း တစ်နေ့သောအခါတွင် လူသားပညာရှင် အချို့သည် ကောင်းကင်ထက်မှ လျှောက်လှမ်းရောက်ရှိလာကြသည်။ ထိုသူများထဲမှ တစ်ယောက်က ဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားတွင် ဧရာမဓားကြီးတစ်စင်း ပေါ်လာသလိုပင် တောင်ထိပ်များကို ဖြတ်တောက်ပြီး မြေပြင်ကို တုန်ခါသွားစေသည်။ ဓားအရှိန်အဝါသည် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နွားရိုင်းအုပ်ကြီးတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်တော့သည်။

ရှူး

လင်းဖုန်း အိပ်မက်မှ လန့်နိုးလာသည်။ သူ၏ နဖူးထက်တွင် ချွေးစေးများ ထွက်နေသည်။

“အိပ်မက်လား... ဒါမှမဟုတ် နွားရိုင်းမျိုးရိုးဗီဇဆီက ကျန်ခဲ့တဲ့ မှတ်ဉာဏ်လား”

လင်းဖုန်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ခုနက အိပ်မက်မှာ အလွန်လက်တွေ့ကျလွန်းသည်။ နိုးလာသည့်တိုင်အောင် အသေအချာ မှတ်မိနေဆဲပင်။ ၎င်းမှာ အိပ်မက်မဟုတ်ဘဲ အစစ်အမှန် မှတ်ဉာဏ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

နွားရိုင်းမျိုးဗီဇ ပေါင်းစပ်မှုတွင် နွားရိုင်းအချို့၏ မှတ်ဉာဏ်များ ပါဝင်နေနိုင်သည်။ ဤနွားရိုင်းသည် မှတ်ဉာဏ်ထဲရှိ ကောင်းကင်ထက်မှ လျှောက်လှမ်းလာသော အစွမ်းထက်လူသား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။

“ကောင်းကင်မှာ လမ်းလျှောက်နိုင်ပြီး ဒီလောက်ကြီးမားတဲ့ ဓားအရှိန်အဝါကို သုံးနိုင်တာ... သူက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သာလွန်လူသားပညာရှင်လား”

လင်းဖုန်း၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် ပညာရှင်များ၏ ဒဏ္ဍာရီကို သူ ငယ်စဉ်ကတည်းက ကြားဖူးခဲ့သည်။ ထိုသူများသည် သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ထားပြီး လူသားအဆင့်ထက် သာလွန်သွားကြသည်ဟု ဆိုကြသည်။ သူတို့သည် ကောင်းကင်ထက်တွင် လမ်းလျှောက်နိုင်ပြီး တောင်တန်းများကို ဖြတ်တောက်ကာ မြေပြင်ကို တုန်ခါစေနိုင်ကြသည်။ ကောင်းကင်နှင့် မြေကြီး၊ ဝေဟင်နှင့် ရေပြင်တွင်ပင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုသူများသည် လူသားတို့ အေးချမ်းစွာ ရှင်သန်နေထိုင်နိုင်ရန်အတွက် အဆောက်အဦးများထက်ပင် ကြီးမားသော ပြင်ပနယ်မြေမှ ဧရာမသားရဲကြီးများကို သတ်ဖြတ်ပြီး ကာကွယ်ပေးကြသူများ ဖြစ်သည်။

သို့သော်လည်း သာမန်လူများအနေဖြင့် ထိုလူသားလွန်ပညာရှင်များ တိုက်ခိုက်သည်ကို မြင်တွေ့ရခဲလှသည်။ ထိုပညာရှင်များကို မြို့ထဲတွင် တိုက်ခိုက်ရန် ခွင့်မပြုထားပေ။ လင်းဖုန်းအနေဖြင့် ခုနက မှတ်ဉာဏ်ထဲမှတစ်ဆင့် တကယ့် အကြောင်းရင်းကို ရိပ်မိလိုက်သည်။ ထိုပညာရှင်များ၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ကြီးမားလှသဖြင့် မြို့ထဲတွင် တိုက်ခိုက်ကြပါက မြို့တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သောကြောင့်ပင်။

လင်းဖုန်း သူ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှ ပြောင်းလဲထားသော နာရီမှာ လက်တွင် ရှိနေဆဲပင်။ တစ်ညလုံး အိပ်စက်ပြီးနောက် သူသည် အင်အားများ ပြည့်ဝနေသလို ခံစားရသည်။ ယခင်က နာမကျန်းဖြစ်နေသည့် ပုံစံနှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

“မျိုးရိုးဗီဇပေါင်းစပ်မှု အောင်မြင်သွားပြီလား မသိဘူး”

လင်းဖုန်း သူ၏ ကိုယ်ခန္ဓာ အခြေအနေကို သိရှိရန် အချက်အလက် ဇယားကို ချက်ချင်း ဖွင့်လိုက်သည်။

ကြံ့ခိုင်မှု : ၄.၃၆

ခွန်အား : ၄.၁၂

သွက်လက်မှု : ၃.၃၄

ကျွမ်းကျင်မှု : အခြေခံ လက်သီးပညာ (ကျွမ်းကျင်အဆင့် - ဆက်လက် လေ့ကျင့်ပါက အဆင့်မြင့်ကျွမ်းကျင်အဆင့်သို့ အဆင့်တိုးနိုင်သည်)

မျိုးရိုးဗီဇ ပေါင်းစပ်မှု : နွားရိုင်းမျိုးရိုးဗီဇ (ပေါင်းစပ်မှု ၃၅% - မျိုးရိုးဗီဇများ လျင်မြန်စွာ ဖွံ့ဖြိုးနေဆဲဖြစ်သည်၊ အာဟာရဓာတ် လုံလောက်စွာ မှီဝဲရန် ဂရုပြုပါ)

မျိုးရိုးဗီဇ ပမာဏ : ၆%

လင်းဖုန်း မျက်လုံးများ ပြူးသွားသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ သူ၏ ကြံ့ခိုင်မှုနှင့် ခွန်အားမှာ သာမန်လူထက် လေးဆခန့် ရှိနေပြီဖြစ်သည်။ သွက်လက်မှုမှာ အနည်းငယ် အားနည်းသော်လည်း သာမန်လူထက် သုံးဆခန့် ရှိနေသည်။

ဤသည်မှာ တစ်ညတာအတွင်း ပြောင်းလဲမှုသာ ဖြစ်သည်။ ထို့အပြင် မျိုးရိုးဗီဇပေါင်းစပ်မှုမှာလည်း ၃၅% သာ ရှိသေးသည်။ တစ်နည်းအားဖြင့်ဆိုသော် သူ၏ မျိုးရိုးဗီဇများမှာ ဆက်လက်ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အချက်အလက်များလည်း ဆက်လက် တိုးတက်နေဦးမည် ဖြစ်သည်။

လင်းဖုန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အကန့်အသတ်မဲ့ ခွန်အားများ ရှိနေသလို ခံစားရပြီး အချိန်တိုင်းတွင် အင်အားများ စီးဝင်နေသလိုပင်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ လျင်မြန်စွာ တိုးတက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသားမကျသည့် ခံစားချက်ပင် ဖြစ်သည်။ လင်းဖုန်းအနေဖြင့် သူ၏ ခန္ဓာကိုယ် ပြောင်းလဲမှုများကို ဖြည်းဖြည်းချင်း အသားကျအောင် အချိန်အနည်းငယ် ယူရဦးမည်ဖြစ်သည်။

“နွားရိုင်းမျိုးရိုးဗီဇ ပေါင်းစပ်မှုက ငါ့ရဲ့ ထူးဆန်းတဲ့ရောဂါကို ကုသပေးနိုင်မလား မသိဘူး”

ထိုရောဂါမှာ လင်းဖုန်းအတွက် အစိုးရိမ်ရဆုံး အချက်ပင်။ သို့သော်လည်း ဤနေရာတွင် စစ်ဆေးရန် အဆင့်မြင့်ကိရိယာများ မရှိသဖြင့် သူ၏ အခြေအနေကို မသိနိုင်ချေ။

လင်းဖုန်း မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ခဏမျှ ထပ်မံလေ့လာနေမိသည်။ ဤကိရိယာသည် ခေတ်သစ်နည်းပညာထက် များစွာ သာလွန်နေသည်မှာ ထင်ရှားလှသည်။ မည်သူက စာအုပ်စင်ပေါ်မှာ လာထားခဲ့သည်ဖြစ်စေ လင်းဖုန်း ရရှိထားပြီဖြစ်ရာ ၎င်းမှာ သူ၏ အပိုင်ပင် ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်းသည် ဤကိစ္စကို မည်သူ့ကိုမျှ မသိစေရပေ။ လင်းဖုန်း၏ စိတ်ကူးအတိုင်း သူ၏လက်မှ ကိရိယာမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသည်။ လိုအပ်သည့်အချိန်မှသာ ပြန်လည် ပေါ်ပေါက်လာမည်ဖြစ်သည်။

ဂလု ဂလု ဂလု

လင်းဖုန်း၏ ဗိုက်က ထပ်မံ ဆန္ဒပြလာပြန်သည်။ သူ ဗိုက်ပြန်ဆာလာပြန်ပြီ ဖြစ်သော်လည်း သူ၏ တိုက်ခန်းတွင် အာဟာရဖျော်ရည် မကျန်တော့ပေ။ လင်းဖုန်း ဗိုက်ဖြည့်ရန် တစ်ခုခု စားရပေမည်။ အဆုံးတွင်မူ သူ၏ နွားရိုင်းမျိုးရိုးဗီဇမှာ လျင်မြန်စွာ ဖွံ့ဖြိုးနေပြီး အာဟာရဓာတ်များစွာ လိုအပ်နေသောကြောင့်ပင်။ ကံကောင်းထောက်မစွာဖြင့် မွန်းတည့်ချိန် ရောက်နေပြီဖြစ်ရာ ကျောင်းကန်တင်း ဖွင့်လှစ်ထားပြီ ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်း တိုက်ခန်းမှ ထွက်ကာ ကျောင်းကန်တင်းသို့ လျှောက်လှမ်းခဲ့တော့သည်။

ဗဟိုပင်လယ်တက္ကသိုလ်၏ ကန်တင်းမှာ အလွန်ကြီးမားပြီး ကျောင်းသားများစွာ စားသောက်ရန် စုဝေးနေကြသည်။ လင်းဖုန်းသည် ပုံမှန်အားဖြင့် ကျောင်းကန်တင်းတွင် စားလေ့မရှိပေ။ သူသည် နာတာရှည် ရောဂါသည် ဖြစ်သဖြင့် သာမန်အစားအစာများကိုပင် စားချင်စိတ် မရှိလှရာ ကျောင်းကန်တင်းမှ အစားအစာများကိုဆိုလျှင် ပို၍ပင် မစားချင်ပေ။

သို့သော်လည်း ယနေ့တွင်မူ လင်းဖုန်း အလွန်ဗိုက်ဆာနေသည်။ ကန်တင်းမှ အစားအစာ အနံ့အသက်များကို ရလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် ပိုမို နေလို့ကောင်းလာခဲ့သည်။

လင်းဖုန်း ကန်တင်းရှိ စုံလင်လှသော အစားအစာများကို ကြည့်လိုက်သည်။ လက်ရှိတွင် အာဟာရဓာတ်များစွာ လိုအပ်နေသည်ကို သူ သိထားသဖြင့် အာဟာရကြွယ်ဝသော သားရဲသားအချို့ကို မှာယူလိုက်သည်။ လူသုံးလေးယောက်စာ ပမာဏကို စားပွဲပေါ်သို့ ချလိုက်ချိန်တွင် သူ ကိန်းကြီးခန်းကြီးလုပ်မနေတော့ပေ။ ဆာလောင်မှုကြောင့် အစားအစာများကို အငမ်းမရ စတင်စားသောက်တော့သည်။

“လင်းဖုန်း... နင် ကန်တင်းကို လာစားတာလား”

လင်းဖုန်း အစားအစာများကို အငမ်းမရ စားနေစဉ် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ သိုင်းပညာကလပ်၏ နတ်သမီးလေးဟု လူသိများသော ချူချန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။

All Chapters