လွဲချော်ခြင်း
Vol. 1 Ch. 10
ကျောက်မိသားစု၏ ဗီလာအတွင်း၌ အရှေ့ပင်လယ်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ကျောက်ဖိန်၏ အဖေ ကျောက်ပိုင်ရှန်းသည် မျက်နှာပျက်ယွင်းနေသည်။ သူသည် ကျောက်တုန်းရှန်းကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။
“အစ်ကို... ငါတို့ ဒီကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မှာလား။ ကျောက်ဖိန်က ငါ့ရဲ့ တစ်ဦးတည်းသောသား၊ အစ်ကို့ရဲ့ တစ်ဦးတည်းသော တူလေးပါ။ သူ ဘယ်လောက်ပဲ အသုံးမကျပါစေ ကျောက်မိသားစုရဲ့ သွေးသားပဲလေ။ အခု ကျောက်ဖိန်က ဒုက္ခိတဖြစ်သွားပြီဆိုတော့ ကျောက်မိသားစုရဲ့ မျိုးဆက် ပြတ်သွားတော့မှာလား”
ကျောက်ပိုင်ရှန်းမှာ အလွန်တရာ စိတ်မငြိမ်မသက် ဖြစ်နေသည်။ သူ၏သားမှာ အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီ ဖြစ်သော်လည်း အရေးကြီးသည့် အစိတ်အပိုင်းမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ကျောက်ဖိန်မှာ သူ၏ တစ်ဦးတည်းသောသား ဖြစ်ရာ မျိုးဆက်ပြတ်မည့်အရေးကို သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ကျောက်တုန်ရှန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကျောက်ဖိန်ကို သေသေချာချာ ဆုံးမပါလို့ ငါပြောခဲ့သားပဲ၊ မင်းက ဘယ်တော့မှ နားမထောင်ခဲ့ဘူး။ အခုကျမှ ဘာလဲ။ မင်း တကယ့် ကျောက်ဆောင်ကြီးကို သွားတိုက်မိပြီပေါ့။ အမှန်အတိုင်း ပြောရရင် ဗိုလ်ချုပ်လုံဟာ စစ်တပ်မှာ ဩဇာကြီးတဲ့သူ ဖြစ်သလို ငါ့ထက်လည်း ပိုပြီးတော့ သန်မာတယ်။ ဟင်း... သူသာ လင်းမိသားစုကို ကာကွယ်ဖို့ ဆုံးဖြတ်ထားရင် ငါလည်း ဘာမှ လုပ်လို့မရဘူးကွ”
“အစ်ကိုကြီး... တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား”
“နည်းလမ်းကတော့ ရှိတာပေါ့ဟ။ ငါက ဘာမှလုပ်လို့မရပေမဲ့ မင်းရဲ့ အရှေ့ပင်လယ်ကော်ပိုရေးရှင်းက အလှကြည့်ဖို့သက်သက် ပြထားတာလား။ ငါက သာလွန်လူသား သဘောတူညီချက်ကို လက်မှတ်ထိုးထားရလို့ သာမန်လူတွေကို စိတ်တိုင်းကျ တိုက်ခိုက်လို့ မရဘူး။ တကယ်လို့ သူတို့က သာမန်လူတွေသာဆိုရင်တော့ ငါ ရှင်းပစ်လိုက်လို့ ရတယ်။ ဘယ်သူမှ ငါနဲ့ ရင်ဆိုင်ရဲမှာ မဟုတ်ဘူး။ အဓိကက လင်းမိသားစုမှာ စစ်တပ်နောက်ခံ ရှိနေတယ်။ အဲ့ဒါက တကယ့် ပြဿနာပဲ။ ဒါပေမဲ့ မင်းရဲ့ အရှေ့ပင်လယ်ကော်ပိုရေးရှင်းကတော့ လူမှုနယ်ပယ်မှာ ရှိသမျှ အရင်းအမြစ်တွေအကုန်သုံးပြီး လင်းကော်ပိုရေးရှင်းကို ဖိနှိပ်လို့ ရတာပဲလေ”
“အစ်ကိုကြီး... လင်းကော်ပိုရေးရှင်းရဲ့ အတိုင်းအတာကလည်း မသေးလှဘူးဗျ။ အရှေ့ပင်လယ်ကော်ပိုရေးရှင်း တစ်ခုတည်းနဲ့တော့ ဖိနှိပ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်”
“ဟမ့်... ငါ ရှိနေတာပဲကို၊ ဘာလို့ လင်းကော်ပိုရေးရှင်းလောက်ကို ကြောက်နေရတာလဲ။ ဘာမှ မစိုးရိမ်နဲ့၊ ငါ့ရဲ့ မိတ်ဆွေအချို့ကို ငါ အကြောင်းကြားပေးထားမယ်။ အချိန်တန်ရင် သူတို့က စီးပွားရေးနယ်ပယ်ကနေ မင်းကို ကူညီလိမ့်မယ်။ မှတ်ထားရမှာက ဘာပဲလုပ်လုပ် ဗြောင်ကျကျပဲ လုပ်ရမယ်။ မသမာတဲ့ နည်းလမ်းတွေ သုံးလို့မရသလို လင်းမိသားစုကို တိတ်တဆိတ် သွားပြီး ပြဿနာရှာလို့လည်း မရဘူး။ နားလည်လား။ မင်းသာ စီးပွားရေးအရ လင်းကော်ပိုရေးရှင်းကို ဗြောင်ကျကျ အနိုင်ယူနိုင်ရင် လင်းကော်ပိုရေးရှင်း မရှိတော့တဲ့နောက်မှာ လင်းမိသားဆိုတာ မင်းလက်ခုပ်ထဲက ရေပဲ။ ကျောက်ဖိန်ရဲ့ ဒဏ်ရာအတွက်ကတော့ ငါ ပြင်ပနယ်မြေကို သွားပြီး နည်းလမ်းရှာပေးမယ်။ ငါသာ နဂါးသွေးကို ရခဲ့ရင် ကျောက်ဖိန်ကို တိုက်လိုက်ရုံနဲ့ သူ့ဒဏ်ရာတွေက သဘာဝအတိုင်း ပျောက်ကင်းသွားမှာပဲ။ ကျောက်မိသားစုရဲ့ မျိုးဆက်လည်း ပြတ်မှာမဟုတ်တော့ဘူး”
“တကယ်လား။ ဒါဆိုရင်တော့ စိတ်ချပါ အစ်ကိုကြီး။ ကျွန်တော် အရှေ့ပင်လယ်ကော်ပိုရေးရှင်းကို သုံးပြီး လင်းကော်ပိုရေးရှင်းကို သေချာပေါက် ဖိနှိပ်ပြမယ်”
“ကောင်းပြီ၊ တကယ်တော့ ငါ့မှာလည်း မစ်ရှင်တွေ ရှိသေးတယ်။ ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ ငါ အခုချက်ချင်း ပြန်မှရမယ်။ နောက်နောင် ကျောက်ဖိန်ကို သေသေချာချာ ထိန်းသိမ်းပါ။ အခုက ဗိုလ်ချုပ်လုံပဲ ဝင်ပါလို့ တော်သေးတယ်။ နောက်တစ်ခါ ရန်မစသင့်တဲ့သူကို သွားပြီး ရန်စမိရင် ငါတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့... ကျွန်တော် ကျောက်ဖိန်ကို သေချာ ထိန်းပါ့မယ်။ စိတ်ချပါ အစ်ကိုကြီး”
ထိုသို့ပြောပြီးနောက် ကျောက်တုန်ရှန်းသည် ကျောက်မိသားစုဗီလာမှ ထွက်ခွာသွားခဲ့သည်။ သို့သော် ကျောက်ပိုင်ရှန်း၏ မျက်လုံးထဲတွင်မူ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
...
ကျောက်မိသားစုနှင့် ကိစ္စမှာ မပြီးဆုံးသေးပေ။ ကျောက်မိသားစု၏ အရှေ့ပင်လယ်ကော်ပိုရေးရှင်းသည် အခြားလုပ်ငန်းစုများနှင့် ပူးပေါင်းကာ လင်းကော်ပိုရေးရှင်းကို ဖိနှိပ်နေကြောင်း ကောလာဟလများကို လင်းဖုန်း ကြားနေရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ အစ်ကိုကြီးနှင့် ဖခင်တို့ကို အိမ်တွင် မတွေ့ရတော့ပေ။ လင်းကော်ပိုရေးရှင်းမှာ အင်အားကြီးသော်လည်း အရှေ့ပင်လယ်ကော်ပိုရေးရှင်း၏ အစွမ်းကုန် ဖိနှိပ်မှုကို ရင်ဆိုင်ရသောအခါ ဖိအားများစွာ ရှိနေပုံရသည်။ သို့သော် ဤကိစ္စများအတွက် လင်းဖုန်းအနေဖြင့် မည်သည်မျှ မကူညီနိုင်ချေ။
သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သိုင်းပညာကို ရူးသွပ်မတတ် ကျင့်ကြံရန်သာ ဖြစ်သည်။ ဤတစ်ခေါက်တွင် လင်းဖုန်းသည် ကျောက်တုန်ရှန်းနှင့် ဗိုလ်ချုပ်လုံဟူသော သာလွန်လူသားနှစ်ဦး၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် ကျောက်တုန်းရှန်းသည် သူ၏ ‘သာလွန်လူသား’ ဆိုသည့် အဆင့်အတန်း တစ်ခုတည်းနှင့်ပင် လင်းမိသားစုကို ပြိုလဲလုနီးပါး ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
စီးပွားရေးအင်ပါယာ မည်မျှပင် ကြီးမားနေပါစေ၊ မိသားစုတစ်စု မည်မျှပင် ထွန်းကားနေပါစေ၊ သာလွန်လူသား တစ်ယောက်ကိုမူ ယှဉ်နိုင်ပုံမရချေ။
ရက်အနည်းငယ် ရွေးချယ်ပြီးနောက် လင်းဖုန်းသည် သူ၏ ဒုတိယမြောက် မျိုးရိုးဗီဇကို ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ ယူနီကွန်းမျိုးရိုးဗီဇပင် ဖြစ်သည်။
ယူနီကွန်းဆိုသည်မှာ အစစ်အမှန် ကြမ်းကြုတ်သားရဲကြီးတစ်ကောင် ဖြစ်သည်။ လင်းမိသားစု၏ စွမ်းအားဖြင့်ပင် ယူနီကွန်း၏ အသားစတစ်စကို ရရှိရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။ သူ၏ဖခင်မှာ လင်းဖုန်း ယူနီကွန်းအသားအား မည်သည်အတွက် သုံးမည်ကို မေးမြန်းခြင်းမရှိဘဲ အပြည့်အဝ ပံ့ပိုးပေးခဲ့သည်။ ဤအချက်က လင်းဖုန်းကို အလွန်ပင် ထိရှသွားစေခဲ့သည်။
လင်းဖုန်း ယူနီကွန်းကို ရွေးချယ်ရခြင်းမှာ အကြောင်းရှိသည်။ ယူနီကွန်းသည် ကြမ်းကြုတ်သားရဲများထဲတွင် အစွမ်းအထက်ဆုံး မဟုတ်သော်လည်း ခွန်အားကြီးမားမှုကြောင့် ကျော်ကြားပြီး အလွန်ပင် ရက်စက်ကြမ်းတမ်းသော သားရဲတစ်မျိုး ဖြစ်သည်။
လက်ရှိတွင် လင်းဖုန်း၏ အားသာချက်မှာ ခွန်အားဖြစ်ရာ သူ၏ အားသာချက်ကို အစွမ်းကုန် အသုံးချနိုင်ရန် ခွန်အားကို ထပ်မံ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယူနီကွန်းမျိုးရိုးဗီဇ ပေါင်းစပ်ခြင်းမှာ အလွန် ချောမွေ့ခဲ့သည်။ လင်းဖုန်းသည် အဆင့်မြင့် အာဟာရဆေးရည်များကို အသုံးပြုကာ ရက်အနည်းငယ်အတွင်း ယူနီကွန်းမျိုးရိုးဗီဇကို အပြည့်အဝ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ လင်းဖုန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း ကဏ္ဍပေါင်းစုံတွင် တိုးတက်လာခဲ့သည်။
ကြံ့ခိုင်မှု : ၁၉.၅၆
ခွန်အား : ၁၈.၈၅
သွက်လက်မှု : ၁၁.၃၄
ကျွမ်းကျင်မှုများ: အခြေခံ လက်သီးပညာ (ကျွမ်းကျင်အဆင့် - ဆက်လက်ကျင့်ကြံပါက အဆင့်မြင့်ကျွမ်းကျင်မှုသို့ ရောက်ရှိနိုင်သည်)၊ နွားရိုင်း၏ အရှိန်အဝါ (အထွတ်အထိပ်အဆင့် - အစစ်အမှန်နွားရိုင်းစိတ်အသိကို နားလည်သွားပြီ)
မျိုးရိုးဗီဇပေါင်းစပ်မှု: နွားရိုင်းမျိုးရိုးဗီဇ (၁၀၀% ပေါင်းစပ်ပြီး)၊ ယူနီကွန်းမျိုးရိုးဗီဇ (၁၀၀% ပေါင်းစပ်ပြီး)
မျိုးရိုးဗီဇပမာဏ : 16%
လင်းဖုန်း၏ ကြံ့ခိုင်မှုနှင့် ခွန်အားမှာ မယုံနိုင်စရာကောင်းအောင် မြင့်တက်လာခဲ့ပြီး သူ၏ မျိုးရိုးဗီဇဝင်ဆံ့နိုင်မှုမှာလည်း ၁၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့သည်။ ယခုတွင် သူ၏ မျိုးရိုးဗီဇပမာဏမှာ ၁၆%ထိပင် ရောက်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ နောက်ထပ် ပိုမိုအစွမ်းထက်သော မျိုးရိုးဗီဇများကို ဆက်လက်ပေါင်းစပ်နေဦးမည်ဆိုလျှင် သူ၏ မျိုးရိုးဗီဇပမာဏမှာ မကြာမီအချိန်အတွင်းမှာပင် ကန့်သတ်ချက်သို့ ရောက်ရှိသွားပေလိမ့်မည်။
လင်းဖုန်း၏ လက်သီးချက်အင်အားမှာ ၂,၀၀၀ ကီလိုဂရမ်အထိ ရှိနေပြီ ဖြစ်သည်။ ယင်းခွန်အားမှာ ၂တန်ခန့်ပင်။ ဤသည်မှာ သာမန် ခွန်အားသက်သက်သာ ရှိသေးခြင်းဖြစ်သည်။ အကယ်၍ သူသာ နွားရိုင်း၏ အရှိန်အဝါကို အသုံးပြုမည်ဆိုလျှင် သူ၏ စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ လင်းဖုန်း စမ်းသပ်ကြည့်ရာတွင် သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုမှာ ၃,၂၀၀ ကီလိုဂရမ် (၃ တန်ခန့် ) အထိပင် ရှိနေသည်။
သို့သော် လင်းဖုန်း ပြဿနာအချို့ကို သတိပြုမိလာသည်။ သူသည် နွားရိုင်း၏ အရှိန်အဝါကို သုံးသည့်အခါ ယခင်ကကဲ့သို့ ခွန်အားအားလုံးကို လွယ်လွယ်ကူကူ ထုတ်မသုံးနိုင်တော့ပေ။ ၎င်းမှာ နွားရိုင်းမျိုးရိုးဗီဇနှင့် ယူနီကွန်းမျိုးရိုးဗီဇတို့အကြား ကွဲပြားခြားနားမှုကြောင့် ဖြစ်နိုင်ကြောင်း လင်းဖုန်း ခန့်မှန်းမိသည်။ လင်းဖုန်းသည် အစစ်အမှန်နွားရိုင်းစိတ်အသိကို နားလည်ထားသော်လည်း ယူနီကွန်းနှင့် ပတ်သက်သည့် မည်သည့်သိုင်းပညာကိုမျှ မကျင့်ကြံရသေးချေ။ ထို့ကြောင့်ပင် သူ၏ ခွန်အားအလုံးစုံကို ယခင်ကကဲ့သို့ စိတ်တိုင်းကျ ထိန်းချုပ်ရန် ခက်ခဲနေခြင်း ဖြစ်နိုင်သည်။
ဤသည်မှာ အဓိက ပြဿနာပင်။ လင်းဖုန်းသည် မျိုးရိုးဗီဇနှစ်ခုသာ ပေါင်းစပ်ရသေးသည်။ နောင်တွင် သုံးခု၊ လေးခု သို့မဟုတ် ထို့ထက်ပင်ပိုသော မျိုးရိုးဗီဇများကို ပေါင်းစပ်လျှင် မည်သို့ဖြစ်လိမ့်မည်နည်း။
လင်းဖုန်းအနေဖြင့် ဤပြဿနာကို လက်ရှိတွင် မဖြေရှင်းနိုင်သေးသော်လည်း ဤသည်မှာ သိုင်းပညာနှင့် ဆက်နွယ်နေကြောင်း သူ သိသည်။ သိုင်းပညာ၏ အခန်းကဏ္ဍမှာ ခန္ဓာကိုယ်အတွင်းရှိ ခွန်အားအားလုံးကို စုစည်းကာ အမြင့်ဆုံးအဆင့်အထိ ထုတ်ဖော်ရန် ဖြစ်သည်။ သို့သော် လင်းဖုန်း ရှာဖွေတွေ့ရှိနိုင်သည့် သိုင်းပညာများမှာ အလွန်ပင် အကန့်အသတ် ရှိနေသည်။ သူ၏ အားသာချက်အလုံးစုံကို ဖော်ဆောင်ပေးနိုင်မည့် သင့်တော်သော သိုင်းပညာ မရှိသေးချေ။
အဆင့်မြင့်ကာ လေးနက်ဆန်းကြယ်သော သိုင်းပညာများသည် အစိုးရ၊ စစ်တပ်၊ မင်းစိုးရာဇာမိသားစုများ၊ အဆင့်မြင့် သိုင်းပညာရှင်များ၊ ဂိုဏ်းများ သို့မဟုတ် တက္ကသိုလ်များ၏ လက်ထဲတွင်သာ ရှိကြသည်။ လင်းကော်ပိုရေးရှင်းမှာ မည်မျှပင် ချမ်းသာပါစေ ထိုကဲ့သို့ အဆင့်မြင့်သိုင်းပညာရပ်များကို ဝယ်ယူရန် မဖြစ်နိုင်ပေ။
ဤကာလအတွင်း လင်းဖုန်းသည် သူ၏ အနာဂါတ် လမ်းကြောင်းကို သေသေချာချာ စဉ်းစားနေသည်။
“အစ်ကို... ကျွန်မ ပြောစရာ ရှိလို့”
မနက်ဖြန်မှာ ပိတ်ရက်ဖြစ်သည်။ လင်းချန်၏ မျက်နှာမှာ အနည်းငယ် ပုံမှန်မဟုတ်ဘဲ စကားပြောရန် ဝေခွဲမရ ဖြစ်နေပုံရသည်။
“လင်းချန်... ဘာဖြစ်လို့လဲ၊ ပြောလေ”
လင်းချန်လည်း နောက်ဆုံးတွင် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“အစ်ကို... မမချူချန်း ဗဟိုပင်လယ်တက္ကသိုလ်ကနေ ထွက်တော့မှာ”
“ဗဟိုပင်လယ်တက္ကသိုလ်က ထွက်မယ်။ ဘာလို့လဲ”
လင်းဖုန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ အသံမှာလည်း စိုးရိမ်တကြီး ဖြစ်သွားသည်။
“အစ်ကို... မမချူချန်း ဗဟိုပင်လယ်တက္ကသိုလ်ကို လာခဲ့တဲ့ ရည်ရွယ်ချက်က သိုင်းပညာကလပ်ကို အခြေပြုပြီးတော့ ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ယောက် ဖြစ်လာဖို့ပဲ။ မမချူချန်းရဲ့ ပန်းတိုင်က ဝင်ရိုးစွန်း အကယ်ဒမီကို ဝင်ဖို့လေ။ မမချူချန်းရဲ့ ပါရမီနဲ့ဆိုရင် လွန်ခဲ့တဲ့ ခြောက်လကတည်းက အဲဒီကို ဝင်လို့ရနေပြီ။ ဒါပေမဲ့ မမချူချန်းက မသွားသေးဘဲနဲ့ စောင့်နေခဲ့တာ”
“ဘာကို စောင့်နေတာလဲ”
“အစ်ကို့ရဲ့ အဖြေကိုပေါ့”
လင်းဖုန်း တိတ်ဆိတ်သွားသည်။ ချူချန်းသည် မိန်းမကောင်းလေး တစ်ယောက်ဆိုသည်ကို သူ ကောင်းကောင်း သိသည်။ ဤမျှကြာမြင့်သော အချိန်အတွင်း သူ၏ ရင်ထဲ၌ မည်သို့မျှ မခံစားရဘဲ နေပါမည်နည်း။ သို့သော် သူ၏ ရောဂါဆန်းကြောင့် သူသည် ဤအခြေအနေကို ရင်ဆိုင်ရန် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
“ဒါဆို... ချူချန်းက ကျောင်းကထွက်ပြီး ဝင်ရိုးစွန်း အကယ်ဒမီကို သွားတော့မှာပေါ့”
“ဟုတ်တယ်၊ မမချူချန်းက မသွားခင် အစ်ကို့ကို တွေ့ချင်တယ်တဲ့။ ဒီည... အရင်တစ်ခါကလို ကြယ်တာရာအလင်းကော်ဖီဆိုင်မှာပဲ”
လင်းဖုန်းသည် အကြာကြီး တိတ်ဆိတ်နေပြီး ဘာမှ မတုန့်ပြန်ခဲ့ချေ။
“အစ်ကို... မမချူချန်းက အစ်ကို့ကို ဒီလောက်အထိ စောင့်နေခဲ့တာလေ။ အစ်ကို့မှာ သူ့အပေါ်မှာ ဘာခံစားချက်မှ မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ သူ့ကို ဆုတောင်းစကားလေး သွားပြောပေးသင့်ပါတယ်”
လင်းဖုန်းလည်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ဗီလာထဲမှ ထွက်ခွာလာခဲ့လေတော့သည်။
...
ကြယ်တာရာအလင်း ကော်ဖီဆိုင်အတွင်း၌ ငြိမ့်ညောင်းသော တေးဂီတသံနှင့်ပနံသင့်စွာ အေးချမ်းလှပသော ပတ်ဝန်းကျင်တွင် စုံတွဲများမှာ တစ်ယောက်ကိုတစ်ယောက် မည်မျှချစ်ကြောင်း ဖွဲ့နွှဲ့ကာ တီးတို့ပြောဆို နေကြသည်။ (faများအတွက် မျက်ရည် နှစ်စက်🥹)
လင်းဖုန်း ဝင်လာသည့်အခါ ပြတင်းပေါက်ဘေးတွင် ထိုင်နေသည့် ရင်းနှီးသော ပုံရိပ်ကို ချက်ချင်း မြင်လိုက်ရသည်။
ယနေ့တွင် ချူချန်းမှာ အလွန်ပင် လှပနေသည်။ သူမသည် ဝတ်စုံဖြူရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျသော ကိုယ်ဟန်ကို ပေါ်လွင်စေသည်။ ထို့အပြင် သိုင်းပညာကို ပုံမှန်လေ့ကျင့်ထားသဖြင့် သူမတွင် ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေသည်။ ကော်ဖီဆိုင်အတွင်းရှိ တောက်ပသော မီးရောင်များပင် သူမ၏ ဆွဲဆောင်မှုကို မဖုံးကွယ်နိုင်ချေ။
လင်းဖုန်းသည် ချူချန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ချူချန်းက ပြုံးလိုက်ပြီး
“အဲဒီနေ့က ကျွန်မကို ကယ်ပေးခဲ့လို့ ကျေးဇူးမတင်ရသေးဘူးနော်”
“ရပါတယ်၊ နင်လည်း သိုင်းပညာကလပ်မှာ ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ”
သူတို့နှစ်ဦးမှာ စကားတွေ အများကြီး မပြောဖြစ်ကြပေ။ ချူချန်း၏ လှပသော မျက်ဝန်းများထဲတွင် ဝမ်းနည်းရိပ်အချို့ ရှိနေသော်လည်း သူမက ဖုံးကွယ်ထားသည်။
“ဩော်... ဒါနဲ့ နင့်ကို ဂုဏ်ပြုရဦးမယ်။ ဝင်ရိုးစွန်း အကယ်ဒမီရဲ့ စစ်ဆေးမှုကို အောင်မြင်သွားပြီဆိုတော့”
ဤသည်မှာ အမှန်တကယ်ပင် ဂုဏ်ယူစရာကောင်းသည့် ကိစ္စပင်။ ဝင်ရိုးစွန်း အကယ်ဒမီသည် ကမ္ဘာ့ထိပ်တန်း သိုင်းပညာအကယ်ဒမီ သုံးခုထဲမှ တစ်ခုဖြစ်သည်။ ဝန်ရိုးစွန်းအကယ်ဒမီမှ ဘွဲ့ရလာသူတိုင်းသည် အဆင့်မြင့် ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်ဖြစ်လာကြသည်ချည်းပင်။ အနည်းဆုံး ရဲချုပ်အဆင့်မဟုတ်လျှင် ရဲချုပ်အဆင့်လောက်ရှိသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်ကြသည်။
သို့သော် ထိုကျောင်းသို့ ဝင်ခင့်ရရန် လိုအပ်ချက်များမှာလည်း အလွန်ပင် တင်းကျပ်လှသည်။ ကျောင်းသားသစ်များသည် အသက် ၂၀ မတိုင်မီ ပရော်ဖက်ရှင်နယ် သိုင်းပညာရှင် ဖြစ်နေရမည်ဆိုသော ကန့်သတ်ချက်တစ်ခုတည်းကပင် မရေမတွက်နိုင်သော လူများစွာကို ဝင်ခွင့်ရရန် မျှော်လင့်ချက် ကင်းမဲ့စေသည်။ ချူချန်းမှာမူ ယခုနှစ်တွင်မှ အသက် ၁၉ နှစ်ပြည့်သည်ဖြစ်ကာ အဆင့်လေး ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ယောက်လည်း ဖြစ်နေပြီဖြစ်သည်။သဘာဝကျစွာပင် သူမသည် ဝင်ရိုးစွန်း အကယ်ဒမီသို့ တက်ရောက်ရန် သေချာပေါက် အရည်အချင်း ပြည့်မီနေသည်။
“အင်း... တကယ်ဆိုရင် လွန်ခဲ့တဲ့ ခြောက်လကတည်းက သွားရမှာ၊ ဒါပေမဲ့...”
ချူချန်း စကားကို ခေတ္တရပ်လိုက်ပြီး သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာသည်။ သူမသည် လင်းဖုန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
“လင်းဖုန်း... တကယ်တော့ လင်းချန်က နင့်ရဲ့ အခြေအနေကို ငါ့ကို ပြောပြပြီးသားပါ။ ငါ ဒီနေ့ တစ်ခုပဲ မေးချင်တယ်။ နင် ငါ့ကို တစ်ခါလောက်ပဲဖြစ်ဖြစ် ချစ်ခဲ့ဖူးလား”
လင်းဖုန်း စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ချူချန်း၏ ချစ်စိတ်ပြင်းပြပြီး ရဲတင်းပွင့်လင်းကာ ရိုးသားလှသော မျှော်လင့်ချက်အပြည့်နှင့် အကြည့်များကြောင့် သူ ဝေခွဲမရ ဖြစ်သွားသည်။
အချိန်အတန်ကြာမှ လင်းဖုန်းသည် မျက်လုံးအစုံကို မှိတ်ကာ ဖြေလိုက်သည်။
“အင်း...”
ချူချန်း ပြုံးလိုက်သည်။ သူမ၏ အပြုံးမှာ အလွန်ပင် လှပပြီး အပြစ်ကင်းစင်လှသည်။ ထိုအခိုက်အတန့်တွင် အတောက်ပဆုံးသော ပုလဲလုံးများပင် ချူချန်း၏ အပြုံးကို မမီနိုင်ချေ။
“မျက်လုံးမှိတ်ထားပါဦး”
ချူချန်းက ပြောလိုက်သည်။
လင်းဖုန်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းထက်သို့ နူးညံ့သော အထိအတွေ့တစ်ခု ရောက်ရှိလာသည်။
ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။ လင်းဖုန်း မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ ချူချန်းမှာ ကော်ဖီဆိုင်ထဲမှ ထွက်ခွာသွားပြီ ဖြစ်သည်။ သူမ၏ လှပသော ကျောပြင်ပုံရိပ်လေးသာ ကျန်ရစ်တော့သည်။
လင်းဖုန်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ ရင်ထဲ၌ အသံတစ်ခုက လှမ်းခေါ်ရန် ပြောနေသော်လည်း နောက်ဆုံးတွင် သူသည် ထိုင်ခုံမှာပင် ဆက်ထိုင်နေခဲ့ပြီး ချူချန်းနောက်သို့ လိုက်မသွားခဲ့ပေ။
“ကံမကုန်ရင် ငါတို့ ပြန်ဆုံကြမှာပါ”
လင်းဖုန်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် သံယောဇဉ်ကြိုးတစ်ချောင်းနှင့် မိန်းမကောင်းလေး တစ်ယောက်ကို လွဲချော်ခဲ့ရပြီမှန်း သိလိုက်သည်။
ကံမကုန်ရင် ပြန်ဆုံကြမှာပါ... တကယ်လို့ သုံးနှစ်အကြာမှာ သူ သေမသွားခဲ့ဘူးဆိုရင်ပေါ့…