သာလွန်လူသား
Vol. 1 Ch. 9
“ကျား...ဟိုက်...”
စောစောစီးစီး နံနက်ခင်းတွင်ပင် လင်းဖုန်းသည် အိမ်နောက်ဖေး၌ နွားရိုင်း၏ အရှိန်အဝါ သိုင်းပညာကို စတင်လေ့ကျင့်နေသည်။
နွားရိုင်း၏ အရှိန်အဝါသည် စစ်မှန်သော သိုင်းပညာအမျိုးအစား ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ အတွင်းပိုင်းအင်္ဂါများကို သန်မာစေရုံသာမက တိုက်ခိုက်ရေး နည်းစနစ်များနှင့် လှုပ်ရှားကွက်များလည်း ပါဝင်သည်။ ၎င်းသည် သိုင်းပညာကျင့်စဉ်နှင့် သိုင်းနည်းစနစ်များကို ပေါင်းစပ်ထားခြင်းပင်။
အမှန်တကယ်တွင် လက်ရှိခေတ်သစ်သိုင်းပညာ အတော်များများမှာ ဤကဲ့သို့ပင် တိုက်ခိုက်ရေးနည်းစနစ်များနှင့် ပေါင်းစပ်ထားကြခြင်း ဖြစ်သည်။
လင်းဖုန်းသည် နွားရိုင်း၏ အရှိန်အဝါကို လှည့်ပတ်ကျင့်ကြံလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၊ အထူးသဖြင့် ကိုယ်တွင်းပိုင်းမှ နွားရိုင်းများ၏ ဟိန်းဟောက်သံကဲ့သို့ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် သိုင်းကျင့်စဉ်၏ သက်ရောက်မှု အာနိသင်ကြောင့် ပိုမိုသန်စွမ်းခိုင်မာလာသည်။
ဤကျင့်စဉ်သည် အတွင်းအားကျင့်စဉ် တစ်မျိုးပင်ဖြစ်သည်။ သာမန် အပြင်အားကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် အတွင်းအားကျင့်စဉ်ပါဝင်သော သိုင်းပညာသည် အတော်ပင် ကောင်းမွန်လှသည့် အဆင့်တွင် ရှိသည်။ သို့သော် နွားရိုင်း၏ အရှိန်အဝါသည် အလွန်တရာ ဆန်းကြယ်နက်နဲလှသော သိုင်းပညာအဆင့်မှာတော့ မပါဝင်သေးပါချေ။
နွားရိုင်း၏ အရှိန်အဝါကို ကျင့်ကြံပြီးနောက် လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးရန် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ဖွင့်ကြည့်လိုက်သည်။
ကြံ့ခိုင်မှု : ၈.၄၆
ခွန်အား : ၈.၂၁
သွက်လက်မှု : ၆.၅၆
ကျွမ်းကျင်မှုများ: အခြေခံ လက်သီးပညာ (ကျွမ်းကျင်အဆင့် - ဆက်လက်ကျင့်ကြံပါက အဆင့်မြင့်ကျွမ်းကျင်မှုသို့ ရောက်ရှိနိုင်သည်)၊ နွားရိုင်း၏ အရှိန်အဝါ (အထွတ်အထိပ်အဆင့် - အစစ်အမှန်နွားရိုင်းစိတ်အသိကို နားလည်သွားပြီ)
မျိုးရိုးဗီဇပေါင်းစပ်မှု: နွားရိုင်းမျိုးဗီဇ (၁၀၀% ပေါင်းစပ်ပြီး၊ အပြည့်အဝ ဖွံ့ဖြိုးပြီး)
မျိုးရိုးဗီဇပမာဏ : 6%
“ဟင်... ငါ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခွန်အားတွေ တိုးတက်လာတာလား”
လင်းဖုန်း ထူးဆန်းသောအချက်တစ်ခုကို သတိပြုမိလိုက်သည်။ သူ မှတ်မိသလောက်ဆိုလျှင် ယခင်က သူ၏ ကြံ့ခိုင်မှုမှာ ၈.၄၁ ဖြစ်ပြီး ယခုတွင် ၈.၄၆ ဖြစ်နေသည်။ ခွန်အားမှာလည်း ၈.၁၈ မှ ၈.၂၁ သို့ တိုးလာခဲ့သည်။
တိုးတက်မှုပမာဏမှာ အလွန်နည်းပါးသော်လည်း သူ၏ နွားရိုင်းမျိုးဗီဇမှာ အပြည့်အဝ ဖွံ့ဖြိုးပြီးသား ဖြစ်သည်။ ထို့ကြောင့် ဤကြံ့ခိုင်မှု တိုးတက်လာခြင်းမှာ မျိုးရိုးဗီဇကြောင့် မဟုတ်နိုင်ပေ။
မျိုးရိုးဗီဇအပြင် လင်းဖုန်းသည် မကြာသေးခင်ကမှ နွားရိုင်း၏ အရှိန်အဝါ သိုင်းပညာကို ကျင့်ကြံနေခြင်း ဖြစ်သည်။
“ဒါဆို... နွားရိုင်း၏ အရှိန်အဝါ သိုင်းပညာက ငါ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခွန်အားကို မြှင့်တင်ပေးလိုက်တာလား။ ဟုတ်သားပဲ၊ ဒါက သိုင်းပညာရပ်တစ်ခုပဲလေ၊ ပြီးတော့ သူ့မှာ အတွင်းအားကျင့်စဉ်တွေလည်း ရှိတယ်။ သာမန်လူတွေဆို သိုင်းပညာကို လေ့ကျင့်ပြီး သူတို့ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ကြတာပဲ။ ငါလည်း သိုင်းပညာကို အားကိုးပြီး ကြံ့ခိုင်မှုကို မြှင့်တင်နိုင်တာပေါ့”
လင်းဖုန်း အံ့အားသင့်သွားသည်။ ၎င်းမှာ မမျှော်လင့်ဘဲ ရရှိလိုက်သော ဝမ်းမြောက်စရာတစ်ခုပင်။ ယခင်က သူသည် ဤအချက်ကို လျစ်လျူရှုခဲ့မိသည်။ မျိုးရိုးဗီဇပေါင်းစပ်ခြင်းနှင့် နှိုင်းယှဉ်လျှင် သိုင်းကျင့်ခြင်းကြောင့် ရရှိသော တိုးတက်မှုမှာ အလွန်နည်းပါးသော်လည်း ၎င်းမှာ အဓိပ္ပာယ်တစ်မျိုး ရှိသည်။ အကယ်၍ နောင်တစ်ချိန်တွင် လင်းဖုန်း၏ မျိုးရိုးဗီဇဝင်ဆံ့နိုင်မှုမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီး အခြားမျိုးဗီဇများကို ပေါင်းစပ်၍ မရတော့လျှင်ပင် သူသည် သိုင်းပညာကို အားကိုး၍ ဆက်လက်တိုးတက်နိုင်မည် မဟုတ်ပါလား။
“တတိယညီလေး... မြန်မြန်ဝင်လာခဲ့ဦး။ ကျောက်မိသားစုကလူတွေ ရောက်နေတယ်”
အကြီးဆုံးအစ်ကို လင်းယုံ၏ မျက်နှာမှာ ပျက်ယွင်းနေသည်။ လင်းဖုန်းသည် သိုင်းကျင့်ခြင်းကို ရပ်တန့်လိုက်ပြီး အစ်ကိုဖြစ်သူနောက်မှ ဧည့်ခန်းထဲသို့ လိုက်ဝင်သွားသည်။
ဧည့်ခန်းထဲတွင် လူသုံးဦးသာ ရှိသည်။ ဦးဆောင်လာသူမှာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ခေါင်းတစ်ခုလုံးကို အပြောင်အရှင်း တုံးထားသည်။ လင်းဖုန်းကို ကျောပေးထားသဖြင့် လင်းဖုန်းအနေဖြင့် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
လင်းဖုန်း မြင်ရသည်မှာ ထိုပုဂ္ဂိုလ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူ၏ ဖခင် လင်းကျုံး ပင်ဖြစ်သည်။ လင်းကျုံးသည် အလွန်တရာ ပြင်းထန်သော ဖိအားတစ်ခုအောက်သို့ ရောက်ရှိနေဟန်တူသည်။ သူ၏ နဖူးထက်တွင် ချွေးစေးများ စိုရွှဲနေသည်။
“အဖေ”
လင်းဖုန်းနှင့် လင်းယုံတို့ အလျင်အမြန် ရှေ့သို့ လှမ်းတက်လိုက်ကြသည်။
“ငါ့တူ ကျောက်ဖိန်ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်တဲ့သူက မင်းလား”
ဝုန်း...
အနက်ရောင်ဝတ်စုံနှင့် လူက စကားပြောလိုက်သည်နှင့် လင်းဖုန်းမှာ ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုသူ၏ စူးရှသော အကြည့်များမှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ဖြစ်ရာ လင်းဖုန်းမှာ ထိုသူကို တည့်တည့်ပင် မကြည့်ရဲပေ။
ကြောက်စရာကောင်းလိုက်တာ။ အကြည့်တစ်ချက်ကတောင် ဒီလောက်ထိ ဖိနှိပ်နိုင်စွမ်းရှိနေပါလား။
“သာလွန်လူသားလား”
ဒီလူဟာ ကျောက်ဖိန်ရဲ့ ဦးလေး၊ ကျောက်မိသားစုရဲ့ သာလွန်လူသားပညာရှင် ကျောက်တုန်ရှန်း ဖြစ်ရမည်ဟု လင်းဖုန်း ချက်ချင်း နားလည်လိုက်သည်။
ယခင်က လင်းဖုန်းသည် သာလွန်လူသားများအကြောင်းကို ကြားသာကြားဖူးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ပထမဆုံးအကြိမ်အဖြစ် သာလွန်လူသားတစ်ဦးနှင့် အပြင်တွင် ဆုံတွေ့ခြင်းပင်။
သာလွန်လူသားများ၏ အရှိန်အဝါမှာ မည်မျှကြီးမားကြောင်း ဖော်ပြရန် စကားလုံးများပင် လိုမည်မထင်ပေ။ ကျောက်တုန်ရှန်းသည် ဘာမှမလုပ်ဘဲ ထိုင်နေရုံမျှ အကြည့်တစ်ချက်ဖြင့်ပင် လင်းဖုန်းကို ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားစေသည်။
ထိုအခိုက်အတန့်တွင် လင်းဖုန်း၏ စိတ်ထဲ၌ နွားရိုင်းတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လင်းဖုန်းသည် သာလွန်လူသားအရှိန်အဝါ၏ ဖိအားမှ အနည်းငယ် လွတ်မြောက်သွားကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
“ခင်ဗျားက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သာလွန်လူသားတစ်ယောက်ပဲ။ ကျောက်ဖိန် ဘာတွေလုပ်ခဲ့လဲဆိုတာ ခင်ဗျား သိမှာပါ။ ခင်ဗျားမှာ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်စွမ်း မရှိဘူးလား”
လင်းဖုန်း စကားပြောနေသော်လည်း ထိုစကားများကို ပြောနိုင်ရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုလိုက်ရသလို ခံစားနေရသည်။ ဖခင်ဖြစ်သူ၏ နဖူးတွင် အဘယ်ကြောင့် ချွေးများ စိုရွှဲနေရသနည်းဆိုသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။ သာလွန်လူသားတစ်ဦး၏ အကြည့်အောက်တွင် စကားပြောရန် ကြိုးစားခြင်းမှာပင် အလွန်ခက်ခဲလှသည်။
လင်းဖုန်းက သူ၏ အရှိန်အဝါကို ခုခံနိုင်သည်ကို မြင်သောအခါ ကျောက်တုန်ရှန်း အနည်းငယ် အံ့အားသင့်သွားသည်။ လင်းဖုန်းက ရောဂါသည်တစ်ယောက် မဟုတ်ဘူးလား။
သို့သော် ကျောက်တုန်ရှန်းက ဂရုမစိုက်ပေ။ သူက ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။
“ငါက အဲ့ဒီ အမှားတွေအမှန်တွေကို ဂရုမစိုက်ဘူး။ ငါ့မှာ သားမရှိဘူး။ ဒါကြောင့်မို့ ကျောက်ဖိန်က ငါ့အတွက် သားအရင်းတစ်ယောက်လိုပဲ။ ငါက ပြင်ပနယ်မြေမှာ သားရဲရိုင်းတွေကို အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတာပဲ။ ဒါကြောင့်မို့ ငါ့မိသားစုက အကာအကွယ်ရဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ အခုတော့ ကျောက်ဖိန်က ဒုက္ခိတ ဖြစ်သွားပြီ။ ကျောက်ဖိန်ကို ဒီလိုလုပ်တဲ့သူဘယ်သူပဲဖြစ်ဖြစ် ငါ ပြန်ပြီး ဒုက္ခိတဖြစ်အောင် လုပ်မယ်။ ပြီးတော့ ကျောက်ဖိန် ဖြစ်ခဲ့ရတဲ့ ကိစ္စအတွက် လင်းမိသားစုတစ်ခုလုံး သေရမယ်”
ကျောက်တုန်ရှန်း စကားပြောလိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်တွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ ကျောက်တုန်ရှန်းသည် ပြင်ပနယ်မြေတွင် သားရဲပေါင်းများစွာကို သတ်ဖြတ်ခဲ့သူဖြစ်ရာ သူ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါမှာ အလွန်တရာ ကြောက်စရာကောင်းလှသည်။
သာလွန်လူသားများ၏ မိသားစုဝင်များသည် အထူးအကာအကွယ်အချို့ ရရှိထားကြောင်း လင်းဖုန်း သိသည်။ သို့သော် ကျောက်တုန်ရှန်းက လက်တုန့်ပြန်သည့်အနေဖြင့် လင်းမိသားစုတစ်ခုလုံးကို သတ်ပစ်ချင်သည်အထိ အနိုင်ကျင့်ဗိုလ်ကျလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လင်းဖုန်းအနေဖြင့် မည်သို့ ပြန်လည်ချေပရမည်ကို မသိတော့ပေ။ ဥပဒေလား။ သာလွန်လူသားတွေမှာ ဥပဒေထက်သာတဲ့ အထူးအခွင့်အရေးတွေ ရှိတယ်။ ကိုယ်ကျင့်တရားလား။ ကိုယ်ကျင့်တရားသာ တကယ်အလုပ်ဖြစ်ရင် ကျောက်တုန်ရှန်း ဒီနေ့ လင်းမိသားစုဆီကို ရောက်လာမှာ မဟုတ်ဘူး။
သာလွန်လူသား ကျောက်တုန်ရှန်းနှင့် ရင်ဆိုင်ရသောအခါ လင်းဖုန်းသည် စွမ်းအားမဲ့သည့် ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ ဤသည်မှာ အကန့်အသတ်မဲ့သော စွမ်းအားမှ ပေးဆောင်လာသည့် အကျိုးရလဒ်ပင် ဖြစ်သည်။ သူ ယခင်က သိနားလည်ထားခဲ့သမျှ အသိပညာအားလုံးမှာ ပြောင်းပြန်လန်သွားသကဲ့သို့ပင်။
ဤမျှကြီးမားသော အင်အားရှေ့တွင် လင်းဖုန်းသာမက လင်းမိသားစုတစ်ခုလုံးပင်လျှင် ပြန်လည်ခုခံနိုင်စွမ်း မရှိကြပေ။
“ဟားဟား... ကျောက်တုန်ရှန်း၊ မင်းကတော့ တကယ့်ကို အနိုင်ကျင့်လွန်းတာပဲ”
ရုတ်တရက် ရယ်သံတစ်ခုက လေးလံနေသော လေထုကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။
အားလုံး တံခါးဝသို့ လှည့်ကြည့်လိုက်သည်။ ပုံရိပ်နှစ်ခု အခန်းထဲသို့ လှမ်းဝင်လာသည်။ တစ်ဦးမှာ အနည်းငယ် ငယ်ရွယ်သူဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး ဝတ်စုံကို ဝတ်ဆင်ထားကာ လင်းဖုန်းတို့ဆီသို့ အပြေးအလွှား ရောက်လာသည်။
“ညီလေး... အစ်ကိုကြီး... အဖေ... အမေ... အားလုံး အဆင်ပြေရဲ့လား”
ဒါကတော့ လင်းဖုန်းရဲ့ ဒုတိယအစ်ကို လင်းဟိုင် ပင် ဖြစ်သည်။ သူ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ။
“အစ်ကိုလတ်”
“သား... မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ”
လင်းဟိုင်ကို မြင်လိုက်ရသောအခါမှ လင်းဇနီးမောင်နှံမှာ သက်ပြင်းချနိုင်တော့သည်။
“အဖေ၊ အမေ... ဗိုလ်ချုပ်လုံလည်း ပါလာတယ်”
လင်းဟိုင်က ကပျာကယာ ဘေးသို့ ဖယ်ပေးလိုက်ရာ သူ၏နောက်တွင် ဗိုလ်ချုပ်ကြီးအဆင့်ရှိသော စစ်သားတစ်ဦး ပါလာခဲ့သည်။ သူကတော့ လင်းဟိုင် ပြောခဲ့သည့် ဗိုလ်ချုပ်လုံ ပင် ဖြစ်သည်။
လင်းကျုံးမှာ အံ့အားသင့်သွားပြီး အလျင်အမြန် ထရပ်ကာ နှုတ်ဆက်လိုက်သည်။
“ဗိုလ်ချုပ်လုံ... ဗိုလ်ချုပ်ကိုယ်တိုင် ဒီကို ကြွလာပေးတာလား”
ဤဗိုလ်ချုပ်လုံသည် လင်းဟိုင်ကို သဘောကျကာ တန်ဖိုးထားသော ဗိုလ်ချုပ်ကြီးဖြစ်သည်။ ထို့ပြင် သူသည် သာလွန်လူသား ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်လုံ၏ အကာအကွယ်ရှိသောကြောင့်သ လင်းကျုံးသည် လင်းဟိုင်အပေါ် ယုံကြည်မှု ရှိနေခဲ့ခြင်းပင် ဖြစ်သည်။
“လင်းဟိုင်က သူ့မိသားစုမှာ ပြဿနာနည်းနည်းတက်နေတယ်။ ပြီးတော့လည်း အဲဒါက ကျောက်တုန်ရှန်းနဲ့ ပတ်သက်နေတယ်လို့ ပြောလို့လေ။ ငါ ကိုယ်တိုင်မလာလို့ ဖြစ်ပါ့မလား။ ကျောက်တုန်းရှန်း... မင်း သာမန်အချိန်တွေမှာဆို အနိုင်ကျင့်တာက ကိစ္စမရှိပေမဲ့ မင်းက အခု သာလွန်လူသား သဘောတူညီချက်ကို ချိုးဖောက်ဖို့ ရည်ရွယ်နေတာလား”
ဗိုလ်ချုပ်လုံကို မြင်လိုက်ရသောအခါ ကျောက်တုန်ရှန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူက အေးစက်စွာပင် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဗိုလ်ချုပ်လုံ... ဒါက စစ်တပ်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး မဟုတ်လား”
“ဘာလို့ မရှိရမှာလဲ။ လင်းဟိုင်က ငါတို့စစ်တပ်ရဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ယောက်ပဲ။ ပြီးတော့ လင်းမိသားစုကလည်း စစ်တပ်အဖွဲ့ဝင်တစ်ဦးရဲ့ မိသားစုပဲ။ မင်းလို သာလွန်လူသားတစ်ယောက်က စစ်တပ်အဖွဲ့ဝင်ရဲ့ မိသားစုကို အနိုင်ကျင့်နေတာကို အန္တိမစစ်ကောင်စီက လျစ်လျူရှုထားမယ်လို့ ထင်နေတာလား”
“အန္တိမစစ်ကောင်စီ ဟုတ်လား။ ဗိုလ်ချုပ်လုံ... မင်း ငါ့ကို စစ်တပ်နဲ့ လာခြောက်မနေနဲ့။ ဗိုလ်ချုပ်လုံ ဒီကို ရောက်နေပြီဆိုမှတော့ ငါတို့ ကောင်းကောင်း ထိုင်ပြီး ဆွေးနွေးကြတာပေါ့။ ငါက ပြင်ပနယ်မြေကနေ ဒီအထိ လာခဲ့ရတာပဲ။ ငါ့အတွက် ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခုတော့ မပေးသင့်ဘူးလား”
“မင်းက ဘယ်လို ဖြေရှင်းချက်မျိုးကို လိုချင်တာလဲ။ မင်းက သာလွန်လူသား သဘောတူညီချက်ကို လက်မှတ်ထိုးထားလို့ အထူးအခွင့်အရေးတွေ ရှိနေတာ မှန်တယ်၊ ဒါပေမဲ့ အဲဒီအခွင့်အရေးက မင်းတစ်ယောက်တည်းအတွက်ပဲ။ မင်းရဲ့တူ ကျောက်ဖိန်မှာ ဘာအခွင့်အရေးမှ မရှိဘူး။ သူက လင်းမိသားစုရဲ့ သမီးပျိုကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယုတ်မာဖို့ ကြိုးစားခဲ့တယ်။ အဲဒီပြစ်မှုက သူ့ကို ထောင်ဒဏ် ၁၀ နှစ်ကျော် ကျစေဖို့ လုံလောက်တယ်။ ဒါက မင်းအတွက် ရှင်းပြချက်ပဲ”
“မင်း... ဗိုလ်ချုပ်လုံ၊ မင်းက စစ်တပ်ကဆိုပေမဲ့ ငါကတော့ မင်းကို မကြောက်ဘူးကွ”
“အေး... မင်း ငါ့ကို တကယ် မကြောက်ဘူးဆိုတာ ငါ သိတယ်။ မင်းလည်း နောက်ခံအင်အားရှိတာပဲ။ ဒါပေမဲ့ ငါက အခု ဒီကို ပုဂ္ဂလိကအနေနဲ့ လာခဲ့တာ။ မင်း ငါနဲ့ လက်ရည်စမ်းကြည့်ချင်လား”
ကျောက်တုန်ရှန်း၏ မျက်လုံးထဲတွင် ဒေါသများ လျှပ်ခနဲ ပေါ်လာသည်။ သူက သာလွန်လူသားဖြစ်သလို ဗိုလ်ချုပ်လုံကလည်း သာလွန်လူသားပင်။ ထို့အပြင် ဗိုလ်ချုပ်လုံမှာ သူ့ထက် ပို၍ပင် သန်မာသည်။ အကယ်၍ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုရင် သူ အရှက်ရဖို့ပဲ ရှိသည်။
“ဗိုလ်ချုပ်လုံ... မင်းက တကယ်ပဲ ဒီကိစ္စမှာ ဝင်စွက်ဖက်တော့မှာလား”
ကျောက်တုန်းရှန်းက ဗိုလ်ချုပ်လုံကို စိုက်ကြည့်ကာ အသံနက်နက်ဖြင့် မေးလိုက်သည်။
“သေချာပေါက်ပဲပေါ့။ ငါ ဒီကိစ္စမှာ ဝင်ပါမှာပဲ”
သူတို့နှစ်ဦးကြားရှိ လေထုမှာ တင်းမာနေပြီး ဖိအားများဖြင့် ပြည့်နှက်နေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ကျောက်တုန်ရှန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကောင်းပြီ ဗိုလ်ချုပ်လုံ... ငါ ဒီနေ့တော့ မင်းကို မျက်နှာသာပေးလိုက်မယ်”
ထိုသို့ပြောပြီး ကျောက်တုန်ရှန်းမှာ ထိုင်ရာမှထကာ ထွက်ခွာသွားလေတော့သည်။
ဧည့်ခန်းအတွင်းရှိ လင်းဇနီးမောင်နှံလည်း နောက်ဆုံးတွင်မှ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။ သာလွန်လူသားတစ်ဦးမှ ပေးလာသော ဖိအားမှာ စင်စစ်ပင် ကြီးမားလွန်းလှသည်။ လင်းကျုံးသည် စီးပွားရေးလောကတွင် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိပြီး အပြောအဟောကောင်းသောသူတစ်ယောက် ဖြစ်သော်လည်း သာလွန်လူသားတစ်ဦး၏ ရှေ့တွင်မူ စကားပြောရန်ပင် ခက်ခဲလှသည်။
“ဗိုလ်ချုပ်လုံ... ကျောက်တုန်ရှန်းက တကယ်ပဲ လက်လျှော့သွားမှာလား”
လင်းကျုံးက စိုးရိမ်တကြီး မေးလိုက်သည်။
ဗိုလ်ချုပ်လုံ ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်သည်
“ကျောက်တုန်းရှန်းက ပြင်ပနယ်မြေကို သွားရမှာပါ။ သူက ဗဟိုပင်လယ်မြို့မှာ အကြာကြီး နေမှာမဟုတ်ဘဲ မကြာခင် ပြင်ပနယ်မြေကို ပြန်သွားလိမ့်မယ်။ ဒါပေမဲ့ ကျောက်မိသားစုကတော့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ သူတို့က စီးပွားရေးနယ်ပယ်မှာရှိတဲ့ လွှမ်းမိုးမှုကို သုံးပြီးတော့ပဲဖြစ်ဖြစ် နိုင်ငံရေးနယ်ပယ်ကနေပဲဖြစ်ဖြစ် လင်းမိသားစုကို တိုက်ခိုက်လာနိုင်တယ်။ ခင်ဗျားတို့ သေချာပြင်ဆင်ထားဖို့ လိုလိမ့်မယ်”
လင်းကျုံးလည်း စိတ်သက်သာရာရစွာ သက်ပြင်းချကာ ပြောလိုက်သည်။
“ဒါကတော့ အဆိုးထဲကအကောင်းလို့ ဆိုရမှာပါ။ ကျောက်တုန်းရှန်း ကိုယ်တိုင် ဝင်မစွက်ဖက်သရွေ့တော့ လင်းကော်ပိုရေးရှင်းက အဆင်ပြေအောင် ကိုင်တွယ်နိုင်ပါသေးတယ်”
“အဲဒီလောက်လည်း မရိုးရှင်းဘူး။ သာလွန်လူသားတွေရဲ့ ဩဇာက အရမ်းကြီးတယ်။ ကျောက်မိသားစု အသုံးပြုနိုင်တဲ့ အင်အားတွေမှ အများကြီးပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ငါလည်း လင်းကော်ပိုရေးရှင်းကို ကာကွယ်ပေးဖို့ ငါ့ရဲ့ မိတ်ဆွေဟောင်းအချို့ကို အကူအညီ တောင်းထားပေးပါ့မယ်”
“ကျေးဇူးအများကြီးတင်ပါတယ် ဗိုလ်ချုပ်လုံ။ ကျွန်တော် လူကြီးမင်းကို ဘယ်လို ကျေးဇူးဆပ်ရမယ်မှန်းတောင် မသိတော့ပါဘူး”
ဗိုလ်ချုပ်လုံသည် ဗဟိုပင်လယ်မြို့သို့ ကိုယ်တိုင် လာရောက်ခဲ့ခြင်းမှာ လင်းဟိုင်ကို မည်မျှအထိ တန်ဖိုးထားကြောင်း ပြသနေခြင်းပင်။
“ဟားဟား... ကျေးဇူးတင်စရာ မလိုပါဘူးကွာ။ မင်းတစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ရင်တော့ ဒီလောက်တော်တဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ခင်ဗျားတို့ကိုယ်တိုင်ကိုပဲ ကျေးဇူးတင်လိုက်ပါ။ ကဲ... ငါလည်း ပြန်တော့မယ်။ ငါ မင်းတို့ မိသားစု ပြန်ဆုံတာကို မနှောင့်ယှက်တော့ပါဘူး။ ဒါပေမဲ့ လင်းဟိုင်ကိုတော့ ဒီနေ့ နေ့လယ်မှာပဲ ပြန်ခေါ်သွားရလိမ့်မယ်။ သူက အထူးမစ်ရှင်တစ်ခု ထမ်းဆောင်နေရတာလေ။ မင်းတို့ဆီမှာသာ အရေးပေါ်ကိစ္စ မရှိရင် သူ့ကို ငါ ပြန်လာခွင့်ပေးမှာ မဟုတ်ဘူး”
ပြောစရာရှိသည်ကို ပြောပြီးနောက် ဗိုလ်ချုပ်လုံ ထွက်ခွာသွားသည်။ ဗိုလ်ချုပ်လုံသည် အမှန်တကယ်ပင် အကျိုးအကြောင်းသင့်သူတစ်ယောက်ပင်။
သို့ကြောင့်လည်း မိသားစု ပြန်လည်ဆုံစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ လင်းဟိုင်သည် ၈ နှစ်ကြာသည့်တိုင် ပြန်မလာနိုင်ခဲ့ပေ။ ယခုမှသာ အိမ်သို့ ပြန်ရောက်လာခြင်း ဖြစ်သော်လည်း နာရီအနည်းငယ်သာ နေနိုင်မည် ဖြစ်သည်။
လင်းကျုံးက လင်းဟိုင်၏ စစ်တပ်ကိစ္စအချို့ကို မေးမြန်းသော်လည်း လင်းဟိုင်က အသေးစိတ် ဖြေကြားခြင်း မပြုပေ။ ဗိုလ်ချုပ်လုံက သူ့ကို ဂရုစိုက်ကာ မြင့်မြင့်မှန်းထားကြောင်းနှင့် လက်ရှိတွင် လျှို့ဝှက်မစ်ရှင်တစ်ခု ထမ်းဆောင်နေကြောင်းသာ ပြောပြခဲ့သည်။ အကယ်၍ သူ အောင်မြင်ခဲ့လျှင် ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုမှုကို ရရှိလိမ့်ပေမည် ဖြစ်သည်။
လင်းဟိုင်သည် စကားအများကြီး မပြောပေ။ လင်းဖုန်းနှင့် အပြန်အလှန် ပြောဆိုဆက်ဆံခြင်း သိပ်မရှိသော်ငြား လင်းဖုန်းကို အလွန်ဂရုစိုက်သည်။ သူသည် စစ်တပ်အတွင်း၌ လင်းဖုန်း၏ ရောဂါကို ကုသရန် နည်းလမ်းများကို အမြဲ ရှာဖွေနေခဲ့သည်။
မိသားစု၏ ပျော်ရွှင်စရာ ဆုံစည်းမှုမှာ အကြာကြီး မခံခဲ့ပေ။ မကြာမီမှာပင် လင်းဟိုင်သည် ဗိုလ်ချုပ်လုံနှင့်အတူ စစ်တပ်သို့ ပြန်သွားခဲ့လေသည်။
တောင့်တင်းသန်မာသော လင်းဟိုင်၏ ကျောပြင်ကို ကြည့်ရင်း လင်းဖုန်း ရင်ထဲတွင် လွမ်းဆွတ်ဝမ်းနည်းမှုတစွန်းတစကို ခံစားလိုက်ရသည်။
ဖခင်ဖြစ်သူက မည်သည်မျှ မပြောသော်လည်း မိဘနှစ်ပါးနှင့် အစ်ကိုကြီးတို့၏ မျက်နှာများမှာ လင်းဟိုင် ထွက်သွားသည်နှင့် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ လင်းဖုန်းအနေဖြင့် အချို့အချက်များကို ခန့်မှန်းကြည့်နိုင်သည်။
လင်းဟိုင် စစ်တပ်တွင် ထမ်းဆောင်နေသော မစ်ရှင်မှာ ရိုးရိုးရှင်းရှင်း မဖြစ်နိုင်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူသည် အသက်နှင့်ရင်း၍ ကြိုးစားနေခြင်း ဖြစ်နိုင်သည်။ မဟုတ်ပါက ဗိုလ်ချုပ်လုံကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက ဒုတိယဗိုလ်မှူးကြီးတစ်ယောက်အတွက် ကျောက်တုန်ရှန်းကဲ့သို့သော သာလွန်လူသားတစ်ဦးကို ဆန့်ကျင်ကာ ကိုယ်တိုင် လာရောက် ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။
သို့သော် လင်းဖုန်း ကောင်းကောင်း သိပေသည်။ သူ၏ ဒုတိယအစ်ကိုမှာ ရွေးချယ်စရာ မရှိပေ။ နောက်ဆုံးတော့ လင်းမိသားစုတွင် သာလွန်လူသား တစ်ဦးတစ်ယောက်မျှ မရှိချေ။ သာလွန်လူသား မရှိဘဲနှင့် သူတို့သည် အသက်နှင့်ရင်း၍သာ ကြိုးစားကြရမည်။ မဟုတ်ပါက ယနေ့ ကျောက်မိသားစု လုပ်ဆောင်သွားသကဲ့သို့ ကိစ္စမျိုးသည် လင်းမိသားစုအတွက် ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။