← Chapters

ဗဟိုပင်လယ်မြို့မှ ထွက်ခွာခြင်း

Vol. 1 Ch. 11

ဗဟိုပင်လယ်မြို့မှ ထွက်ခွာခြင်း

Vol. 1 Ch. 11

နောက်ဆုံးတွင် ချူချန်းသည် ကျောင်းမှ ထွက်ခွာသွားကာ ဝင်ရိုးစွန်းအကယ်ဒမီသို့ တက်ရောက်သွားသည်။ ဤသတင်းသည် သိုင်းကလပ်အတွင်း၌ အတော်ပင် လှုပ်ခတ်သွားစေခဲ့သည်။ ဝင်ရိုးစွန်းအကယ်ဒမီဆိုသည်မှာ ကမ္ဘာ့ထိပ်တန်း သိုင်းပညာအကယ်ဒမီ သုံးခုအနက် တစ်ခုမဟုတ်ပါလား။ ထိုကျောင်းသို့ တက်ရောက်ခွင့်ရခြင်းသည် အနာဂတ်တွင် အကန့်အသတ်မရှိ အောင်မြင်တော့မည်ဟု ဆိုလိုပေသည်။

သုချန်းနှင့် ပတ်သက်၍မူ လင်းဖုန်းက လွှတ်ထားရန် အစီအစဉ်မရှိပေ။ လင်းမိသားစု၏ စီစဉ်မှုတချို့ကြောင့် သုချန်းမှာ ကျောင်းထုတ်ခံလိုက်ရသည်။ သို့သော် အကြောင်းအရင်းကိုမူ လူသိရှင်ကြား မကြေညာခဲ့ပေ။

သုချန်းကိုယ်တိုင်ကမူ အကြောင်းရင်းကို ကောင်းကောင်းသိသည်။ သူသည် မကျေမနပ်ဖြစ်နေသော်လည်း မည်သည်မျှပြန်လုပ်နိုင်စွမ်း မရှိသည့်အတွက် ဗဟိုပင်လယ်တက္ကသိုလ်မှ ထွက်ခွာသွားရန်မှလွှဲ၍ တခြားရွေးချယ်စရာ မရှိခဲ့ချေ။

ချူချန်း ထွက်သွားပြီးနောက် လင်းဖုန်းမှာ ပို၍ပင် စကားနည်းလာခဲ့သည်။ သူသည် သိုင်းပညာကို ရူးသွပ်မတတ် စတင်ကျင့်ကြံတော့သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သိုင်းပညာကလပ်ရှိ အခြေခံသိုင်းပညာရပ်များသည် သူ့အတွက် အမှန်တကယ် အသုံးမဝင်တော့ခြင်းပင်။

သူသည် လင်းမိသားစု၏ စွမ်းအားကို အသုံးပြုကာ ဖခင်ဖြစ်သူမှတစ်ဆင့် နည်းလမ်းအမျိုးမျိုးဖြင့် သိုင်းကျင့်စဉ်များကို ဝယ်ယူခဲ့သည်။ သို့သော် ၎င်းတို့မှာလည်း နွားရိုင်း၏ အရှိန်အဝါ ကဲ့သို့ပင် သာမန်သိုင်းပညာများသာ ဖြစ်နေသဖြင့် သူ့အတွက် ထူးခြားမှု မရှိခဲ့ပေ။

လင်းဖုန်း အဆင့်မြင့်သိုင်းပညာရပ်များကို လိုချင်နေရခြင်းမှာ သူ၏ ခန္ဓာကိုယ်၌ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။ ယင်းမှာ သူ၏ ရောဂါဆန်းကြောင့် မဟုတ်ဘဲ မျိုးရိုးဗီဇ ပေါင်းစပ်ခြင်းနှင့် ဆိုင်သည့် ပြဿနာတစ်ခုပင်။

သူ၏ မျိုးရိုးဗီဇများ ပြိုကွဲပျက်စီးသွားခြင်းမျိုး မဟုတ်ပေ။ သို့သော် လင်းဖုန်း ခံစားနေရသည်မှာ ထိန်းချုပ်မှုအားနည်းနေခြင်း ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးကို စိတ်တိုင်းကျ မထိန်းချုပ်နိုင်ခြင်းပင်။ မဟုတ်ပါက သားရဲမျိုးရိုးဗီဇ နှစ်မျိုးအထိ ပေါင်းစပ်ထားသော သူ၏ အကြမ်းထည်ခွန်အားမှာ ၂ တန်မျှသာ ရှိနေရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် လင်းဖုန်း၏ အရှိန်နှင့် ကြံ့ခိုင်မှု ကိန်းဂဏန်းများမှာ အလွန်မြင့်မားသော်လည်း သူသည် ထိုအားသာချက်များကို အပြည့်အဝ ထုတ်မသုံးနိုင်ဘဲ ဖြစ်နေသည်။ ဤသည်က သူ့ခန္ဓာကိုယ်၌ ပြဿနာတစ်စုံတစ်ရာ ရှိနေသောကြောင့် ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ လင်းဖုန်းသည် သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ထို့ကြောင့် လင်းဖုန်းသည် မျိုးရိုးဗီဇများကို ဆက်လက်ပေါင်းစပ်ပါက တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်သဖြင့် မျိုးရိုးဗီဇပေါင်းစပ်ခြင်းကို ခေတ္တရပ်နားထားသည်။ ထိုအစား သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် သိုင်းပညာကိုသာ ပြင်းပြင်းထန်ထန် ဆက်လက်လေ့ကျင့်နေခဲ့သည်။

ဤသို့ ရူးသွပ်စွာ ကျင့်ကြံခြင်းမှာ အကျိုးသက်ရောက်မှု အချို့ရှိသော်လည်း သိသာထင်ရှားခြင်း မရှိပေ။ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်အပေါ် နားလည်မှုနှင့် ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် နက်နဲသော သိုင်းပညာရပ်အချို့ ရှိကြောင်းကို လင်းဖုန်း အင်တာနက်မှတစ်ဆင့် သိရှိခဲ့သည်။ ကံမကောင်းသည်မှာ ထို‌ကဲ့သို့ လေးနက်ဆန်းကြယ်သော သိုင်းပညာရပ်များကို အစိုးရ၊ စစ်တပ်၊ အဆင့်မြင့်တက္ကသိုလ်များနှင့် ကြီးမားသော လုပ်ငန်းစုကြီးများ သို့မဟုတ် မိသားစုကြီးများကသာ ထိန်းချုပ်ထားကြသည်။

ချူချန်း ဝင်ရိုးစွန်းအကယ်ဒမီသို့ အမြဲတစေ တက်ချင်နေရခြင်းမှာလည်း ထိုကျောင်း၌ ဆန်းကြယ်လေးနက်သော သိုင်းပညာရပ်မျိုးစုံ ရှိနေသောကြောင့် ဖြစ်သည်။ ဝန်ရိုးစွန်းအကယ်ဒမီသည် သာလွန်လူသား ပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ကမ္ဘာ့ထိပ်တန်း သိုင်းပညာအကယ်ဒမီ သုံးခုအနက် တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်း အကြာကြီး စဉ်းစားခဲ့သည်။ သူသည် သိုင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပြီးသား ဖြစ်သည်။ ဗဟိုပင်လယ်တက္ကသိုလ်၌ ဆက်နေခြင်းသည် အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။ ပဋိရူပဒေသ ဝါယောစ သင့်လျော်သောအရပ်၌ နေရခြင်းသည် မင်္ဂလာတစ်ပါးပင်။ ထို့ကြောင့် သူ ဆုံးဖြတ်ချက်တစ်ခု ချရပေတော့မည်။

...

ညဘက်တွင် လင်းဖုန်း အိမ်သို့ ပြန်ရောက်လာသည်။ ပြီးခဲ့သည့် ရက်များအတွင်း သူ၏ အစ်ကိုကြီးနှင့် ဖခင်တို့မှာ အလွန်အလုပ်ရှုပ်နေကြသည်။ မေ့စဉ်နေ့တိုင်း ညမိုးချုပ်မှသာ အိမ်ပြန်ရောက်လေ့ ရှိကြသည်။

“အဖေ... ကုမ္ပဏီ အခြေအနေ အဆင်ပြေရဲ့လား”

လင်းဖုန်း စိုးရိမ်တကြီး မေးလိုက်သည်။

“အကြီးအကျယ်တော့ မဟုတ်ပါဘူး။ အရှေ့ပင်လယ်ကော်ပိုရေးရှင်းက တခြားကုမ္ပဏီတချို့နဲ့ပေါင်းပြီးတော့ ငါတို့ လင်းကော်ပို‌‌ရေးရှင်းရဲ့ လုပ်ငန်းတချို့ကို ဖိနှိပ်နေကြတာ။ ဆုံးရှုံးမှုတချို့ ရှိပေမဲ့ ငါတို့ လင်းကော်ပိုရေးရှင်းရဲ့ အခြေခံအုတ်မြစ်ကိုတော့ မလှုပ်ခတ်နိုင်ပါဘူး။ ဟင်း... ငါ့မှာ တခြားပါရမီ မရှိရင်တောင် ဒီစီးပွားရေးလောကမှာ ဘာမှမရှိရာကနေ ကုမ္ပဏီကို တည်ထောင်ခဲ့တာ။ စီးပွားရေးစစ်ပွဲပေါင်း များစွာကိုလည်း ဖြတ်သန်းခဲ့ဖူးတယ်။ အရှေ့ပင်လယ်ကော်ပိုရေးရှင်းလောက်ကို ငါ ဘာလို့ ကြောက်နေရမှာလဲ”

လင်းကျုံးက ယုံကြည်မှုအပြည့်ဖြင့် ပြောနေသော်လည်း လင်းဖုန်းသည် ဖခင်ဖြစ်သူမှာ နေ့တိုင်း အစောကြီးထွက်သွားပြီး မိုးချုပ်မှ ပြန်လာရသည်ကို တွေ့မြင်နေရသည်။ လင်းကျုံးကို ကြည့်ရသည်မှာ အတော်လေး အိုမင်းသွားသလိုပင်။ လင်းကော်ပိုရေးရှင်း ခံစားနေရသော ဖိအားမှာ အလွန်ပင် ကြီးမားနေသည်မှာ သိသာလှသည်။

အထူးသဖြင့် ဤသည်မှာ ရေရှည်တိုက်ရရမည့် စီးပွားရေးစစ်ပွဲဖြစ်သည်။ တစ်ညတည်းနှင့် ဖြေရှင်း၍ရသော ကိစ္စမဟုတ်ပေ။ အကယ်၍သာ အကျပ်အတည်းတစ်ခုခုနှင့် ကြုံလာပါက ကြီးမားသော လင်းကော်ပိုရေးရှင်းကြီးပင် ပြိုလဲသွားနိုင်သည် မဟုတ်ပါလား။

“ဒါနဲ့ ဖုန်းအာ... ပြောစရာရှိလို့လား”

လင်းကျုံးက သူ၏ မျက်မှန်ကို အသာအယာ တွန်းတင်ရင်း လင်းဖုန်းကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ်ကဲ့ အဖေ... ကျွန်တော် အများကြီး စဉ်းစားပြီးပါပြီ။ ကျွန်တော် ဗဟိုပင်လယ်တက္ကသိုလ်ကနေ ထွက်ချင်တယ်။ သိုင်းပညာလမ်းစဉ်ပေါ်ကို အစွမ်းကုန် လျှောက်လှမ်းချင်တယ်”

လင်းဖုန်း သူ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။ ဤသည်မှာ သူ သေသေချာချာ စဉ်းစားပြီးမှ ချလိုက်သော နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

ကျောင်းထွက်ခြင်းမှာ သာမန်ကိစ္စ မဟုတ်သော်လည်း လင်းကျုံးမှာ အံ့အားသင့်ပုံ မရပေ။ သူ၏ မျက်နှာမှာ အေးဆေးတည်ငြိမ်နေဆဲပင်။

“ဖုန်းအာ... သိုင်းပညာလမ်းစဉ်ကို ဘယ်လိုလျှောက်လှမ်းမယ်ဆိုတာရော မင်း စဉ်းစားပြီးပြီလား”

“စဉ်းစားပြီးပါပြီ။ လက်ရှိမှာ ကျွန်တော့်အတွက် ထိပ်တန်းသိုင်းပညာရှင်တွေရဲ့ လမ်းညွှန်မှု လိုအပ်တယ်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သာလွန်လူသား ပညာရှင်တွေဆိုရင် ပိုကောင်းလိမ့်မယ်။ ပြီးတော့ နက်နဲတဲ့ သိုင်းကျင့်စဉ်တွေလည်း လိုအပ်ပါတယ်။ ဒါတွေကို ရနိုင်ဖို့ ကျွန်တော့အတွက် အသင့်တော်ဆုံးနေရာက ကမ္ဘာ့ထိပ်တန်း သိုင်းအကယ်ဒမီ သုံးခုပဲ ရှိပါတယ်”

လင်းဖုန်း ရှင်းရှင်းလင်းလင်းပင် စဉ်းစားထားပြီး ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း သိုင်းအကယ်ဒမီ သုံးခုစလုံးတွင် ကျောင်းသားလက်ခံသည့် သတ်မှတ်ချက်များ မတူညီကြပေ။ ဝင်ရိုးစွန်းအကယ်ဒမီသည် လူတန်းစားမရွေး ကန့်သတ်ချက်မရှိ လက်ခံသည်။ တစ်စုံတစ်ယောက်သာ သိုင်းပညာတွင် ထူးချွန်သော အရည်အချင်းရှိပါက သာမန်လူများပင် ဝင်ခွင့်ရနိုင်သည်။

မူလက ဝင်ရိုးစွန်းအကယ်ဒမီသည် လင်းဖုန်းအတွက် ပထမဆုံး ဦးစားပေး ရွေးချယ်မှုဖြစ်သော်လည်း ဝင်ရိုးစွန်းအကယ်ဒမီသို့ ဝင်ခွင့်ရရန်မှာ အသက် ၂၀ မတိုင်ခင် အဆင့်လေး ပရော်ဖက်ရှင်နယ် သိုင်းသမား လက်မှတ် ရှိရမည်ဟူသော ကန့်သတ်ချက် ရှိသည်။ လင်းဖုန်းမှာ ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားမျိုးရှိသော်လည်း အသက်မှာ ၂၀ ပြည့်နေပြီဖြစ်ရာ ဝင်ရိုးစွန်းအကယ်ဒမီ၏ ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

ထိပ်ဆုံးသိုင်းပညာ အကယ်ဒမီသုံးခုတွင် ဝင်ရိုးစွန်းအကယ်ဒမီ အပြင် သူတော်စင်အကယ်ဒမီနှင့် အနန္တလမ်းစဥ်အကယ်ဒမီတို့ ရှိသည်။ သူတော်စင်အကယ်ဒမီမှာ အစိုးရနှင့် စစ်တပ်က တည်ထောင်ထားခြင်း ဖြစ်ရာ ပြင်ပကျောင်းသား လက်ခံလေ့ မရှိပေ။ စစ်တပ်နှင့် အစိုးရမှ တချို့သော အထူးပါရမီရှင်များသာ ဝင်ခွင့်ရနိုင်သည်။ နောင်အနာဂတ်တွင် သူ၏ ဒုတိယအစ်ကို လင်းဟိုင်သည်လည်း စစ်တပ်မှတစ်ဆင့် ထိုကျောင်းသို့ တက်ရောက်ခွင့် ရနိုင်ပေသည်။

ထို့ကြောင့် လင်းဖုန်းအတွက် ကျန်ရှိသော တစ်ခုတည်းသော ရွေးချယ်မှုမှာ အနန္တလမ်းစဉ်အကယ်ဒမီပင် ဖြစ်သည်။ ထိုကျောင်း၏ သတ်မှတ်ချက်မှာ အလွန်ရိုးရှင်းသည်။ ယင်းမှာ ငွေ ပင် ဖြစ်သည်။ ကျောင်းသားတစ်ဦးလျှင် ကျောင်းဝင်ကြေးအဖြစ် အကယ်ဒမီသို့ ယွမ် တစ်ဘီလီယံ (၁,၀၀၀,၀၀၀,၀၀၀) ပေးဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့် အနန္တလမ်းစဉ်အကယ်ဒမီသည် သူဌေးသူကြွယ်မျိုးဆက်များနှင့် လုပ်ငန်းစုကြီးများမှ သားသမီးများသာ တက်ရောက်နိုင်သည့် နေရာပင် ဖြစ်သည်။ ဤအကယ်ဒမီမှာ လင်းဖုန်း တက်ရောက်နိုင်သည့် တစ်ခုတည်းသော အကယ်ဒမီလည်း ဖြစ်သည်။ သို့သော် ကျောင်းဝင်ကြေး တစ်ဘီလီယံဆိုသည့် ပမာဏမှာ အလွန်ကြီးမားလွန်းလှသဖြင့် လင်းဖုန်း မိသားစု၏ အကူအညီကို တောင်းခံရခြင်း ဖြစ်သည်။

လင်းဖုန်း ဘာမှမပြောဘဲ တိတ်ဆိတ်ကာ လေထုမှာလည်း လေးလံနေသည်။ လက်ရှိတွင် မိသားစုမှာ ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရချိန် ဖြစ်သည်။ လင်းကော်ပိုရေးရှင်းမှာ အရှေ့ပင်လယ်ကော်ပိုရေးရှင်း၏ ဖိနှိပ်ခြင်း ခံနေရသောကြောင့် ငွေကြေးတစ်ပြားတစ်ချပ်တိုင်းမှာ အရေးကြီးနေသည် မဟုတ်ပါလား။

“ဖုန်းအာ... ဒါကို ကြည့်လိုက်ဦး”

ရုတ်တရက် လင်းကျုံးသည် လက်မှတ်တစ်ခုနှင့် တူသော အရာတစ်ခုကို ထုတ်ပေးလိုက်သည်။ လင်းဖုန်း ယူကြည့်လိုက်သည့်အခါ သူ၏ မျက်နှာမှာ မှင်သက်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရသည်။

“ဘာ... အနန္တလမ်းစဥ်အကယ်ဒမီရဲ့ ဝင်ခွင့် လက်မှတ်လား”

၎င်းမှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ ဝင်ခွင့် လက်မှတ်ပင်။ ရက်စွဲမှာလည်း လွန်ခဲ့သော ရက်သက်တစ်ပတ်ကတည်းက ဖြစ်နေသည်။

“အဖေ... အဖေက...”

လင်းဖုန်း ဘာပြောရမည်မှန်း မသိတော့ပေ။ ထိုအခိုက်အတန့်တွင် သူ၏ ရင်ထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားသည်။ ဘာပဲဖြစ်ဖြစ် မိသားစုဆိုသည်မှာ မိသားစုပင်။

လင်းကျုံးက ပြုံးလိုက်ပြီး

“ဘာမှ မဟုတ်ပါဘူး။ တစ်ဘီလီယံတည်းပဲ။ လက်ရှိ ကုမ္ပဏီ အခက်အခဲဖြစ်နေရင်တောင် ငါတို့ တစ်ဘီလီယံကတော့ ပေးနိုင်ပါတယ်။ မင်းက သိုင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားပြီဆိုမှတော့ မိသားစုတစ်ခုလုံးက အစွမ်းကုန် ထောက်ခံပေးမှာပေါ့။ ဒီဝင်ခွင့်လက်မှတ်နဲ့ဆိုရင် ဒီနှစ်အတွင်း မင်းအနန္တလမ်းစဥ်အကယ်ဒမီကို ကြိုက်တဲ့အချိန် သွားတက်လို့ ရတယ်။ ပြီးတော့ ရော့ ဒီမှာ ဘဏ်ကတ်။ အဲ့ထဲမှာ ယွမ် ၁၀ သန်း ထည့်ပေးထားတယ်။ နောက်ပိုင်းကျရင်လည်း မင်းရဲ့ နေထိုင်စရိတ်အတွက် တစ်လကို တစ်သန်းစီ ပုံမှန် ထည့်ပေးမယ်”

“အဖေ... ဒါတွေက အရမ်းများလွန်းတယ်”

“မများပါဘူး။ အနန္တလမ်းစဥ် အကယ်ဒမီအကြောင်းကို ငါ မင်းထက် ပိုသိပါတယ်။ အဲဒီမှာ အရာရာဟာ ငွေနဲ့ပဲ သွားတာ။ ငွေမရှိရင် ဘာမှလုပ်လို့ မရဘူး။ ဝမ်းနည်းစရာ ကောင်းတာက ကျောက်မိသားစုနဲ့ ပြဿနာသာ မဖြစ်ရင် မင်းကို ဒီထက်ပိုပြီး ပံ့ပိုးပေးနိုင်မှာပါ။ အခုတော့ ဒါပဲ ငါ လုပ်ပေးနိုင်တယ်”

လင်းကျုံးမှာ အမှန်တကယ်ပင် ဝမ်းမြောက်နေမိသည်။ လင်းဖုန်း၏ ရောဂါဆန်းမှာ သူ၏ ရင်ထဲတွင် အမြဲတမ်း လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့သည်။ ယခင်က လင်းဖုန်းသည် စိတ်ဓာတ်ကျနေခဲ့ပြီး သိုင်းပညာတွင်လည်း ထူးထူးခြားခြား မရှိခဲ့ချေ။ လင်းဖုန်းသည် သေမင်းဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်နေသည်ကို သူ ကြည့်နေရရုံသာ တတ်နိုင်ခဲ့သည်။

ယခုမူ လင်းဖုန်းသည် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်သည့်အတွက် လင်းကျုံး အလွန်ဝမ်းသာနေမိခြင်း ဖြစ်သည်။

“အဖေ... ကျွန်တော် အဖေ့ကို စိတ်မပျက်စေရပါဘူး။ သုံးနှစ်အတွင်းမှာ ကျွန်တော် သေချာပေါက် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသားတစ်ယောက် ဖြစ်လာစေရမယ်”

လင်းဖုန်း သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ဤသည်မှာ သူ၏ မိသားစုကို ပေးသော ကတိဖြစ်သလို သူ၏ ရင်ထဲမှ ထွက်ပေါ်လာသော ကြွေးကြော်သံလည်း ဖြစ်သည်။

“ဖုန်းအာ... အနန္တလမ်းစဉ် အကယ်ဒမီကို ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့။ အခက်အခဲ ရှိရင် အဖေတို့ အမေတို့ဆီကို ဖုန်းဆက်လိုက်။ မှတ်ထားပါ... ဘာပဲဖြစ်ဖြစ် မင်းရဲ့ နောက်ကွယ်မှာ ငါတို့ မိသားစု ရှိတယ်”

လင်းဖုန်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် လင်းဖုန်းသည် ကျောင်းထွက်ခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များကို အပြီးသတ်ခဲ့ပြီး မိသားစုနှင့်အတူ နောက်ထပ် တစ်ပတ်ခန့် အချိန်ကုန်ဆုံးခဲ့သည်။

တစ်ပတ်အကြာတွင် လင်းဖုန်းသည် မိသားစုကို လိုက်မပို့ခိုင်းဘဲ မြန်နှုန်းမြင့် ရထားဘူတာသို့ တစ်ယောက်တည်း လာခဲ့သည်။

“နှုတ်ဆက်ခဲ့ပါတယ်... ဗဟိုပင်လယ်မြို့”

လင်းဖုန်းသည် ပြတင်းပေါက်ဘေးရှိ ခုံတွင် ထိုင်လိုက်သည်။ ရင်းနှီးသော လူများ၊ ရင်းနှီးသော မြင်ကွင်းများ၊ ရင်းနှီးသော ဇာတ်ကြောင်းများက သူ၏ စိတ်ထဲတွင် အရိပ်ထင်လာသည်။ ဤခရီးစဉ်သည် သူ့အတွက် ဘဝသစ်တစ်ခု ဖြစ်လာနိုင်သလို နောက်ဆုံး အဆုံးသတ်လည်း ဖြစ်သွားနိုင်သည် မဟုတ်ပါလား…

All Chapters