← Chapters

လူကယ်ခြင်း

Vol. 1 Ch. 12

လူကယ်ခြင်း

Vol. 1 Ch. 12

မြန်နှုန်းမြင့်ရထားပေါ်တွင် လင်းဖုန်းသည် သူ၏ခုံ၌ ငြိမ်သက်စွာ ထိုင်နေသည်။ ရထားမှာ အရှိန်ပြင်းစွာ မောင်းနှင်နေသော်လည်း အတွင်း၌ ထိုင်နေသူမှာမူ အလွန်အေးဆေးနေပုံရသည်။

လင်းဖုန်းသည် လေယာဉ်ဖြင့် သွားရန် မရွေးချယ်ဘဲ မြန်နှုန်းမြင့်ရထားကိုသာ ရွေးခဲ့သည်။ သိုင်းပညာကို စတင်ကျင့်ကြံကတည်းက လင်းဖုန်းသည် မိမိမထိန်းချုပ်နိုင်သော ကိစ္စများဖြစ်လာမည်ကို အမြဲစိုးရိမ်တတ်လာသည်။ လေယာဉ်ဆိုသည်မှာ ကောင်းကင်ယံ အမြင့်ကြီးတွင် ပျံသန်းနေခြင်းဖြစ်ရာ တစ်ခုခုဖြစ်ခဲ့လျှင် သူ၏လက်ရှိကြံ့ခိုင်မှုနှင့်ပင် သေဖို့သာရှိသည်။ သို့သော် မြန်နှုန်းမြင့်ရထားမှာမူ ထိုသို့မဟုတ်ပေ။ တစ်ခုခုဖြစ်ခဲ့လျှင် သူချက်ချင်း ထွက်ပြေးလွတ်မြောက်နိုင်သည်။

လင်းဖုန်း၏ ဘေးတွင် ခေတ်ဆန်သော မိန်းကငယ်လေးနှစ်ဦး ထိုင်နေသည်။ သူတို့မှာ အသက်သိပ်မကြီးသေးချေ။ နှစ်ယောက်စလုံးမှာ ကျောင်းသူလေးများနှင့် တူသည်။ ယခုအချိန်သည် ဩဂုတ်လဖြစ်ရာ တက္ကသိုလ်အသီးသီးသို့ တက်ရောက်မည့် ကျောင်းသားများ ကျောင်းအပ်လက်ခံနေသည့် အချိန်လည်း ဖြစ်သည်။

ထိုမိန်းကလေးနှစ်ဦးမှာ စကားပြောအလွန်ကောင်းပုံရသည်။ သူတို့ရှေ့ရှိ မုန့်များကို လင်းဖုန်းအား ကမ်းပေးရင်း မေးလိုက်သည်။

"ကိုကို... မုန့်စားဦးမလား"

"ကျေးဇူးပါပဲ၊ အစ်ကိုမစားတော့ဘူး"

လင်းဖုန်းက ငြင်းလိုက်သော်လည်း သူတို့က ဆက်မေးနေကြပြန်သည်။

"ကိုကိုက ဘယ်ကိုသွားမှာလဲ... ယန်ဒူးကိုလား"

ဤရထား၏ နောက်ဆုံးဘူတာမှာ ယန်ဒူးဖြစ်သဖြင့် သူတို့က ထိုသို့ထင်မြင်နေခြင်း ဖြစ်သည်။

"မဟုတ်ဘူး... ဒယ်တာကို သွားမှာ"

လင်းဖုန်း ဘာမှမဖုံးကွယ်ခဲ့ပေ။ သူသည် အနန္တလမ်းစဉ် အကယ်ဒမီရှိရာ ဒယ်လ်တာမြို့သို့ သွားနေခြင်းပင်။

"ဝါး... တိုက်ဆိုင်လိုက်တာ။ ကျွန်မတို့လည်း ဒယ်တာကို သွားမှာ။ ဒယ်တာက ခေတ်အမီဆုံး မြို့သစ်ကြီးလို့ ကြားဖူးတယ်။ ဒယ်တာမြို့လယ်ခေါင်မှာကိုက နေထိုင်သူ လူဦးရေ သန်း ၃၀၀ ကျော်ရှိတယ်တဲ့။ ဂါး... ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ တကယ်ကို စိတ်လှုပ်ရှားစရာပဲ"

ဒယ်တာမြို့အကြောင်း ပြောလိုက်သည်နှင့် မိန်းကငယ်လေးနှစ်ဦး၏ မျက်လုံးများမှာ တောက်ပသွားသည်။ ဒယ်တာသည် အမှန်တကယ်ပင် မြို့သစ်တစ်ခုဖြစ်သည်။ ဟွာနိုင်ငံရှိ နှစ်ပေါင်းရာနှင့်ချီ၊ ထောင်နှင့်ချီ သက်တမ်းရှိသော သမိုင်းဝင်မြို့ကြီးများနှင့် နှိုင်းယှဉ်လျှင် ဒယ်တာ၏ သက်တမ်းသည် နှစ်ပေါင်းတစ်ရာကျော်မျှသာ ရှိသေးသည်။

သို့သော် ၎င်းမြို့ကို ဒယ်တာမြို့ပြဒေသကြီးတစ်ခုလုံး၏ ဗဟိုချက်အဖြစ် တည်ထောင်ခဲ့သဖြင့် လက်ရှိဒယ်တာသည် စီးပွားရေး အလွန်ဖွံ့ဖြိုးသော နေရာတစ်ခုဖြစ်သည်။ ဟွာနိုင်ငံသာမက အာရှတစ်ခုလုံးတွင်ပင် အတိုးတက်ဆုံး မြို့ကြီးတစ်မြို့ဟု ဆိုလျှင်လည်း မမှားပေ။

"ဒါနဲ့ ကိုကိုက ဒယ်လ်တာမှာ ကျောင်းတက်ဖို့ သွားတာလား"

"အင်း..."

"ကျွန်မတို့လည်း ကျောင်းတက်ဖို့ပဲ။ ကျွန်မတို့က ဒယ်တာ စက်မှုတက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရထားတာ။ ကိုကိုကရော ဘယ်ကျောင်းမှာလဲ"

ဤတစ်ကြိမ်တွင်မူ လင်းဖုန်းသည် ထိုမိန်းကလေးများ၏ မေးခွန်းကို ပြန်မဖြေတော့ဘဲ မျက်လုံးမှိတ်ထားလိုက်သည်။

လင်းဖုန်းက စိတ်မဝင်စားသလို ပြုမူနေသဖြင့် မိန်းကလေးနှစ်ဦးမှာ အနည်းငယ် စိတ်ပျက်သွားသည်။ သူတို့အရွယ် ခန့်ခန့်ညားညား လူငယ်တစ်ယောက်နှင့် ဆုံတွေ့ရန် မလွယ်သော်လည်း ထိုလူငယ်မှာ အနည်းငယ် အေးစက်လွန်းနေသည်။

ဖျတ်...

သူ့ဘေးက မိန်းကလေးတစ်ယောက်က သူ့ကို ခိုးပြီး ဓာတ်ပုံရိုက်လိုက်သည်ကို လင်းဖုန်း သတိမထားမိပေ။ ထိုမိန်းကလေးသည် ကျေနပ်သော အပြုံးဖြင့် သူမ၏ WeChat Moments တွင် "ဒယ်လ်တာသွားတဲ့ ရထားပေါ်မှာ တွေ့ခဲ့တဲ့ ချောမောခန့်ညားတဲ့ ကိုကို" ဆိုသည့် စာသားနှင့်အတူ တင်လိုက်လေသည်။

လင်းဖုန်းတွင် တစ်ဖက်လူ ချဉ်းကပ်ရန် ခက်ခဲသော အေးစက်သည့် အရှိန်အဝါမျိုး ရှိသော်လည်း သူ၏ ရုပ်ရည်မှာမူ အမှန်တကယ် ချောမောသည်။ ဗဟိုပင်လယ်တက္ကသိုလ်တွင် ရှိစဉ်ကပင် မိန်းကလေးများစွာမှာ သူ့ကို တိတ်တခိုး စိတ်ဝင်စားခဲ့ကြသည်။ သို့သော် ချူချန်းကလွဲ၍ မည်သည့်မိန်းကလေးမှ လင်းဖုန်း၏ ရင်ထဲသို့ မဝင်ရောက်နိုင်ခဲ့ပေ။

"ရှောင်ယဲ့... အဲဒီပုံလေး ငါ့ကိုလည်း ပို့ပေးဦးနော်။ သူက တကယ်ကို ချောတာပဲ။ နှမြောစရာကောင်းတာက သူ ဘယ်တက္ကသိုလ်မှာ တက်မှာလဲဆိုတာ မသိရတာပဲ။ နောက်မှ Moments မှာ လိုက်စုံစမ်းကြည့်ရမယ်။ တစ်ယောက်ယောက်တော့ သိမှာပါ"

မိန်းကလေးနှစ်ဦးမှာ တိတ်တဆိတ် ပျော်ရွှင်နေကြသည်။

၆ နာရီကြာ မောင်းနှင်ပြီးနောက် မြန်နှုန်းမြင့်ရထားသည် နောက်ဆုံးတွင် ရပ်တန့်သွားသည်။ လင်းဖုန်း မျက်လုံးဖွင့်လိုက်သည်။ သူတို့ ဒယ်လ်တာသို့ ရောက်ရှိပြီ ဖြစ်သည်။

မိန်းကလေးနှစ်ဦးမှာလည်း ခရီးပန်းသဖြင့် အိပ်ငိုက်နေရာမှ ဘူတာသို့ ရောက်ရှိကြောင်း သိလိုက်ရသောအခါ နိုးကြားသွားကြသည်။

"နောက်ဆုံးတော့ ရောက်ပြီဟေ့"

"တကယ် ပင်ပန်းတာပဲ"

"ကိုကို... ဘယ်ကိုသွားမှာလဲ။ လမ်းကြုံရင် တက္ကစီ အတူတူ စီးရအောင်လား"

လင်းဖုန်း ခေါင်းခါလိုက်သည်။

"မလိုပါဘူး"

ထိုသို့ပြောပြီးနောက် လင်းဖုန်းသည် ကျောပိုးအိတ်ကို လွယ်ကာ ရထားပေါ်မှ ဆင်းသွားခဲ့သည်။

...

ဘူတာရုံ အပြင်ဘက်တွင် လူသူလေးပါး လှုပ်ရှားတက်ကြွစွာ ရှိနေပြီး ကားများမှာလည်း အဆက်မပြတ် ကူးသန်းသွားလာနေကြသည်။ လင်းဖုန်းအတွက် ဒယ်တာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ လင်းကော်ပိုရေးရှင်းမှာ ဒယ်တာ၌ ရုံးခန်းတစ်ခု ရှိသော်လည်း သူသည် မိသားစုကို ဒုက္ခမပေးချင်ပေ။ လင်းကော်ပိုရေးရှင်းသည် အရှေ့ပင်လယ်ကော်ပိုရေးရှင်း၏ ဖိနှိပ်မှုကို ရင်ဆိုင်နေရချိန်ဖြစ်ရာ ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးကို သူ ကိုယ်တိုင် ဖြေရှင်းနိုင်ပါသည်။

ဘူတာရုံ အပြင်ဘက်တွင် ဘတ်စ်ကားဂိတ် ရှိသော်လည်း လင်းဖုန်းသည် လမ်းကြောင်းများကို ကျွမ်းကျင်ခြင်းမရှိသဖြင့် အပြင်ဘက်သို့သာ လျှောက်လာခဲ့သည်။ သူသည် တက္ကစီတစ်စီးငှားကာ အနန္တလမ်းစဉ် အကယ်ဒမီသို့ တိုက်ရိုက်သွားရန် စဉ်းစားထားသည်။

သို့သော် လင်းဖုန်း တက္ကစီငှားရန် ပြင်လိုက်စဉ် သူ၏ ထက်မြက်သော မျက်လုံးများက မီတာရာဂဏန်းခန့် အကွာရှိ လမ်းမပေါ်၌ အဝါရောင် ပြိုင်ကားတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။

အထူးသဖြင့် ထိုအပြိုင်ကားမှာ အလွန်ပင် အရှိန်ပြင်းနေပြီး ဘူတာရုံရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်နေခြင်း ဖြစ်သည်။

“ဘရိတ်ပေါက်တာလား”

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဘတ်စ်ကားဂိတ်တွင် လူများစွာ ရှိနေသော်လည်း မည်သူမှ အန္တရာယ်ကို သတိမပြုမိကြပေ။ သူ မြင်လိုက်ရပြီဖြစ်ရာ လင်းဖုန်းအနေဖြင့် လျစ်လျူရှုမထားနိုင်ပေ။

ထို့ကြောင့် လင်းဖုန်း အသက်ကို ပြင်းပြင်းရှူကာ ခြေလှမ်းလိုက်ရာ ဘူတာရုံတစ်ခုလုံး သိမ့်ခနဲ တုန်သွားသလိုပင်။ ထို့နောက် လင်းဖုန်းသည် အမြောက်ဆန်တစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားလေတော့သည်။

“ဟာ...သောက်ချီး စူပါမန်းဟ”

လင်းဖုန်းနှင့် မလှမ်းမကမ်းတွင်ရှိသော မျက်မှန်နှင့် အမျိုးသားတစ်ဦးမှာ လင်းဖုန်း၏ လုပ်ဆောင်မှုကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားခဲ့သည်။

...

“ဘရိတ်ပေါက်သွားပြီ... ဒါ ငါပထမဆုံးအကြိမ် မောင်းတာကို...”

အဝါရောင် ပြိုင်ကားအတွင်း၌ ဆံပင်ကို လိမ္မော်ရောင် ဆိုးထားသည့် လူငယ်တစ်ဦးမှာလည်း ထိတ်လန့်နေသည်။ ပြိုင်ကား၏ အရှိန်မှာ ပို၍ ပို၍ မြန်လာနေသည်။ တစ်ခုခု ချို့ယွင်းသွားပုံရပြီး သူ မထိန်းချုပ်နိုင်တော့ပေ။

ကားမှာ ဘူတာရုံကို ဝင်တိုက်တော့မည်ကို မြင်သောအခါ သူ ဘာမှမတတ်နိုင်တော့ဘဲ ကားပေါ်မှ အပြင်သို့ ခုန်ထွက်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် လိမ့်သွားကာ အတော်လေး သနားစရာကောင်းသော ပုံစံဖြင့် ကျန်ရစ်ခဲ့သည်။

ထိန်းချုပ်မှုမဲ့နေသော ပြိုင်ကားမှာမူ ပလက်ဖောင်းဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်နေဆဲပင်။ လူအချို့မှာ ထိတ်လန့်တကြား အော်ဟစ်ကာ ဘေးသို့ ပြေးထွက်ကုန်ကြသည်။ သို့သော် မိန်းကလေးငယ် နှစ်ဦးမှာမူ ကြောက်လန့်လွန်းသဖြင့် မလှုပ်မယှက် ရပ်နေမိကြသည်။

"ရှောင်ယဲ့... ငါတို့ သေတော့မှာလား"

မိန်းကလေးနှစ်ဦးမှာ ကြောက်လန့်လွန်းသဖြင့် ခြေဖျားလက်ဖျားများ အေးစက်ကာ ပြေးပင် မပြေးနိုင်ကြတော့ပေ။ ထိုစဉ် ဟိန်းဟောက်သံနှင့်အတူ ပြေးဝင်လာသော ကားမှာ သူတို့နှစ်ဦးကို ဝင်တိုက်ကာ အဖြစ်ဆိုးတစ်ခု ဖြစ်တော့မည့် အချိန်...

လေပြင်းတစ်ခုနှင့်အတူ လူရိပ်တစ်ခုမှာ ထိုမိန်းကလေးနှစ်ဦး၏ ရှေ့သို့ ရုတ်တရက် ပေါ်ပေါက်လာသည်။

“နွားရိုင်း၏ နင်းခြေခြင်း”

လင်းဖုန်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာသည်။ သူသည် နွားရိုင်းတစ်ကောင်အဖြစ် အမှန်တကယ်ပြောင်းလဲသွားကဲ့သို့ ကြမ်းတမ်းစွာ ဟိန်းဟောက်အော်ဟစ်လိုက်သည်။ လင်းဖုန်း၏ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး ဖောင်းကားလာကာ ခွန်အားများ တစ်ခဏချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

ဘန်း...

ထိန်းချုပ်မှုမဲ့နေသော ပြိုင်ကားသည် လင်းဖုန်း၏ လက်သီးနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။ သွေးသားနှင့် တည်ဆောက်ထားသော ခန္ဓာကိုယ်က သံမဏိထက် မည်သို့ သန်မာနိုင်မည်နည်း။ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ အားလုံးလည်း ထွက်ပေါ်လာမည့် အနိဋ္ဌာရုံ မြင်ကွင်းကို မကြည့်ရဲဘဲ မျက်စိမှိတ်လိုက်ကြသည်။

သို့သော် အဖြစ်ဆိုးမှာ ဖြစ်မလာခဲ့ပေ။ လင်းဖုန်း၏ လက်သီးချက်ကြောင့် ထိန်းချုပ်မှဒ ကင်းမဲ့နေသော ပြိုင်ကားမှာ တားဆီးမရသော အင်အားတစ်ခုနှင့် တွေ့သွားသလိုပင်။ ကားတစ်ခုလုံးမှာ အပိုင်းပိုင်း ကွဲကြေသွားပြီး မီတာတစ်ရာခန့် နောက်သို့ လိမ့်ထွက်ကာ ရပ်တန့်သွားခဲ့သည်။

"အာ..."

"အချစ်လေး ကြည့်စမ်း... ကြည့်စမ်း... အဲ့မှာ စူပါမန်းပဲ"

အားလုံးမှာ မိမိတို့ မြင်နေရသည်ကို မယုံကြည်နိုင်လောက်အောင် မှင်သက်နေကြသည်။

“ဘယ်က စူပါမန်းလဲ။ သူက တကယ့်ကို အစွမ်းထက်လွန်းတဲ့ ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်ပဲကွ”

“အရမ်းသန်မာတာပဲ။ တကယ့်ပရော်ဖက်ရှင်နယ် သိုင်းသမားတွေက အရမ်းသန်မာတယ်လို့ ကြားဖူးပေမဲ့ ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ အရှိန်ပြင်းပြင်း မောင်းလာတဲ့ ပြိုင်ကားကို လက်သီးတစ်ချက်တည်းနဲ့ အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်လိုက်တာပဲ”

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ပရော်ဖက်ရှင်နယ် သိုင်းသမားများ မည်မျှ သန်မာကြောင်း လူအတော်များများ သိကြသည်။ သို့သော် ၎င်းတို့မှာ တီဗီပေါ်တွင် မြင်ရသော ကိန်းဂဏန်းများသာ ဖြစ်သည်။ ယခုကဲ့သို့ လက်တွေ့ မြင်လိုက်ရခြင်းမှာမူ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

“ဘာမှ မဖြစ်ကြဘူး မဟုတ်လား”

လင်းဖုန်း လှည့်ကြည့်လိုက်သည်။ ထိတ်လန့်နေဆဲ ဖြစ်သော မိန်းကလေး နှစ်ဦးမှာ ရထားပေါ်တွင် သူ့ဘေး၌ ထိုင်ခဲ့သည့် ကျောင်းသူလေးများ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်သည်။

"အာ... ကိုကိုလား"

"ကျွန်မတို့ ဘာမှ မဖြစ်ပါဘူး။ ကျေးဇူး... ကျေးဇူးတင်ပါတယ်"

မိန်းကလေးနှစ်ဦးမှာ စကားများပင် ထစ်နေရှာသည်။ သူတို့သည် သေမင်းလက်မှ လွတ်မြောက်ခဲ့ရုံသာမက သူတို့ကို ကယ်တင်သူမှာ သူတို့ စိတ်ဝင်စားနေသည့် အေးစက်ခန့်ညားသော လူငယ်လေး ဖြစ်နေသည့်အတွက် အံ့ဩဝမ်းသာ ဖြစ်နေကြသည်။

ထိုစဉ် ကားပိုင်ရှင်ဖြစ်သူမှာ လင်းဖုန်းရှေ့သို့ ရောက်လာသည်။ သူသည် လင်းဖုန်းကို သေသေချာချာ အကဲခတ်ပြီးနောက် စုတ်တစ်ချက်သပ်ကာ မနေနိုင်ဘဲ ချီးကျူးလိုက်သည်။

“အထင်ကြီးစရာပဲ ညီကို။ မင်းက ငါ့ရဲ့ကားကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးလိုက်တာတောင် ဘာဒဏ်ရာမှ မရဘူးပဲ။ မင်းက အဆင့်မြင့် ပရော်ဖက်ရှင်နယ် သိုင်းသမား မဟုတ်လား။ ပြီးတော့ မင်းက အရမ်းလည်း ငယ်သေးတယ်။ မင်း အနန္တလမ်းစဉ် အကယ်ဒမီက ကျောင်းသားလား”

“မင်း ဘယ်လို သိတာလဲ”

လိမ္မော်ရောင်ဆံပင်နှင့် လူငယ်က အနန္တလမ်းစဥ် အကယ်ဒမီအကြောင်း သိနေသဖြင့် လင်းဖုန်း အံ့အားသင့်သွားသည်။

“ဟားဟား... မင်းက တကယ်ပဲ အနန္တလမ်းစဉ် အကယ်ဒမီက ကျောင်းသားကိုး။ မင်း ပထမနှစ် မဟုတ်လား။ ငါလည်း ပထမနှစ်ပဲ။ ငါတို့ အတူတူ ကျောင်းသွားအပ်ကြမလား။ လာလေ... အတူတူ သွားရအောင်”

ထိုလူငယ်မှာ ချက်ချင်းပင် ရယ်မောလိုက်သည်။ ထို့နောက် သူသည် ဖုန်းဆက်ကာ လူအချို့ကို ခေါ်လိုက်ပြီး မိန်းကလေးနှစ်ယောက်၏ အခြေအနေကို မေးမြန်းသည်။ ထို့ပြင် သူတို့နှစ်ယောက်ကို နာမည်ကတ်တစ်ခု ပေးကာ ပြောလိုက်သည်။

“နင်တို့ ဘာမှ မဖြစ်ကြဘူး မဟုတ်လား။ တစ်ခုခုဆိုရင် ဒီကတ်က ဖုန်းနံပါတ်ကို ဆက်လိုက်၊ တစ်ယောက်ယောက်က ဖြေရှင်းပေးလိမ့်မယ်။ ကဲ... အခုတော့ ငါနဲ့ ဒီညီကိုနဲ့က အနန္တလမ်းစဉ် အကယ်ဒမီကို သွားရဦးမယ်။ နှုတ်ဆက်ခဲ့ပါတယ်”

မကြာမီမှာပင် ဘူတာရုံသို့ ပြိုင်ကားအသစ်တစ်စီး ရောက်လာခဲ့သည်။ ဝန်ထမ်း ၁၀ ဦးထက်မက ရောက်လာပြီး မတော်တဆမှုကို ရှင်းလင်းကြသည်။ ၎င်းတို့အားလုံးမှာ လိမ္မော်ရောင်ဆံပင်နှင့် လူငယ် စီစဉ်ထားသူများ ဖြစ်သည်။

လင်းဖုန်း အနည်းငယ် သံသယဝင်နေသော်လည်း ထိုလူငယ်က

“တက်လေ... ငါ ခုနက လက်နဲ့မောင်းကြည့်တာ ပျော်စရာကောင်းမလားလို့၊ ဒါပေမဲ့ တစ်ခုခု ချို့ယွင်းသွားမယ်လို့ မထင်ထားဘူး။ ဒီတစ်ခါတော့ အလိုအလျောက်မောင်းနှင်ခြင်းစနစ် နဲ့ပဲ သွားကြမယ်။ စိတ်မပူနဲ့”

ခေတ်သစ်ကားများသည် များသောအားဖြင့် အလိုအလျောက်စနစ်များ ဖြစ်သဖြင့် အလွန်ဘေးကင်းသည်။ အခြေခံအားဖြင့် လူ ကိုယ်တိုင်မောင်းသည့် စနစ်များကို ဖျက်သိမ်းထားကြသည်။ ထိပ်တန်းအပြိုင်ကား အချို့တွင်သာ လက်ဖြင့်မောင်းသည့် စနစ် ပါရှိတတ်သည်။ ခုနက မတော်တဆမှုမှာ ထိုလူငယ်က လက်ဖြင့် ကိုယ်တိုင်မောင်းရန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။

လင်းဖုန်းသည် ထိုကားပိုင်ရှင်၏ ရဲတင်းမှုကို အနည်းငယ် မနှစ်မြို့ချေ။ သို့သော် ထိုသူမှာ ပွင့်လင်းရိုးသားသူတစ်ဦး ဖြစ်ကြောင်း ခံစားမိသဖြင့် ဘာမှ ဆက်မပြောတော့ဘဲ ကားပေါ်တက်ကာ ဘူတာရုံမှ အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။

မိန်းကလေးနှစ်ဦး ထိတ်လန့်မှုမှ မပြေသေးခင်မှာပင် ဝန်ထမ်းတစ်ဦးက

“ဒီက သခင်မလေးတို့ခင်ဗျာ... ကျွန်တော်တို့က ဒီမတော်တဆကိစ္စကို ဖြေရှင်းဖို့ သခင်လေးကျောင်း လွှတ်လိုက်တဲ့သူတွေပါ။ သခင်မလေးတို့ ဘာလိုအပ်တာရှိလဲ ပြောနိုင်ပါတယ်၊ ကျွန်တော်တို့ ဖြည့်ဆည်းပေးပါ့မယ်”

သူတို့နှစ်ဦးမှာ အိမ်မက်မက်နေသလိုပင်။ သူတို့မှာ ဘာဒဏ်ရာမှ မရရှိခဲ့ဘဲ အနည်းငယ် ကြောက်လန့်သွားရုံသာ ဖြစ်သဖြင့် ဝန်ထမ်းများ၏ အကူအညီကို ငြင်းပယ်လိုက်ကြသည်။

"သူတို့ ခုနက အနန္တလမ်းစဉ် အကယ်ဒမီအကြောင်း ပြောသွားတာလား"

"အင်း... အဲဒီကိုကိုကလည်း အနန္တလမ်းစဉ် အကယ်ဒမီက ကျောင်းသားပဲ"

"အနန္တလမ်းစဉ် အကယ်ဒမီဆိုတာ သူဌေးသားတွေနဲ့ အင်အားရှိတဲ့သူတွေပဲ တက်နိုင်တဲ့နေရာလေ။ အရင်ကတော့ အဲဒီက သူဌေးသားတွေက လူရမ်းကားတွေချည်းပဲလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီကိုကိုကတော့ တကယ့်ကို လူကောင်းပဲ"

"တော်သေးတာပေါ့ ငါ သူ့ပုံကို ရိုက်ထားမိလို့။ ဒါကို Moments မှာ သေချာပေါက် ကြွားရမယ်။ ဒီနေ့မတော်တဆကတော့ တကယ်ကို ရင်ခုန်စရာ ကောင်းတာပဲ"

မိန်းကလေးနှစ်ဦးမှာ တိတ်တဆိတ် ဝမ်းသာနေကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဘူတာရုံမှ ထွက်ခွာသွားကြလေသည်။

All Chapters