ပုံရိပ်ယောင်တိုက်ပွဲအခန်း
Vol. 1 Ch. 14
ပုံရိပ်ယောင်တိုက်ပွဲအခန်းသည် တစ်ပြိုင်နက် လူဆယ်ယောက်ကို ဝင်ရောက်နိုင်ပြီး အမှတ်ပေးရန်လည်း မလိုအပ်ပေ။ ထို့ကြောင့် ပုံရိပ်ယောင်တိုက်ပွဲအခန်းပြင်ပတွင် တန်းစီနေသူများဖြင့် အမြဲစည်ကားနေလေ့ပြီး ၎င်းမှာ အနန္တလမ်းစဉ်အကယ်ဒမီတွင် အလုပ်အရှုပ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။
လင်းဖုန်းနှင့် ကျန်းချီကျီတို့ ပုံရိပ်ယောင်တိုက်ပွဲအခန်း အပြင်တွင် တန်းစီရန် ရောက်ရှိလာချိန်တွင် မည်သူမျှ သတိပြုအာရုံစိုက်ခံရခြင်း မရှိကြပေ။ မည်သို့ပင် ဆိုစေကာမူ သူတို့နှစ်ယောက်စလုံးမှာ ကျောင်းသားသစ်များသာ ဖြစ်သည်မဟုတ်ပါလား။
လူအများမှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြဆဲပင်။
“လျိုဖုန်း... မင်း ပြီးခဲ့တဲ့အကြိမ်က အဆင့် ၂၁,၈၀၀ ချိတ်ခဲ့တယ်နော်။ ဒီတစ်ခါတော့ မင်း အဆင့်ဒါဇင်အနည်းငယ်လောက် ထပ်ပြီးတော့ တက်ဖို့ အခွင့်အရေးရှိတယ်မလား”
“ပြောဖို့ခက်ပါတယ်ကွာ။ ငါ အခုတလော တိုးတက်လာတယ်ဆိုပေမဲ့ ကျောင်းထဲက တခြားလူတွေလည်း တိုးတက်နေကြတာပဲ။ နောက်ပြီးတော့ ငါ ကျောင်းမှာနေရမယ့် ငါးနှစ်သက်တမ်းကလည်း နောက်တစ်နှစ်ဆို ပြည့်တော့မယ်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့တော့ ငါ မျှော်လင့်ချက်မရှိတော့ပါဘူး။ အချိန်တန်ရင် ငါ အနန္တလမ်းစဉ်အကယ်ဒမီက ထွက်ရတော့မှာ။ ငါ မထွက်ခင်မှာ အဆင့် ၂၀,၀၀၀ အတွင်း ဝင်သွားဖို့ပဲ မျှော်လင့်ပါတယ်၊ အဲဒါဆို ငါ့အတွက် တော်ပါပြီ”
“အာ့တော့ အမှန်ပဲကွ... အဆင့် ၂၀,၀၀၀ အတွင်း ရောက်ဖို့ဆိုတာ တကယ်ကို ခက်တာ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ဆိုတာကတော့ ပြောမနေနဲ့တော့။ ပုံရိပ်ယောင်တိုက်ပွဲအခန်းရဲ့ ထိပ်တန်းအဆင့် ၁၀၀ ထဲကို အမြန်ဆုံးရောက်သွားတဲ့သူတွေများဆို ဘယ်လိုများ ကျင့်ကြံသလဲဆိုတာ ငါ တကယ်ကို သိချင်မိတယ်”
“ဟျောင့်တွေ...ဟိုမှာကြည့်... စီနီယာ လော့ယီတောက် ထွက်လာပြီ။ သူ့ရဲ့ ဓားမော့သိုင်းက တကယ့်ကို အစွမ်းထက်တယ်လို့ ကြားတယ်။ အရင်တစ်ခေါက်တုန်းကဆို သူ အဆင့် ၂၀,၃၀၀ ရခဲ့တာ။ ဒီတစ်ခါတော့ အဆင့် ၂၀,၀၀၀ ထဲ ဝင်သွားလောက်ပြီ”
“စီနီယာ လော့ယီတောက်က တကယ်ကို အံ့ဩစရာပဲ။ သူက ဟိုး... အချိန်အတော်ကြာကတည်းက အဆင့် (၇) ပရော်ဖက်ရှင်နယ် သိုင်းသမားလက်မှတ်ကို ရထားပြီးသားလို့ ကြားဖူးတယ်ကွ။ အခုဆိုရင်တော့ သူ့ခွန်အားက အဆင့် (၈) လောက်တောင် ရှိနေလောက်ပြီ မဟုတ်လား”
လူတိုင်း၏အာရုံစိုက်မှုကို ခံနေရသည့် စီနီယာ လော့ယီတောက်မှာ ဆံပင်တိုတိုနှင့် ဖြစ်ကာ ကျောတွင် ဓားမော့တစ်လက် သိုင်းချိတ်ထားသည်။ သူ၏ပုံစံတစ်ခုလုံးမှာ ကြမ်းတမ်းပြီး ဟိတ်ဟန်အပြည့် ရှိလှသည်။
တစ်ယောက်ယောက်က ရှေ့သို့တက်ကာ လော့ယီတောက်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ ထို့နောက်တွင် လူတိုင်းမှာ အံ့ဩတကြီး ဖြစ်သွားရတော့သည်။ လော့ယီတောက်မှာ သူ၏ခေါင်းကို ပို၍ပင် မြင့်မြင့်မော့လိုက်ပြီး အလွန်တရာပင် ယုံကြည်မှုရှိနေပုံရသည်။
“စီနီယာ လော့ယီတောက် အခုပဲ စိန်ခေါ်မှု အောင်မြင်သွားပြီတဲ့ဟေ့။ သူ ရတဲ့အဆင့်က ၁၉,၉၉၁ တဲ့။ အဆင့် ၂၀,၀၀၀ ထဲကို ရောက်သွားပြီဟ၊ အထင်ကြီးစရာပဲ”
“ဝိုး... အနန္တလမ်းစဉ်အကယ်ဒမီရဲ့ သမိုင်းတစ်လျှောက်မှာ ကျောင်းသား စုစုပေါင်း ၂၃,၀၀၀ ရှိတာ။ စီနီယာ လော့ယီတောက် အဆင့် ၂၀,၀၀၀ အတွင်း ဝင်သွားတာကတော့ တကယ်ကို အထင်ကြီးလောက်စရာပဲ။ ငါကြားဖူးတာတော့ စီနီယာလော့ယီတောက် အနန္တလမ်းစဉ် အကယ်ဒမီကို ရောက်တာ သုံးနှစ်ပဲ ရှိသေးတာတဲ့။ နောင်အနာဂါတ်မှာ သူ သေချာပေါက် ထပ်ပြီး တိုးတက်လာဦးမှာပဲ”
လင်းဖုန်းနှင့် ကျန်းချီကျီတို့လည်း လော့ယီတောက်ကို မြင်တွေ့လိုက်ရသည်။ အဆင့် ၂၀,၀၀၀ အတွင်း ရောက်ခြင်းမှာ မည်မျှခက်ခဲသည်ကို သူတို့နှစ်ယောက်စလုံး ကောင်းကောင်းမသိသော်လည်း ဘေးမှလူများ၏ တုံ့ပြန်မှုအရ ဤသည်မှာ အလွန်တရာကြီးကျယ်ဩချလောက်စရာ အောင်မြင်မှုဖြစ်ကြောင်း ခန့်မှန်းမိကြသည်။
“အစ်ကိုဖုန်း... ခဏနေရင် အဆင့်ကောင်းကောင်းရအောင် ကြိုးစားနော်”
အမှန်တကယ်တော့ ကျန်းချီကျီ သတိမပေးခင်ကတည်းက လင်းဖုန်း အစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သူ၏လက်ရှိခွန်အားမှာ မည်သည့်အဆင့်တွင် ရှိနေသည်ကို သူ သိချင်နေသည်ပင်။
မကြာမီမှာပင် လင်းဖုန်းနှင့် ကျန်းချီကျီတို့အလှည့် ရောက်လာသည်။ သူတို့နှစ်ဦး ပုံရိပ်ယောင်တိုက်ပွဲအခန်းထဲသို့ ဝင်သွားသည်ကို မြင်သည့်အခါ နောက်က ကျောင်းသားအချို့မှာ အံ့ဩသွားကြသည်။
“ဒီနှစ်ယောက်ကို ငါ အရင်တုန်းက မမြင်ဖူးဘူး ထင်တယ်နော်”
“ပုံရိပ်ယောင်တိုက်ပွဲအခန်းကို ပထမဆုံးအကြိမ် လာစမ်းတဲ့ ကျောင်းသားသစ်တွေ ဖြစ်မှာပါ။ သူတို့ ရမယ့်အဆင့်ကတော့ နောက်ဆုံးကပဲ ဖြစ်လိမ့်မယ်”
“အဲဒါတော့ ပြောလို့မရဘူးလေ။ ငါကြားတာတော့ ဒီနှစ် ကျောင်းသားသစ်တွေထဲမှာ ထူးချွန်တဲ့သူ ခြောက်ယောက် ပါတယ်တဲ့။ သူတို့ ပုံရိပ်ယောင် တိုက်ပွဲအခန်းကို ပထမဆုံးအကြိမ် စိန်ခေါ်မှုမှာတင် အဆင့် ၂၀,၀၀၀ အတွင်း ဝင်သွားလို့ ကျောင်းသားသစ်တွေက သူတို့ကို ထူးချွန်ပါရမီရှင် ခြောက်ဦးလို့တောင် နာမည်ပေးထားကြတာ။ ကျောင်းသားသစ်လေးတွေ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ထူးချွန်ပါရမီရှင်တွေလို့ ခေါ်နေတာကတော့ တကယ့်ကို ဟာသပဲ။ အဲ့သောက်ကလေးတွေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပါကွာ”
“ဟုတ်တယ်ကွ... ငါလည်း အဲဒီကိစ္စ ကြားတယ်။ အခုတလော အတော်လေး ဟိုးလေးတကျော် ဖြစ်နေတာ။ အဲဒီပါရမီရှင် ခြောက်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ဒီနှစ် ကျောင်းသားသစ်တွေကလည်း သောက်ကြွားတွေ သိပ်သန်နေကြတာကွ။ ငါတို့လို စီနီယာကျောင်းသားတွေကိုတောင် လာပြီး စိန်ခေါ်ရဲနေကြသေးတယ်။ ဟမ့်... စီနီယာကျောင်းသားတွေက သူတို့လို သောက်ကလေးတွေကို ဂရုစိုက်ရမှာ စိတ်မပါနေလို့သာ လွှတ်ထားပေးတာပါကွာ”
“ဒါပေမဲ့ စီနီယာတွေထဲက ပညာရှင်တချို့ကတော့ အဲဒီပါရမီရှင် ခြောက်ယောက်ကို နည်းနည်း မကျေမနပ် ဖြစ်နေကြပြီလို့ ကြားတယ်။ ဟဲဟဲ... စောင့်ကြည့်လိုက်စမ်းပါ၊ မကြာခင် ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်”
လင်းဖုန်းနှင့် ကျန်းချီကျီတို့ကတော့ သဘာဝကျစွာပင် ထိုလူများ မည်သည့်အကြောင်း ပြောနေကြသည်ကို မသိကြပေ။ သူတို့နှစ်ဦး ပုံရိပ်ယောင်တိုက်ပွဲအခန်းထဲသို့ ဝင်သွားပြီး လမ်းခွဲလိုက်ကြသည်။ လင်းဖုန်းသည် အခန်းကျဉ်းလေးတစ်ခုသို့ ရောက်ရှိလာသည်။ နံရံများပေါ်ရှိ နေရာတိုင်းတွင် စကန်ဖတ်စက်များစွာ ရှိနေသည်။
“ဒင်... ကျေးဇူးပြု၍ ကျောင်းသားကတ်ကို လက်ထဲတွင် ကိုင်ထားပါ”
လင်းဖုန်း ကျောင်းသားကတ်ကို လက်ထဲတွင် ကိုင်ထားလိုက်ပြီး စကင်ဖတ်မှုကို ခံယူလိုက်သည်။
“ဒင်... အထောက်အထားများကို စစ်ဆေးပြီးပါပြီ။ ကျေးဇူးပြု၍ ပုံရိပ်ယောင်အခန်းငယ် အတွင်းသို့ ဝင်ရောက်ပါ”
အခန်းကျဉ်းလေးထဲတွင် လင်းဖုန်းသည် ဧရာမဖန်ပုံးတစ်ခုကဲ့သို့ အရာတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ပုံရိပ်ယောင်အခန်းငယ် ဖြစ်ဟန်တူသည်။ ထို့ကြောင့် သူသည် ညွှန်ကြားချက်အတိုင်း လှဲချလိုက်သည်။
ဝှစ်...
သူ လှဲချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်များစွာကို ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ပတ်ဝန်းကျင်မှာ မှောင်မိုက်သွားပြီး ခမ်းနားထည်ဝါသော တိုက်ပွဲကွင်းပြင် တစ်ခုပေါ်တွင် သူ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
“ဒါက ပုံရိပ်ယောင်နည်းပညာလား... တကယ့်ကို အံ့ဩစရာပဲ”
လင်းဖုန်း အလွန်စိတ်ဝင်စားသွားသည်။ ပုံရိပ်ယောင်နည်းပညာမှာ ဖွံ့ဖြိုးနေပြီဟု ကောလာဟလများ ကြားဖူးသော်လည်း အရပ်ဘက်သုံးအတွက်တော့ မထုတ်ပေးသေးပေ။ ပုံရိပ်ယောင်နည်းပညာမှာ စစ်တပ်နှင့် နိုင်ငံတော်၏လက်ထဲတွင်သာ အမြဲရှိနေခဲ့သည်။ အနန္တလမ်းစဉ်အကယ်ဒမီကဲ့သို့ အင်အားကြီးသော အဖွဲ့အစည်းအချို့သာ ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်မှာ သက်ဝင်လှုပ်ရှားနေပြီး အစစ်အမှန်နှင့် အလွန်တူသည်။ အနည်းဆုံးတော့ လင်းဖုန်းအနေဖြင့် အစစ်နှင့်အတုကို ခွဲခြားရန် မလွယ်ကူပေ။
“ကျေးဇူးပြု၍ သင်၏ ပြိုင်ဘက်ကို ရွေးချယ်ပါ”
လင်းဖုန်း၏ ရှေ့တွင် လူရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ရှေ့ဆုံးတွင် အဆင့်သတ်မှတ်ချက်များ ရှိနေသည်။ ဤပုံရိပ်ယောင်တိုက်ပွဲအခန်းသည် အနန္တလမ်းစဉ်အကယ်ဒမီ တည်ထောင်ကတည်းက ရှိခဲ့သော ကျောင်းသားအားလုံးနီးပါး၏ အချက်အလက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ စုစုပေါင်း လူဦးရေ ၂၃,၆၈၁ ဦးရှိသည်။ လင်းဖုန်းနှင့် ကျန်းချီကျီတို့ကတော့ အခုထိ မပါဝင်သေးပေ။
ဤ ၂၃,၆၈၁ ဦးမှာ အခြေခံအားဖြင့် သူတို့၏အားအကောင်းဆုံး အခြေအနေများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ အနန္တလမ်းစဉ်အကယ်ဒမီတွင် အသက် ၂၅ နှစ်အထိသာ နေခွင့်ရှိသည်။ အကယ်၍ အသက် ၂၅ နှစ်ရောက်သည်အထိ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်လျှင် ထိုကျောင်းသားမှာ အကယ်ဒမီမှ ထွက်ခွာရမည်ဖြစ်သည်။ ထို့ကြောင့် ပုံရိပ်ယောင်တိုက်ပွဲအခန်းထဲရှိ လူအများစုမှာ အကယ်ဒမီမှ ထွက်ခွာသွားကြပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လက်ရှိကျောင်းထဲမှာ ကျောင်းသား ရာဂဏန်းလောက်ပဲ ရှိတာကိုး။
အဆင့် နောက်ဆုံးနားက ကျောင်းသားများမှာ အခြေခံအားဖြင့် လက်ရှိအကယ်ဒမီတွင် ရှိနေသော ကျောင်းသားများ ဖြစ်ကြသည်။ လင်းဖုန်း ခေတ္တမျှ စဉ်းစားပြီးနောက် အကယ်ဒမီကျောင်းသားများ၏ ခွန်အားကို အရင်စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက “လီဝေကို စိန်ခေါ်မယ်” ဟု ပြောလိုက်သည်။
ဤ လီဝေ ဆိုသူမှာ လင်းဖုန်း တစ်ချက်ကြည့်ရုံနှင့် ကျပန်းရွေးလိုက်သူဖြစ်သည်။ သူ၏အမြင်အာရုံထဲတွင် ပေါ်လာသော ထိုလူမှာ အဆင့် ၂၃,၆၇၃ ရှိသည်။ သူသည် လက်ရှိအကယ်ဒမီကျောင်းသားတစ်ဦး ဖြစ်ဟန်တူသည်။
လင်းဖုန်း၏အသံ ဆုံးသွားသည်နှင့် ပတ်ဝန်းကျင်မှာ အနည်းငယ် မှောင်သွားပြီး လီဝေ၏ပုံရိပ်မှာ လင်းဖုန်း၏ရှေ့တွင် လျင်မြန်စွာ ပေါ်လာသည်။
လီဝေသည် ဓားမော့တစ်လက်ကို အသုံးပြုသည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဘာမှမပြောဘဲ သူ၏ဓားမော့ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
ရွှစ်...
ဓားချက်မှာ အလွန်လျင်မြန်ပြီး တိကျလှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းဖုန်း၏ရှေ့သို့ ရောက်ရှိလာသည်။
ဘန်း...
သို့သော် လင်းဖုန်းမှာ မရှောင်တိမ်းခဲ့ပေ။ သူသည် လက်သီးတစ်ချက် တိုက်ရိုက်ထိုးနှက်လိုက်ရာ လီဝေ၏ပုံရိပ်မှာ ပူဖောင်းတစ်ခုကဲ့သို့ ပေါက်ကွဲပျောက်ကွယ်သွားသည်။
“စိန်ခေါ်မှု အောင်မြင်ပါသည်။ လင်းဖုန်း၊ လက်ရှိအဆင့် ၂၃,၆၇၃။ ပြိုင်ဘက်များကို ဆက်လက်စိန်ခေါ်ရန် သို့မဟုတ် ပုံရိပ်ယောင်တိုက်ပွဲအခန်းမှ ထွက်ခွာရန် ရွေးချယ်နိုင်ပါသည်”
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ပထမဆုံးအတွေးမှာ ပြိုင်ဘက်က အလွန်အားနည်းလွန်းနေခြင်းပင်။ ဤ လီဝေ ဆိုသူမှာ တကယ်ကို အားနည်းလွန်းသည်။ အနန္တလမ်းစဉ်အကယ်ဒမီက ကမ္ဘာ့ထိပ်တန်းသိုင်းအကယ်ဒမီ သုံးခုထဲမှ တစ်ခုမဟုတ်ပါလား။ ဤနေရာတွင် ပါရမီရှင်များ၊ ပညာရှင်များ နေရာတိုင်းတွင် ရှိနေသင့်သည်။ မည်သူပင်ဖြစ်စေကာမူ အလွန်အားကောင်းသင့်ပေသည်။ မည်သည့်အတွကိကြောင့် ပြိုင်ဘက်မှာ ဤမျှလောက် အားနည်းနေရသနည်း။
အမှန်တကယ်တော့ လင်းဖုန်းတွင် အယူအဆအမှားတစ်ခု ရှိနေသည်။ အနန္တလမ်းစဉ်အကယ်ဒမီက လူတိုင်းမှာ အလွန်အားကောင်းနေကြသည် မဟုတ်ပေ။ ကျန်းချီကျီနှင့် လီဝေတို့ကဲ့သို့ လူမျိုးများမှာ ငွေပေးပြီး ဂုဏ်ပုဒ်ဝယ်ရန် လာရောက် အချိန်ဖြုန်းနေကြသူများသာ ဖြစ်သည်။ သူတို့ ဘယ်လောက်အထိ အားကောင်းနိုင်မှာလဲ။
သို့သော် လီဝေ၏ဓားချက်မှာ အမှန်တကယ်တော့ အားကောင်းပါသည်။ ၎င်းမှာ ကောင်းမွန်သော ဓားမော့သိုင်းကွက်တစ်ခု ဖြစ်နိုင်သည်။ ကံမကောင်းစွာဖြင့် ခွန်အားက လိုအပ်နေပြီး စုစုပေါင်းစွမ်းအားမှာလည်း အလွန်အားနည်းလွန်းနေသည်။ လင်းဖုန်း၏လက်သီးတစ်ချက်ကို သူ မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
ဤအချက်ကို အခြေခံပြီး လင်းဖုန်းသည် အဆင့်ဇယားကို လျင်မြန်စွာ အထက်သို့ ဆွဲတင်လိုက်သည်။
“လဲ့ယီမင် ကို ဆက်ပြီး စိန်ခေါ်မယ်”
သိပ်မကြာခင်မှာပင် လဲ့ယီမင်၏ပုံရိပ်မှာ ပုံရိပ်ယောင်တိုက်ပွဲအခန်းထဲတွင် ပေါ်လာသည်။ ဤတစ်ကြိမ်တွင် လင်းဖုန်းသည် အဆင့်ကို အတော်လေးကျော်ပြီး စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ လဲ့ယီမင်မှာ အဆင့် ၂၀,၀၀၉ ရှိပြီး အနန္တလမ်းစဉ်အကယ်ဒမီတွင် အတော်လေး အားကောင်းသောသူဟု သတ်မှတ်နိုင်သည်။ အနည်းဆုံးတော့ စီနီယာအတော်များများပင် သူ့ကို အနိုင်ရရန် မလွယ်ကူပေ။