← Chapters

အဆင့်သတ်မှတ်ချက်

Vol. 1 Ch. 15

အဆင့်သတ်မှတ်ချက်

Vol. 1 Ch. 15

လဲ့ယီမင်သည်လည်း ဓားမော့ အသုံးပြုသူသာ ဖြစ်သည်။ အမှန်စင်စစ်တွင် ပြင်ပနယ်မြေ၌ သိုင်းပညာရှင်အတော်များများက ဓားမော့ကိုသာ အသုံးများကြသည်။ အကြောင်းမှာ ဓားမော့သည် ခိုင်ခံ့ပြီး အားပါကာ လွှမ်းမိုးနိုင်စွမ်း မြင့်ပေသည်။ ထို့ပြင် ထွားကျိုင်းလှသော ကြမ်းကြုတ်သားရဲကြီးများကို ရင်ဆိုင်ရာတွင် ဓားမော့သည် အလွန်တရာ ထိရောက်မှု ရှိသောကြောင့်ဖြစ်သည်။

လဲ့ယီမင် ပေါ်လာသည်နှင့် သူ၏လက်ထဲမှ ဓားမော့သည် လင်ဖုန်းထံသို့ လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလာပြီး မိုးကြိုးပစ်သံကဲ့သို့ အသံများပင် ထွက်ပေါ်လာသည်။ ဤသည်မှာ သေချာပေါက် နက်နဲသော သိုင်းပညာတစ်ရပ်ပင်။

လေတိုးသံများမှာ လင်းဖုန်း၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ ဖိအားအရှိန်အဟုန်မှာလည်း ပြင်းထန်လွန်းလှသဖြင့် လင်းဖုန်းမှာ အသက်ရှူပင် ကျပ်လာသလို ခံစားလိုက်ရသည်။ လဲ့ယီမင် စတင်တိုက်ခိုက်လိုက်သည်နှင့် လင်းဖုန်း သိလိုက်ရသည်မှာ ဤလူသည် သူ အရင်စိန်ခေါ်ခဲ့သော လီဝေထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်ဟူ၍ပင်။

အရှိန်၊ ခွန်အား သို့မဟုတ် သိုင်းပညာအပေါ် နားလည်မှု၊ မည်သည့်နေရာတွင်မဆို လီဝေထက် အပြတ်အသတ် သာလွန်နေသည်။

သို့သော်လည်း လင်းဖုန်းမှာ လက်သီးတစ်ချက်ကိုသာ ထိုးနှက်လိုက်သည်။ သူ၏ လက်သီးအရှိန်ကြောင့် ပတ်ဝန်းကျင်မှ လေထုမှာပင် ပုံပျက်သွားသလို ခံစားရသည်။ ဤသည်မှာ လေထုကို အစွန်းကုန် ဖိသိပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အထူးဖြစ်စဉ်တစ်ခုပင်။

၎င်းမှာ လင်းဖုန်း၏ လက်သီး မည်မျှအစွမ်းထက်ကြောင်း သက်သေပြနေခြင်းလည်း ဖြစ်သည်။

ဘန်း...

လင်းဖုန်း၏ လက်သီးမှာ အလွန်မာကျောပြီး သူ၏ ခန္ဓာကိုယ်မှာလည်း သန်မာလှသည်။ သူသည် ပြိုင်ဘက်၏ ဓားမော့အရှိန်အဝါကို လက်ဖြင့် တိုက်ရိုက်ခံယူလိုက်ရာ သူ၏ လက်သီးမှာ သွေးစို့သွားသည်။ ၎င်းမှာ ဒဏ်ရာအနည်းငယ် ရသွားစေသော်လည်း လင်းဖုန်းကို အသက်အန္တရာယ်ဖြစ်စေလောက်သည့် ဒဏ်ရာမျိုးတော့ မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ လဲ့ယီမင်မှာ လင်းဖုန်း၏ လက်သီးရှိန်ကြောင့် တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။ ပုံရိပ်ယောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ စိန်ခေါ်မှု အောင်မြင်သွားပြီ ဖြစ်သည်။

“စိန်ခေါ်မှု အောင်မြင်ပါသည်။ လင်းဖုန်း၊ လက်ရှိအဆင့် ၂၀,၀၀၃။ ပြိုင်ဘက်များကို ဆက်လက်စိန်ခေါ်ရန် သို့မဟုတ် ပုံရိပ်ယောင်တိုက်ပွဲအခန်းမှ ထွက်ခွာရန် ရွေးချယ်နိုင်ပါသည်”

လင်းဖုန်း မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ ဤ လဲ့ယီမင်မှာ အားနည်းသူ မဟုတ်ပေ။ သူသည် အဆင့် ၂၀,၀၀၀ အတွင်း ရောက်ရန် အနည်းငယ်သာ လိုတော့သည့် အဆင့် ၂၀,၀၀၃ တွင် ရှိနေသူဖြစ်သည်။

သို့သော် လင်းဖုန်းအတွက်မူ အရှိန်အနည်းငယ် ရရုံသာ ရှိသေးသည်။ လက်နက်ကိုင်ထားသော သိုင်းပညာရှင်များကို လက်ဗလာဖြင့် ရင်ဆိုင်ရသည်မှာ အားနည်းချက် ရှိနေသလို ထင်ရသော်လည်း ဤသည်မှာ ပုံရိပ်ယောင်တိုက်ပွဲအခန်းသာ ဖြစ်သည်။ အရာအားလုံးက အတုအယောင်များသာ။ ခုနက သူ၏လက်တွင် ရခဲ့သော ဒဏ်ရာမှာလည်း ယခုအခါ လုံးဝ ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ စိန်ခေါ်မှု အောင်မြင်သွားတိုင်း သူသည် အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။

“လော့ခယ်တီ ကို ဆက်ပြီး စိန်ခေါ်မယ်”

လင်းဖုန်းသည် ဤတစ်ကြိမ်တွင် အဆင့် ၁၉,၀၀၀ တွင်ရှိသော လော့ခယ်တီကို စိန်ခေါ်ကာ အဆင့်များကို အကြီးအကျယ် ကျော်လိုက်ပြန်သည်။

အမှန်တကယ်တော့ တိုက်ပွဲနှစ်ပွဲပြီးနောက် လင်းဖုန်းမှာ ယုံကြည်မှု အတော်လေး ရလာခဲ့သည်။ အဆင့် (၅) ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးသည် ပျမ်းမျှအားဖြင့် ကီလိုဂရမ် ၈၀၀ ခန့်ရှိသော အားကိုသာ ထုတ်ဖော်နိုင်ကြောင်း သူ အွန်လိုင်းတွင် ရှာဖွေတွေ့ရှိထားသည်။

အဆင့် (၆) သိုင်းသမားများအတွက် ၁,၁၀၀ ကီလိုဂရမ်၊ အဆင့် (၇) အတွက် ၁,၄၀၀ ကီလိုဂရမ် ခန့်၊ အဆင့် (၈) အတွက် ၁,၇၀၀ ကီလိုဂရမ် ခန့်နှင့် အဆင့် (၉) သိုင်းသမားများအတွက်မူ ကီလိုဂရမ် ၂,၀၀၀ အထက် ရှိသည်။

ဤသည်မှာ ယေဘုယျအားဖြင့် ခန့်မှန်းထားခြင်းသာ ဖြစ်သည်။ အကြောင်းမှာ ပရော်ဖက်ရှင်နယ် သိုင်းသမားအချင်းချင်းကြားတွင်ပင် ကွာဟချက်များစွာ ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းမှာ မည်သည့် သိုင်းပညာကိုမျှ အသုံးမပြုဘဲ ခန္ဓာကိုယ်၏ သဘာဝခွန်အားသက်သက်ကိုသာ အခြေခံထားခြင်း ဖြစ်သည်။ အဆင့် (၄) မှစ၍ အဆင့်တစ်ခု တိုးတိုင်း ၃၀၀ ကီလိုဂရမ်ခန့် စီ တိုးလာခြင်းဖြစ်သည်။

သို့သော် လင်းဖုန်းမှာ မတူပေ။ သူသည် ကြမ်းကြုတ်သားရဲ နှစ်မျိုးနှင့် ပေါင်းစပ်ထားသူဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း ကီလိုဂရမ် ၂,၀၀၀ ရှိသော အားကိုတော့ အလွယ်တကူ ထုတ်ဖော်နိုင်သည်။

ဤတွက်ချက်မှုအရဆိုလျှင် သူသည် အဆင့် (၉) ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးနှင့် တန်းတူ ဖြစ်နေပြီ မဟုတ်ပါလား။

လင်းဖုန်းအနေဖြင့် သူ၏ ခွန်အားအဆင့်အတန်းကို သေချာမသိရသေးသောကြောင့်သာ ပုံရိပ်ယောင်တိုက်ပွဲအခန်းသို့ လာခဲ့ခြင်းဖြစ်သည်။ ယခု သူ စိန်ခေါ်လိုက်သော လော့ခယ်တီမှာ သူ စိန်ခေါ်စဉ်ကပင် အဆင့် (၇) ပရော်ဖက်ရှင်နယ် လက်မှတ် ရရှိထားသူဖြစ်သည်။

လော့ခယ်တီမှာ တကယ်ပင် အစွမ်းထက်လှသည်။ ကံမကောင်းစွာဖြင့် လင်းဖုန်းက ပို၍ အစွမ်းထက်နေသည်။ သူသည် ‘နွားရိုင်း၏ အရှိန်အဝါကိုပင် အသုံးမပြုရသေးဘဲ သဘာဝခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်ပင် လော့ခယ်တီကို အနိုင်ယူလိုက်သည်။

ထို့ကြောင့် လင်းဖုန်းမှာ ပြိုင်ဘက်များကို ဆက်တိုက် စိန်ခေါ်တော့သည်။ အဆင့် ၁၆,၀၀၀... ၁၄,၀၀၀... ၁၂,၀၀၀... ၁၀,၀၀၀...

အဆင့် (၇) ပညာရှင်များမှ အဆင့် (၈) ပညာရှင်များအထိ ကျော်ဖြတ်ပြီးနောက် လင်းဖုန်းသည် နောက်ဆုံးတွင် အဆင့် ၁၀,၀၀၀ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူသည် အဆင့် (၉) ပညာရှင်တစ်ဦးကို စိန်ခေါ်လိုက်ပြီဖြစ်သည်။

“အဆင့် ၇,၀၀၀၊ အဆင့် (၉) ပရော်ဖက်ရှင်နယ် သိုင်းသမား... အိုးရန်ထျန်း”

အိုးရန်ထျန်းသည် အဖြူရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ မျက်နှာပေးမှာ အေးစက်ခက်ထန်နေပြီး လက်ထဲတွင် ဓားတိုတစ်လက်ကို ကိုင်ဆောင်ထားသည်။ ၎င်းမှာ ဓားမော့ထက်ပင် ပိုတိုသော နှစ်ဖက်သွား ဓားတိုတစ်လက် ဖြစ်သည်။

ဆွှစ်...

ဓားချက် ထွက်ပေါ်လာသည်နှင့် လင်းဖုန်းမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထက်ရှသော ဓားသွားများက ဝန်းရံထားသလို ခံစားလိုက်ရသည်။ ဤဓားချက်မှာ သူ့ကို မည်သို့မျှ ခုခံ၍ မရနိုင်တော့သလို ခံစားရစေသည်။

“နွားရိုင်း၏ နင်းချေခြင်း”

လင်းဖုန်း၏ စိတ်ထဲတွင် နွားရိုင်းတစ်ကောင်၏ ပုံရိပ် ပေါ်လာသည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။ လင်းဖုန်းသည် လက်သီးတစ်ချက် ထိုးလိုက်ရာ ပြင်းထန်လှသော စွမ်းအားမှာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် အရှိန်အဝါ ရှိနေသည်။

လင်းဖုန်းသည် နွားရိုင်း၏ အရှိန်အဝါကို အသုံးပြုလိုက်သည့်အခါ သူ၏ လက်သီးခွန်အားမှာ ၃ တန် (၃,၀၀၀ ကီလိုဂရမ်) ကျော်အထိ ရှိနိုင်သည်။ ယင်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင်။

လင်းဖုန်းသည် အကြွင်းမဲ့ ခွန်အားကို အားကိုးအားထားပြုကာ ပြိုင်ဘက်မရှိ တစ်လျှောက်လုံး စိန်ခေါ်လာနိုင်ခဲ့သည်။

ရှပ်...

ဤတစ်ကြိမ်တွင်မူ တစ်ခုခု ထူးခြားသွားသည်။ လင်းဖုန်း၏ လည်ပင်းတွင် နာကျင်မှုကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် ပြိုလဲသွားတော့သည်။ ထို့နောက် လင်းဖုန်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူသည် ပုံရိပ်ယောင်အခန်းငယ်ထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

“ငါ ရှုံးသွားတာလား”

လင်းဖုန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူသည် ခုနကတင် ပြိုင်ဘက်မရှိသလို ယုံကြည်မှုများ ရရှိနေခဲ့ပြီး သူ၏ အစွမ်းထက်လှသော ခွန်အားဖြင့် မည်သူ့ကိုမဆို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် အိုးရန်ထျန်း၏ ဓားချက်မှာ အရိပ်ထဲမှ ထွက်ပေါ်လာသလိုပင်။ သူသည် ဓားသွား၏ လမ်းကြောင်းကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ ရှုံးနိမ့်သွားခဲ့ရသည်။

အကယ်၍ ဤသည်မှာ တကယ့် တိုက်ပွဲအစစ်အမှန်သာ ဖြစ်ပါက လင်းဖုန်းမှာ အခုလောက်ဆို သေဆုံးနေလောက်ပြီဖြစ်သည်။

သိုင်းပညာလမ်းစဉ်ဆိုသည်မှာ ထင်သလောက် မရိုးရှင်းပါတကား။

“အဲဒီဓားချက်က နက်နဲလှတဲ့ ဓားသိုင်းတစ်ခုခုပဲ ဖြစ်ရမယ်။ တကယ်ပဲ... သိုင်းပညာဆိုတာ ခွန်အားသက်သက်ကိုပဲ အားကိုးလို့ မရဘူး။ ငါ့မှာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ ရှိနေပေမဲ့လည်း သိုင်းပညာကိုတော့ လျှော့တွက်လို့ မရဘူးပဲ”

အိုးရန်ထျန်း၏ ခွန်အားမှာ သူ့ထက် အားနည်းပြီး အရှိန်မှာလည်း အလွန်မြန်သည်ဟု မဆိုနိုင်ကြောင်း လင်းဖုန်း သိလိုက်ရသည်။ သို့သော်လည်း အိုးရန်ထျန်းသည် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည်။ ဤသည်မှာ သိုင်းပညာ၏ အကျိုးသက်ရောက်မှုပင် ဖြစ်ပေမည်။

စိန်ခေါ်မှု ရှုံးနိမ့်သွားပြီးနောက် လင်းဖုန်းမှာ ပုံရိပ်ယောင်အခန်းငယ်ထဲမှ ထွက်လာခဲ့သည်။

ပုံရိပ်ယောင်တိုက်ပွဲအခန်း၏ အပြင်ဘက်တွင် ကျန်းချီကျီမှာ ထွက်နှင့်နေသည်မှာ ကြာပြီဖြစ်သည်။ လင်းဖုန်းကို မြင်သည်နှင့် ကျန်းချီကျီက အပြေးအလွှား မေးလာသည်။

“အစ်ကိုဖုန်း... မင်း အထဲမှာ တော်တော်ကြာနေတာပဲ။ အဆင့်ကတော့ အတော်လေး ကောင်းမယ် ထင်တယ်နော်၊ ဟုတ်တယ်မလား”

“မင်းကော”

လင်းဖုန်းက ပြန်မေးလိုက်သည်။

“ငါကတော့ နောက်ဆုံးလူကိုတောင် မနိုင်ဘူးကွာ။ အခု အဆင့် အောက်ဆုံးမှာပဲ ရှိသေးတယ်”

ကျန်းချီကျိ မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။ သူ၏ ခွန်အားမှာ တကယ်ပင် အားနည်းလွန်းလှသည်။ သူသည် အဆင့် (၄) သိုင်းပညာရှင်အဆင့်သို့ ရောက်ရန်ပင် အနိုင်နိုင် ဖြစ်ပြီး ၎င်းမှာလည်း အရင်းအမြစ် အမျိုးမျိုးကို စုပေါင်းသုံးစွဲပြီးမှ ရရှိထားခြင်း ဖြစ်နိုင်သည်။ သူ့မှာ ဘယ်လို တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိပါမည်နည်း။

“အော်... ဒါနဲ့ အစ်ကိုဖုန်း၊ မင်းရဲ့ အဆင့်ကတော့ အတော်လေး မြင့်မှာပဲ မဟုတ်လား”

လင်းဖုန်း ခေတ္တမျှ ဝေခွဲမရဖြစ်သွားသော်လည်း ပြန်ဖြေလိုက်သည်။

“သိပ်တော့ မမြင့်ပါဘူး။ အဆင့် ၈,၀၀၀ မှာပါ”

“ဘာ... အဆင့် ၈,၀၀၀ ဟုတ်လား”

ကျန်းချီကျိမှာ အကြီးအကျယ် လန့်သွားပြီး အော်ဟစ်မိတော့သည်။ သူတို့ ဘေးပတ်ဝန်းကျင်မှ လူအားလုံးမှာလည်း ထိုအသံကို ကြားသွားကြသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မျက်လုံးများမှာ လင်းဖုန်းနှင့် ကျန်းချီကျိတို့ဆီသို့ စုပြုံရောက်ရှိလာတော့သည်။

အဆင့် ၈,၀၀၀။ ဤသည်မှာ တကယ့်ကို တုန်လှုပ်စရာကောင်းလှသည်။ ထူးချွန်ပါရမီရှင် ခြောက်ဦးပင် ပထမဆုံးအကြိမ် စိန်ခေါ်စဉ်က လင်းဖုန်း၏ ရလဒ်လောက် ရလိမ့်မည် မဟုတ်ပေ။

“မင်းသာ တကယ် အဆင့် ၈,၀၀၀ ဆိုရင်တော့... မင်းမှာ အနည်းဆုံး အဆင့် (၈) ဒါမှမဟုတ် အဆင့် (၉) ပရော်ဖက်ရှင်နယ် သိုင်းသမားရဲ့ စွမ်းအားရှိနေပြီပေါ့”

ကျန်းချီကျီ အသံတိုးတိုးဖြင့် ရေရွတ်နေမိသည်။ သူ စိတ်ဓာတ်ကျသွားရသည်။ သူသည် လင်းဖုန်းထက် တစ်နှစ်သာ ငယ်သော်လည်း ကွာဟချက်မှာ အလွန်ကြီးမားလွန်းလှသည်။ ယခုအခါ သူက အဆင့် (၄) သာ ရှိသေးသော်လည်း လင်းဖုန်းကတော့ အဆင့် (၉) ပညာရှင်တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။

“ဟဲ... ဒီနှစ်ယောက်က ကျောင်းသားသစ်တွေ မဟုတ်လား။ အဆင့် ၈,၀၀၀ တဲ့လား။ အဆင့် ၁၈,၀၀၀ တောင် မဖြစ်နိုင်ပါဘူးကွာ”

“ဟုတ်တယ်... ဒီနှစ်ယောက်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က ကျောင်းသားသစ်တွေ ဖြစ်မှာပါ။ ကျောင်းသားသစ်ကသာ အဆင့် ၈,၀၀၀ ရမယ်ဆိုရင် ငါဆိုရင် အဆင့် ၈၀ တောင် ချိတ်နေလောက်ပြီ”

“ကျောင်းသားသစ်တွေထဲက ပါရမီရှင် ခြောက်ယောက်ဆိုတာတွေတောင် အဆင့် ၈,၀၀၀ ထဲ ဝင်နိုင်မှာ မဟုတ်ဘူး”

လင်းဖုန်းမှာတော့ ထိုသုများ၏ ကဲ့ရဲ့ရှုံ့ချမှုများကို ဂရုမစိုက်ပေ။ အခြားတစ်ဖက်တွင်မူ ကျန်းချီကျီမှာတော့ မျက်နှာနီမြန်းနေသည်။ သူသည် မတရားသလို ခံစားရသဖြင့် ပြန်လည် ငြင်းခုံရန် ပြင်သော်လည်း လင်းဖုန်းက တားဆီးလိုက်သည်။

“သွားကြရအောင်”

လင်းဖုန်းသည် အဓိပ္ပာယ်မရှိသော အငြင်းအခုံမျိုးကို စိတ်မဝင်စားပေ။

လင်းဖုန်းနှင့် ကျန်းချီကျိတို့ ထွက်သွားကြသော်လည်း အချို့သော လူများမှာ သံသယရှိနေကြဆဲပင်။ ထို့ကြောင့် လူအချို့မှာ ပုံရိပ်ယောင်တိုက်ပွဲအခန်းထဲသို့ ပြန်ဝင်သွားကြပြီး အဆင့် ၈,၀၀၀တွင် ရှိသော သိုင်းပညာရှင်ကို တိတ်တဆိတ် သွားရောက် စိန်ခေါ်ကြည့်ကြလေတော့သည်။

ထိုသို့ဖြင့် အံ့ဩတုန်လှုပ်သံများစွာနှင့်အတူ လင်းဖုန်း၏ သတင်းမှာ အနန္တလမ်းစဉ်အကယ်ဒမီ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေတော့သည်။

All Chapters