ပိုင်မိသားစု
Vol. 1 Ch. 18
ကားမောင်းနေစဉ်အတွင်း လင်းဖုန်းသည် ပိုင်မိသားစုအကြောင်းကို ကျန်းချီကျီအား အသေးစိတ် မေးမြန်းကြည့်လိုက်သည်။
ကျန်းချီကျီသည် သူ ပြောသည့်အတိုင်းပင် ပိုင်မိသားစုအကြောင်းကို ကောင်းကောင်းသိထားသည်။
ပိုင်မိသားစုသည် ဒယ်တာမြို့၏ ထိပ်တန်း စီးပွားရေးမိသားစုများထဲမှ တစ်ခုဖြစ်သည်။ သို့သော် သူတို့သည် သိုင်းပညာနှင့် ပတ်သက်မှုမရှိဘဲ စီးပွားရေးလုပ်ငန်းကိုသာ သီးသန့် လုပ်ကိုင်သည့် မိသားစုဖြစ်သည်။ ပိုင်မိသားစုပိုင်ဆိုင်မှုတန်ဖိုးမှာ ကျန်းချီကျီ၏ မိသားစုထက်ပင် သာလွန်နေသေးသည်။
ပိုင်မိသားစုသည် သိုင်းမျိုးနွယ်စု မဟုတ်သကဲ့သို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် သာလွန်လူသား အစောင့်အရှောက်လည်း မရှိပေ။ သို့သော် သူတို့သည် စစ်တပ်၊ အစိုးရတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသဖြင့် ပိုင်မိသားစု၏ စီးပွားရေးမှာ အလွန်ပင် ကျယ်ပြန့်လှသည်။
"စစ်တပ်နဲ့ရော အစိုးရနဲ့ပါ ပတ်သက်နေမှတော့ အစိုးရရော စစ်တပ်ပါ လုံဝေ့ပင်းရဲ့ ခြိမ်းခြောက်မှုကို လျစ်လျူရှုထားမှာ မဟုတ်ဘူး မလား"
လင်းဖုန်းက နားမလည်စွာ မေးလိုက်သည်။
"ဟဲဟဲ... ဘယ်လျစ်လျူရှုထားပါ့မလဲ။ စစ်တပ်က သေချာပေါက် ပညာရှင်တွေ စေလွှတ်မှာပေါ့။ ဒါပေမဲ့ လုံဝေ့ပင်းရဲ့ ကိစ္စက မိသားစု တစ်ခုနှစ်ခုတည်း ပတ်သက်နေတာ မဟုတ်ဘူး။ ရဲဌာနမှာတောင် လူအင်အား မလောက်ငှဘူး ဖြစ်နေတာ။ အဆင့် (၈) အထက် ပညာရှင်တွေဆိုတာ ပိုတောင် ရှားသေး။ ဒါပေမဲ့ ပိုင်မိသားစုက စစ်တပ်နဲ့ ရင်းနှီးတယ်ဆိုတော့ စစ်တပ်က အနည်းဆုံးတော့ အဆင့်မြင့် ပရော်ဖက်ရှင်နယ် သိုင်းသမား တစ်ယောက်လောက်ကိုတော့ စေလွှတ်ပေးမှာ သေချာတယ်"
"အဲဒါအပြင် ရဲဌာနနဲ့ ပိုင်မိသားစုကလည်း အပြင်က အဆင့်မြင့် သိုင်းသမားတွေကို အခကြေးငွေပေးပြီး ခေါ်ထားကြသေးတာ။ ဒါကြောင့် ပိုင်မိသားစုက အခြေခံအားဖြင့်တော့ ဘေးကင်းတယ်လို့ ပြောလို့ရတယ်။ မင်းကတော့ အဲဒီမှာ အိမ်ဖြည့်သက်သက်ပဲ သွားရတာဖြစ်မယ်"
"အိမ်ဖြည့်သက်သက်ပဲ သွားရရုံနဲ့ ပိုင်မိသားစုက ယွမ် ၁၀ သန်းလောက် အကုန်ခံတာလား"
လင်းဖုန်းသည် ပိုင်မိသားစု၏ ကြွယ်ဝမှုကို အနည်းငယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။ အနန္တလမ်းစဉ်အကယ်ဒမီတွင် ကာကွယ်ရေးမစ်ရှင် ထုတ်ပြန်ထားပြီး တစ်စုံတစ်ယောက်က လက်ခံလိုက်သည်နှင့် သုံးရက်အတွင်း အမှတ် ၅၀ ရရှိမည်ဖြစ်ရာ ပိုင်မိသားစုအနေဖြင့် ကော်မရှင်ခ အနည်းဆုံး ယွမ် ၁၀ သန်းကို ပေးဆောင်ရမည် ဖြစ်သည်။
၎င်းသည် သာမန် ချမ်းသာသော မိသားစုမျိုး လုပ်နိုင်သည့် အရာမဟုတ်ပေ။
လုံဝေ့ပင်းကို သတ်ရန်ဆိုသည်မှာလည်း လုံဝေ့ပင်းသည် ပိုင်မိသားစုထံသို့ လာရောက်ရန် ဖြစ်နိုင်ခြေမှာ ပထမဦးစွာ အလွန်နည်းပါးနေသည်။ အကယ်၍ လာခဲ့သည် ရှိသော်လည်း သူတို့ သတ်နိုင်ပါ့မလား ဆိုသည်မှာလည်း အမေးထုတ်စရာပင်။ သို့သော်လည်း လုံဝေ့ပင်း ရောက်လာခဲ့ပါက အချိန်အတိုင်းအတာတစ်ခုအထိ ဆွဲထားနိုင်ရန်အတွက် ဤ ယွမ် ၁၀ သန်း အကုန်ကျခံခြင်းမှာ အချည်းနှီး ဖြစ်သွားမည် မဟုတ်ပေ။
"ကျန်းချီကျီ... မင်း ပိုင်မိသားစုအကြောင်း ဒီလောက် သိနေတာ မင်းတို့က မြို့ခံချင်း မို့လို့ပဲ မဟုတ်လောက်ဘူး ထင်တယ်။ ဟုတ်တယ်မလား"
လင်းဖုန်း၏ စိတ်ထဲတွင် သံသယ အနည်းငယ် ရှိနေသည်။ သူ ပိုင်မိသားစုထံ သွားမည်ဟု ပြောလိုက်သည်နှင့် ကျန်းချီကျီက အလွန်အမင်း တက်ကြွစွာ လိုက်ပို့ပေးမည်ဟု ပြောခြင်းမှာ သူပြောသလောက် မရိုးရှင်းနိုင်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းချီကျီက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီးနောက်
"တကယ်တော့... ငါက ပိုင်မိသားစုရဲ့ တတိယမြောက် သမီးနဲ့ စေ့စပ်ထားတာလေ။ ဟဲဟဲ... ငါကတော့ စေ့စပ်ထားတဲ့ ဇနီးလောင်းလေးကို သွားတွေ့ချင်ရုံပါပဲ။ အဲဒါတော့ ရတယ်မလား"
လင်းဖုန်း နားလည်သွားသည်။ ဤကဲ့သို့သော တိုက်ဆိုင်မှုမျိုး အမှန်တကယ်ပင် ရှိနေပါလား။ သို့သော် ကျန်းချီကျီ၏ လေလွင့်တတ်သော စရိုက်ကို ကြည့်ပါက သူ့ဇနီးလောင်း ဖြစ်လျှင်ပင် သူသည် မိန်းကလေးတစ်ဦးကို တွေ့ရန်သက်သက် လာခြင်း ဖြစ်သည်ဟု လင်းဖုန်း မယုံကြည်ပေ။
ကျန်းချီကျီက ရှင်းပြမှသာ လင်းဖုန်း ဖြည်းဖြည်းချင်း နားလည်သွားတော့သည်။ ကျန်းချီကျီသည် အစပိုင်းတွင် ဤကဲ့သို့သော လူကြီးချင်း စီစဉ်သည့် အိမ်ထောင်ရေးကို အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ သူသည် လုံးဝပင် ဆန္ဒမရှိခဲ့ပေ။ သို့သော်လည်း ဤငရှုပ်ကောင်သည် ပိုင်မိသားစု၏ တတိယမြောက် သမီးလေး ပိုင်ကျင်းကို မြင်လိုက်ရသည့် အချိန်မှစ၍ သူမ၏ အလှတွင် လုံးဝ နစ်မျောသွားခဲ့တော့သည်။
ထိုအချိန်မှစ၍ ကျန်းချီကျီသည် ပိုင်ကျင်း၏ မျက်နှာသာ ပေးမှုကို ရရှိရန်အတွက် သူ၏ အသုံးအဖြုန်းကြီးသော သူဌေးသားတစ်ယောက်၏ ဘဝဟန်ပန်များကို စွန့်လွှတ်ကာ ကြိုးစားပြောင်းလဲခဲ့သည်။
လင်းဖုန်း အနည်းငယ် စိတ်ဝင်စားသွားသည်။ ကျန်းချီကျီကဲ့သို့သော လူရှုပ်လေးတစ်ဦးကို ပြောင်းလဲစေနိုင်သည့် အမျိုးသမီးမှာ မည်သို့သော သူမျိုး ဖြစ်ပါလိမ့်မည်နည်း။
ပိုင်မိသားစု၏ ဗီလာမှာ မြို့လယ်ခေါင်တွင် ရှိပြီး အလွန် ကြီးမားကျယ်ပြန့်သည်။ ၎င်းမှာ ဗီလာအစုအဝေး တစ်ခုဖြစ်သော်လည်း တည်ဆောက်သူမှာ ပိုင်မိသားစုပင် ဖြစ်သည်။ ထို့ကြောင့် ပိုင်မိသားစု၏ ဗီလာမှာ စံအိမ်တော်ကြီးတစ်ခုနှင့် ပို၍ တူနေသည်။
ကျန်းချီကျီ၏ ကားမှာ ပိုင်မိသားစု ဗီလာရှေ့တွင် ဖြည်းဖြည်းချင်း ရပ်လိုက်သောအခါ ရဲအရာရှိ အချို့က စုံစမ်းရန် ချက်ချင်း ရောက်လာကြသည်။ ပိုင်မိသားစု ဗီလာပတ်ပတ်လည်တွင် ပေါ်ပေါ်ထင်ထင်ရော တိတ်တဆိတ်ပါ ရဲအစောင့်အရှောက်များ ရှိနေသည်။ ထို့အပြင် ဗီလာရှေ့ရှိ လှုပ်ရှားမှုများကိုလည်း စူးရှသော မျက်လုံးအချို့က စောင့်ကြည့်နေကြသည်။
ကျန်းချီကျီ ပြောသည့်အတိုင်းပင် ပိုင်မိသားစု၏ ကာကွယ်ရေး အစီအမံများမှာ အတော်လေး ပြည့်စုံနေပြီ ဖြစ်သည်။ သူကတော့ အမှတ်အလကားရရန်အတွက် ဟန်ပြလာခဲ့ခြင်းသာ ဖြစ်သည်။
"ကျွန်တော်တို့က အနန္တလမ်းစဉ်အကယ်ဒမီကပါ။ ပိုင်မိသားစုကို ကာကွယ်ဖို့ လာတာပါ"
"အနန္တလမ်းစဉ်အကယ်ဒမီလား"
ရဲများက သူတို့နှစ်ဦးကို ခေတ္တမျှ စစ်မေးပြီးနောက် လင်းဖုန်းနှင့် ကျန်းချီကျီတို့၏ ကိုယ်ရေးအချက်အလက် အထောက်အထားကို အတည်ပြုပြီးမှ အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။
ပိုင်မိသားစုစံအိမ်ထဲသို့ ရောက်သောအခါ ဧည့်ခန်းထဲတွင် လူအများအပြား ရှိနေသည်ကို လင်းဖုန်း တွေ့လိုက်ရသည်။ ဆိုဖာပေါ်တွင် ထိုင်နေသူများမှာ ပိုင်မိသားစု၏ အဓိက အဖွဲ့ဝင်များ ဖြစ်ဟန်တူသည်။ အမျိုးသမီး သုံးဦး၊ အမျိုးသား နှစ်ဦးအပြင် အသက်ကြီးကြီး ဇနီးမောင်နှံ နှစ်ယောက်လည်း ရှိနေသည်။ သူတို့သည် ပိုင်မိသားစု၏ ခေါင်းဆောင်နှင့် ဇနီးသည်တို့ ဖြစ်ရမည်။
ပိုင်မိသားစုဝင်များအပြင် လက်နက်ကိုင် ရဲအရာရှိများစွာနှင့် အနက်ရောင်ဝတ် ကိုယ်ရံတော် အမြောက်အမြားလည်း ရှိနေသည်။ သို့သော် လင်းဖုန်း အာရုံအစိုက်ဆုံးမှာ ပိုင်သခင်ကြီး၏ ဘေးတွင် မတ်မတ်ရပ်နေသော နေကာမျက်မှန်တပ်ထားသည့် အရပ်ရှည်ရှည် လူတစ်ယောက်ပင် ဖြစ်သည်။ သူ၏ ရပ်နေပုံကို ကြည့်ရုံနှင့် စစ်သားတစ်ယောက် ဖြစ်ကြောင်း သိနိုင်သည်။ လင်းဖုန်းသည် ထိုသူ့ဆီမှ အန္တရာယ်ရှိသော အငွေ့အသက် အချို့ကိုပင် ခံစားနေရသည်။
ဤသည်မှာ ကြမ်းကြုတ်သားရဲ မျိုးရိုးဗီဇ နှစ်မျိုးနှင့် ပေါင်းစပ်ထားသည့် လင်းဖုန်း၏ အလိုလို သိစိတ်ပင် ဖြစ်သည်။
"ချီကျီ... မင်းကို အနန္တလမ်းစဉ်အကယ်ဒမီက စေလွှတ်လိုက်တာလား"
ပိုင်သခင်ကြီးသည် ကျန်းချီကျီကို သေချာပေါက် သိထားသလို ကျန်းချီကျီ၏ အခြေအနေကိုလည်း သိထားသည်။ ထို့ကြောင့် သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်မိသားစုတွင် ငွေကြေးပိုင်ဆိုင်မှု အမြောက်အမြား ရှိသော်လည်း သူတို့မှာ အရူးများ မဟုတ်ပေ။ ကျန်းချီကျီကို ဤနေရာသို့ စေလွှတ်လိုက်ခြင်းက မည်သို့သော အကျိုးရှိပါမည်နည်း။
ကျန်းချီကျီက အမြန် ခေါင်းခါလိုက်ပြီး
"ဦးလေးပိုင်... ဦးလေး မှားနေပါပြီ။ ကျွန်တော် မဟုတ်ပါဘူး၊ ကျွန်တော့်သူငယ်ချင်း လင်းဖုန်းပါ။ သူက ကျွန်တော့်ထက် အများကြီး ပိုစွမ်းတာ။ လင်းဖုန်းက အနန္တလမ်းစဉ်အကယ်ဒမီကို အခုမှ ဝင်ထားတာ ဆိုပေမဲ့ အရမ်း အစွမ်းထက်တယ်ဗျ။ မစ်ရှင်ကို လက်ခံခဲ့တာလည်း သူပါပဲ"
"ကျောင်းသားသစ်လား"
သခင်ကြီးပိုင်မှာ သံသယ ရှိနေဆဲပင်။ အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းသားသစ်တစ်ယောက်၏ စွမ်းအားကို သူ သိပ်မယုံကြည်ကြောင်းမှာ ထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ် သူတို့ ရင်ဆိုင်ရမည့်သူမှာ လုံဝေ့ပင်းကဲ့သို့သော လူသတ်သမား ဖြစ်နေသောကြောင့်ပင်။ သို့သော်လည်း အနန္တလမ်းစဉ်အကယ်ဒမီက မစ်ရှင် ထုတ်ပြန်ထားပြီး ဖြစ်သလို တစ်စုံတစ်ယောက်က လက်ခံပြီး ဖြစ်သဖြင့် သူ ကန့်ကွက်၍ မရတော့ပေ။
"လင်းဖုန်း... ပိုင်မိသားစုက မင်းကို ကြိုဆိုပါတယ်။ နောက်ထပ် သုံးရက်အတွင်းမှာ မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကြိုပြီးတော့ ကျေးဇူးတင်ပါတယ်"
"ပိုင်သခင်ကြီး အားနာစရာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့် တာဝန်ပါ"
လင်းဖုန်းက အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် အပေါ်ထပ်နှင့် အောက်ထပ် တစ်ဝိုက်ကို လှည့်လည်ကြည့်ရှုကာ ကာကွယ်ရေး အားနည်းသည့် နေရာများကို ရှာဖွေကြည့်လိုက်သည်။ သို့သော် မျက်ကွယ်နေရာတိုင်းနှင့် အားနည်းသည့် နေရာတိုင်းမှာ စီစဉ်ပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့အတွက် ဘာမှ လုပ်စရာ မလိုအပ်သလောက်ပင်။
အားလုံးက ပြင်ဆင်ပြီးသား ဖြစ်နေသဖြင့် လင်းဖုန်းသည်လည်း အမှတ် ၅၀ ကို အလကားရယူရန်သာ စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် နေရာတစ်ခုတွင် ထိုင်ကာ မျက်လုံးမှိတ်၍ အနားယူလိုက်လေတော့သည်။
ကျန်းချီကျီသည်လည်း အခွင့်အရေးကို အရယူကာ ပိုင်မိသားစု သမီးသုံးယောက်ထဲမှ အငယ်ဆုံးဖြစ်သူ ပိုင်ကျင်း အနားသို့ ကပ်သွားတော့သည်။
"ကျင်းကျင်း... ဒီရက်ပိုင်းအတွင်း မင်း စိုးရိမ်ထိတ်လန့်နေမှာပဲ။ ဒါပေမဲ့ အခု စိတ်ချလိုက်တော့။ အစ်ကိုဖုန်း ရှိနေမှတော့ ဘာမှ ပြဿနာ မရှိစေရဘူး။ လုံဝေ့ပင်းဆိုတဲ့ကောင် ရောက်လာခဲ့ရင်တောင် အဲ့ကောင် သွားပြီလို့သာ မှတ်လိုက်တော့"
ကျန်းချီကျီက သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ သူသည် လင်းဖုန်းကို အလွန် ယုံကြည်နေခြင်း ဖြစ်သည်။
"ဟက်..."
ပိုင်မိသားစု၏ ဒုတိယသမီးဖြစ်သူမှာ ရုတ်တရက် အသံထွက်အောင် ရယ်မောလိုက်တော့သည်။ သူမက မျက်လုံးမှိတ် အနားယူနေသည့် လင်းဖုန်းကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
"ကျန်းချီကျီ... မင်းရဲ့ သူငယ်ချင်းတွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ ငါတို့ မသိဘူးလို့ ထင်နေတာလား။ သူက အလကားလာပြီး အမှတ်ယူမယ့်သူပဲ။ မစ်ရှင်ကို သူ ဘယ်လို လက်ခံနိုင်ခဲ့လဲတောင် ငါ မသိဘူး"
ကျန်းချီကျီ မျက်မှောင်ကြုတ်သွားသည်။ ပိုင်မိသားစုရှေ့တွင် သူ၏ ပုံရိပ်မှာ မကောင်းမှန်း သူ သိထားသည်။ ၎င်းမှာ သူ၏ အတိတ်က အမှားများကြောင့်ပင်။ သို့သော်လည်း ပိုင်ကျင်းအတွက် သူ ကြိုးစား ပြောင်းလဲခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ပိုင်မိသားစု ဒုတိယသမီးက လင်းဖုန်းအပေါ် သံသယဝင်နေခြင်းကို ကျန်းချီကျီ လုံးဝ လက်မခံနိုင်ပေ။ ထို့ကြောင့် သူ ပြန်မပြောဘဲ မနေနိုင်တော့ပေ။
"ဟမ့်... အစ်ကိုဖုန်းက အလကားလာတာ မဟုတ်ဘူး။ လုံဝေ့ပင်းဆိုတဲ့ကောင်သာ အဟုတ်တန်း လာရဲလို့ရှိရင် မင်း အစ်ကိုဖုန်းနဲ့ ငါ့ကို တကယ် ကျေးဇူးတင်ရလိမ့်မယ်"
ပိုင်မိသားစု ဒုတိယသမီးက မယုံကြည်သည့် အကြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ပိုင်ကျင်းသည်လည်း လင်းဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် သဘောထား နူးညံ့သူ ဖြစ်သဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ချီကျီ... ဘာပဲဖြစ်ဖြစ် ငါတို့ မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လုံဝေ့ပင်းက ပြင်ပနယ်မြေမှာ ကြမ်းကြုတ်သားရဲတွေနဲ့ တိုက်ခိုက်ခဲ့တဲ့သူလေ။ ငါတို့ကို ကာကွယ်ဖို့ စစ်တပ်က စေလွှတ်လိုက်တဲ့ ဗိုလ်မှူးအိုးရန်တောင်မှ လုံဝေ့ပင်းကို သေချာပေါက် အနိုင်ရမယ်လို့ မပြောနိုင်ဘူးလေ"
ပိုင်ကျင်း ပြောနေသည့် ဗိုလ်မှူးအိုရန်မှာ ပိုင်သခင်ကြီး၏ ဘေးတွင် ရပ်နေသည့် နေကာမျက်မှန်နှင့် လူပင် ဖြစ်သည်။ သူသည် ပိုင်သခင်ကြီးကို ကာကွယ်ရန် စစ်တပ်မှ အထူးစေလွှတ်လိုက်သူ ဖြစ်သည်။
"ကျင်းကျင်း... ဒီတစ်ကြိမ်တော့ ငါ့ကို ယုံလိုက်ပါ။ အဲဒါအပြင် စစ်တပ်က ပိုင်သခင်ကြီးကိုပဲ အထူး ကာကွယ်ပေးတာ။ အန္တရာယ်တစ်ခုခု ဖြစ်လာရင် သူက မင်းကို ကာကွယ်ပေးနိုင်မှာလား။ ဒါပေမဲ့ အစ်ကိုဖုန်း ရှိနေရင်တော့ ငါတို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး ငါတို့ကို အကောင်းဆုံး ကာကွယ်ပေးလိမ့်မယ်"
ပိုင်ကျင်းမှာလည်း ငတုံးငအ မဟုတ်ပေ။ သူမ ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ကျန်းချီကျီ၏ အကျိုးအကြောင်းသင့်သော စကားကို သဘောတူလိုက်သည်။ စစ်တပ်သည် ပိုင်သခင်ကြီးကိုသာ ဂရုစိုက်သည်။ ပိုင်မိသားစုဝင် ကျန်လူများ၏ ဘေးကင်းရေးမှာ စစ်တပ်နှင့် ဘာမှ မဆိုင်ပေ။ အကယ်၍ အန္တရာယ်တစ်ခုခုသာ အမှန်တကယ် ဖြစ်လာပါက စစ်တပ်သည် ပိုင်သခင်ကြီးကိုသာ ကာကွယ်ပေးပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ချီကျီ။ ဒါပေမဲ့ ဒီသုံးရက်အတွင်း ဘာမှမဖြစ်ဘဲ အေးအေးဆေးဆေး ပြီးသွားဖို့ပဲ ငါ မျှော်လင့်ပါတယ်"
ပိုင်ကျင်းက အသံတိုးတိုးဖြင့် ဆုတောင်းလိုက်သည်။ သုံးရက်။ ထိုအချိန်အတိုင်းအတာမှာ အစိုးရအနေဖြင့် လုံဝေ့ပင်းကို ဝိုင်းဝန်းသတ်ဖြတ်ရန် ပညာရှင်များ စေလွှတ်မည့် အချိန်လည်း ဖြစ်သည်။ မည်သည့်အရေးကိစ္စများ ရှိသည်ဖြစ်စေ သုံးရက်အတွင်း အာဏာပိုင်များက လုံဝေ့ပင်းကို သေချာပေါက် ဖမ်းဆီးနိုင် သို့မဟုတ် သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် သူတို့ လုပ်ရမည့် တစ်ခုတည်းသော အရာမှာ ဤသုံးရက်ကို ဘေးကင်းစွာ ဖြတ်ကျော်ရန်ပင် ဖြစ်တော့သည်။