သုံးရက်မြောက်နေ့
Vol. 1 Ch. 19
ကျန်းချီကျီမှာ ပိုင်ကျင်းနှင့် ဆက်ဆံရေး တိုးတက်လာစေရရန် နှစ်ယောက်သား တတွတ်တွတ် စကားပြောနေတော့သည်။ သူသည် ဤနေရာမှ အန္တရာယ်များကို စိုးစဉ်းမျှပင် ဂရုမစိုက်ပေ။ ပိုင်ကျင်းနှင့် အတူရှိနေရလျှင် မည်သည့်အန္တရာယ်ကိုမျှ မကြောက်တော့သည့်အလားပင်။
လင်းဖုန်း ရံဖန်ရံခါ မျက်လုံးဖွင့်ကြည့်တတ်သည်။ ထို ကျန်းချီကျီ၏ မျက်နှာပေါ်မှ အပြုံးကို မြင်ရသောအခါ လင်းဖုန်း၏ နှုတ်ခမ်းဖျားတွင်လည်း အပြုံးတစ်ခု ပေါ်လာမိသည်။ ကျန်းချီကျီနှင့် သိကျွမ်းခဲ့သည့် အချိန်မှစ၍ ဤသူ ယခုလောက် တက်ကြွနေသည်ကို လင်းဖုန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ကျန်းချီကျီသည် ပိုင်ကျင်းကို တကယ်ပင် ချစ်မိသွားပုံရသည်။ သို့မဟုတ်ပါက ကျန်းချီကျီကဲ့သို့ ထင်ရာစိုင်းတတ်သော သူဌေးသားတစ်ဦးမှာ ဤသို့ လုပ်ဆောင်နေမည် မဟုတ်ပေ။
ပိုင်ကျင်းမှာ အမှန်တကယ်ပင် လှပကျော့ရှင်းပြီး ကျက်သရေရှိလှသည်။ သူမသည် ယဉ်ကျေးသိမ်မွေ့သည့်အပြင် နူးညံ့သော စိတ်ထားလည်း ရှိသည်။ အကယ်၍ သူတို့နှစ်ဦး အမှန်တကယ် လက်တွဲဖြစ်သွားပါက တကယ့်ကို ကောင်းမွန်သော ပတ်သက်ဆက်နွယ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ပိုင်ကျင်းကို မြင်လိုက်ရသောအခါ လင်းဖုန်း၏ စိတ်ထဲတွင် ချူချန်း၏ ပုံရိပ် ပေါ်လာသည်။ ချူချန်းတစ်ယောက် ဝင်ရိုးစွန်းအကယ်ဒမီမှာ ဘယ်လိုများ နေလိမ့်မလဲဟု သူ တွေးနေမိသည်။ ကမ္ဘာ့ထိပ်တန်း သိုင်းအကယ်ဒမီကြီး သုံးခုကြားတွင် ပြိုင်ဆိုင်မှုမှာ အလွန် ပြင်းထန်လှရာ ချူချန်းတစ်ယောက် ခံနိုင်ရည်ရှိပါ့မလားဟု သူ စိုးရိမ်မိခြင်းဖြစ်သည်။
သို့သော် ဤအတွေးများမှာ လင်းဖုန်း၏ စိတ်ထဲတွင် ခေတ္တမျှသာ ဖြတ်ပြေးသွားခြင်း ဖြစ်သည်။ သူသည် စိတ်ရှုပ်ထွေးစရာ အတွေးများကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်သရွေ့ ဘာကိုမျှ ဆုံးဖြတ်ချက်ချ၍ မရနိုင်ပေ။ ယခု သူ၏ ပန်းတိုင်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသားတစ်ဦး ဖြစ်လာရန်သာ ဖြစ်သည်။ ကျန်သည့်ကိစ္စများကိုမူ အနာဂတ်ရောက်မှသာ စဉ်းစားရပေလိမ့်မည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ တစ်ရက်... နှစ်ရက်...
ယခု နောက်ဆုံးညသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ဤအတောအတွင်း အရာအားလုံးမှာ အလွန် အေးချမ်းနေခဲ့သည်။ ပိုင်မိသားစုမှာလည်း မညသည့်ပြဿနာမျှ မကြုံခဲ့ရပေ။
သို့သော် သူတို့ ကြားသိရသည်မှာ လုံဝေ့ပင်းကို မဖမ်းမိသေးသော်လည်း အဆင့် (၉) ပညာရှင်များသည် သူရှိရာအရပ်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်းပင်။ သူ့ကို အပိုင်ဖမ်းမိရန် မဝေးတော့ပုံ ရသည်။
လင်းဖုန်းသည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ လွန်ခဲ့သော နှစ်ရက်လုံးလုံး လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေများကို အာရုံခံနေခဲ့သည်။ သူသည် နွားရိုင်း၏ အစစ်အမှန်စိတ်အသိ ကို ရရှိထားသဖြင့် နွားရိုင်းမျိုးရိုးဗီဇ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။
သို့သော်လည်း လင်းဖုန်းသည် ယူနီကွန်း မျိုးရိုးဗီဇကို ပေါင်းစပ်ပြီးနောက်ပိုင်းတွင် ယူနီကွန်း၏ အငွေ့အသက်ကို တစ်ခါမျှ အာရုံမခံနိုင်ခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် ၎င်း၏ သက်ရောက်မှုကိုပင် သူ လုံးဝ မခံစားရခြင်းဖြစ်သည်။
ဤသည်မှာ အလွန် ထူးဆန်းလှသည်။ အကယ်၍ သူ အာရုံမခံနိုင်ပါက လင်းဖုန်းသည် ယူနီကွန်းမျိုးရိုးဗီဇ၏ စွမ်းအားကို မသိရှိသေးဟု ဆိုလိုခြင်း ဖြစ်သည်။ ယူနီကွန်း မျိုးရိုးဗီဇကို ပေါင်းစပ်ထားသော်လည်း ထိုမျိုးရိုးဗီဇ၏ စွမ်းအားမှာ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်နေဆဲ ဖြစ်သည်။ လင်းဖုန်းသည် ထိုစွမ်းအားကို လုံးဝ မထုတ်ဖော်နိုင်သေးပေ။
အကယ်၍ ယူနီကွန်းမျိုးရိုးဗီဇ၏ စွမ်းအားကို မထုတ်ဖော်နိုင်ပါက မျိုးရိုးဗီဇများကို ဆက်တိုက် ပေါင်းစပ်နေခြင်းက အဘယ်မှာ အဓိပ္ပာယ် ရှိပါတော့မည်နည်း။ သို့ဆိုလျှင် သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ဘယ်တော့မှ ချိုးဖျက်နိုင်တော့မည် မဟုတ်ပေ။ ဤသည်မှာ လင်းဖုန်းအနေဖြင့် 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ကို ဝယ်ယူရန် အလွန်အမင်း စိတ်အားထက်သန်နေရသည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။
လင်းဖုန်းသာ 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ကို သင်ယူလေ့ကျင့်လိုက်ရပါက ခွန်အား နှစ်ဆတိုးလာမည်မှာ ဒုတိယအချက်သာ ဖြစ်သည်။ အဓိကအချက်မှာ ထိုကျင့်စဉ်သည် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ပေါင်းစပ်ထားသော မျိုးရိုးဗီဇ စွမ်းအားအားလုံးကို ထိန်းချုပ်နိုင်ရန် အထောက်အကူ ဖြစ်စေခြင်းပင် ဖြစ်သည်။ ဤနည်းဖြင့် လင်းဖုန်းသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို အသုံးပြုကာ မျိုးရိုးဗီဇများကို ဆက်လက် ပေါင်းစပ်နိုင်မည်ဖြစ်ပြီး အနာဂတ်တွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် အခွင့်အရေး ပိုမို ရရှိမည်ဖြစ်သည်။
လင်းဖုန်း၏ စိတ်မှာ အလွန် ကြည်လင်နေသည်။ ဤအခိုက်အတန့်တွင် သူသည် နွားရိုင်း၏ အနှစ်သာရနှင့် တစ်သားတည်း ဖြစ်နေပြီဖြစ်သည်။ လင်းဖုန်း၏ စိတ်နှင့်ခန္ဓာနှစ်ခုစလုံးမှာ တကယ့် နွားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် လွင်ပြင်ကျယ်ကြီးထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသလို ခံစားနေရသည်။
ဤခံစားချက်မှာ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းကာ ထူးကဲလှသည်။
အချိန်ကာလမှာ ညဦးယံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဗီလာ၏ အပြင်ဘက်မှာ အလွန် တိတ်ဆိတ်နေပြီး ပြတင်းပေါက်များမှ လေတိုးသံ သဲ့သဲ့သာ ကြားနေရသည်။
ရုတ်တရက် လင်းဖုန်း၏ နက်နဲသော အာရုံထဲတွင် ရန်လိုသော အရှိန်အဝါတစ်ခု နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်သည် နွားရိုင်းမျိုးရိုးဗီဇနှင့် ပေါင်းစပ်ထားသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်နေပြီ ဖြစ်သည်။ လင်းဖုန်းသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသက်သက်တွင် အဆင့် (၉) ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးထက်ပင် သေချာပေါက် ပို၍ သန်မာနေသည်။
"တစ်ယောက်ယောက် လာနေပြီ"
လင်းဖုန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ စကားကြောင့် လူတိုင်းမှာ စိုးရိမ်တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ပိုင်သခင်ကြီး၏ ဘေးရှိ ဗိုလ်မှူးအိုးရန်မှာ ချက်ချင်းပင် တင်းမာသွားပြီး ဧည့်ခန်းအပြင်ဘက်သို့ အာရုံစိုက်လိုက်သည်။
"အပြင်ထွက်ကြည့်ကြမလား"
ဧည့်ခန်းထဲရှိ ရဲအရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လင်းဖုန်းနှင့် ဗိုလ်မှူးအိုးရန်တို့ကိုလည်း တစ်လှည့်စီ ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့ အံကြိတ်ကာ ဧည့်ခန်းတံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ကြသည်။
အပြင်ဘက်တွင်မူ လေတိုက်သံနှင့် မြေပြင်ပေါ်သို့ မိုးစက်များ ကျလာသည့်အသံကိုသာ ကြားနေရသည်။ သို့သော် မည်သူ့ပုံရိပ်ကိုမျှ မတွေ့ရပေ။ အပြင်ဘက်တွင် တိတ်တဆိတ် ကင်းပုန်းဝပ်နေသော ရဲများကို ဖုန်းဆက်မေးသော်လည်း မည်သည့် ထူးခြားချက်မှ မရှိကြောင်းသာ ပြန်ကြားရသည်။
"ဘာမှ မတွေ့ဘူး"
ရဲအရာရှိက လင်းဖုန်းကို စိုက်ကြည့်လိုက်သည်။
ဦးလေးပိုင်က သူ၏ ဘေးရှိ ဗိုလ်မှူးအိုရန်ကို ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။
"ဗိုလ်မှူးအိုးရန်... တစ်ခုခု တွေ့မိလား"
ဗိုလ်မှူးအိုးရန်မှာ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီး လင်းဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူက ခေါင်းခါကာ ပြောလိုက်သည်။
"ကျွန်တော်လည်း ဘာမှ မတွေ့ပါဘူး"
ဗိုလ်မှူးအိုးရန်၏ စကားကို ကြားသောအခါ လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။ ပိုင်မိသားစု၏ ဒုတိယသမီးဖြစ်သူမှာ မျက်စောင်းပင် ထိုးလိုက်ကာ ဆိုလေသည်။
"ဘာမှ မဟုတ်ဘဲနဲ့ လူတွေကို လာပြီး မလန့်စေနဲ့လေ"
ကျန်းချီကျီက လင်းဖုန်းဘက်မှ အမြန်ပင် ကာကွယ်ပြောဆိုလေသည်။
"အစ်ကိုဖုန်းက အလကား လျှောက်ပြောမယ့်သူ မဟုတ်ဘူး။ ခုနက တစ်ယောက်ယောက် နီးကပ်လာတာ သေချာတယ်"
"သူက ဗိုလ်မှူးအိုးရန်ထက်တောင် ပိုတော်နေလို့လား"
ကျန်းချီကျီမှာ ပြန်လည် ငြင်းခုံချင်သော်လည်း ခေတ္တ စဉ်းစားပြီးနောက် ဘာမှ ဆက်မပြောတော့ပေ။ ဗိုလ်မှူးအိုးရန်မှာ စစ်တပ်က စေလွှတ်လိုက်သော ပညာရှင် တစ်ဦးဖြစ်သည်။ လင်းဖုန်းက အနန္တလမ်းစဉ်အကယ်ဒမီမှ ပါရမီရှင် ဖြစ်နေသော်လည်း စစ်တပ်မှ ပညာရှင်တစ်ဦးထက် ပိုတော်သည်ဟု သူ အခိုင်အမာ မပြောရဲပေ။
လူတိုင်း၏ မကျေနပ်မှုကို ရင်ဆိုင်နေရသော်လည်း လင်းဖုန်း၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ အလွန် တည်ငြိမ်နေသည်။ သူသည် မစ်ရှင်ကို လက်ခံထားသူဖြစ်ရာ ငွေကို အလကားတော့ အယူခံမည် မဟုတ်ပေ။
သူ၏ အာရုံခံစားမှုမှာ မှားယွင်းနိုင်စရာ မရှိပေ။ နွားရိုင်းမျိုးရိုးဗီဇကို ပေါင်းစပ်ပြီးကတည်းက လင်းဖုန်း၏ အာရုံခံစားမှုမှာ အလွန် စူးရှလာခဲ့သည်။ ခုနက ဧည့်ခန်းအနီးသို့ တစ်စုံတစ်ယောက် နီးကပ်လာခဲ့သည်မှာ သေချာလှသည်။
ထိုသည်မှာ ကင်းပုန်းဝပ်နေသူ တစ်ဦးဦး ဖြစ်နိုင်သလို သတ္တဝါတစ်ကောင်လည်း ဖြစ်နိုင်သည်။ သို့သော် သတိလို ပိုသည်မရှိပေ။ အတတ်နိုင်ဆုံး သတိထားသည်ကသာ အကောင်းဆုံးဖြစ်ပေမည်။
"ဒီနေ့တော့ ဘာမှ ဖြစ်မှာ မဟုတ်တော့ပါဘူး။ အခုလည်း နောက်ဆုံးည ရောက်နေပြီပဲ။ ငါတော့ အပေါ်ထပ် တက်အိပ်တော့မယ်"
ပိုင်မိသားစု ဒုတိယသမီးမှာ ပျင်းကြောဆန့်လိုက်သည်။ ပိုင်မိသားစု၏ အဓိက အဖွဲ့ဝင်များသည် လွန်ခဲ့သော နှစ်ရက်လုံးလုံး ဧည့်ခန်းထဲတွင်သာ နေခဲ့ရသည်။ လူပေါင်းစုံ ကြားထဲတွင် သူတို့ ဘယ်လိုလုပ် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ပါမည်နည်း။
ယခုမူ ဒုတိယသမီးဖြစ်သူမှာ ထပ်မံ မအောင့်နိုင်တော့ဘဲ သူမ၏ အခန်းသို့ ပြန်ကာ အနားယူချင်နေပြီ ဖြစ်သည်။
လူတိုင်းလည်း ဘာမှ ဖြစ်လာလိမ့်မည် မဟုတ်ဟု ထင်ကာ စိတ်လျှော့လိုက်ကြသည်။ သို့သော် လင်းဖုန်း၏ စူးရှသော အာရုံခံစားမှုကမူ တစ်စုံတစ်ယောက် ထပ်မံ နီးကပ်လာနေပြီဟု ပြောနေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် ပြိုင်ဘက်၏ အစွမ်းထက်လှသော အနှစ်သာရကိုပင် ခံစားနေရသည်။
"တစ်ယောက်ယောက် လာနေပြီ"
"ငါတို့ကို ထပ်ပြီး လာနောက်နေပြန်ပြီလား"
ဒုတိယသမီးဖြစ်သူက နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူမ စကားပြော၍ပင် မဆုံးသေးမီ ဧည့်ခန်းလှေကားအနီးရှိ နံရံကြီးမှာ ပေါက်ကွဲသံနှင့်အတူ ပွင့်ထွက်သွားတော့သည်။
ဘုန်း...
နံရံကြီး ပွင့်ထွက်သွားသည်နှင့်အတူ အနက်ရောင် ပုံရိပ်တစ်ခုမှာ တစ္ဆေတစ်ကောင်အလား ပိုင်မိသားစု ဒုတိယသမီးထံသို့ ပျံဝဲလာတော့သည်။
လူတိုင်းမှာ မှင်တက်သွားကြပြီး ခေတ္တမျှ ဘာလှုပ်ရှားမှုမှ မရှိကြပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအနက်ရောင်ပုံရိပ်သည် ဒုတိယသမီးထံသို့ ရောက်ရှိသွားသည်။ ထို့နောက် သူ၏ လက်ကို ဆန့်ထုတ်ကာ ဆွဲယူလိုက်သည်။ ပိုင်မိသားစု ဒုတိယသမီး၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသော်လည်း အချည်းနှီးပင်။ သူမ၏ ဦးခေါင်းမှာ ထိုအနက်ရောင်ပုံရိပ်၏ လက်ထဲတွင် ဖရဲသီးတစ်လုံးအလား ချက်ချင်းပင် ကြေမွသွားသည်။ သွေးနီရောင်အသားစများနှင့် ဦးနှောက်ဖြူဖြူများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲကုန်တော့သည်။
"အား... ပစ်ကြ၊ ပစ်ကြ"
"အစ်မ"
"ဒါ လုံဝေ့ပင်းပဲ။ သူ... သူ တကယ် ရောက်လာပြီ"
မြင်ကွင်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားသည်။ လင်းဖုန်း ပြောနေသည်မှာ အမှန်တရား ဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ လုံဝေ့ပင်း တကယ် ရောက်လာခဲ့ပြီ ဖြစ်ကာ ပိုင်မိသားစု၏ ဒုတိယသမီးကိုလည်း သတ်ပစ်လိုက်ပြီ ဖြစ်သည်။
ဒုတိယသမီး သေဆုံးသွားသည်နှင့် ရဲများနှင့် ကိုယ်ရံတော်များ သတိဝင်လာကြသည်။ ရဲများက ရမ်းသန်း ပစ်ခတ်ကြပြီး ကိုယ်ရံတော်များမှာလည်း လုံဝေ့ပင်းထံသို့ ရဲရဲဝံ့ဝံ့ ပြေးဝင်သွားကြသည်။
သို့သော် ဤအရာအားလုံးမှာ အဆင့် (၈) ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးအတွက်မူ အချည်းနှီးသာ ဖြစ်သည်။
လုံဝေ့ပင်း၏ အနှစ်သာရများ ပေါက်ကွဲထွက်လာသည်။ သူ၏ ပတ်ပတ်လည်တွင် သွေးနီရောင် အရိပ်တစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကိုယ်ရံတော်များနှင့် ရဲအရာရှိ ဆယ်ဦးထက်မနည်း သတ်ဖြတ်လိုက်သည်။ ထို့နောက် ပိုင်ကျင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေတော့သည်။
ကျန်းချီကျီမှာ အံကိုတင်းတင်းကြိတ်ကာ ပိုင်ကျင်း၏ ရှေ့တွင် ချက်ချင်း ရပ်၍ ကာကွယ်ပေးလိုက်သည်။ သူသည် အနည်းဆုံးတော့ အဆင့် (၄) ပရော်ဖက်ရှင်နယ် သိုင်းသမား တစ်ဦး ဖြစ်သည်။ ဤအခိုက်အတန့်တွင် ရှေ့သို့ ထွက်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။
သို့သော် အနီးဆုံးတွင် ရှိနေသော ဗိုလ်မှူးအိုးရန်မှာမူ လုံးဝ မလှုပ်မယှက်ဘဲ ရှိနေသည်။ သူသည် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသလိုပင်။ ကျန်းချီကျီ ပြောခဲ့သည့်အတိုင်းပင် ဗိုလ်မှူးအိုးရန်သည် ပိုင်သခင်ကြီးကိုသာ ကာကွယ်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ပိုင်မိသားစု၏ ကျန်လူများ ဘေးကင်းရေးမှာ သူနှင့် လုံးဝ မသက်ဆိုင်ပေ။