← Chapters

လင်းဖုန်း၏ လက်သီးချက်

Vol. 1 Ch. 20

လင်းဖုန်း၏ လက်သီးချက်

Vol. 1 Ch. 20

“ချီကျီ... နင်...”

ပိုင်ကျင်းသည် သူမရှေ့သို့ ခုန်ဝင်ကာ ကာကွယ်ပေးလိုက်သော ကျန်းချီကျီကို ကြည့်ရင်း ရင်ထဲ၌ တကယ်ပင် လှုပ်ခတ်သွားရသည်။ အမှန်အတိုင်းပြောရလျှင် သူမသည် မိသားစုချင်း စီစဉ်သည့် ဤအိမ်ထောင်ရေးကို စိတ်ပျက်နေခဲ့သူ ဖြစ်သည်။ အထူးသဖြင့် ကျန်းချီကျီကဲ့သို့ ကားပြိုင်မောင်း၊ မိန်းကလေးလိုက်ရုံသာ သိသည့် သူဌေးသား အပျော်အပါးမက်သူတစ်ဦးကို သူမ လုံးဝ အထင်မကြီးခဲ့ပေ။

ထို့ကြောင့် နောက်ပိုင်းတွင် ကျန်းချီကျီက မည်မျှပင် ပြုပြင်ပြောင်းလဲပြပါစေ သူမဘက်က အေးစက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ သေခြင်းနှင့်ရှင်ခြင်းကြား အခိုက်အတန့်မျိုးတွင် ကျန်းချီကျီက သူမဘေးမှ မခွာဘဲ အသက်ပေးကာကွယ်ရန် ရှေ့ထွက်လာလိမ့်မည်ဟု ပိုင်ကျင်း မထင်ထားခဲ့မိပေ။ လုံဝေ့ပင်းကဲ့သို့ ကြမ်းကြုတ်သော လူသတ်သမားကို ရင်ဆိုင်ရန် ကျန်းချီကျီကဲ့သို့ အဆင့် (၄) သိုင်းသမားလေးတစ်ဦးက ဘာများ တတ်နိုင်ပါမည်နည်း။

အမှန်စင်စစ် ကျန်းချီကျီကိုယ်တိုင်မှာလည်းကြောက်လန့်မှုကြောင့် ရင်တုန်ပန်းတုန် ဖြစ်နေသည်။ သို့သော် လင်းဖုန်းက သူ့ကို သေချာပေါက် ကယ်တင်လိမ့်မည်ဟု သူ ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။ ကျန်းချီကျီမှာ အသံတုန်တုန်ဖြင့် တီးတိုး ရေရွတ်နေမိသည်။

“အစ်ကိုဖုန်း... မြန်မြန်လုပ်ပါ။ မဟုတ်ရင် ငါတော့ သွားပြီပဲ”

ဘုန်း...

မျှော်လင့်ထားသည့်အတိုင်းပင် လင်းဖုန်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူသည် ကျန်းချီကျီကို မျက်စိရှေ့တွင် အသေခံမည် မဟုတ်ပေ။ ထို့အပြင် ဤတစ်ကြိမ်တွင် လင်းဖုန်းသည် အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ သူသည် နွားရိုင်းတစ်ကောင်အလား ရှေ့သို့ လျင်မြန်စွာ ခုန်ဝင်လိုက်ပြီး လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးလွှတ်လိုက်တော့သည်။

လင်းဖုန်းက 'နွားရိုင်း၏ အရှိန်အဝါ' ကို အသုံးပြုလိုက်သည့်အခါ သူ၏ ခွန်အားမှာ ၃ တန်အထိ ရှိနေသည်။ ထို့ကြောင့် သူ ထုတ်ဖော်လိုက်သော ဖိအားမှာ မတွေးဝံ့စရာပင်။ အနီးအနားရှိ ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ပင် အသက်ရှူကျပ်မတတ် ခံစားလိုက်ရရာ တိုက်ရိုက်ရင်ဆိုင်နေရသော လုံဝေ့ပင်းအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။

ဤအရေးကြီးသော အခိုက်အတန့်တွင် လုံဝေ့ပင်းသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ၏ လက်သည်းများကို ဆန့်ထုတ်ကာ ခုခံလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးနီရောင် အငွေ့အသက်များ ဖုံးလွှမ်းနေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများမှာလည်း ဟုန်းဟုန်းတောက်နေသည်။ လုံဝေ့ပင်းသည် ပြင်ပနယ်မြေတွင် ကြမ်းကြုတ်သားရဲပေါင်း မည်မျှကို သတ်ဖြတ်ခဲ့သည် မသိသော်လည်း သူ၏ အရှိန်အဝါမှာ သာမန်သိုင်းသမားတစ်ဦးကို မတ်တပ်ရပ်ရဲသည့် သတ္တိပင် မရှိအောင် ခြောက်လှန့်နေသည်။

ဘန်း...

နှစ်ဦးသား ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ခွန်အားပိုင်းတွင် လင်းဖုန်းက အသာစီးရသော်လည်း လုံဝေ့ပင်း၏ စွမ်းအားမှာ အလွန် ထူးဆန်းလှသည်။ ထိုစွမ်းအားက လင်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသဖြင့် လင်းဖုန်းမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ ကြည့်ရသည်မှာ နှစ်ဦးသား အားချင်း မျှနေသကဲ့သို့ပင်။

လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ လင်းဖုန်း၏ ခွန်အားမှာ အဆင့် (၉) ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦး၏ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း အလွန် သန်မာလှသည်။ လုံဝေ့ပင်း အစွမ်းကုန် တိုက်ခိုက်လျှင်ပင် လင်းဖုန်းက ခံနိုင်ရည် ရှိနေဆဲပင်။

သို့သော် လင်းဖုန်းတွင် လိုအပ်နေသည်မှာ နက်နဲသော သိုင်းပညာနှင့် တကယ့် စစ်မြေပြင် အတွေ့အကြုံများ ဖြစ်သည်။ လုံဝေ့ပင်းကမူ ထိုနှစ်ချက်လုံးတွင် သာလွန်နေသည်။ သူသည် သေခြင်းရှင်ခြင်း တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသူဖြစ်ပြီး သူ၏ သိုင်းကွက်များမှာလည်း နက်နဲပြီး ဆန်းကြယ်လှသည်။ သူ၏ ခွန်အားနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ လင်းဖုန်းထက် နိမ့်ပါးနေသော်လည်း ထိုသိုင်းအတွေ့အကြုံများကြောင့် လင်းဖုန်းနှင့် လက်ရည်တူ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

အဆင့်မြင့် သိုင်းသမားနှစ်ဦး၏ တိုက်ပွဲမှာ မည်မျှအထိ ပြင်းထန်ပါသနည်း။ သူတို့၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော လေလှိုင်းများကြောင့်ပင် ဧည့်ခန်းတစ်ခုလုံးမှာ အစအန မကျန်အောင် ပျက်စီးသွားပြီး ကြမ်းပြင်ပေါ်တွင်လည်း ပင့်ကူအိမ်အလား အက်ကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။

လင်းဖုန်းသည် ဗိုလ်မှူးအိုးရန်ကို တစ်ချက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ဗိုလ်မှူးအိုးရန်... ခင်ဗျား လာမကူညီသေးဘူးလား”

အမှန်စင်စစ် လင်းဖုန်းသည် လုံဝေ့ပင်းနှင့် အားချင်းမျှနေသော်လည်း အသာစီးရရန် ခက်ခဲနေသည်။ အကယ်၍ ဤအတိုင်း ဆက်သွားနေပါက လုံဝေ့ပင်း ထွက်ပြေးသွားမည်ကို သူ စိုးရိမ်မိသည်။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ အမှတ် ၅၀ နှင့် ညီမျှနေသည် မဟုတ်ပါလား။ လုံဝေ့ပင်းကို သတ်နိုင်သရွေ့ အမှတ် ၅၀ ရရှိမည် ဖြစ်ရာ ဤသည်မှာ လင်းဖုန်းအတွက် အိပ်မက်ပင် မမက်ဖူးသော အခွင့်အရေးကြီး ဖြစ်သည်။

ကံကောင်းသည်မှာ လင်းဖုန်းသည် ပုံရိပ်ယောင်တိုက်ပွဲခန်းတွင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ဖူးသဖြင့် တိုက်ခိုက်ရေး အတွေ့အကြုံအချို့ ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ လုံဝေ့ပင်းထက် သာလွန်နေသဖြင့် လက်ရည် မျှနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူသည် ယခုအချိန်တွင် အန္တရာယ်နှင့် ရင်ဆိုင်နေရလောက်ပြီ ဖြစ်သည်။

သိုင်းပညာရှင်တိုင်းသည် သေခြင်းရှင်ခြင်းကြားတွင် အရောင်တင်ခံထားရသူများ ဖြစ်ကြသည်။ အေးချမ်းသော ခေတ်ကာလတွင် ကွင်းအတွင်း၌သာ ကျင့်ကြံနေသော သိုင်းသမားများသည် ပြင်ပနယ်မြေရှိ ကြမ်းကြုတ်သားရဲများနှင့် အသက်ကို လောင်းကြေးထပ်ကာ တိုက်ခိုက်ခဲ့ရသော သိုင်းသမားများကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။

ဘေးနားရှိ ပိုင်ကျင်းနှင့် ကျန်လူများမှာ မှင်တက်ကာ ကြည့်နေမိကြသည်။ လင်းဖုန်းက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ ကျန်းချီကျီမှာလည်း အလကား ကြွားလုံးထုတ်နေခဲ့ခြင်း မဟုတ်ပါချေ။

ကျန်းချီကျီမှာ ပို၍ပင် ဂုဏ်ယူဝံ့ကြွသွားသည်။ သူက ရယ်မောရင်း ပြောလိုက်သည်။

“ကျင်းကျင်း... ဘယ်လိုလဲ။ အစ်ကိုဖုန်းက တကယ် အစွမ်းထက်တယ်မလား။ ငါ မင်းကို မညာပါဘူး၊ အစ်ကိုဖုန်းက တကယ့် ပါရမီရှင်အစစ်ပဲ”

ပိုင်ကျင်း၏ မျက်နှာမှာမူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲပင်။ သူမသည် ပိုင်သခင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

“ဖေဖေ... လင်းဖုန်း တစ်ယောက်တည်းနဲ့ လုံဝေ့ပင်းကို နှိမ်နင်းဖို့ ခက်လိမ့်မယ် ထင်တယ်”

ပိုင်သခင်ကြီးသည်လည်း သမီးဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သည်။ သူ ခေတ္တ စဉ်းစားပြီးနောက် ဗိုလ်မှူးအိုးရန်ကို ပြောလိုက်သည်။

“ဗိုလ်မှူးအိုးရန်... အခုက လုံဝေ့ပင်းကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ကျေးဇူးပြုပြီး လင်းဖုန်းကို ကူညီပေးပါဦး”

ဗိုလ်မှူးအိုးရန်သည်လည်း တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လုံဝေ့ပင်းကို သတ်ရန် တကယ်ပင် အခွင့်အရေး ရရှိနေပြီ ဖြစ်သည်။ လုံဝေ့ပင်းကို သတ်လိုက်နိုင်သရွေ့ သူ၏ တာဝန်မှာ အချိန်စော၍ ပြီးဆုံးသွားမည်ဖြစ်ကာ ပိုင်သခင်ကြီး၏ ဘေးတွင် အချိန်ပြည့် စောင့်နေစရာ မလိုတော့ပေ။

“ကောင်းပြီလေ”

ဗိုလ်မှူးအိုးရန်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ လက်သီးချက်မှာ ကောင်းကင်သို့ ပျံတက်သွားသော နဂါးတစ်ကောင်အလားပင်။ နဂါးဟိန်းသံသဲ့သဲ့ပင် ကြားလိုက်ရသလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ချက်ချင်းပင် ဖိသိပ်သွားတော့သည်။

“တကယ့်ကို ပြင်းထန်အားကောင်းတဲ့ လက်သီးသိုင်းပဲ။ နောက်ထပ် နက်နဲတဲ့ သိုင်းပညာတစ်ခုပေါ့”

လင်းဖုန်းက မော့ကြည့်ပြီး ဗိုလ်မှူးအိုးရန်ကို တစ်ချက် ကြည့်လိုက်သည်။ အခြားသူ၏ လက်သီးသိုင်းမှာ ပြိုင်ဘက်အား ချုပ်နှောင်ဖိနှိပ်ခြင်းကို အလေးပေးထားပုံရသည်။ ‌ဗိုလ်‌ဗှူးအိုးရန် တိုက်ပွဲထဲသို့ ဝင်လာသည်နှင့် လုံဝေ့ပင်းမှာ ချက်ချင်းပင် အောက်စီးသို့ ရောက်ရှိသွားသည်။

မည်သို့ပင်ဖြစ်စေ လုံဝေ့ပင်းသည် သူ့ထက် မနိမ့်ပါးသော သိုင်းပညာရှင် နှစ်ဦးကို တစ်ပြိုင်တည်း ရင်ဆိုင်နေရခြင်း ဖြစ်သည်။

လုံဝေ့ပင်းမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးရောင် အရှိန်အဝါများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်သွားပြီး သူသည် နောက်သို့ ခုန်ဆုတ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

“ဘယ်ကို ပြေးမလို့လဲ”

ဗိုလ်မှူးအိုးရန်၏ လှုပ်ရှားမှုမှာ တစ္ဆေတစ်ကောင်အလား လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လုံဝေ့ပင်း၏ နောက်သို့ ရောက်ရှိသွားပြီး လုံဝေ့ပင်း၏ ဆုတ်လမ်းကို ပိတ်ဆို့လိုက်သည်။ ဗိုလ်မှူးအိုးရန်တွင် အားကောင်းလှသော တိုက်ခိုက်မှုစွမ်းအား မရှိသော်လည်း သူ၏ လှုပ်ရှားမှု သိုင်းကွက်များမှာမူ တကယ်ပင် မှန်းဆရ ခက်လှသည်။ လင်းဖုန်းပင် သူ၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သို့သော် ဗိုလ်မှူးအိုးရန်သည် လုံဝေ့ပင်းကို တားဆီးရုံသာ တတ်နိုင်သည်။ လုံဝေ့ပင်းကို အနိုင်ယူရန် သို့မဟုတ် သတ်ဖြတ်ရန်မှာမူ လင်းဖုန်းအပေါ်၌သာ မူတည်နေသည်။

လုံဝေ့ပင်း၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ ဆုတ်လမ်းမှာ ပိတ်ဆို့ခံထားရသဖြင့် သူသည် ရှိသမျှ အင်အားအကုန်သုံးကာ ရုန်းကန်ရတော့သည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းကပင် သူ၏ အားနည်းချက်ကို ပေါ်လွင်စေခဲ့သည်။

“အခွင့်အရေးပဲ”

လင်းဖုန်း၏ မျက်လုံးများ တောက်ပလာသည်။ လင်းဖုန်းသည် အသက်ကို ပြင်းပြင်းရှူကာ အသံကုန် ဟိန်းဟောက်လိုက်တော့သည်။

ရုတ်တရက်ဆိုသလို တောရိုင်းထဲမှ ကြီးမားလှသော နွားရိုင်းကြီးတစ်ကောင် ပြေးထွက်လာပြီး မြေပြင်ကို နင်းခြေလိုက်သကဲ့သို့ပင်။

“နွားရိုင်း၏ နင်းခြေခြင်း”

လင်းဖုန်းသည် ဤလက်သီးချက်ကို အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် လင်းဖုန်းသည် သူ၏ အသိစိတ်ကို သိုင်းပညာ၏ အစစ်အမှန် စိတ်အသိထဲသို့ အပြည့်အဝ နစ်မြုပ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် တကယ့် နွားရိုင်းကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသကဲ့သို့ပင်။

ဘန်း...

လင်းဖုန်း၏ လက်သီးသည် လုံဝေ့ပင်း၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ဗီလာတစ်ခုလုံးမှာပင် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ လုံဝေ့ပင်း၏ ရင်ဘတ်မှာ ချက်ချင်းပင် ချိုင့်ဝင်သွားတော့ပြီး သူ၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား မြေပြင်ပေါ်သို့ ပြင်းထန်စွာ လွင့်ကျသွားတော့သည်။

“ငါ... ငါ မကျေနပ်ဘူး”

လုံဝေ့ပင်းမှာ အသက်ရှင်ရန် လမ်းစ မရှိတော့ပေ။ ဤရူးသွပ်သူသည် သူ၏ ဇနီးနှင့် သမီး သေဆုံးမှုကြောင့် အရူးအမူး ကလဲ့စားချေခြင်းကို စတင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ သူကိုယ်တိုင်ပင် နိဂုံးချုပ်သွားခဲ့ရပြီ ဖြစ်သည်။

ဤသူမှာ အမှန်တကယ်ပင် သနားစရာကောင်းသော လူတစ်ယောက်ပင်တည်း။

…

လုံဝေ့ပင်း သေဆုံးသွားသော်လည်း ကိစ္စများက မပြီးဆုံးသေးပေ။ ရဲများက အဆင့် (၉) ပရော်ဖက်ရှင်နယ် သိုင်းသမားအချို့ကို ချက်ချင်း ခေါ်ယူကာ လုံဝေ့ပင်း၏ အထောက်အထားကို သေသေချာချာ အတည်ပြုစေသည်။

မကြာမီပင် လူများစွာ ရောက်လာကြသည်။ သူတို့သည် အခြေအနေကို သိလိုက်ရသောအခါ လင်းဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ လင်းဖုန်းသည် လုံဝေ့ပင်းကို သတ်လိုက်သည့်သူ ဆိုသည်မှာ တကယ်ပင် ယုံရခက်လှသည်။

သို့သော် လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် သာလွန်လူသားများပင် အနန္တလမ်းစဉ်အကယ်ဒမီကို အလေးထားရရာ သူတို့အတွက်မူ ပြောနေစရာပင် မလိုပေ။

ထို့နောက် လုံဝေ့ပင်း၏ အထောက်အထားးကို လျင်မြန်စွာပင် အတည်ပြုနိုင်ခဲ့သည်။ လင်းဖုန်းမှာ လုံဝေ့ပင်းကို သတ်ခဲ့သူဖြစ်သဖြင့် အမှတ် ၅၀ ကို ချောချောမောမော ရရှိမည် ဖြစ်သည်။ ပိုင်မိသားစုကို သုံးရက်ကြာ ကာကွယ်ပေးခဲ့သည့် ၅ မှတ်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၅၅ မှတ် ရရှိမည်ဖြစ်သည်။ ဤတစ်ကြိမ် ရရှိသည့် အကျိုးအမြတ်မှာ အမှန်တကယ်ပင် များပြားလှသည်။

“ပိုင်သခင်ကြီး... ကျွန်တော် ကျောင်းပြန်ပြီး မစ်ရှင် သွားအပ်ရဦးမယ်။ သွားခွင့်ပြုပါဦး”

လင်းဖုန်း ထွက်ခွာရန် ပြင်လိုက်စဉ် ပိုင်သခင်ကြီးက သူ့ကို ဆွဲထားကာ ပြောလိုက်သည်။

“လင်းဖုန်း... ခုနက မင်းသာ မရှိရင် ငါတို့မိသားစုတော့ ဒီနေ့ ကံဆိုးမိုးမှောင် ကျရတော့မှာပဲ။ မင်း လုံဝေ့ပင်းကို သတ်ပေးခဲ့သလို ဒီရက်ပိုင်းအတွင်းမှာလည်း တကယ် ကြိုးစားပေးခဲ့ပါတယ်။ ဒါကြောင့် ငါတို့မိသားစုဘက်က ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို နောက်ထပ် ယွမ် သန်း ၂၀ ကို ကော်မရှင်အဖြစ် ပေးချင်ပါတယ်”

“ယွမ် သန်း ၂၀ လား”

လင်းဖုန်း ခေတ္တ စဉ်းစားကြည့်ပြီးနောက် နားလည်သွားသည်။ ပိုင်မိသားစုသည် သူ့အပေါ် စေတနာပြလိုခြင်း ဖြစ်သည်။ နောက်ထပ် ယွမ် သန်း ၂၀ ပေးခြင်းဖြင့် အနာဂတ်တွင် ပိုင်မိသားစု၌ ဤကဲ့သို့သော ပြဿနာမျိုး ထပ်မံ ကြုံတွေ့ရပါက အနန္တလမ်းစဉ်အကယ်ဒမီသို့ သွားနေစရာ မလိုဘဲ လင်းဖုန်းကို တိုက်ရိုက် ဆက်သွယ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

လင်းဖုန်းသည် ယခုအချိန်တွင် ငွေလိုအပ်နေသဖြင့် သူ မငြင်းဆန်တော့ပေ။

“ကျေးဇူးတင်ပါတယ် ပိုင်သခင်ကြီး။ ဒါက ကျွန်တော့်ရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါ။ အနာဂါတ်မှာ တစ်ခုခု အကူအညီ လိုအပ်ရင် ကျွန်တော့်ကို ရှာနိုင်ပါတယ်”

ထို့နောက် လင်းဖုန်းသည် ပိုင်မိသားစုကို နှုတ်ဆက်ကာ ကျန်းချီကျီနှင့်အတူ ပိုင်မိသားစု ဗီလာမှ ထွက်ခွာလာခဲ့လေတော့သည်။

All Chapters