သိုင်းပညာရပ် ဝယ်ယူခြင်း
Vol. 2 Ch. 21
လင်းဖုန်းနှင် ကျန်းချီကျီတို့နှစ်ဦးစလုံး အနန္တလမ်းစဉ်အကယ်ဒမီသို့ လျင်မြန်စွာ ပြန်ရောက်လာကြသည်။ လင်းဖုန်းသည် သူ၏ တာဝန်ကို ချက်ချင်းပင် သွားရောက်အပ်နှံလိုက်သည်။
“မစ်ရှင် အောင်မြင်သည်။ မစ်ရှင်အမှတ် ၅၅ မှတ် ရရှိသည်။ ထို့အပြင် မစ်ရှင်အပ်နှံသူမှ အမှတ် ၂၀ အပိုဆောင်း ပေးအပ်သဖြင့် စုစုပေါင်း ၇၅ မှတ် ရရှိသည်”
မစ်ရှင်တစ်ခုတည်းဖြင့် အမှတ် ၇၅ မှတ် ရရှိသွားခြင်း ဖြစ်သည်။ ဘေးနားရှိ ကျန်းချီကျီမှာမူ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူသည် သူဌေးသားတစ်ဦး ဖြစ်သဖြင့် ငွေအမြောက်အမြားကို မြင်ခဲ့ဖူးသည်။ ကျောင်းသားတစ်ယောက်အနေဖြင့် လင်းဖုန်းသည် သုံးရက်အတွင်း ယွမ် ၇၅ သန်းနှင့် ညီမျှသော အမှတ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤငွေရှာနှုန်းမှာ ဓားပြတိုက်သည်ထက်ပင် ပို၍ မြန်ဆန်နေသေးသည်ဟု သူ ခံစားလိုက်ရသည်။
“ဒါကြောင့်လည်း လူတိုင်းက သိုင်းသမား ဖြစ်ချင်ကြတာကိုး။ အဆင့်မြင့် သိုင်းသမားတစ်ယောက်ရဲ့ ငွေရှာနိုင်စွမ်းကတောင် ဒီလောက် ကြောက်ဖို့ကောင်းနေတာ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သာလွန်လူသားတွေသာဆိုရင် ပြောနေစရာတောင် မလိုတော့ဘူးပဲ”
ကျန်းချီကျီကိုယ်တိုင် သာလွန်လူသားတစ်ဦး ဖြစ်လာရန် မလွယ်ကူသော်လည်း လင်းဖုန်းနှင့် ရင်းနှီးခွင့်ရသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။ သူ၏ အမြင်တွင် လင်းဖုန်းသည် အနာဂတ်၌ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ သာလွန်လူသားတစ်ဦး ဖြစ်လာနိုင်ခြေ အလွန် မြင့်မားနေသည်။
လင်းဖုန်းကမူ လွန်လွန်ကြူးကြူး ဝမ်းသာမနေပေ။ သူသည် ယခင်ကတည်းက ၁၁ မှတ် ရှိပြီးသားဖြစ်ရာ ယခု ရရှိသည့် ၇၅ မှတ်နှင့် ပေါင်းလိုက်လျှင်ပင် ၈၆ မှတ်သာ ရှိသေးသည်။
ဤပမာဏမှာ များပြားသည်ဟု ဆိုနိုင်သော်လည်း 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ၏ ပထမအဆင့်အတွက် လိုအပ်သော အမှတ် ၁၀၀ ပြည့်ရန်အတါက်မူ အနည်းငယ် လိုအပ်နေသေးသည်။ အကယ်၍ သာမန်တာဝန်များကိုသာ ဆက်လုပ်နေရမည်ဆိုပါက နောက်ထပ် ၅ ခု ၆ ခုခန့် လုပ်ဆောင်ရဦးမည် ဖြစ်သည်။ ထို့အပြင် အချိန်မှာလည်း အတော်ကြာသွားပေလိမ့်မည်။ အချိန်သည် လင်းဖုန်းအတွက် အလွန် အဖိုးတန်လှရာ စက္ကန့်ပိုင်းမျှပင် အလဟဿ အဖြစ်မခံနိုင်ပေ။
လင်းဖုန်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်ကို မြင်သောအခါ ကျန်းချီကျီက မေးလိုက်သည်။
“အစ်ကိုဖုန်း... ဘာဖြစ်လို့လဲ။ အမှတ်တွေ အများကြီး ရတာတောင် မပျော်ဘူးလား”
အမှန်စင်စစ် ယခုကဲ့သို့ အမှတ်အများကြီး ရသည့် တာဝန်မျိုးနှင့် ထပ်မံတွေ့ဆုံရန်မှာ လင်းဖုန်းအတွက် မလွယ်ကူတော့ပေ။
“မပျော်တာတော့ မဟုတ်ပါဘူး။ ငါ သိုင်းကျင့်စဉ်တစ်ခု ဝယ်ချင်တာ၊ ဒါပေမဲ့ အမှတ် နည်းနည်း လိုနေသေးလို့”
လင်းဖုန်းလည်း ဘာမှ ဖုံးကွယ်မနေဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။
“ဘယ်လို ကျင့်စဉ်မျိုးမလို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ”
“ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ် ရဲ့ ပထမအဆင့်လေ”
ကျန်းချီကျီလည်း ထိုကျင့်စဉ်အကြောင်းကို ချက်ချင်း ရှာဖွေကြည့်လိုက်သည်။ 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ၏ မိတ်ဆက်ကို မြင်လိုက်ရသောအခါ သူ လုံးဝ ဆွံ့အသွားတော့သည်။
“ပထမအဆင့်တင် အမှတ် ၁၀၀ လား။ တောက်... ပြိုင်ဘက်ကင်း လက်သီးပဏ္ဍိတကတော့ ဓားပြတိုက်တာထက်တောင် ငွေရှာရတာ ပိုလွယ်နေပါလား”
ကျန်းချီကျီ ခေါင်းခါလိုက်သော်လည်း ဆက်မေးလိုက်သည်။
“အစ်ကိုဖုန်း... အမှတ် ဘယ်လောက် လိုနေသေးတာလဲ”
“၁၄ မှတ် လိုနေတာ”
လင်းဖုန်း ကျန်းချီကျီကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ ကျန်းချီကျီတွင် အကြံတစ်ခုခု ရှိနေသည်လား။
“၁၄ မှတ်တင်ပဲလား”
ကျန်းချီကျီ၏ မျက်နှာမှာ ပြန်လည် လန်းဆန်းသွားပြီး ပြုံးကာ ပြောလိုက်သည်။
“အစ်ကိုဖုန်း... ဘာမှ စိတ်မပူနဲ့။ ကျွန်တော့်ဆီမှာ အမှတ် ၂၀ ရှိသေးတယ်။ ကျွန်တော့်မိသားစုက အကယ်ဒမီထဲမှာ သုံးဖို့ ပေးထားတာ။ ကျွန်တော်ကတော့ အကယ်ဒမီထဲမှာ လေလွင့်နေတာဆိုတော့ ဒီအမှတ်တွေက ကျွန်တော့်အတွက် အပိုပဲရယ်။ အစ်ကို့ကို ၁၅ မှတ် လွှဲပေးမယ်။ အခုပဲ ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ် ပထမအဆင့်ကို ဝယ်လိုက်တော့”
လင်းဖုန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ၁၅ မှတ် ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ ယင်းမှာ ယွမ် ၁၅ သန်းနှင့် ညီမျှသည်။ ကျန်းချီကျီကဘာမှမဟုတ်သကဲ့သို့ အေးဆေးပင် ပြောနေသော်လည်း ကျန်းမိသားစုအနေဖြင့် သူ့ကို တစ်လလျှင် အမှတ်အများကြီး ပေးနိုင်မည် မဟုတ်ပေ။ အများဆုံး အမှတ်အနည်းငယ်လောက်သာ ပေးနိုင်လိမ့်မည်။
ဤအမှတ်များသည် ကျန်းချီကျီ စုဆောင်းထားသမျှ အကုန် ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သူဌေးသားတစ်ဦး ဖြစ်သဖြင့် ဤမျှလောက်သော အမှတ်ရှိနေခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
“ချီကျီ... ကျေးဇူးပဲကွာ”
လင်းဖုန်း အသက်ကို ပြင်းပြင်းရှူကာ ကျန်းချီကျီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ မငြင်းဆန်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်းသည် ဤအမှတ်များကို ယခုလက်ရှိအချိန်တွင် အမှန်တကယ်ပင် လိုအပ်နေသောကြောင့် ဖြစ်သည်။
“ဟားဟား... အစ်ကိုဖုန်းရဲ့ အနာဂါတ်လမ်းကြောင်းက အရမ်း တောက်ပနေတာပဲ။ နောက်ကျရင် အကယ်ဒမီထဲမှာ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ပဲ လိုပါတယ်။ အစ်ကိုဖုန်းသာ ရှိနေရင် ကျွန်တော် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူးပေါ့”
နှစ်ဦးသား အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြသည်။ ထို့နောက် ကျန်းချီကျီသည် လင်းဖုန်းထံသို့ အမှတ် ၁၅ မှတ်ကို အလျင်အမြန် လွှဲပြောင်းပေးလိုက်သည်။
အမှတ်များ လွှဲပြောင်းပြီးနောက် ကျန်းချီကျီသည် လင်းဖုန်းအား နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ သူသည်လည်း ပိုင်မိသားစုတွင် နေခဲ့ရသည့် နှစ်ရက်လုံးလုံး ကောင်းကောင်း မအိပ်ခဲ့ရသဖြင့် သူ၏ အခန်းသို့ ပြန်ကာ အနားယူချင်နေပြီ ဖြစ်သည်။
လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီ၏ အွန်လိုင်းအရောင်းဆိုင်သို့ တိုက်ရိုက်ဝင်ရောက်လိုက်ပြီး ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ် ပထမအဆင့်ကို အလျင်အမြန် ရှာဖွေလိုက်သည်။ ကျန်းချီကျီထံမှ ရရှိသော ၁၅ မှတ်နှင့်ဆိုလျှင် လင်းဖုန်းတွင် အမှတ် ၁၀၁ မှတ် ရှိနေပြီဖြစ်ရာ ပထမအဆင့်ကို ဝယ်ယူရန် လုံလောက်နေပြီ ဖြစ်သည်။
“ဝယ်ယူမယ်”
လင်းဖုန်းသည် ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ် ပထမအဆင့်ကို ချက်ချင်းပင် ဝယ်ယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အမှတ် ၁၀၀ မှာ ပျောက်ကွယ်သွားတော့သည်။ ဝယ်ယူပြီးနောက်တွင် ဝယ်ယူသူ အရေအတွက်ကို သူ မြင်လိုက်ရသည်။
“အကြိမ်ရေ ၃၆၀၁ လား။ ဆိုလိုတာက ငါ့မတိုင်ခင် လူပေါင်း ၃၆၀၀ က ဒီကျင့်စဉ်ကို ဝယ်ခဲ့ကြတာပေါ့”
လင်းဖုန်း အနည်းငယ် အံ့သြသွားသော်လည်း သေချာစဉ်းစားကြည့်လျှင် မထူးဆန်းလှပေ။ ဤကျင့်စဉ်မှာ မည်မျှပင် ဈေးကြီးသည်ဖြစ်စေ ပဏ္ဍိတ တစ်ပါး ကိုယ်တိုင် ဖန်တီးထားသည့် သိုင်းပညာရပ် ဖြစ်နေခြင်းကပင် လူအများကို ဆွဲဆောင်ရန် လုံလောက်နေသည်။
သို့စေကာမူ ဝယ်ယူသူ များပြားသည် ဆိုသော်လည်း လူတိုင်းက ဤကျင့်စဉ်ကို တတ်မြောက်နိုင်မည် မဟုတ်ပေ။
“ဒင်... သင်ဝယ်ယူလိုက်သော ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ် ပထမအဆင့်ကို သင့်ကိုယ်ပိုင် စာအိတ်ပုံးထဲသို့ ပေးပို့လိုက်ပါပြီ။ ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ”
လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီရှိ သူ၏ စာအိတ်ပုံးကို ချက်ချင်း ဖွင့်လိုက်သည်။ ထိုနေရာတွင် 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ပထမအဆင့်၏ ကျင့်စဉ်မှတ်တမ်းများကို တွေ့လိုက်ရသည်။ ထိုကျင့်စဉ်မှတ်တမ်းတွင် စာသားများသာမက ပုံရိပ်များပါ ပါဝင်နေသည်။
သို့သော် သတိပေးချက်အချို့လည်း ပါရှိသည်။ ဥပမာအားဖြင့် ဤကျင့်စဉ်ကို ဝယ်ယူသူကိုယ်တိုင်သာ လေ့ကျင့်ခွင့်ရှိသည်။ ပြိုင်ဘက်ကင်း လက်သီးပဏ္ဍိတ၏ ခွင့်ပြုချက်မရှိဘဲ တစ်ပါးသူကို သင်ကြားပေးခြင်း သို့မဟုတ် ဖြန့်ဝေခြင်း လုံးဝ မပြုလုပ်ရပေ။
အကယ်၍ ချိုးဖောက်ခဲ့သည်ကို စစ်ဆေးတွေ့ရှိပါက ပဏ္ဍိတ၏ အမျက်ဒေါသကို ခံစားရမည် ဖြစ်သည်။
မည်သူကမျှ ပဏ္ဍိတတစ်ဦးကို ဆန့်ကျင်ရဲလောက်အောင် ရူးမိုက်ခြင်း မရှိပေ။ ထို့ကြောင့်လည်း ထိပ်တန်း အကယ်ဒမီ သုံးခုရှိ နက်နဲသော သိုင်းပညာရပ်များမှာ ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိဘဲ လျှို့ဝှက်ချက်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
ကျင့်စဉ်ကို ရရှိပြီးနောက် လင်းဖုန်းသည် ချက်ချင်းပင် စတင် လေ့ကျင့်တော့သည်။
ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်သည် နွားရိုင်း၏ အရှိန်အဝါနှင့် မတူပေ။ ၎င်းသည် သိုင်းကွက်များကို လေ့ကျင့်ရခြင်းမျိုး မဟုတ်ဘဲ မိမိခန္ဓာကိုယ်အတွင်းရှိ သိစိတ်ကို ရှာဖွေဖော်ထုတ်ရခြင်း ဖြစ်သည်။ ထို သိစိတ် မှတစ်ဆင့် ခန္ဓာကိုယ်ရှိ ကြွက်သားနှင့် အကြောအမျှင်တိုင်းကို ထိုးထွင်းသိမြင်နားလည်နိုင်ရန် ကြိုးစားရခြင်း ဖြစ်သည်။
ဤနည်းဖြင့်သာ မိမိခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုမှသာ နောက်တစ်ဆင့်ကို ဆက်လက် လေ့ကျင့်နိုင်ပေမည်။
“သိစိတ်လား”
လင်းဖုန်း အခက်အခဲနှင့် စတင် ရင်ဆိုင်လိုက်ရသည်။ အမှန်တကယ်တန်းတွင် ထိုသို့ဖြစ်သည်မှာ လင်းဖုန်း တစ်ယောက်တည်း မဟုတ်ပေ။ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်သူတိုင်းနီးပါးမှာ ဤအဆင့်တွင် ပိတ်မိနေကြခြင်း ဖြစ်သည်။ လူအများစုသည် မိမိတို့၏ သိစိတ် ကို လုံးဝ ရှာမတွေ့ကြသဖြင့် ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်ကို မတတ်မြောက်နိုင်ကြပေ။
ထို့ကြောင့် ဝယ်ယူသူ ၃၆၀၀ ကျော် ရှိသော်လည်း တကယ် တတ်မြောက်သူမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် နည်းပါးလှသည်။ ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ် ဒုတိယအဆင့်ကို ဝယ်ယူသူ အရေအတွက်မှာ ပထမအဆင့်ထက် အဆပေါင်းများစွာ ပိုမိုနည်းပါးသွားလိမ့်မည်မှာ သေချာလှသည်။ ဘာပဲဖြစ်ဖြစ် ပထမအဆင့်ကိုပင် မတတ်မြောက်ဘဲ ဒုတိယအဆင့်ကို ဝယ်ယူစရာ အကြောင်းမရှိပေ။
လင်းဖုန်းမှာ စိတ်ဓာတ်မကျဘဲ ကျင့်စဉ်လမ်းညွှန်ချက်အတိုင်း စတင် ကြိုးစားကြည့်လိုက်သည်။
ပထမဦးစွာ သူသည် မျက်လုံးမှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် သူ၏ စိတ်ထဲတွင် သိစိတ်ကို ရှာဖွေရန် အာရုံစိုက်လိုက်သည်။
လင်းဖုန်းသည် ကျင့်စဉ်အတိုင်း အာရုံစူးစိုက်လိုက်သောအခါ သူ၏ အတွေးများမှာ လွင့်ပျံ့လာတော့သည်။ သူသည် အခန်းထဲမှ ထွက်ခွာကာ တောရိုင်းမြေပြင်ကျယ်ကြီးထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး နွားရိုင်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ပြေးလွှားနေသည်။
လင်းဖုန်းသည် ဤခံစားချက်ထဲတွင် အပြည့်အဝ နစ်မြောနေမိသည်။ ဤသည်မှာ 'နွားရိုင်း၏ အစစ်အမှန်စိတ်အသိ' ဖြစ်သည်။ သူ ဤခံစားချက်ကို အရင်ကလည်း ကြုံဖူးသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်၏ အကူအညီကြောင့် နွားရိုင်းကြီးအဖြစ် ပြောင်းလဲရန် ပို၍ လွယ်ကူနေသလို ခံစားရသည်။
ထို့အပြင် နွားရိုင်းကြီး ပြေးလွှားနေစဉ်မှာပင် ယူနီကွန်းတစ်ကောင်ကို တွေ့လိုက်ရသည်။ လင်းဖုန်းအနေဖြင့် ယူနီကွန်းတစ်ကောင်ကို ဤမျှ ပီပီပြင်ပြင် မြင်မက်ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ထိုခံစားချက်မှာ တကယ်ပင် လက်တွေ့ဆန်လှသည်။ နွားရိုင်းကြီးနှင့် ယူနီကွန်းတို့သည် တစ်ကောင်နှင့်တစ်ကောင် တွေ့သည်နှင့် ရန်သူတော်များအလား ရူးသွပ်စွာ တိုက်ခိုက်ကြလေတော့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ။ နွားရိုင်းကြီးနှင့် ယူနီကွန်းတို့မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး လင်းဖုန်းသည်လည်း အမှောင်ထုထဲမှ လန့်နိုးလာသကဲ့သို့ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။