အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်း
Vol. 2 Ch. 22
“သိစိတ်... ဒါက သိစိတ်လား”
လင်းဖုန်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူ၏ သိစိတ်သည် အဘယ်ကြောင့် နွားရိုင်းနှင့် ယူနီကွန်း ဖြစ်နေရသနည်း။
“ငါက နွားရိုင်းမျိုးရိုးဗီဇနဲ့ ယူနီကွန်းမျိုးရိုးဗီဇတွေကို ပေါင်းစပ်ထားတယ်ဆိုပေမဲ့ ပေါင်းစပ်ရုံပဲ ရှိသေးတာ။ ငါ့ရဲ့ ကိုယ်ပိုင်ဗီဇကသာ အဓိကပဲ။ ဒါကြောင့် ငါက နွားရိုင်းလည်း ဖြစ်မလာနိုင်သလို ယူနီကွန်းလည်း ဖြစ်မလာနိုင်ဘူး။ ငါက ငါပဲ”
နွားရိုင်းနှင့် ယူနီကွန်းမှာ သူ၏ သိစိတ်အစစ်အမှန်ဖြစ်သည်ဟု လင်းဖုန်း မယုံကြည်ပေ။ မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်ထဲတွင် အဘယ်ကြောင့် ပြောင်းလဲမှု တစ်စုံတစ်ရာ မခံစားရသနည်း။ 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ထဲရှိ ဖော်ပြထားချက်အရ သိစိတ် ကို ရှာတွေ့သွားပါက မိမိ၏ ကြွက်သား၊ အကြောအမျှင်နှင့် အရိုးတိုင်းကို ခံစားသိရှိနိုင်မည်ဖြစ်ကာ သွေးကြောထဲတွင် သွေးများ စီးဆင်းနေသည့် အသံကိုပင် ကြားနိုင်မည် ဖြစ်သည်။
ထိုအရာသည် မိမိခန္ဓာကိုယ်အပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းပင် ဖြစ်သည်။ ယခု လင်းဖုန်း ထိုသို့ မခံစားရသေးသဖြင့် သူသည် သိစိတ်ကို ရှာမတွေ့သေးဟု ဆိုရပေမည်။
ညအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လင်းဖုန်း စိတ်မပျက်ပေ။ သူသည် ထမင်းပင် မစားတော့ဘဲ မျက်လုံးများကို ပြန်မှိတ်ကာ သိစိတ်ကို ထပ်မံ ရှာဖွေပြန်သည်။
တဖြည်းဖြည်းနှင့် လင်းဖုန်းသည် တစ်ခါတစ်ရံတွင် နွားရိုင်းတစ်ကောင်အဖြစ်၊ တစ်ခါတစ်ရံတွင် ယူနီကွန်းတစ်ကောင်အဖြစ် ပြောင်းလဲနေသကဲ့သို့ ခံစားလာရသည်။ သူ၏ အရှိန်အဝါမှာလည်း တဖြည်းဖြည်းနှင့် ကြမ်းကြုတ်ခက်ထန်လာပြီး ကြမ်းကြုတ်သားရဲများတွင်သာ ရှိတတ်သည့် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
ကံကောင်းသည်မှာ အိပ်ဆောင်ထဲတွင် လင်းဖုန်း တစ်ယောက်တည်း ရှိနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက အခြားသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။
လင်းဖုန်း၏ အရှိန်အဝါသာမက သူ၏ မျက်နှာအမူအရာမှာလည်း ကြောက်မက်ဖွယ် ကောင်းလာသည်။ အမှန်တကယ်တော့ လင်းဖုန်း၏ အခြေအနေမှာ အလွန် အန္တရာယ်ကြီးလှသည်။ သူသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို အသုံးပြုကာ မျိုးရိုးဗီဇများကို ပေါင်းစပ်ခဲ့သော်လည်း နွားရိုင်းနှင့် ယူနီကွန်း မျိုးရိုးဗီဇများကို လုံးဝ အောင်နိုင်ခြင်း မရှိသေးပေ။ အထူးသဖြင့် ယူနီကွန်း မျိုးရိုးဗီဇမှာ လင်းဖုန်း၏ ခန္ဓာကိုယ် နက်နဲရာတွင် ငြိမ်သက်နေဆဲ ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် အခြားသော ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇကို ထပ်မံ ပေါင်းစပ်သွားပါက လင်းဖုန်းအတွက် အကြီးမားဆုံး ဖြစ်နိုင်ခြေမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်း မဟုတ်ချေ။ သူ၏ မျိုးရိုးဗီဇများမှာ သားရဲမျိုးရိုးဗီဇအဖြစ် လုံးဝ ပြောင်းလဲသွားကာ လူမဟုတ် သားရဲမဟုတ် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။
လင်းဖုန်း ဤအကြောင်းကို တွေးမိလေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်သည်။ 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ကို ဝယ်ယူရန် ဆုံးဖြတ်ချက်မှာ မှန်ကန်လှသည်ဟု သူ ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ဤကျင့်စဉ်က သူ၏ ခန္ဓာကိုယ်ထဲတွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များ ကိန်းအောင်းနေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်စေခဲ့သည်။
တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်...
လင်းဖုန်း မည်မျှအထိ ကြိုးစားလိုက်ရသည် မသိပေ။ သူသည် သိစိတ်ကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ လင်းဖုန်း၏ သိစိတ်မှာ ပျောက်ကွယ်သွားပြီး နွားရိုင်းနှင့် ယူနီကွန်းတို့၏ သိစိတ်များသာ ကျန်ရစ်သကဲ့သို့ပင်။
သို့သော် လင်းဖုန်း စိတ်မပျက်ဘဲ ထပ်ကာထပ်ကာ ကြိုးစားသည်။ သူ၏ စိတ်အာရုံထဲတွင် သူသည် ကလေးဘဝသို့ ပြန်ရောက်သွားသည်။ သူ၏ အိမ်၊ သူ၏ အစ်ကိုများ၊ ညီမလေးနှင့် မိသားစုဝင်များ ရှိရာသို့ ရောက်သွားသည်။ သူတို့၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်များကြားတွင် လင်းဖုန်းသည် ဖျားနာကာ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုကောင်လေးမှာ အလွန်ပင် အားကိုးရာမဲ့ပြီး နုနယ်လှရာ မည်သည့်အချိန်တွင်မဆို သေဆုံးသွားနိုင်သည့်ပုံစံ ရှိသည်။
“ဆရာဝန်ကြီး... ဖုန်းအာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အကောင်းဆုံး ကုပေးပါဗျာ”
ဤသည်မှာ သူ၏ ဖခင်ဖြစ်သူ လင်းကျုံး၏ အသံဖြစ်သည်။
“ဖုန်းအာ... သား သေချာပေါက် နေကောင်းလာမှာပါ။ စိတ်မလျှော့နဲ့နော်”
ဤသည်မှာ သူ၏ နူးညံ့သိမ်မွေ့သော မိခင်ဖြစ်သူလော့ရှုတင်း၏ အသံဖြစ်သည်။
“တတိယညီလေး... အားတင်းထားစမ်းပါ။ မိသားစုတစ်ခုလုံးက မင်းကို စောင့်ကြည့်နေကြတာကွ”
“တတိယညီလေး... မင်း အကြိုက်ဆုံး ပြိုင်ကားအရုပ်ကလေး ငါ ဝယ်လာတယ်။ မင်း နေကောင်းလာရင် ငါတို့ အတူတူ ပြိုင်မောင်းကြမယ်လေ။ ဘယ်သူ့ကားက ပိုမြန်မလဲဆိုတာ ကြည့်ကြတာပေါ့”
ထိုသူတို့မှာ လင်းဖုန်း၏ အစ်ကိုကြီး လင်းယုံ နှင့် အစ်ကိုလတ် လင်းဟိုင်တို့ ဖြစ်သည်။
“ကိုကို... မအိပ်ပါနဲ့တော့။ ကိုကို နေကောင်းလာရမယ်နော်...”
သူ၏ ညီမလေးက သူ၏ လက်ကို ကိုင်ကာ တရစပ် လှုပ်ယမ်းနေသည်။
လင်းဖုန်းသည် ဤကိစ္စများကို မေ့လျော့နေပြီဖြစ်ကာ ခပ်ဝါးဝါးသာ မျတ်မိတော့သည်။ သို့သော် ယခု ပြန်လည် အမှတ်ရလာသောအခါ ဤမြင်ကွင်းမှာ သူ၏ မှတ်ဉာဏ်အနက်ရှိုင်းဆုံးနေရာတွင် အမြဲတမ်း ကိန်းအောင်းနေပြီး ဘယ်သောအခါမျှ မေ့ပျောက်၍ မရနိုင်သော အရာဖြစ်ကြောင်း သိလိုက်ရသည်။
လင်းဖုန်း အသက် ၁၁ နှစ်အရွယ်တွင် သေလုနီးပါး ဖြစ်ခဲ့ဖူးသည်။ သူ၏ ပုံမှန်မဟုတ်သော ကိုယ်တွင်းအင်္ဂါ ပျက်စီးသည့်ရောဂါမှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် မိသားစုဝင်များ၏ မလျှော့သော ဇွဲလုံ့လကြောင့် လင်းဖုန်းသည်လည်း ကုသမှုကို စိတ်မပျက်ခဲ့ဘဲ အံ့သြဖွယ် ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့သည်။
“ဒါ ငါပဲ... ငါက လင်းဖုန်းပဲ”
လင်းဖုန်း ဟိန်းဟောက်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ချက်ချင်းပင် အက်ကွဲပျက်စီးသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် နွားရိုင်းနှင့် ယူနီကွန်းအဖြစ်သာမက အိပ်ရာပေါ်ရှိ ဖျားနာနေသော်လည်း စိတ်ဓာတ်ခိုင်မာသည့် ကောင်လေးတစ်ယောက်အဖြစ်လည်း ပြောင်းလဲသွားသကဲ့သို့ပင်။
အချိန်အတော်ကြာပြီးနောက် နွားရိုင်းနှင့် ယူနီကွန်းတို့ ပျောက်ကွယ်သွားကာ ဖျားနာနေသော ကောင်လေးသာ ကျန်ရစ်တော့သည်။ သူသည် ခိုင်မာသော စိတ်ဓာတ်ဖြင့် အိပ်ရာပေါ်မှ ထရပ်လိုက်သည်။
ဝုန်း...
လင်းဖုန်း မျက်လုံးများ ပွင့်လာပြီး သူ၏ စိတ်ထဲရှိ ပုံရိပ်များမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ညဉ့်မှာ မှောင်နေမြဲမှောင်နေဆဲဖြစ်ကာ ပတ်ဝန်းကျင်မှာ အလွန် တိတ်ဆိတ်နေသော်လည်း လင်းဖုန်း၏ စိတ်မှာမူ မတည်ငြိမ်နိုင်တော့ပေ။
“တကယ့် သိစိတ် ဆိုတာက ကိုယ့်ရဲ့ အစစ်အမှန်ဖြစ်တဲ့ ကိုယ် ကို ရှာဖွေရတာပါလား”
လင်းဖုန်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ယခု သူ အားလုံးကို နားလည်သွားပြီ ဖြစ်သည်။ ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်သည် မိမိ၏ အစစ်အမှန် ကိုယ် ကို ရှာဖွေရန် လိုအပ်သည်။ မိမိ၏ သိစိတ်ကို အကြွင်းမဲ့ ထိန်းချုပ်နိုင်မှသာ မိမိ၏ ခန္ဓာကိုယ်ကို အလုံးစုံ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
လင်းဖုန်း စိတ်ကူးလိုက်သည်နှင့် သူ၏ သွေးကြောထဲတွင် သွေးများမှာ မြစ်ရေအလား အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် အသံကို ကြားလိုက်ရပြီး အားကောင်းသော စွမ်းအင်များ ထွက်ပေါ်လာသည်။ သူ၏ ကြွက်သားတိုင်းတွင် ပေါက်ကွဲထွက်လုမတတ် ခွန်အားများ ရှိနေသည်ကိုလည်း လင်းဖုန်း ခံစားရသည်။ နွားရိုင်းမျိုးရိုးဗီဇ၏ ခွန်အားဖြစ်စေ ယူနီကွန်း၏ ခွန်အားဖြစ်စေ လင်းဖုန်း၏ ကိုယ်ပိုင်ခွန်အားဖြစ်စေ အားလုံးမှာ လင်းဖုန်း လုံးဝ အကြွင်းမဲ့ ထိန်းချုပ်နိုင်သော အင်အားများ ဖြစ်သွားခဲ့ပြီ။ ဤသည်မှာ လင်းဖုန်း တစ်ဦးတည်းနှင့်သာ သက်ဆိုင်သော ခွန်အားပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မည်သည့် ကိရိယာနှင့်မျှ တိုင်းတာစရာ မလိုဘဲ သူ၏ လက်သီးချက်မှာ ၄ တန်ထက်မက ပြင်းထန်မည်ကို လင်းဖုန်း သိသည်။ သူသည် နွားရိုင်းနှင့် ယူနီကွန်း မျိုးရိုးဗီဇများ၏ ခွန်အားကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်အပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းပင် ဖြစ်ပေသည်။
လင်းဖုန်းသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ထုတ်ကာ သူ၏ ခန္ဓာကိုယ် အချက်အလက်များကို စစ်ဆေးလိုက်သည်။
ကြံ့ခိုင်မှု : ၁၉.၅၆
ခွန်အား : ၁၈.၈၅
လျင်မြန်မှု : ၁၁.၃၄
စွမ်းရည်များ: အခြေခံ လက်သီးသိုင်း (ကျွမ်းကျင်အဆင့် - လေ့ကျင့်မှုဖြင့် အဆင့်မြင့်ကျွမ်းကျင်အဆင့်သို့ အဆင့်မြှင့်နိုင်သည်)၊ နွားရိုင်း၏ အရှိန်အဝါ (ပြီးပြည့်စုံခြင်းအဆင့် - နွားရိုင်း၏ အစစ်အမှန် စိတ်ဆန္ဒကို နားလည်ပြီး)
မျိုးရိုးဗီဇပေါင်းစပ်မှု: နွားရိုင်းမျိုးရိုးဗီဇ (၁၀၀% ပေါင်းစပ်ပြီး)၊ ယူနီကွန်းမျိုးရိုးဗီဇ (၁၀၀% ပေါင်းစပ်ပြီး)
မျိုးရိုးဗီဇ ပမာဏ : 16%
သူ၏ ခန္ဓာကိုယ် အချက်အလက်များမှာ ပြောင်းလဲမှု မရှိသော်လည်း လင်းဖုန်းသည် အမှန်တကယ်ပင် ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူသည် လူသားပုံစံနှင့် ကြမ်းကြုတ်သားရဲတစ်ကောင်ဟုပင် ဆိုနိုင်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ တစ်သားတည်း ဖြစ်သွားခဲ့ပြီ။
အကယ်၍ ယခုလက်ရှိအချိန်တွင် လုံဝေ့ပင်းနှင့် ထပ်မံတွေ့ဆုံပါက လင်းဖုန်းသည် သူ့ကို လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ သိုင်းပညာ နက်နဲခြင်းနှင့် မဆိုင်ပေ။ ခွန်အားသီးသန့်ဖြင့် ဖိနှိပ်ခြင်းသာ ဖြစ်သည်။
သို့သော် လင်းဖုန်းသည် သူ၏ သိစိတ်ကို ရှာတွေ့သွားသဖြင့် သူ၏ အတွင်းကလီစာများမှာ တဖြည်းဖြည်း ပျက်စီးနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလာရသည်။ ထိုဖြစ်စဉ်မှာ ပို၍ပင် မြန်ဆန်လာနေသည်။
သူ၏ ဆဲလ်များမှာလည်း တဖြည်းဖြည်းနှင့် ဇီဝစွမ်းအားများ ဆုံးရှုံးနေသည်။ ဤသည်မှာ မျိုးရိုးဗီဇကို အသစ်တစ်ဖန် ပြန်မတည်ဆောက်နိုင်သရွေ့ ပြောင်းလဲ၍ မရနိုင်သော အသက်ဇီဝ ဆုံးရှုံးမှု ဖြစ်သည်။
“ငါ့အခြေအနေက ပိုဆိုးလာပုံရတယ်။ အရင်က ဆရာဝန်က ငါ့မှာ အသက်ရှင်ဖို့ ၃ နှစ်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းခဲ့တာ။ ဒါပေမဲ့ အခုလို ကလီစာတွေ ပျက်စီးနှုန်းအရဆိုရင် ၂ နှစ်ခွဲ ဒါမှမဟုတ် အဲဒီထက်စောပြီး ငါ သေသွားနိုင်တယ်”
လင်းဖုန်း စိုးရိမ်စိတ်များ တိုးလာသည်။ မိမိ၏ ဇီဝစွမ်းအားများ တဖြည်းဖြည်း ဆုံးရှုံးနေသည်ကို သိရှိပြီး သေခြင်းတရားသို့ တရွေ့ရွေ့ ချဉ်းကပ်နေသည်ကို စောင့်ကြည့်နေရခြင်းမှာ မည်မျှအထိ ရက်စက်ပါသနည်း။
သို့သော် လင်းဖုန်း အောင့်အည်းသည်းခံရမည်။ သူ သန်မာလာရမည်။ အဘယ်ကြောင့်ဆိုသော် သူ့အသက်ကို ကယ်တင်နိုင်သူမှာ သူကိုယ်တိုင်သာ ဖြစ်ကြောင်း လင်းဖုန်း ကောင်းစွာ သိနေသောကြောင့် ဖြစ်သည်။
သိစိတ်ကို ရှာတွေ့ခြင်းမှာ ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်၏ ပထမခြေလှမ်းသာ ဖြစ်သည်။ မှန်ပါသည်၊ ၎င်းသည် အရေးကြီးသော ခြေလှမ်းဖြစ်သော်လည်း ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်ကို အမှန်တကယ် တတ်မြောက်ရန်မှာ လိုအပ်ချက်များ ရှိနေပါသေးသည်။
ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်သည် တိုက်ခိုက်မှုစွမ်းအားကို နောက်ထပ် တစ်ဆ သို့မဟုတ် ထိုထက်မက တိုးမြှင့်ပေးနိုင်သည့် အစစ်အမှန် အကြောင်းရင်းမှာ ဝဲကယက်စွမ်းအား ကြောင့်ပင်။ 'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ပထမအဆင့်တွင် ထိုကျင့်စဉ်၏ အထူးဝိသေသလက္ခဏာတစ်ရပ်ဖြစ်သော ဝဲကယက်စွမ်းအားတစ်ခုကို ဖော်ထုတ်ရန် လိုအပ်သည်။
သို့သော် ဝဲကယက်စွမ်းအားကို စုစည်းရန်မှာ အလွန် ခက်ခဲလှသည်။ သိစိတ်ကို ရှာဖွေခြင်းနှင့် ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို ထိန်းချုပ်နိုင်ခြင်းမှာ ဝဲကယက်စွမ်းအားကို ဖော်ထုတ်ရန် အခြေခံအုတ်မြစ် ချလိုက်ရုံသာ ရှိသေးသည်။
ညဉ့်နက်နေပြီ ဖြစ်သော်လည်း လင်းဖုန်းသည် တက်ကြွလန်းဆန်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူ အနားမယူသေးဘဲ ဝဲကယက်စွမ်းအားကို ဖော်ထုတ်ရန် ဆက်လက် ကြိုးစားနေတော့သည်။