ဒီပိုင်ဟောက်က လုံးဝမကောင်းတဲ့ကောင်ပဲ
Vol. 8 Ch. 775
ထို ကြောက်စရာကောင်းသည့် အဘိုးကြီးမှာ လျှပ်စီးလက်သည့်အလား အမြန်နှုန်းဖြင့် တိုက်ခိုက်လိုက်သည်ဖြစ်၍ သခင်မလေးဟုန်ချိန်နှင့် အခြားအမွေဆက်ခံသူများပင် တုံ့ပြန်ချိန် မရလိုက်ပေ။ သခင်မလေးဟုန်ချိန်မှာ ကြားဝင်၍ တားဆီးလိုပါသော်လည်း မစွမ်းနိုင်ပေ။
အဘိုးကြီး၏ ကျင့်ကြံခြင်းအခြေခံ နတ်အဆင့်အငွေ့အသက်များ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်သို့ ရောက်လာတော့သည်။ သူ၏ အတွေးထဲတွင် ထိုအဘိုးကြီးမှာ ချန်ဟောက်စုန့်ထက်ပင် ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။ သူ၏ တိုက်ကွက်တစ်ကွက်လောက် ထိမှန်သွားပါက ငါးပါးမှောက်သွားနိုင်သည်။
" သူသဘောမကျတဲ့ စကားလေးတစ်ခွန်းပြောမိတာနဲ့ ငါ့ကို သတ်ဖို့ကြိုးစားနေတာပါလား "
ပိုင်ရှောင်ချန်းမှာ အသက်ပျောက်လုမတတ် ကြောက်လန့်နေသည်။ သို့သော် သူသည် တုန်တုန်ရီရီနှင့် ထိုကြောက်မက်ဖွယ် အဘိုးကြီးထံမှ နောက်သို့ဆုတ်သွားစဥ် မဟာကောင်းကင်သခင်မှာ ပြုံးလိုက်တော့သည်။ ထိုအပြုံးမှာ အဓိပ္ပါယ်များစွာပါဝင်နေသော အပြုံးမျိုးဖြစ်ပြီး သူ၏မျက်ဝန်းထဲတွင် ချီးကျူးသည့်အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်ကို မြင်နိုင်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ညာလက်ချောင်းကို ပိုင်ရှောင်ချန်းရှိရာဘက်သို့ ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါတွင် အနက်ရောင်အလင်းတန်း ဒိုင်းကာတစ်ခု ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာပြီး လေပူဖောင်းတစ်လုံးအလား သူ့ကိုဝန်းရံလိုက်တော့သည်။
ထိုအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း မီးတစ်ခတ်အချိန်အတွင်း ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကြောက်မက်ဖွယ် အဘိုးကြီး၏ သရုပ်ဖြစ်သော ဧရာမ မှော်သင်္ကေတကြီးမှာ ထိုဒိုင်းကာနှင့် ရိုက်ခတ်သွားတော့သည်။
အုန်းခနဲ အသံကျယ်ကြီး တစ်သံပေါ်ထွက်လာပြီး တော်ဝင်နန်းတော်တစ်ခုလုံး တုန်ရီသွားတော့သည်။
ထို့နောက် ဒိုင်းကာကြီး ပြိုလဲသွားပြီး အဘိုးကြီးမှာ ဖြူဆုတ်နေသည့် မျက်နှာဖြင့် ပေါ်ထွက်လာကာ သွေးတစ်ပွက် အန်လိုက်လေသည်။ တန်ပြန်ဒဏ်ကြောင့် သူသည် နောက်သို့လွင့်စင်သွားပြီး ပင်မခန်းမထဲရှိ မြေပြင်ပေါ်သို့ ဗိုင်းကနဲ ပစ်ကျသွားကာ သွေးအနည်းငယ် ထပ်အန်လိုက်ပြန်သည်။ ထို့နောက် သူသည် မဟာကောင်းကင်သခင်ကို လှည့်ကြည့်လိုက်တော့သည်။
" မဟာကောင်းကင်သခင် ခင်ဗျား "
သူ့စကားမဆုံးခင်မှာပင် မဟာကောင်းကင်သခင်က သူ့အားစိုက်ကြည့်လိုက်သဖြင့် သူ တုန်ရီသွားရတော့သည်။ သူပြောရန် ပြင်ထားသည့် စကားများမှာ လည်ချောင်းထဲတွင် တစ်နေတော့သည်။
" စိတ်အေးအေးထားစမ်းပါ။ ပိုင်ဟောက်၊ စကားပြီးအောင်ပြောပါစေဦး "
မဟာကောင်းကင်သခင်က တည်တည်ကြည်ကြည်နှင့် အမိန့်ပေးလိုက်သည်။ ဗဟိုဧကရာဇ်မှာမူ ယခုတွင် နဂါးပလ္လင်၏ လက်တန်းများကို တင်းကြပ်စွာဆုပ်ကိုင်ထားသဖြင့် သူ၏လက်ဖျံရိုးပေါ်တွင် သွေးကြောကြီးများ ထောင်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ တံတွေးမျိုချလိုက်တော့သည်။ မကြာသေးမီက အနက်ရောင် ဒိုင်းကာကြောင့်သာ သူသည် ယခုတွင် ဒဏ်ရာလုံးဝမရရှိနေရခြင်းဖြစ်သည်။ သို့သော် သူခံစားခဲ့ရသည့် အန္တရာယ်ကြီးမှာ ထင်ကျန်ရစ်နေဆဲဖြစ်သဖြင့် သူ၏နှလုံးသားမှာ တုန်ရီနေတော့သည်။ သို့သော်လည်း သူသည် ခရီးကိုစတင်ပြီးပြီဖြစ်၍ နောက်ပြန်လှည့်၍မရတော့ပေ။ သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ခု ပေါ်ထွက်လာပြီး သူ့ကိုယ်သူ စိတ်အေးအေးထားလိုက်ကာ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်တော့သည်။
" နားထောင်စမ်း ဉာဏ်တိမ်တဲ့ကောင်။ ငါက အရှင်မင်းမြတ်ကို ဘာမှလိမ်လည်လှည့်ဖျားဖို့ကြိုးစားနေတာမဟုတ်ဘူး။ ဒါက နတ်အဆင့်ဝိညာဥ်လေ။ မင်းကန်းနေတာလား။ ပြီးတော့ မင်းကိုငါ မေးလို့လား။ မဟာကောင်းကင်သခင်ခင်ဗျား။ ကျွန်တော်မျိုးကို တစ်စိတ်လောက် ကူညီပေးနိုင်မလား။ ဒီဝိညာဥ်က ဘာအမျိုးအစားပါလဲ ခင်ဗျ "
ထိုအခါ မဟာကောင်းကင်သခင်သည် လူတိုင်းမြင်နေရသည့် ပဟေဋိဆန်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
" နတ်အဆင့်ဝိညာဥ်လေ "
သူ၏ ပါးစပ်မှ ထိုစကားထွက်လာသည်နှင့် တော်ဝင်မင်းသားများနှင့် မင်းသမီးများမှာ မှင်တက်ကုန်ကြပြီး သူတို့၏မျက်နှာအမူအရာများမှာ ပြောင်းလဲကုန်ကြတော့သည်။ ဒုတိယမင်းသားနှင့် မဟာမင်းသားတို့လို လူအချို့မှာ မျက်နှာများဖြူဆုတ်သွားကြသည်။
" မဟာကောင်းကင်သခင်က ခမည်းတော်ကို ဦးညွှတ်အောင် လုပ်နေတာပဲ။ အဲဒီဝိညာဥ်က နတ်အဆင့်ဝိညာဥ်လို့ ပြောအောင် ဖိအားပေးနေတာ။ မဟာကောင်းကင်သခင်က သူ့ရဲ့ အချုပ်အခြာအာဏာကို ပြန်စုစည်းနေတာပဲ "
အတုံးအဆုံးသော အရာရှိများနှင့် မှူးမျိုးမတ်နွယ်များပင် လက်ရှိအခြေအနေကို သဘောပေါက်သွားကြတော့သည်။ ထို့ကြောင့် ရှိရှိသမျှ လူတိုင်း၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြပြီး စိတ်လှုပ်ရှား၍ ပျော်ရွှင်နေကြသူများမှာ မရှိသလောက်နည်းပါးနေတော့သည်။
သခင်မလေးဟုန်ချိန်မှာ သက်ပြင်းချလိုက်ပြီး ခံစားချက်များစွာ ရောယှက်နေသည့် အမူအရာဖြင့် ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။ ကျိုးဟုန်မှာ မဟာကောင်းကင်သခင်သည် ဗဟိုဧကရာဇ်အား ဖိအားပေးနေကြောင်းကို သိလိုက်ရသောအခါ သူ၏မျက်ဝန်းများမှာ ကြောက်ရွံ့မှုများဖြင့် အရောင်လက်သွားတော့သည်။ ဤအချင်းအရာအား ပိုင်ရှောင်ချန်း ကိုင်တွယ်နေသည့် ပုံစံကို ပို၍တွေးမိလေလေ ကျိုးဟုန်မှာ ပို၍ ကြောက်လန့်လာရလေလေ ဖြစ်နေတော့သည်။
စစ်အောင်ဘုရင်လေးမှာ ဆိတ်ငြိမ်စွာ ထိုင်နေပြီး ဝိညာဥ်ခရီးမြို့တော်၏ အမွေဆက်ခံသူမှာ ခေါင်းငုံ့နေတော့သည်။ ချန်ဟောက်စုန့်နှင့် အခြားကောင်းကင်နယ်စားများမှာ တိတ်ဆိတ်စွာဖြင့် သူတို့ကိုယ်သူတို့ ပြန်၍ဆန်းစစ်နေပြီး ဤအရှုပ်ထုပ်ကြီးထဲသို့ ဆွဲအခေါ်မခံရစေရန် ဆုတောင်းနေကြတော့သည်။
ဗဟိုဧကရာဇ်၏ လက်မှာ ထောင်နေသည့် သွေးကြောကြီးများနှင့် သူ၏မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များကို ပိုင်ရှောင်ချန်းက အတိုင်းသား မြင်နေရသည်။ ထိုမြင်ကွင်းမှာ ကြောက်စရာ ကောင်းလှပါသော်လည်း ပိုင်ရှောင်ချန်းမှာ သူသည် မဟာကောင်းကင်သခင်ဘက်မှဖြစ်ကြောင်း သူ့ကိုယ်သူပြန်သတိပေးလိုက်သည်။ ထို့အပြင် သူ၏စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်ကို တိုက်ခိုက်ခဲ့သည့် အကြံအစည်အား ကြိုးကိုင်ခဲ့သူများမှာ အင်ပါယာမျိုးနွယ်စုမှဖြစ်နေသည်ဆိုသည့် အချက်ကြီးကို သူကလုံးဝမမေ့နိုင်သေးပေ။
ထို့ကြောင့် သူကအံကြိတ်ကာ ထပ်ပြောလိုက်လေသည်။
" မဟာကောင်းကင်သခင်ကတော့ ဒါကို နတ်အဆင့်ဝိညာဥ်လို့ပြောတယ်။ အရှင်မင်းမြတ်ရော ဘယ်လိုထင်သလဲဗျ။ ဒါဘာဝိညာဥ်လဲ "
ထိုမေးခွန်းကြောင့် ဗဟိုဧကရာဇ်မှာ သူ၏နဂါးပုလ္လင်ပေါ်တွင်ထိုင်ကာ မျက်ဝန်းထဲမှအကြည့်မှာ ပို၍အေးစက်လာတော့သည်။ ကောင်းကင်နယ်စားနှင့်မြို့စားများအားလုံးမှာလည်း ရင်တဒိန်းဒိန်းဖြင့် မျက်လွှာချထားကြတော့သည်။
ဗဟိုဧကရာဇ်၏ လက်ပေါ်ရှိသွေးကြောကြီးများမှာ ပို၍ပင် ထောင်ထလာပြီး သူ၏မျက်ဝန်း အကြည့်မှာလည်း ဆောင်းရာသီလေအေးထက်ပင် ပို၍အေးစက်နေတော့သည်။ သူသည် ပိုင်ရှောင်ချန်းအား အရှင်လက်လက် အရေခွံဆုတ်ပစ်ချင်စိတ်များ တဖွားဖွားပေါ်လာတော့သည်။
ထို့နောက် ဒုတိယမြောက် အဘိုးကြီးထံမှ စကားသံထွက်လာတော့သည်။ သူသည် စိတ်ထဲတွင် နာကျည်းနေပါသော်လည်း အင်ပါယာမျိုးနွယ်စုအား မျိုးဆက်ပေါင်းများစွာ အမှုထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်၍ ဗဟိုဧကရာဇ်ဘက်မှ ရပ်တည်ပေးသင့်သည်ဟု ခံစားနေရသည်။
" အတင့်ရဲ့လှပါလား ပိုင်ဟောက်ရ။ လုံးဝ အဓိပ္ပာယ် မရှိတာပဲ။ အဲဒါ အခြေခိုင်မာခြင်းအဆင့် ဝိညာဥ်လေ။ နတ်အဆင့်ဝိညာဥ်လို့ ဘာလို့ထင်နေရတာတုံး "
ထိုအခါ ပိုင်ရှောင်ချန်းမှာ ပျင်းရင်းပျင်းတွဲဖြင့် အသက်ရှူလိုက်လေသည်။ ထို့နောက် ထိုအဘိုးကြီးကို ပြူးကြည့်ကာ အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်အား လေပေါ်သို့မြှောက်လိုက်သည်။ ဘေးပတ်ပတ်လည်တွင် စုဝေးနေကြသည့် မှူးမျိုးမတ်နွယ်များနှင့် အရာရှိများကို ဖြည်းညင်းစွာ ကြည့်၍ ချောင်းဟန့်လိုက်လေသည်။
" ကောင်းကင်မြို့စားများ၊ ကောင်းကင်နယ်စားများခင်ဗျား။ နည်းနည်းလောက် အကူအညီမပေးချင်ကြဘူးလား။ ဒါက အခြေခိုင်မာခြင်းအဆင့် ဝိညာဥ်လား။ နတ်အဆင့်ဝိညာဥ်လား "
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစပြုနေပြီဖြစ်ပြီး သူ့အကြံအစည်၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်နေပြီဖြစ်သည်။ ယခုအထိ သူဆောင်ရွက်ခဲ့သမျှ အရာတိုင်းမှာ အပေါ်ယံသာဖြစ်သည်။ သူသည် ဗဟိုဧကရာဇ်အား ထီးနန်းမစွန့်လွှတ်လျှင်တောင် အနည်းဆုံး ဦးညွှတ်စေရန် ဖိအားပေးနေခြင်းဖြစ်သည်ဟု လူအများအား မယုံယုံအောင် လှည့်စားခဲ့ခြင်းဖြစ်သည်။ အမှန်မှာ သူ၏ ရည်မှန်းချက်သည် ဗဟိုဧကရာဇ်ကို ဖိအားပေးရန်မဟုတ်ပဲ အရာရှိများနှင့် မှူးမျိုးမတ်နွယ်အားလုံးကို ကျဥ်းထဲကြပ်ထဲသို့ ပို့ရန်သာဖြစ်သည်။
ဤအကြံအစည်မှာ ပိုင်ရှောင်ချန်းသည် သူ မထုတ်ဖော်နိုင်သော်လည်း လူအားလုံး မည်သို့တွေးတောနေသည်ကို မဟာကောင်းကင်သခင် မြင်နိုင်သည့် အခွင့်အရေးတစ်ရပ် ပေးမည်ဟု အခိုင်အမာပြောဆိုထားရာမှ မြစ်ဖျားခံကာ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းထံမှ ပေါ်ထွက်လာသည့် မထင်မှတ်ထားသော စကားလုံးများကြောင့် လူတိုင်းမှာ အငိုက်မိသွားရတော့သည်။ ဗဟိုဧကရာဇ်မှာ သူထင်ထားသည်ထက် အခြေအနေများမှာ ဆိုးရွားသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ မျက်နှာပေါ်တွင် သွေးကြောကြီးများ ထောင်ထလာတော့သည်။ အဘိုးကြီးနှစ်ယောက်၏ မျက်နှာများမှာမူ သွေးမရှိတော့သည့်အလား ဖြူဆုတ်သွားတော့သည်။
တော်ဝင်မင်းသား၊ မင်းသမီးများမှာလည်း တုန်ရီသွားကြပြီး အချို့မှာ စိတ်ထဲတွင် သက်ပြင်းများချနေကြသည်။ မှူးမျိုးမတ်နွယ်နှင့် အရာရှိများအားလုံးသည်လည်း အသက်ရှူကြပ်လာသကဲ့သို့ ခံစားနေရတော့သည်။ မကြာသေးမီက သူတို့သည် မဟာကောင်းကင်သခင်နှင့် ဗဟိုဧကရာဇ်တို့ အားပြိုင်နေသည်ဟု ထင်ထားကြသည့် ကိစ္စရပ်ကြီးနှင့် ကင်းကင်းနေနိုင်ရန် ဆုတောင်းနေခဲ့ကြသည်။ အစတွင် သူတို့၏ ဆုတောင်းမှာ ပြည့်သယောင်ယောင်ရှိခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် ရုတ်တရက် အနှီသောက်ကျိုးနည်းပိုင်ဟောက်က ကိစ္စရပ်အားလုံးကို ကပြောင်းကပြန်ဖြစ်အောင် ပြောင်းလဲကာ သူတို့အား ပစ်မှတ်ထားလိုက်ကြသည်။
သခင်မလေးဟုန်ချိန်မှာ ပိုင်ရှောင်ချန်းကို ယခုအကြိမ်မှ ပထမဆုံးမြင်ဖူးသည့်အလား မျက်လုံးများပြူးနေတော့သည်။ စစ်အောင်ဘုရင်လေးနှင့် ဝိညာဥ်ခရီးမြို့မှ အမွေဆက်ခံသူတို့မှာလည်း ကြောက်ကြောက်လန့်လန့်နှင့် ပင့်သက်ရှိုက်နေတော့သည်။
ပိုင်ရှောင်ချန်း၏ အစောပိုင်း ဟန်ဆောင်မှုများနှင့် ဖြစ်စဥ်ကြီးတစ်ခုလုံးကို ထိန်းချုပ်သွားသည့် နည်းလမ်းမှာ လိမ္မာပါးနပ်လွန်းလှသည်ဟု ဆိုနိုင်သည်။ ပိုင်ရှောင်ချန်း၏ အဓိက ပစ်မှတ်အစစ်မှာ အရာရှိများနှင့် မှူးမျိုးမတ်နွယ်များ ဖြစ်နေလိမ့်မည်ဟု မည်သူမှ ကြိုမတွေးမိထားပေ။
သို့သော် လူအုပ်ထဲတွင် အငိုက်မမိလိုက်သည့် လူများလည်း အနည်းငယ်ရှိသည်။ ချန်ဟောက်စုန့်နှင့် အခြားကောင်းကင်နယ်စား ကိုးယောက်မှာ ပိုင်ရှောင်ချန်းသည် အစထဲက ဟန်ဆောင်နေခဲ့သည်ဟု တွက်ဆထားခဲ့ကြသည်။
ကောင်းကင်မြို့စားအချို့မှာလည်း အစောပိုင်းထဲက ကိုယ်စီ တွက်ဆမှုများ လုပ်ထားကြသည်။ သို့သော် ထိုသို့ သိနားလည်ထားမှုမှာ ယခုသူတို့ကြုံနေရသည့် ပြဿနာရပ်ကြီးကို မဖြေရှင်းပေးနိုင်သဖြင့် သူတို့အားလုံးမှာ စိတ်ထဲတွင် အဆက်မပြတ် ကျိန်ဆဲနေကြတော့သည်။
ပိုင်ရှောင်ချန်းနှင့် ယခင်ထဲက ကတောက်ကဆဖြစ်ခဲ့ဖူးသူများမှာ ဤသို့ မထင်မှတ်ထားသော ကိစ္စရပ်များကြောင့် မျက်နှာပျက်နေရပြီး သူ့အပေါ်ထားရှိသည့် အမုန်းတရားများမှာ ပို၍ကြီးထွားလာတော့သည်။
ယခုတွင်မူ မဟာကောင်းကင်သခင်သည် အနှီပိုင်ဟောက်ဆိုသူကို ကူညီပေးနေပြီး ဝိညာဥ်အကြောင်း မေးခွန်းထုတ်ကာ ရှိသမျှလူတိုင်း၏ စိတ်နေသဘောထားကို ဖော်ထုတ်ရန် ကြံစည်နေသည်ဖြစ်ကြောင်း လူတိုင်းက သိသွားတော့သည်။
ထိုအချင်းအရာကို လူတိုင်းက ရှောင်ရှားလိုပါသော်လည်း ယခုတွင်မူ သူတို့မှာ ချောင်ပိတ်နေပြီဖြစ်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းအပေါ် သူတို့၏မုန်းတီးမှုများမှာ ရိုးတွင်းချဥ်ဆီထဲအထိ စွဲနေပြီဖြစ်သည်။ ယခင်ကဆိုလျှင် သူတို့သည် တိုင်းပြည်ရေးမငြိမ်မသက်ဖြစ်မှုကို သူတို့၏ ကိုယ်ကျိုးအတွက် အသုံးချနိုင်ခဲ့သည်။ သို့သော် ယခုတွင်မူ သူတို့၏ သစ္စာစောင့်သိမှုကို လူသိရှင်ကြား ထုတ်ဖော်ရတော့မည်ဖြစ်သည်။ ထိုသို့ ဖော်ပြရန်မှာ လွယ်ကူသည့်အချက်တော့မဟုတ်ပေ။ ပိုင်ရှောင်ချန်းလက်ထဲရှိ ဝိညာဥ်အား အခြေခိုင်မာခြင်းအဆင့် ဝိညာဥ်ဟု သူတို့ပြောလိုက်ပါက မဟာကောင်းကင်သခင်မှာ ထိုကိစ္စကို ခွင့်လွှတ်မည်မဟုတ်သလို မေ့ပျောက်သွားမည်လည်း မဟုတ်ပေ။ သို့သော် နတ်အဆင့်ဝိညာဥ်ဟု ဖြေလိုက်ပါလျှင်လည်း မဟာကောင်းကင်သခင်မှာ သူတို့အပေါ် နိုင်စားသွားတော့မည်ဖြစ်သည်။ ထို့အပြင် ဗဟိုဧကရာဇ် အာဏာပြန်ရလာခဲ့သည်ရှိသော် သူတို့နှင့် သူတို့၏မျိုးနွယ်စုများမှာ သေဒဏ်ချမှတ်ခံရမည်မှာ ဧကန်ပင်။
လူအချို့မှာ လျှို့ဝှက်စွာဖြင့် ဗဟိုဧကရာဇ်အား သစ္စာစောင့်သိပြီး တပြိုင်နက်ထဲမှာပင် မဟာကောင်းကင်သခင်၏ ဘက်တော်သားဟု ကြွေးကြော်မည်ဟုကြံစည်ထားကြသည်။ သို့သော် သူတို့သည် လူသိရှင်ကြား ထုတ်ပြောရသည်ဖြစ်၍ ထိုသို့လုပ်ရန်မှာ မလွယ်ပေ။ ဗဟိုဧကရာဇ်မှာလည်း သူတို့၏ အပြုအမူကို နားလည်ပေးချင်မှ နားလည်ပေးမည်ဖြစ်သည်။ ထိုအပြုအမူကြီးမှာ ရှက်ရွံ့စရာ ကောင်းနေမည်သာမက သူတို့၏ နိုင်ကွက်အား သူတို့၏ရန်သူများလက်ထဲသို့ အပ်လိုက်သလို ဖြစ်သွားမည်ဖြစ်သည်။ အနာဂတ်တွင် သေးငယ်သော အမှားလေးတစ်ခုလောက် ကျူးလွန်မိသွားလျှင်ပင် အကျိုးဆက်များမှာ အလွန်ဆိုးရွားသွားနိုင်သည်။
အရေးကြီးဆုံးအချက်မှာ ယနေ့တွင် ထုတ်ဖော်ပြောဆိုသည့် သစ္စာစောင့်သိမှုတစ်ခုတစ်လေကိုပင် မဟာကောင်းကင်သခင်က ယုံကြည်မည် မဟုတ်သည့် အချက်ပင်ဖြစ်သည်။ သူကလည်း ထိုအရာကိုလိုချင်သည်မဟုတ်ပါလော... သူ့အပေါ် ရိုးသားသည့်စိတ်နှင့်ဖြစ်စေ၊ မရိုးသားသည့်စိတ်နှင့်ဖြစ်စေ လူအားလုံး လာရောက်ပူးပေါင်းလျှင် သူရရှိနိုင်မည့် အာဏာကိုသာ လိုလားသည်။
ထိုအာဏာကိုသာ သူရရှိပါက ဗဟိုဧကရာဇ် လျှို့ဝှက်စွာ ကြိုးစားဖန်တီးထားသည့် လွှမ်းမိုးမှုအားလုံးကို အလွယ်တကူ ချေမှုန်းနိုင်မည်သာဖြစ်သည်။ လူတိုင်းသည် မဟာကောင်းကင်သခင်၏ အနိုင်ယူခြင်းကို ထပ်၍ ခံလိုက်ရပြီဟု သိသွားကြရုံသာမက ယခင်က ဗဟိုဧကရာဇ်အား သစ္စာစောင့်သိခဲ့သူများမှာလည်း ကြောက်လန့်တုန်လှုပ်နေရပြီဖြစ်သည်။
ဤအချင်းအရာမှာ တန်ခိုးအာဏာကိုသာမက ခြိမ်းခြောက်မှုကိုပါ တစ်ပြိုက်နက်ထဲ ပြသနေခြင်းပင်ဖြစ်သည်။
" ဒီပိုင်ဟောက်ဆိုတဲ့ကောင်က လုံးဝ မကောင်းတဲ့ကောင်ပဲ။ အရှက်မဲ့လှပါလား "
" ရက်စက်ချက်ကတော့ကွာ၊ သောက်ကျိုးနည်းဟေ့ "
" ငါတို့ရဲ့ ရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ပြောအောင် သူကဖိအားပေးနေတာပဲ "
ရှိရှိသမျှ လူတိုင်း၏ နှလုံးသားများထဲတွင် အမုန်းတရားများ စွဲထင်နေပြီး တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းအား ကြောက်ရွံ့မှုများမှာလည်း အစားထိုးနေရာယူလာတော့သည်။