← Chapters

မိတ်ကောင်းမိတ်စစ်

Vol. 2 Ch. 25

မိတ်ကောင်းမိတ်စစ်

Vol. 2 Ch. 25

ကျောင်းသားဟောင်းများ ထွက်ခွာသွားပြီးနောက် ကျောင်းသားသစ်များမှာ ဝမ်းသာအားရ အောင်ပွဲခံ ဟစ်ကြွေးကြတော့သည်။ လင်းဖုန်းနှင့် ပြိုင်ဆိုင်လိုစိတ် ရှိခဲ့ကြသော လူသစ်များထဲမှ ထူးချွန်ပါရမီရှင် ခြောက်ယောက် ဆိုသူများမှာမူ ယခုအခါ ဘာစကားမှ မပြောရဲတော့ဘဲ ငြိမ်သက်သွားကြသည်။

လင်းဖုန်းမှာ တကယ့် ပါရမီရှင်အစစ်ဖြစ်ပြီး သူတို့မှာမူ ရယ်စရာ ပျက်လုံးတစ်ခုအလား ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလား။

လင်းဖုန်းသည် ရှေ့သို့တိုးကာ ကျန်းချီကျီကို မြေပြင်မှ ထူမပေးလိုက်သည်။ ကျန်းချီကျီမှာ နာကျင်လွန်း၍ မျက်နှာရှုံ့မဲ့နေသော်လည်း အလွန်ပင် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ သူက ပြုံးလျက် “အစ်ကိုဖုန်း သေချာပေါက် ရောက်လာမယ်ဆိုတာ ကျွန်တော် သိသားပဲ။ ဟားဟား... ဖုန်းရှို့တောင် ရှုံးသွားပြီဆိုတော့ နောက်ဆို ကျောင်းထဲမှာ ကျွန်တော် ကြိုက်သလို နေလို့ရပြီ။ ဘယ်သူမှ ကျွန်တော့်ကို လာနှောက်ယှက်ရဲတော့မှာ မဟုတ်ဘူး”

ကျန်းချီကျီ၏ ပေါ့ပေါ့ပါးပါး နေတတ်သော ပုံစံကို ကြည့်ပြီး လင်းဖုန်း ခေါင်းခါကာ မတတ်နိုင်သလို ပြောလိုက်သည်။

“ကြည့်ရတာ မင်း ဆေးခန်းသွားဖို့ မလိုတော့ဘူး ထင်တယ်”

“သွားရမှာပေါ့ဗျ။ အဲဒီကောင် ဖုန်းရှို့က လက်သီး တော်တော်ပြင်းတာ။ ကျွန်တော့်မျက်နှာမှာ အမာရွတ် ထင်သွားရင် ဒုက္ခ။ မြန်မြန်... ကျွန်တော့်ကို ဆေးခန်း လိုက်ပို့ပေးဦး”

ထို့ကြောင့် လင်းဖုန်းသည် လူအုပ်ထဲမှ ထွက်ခွာကာ ကျန်းချီကျီကို ဆေးခန်းသို့ တွဲခေါ်သွားလိုက်သည်။ သို့သော် လမ်းခုလတ်တွင် ကျန်းချီကျီ၏ မျက်နှာထားမှာ တည်ကြည်သွားပြီး လေးနက်စွာ မေးလိုက်သည်။

“အစ်ကိုဖုန်း... အစ်ကို တကယ်ပဲ ပြင်ပနယ်မြေကို သွားတော့မှာလား”

“ဟုတ်တယ်... အနန္တလမ်းစဉ်အကယ်ဒမီရဲ့ ထူးချွန်တဲ့ ကျောင်းသားတွေ အားလုံးက ပြင်ပနယ်မြေကို သွားဖို့ လျှောက်ထားကြတယ်လို့ ငါ ကြားတယ်။ ငါ့ရဲ့ ရည်မှန်းချက်က မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသားတစ်ယောက် ဖြစ်လာဖို့ပဲ။ ပြင်ပနယ်မြေကိုသွားပြီး ကြမ်းကြုတ်သားရဲတွေနဲ့ မတိုက်ခိုက်ဘဲ၊ သေခြင်းရှင်ခြင်းတိုက်ပွဲတွေနဲ့ မရင်ဆိုင်ဘဲ မျိုးရိုးဗီဇကန့်သတ်ချက်ကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ”

သာလွန်လူသားများအကြောင်းကို လင်းဖုန်း ကြိုတင်လေ့လာထားပြီး ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်းမှာ အချိန်ဇယားဆွဲပြီး လုပ်၍ရသော အရာမဟုတ်ပေ။ သတ်မှတ်ထားသော သိုင်းကျင့်စဉ်များကို လေ့ကျင့်ရုံ၊ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထုဆစ်ဖွဲ့စည်းရုံဖြင့်လည်း မအောင်မြင်နိုင်ပေ။

လက်တွေ့တွင် သာလွန်လူသား ၉၉% ခန့်မှာ ပြင်ပနယ်မြေ၌ ကြမ်းကြုတ်သားရဲများနှင့် တိုက်ခိုက်ရင်း သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ ငုပ်လျှိုးနေသော စွမ်းပကားများအားလုံး ပေါက်ကွဲထွက်လာရာမှ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

အေးချမ်းတည်ငြိမ်လွန်းသော ပတ်ဝန်းကျင်တွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ကမ္ဘာ့ထိပ်တန်း သိုင်းအကယ်ဒမီ သုံးခုရှိ ကျောင်းသားများမှာလည်း အကယ်ဒမီအတွင်း၌ အခြေခံကို တည်ဆောက်ပြီး ခွန်အားများကိုသာ တိုးမြှင့်နေကြခြင်း ဖြစ်သည်။ အရာအားလုံးမှာ ပြင်ပနယ်မြေသို့ သွားရောက်ရန်အတွက် ပြင်ဆင်နေခြင်းသာ ဖြစ်သည်။

ယခုအခါ လင်းဖုန်း၏ ခွန်အားမှာ ထိုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ကြမ်းကြုတ်သားရဲ မျိုးရိုးဗီဇ နှစ်မျိုးကို ပေါင်းစပ်ထားနိုင်ခဲ့ပြီး ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်၏ ပထမအဆင့်ကိုလည်း တတ်မြောက်ထားပြီး ဖြစ်သည်။ သာမန် အဆင့်ကိုး ပရော်ဖက်ရှင်နယ် သိုင်းသမားများမှာ လင်းဖုန်း၏ ပြိုင်ဘက် မဟုတ်တော့ပေ။

အကယ်၍ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အမှန်တကယ် ချိုးဖျက်လိုပါက ပြင်ပနယ်မြေသို့ သွားရန်သာ ရှိတော့သည်။

ကျန်းချီကျီက အသက်ပြင်းပြင်းရှူကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

“အစ်ကိုဖုန်းက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချပြီးပြီကိုး။ အစ်ကို့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ပြင်ပနယ်မြေကို သွားဖို့က ပြဿနာမရှိပေမဲ့ ကြိုတင်ပြင်ဆင်မှုတော့ ရှိသင့်တယ်။ အဲဒီမှာ ကြမ်းကြုတ်သားရဲတွေ မရေမတွက်နိုင်အောင် ရှိနေပြီး နှစ်တိုင်း သေဆုံးသွားကြတဲ့ ပရော်ဖက်ရှင်နယ် သိုင်းသမားတွေကလည်း မနည်းမနောပဲ။ အဆင့်ကိုးသိုင်းသမားတွေတောင် လုံခြုံမယ်လို့ အာမမခံနိုင်ဘူး။ ကျွန်တော့်မိသားစု ကုမ္ပဏီက ပြင်ပနယ်မြေမှာ စီးပွားရေးလုပ်တော့ အဲဒီမှာ သေသွားကြတဲ့ သိုင်းသမားတွေအကြောင်း ကျွန်တော် ကောင်းကောင်းသိတယ်။ ဒါကြောင့် အစ်ကို သေချာ ပြင်ဆင်သွားဖို့ လိုတယ်”

“ဥပမာ- ကာကွယ်ရေး ဝတ်စုံတွေ၊ လက်နက်တွေနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေပေါ့။ အစ်ကို အများကြီး ဝယ်ဖို့ လိုလိမ့်မယ်။ အဲ့ဒါတွေက အမှတ်တွေ အများကြီး လိုတာ။ ကျွန်တော်ကတော့ ဒီနှစ်တွေမှာ အပျော်အပါးပဲ မက်နေခဲ့လို့ ငွေသိပ်မစုမိဘူး။ ဒါပေမဲ့ အခု ကျွန်တော့်ဆီမှာ ယွမ် ၈၅ သန်း (အမှတ် ၈၅ မှတ်) ကျန်သေးတယ်။ အဲဒါတွေ အားလုံးကို အစ်ကို့ဆီ လွှဲပေးမယ်။ အစ်ကို ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ပါ”

လင်းဖုန်းမှာ ပါးစပ်ဟသွားသော်လည်း ငြင်းပယ်ရန် စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့နေခဲ့သည်။

နောက်ဆုံးတွင် သူက လေးနက်စွာ ခေါင်းညိတ်ကာ “မိတ်ကောင်းမိတ်စစ်ပဲ... ငါ မင်းကို အကြွေးတင်သွားပြီ”

“ဟားဟား... ကျွန်တော်တို့က ညီအစ်ကိုတွေပဲဗျာ။ အကြွေးလို့ ပြောနေစရာ မလိုပါဘူး။ တကယ်တော့ ကျွန်တော်က ရင်းနှီးမြှုပ်နှံမှု လုပ်တာပါ။ အစ်ကိုက ပါရမီရှင်တစ်ယောက်ပဲ။ အကယ်၍ အစ်ကိုသာ အပြင်ထွက်ပြီး ငွေလိုတယ်လို့ ပြောလိုက်ရင် အစ်ကို့ကို စပွန်ဆာပေးချင်တဲ့ အဖွဲ့အစည်းတွေ တန်းစီနေမှာ။ နောက်တစ်ချိန် အစ်ကို မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသား ဖြစ်လာရင် အနန္တလမ်းစဉ်အကယ်ဒမီထဲမှာတင် မကဘူး၊ အပြင်လောကမှာပါ ကျွန်တော် ကြိုက်သလို နေလို့ရတော့မယ်။ ဟားဟား... အဲဒီအချိန်ကျရင် ကျွန်တော့်ကို မမေ့ဖို့ပဲ လိုတယ်”

ကျန်းချီကျီက ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း လင်းဖုန်းမှာ တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။

ယခင်က ကျန်းချီကျီသည် လင်းဖုန်းကို ၁၅ မှတ် ပေးခဲ့ပြီး ဖြစ်သည်။ ယခု ထပ်မံ၍ ၈၅ မှတ် ပေးလိုက်ပြန်ရာ စုစုပေါင်း အမှတ် ၁၀၀ (ယွမ် သန်း ၁၀၀) တိတိ ရှိသွားပြီ ဖြစ်သည်။

ဤပမာဏမှာ နည်းပါးလှသည်မဟုတ်။ အခြားသော ငွေကြေးအဖွဲ့အစည်းကြီးများက လင်းဖုန်းကို ပါရမီရှင်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း ပါရမီရှင်ဖြစ်တိုင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည်ဟု အာမမခံနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပါရမီရှင်များမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုစိတ် ပြင်းပြလွန်း၍ ပြင်ပနယ်မြေရှိ အန္တရာယ်ရှိသော နေရာများသို့ သွားရောက်လေ့ရှိသဖြင့် သူတို့၏ သေဆုံးနိုင်ခြေမှာ ပို၍ မြင့်မားနေသည်။

သာလွန်လူသား ဖြစ်လာသူမှာ အလွန်နည်းပါးလှရာ ကျန်းချီကျီ၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း အလဟဿ ဖြစ်သွားနိုင်ခြေ ရှိသည်။ ကျန်းချီကျီ ပြောသကဲ့သို့ အလွယ်တကူ ကိစ္စမျိုး မဟုတ်ပေ။

ဤသည်မှာ အမှန်တကယ်ပင် ကြီးမားလှသော ကျေးဇူးတရားဖြစ်‌ပေသည်။

လင်းဖုန်းသည်လည်း ယခုအချိန်တွင် အမှတ်များကို အရေးတကြီး လိုအပ်နေသည်။ သူ၏ အာရုံစူးစိုက်မှု အားလုံးမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ကျန်းချီကျီ၏ အကူအညီကို နှလုံးသားထဲ၌သာ အမြဲထာဝရ မှတ်ကျောက်တင်ထားလိုက်တော့သည်။

အကယ်၍ တစ်နေ့တွင် သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပါက ကျန်းချီကျီ၏ ကျေးဇူးကို အဆပေါင်း ထောင်သောင်းမက ပြန်ဆပ်မည်ဟု သူ ဆုံးဖြတ်ထားသည်။ အကယ်၍ သူ သေဆုံးသွားခဲ့ပါကလည်း အားလုံး ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဘာမှ စဉ်းစားနေစရာ မလိုတော့ပေ။

ထို့နောက် လင်းဖုန်းသည် ပြင်ပနယ်မြေနှင့် ပတ်သက်သော အချက်အလက်များကို စတင် စုဆောင်းတော့သည်။ အထူးသဖြင့် ပြင်ပနယ်မြေရှိ ကြမ်းကြုတ်သားရဲများ၏ စွမ်းအားအဆင့်အတန်းများကို နားလည်ရန် ကြိုးစားသည်။

ပြင်ပနယ်မြေတွင် အပေါများဆုံးမှာ ကြမ်းကြုတ်သားရဲများ ဖြစ်သည်။ ၎င်းတို့သည် လူသားများထက် အဆပေါင်းများစွာ ပိုများသည်။ သာမန် ကြမ်းကြုတ်သားရဲ တစ်ကောင်သည်ပင် အဆင့်လေး ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ယောက်နှင့် ညီမျှသည်။ ထို့ကြောင့်ပင် ပြင်ပနယ်မြေသို့ သွားရက်လိုသူမှာ ပရော်ဖက်ရှင်နယ် သိုင်းသမားအဆင့်သို့ ရောက်ရှိရန် လိုအပ်ခြင်း ဖြစ်သည်။

ဤသည်မှာ သာမန်သားရဲများသာ ရှိသေးသည်။ အဆင့်ခုနစ် ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်အဆင့်နှင့် ညီမျှသော လက်ရွေးစင်အဆင့် ကြမ်းကြုတ်သားရဲများနှင့် အဆင့်ကိုး ထိပ်သီးများနှင့် ညီမျှသော ကြမ်းကြုတ်သားရဲအရှင်သခင်များလည်း ရှိနေသေးသည်။ ထိုသားရဲအရှင်သခင်တို့မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ဖြစ်သည်။

ထို့အပြင် ဒဏ္ဍာရီလာ ကြမ်းကြုတ်သားရဲဘုရင်များလည်း ရှိသေးသည်။ ပရော်ဖက်ရှင်နယ် သိုင်းသမားများမှာ ၎င်းတို့၏ ပြိုင်ဘက် မဟုတ်ပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားများသာ ထိုသားရဲဘုရင်များကို သတ်နိုင်ကြသည်။

သားရဲဘုရင်များထက် ပိုသန်မာသော ကြမ်းကြုတ်သားရဲများကိုမူ နတ်ဆိုးများဟု ခေါ်ဆိုကြသည်။ သာမန်အားဖြင့် ပြင်ပနယ်မြေတွင် ထိုနတ်ဆိုးများနှင့် တွေ့ဆုံရန် ခဲယဉ်းလှသော်လည်း သားရဲများ၏ အရေအတွက်မှာ များပြားလွန်းသဖြင့် အလွန် အန္တရာယ်ကြီးလှသည်။

လူသားသိုင်းသမားများသည် အဆင့်တူ သားရဲများနှင့် ယှဉ်လျှင် လက်နက်နှင့် သိုင်းပညာရပ်များကို အသုံးပြုနိုင်သဖြင့် အားသာချက် ရှိကြသော်လည်း လက်တွေ့တွင်မူ လူသားများမှာ အသေအပျောက် များပြားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် သားရဲများမှာ အုပ်စုလိုက် သွားလာတတ်သောကြောင့် ဖြစ်သည်။

ပြင်ပနယ်မြေ၏ အခြေအနေကို နားလည်ပြီးနောက် လင်းဖုန်းသည် သူ၏ လက်ရှိခွန်အားကို စမ်းသပ်လိုစိတ် ပေါ်လာသည်။ ပြင်ပနယ်မြေသို့ မသွားမီ သူ၏ ခွန်အားကို တိတိကျကျ သိရှိထားမှသာ မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ခွန်အားစမ်းသပ်ရန် အကောင်းဆုံးနေရာမှာ ပုံရိပ်ယောင်တိုက်ပွဲခန်းပင် ဖြစ်သည်။

လင်းဖုန်း ပုံရိပ်ယောင်တိုက်ပွဲခန်းသို့ ရောက်ရှိလာချိန်တွင် ကျောင်းသားအမြောက်အမြားမှာ တန်းစီနေကြသည်။ လင်းဖုန်းသည်လည်း အသာအယာပင် နောက်မှ ဝင်ရောက် တန်းစီလိုက်သည်။

သို့သော် လင်းဖုန်း မေ့နေသည်မှာ သူသည် ယခင်က လင်းဖုန်း မဟုတ်တော့ဘဲ လက်ရှိ အကယ်ဒမီ၏ နံပါတ်တစ် ဖြစ်နေခြင်းပင်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ကို ချက်ချင်း မှတ်မိသွားတော့သည်။

“အဲဒါ စီနီယာ လင်းဖုန်းပဲ။ သူလည်း ပုံရိပ်ယောင်တိုက်ပွဲခန်းကို စိန်ခေါ်ဖို့ လာတာပဲ”

“စီနီယာ လင်းဖုန်းက ပထမဆုံးအကြိမ်မှာတင် အဆင့် ၈၀၀၀ ချိတ်ခဲ့တာလို့ ငါ ကြားတယ်။ တကယ့်ကို အထင်ကြီးစရာပဲ။ အခုတလော သူ့ခွန်အားကလည်း အံ့မခန်း တိုးတက်လာသေးတယ်။ အဆင့် ၈၀၀ ရှိတဲ့ ဖုန်းရှို့ကိုတောင် သူ နိုင်လိုက်သေးတယ်”

“ဒီတစ်ခါ စိန်ခေါ်ရင် စီနီယာ လင်းဖုန်းရဲ့ အဆင့်က ဘယ်လောက်ဖြစ်မလဲ မသိဘူး။ အဆင့် ၁၀၀ ထဲကို ဝင်သွားမလားပဲ”

ကျောင်းသားများမှာ လင်းဖုန်း၏ ရလဒ်ကို သိချင်စိတ် ပြင်းပြနေကြသည်။ ထို့ကြောင့် သူတို့သည် လင်းဖုန်းကို ရှေ့ဆုံးမှ အရင်ဝင်ရန် လေးစားစွာ လမ်းဖယ်ပေးကြတော့သည်။

လင်းဖုန်းသည် နာမည်ကြီးလာသောအခါ ယခုလို အထူးအလေးပေး ဆက်ဆံခံရခြင်းမျိုး ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် ငြင်းဆန်မနေတော့ဘဲ ရှေ့သို့ လျှောက်သွားလိုက်သည်။ အကယ်၍ သူသာ တန်းစီနေပါက အနည်းဆုံး တစ်နာရီ၊ နှစ်နာရီခန့် စောင့်ရပေလိမ့်မည်။ ယခုလို အချိန်ကုန်သက်သာစေမည့် အခွင့်အရေးကို သူ လက်လွှတ်မခံပေ။

လင်းဖုန်း ပုံရိပ်ယောင်တိုက်ပွဲခန်းသို့ ဝင်သွားသည်နှင့် ဤသတင်းမှာ အကယ်ဒမီတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ကျောင်းသားများမှာလည်း အကယ်ဒမီတွင်း လက်ရှိ နံပါတ်တစ်၏ တကယ့် ခွန်အားကို သိချင်နေကြသည်။

ထို့ကြောင့် ၁၀ မိနစ်ခန့်အတွင်းမှာပင် ပုံရိပ်ယောင်တိုက်ပွဲခန်း အပြင်ဘက်တွင် ကျောင်းသား နှစ်ရာ၊ သုံးရာခန့် စုရုံးရောက်ရှိလာပြီး ရလဒ်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြလေတော့သည်။

All Chapters