← Chapters

ပုံရိပ်ယောင်တိုက်ပွဲခန်းကို ထပ်မံစိန်ခေါ်ခြင်း

Vol. 2 Ch. 26

ပုံရိပ်ယောင်တိုက်ပွဲခန်းကို ထပ်မံစိန်ခေါ်ခြင်း

Vol. 2 Ch. 26

“ပုံရိပ်ယောင်တိုက်ပွဲခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ အပြင်ကနေ မမြင်ရဘူးလား”

“ဒါက တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ ပြင်ပနယ်မြေကို ရောက်နေတဲ့ စီနီယာတွေကလွဲရင် အခုကျောင်းမှာ စီနီယာလင်းဖုန်းက အသန်မာဆုံးပဲ။ စီနီယာရဲ့ တိုက်ပွဲကွက်တွေကို မကြည့်ရတာ တကယ် နှမြောဖို့ကောင်းတယ်”

“တကယ်တော့ ကြည့်လို့ရပါတယ်။ ပုံရိပ်ယောင်တိုက်ပွဲခန်းက တိုက်ပွဲအခြေအနေကို တစ်ပွဲ တစ်မှတ်ပေးပြီး ကြည့်လို့ရတယ်လေ”

အနန္တလမ်းစဉ်အကယ်ဒမီ၏ စီမံခန့်ခွဲသူမှာ တကယ့် စီးပွားရေးသမားကြီး ဖြစ်သည်ဟု ဆိုရပေမည်။ ကျောင်းထဲတွင် ဘာလုပ်လုပ် ငွေကုန်ကြေးကျ ရှိသည်။ ယခုကဲ့သို့ တိုက်ပွဲကြည့်ရှုခြင်းအတွက်ပင် အမှတ်များစွာ ပေးရသည်။

တိုက်ပွဲတစ်ပွဲလျှင် တစ်မှတ် (ယွမ် တစ်သန်း) ပေးရခြင်းမှာ ကျောင်းပြင်ပတွင် စိတ်ကူးယဉ်စရာ ဖြစ်နိုင်သော်လည်း အနန္တလမ်းစဉ်အကယ်ဒမီအတွင်းရှိ ကျောင်းသားများမှာမူ ငွေကြေးချမ်းသာကြသူများ ဖြစ်သည်။ သူတို့သည် ထိပ်တန်းပါရမီရှင်များ၏ တိုက်ပွဲကို ကြည့်ရှုရန်အတွက် ယွမ်တစ်သန်း အကုန်အကျခံရန် ဝန်မလေးကြပေ။

ထို့ကြောင့် ကျောင်းသားတစ်ဦး ရှေ့သို့တက်လာပြီး သူ၏ ကတ်ဖြင့် တစ်မှတ် ပေးလိုက်သည်။ ချက်ချင်းပင် ပုံရိပ်ယောင်တိုက်ပွဲခန်း အပြင်ဘက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် လင်းဖုန်း၏ ပုံရိပ်မှာ တဖြည်းဖြည်း ပေါ်လာတော့သည်။

“ကြည့်လိုက်ဦး... စီနီယာ လင်းဖုန်းပဲ”

“စီနီယာက စစချင်းကတည်းက အဆင့် ၅၀၀ ရှိတဲ့ စီနီယာ လော့ဟယ်ကို စိန်ခေါ်လိုက်တာလား”

“စီနီယာ လော့ဟယ်က အကယ်ဒမီကျောင်းဆင်းသွားပြီလေ။ သူ အကယ်ဒမီမှာရှိတုန်းက ပြင်ပနယ်မြေကို သွားပြီး ကြမ်းကြုတ်သားရဲတွေကို အများကြီး သတ်ခဲ့တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသက် ၂၅ နှစ်အထိ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ခဲ့လို့ စိတ်ပျက်လက်ပျက်နဲ့ ကျောင်းက ထွက်သွားရတာ”

လင်းဖုန်းသည် ပုံရိပ်ယောင်တိုက်ပွဲခန်းထဲတွင် ရှိနေသဖြင့် အပြင်ဘက်၌ လူပေါင်း ရာနှင့်ချီ၍ သူ့ကို ကြည့်နေသည်ကို မသိရှိပေ။

သူသည် အဆင့် ၅၀၀ ရှိသော လော့ဟယ်ကို အမှန်တကယ် စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ လော့ဟယ်မှာ အဆင့်ကိုး ပရော်ဖက်ရှင်နယ် သိုင်းသမားဖြစ်ပြီး အထင်ကြီးစရာ တိုက်ပွဲမှတ်တမ်းများ ရှိသည်။ သူ၏ ခွန်အားမှာ ဖုန်းရှို့ထက် များစွာ သာလွန်သည်။ ထို့အပြင် လော့ဟယ်သည် ပြင်ပနယ်မြေတွင် သားရဲများစွာကို သတ်ခဲ့ဖူးသော သိုင်းသမားဖြစ်ရာ လင်းဖုန်းအတွက် အကောင်းဆုံး စမ်းသပ်ချက်တစ်ခု ဖြစ်ပေသည်။

“နွားရိုင်းနင်း‌ချေခြင်း”

လင်းဖုန်း ပေါ့ပေါ့ဆဆ မလုပ်ဝံ့ပေ။ တိုက်ပွဲစတင်သည်နှင့် သူသည် ချက်ချင်းပင် နွားရိုင်း၏ အရှိန်အဝါကို အသုံးပြုလိုက်သည်။ လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးမှာ ခန့်ညားထည်ဝါစွာ ပေါက်ကွဲထွက်လာပြီး သူသည် ကြမ်းတမ်းရက်စက်သော နွားရိုင်းတစ်ကောင်အလား လော့ဟယ်ဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

နွားရိုင်း၏ အရှိန်အဝါမှာ လင်းဖုန်း ပထမဆုံး တတ်မြောက်ခဲ့သော သိုင်းပညာဖြစ်သော်လည်း ၎င်းမှာ သာမန် သိုင်းပညာအဆင့်သာ ရှိသေးသည်။ အစပိုင်းတွင် လင်းဖုန်း၏ ခွန်အားမှာ အားနည်းနေသဖြင့် ထိုသိုင်းပညာက သူ့ခွန်အားကို နှစ်ဆ တိုးပေးနိုင်ခဲ့သည်။

သို့သော် ယခုလက်ရှိတွင် လင်းဖုန်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ သူ၏ သန့်စင်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ သူသည် ၄ တန်ကျော်သော ခွန်အားကို အလွယ်တကူ ထုတ်ဖော်နိုင်သည်။ ထို့ကြောင့် နွားရိုင်း၏ အရှိန်အဝါသည် လင်းဖုန်း၏ တိုက်ခိုက်မှုစွမ်းအားကို ၅ တန်ခန့်အထိသာ တိုးမြှင့်ပေးနိုင်သည်။ ခွန်အားတိုးတက်မှု များစွာမရှိသော်လည်း ထိုစွမ်းအားမှာ အလွန် အစွမ်းထက်လှသည်။

သာမန်အားဖြင့် အဆင့်ကီုး ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးမှာ ၂ တန်ခန့်သာ ခွန်အားရှိသည်။ သိုင်းပညာ၏ ပံ့ပိုးမှုဖြင့် ၃ တန် သို့မဟုတ် ထိုထက်ပို၍ ထွက်ပေါ်လာနိုင်သည်။ ၄ တန်အထိ ရောက်ရှိသူများမှာ အလွန် အစွမ်းထက်သောသူများ ဖြစ်သည်။

လော့ဟယ်သည် အတော်ဆုံး ထိပ်သီး အဆင့်ကိုးသိုင်းသမားများထဲမှ တစ်ဦးဖြစ်ပြီး ခွန်အားကြီးမားမှုကြောင့် လူသိများသည်။ သူ၏ သိုင်းပညာကို ထုတ်ဖော်လိုက်ပါက သူ၏ ခွန်အားမှာ ကီလိုဂရမ် ၃၅၀၀ (၃.၅ တန်ခန့်) အထိ ရှိနိုင်သည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော်လည်း လင်းဖုန်းနှင့် တွေ့ဆုံချိန်တွင်မူ သူသည် လက်သီးတစ်ချက်ကိုပင် မခံနိုင်ချေ။ လော့ဟယ်၏ ပုံရိပ်မှာ ချက်ချင်းပင် ပြိုကွဲပျက်စီးသွားတော့သည်။

စိန်ခေါ်မှု အောင်မြင်သည်။

“ဒီလောက်တောင် အားနည်းတာလား”

လင်းဖုန်း အနည်းငယ် အံ့သြသွားသည်။ သူ လော့ဟယ်ကို အထင်ကြီးခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လော့ဟယ်သည် ပြင်ပနယ်မြေတွင် သားရဲများစွာနှင့် တိုက်ခိုက်ခဲ့သော ကျွမ်းကျင်သူ မဟုတ်ပါလား။ သို့သော် လင်းဖုန်း၏ လက်သီးတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

စင်စစ်မှာ လော့ဟယ်က အားနည်းခြင်း မဟုတ်ဘဲ လင်းဖုန်းက သန်မာလွန်းနေခြင်းသာ ဖြစ်သည်။ သူသည် သိစိတ်ကို ရှာ‌ဖွေတွေ့ရှိခဲ့ပြီးကတည်းက ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်အားကို ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းမှာ ကြမ်းကြုတ်သားရဲ မျိုးရိုးဗီဇ နှစ်မျိုးကို ပေါင်းစပ်ထားသော ခွန်အားဖြစ်သည်။ လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ မည်သူမျှ မခန့်မှန်းနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် လော့ဟယ်ကို အနိုင်ယူရန်မှာ လင်းဖုန်းအတွက် ကိတ်မုန့်ခွဲရသလိုပင် လွယ်ကူလှသည်။

လော့ဟယ်ကို အနိုင်ယူလိုက်ခြင်းက အပြင်ဘက်ရှိ ကျောင်းသားများကြားတွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ လင်းဖုန်း သန်မာကြောင်း သူတို့ သိထားကြသော်လည်း အများစုမှာ မျက်မြင် မတွေ့ဖူးခဲ့ကြပေ။ ယခု ပုံရိပ်ယောင်တိုက်ပွဲခန်းထဲမှ အခြေအနေကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်လျက် အသက်ရှူပင် မှားသွားကြရသည်။

လော့ဟယ်သည်ပင် လက်သီးတစ်ချက်ကို မခံနိုင်ပေ။ သို့သော် လင်းဖုန်းမှာ သူ၏ ခွန်အားကို အစွမ်းကုန် ထုတ်မသုံးရသေးသည်မှာ သိသာလှသည်။ အကယ်၍ သူ အားကုန် ထုတ်သုံးလိုက်ပါက မည်မျှအထိ ကြောက်စရာကောင်းလိုက်မည်နည်း။

“စီနီယာ လင်းဖုန်းက အဆင့် ၁၀၀ ထဲက လူတွေရဲ့ ခွန်အားမျိုး ရှိနေတာလား”

အဆင့် ၁၀၀ ဆိုသည်မှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ အထူးဂုဏ်သရေပင် ဖြစ်သည်။ ၎င်းကို သိုင်းလောကတစ်ခုလုံးက အလေးထားကြသည်။ အဆင့် ၁၀၀ အတွင်း ဝင်နိုင်သော သိုင်းသမားအားလုံးမှာ ပရော်ဖက်ရှင်နယ် သိုင်းသမားများ၏ အထွတ်အထိပ်များ ဖြစ်ကြသည်။ သူတို့သည် လက်ရွေးစင်အဆင့် ကြမ်းကြုတ်သားရဲများကို အလွယ်တကူ သတ်နိုင်ပြီး ကြမ်းကြုတ်သားရဲအရှင်သခင်များနှင့်ပင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ကြသည်။

ထို့ကြောင့် အကယ်ဒမီကြီး သုံးခုမှ အဆင့် ၁၀၀ အတွငိးရှိသော သိုင်းသမားများမှာ ပြင်ပနယ်မြေရှိ ပရော်ဖက်ရှင်နယ် သိုင်းသမားများ၏ အမာခံ အုတ်မြစ်များ ဖြစ်ကြသည်။ ထိုသူတို့မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် အနီးစပ်ဆုံးသူများလည်း ဖြစ်ကြသည်။‌

လင်းဖုန်းမှာ အနန္တလမ်းစဉ်အကယ်ဒမီသို့ ရောက်ခါစသာ ရှိသေးသော်လည်း အဆင့် ၁၀၀ အတွင်းသို့ ရောက်ရှိနေပြီလား။ ဤသည်မှာ အကယ်ဒမီကြီး သုံးခုလုံးတွင်ပင် အလွန် ရှားပါးလှသော ကိစ္စဖြစ်သည်။ အနန္တလမ်းစဉ်အကယ်ဒမီကို တည်ထောင်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ဤမျှသော ခွန်အားရှိသူမှာ လက်ချိုးရေတွက်၍ရသော အရေအတွက်မျှသာ ရှိခဲ့သည်။ သို့သော် ထိုသူများမှာ သိုင်းမျိုးရိုးမိသားစုကြီးများမှ ဆင်းသက်လာသူများဖြစ်ကြသည်။ ငယ်စဉ်ကတည်းက သူတို့၏ မိသားစုမှ မျိုးရိုးဗီဇဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ လေ့ကျင့်ပေးမှုကြောင့်သာ ထိုခွန်အားမျိုးကို ရရှိခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲမျက်နှာပြင်မှာ မှောင်သွားသည်။ လင်းဖုန်း၏ ပထမဆုံး တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ။ ယခင်ကလို တွန့်ဆုတ်မနေတော့ဘဲ ယခုတစ်ကြိမ်တွင်မူ ကျောင်းသားတစ်ဦးက လင်းဖုန်း၏ တိုက်ပွဲကို ထပ်မံကြည့်ရှုရန် အမှတ်တစ်မှတ်ကို ချက်ချင်းပင် ပေးလိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင် လင်းဖုန်း စိန်ခေါ်လိုက်သူမှာ အဆင့် ၁၃၆ ရှိသော ဝေ့ကန်း ပင် ဖြစ်သည်။

လင်းဖုန်း ဝေ့ကန်းကို စိန်ခေါ်ရသည့် အကြောင်းရင်းမှာ ရှင်းပါသည်။ ဝေ့ကန်း၏ အချက်အလက်များထဲတွင် အလွန် ထူးခြားသော မိတ်ဆက်ချက်တစ်ခု ပါဝင်နေသည်။ ၎င်းမှာ 'ဝေ့ကန်းသည် အစွမ်းထက်သော အရှင်သခင်အဆင့် ကြမ်းကြုတ်သားရဲ တစ်ကောင်ကို တစ်ကိုယ်တည်း သတ်ဖြတ်ခဲ့ဖူးသည်' ဟူသော အချက်ပင်။

ကြမ်းကြုတ်သားရဲအရှင်သခင် ဆိုသည်မှာ အသေးအဖွဲ မဟုတ်ပေ။ ကြမ်းကြုတ်သားရဲများနှင့် ရင်ဆိုင်ရာတွင် အဆင့်တူ လူသားသိုင်းပညာရှင်များသည် အားသာချက် ရှိသည်ဟု ထင်ရသည်။ သို့သော်လည်း သားရဲအရှင်သခင်များမှာမူ ထိပ်တန်း မျိုးရိုးဗီဇများ ရှိကြသည်။ အထူးသဖြင့် အချို့သော သားရဲအရှင်သခင်များမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှရာ အဆင့်ကိုး သိုင်းသမား အများအပြား ပေါင်းတိုက်လျှင်ပင် သူတို့၏ ပြိုင်ဘက် မဟုတ်နိုင်ပေ။

အရှင်သခင်အဆင့် ကြမ်းကြုတ်သားရဲကို တစ်ကိုယ်တည်း သတ်နိုင်သော လူသားသိုင်းသမား အားလုံးမှာ အလွန် ကျော်ကြားပြီး အစွမ်းထက်သူများ ဖြစ်ကြသည်။

လင်းဖုန်းသည် သူ၏ ခွန်အားကို စမ်းသပ်ကြည့်ချင်နေသည်။ ထို့ကြောင့် အရှင်သခင်အဆင့် သားရဲအား သတ်နိုင်သူတစ်ဦးကို တွေ့ရှိချိန်တွင် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းလက်ငင်းပင် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဝေ့ကန်း၏ ရုပ်ရည်မှာ သာမန်သာဖြစ်သည်။ ရုပ်ဆိုးသည်ဟုပင် ဆိုနိုင်သည်။ သူသည် အရပ်ရှည်ပြီး ဗလကောင်းကာ မျက်နှာပေါ်တွင် အဖုအပိန့်များ ရှိသည်။ သူ၏ ပုံစံမှာ အလွန် ကြမ်းတမ်းခက်ထန်ပုံ ရသည်။

ရွှစ်...

ဝေ့ကန်းသည် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် သူ၏ ဓားမော့ကို ဝှေ့ယမ်းလိုက်သည်။ ခံ့ညားသော ဓားမော့အလင်းတန်းမှာ လင်းဖုန်း၏ ပုံရိပ်ပေါ်သို့ ရုတ်ချည်း ကျရောက်လာသည်။ လင်းဖုန်းအတွက် မည်သို့ပင် ကြိုးစားရှောင်တိမ်းစေကာမူ လွတ်မြောက်နိုင်မည်မဟုတ်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

“လျှပ်စီးဓားမော့သိုင်းလား”

လင်းဖုန်း ထိုဓားချက်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ ၎င်းမှာ အနန္တလမ်းစဉ်အကယ်ဒမီတွင် အမှတ် ၈၀ ပေးရသော ကျော်ကြားသည့် 'လျှပ်စီးဓားမော့သိုင်း' ဖြစ်သည်။ ထိုဓားမော့သိုင်းကို သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဤဓားမော့သိုင်း၏ အဓိက အနှစ်သာရမှာ ရိုးရှင်းလှသည်။ ၎င်းမှာ မြန်ဆန်ခြင်း ဖြစ်သည်။ အလွန်တရာ မြန်ဆန်လှကာ အလင်းတန်းတစ်ခုအလားပင်။

စင်စစ်တွင် ဝေ့ကန်း၏ ဓားမော့သိုင်းမှာ အလင်း၏ အရှိန်မျိုး မရှိ‌ချေ။ သို့သော်လည်း အခြားသူများ၏ အမြင်တွင်မူ သူ၏ ဓားမော့သိုင်းမှာ အလင်းတန်းတစ်ခုအလား မြန်ဆန်လွန်းသဖြင့် ဓားသွား၏ လမ်းကြောင်းကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

လင်းဖုန်း၏ အရှိန်မှာလည်း နှေးလှသည်မဟုတ်။ စင်စစ်တွင် အလွန်ပင် မြန်ဆန်သည်။ ဘာပဲဖြစ်ဖြစ် လင်းဖုန်း၏ လျင်မြန်သွက်လက်မှု အဆင့်မှာလည်း အလွန် မြင့်မားနေသည် မဟုတ်ပါလား။ သို့သော်လည်း သူသည် ဤတိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့ပေ။ လင်းဖုန်းအနေဖြင့် ပထမဆုံးအကြိမ် အန္တရာယ်ရှိသော ခံစားချက်ကို ခံစားလိုက်ရသည်။

သို့သော် ဤအရာကပင် လင်းဖုန်းကို စိတ်လှုပ်ရှားစေခဲ့သည်။ ဤကဲ့သို့ တိုက်ပွဲမျိုးကိုသာ သူ အလိုရှိခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ပြိုင်ဘက်မျိုးကိုသာ သူ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

မည်သို့မျှ တွန့်ဆုတ်မနေဘဲ လင်းဖုန်း ဟိန်းဟောက်ကာ လက်သီးတစ်ချက် ထိုးလိုက်သည်။

“ဖျက်ဆီးစမ်း”

၎င်းမှာ ရိုးရှင်းသော လက်သီးတစ်ချက် ဖြစ်သော်လည်း သာမန်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်းသည် 'ဝဲကယက်စွမ်းအား' ကို အသုံးပြုလိုက်သောကြောင့် ဖြစ်သည်။

'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ပထမအဆင့်၏ အဓိကအနှစ်သာရမှာ ဝဲကယက်စွမ်းအားသာ ဖြစ်သည်။ ဤသည်မှာ လင်းဖုန်းအနေဖြင့် ဤဝဲကယက်စွမ်းအားကို တိုက်ပွဲ၌ ပထမဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်သည်။ ဤစွမ်းအားသည် အစစ်အမှန် ကိုယ်ထည်မရှိသော ပုံရိပ်ယောင် ဖြစ်သော်လည်း စွမ်းအားထုတ်လွှတ်သည့် နည်းစနစ်မှာ အလွန်ပင် ဆန်းကြယ်လှသည်။ လင်းဖုန်း စိတ်ကူးလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားသည်။

ဝဲကယက်စွမ်းအားမှာ ချက်ချင်းပင် ဟုန်းဟုန်းတောက် ထွက်ပေါ်လာသည်။ သူ လက်သီးထိုးလိုက်သောအခါ လေထုကို အစွမ်းကုန် ဖိသိပ်လိုက်ပြီး ဝဲကယက်ပုံစံ စွမ်းအားတစ်ခုဖြစ်ပေါ်လာကာ လေထဲရှိ ဝေ့ကန်း၏ ဓားအလင်းတန်းနှင့် ထိပ်တိုက် တိုးမိသွားတော့သည်။

ဘန်း...

စွမ်းအားနှစ်ခုမှာ ထိပ်တိုက် တိုးမိသွားကြပြီး လေလှိုင်းများမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်လွင့်သွားတော့သည်။ လင်းဖုန်း၏ ပုံရိပ်ပင်လျှင် ထိုလေလှိုင်းများကြားတွင် နစ်မြုပ်သွားသကဲ့သို့ ရှိနေသည်။ အပြင်ဘက်ရှိ မျက်နှာပြင်ကြီးမှာလည်း စူးရှသော အဖြူရောင် အလင်းတန်းများဖြင့် တောက်ပသွားတော့သည်။

“ဘယ်သူနိုင်သွားတာလဲ”

“စိန်ခေါ်တာ ကျရှုံးသွားတာလား”

“ဒါက တကယ်ပဲ ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ယောက်ရဲ့ စွမ်းအား ဟုတ်ရဲ့လား”

အပြင်ဘက်ရှိ ကျောင်းသားများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့မှာ ယခုမျက်မှောက်တွင် မြင်လိုက်ရသော တိုက်ပွဲ၏ အရှိန်အဝါကြောင့် အံ့အားသင့်ကာ မှင်သက်နေကြလေတော့သည်။

All Chapters