← Chapters

ပြင်ဆင်မှုများ

Vol. 2 Ch. 29

ပြင်ဆင်မှုများ

Vol. 2 Ch. 29

ပုံရိပ်ယောင်တိုက်ပွဲခန်းမှ ထွက်လာပြီးနောက် အပြင်ဘက်ရှိ ကြိတ်ကြိတ်တိုးနေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် လင်းဖုန်း အံ့အားသင့်သွားရသည်။

လင်းဖုန်းသည် နတ်ဆိုးဘုရင်ကို စိန်ခေါ်ရာတွင် ရှုံးနိမ့်ခဲ့သော်လည်း ဘာပဲဖြစ်ဖြစ် သူသည် ထိပ်သီးအဆင့် ၁၀၀ စာရင်းဝင်သွားပြီ ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက သူ့ကို အလွန်ပင် ရိုသေလေးစားစွာဖြင့် စီနီယာ ဟု ဖော်ဖော်ရွေရွေ ခေါ်ဝေါ်နေကြတော့သည်။

အမှန်တကယ်တော့ လင်းဖုန်းမှာ ကျောင်းသားသစ်အဖြစ်သာ ရှိသေးပြီး သူ့ကို ခေါ်နေသူများမှာ သူ၏ စီနီယာများသာ ဖြစ်ကြသည်။

လင်းဖုန်း ထိုနေရာတွင် ကြာရှည်မနေဘဲ ချက်ချင်း ထွက်ခွာလာခဲ့သည်။ သို့သော် သူ ထိပ်သီးအဆင့် ၁၀၀ စာရင်းဝင်သွားသည့် သတင်းမှာ အလွန်ပင် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ အချို့ကဆိုလျှင် လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီ တစ်ခုလုံးတွင် အသန်မာဆုံးသူ ဖြစ်သည်ဟုပင် ဆိုကြသည်။

လင်းဖုန်းမှာမူ ထိုကဲ့သို့သော အပေါ်ယံ ဂုဏ်ပုဒ်များကို ဂရုမစိုက်ပေ။ သူသည် ပြင်ပနယ်မြေသို့ အမြန်ဆုံးသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် ပြင်ဆင်မှုများကို စတင်လုပ်ဆောင်တော့သည်။ ပုံရိပ်ယောင်တိုက်ပွဲခန်းတွင် တိုက်ခိုက်ခဲ့စဉ်က လူအများစုမှာ ဓားမော့များကို အသုံးပြုကြသည်ကို လင်းဖုန်း သတိပြုမိခဲ့သည်။

ထို့နောက် သူသည် အင်တာနက်နှင့် အကယ်ဒမီဖိုရမ် တွင် ရှာဖွေလေ့လာကြည့်ရာ ပြင်ပနယ်မြေရှိ ကြမ်းကြုတ်သားရဲများနှင့် တိုက်ခိုက်ရာတွင် လက်သီးဖြင့် တိုက်ခိုက်ခြင်းထက် ဓားမော့ကို အသုံးပြုခြင်းက ပို၍ ထိရောက်မှု ရှိကြောင်း နားလည်သွားခဲ့သည်။ ထို့ကြောင့်ပင် ပြင်ပနယ်မြေသို့ သွားကြသော သိုင်းသမား အများစုမှာ ဓားမော့များကို အသုံးပြုကြခြင်း ဖြစ်သည်။

လင်းဖုန်းသည် လက်သီးသိုင်းကို အဓိကထား ကျင့်ကြံသူဖြစ်ပြီး ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ် ကို ကျင့်ကြံနေသူ ဖြစ်သော်လည်း ပြင်ပနယ်မြေသို့ သွားမည်ဖြစ်ရာ အဘက်ဘက်မှ ပြည့်စုံအောင် ပြင်ဆင်ရပေမည်။ ထို့အပြင် ဓားသိုင်းတစ်ခု တတ်မြောက်ထားခြင်းမှာလည်း ဆိုးလှသည်မဟုတ်ပေ။

ထို့ကြောင့် လင်းဖုန်းသည် အံကိုကြိတ်ကာ အမှတ် ၈၀ ပေးဆောင်ပြီး လျှပ်စီးဓားမော့သိုင်းကို လဲလှယ်ယူလိုက်သည်။ ၎င်းမှာ ဓားမော့သိုင်းသီးသန့်ဖြစ်ပြီး အနန္တလမ်းစဉ်အကယ်ဒမီ၏ ပထမတန်းစား သိုင်းပညာရပ်များထဲမှ တစ်ခုလည်း ဖြစ်သည်။

ပုံရိပ်ယောင်တိုက်ပွဲခန်းတွင် လင်းဖုန်းသည် ထိုဓားမော့သိုင်း၏ အစွမ်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် သူ ဓားမော့သိုင်းတစ်ခု ရွေးချယ်မည်ဆိုလျှင် လျှပ်စီးဓားမော့သိုင်းကိုသာ သဘာဝကျကျ ရွေးချယ်မည် ဖြစ်သည်။

ဤဓားမော့သိုင်းမှာ တတ်မြောက်ရန် အတော်ပင် ခက်ခဲလှသည်။ ၎င်းသည် အရှိန်အဝါကို အခြေခံပြီး အမြန်နှုန်းဖြင့် အနိုင်ယူရခြင်း ဖြစ်သည်။ လင်းဖုန်း အကြမ်းဖျင်း လေ့ကျင့်ကြည့်သောအခါ ဤသည်မှာ အချိန်တိုအတွင်း ကျွမ်းကျင်နိုင်မည့်အရာ မဟုတ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် လင်းဖုန်းသည် ဓားမော့သိုင်းကို ခေတ္တဘေးဖယ်ထားလိုက်ပြီး နောက်ပိုင်း ပြင်ပနယ်မြေ ရောက်မှသာ အချိန်ပေး၍ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

ဓားမော့သိုင်းအပြင် လင်းဖုန်းသည် ဓားမော့တစ်လက်လည်း လိုအပ်သည်။

တိုက်ပွဲဝင်ဓားမော့များမှာမူ အလွန် ဈေးသက်သာလှသည်။ အကယ်ဒမီ၏ အွန်လိုင်းအရောင်းဆိုင်တွင် ဓားမော့အမျိုးမျိုးကို တင်ရောင်းထားသည်။ အမှုန်ဖြတ်ဓားမော့များပင်လျှင် အကယ်ဒမီအမှတ် ၁ မှတ်တည်းနှင့် ရနိုင်သည်။

“ဒါ တော်တော်ကောင်းတဲ့ ဓားမော့ပဲ... ဒါကိုပဲ ယူလိုက်မယ်”

လင်းဖုန်းသည် အနီရောင် အမှုန်ဖြတ်ဓားမော့ တစ်လက်ကို မြင်လိုက်ရပြီး ချက်ချင်းပင် ရွေးချယ်လိုက်သည်။

မကြာမီမှာပင် ဓားမော့မှာ လင်းဖုန်းထံသို့ ရောက်ရှိလာသည်။ ၎င်းမှာ စွမ်းအင်သလင်းကျောက်များဖြင့် အားဖြည့်ပေးရသော ဓားမော့မျိုး ဖြစ်သည်။ သို့သော် ဓားမော့ကို ဝယ်ယူစဉ်က စွမ်းအင်သလင်းကျောက် နှစ်တုံးကိုပါ လက်ဆောင်ရရှိခဲ့သဖြင့် အချိန်အတော်ကြာ တိုက်ပွဲဝင်ရန် လုံလောက်ပေသည်။

လင်းဖုန်း ဓားမော့ကို ဆွဲထုတ်ကြည့်လိုက်သည်။ ကြက်သွေးရောင် ဓားသွားမှာ အလွန်ပင် ထက်မြက်လှပြီး တုန်ခါမှုအာနိသင်ပါ ပါဝင်နေသည်။ ဤဓားမော့မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းသော သတ်ဖြတ်ရေး လက်နက်တစ်ခုပင်။

“ဟုတ်ပြီ... ငါသာ လျှပ်စီးဓားမော့သိုင်းကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ရင် ပြင်ပနယ်မြေက သားရဲတွေနဲ့ တိုက်တဲ့အခါ ငါ အားနည်းမှာ မဟုတ်တော့ဘူး”

လင်းဖုန်း အလွန်ပင် စိတ်ကျေနပ်သွားမိသည်။

သို့သော်လည်း အမှတ်များစွာ အသုံးပြုလိုက်ပြီးနောက် လင်းဖုန်း၏ လက်ထဲတွင် အမှတ်အနည်းငယ်သာ ကျန်တော့သည်။ သူသည် သံချပ်ကာ ဝတ်စုံတစ်စုံကိုပါ ဝယ်ယူလိုသော်လည်း အမှတ်မှာ မလုံလောက်တော့ပေ။

“ထားလိုက်ပါတော့... ပြင်ပနယ်မြေကို အရင်သွားလိုက်မယ်။ ငါ့ရဲ့ ခွန်အားနဲ့ဆိုရင် အတိုင်းအတာတစ်ခုအထိတော့ ဘေးကင်းမှာပါ။ အမှတ်တွေ အလုံအလောက် ရလာမှပဲ လိုချင်တာတွေ ဝယ်တော့မယ်”

လင်းဖုန်း အားလုံး ပြင်ဆင်ပြီးပြီ ဖြစ်သည်။ ယခုအခါ ပြင်ပနယ်မြေသို့ သွားရန် နည်းလမ်းနှစ်ခု ရှိသည်။

ပထမနည်းလမ်းမှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ ကိုယ်ပိုင်လေသင်္ဘောများဖြင့် ပြင်ပနယ်မြေရှိ အကယ်ဒမီ အခြေစိုက်စခန်းသို့ သွားခြင်း ဖြစ်သည်။ ကျောင်းသားအများစုမှာ ဤနည်းလမ်းကို အသုံးပြုကြသည်။

ဤနည်းလမ်း၏ အားသာချက်မှာ အလွန် ဘေးကင်းခြင်း ဖြစ်သည်။ လေသင်္ဘောတွင် ပစ်ခတ်မှုစနစ်နှင့် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားများ ပါဝင်သည်။ ထို့အပြင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော ကျွမ်းကျင်သူများကလည်း စောင့်ကြပ်ပေးထားသည်။ သို့သော် အားနည်းချက်မှာ တစ်ကြိမ်စီးလျှင် ၁၀ မှတ် ပေးရခြင်းပင်။

ပြဿနာမှာ လင်းဖုန်း၏ လက်ထဲတွင် ၁၀ မှတ်ပင် မကျန်တော့ခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းမှာ အကယ်ဒမီအတွင်း၌ ပြင်ပနယ်မြေသို့ သွားမည့် တာဝန်တစ်ခုခုကို လက်ခံလိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့်လည်း ပြင်ပနယ်မြေသို့ ရောက်ရှိနိုင်သည်။ ဤသို့ဆိုလျှင် အခမဲ့ သွားရရုံသာမက တာဝန်ပြီးဆုံးပါက ဆုလာဘ်အဖြစ် အမှတ်များကိုပါ ရရှိမည် ဖြစ်သည်။

သေချာပေါက်ပင် ဤနည်းလမ်းမှာ အန္တရာယ် ရှိသည်။ ကုန်ပစ္စည်းများကို လိုက်လံစောင့်ကြပ်ပေးရသည့် တာဝန်မျိုး ဖြစ်သဖြင့် လမ်းခုလတ်တွင် အန္တရာယ်နှင့် ကြုံတွေ့ပါက တိုက်ခိုက်ပေးရမည် ဖြစ်သည်။ ပြင်ပနယ်မြေသို့ သွားသည့် ကုန်သွယ်ရေးလမ်းကြောင်းများမှာ စနစ်တကျ ရှိနေပြီ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ကံမကောင်းသော ကုန်တင်ယာဉ်တန်းများမှာ ကြမ်းကြုတ်သားရဲများနှင့် ထိပ်တိုက်တိုးကာ အသေအကြေတိုက်ခိုက်ရသောကြောင့် အသက်အန္တရာယ်ပင် ရှိနိုင်လေသည်။

ထိုသို့သော ယာဉ်တန်းများတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော ကျွမ်းကျင်သူများ ပါဝင်လေ့မရှိပေ။

လင်းဖုန်း အကြာကြီး စဉ်းစားမနေတော့ဘဲ ဒုတိယနည်းလမ်းကိုသာ ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် အတွေ့အကြုံ ယူရန် ပြင်ပနယ်မြေသို့ သွားခြင်း ဖြစ်သည်။ သားရဲများနှင့် တိုက်ခိုက်ပြီး မိမိကိုယ်ကိုယ် လေ့ကျင့်မည်ဖြစ်ရာ အန္တရာယ်ကို ကြောက်နေ၍ မဖြစ်ပေ။

ထို့အပြင် သူသည် အမှတ်များကိုလည်း ချွေတာနိုင်သည်။ ယခုအခါ လင်းဖုန်းမှာ အမှန်တကယ် သန်မာနေပြီဖြစ်သဖြင့် သူ၏ မိသားစုကို ဒုက္ခမပေးလိုတော့ပေ။

ထို့ကြောင့် လင်းဖုန်းသည် ဖိုရမ်ပေါ်တွင် ပြင်ပနယ်မြေသို့ သွားမည့် တာဝန်များကို စတင်ရှာဖွေတော့သည်။

အမှန်တကယ်တော့ ပြင်ပနယ်မြေသို့ သွားမည့် တာဝန်များမှာ အများအပြား ရှိသည်။ သို့သော် လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီ၏ အခြေစိုက်စခန်းနှင့် နီးစပ်သော နေရာသို့ သွားမည့် တာဝန်ကိုသာ ရွေးချယ်ရန် ကြိုးစားသည်။ မကြာမီမှာပင် သူသည် တာဝန်အများစုကို တစ်ခုပြီးတစ်ခု ပယ်ဖျက်လိုက်ပြီး နောက်ဆုံးတွငိ တာဝန်တစ်ခုကို တွေ့ရှိသွားသည်။

“တွေ့ပြီ”

လင်းဖုန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ ဖိုရမ်ပေါ်တွင် တာဝန်အသစ်တစ်ခု တင်လာခြင်း ဖြစ်သည်။ ၎င်းမှာ အနန္တလမ်းစဉ်အကယ်ဒမီမှ အနည်းဆုံး အဆင့်ခုနစ် ရှိသော ကျောင်းသား နှစ်ဦးကို အလိုရှိနေခြင်း ဖြစ်သည်။ သူတို့သည် ကုန်ပစ္စည်းများကို ပြင်ပနယ်မြေရှိ နဂါးတောင်အခြေစိုက်စခန်းသို့ လိုက်လံပို့ဆောင်ပေးရမည် ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အနန္တလမ်းစဉ်အကယ်ဒမီ၏ ပြင်ပနယ်မြေ အခြေစိုက်စခန်းမှာလည်း ထိုနဂါးတောင်နယ်‌မြေတွင်ပင် ရှိနေခြင်း ဖြစ်သည်။

“ဒါကိုပဲ ယူလိုက်မယ်”

လင်းဖုန်း တွန့်ဆုတ်မနေတော့ပေ။ သို့သော် ဤတာဝန်မှာ ကျောင်းသား နှစ်ဦး အလိုရှိခြင်း ဖြစ်သည်။ လင်းဖုန်း ခေတ္တစဉ်းစားပြီးနောက် ဖုန်းရှို့ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

“ဖုန်းရှို့... နဂါးတောင်ခြေစိုက်စခန်းကို သွားမယ့် တာဝန်ကို အမြန် လက်ခံလိုက်။ ငါ အဲဒီတာဝန်ကို လက်ခံလိုက်ပြီ။ ဆုလာဘ်က အမှတ် ၃ မှတ်တဲ့”

ဖုန်းရှို့မှာ ဤစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် ကြောင်သွားမိသည်။ သို့သော် ယခုအခါ သူသည် လင်းဖုန်း၏ ခွန်အားကို အပြည့်အဝ ယုံကြည်သွားပြီဖြစ်သလို အနည်းငယ်လည်း ကြောက်လန့်နေမိသည်။ သူ လင်းဖုန်းကို မငြင်းရဲသဖြင့် လင်းဖုန်း ခိုင်းသည့်အတိုင်း ထိုတာဝန်ကို ချက်ချင်းပင် လက်ခံလိုက်တော့သည်။

ထိုတာဝန်မှာ နောက်ထပ် နှစ်ရက်အကြာတွင် စတင်မည်ဖြစ်ရာ ပြင်ဆင်ရန် အချိန်အလုံအလောက် ရှိနေသည်။

…

နှစ်ရက်အတွင်းမှာပင် လင်းဖုန်းသည် လျှပ်စီးဓားမော့သိုင်း၏ အခြေခံအဆင့်ကို တတ်မြောက်သွားခဲ့သည်။ အခြေခံအဆင့်သာ ဖြစ်သော်လည်း ဓားနှင့် တွဲဖက်ကာ အတိုင်းအတာတစ်ခုအထိ အသုံးပြုတိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း ဤမျှနှင့် လုံလောက်ပေသည်။ ဤကဲ့သို့သော ဓားမော့သိုင်းမျိုးမှာ လက်တွေ့ တိုက်ခိုက်မှုများနှင့် သတ်ဖြတ်မှုများကြားမှ တစ်ဆင့်ချင်း တိုးတက်လာရမည့်အရာ ဖြစ်သည်။

ပြင်ပနယ်မြေသို့ သွားရမည့် အချိန်နီးကပ်လာသောအခါ လင်းဖုန်းသည် ကျန်းချီကျီကို သွားရောက် နှုတ်ဆက်လိုက်သည်။

ကျန်းချီကျီမှာ အလွန်ပင် စိတ်မကောင်း ဖြစ်သွားရသည်။ သူသည် လင်းဖုန်းကို ဒယ်တာမြို့ကြီးထဲသို့ ခေါ်သွားပြီး တစ်ညလုံး ပျော်ပါးလိုက်ကြသည်။ ကျန်းချီကျီမှာ ဘားထဲတွင် မူးယစ်နေပြီး ရောက်တက်ရာရာ စကားများကို လျှောက်ပြောနေတော့သည်။ သို့သော် လင်းဖုန်း သိလိုက်ရသည်မှာ ဤအပျော်အပါးမက်သော သူဌေးသားလေးမှာ စင်စစ်တွင် စိတ်ထဲ၌ အလွန်ပင် ဝမ်းနည်းသောကရောက်နေသူ ဖြစ်သည်။ သူသည် မိသားစု၏ အားကိုးထိုက်သူတစ်ဦး ဖြစ်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူ့၌ ထိုသို့သော အရည်အချင်းမျိုး မရှိခဲ့ပေ။

လင်းဖုန်းက ကျန်းချီကျီ၏ ခေါင်းကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး သူ့ကို ကျောင်းအဆောင်သို့ ပြန်ပို့ပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် ကျန်းချီကျီမှာ သူ၏ ညီအစ်ကို မိတ်ဆွေကောင်း တစ်ယောက် ဖြစ်သည်။ နောင်တစ်ချိန်တွင် သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသား ဖြစ်လာပါက ကျန်းချီကျီကို ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

ကျန်းချီကျီမှာ အိပ်မက်ထဲတွင်ပင် ပိုင်ကျင်း၏ အမည်ကို တတွတ်တွတ် ခေါ်နေဆဲ ဖြစ်သည်။ ကျန်းချီကျီသည် ပိုင်ကျင်းအပေါ် စိတ်ရင်းထဲမှ အမှန်တကယ် မြတ်နိုးကြောင်း သိသာလှသည်။

“ညီကိုကျန်း... ငါ သွားတော့မယ်။ ကံပါရင် ငါတို့ ပြန်တွေ့ကြတာပေါ့”

လင်းဖုန်း ကျန်းချီကျီ၏ နားနားတွင် ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ အမှန်တကယ်တော့ သူသည် ယခုတစ်ခေါက် ပြင်ပနယ်မြေ ခရီးစဉ်တွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို သေချာပေါက် ချိုးဖျက်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အကယ်၍ လင်းဖုန်း မအောင်မြင်ခဲ့ပါက သူ ဘယ်တော့မှ ပြန်မလာနိုင်တော့သည်လည်း ဖြစ်နိုင်သည်။

မကြာမီ မိုးလင်းသွားတော့သည်။ လင်းဖုန်းသည် ကျန်းချီကျီကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက် ပစ္စည်းများ သိမ်းဆည်းကာ ဖုန်းရှို့နှင့်အတူ အကယ်ဒမီမှ ထွက်ခွာခဲ့လေတော့သည်။

All Chapters