စတင်ထွက်ခွာခြင်း
Vol. 2 Ch. 30
လင်းဖုန်းနှင့် ဖုန်းရှို့တို့ ဒယ်တာမြို့၏ သာယာဝပြောရေးရင်ပြင်သို့ ရောက်ရှိလာချိန်တွင် လူအတော်များများ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ထို့အပြင် ထိုသူအားလုံးမှာ ပရော်ဖက်ရှင်နယ် သိုင်းသမားများ ဖြစ်ကြသည်။
ဤနေရာမှာ ကုန်ပစ္စည်းစောင့်ကြပ်ရေး တာဝန်ယူသူများ စုဆုံရာနေရာ ဖြစ်သည်။ ဖုန်းရှို့မှာမူ အနည်းငယ် စိတ်မပါသလို ဖြစ်နေသည်။ သူသည် ဂုဏ်သရေရှိ အဆင့်ကိုး သိုင်းသမားတစ်ဦးဖြစ်သလို အနန္တလမ်းစဉ်အကယ်ဒမီ၏ ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ ဤကဲ့သို့သော သာမန်သိုင်းသမားများနှင့် ရောနှောနေရခြင်းကို သူ မနှစ်သက်ပေ။
သို့သော်လည်း လင်းဖုန်းက ဤတာဝန်ကို လက်ခံရန် အတင်းအကျပ် ပြောထားသဖြင့် သူ ဘာမှမတတ်နိုင်ဘဲ လိုက်လာခဲ့ရခြင်း ဖြစ်သည်။
သူတို့နှစ်ဦး မှတ်ပုံတင်သည့်နေရာသို့ သွားကာ အမည်စာရင်း ပေးလိုက်သည်။ ထိုအခါ တက်ကြွဖျတ်လတ်သော ပုံစံရှိသည့် အမျိုးသမီးငယ်တစ်ဦးက သူတို့ကို ကြိုဆိုရန် ရှေ့သို့ ထွက်လာသည်။
“ကြိုဆိုပါတယ်ရှင့်။ ခဏလောက် စောင့်ပေးပါဦး။ ကိုးနာရီတိတိမှာ ကျွန်မတို့ စတင်ထွက်ခွာပါမယ်”
ဖုန်းရှို့၏ မျက်နှာပေါ်မှ မောက်မာမှုကို လူတိုင်း မြင်နိုင်သည်။ လင်းဖုန်းမှာ မောက်မာသည့်ပုံစံ မပေါက်သော်လည်း သူ၏ မျက်နှာမှာ အေးစက်ခက်ထန်နေသဖြင့် အမျိုးသမီးငယ်မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။
ထိုအမျိုးသမီးငယ်၏ ဘေးတွင်ရှိသော အရပ်ပုပုနှင့် မိန်းမငယ်လေးတစ်ဦးက နှုတ်ခမ်းကို စူလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“ဟွန်း... အနန္တလမ်းစဉ်အကယ်ဒမီက ကျောင်းသားဖြစ်ရုံပဲကို။ သူတို့ကိုယ်သူတို့ ဘာများမှတ်နေလဲ မသိဘူး”
“ရှောင်မို... လျှောက်မပြောနဲ့”
အမျိုးသမီးငယ်က အသံတိုးတိုးဖြင့် သတိပေးလိုက်ပြီး ဖုန်းရှို့နှင့် လင်းဖုန်းကို တောင်းပန်စကား ဆိုလိုက်သည်။ လင်းဖုန်းကမူ ဂရုမစိုက်ဘဲ ရင်ပြင်ထဲတွင် ဖုန်းရှို့နှင့်အတူ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ရင်ပြင်ထဲသို့ လူများ တဖြည်းဖြည်း ပိုမိုရောက်ရှိလာကြသည်။ ထိုသူများထဲတွင် အဆင့်ရှစ်ပရော်ဖက်ရှင်နယ် သိုင်းသမားအဖြစ် နာမည်ကြီးသူ အချို့လည်း ပါဝင်သည်။ အဆင့်ကိုး သိုင်းသမားမှာမူ တစ်ဖွဲ့လုံးတွင် သုံးဦးသာ ပါဝင်သည်။
သေချာပေါက်ပင် ထိုအရေအတွက်ထဲတွင် ဖုန်းရှို့နှင့် လင်းဖုန်း မပါဝင်သေးပေ။ အနန္တလမ်းစဉ်အကယ်ဒမီမှ အဆင့်ကိုး ကျောင်းသားနှစ်ဦးက အမှတ် ၃ မှတ်တည်း ရမည့် ဤတာဝန်ကို လက်ခံလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားကြပေ။
ဘာပဲဖြစ်ဖြစ် အကယ်ဒမီအတွင်း၌ သူတို့ထုတ်ပြန်သော တာဝန်များမှာ အဆင့်ခုနစ် သိုင်းသမားများသာ လိုအပ်ခြင်း ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် လူအားလုံး နီးပါး ရောက်ရှိလာကြပြီ ဖြစ်သည်။ ထိုအခါ ခုနက အမျိုးသမီးငယ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ရောက်သင့်တဲ့သူတွေ အားလုံး ရောက်ပါပြီ။ ဒီတစ်ခေါက် ကျွန်မတို့ရဲ့ တန်ဖိုးကုန်သွယ်ရေးကုမ္ပဏီဟာ နဂါးတောင်ခြေစိုက်စခန်းကို ကုန်ပစ္စည်းတွေ ပို့ဆောင်မှာ ဖြစ်ပါတယ်။ အဓိကစည်းကမ်းကတော့ တစ်ခုတည်းပါ။ အဲဒါကတော့ အမိန့်ကို နာခံဖို့ပါပဲ။ အထူးသဖြင့် ပြင်ပနယ်မြေဟာ အလွန် အန္တရာယ်များပါတယ်။ အကယ်၍ ကြမ်းကြုတ်သားရဲတွေနဲ့ တွေ့ရင် အမိန့်ကို တသဝေမတိမ်း လိုက်နာရပါမယ်။ အမိန့်မနာခံဘဲ လုပ်ချင်ရာလုပ်တဲ့သူတွေကို ကုမ္ပဏီအနေနဲ့ အဖွဲ့ကနေ ထုတ်ပယ်ပိုင်ခွင့် ရှိပါတယ်”
လူတိုင်းမှာ ဘာအမူအရာမျှ မရှိကြပေ။ သူတို့အားလုံးသည် ဤကဲ့သို့သော တာဝန်များကို အကြိမ်ကြိမ် ယူဖူးကြပြီးသား ဖြစ်သည်။ အချို့မှာ ဤအလုပ်ကိုပင် အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ပြင်ပနယ်မြေသို့ သွားရခြင်းမှာ အန္တရာယ်ရှိသော်လည်း ရရှိမည့် ဆုလာဘ်က မြင့်မားသဖြင့် စွန့်စားကြခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အနန္တလမ်းစဉ်အကယ်ဒမီမှ ကျောင်းသားများမှာ ဤကဲ့သို့သော တာဝန်မျိုးကို လုပ်ခဲလှသည်။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီကျောင်းသား အားလုံးမှာ ချမ်းသာကြသူများ ဖြစ်ကြရာ ဆုလာဘ်အနည်းငယ်သာ ရမည့် ဤတာဝန်မျိုးကို မည်သူက လုပ်ချင်ပါမည်နည်း။
ထို့ကြောင့်ပင် လင်းဖုန်းနှင့် ဖုန်းရှို့တို့၏ အထောက်အထားကို သိလိုက်ရချိန်တွင် လူအများက သူတို့ကို ထူးထူးဆန်းဆန်း လှမ်းကြည့်နေကြခြင်း ဖြစ်သည်။
“ကောင်းပြီ... ဘယ်သူမှ ကန့်ကွက်တာ မရှိရင် စထွက်ကြမယ်”
ရင်ပြင်ထဲတွင် ယာဉ်အမြောက်အမြား ရှိနေသည်။ ၎င်းတို့မှာ အလင်းစွမ်းအင်ကို အသုံးပြုပြီး ကုန်ပစ္စည်း အများအပြား သယ်ဆောင်နိုင်သော ကုန်တင်ကားကြီးများ ဖြစ်ကြသည်။ လေသင်္ဘောများမှာမူ စရိတ်စက အလွန် ကြီးမားလှသဖြင့် သာမန်ကုမ္ပဏီများမှာ လုံးဝ အသုံးမပြုကြပေ။ အကယ်၍ အသုံးပြုပါက ပြင်ပနယ်မြေမှ ရရှိမည့် အကျိုးအမြတ်မှာ လေင်္ဘောမောင်းနှင်ခပင် ကျေလိမ့်မည် မဟုတ်ပေ။
လင်းဖုန်းနှင့် ဖုန်းရှို့တို့မှာ ကုန်တင်ကားတစ်စီးပေါ်တွင် အတူတူ ထိုင်လိုက်ကြသည်။ ကားအတွင်းခန်းမှာ အတော်ပင် ကျယ်ဝန်းလှသည်။ ကားပေါ်တွင် ကုန်သွယ်ရေးကုမ္ပဏီ၏ အစောင့်တပ်ဖွဲ့ကို ဦးဆောင်သူ အမျိုးသမီးနှင့် ရှောင်မိုဟု ခေါ်သော မိန်းမငယ်လေးကိုလည်း လင်းဖုန်း မြင်လိုက်ရသည်။
“မမရွှမ်... ဒီတစ်ခေါက် ပြင်ပနယ်မြေသွားရတာ အန္တရာယ်များတယ်မလား။ ပြင်ပနယ်မြေ ခရီးစဉ်တွေက သိပ်ကြောက်ဖို့ကောင်းတယ်လို့ ကြားဖူးတယ်”
ဤသည်မှာ ရှောင်မိုအတွက် ပထမဆုံးအကြိမ် ပြင်ပနယ်မြေသို့ သွားရခြင်း ဖြစ်ပုံရသည်။ သူမ၏ မျက်နှာတွင် စူးစမ်းလိုစိတ်နှင့် ကြောက်ရွံ့စိတ်တို့ ရောပြွမ်းနေသည်။
အစ်မရွှမ်က ပြုံးလိုက်ပြီး
“သိပ်ပြီး အန္တရာယ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် မမတို့က အဆင့်ကိုးသိုင်းသမား သုံးယောက်ကို ဖိတ်ခေါ်ထားတာလေ။ သူတို့က ဒီလမ်းကြောင်းကို ခဏခဏ သွားနေကျဆိုတော့ အတွေ့အကြုံ အများကြီး ရှိပါတယ်။ သားရဲတွေနဲ့ တွေ့ရင်တောင် သူတို့ ကိုင်တွယ်နိုင်မှာပါ”
“အဆင့်ကိုး သိုင်းသမားတွေလား... တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ ကျွန်မရော ဘယ်တော့မှ အဆင့်ကိုးသိုင်းပညာရှင် ဖြစ်လာမှာလဲ မသိဘူးနော်”
“ရှောင်မို... ညီမလေးသာ ကြိုးစားမယ်ဆိုရင် သေချာပေါက် ဖြစ်လာမှာပေါ့”
“မမရွှမ်... မမက အရင်တုန်းက ဝင်ရိုးစွန်းအကယ်ဒမီမှာ တက်ခဲ့ဖူးတယ်လို့ ကြားတယ်။ ဘာလို့ ထွက်လာခဲ့တာလဲဟင်”
အစ်မရွှမ်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး မှိုင်တွေသွားသော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။
ကားအတွင်းရှိ လေထုမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။ လင်းဖုန်းနှင့် ဖုန်းရှို့တို့မှာလည်း အလွန် အံ့သြသွားကြသည်။ တက်ကြွလှပသော ဤအမျိုးသမီးမှာ အမှန်တကယ်တော့ ဝင်ရိုးစွန်းအကယ်ဒမီ၏ ကျောင်းသူဟောင်း ဖြစ်နေသည် မဟုတ်ပါလား။
ဝင်ရိုးစွန်းအကယ်ဒမီ၏ ကျောင်းသားဖြစ်ရန်မှာ မလွယ်ကူပေ။ စစ်မှန်သော ပါရမီရှင်များသာ ထိုကျောင်းသို့ တက်ခွင့်ရကြခြင်း ဖြစ်သည်။ အနန္တလမ်းစဉ်အကယ်ဒမီနှင့် မတူပေ။ အနန္တလမ်းစဉ်အကယ်ဒမီသည် ထိပ်တန်း ကျောင်းသုံးကျောင်းထဲတွင် ပါဝင်သော်လည်း ကျောင်းသားအများစုမှာ နာမည်ကြီးရုံသာ ဖြစ်တတ်ကြသည်။ ငွေရှိလျှင် တက်၍ရသည်ဖြစ်ရာ မည်သို့လျှင် အရည်အသွေး ပြည့်ဝပါမည်နည်း။
ထို့အပြင် ဝင်ရိုးစွန်းအကယ်ဒမီသည် ထိပ်တန်းကျောင်း သုံးကျောင်းထဲတွင် အကျော်ကြားဆုံးလည်း ဖြစ်သည်။ အနန္တလမ်းစဉ်အကယ်ဒမီမှာလည်း နာမည်ကြီးသော်လည်း ဂုဏ်သတင်းဆိုးကသာ ပို၍ ထွက်နေတတ်သည်။ ဒယ်တာမြို့ထဲတွင်ပင် အနန္တလမ်းစဉ်အကယ်ဒမီ၏ ဂုဏ်သတင်းမှာ မကောင်းလှပေ။ ထိုကျောင်းထဲတွင် ပညာမတတ်ဘဲ အချိန်ဖြုန်းနေသော သူဌေးသား နာမည်ပျက်များက များလွန်းလှသည်။
ဤ အစ်မရွှမ် ဆိုသူမှာ ဝင်ရိုးစွန်းအကယ်ဒမီသို့ တက်ခွင့်ရခဲ့သည်ဆိုပါက သူမ၏ ပါရမီမှာ သေချာပေါက် ကောင်းမွန်ရပေမည်။ သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ကျောင်းမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စမှာ အမှန်တကယ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ် ရှိနေပုံရသည်။
ရှောင်မိုမှာလည်း သူမ စကားမှားသွားသည်ကို သိပုံရသဖြင့် ချက်ချင်းပင် အလျင်အမြန် ထပ်လောင်း ပြောလိုက်သည်။
“မမရွှမ်က ဘယ်နေရာသွားသွား ပါရမီရှင်တစ်ယောက်ပါပဲ။ အနန္တလမ်းစဉ်အကယ်ဒမီက အသုံးမကျတဲ့ သူဌေးသားလေးတွေလို မဟုတ်ပါဘူး”
“ဟွန်း... ကလေးမလေး... အဲဒါ ဘာကို ဆိုလိုတာလဲ”
ဖုန်းရှို့က သူမကို ချက်ချင်း စိုက်ကြည့်လိုက်သည်။ ဤကလေးမလေးက သူတို့ကို ထပ်ခါတလဲလဲ ရန်စနေသည် မဟုတ်ပါလား။ ဖုန်းရှို့သည် သူ၏ ဒေါသကို ထိန်းထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
လင်းဖုန်းပင်လျှင် မျက်မှောင်ကြုတ်သွားမိသည်။ သူသည် ပြဿနာမရှာချင်သော်လည်း ဤရှောင်မိုဆိုသော ကောင်မလေးမှာ အစကတည်းက သူတို့ကို ပစ်မှတ်ထားနေသကဲ့သို့ ဖြစ်နေသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာရသည်။
“အမှန်ကို ပြောတာလေ။ အနန္တလမ်းစဉ်အကယ်ဒမီဆိုတာ ပိုက်ဆံရှိတဲ့ မိဘတွေရဲ့ အသုံးမကျတဲ့ သားသမီးတွေနဲ့ပဲ ပြည့်နေတာပဲ။ မဟုတ်ရင် ရှင်တို့က ဘာလို့ ကျွန်မတို့ တာဝန်ကို လက်ခံမှာလဲ”
ရှောင်မိုက မကြောက်မရွံ့ဘဲ ပြန်ပြောလိုက်သည်။
“ရှောင်မို”
အစ်မရွှမ်က လေသံမာမာဖြင့် ဟန့်လိုက်သည်။ သူမသည် အနန္တလမ်းစဉ်အကယ်ဒမီမှ ကျောင်းသားများကို မနှစ်သက်သော်လည်း လင်းဖုန်းနှင့် ဖုန်းရှို့မှာ ကတိအတိုင်း တာဝန်ကို လက်ခံခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ မျက်နှာရှေ့တွင် ထိုသို့ မရိုမသေ မပြောသင့်ပေ။
“ကလေးမလေး... ငါတို့ ဒီတာဝန်ကို လက်ခံခဲ့တာ မင်းတို့အတွက် ကံကောင်းတယ်လို့ မှတ်လိုက်စမ်း။ ဟွန်း... မင်းက ကလေးမလေး ဖြစ်နေလို့သာ ငါက ငါ့အဆင့်အတန်းကို မင်းနဲ့တန်းတူ နှိမ့်ချပြီး မဆက်ဆံတာ။ ဒါပေမဲ့ တကယ်လို့ လမ်းမှာ အန္တရာယ်တစ်ခုခုနဲ့ တွေ့မှ ငါတို့ကို လာပြီး ငိုယိုမပြနဲ့”
“ရှင်တို့မှာ ကျွန်မတို့ကို ကယ်နိုင်တဲ့ ခွန်အား ရှိလို့လား။ သားရဲတွေကို မြင်တာနဲ့တင် ပြေးဖို့တောင် မေ့ပြီး ကြောက်နေကြမှာပဲ”
ဖုန်းရှို့ အလွန် စိတ်ပျက်သွားမိသည်။ သူသည် အဆင့်ကိုး သိုင်းသမား၊ အကယ်ဒမီ၏ ပါရမီရှင် ဖြစ်သော်လည်း ယနေ့တွင် ကလေးမလေး တစ်ယောက်၏ အပြောကို ခံနေရပြီး ဘာမှ မလုပ်နိုင် ဖြစ်နေရသည်။
“အစ်ကိုဖုန်း... ကျွန်တော်တို့...”
“ရှူး...”
လင်းဖုန်း သူ၏ မျက်မှောင်ကို ကြုတ်လိုက်သည်။ သူ၏ ထက်မြက်သော အာရုံခံစားမှုများက တစ်စုံတစ်ခုကို သိရှိလိုက်ပြီ ဖြစ်သည်။
“အစ်ကိုဖုန်း... ဘာဖြစ်လို့လဲ”
“သေချာ နားထောင်ကြည့်စမ်း”
“ဘာကို နားထောင်ရမှာလဲ”
“ခြေသံတွေ... အများကြီးပဲ”
လင်းဖုန်း၏ မျက်နှာမှာ တည်ကြည်သွားသည်။ အစ်မရွှမ်မှာ အစပိုင်းတွင် ဂရုမစိုက်သော်လည်း သေချာ အာရုံစိုက် နားထောင်လိုက်ချိန်တွင်မူ သူမ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။
“ကြမ်းကြုတ်သားရဲတွေ... သားရဲတွေ လာနေပြီ။ ရှောင်မို... ကားထဲမှာပဲ နေ၊ အပြင်ကို လုံးဝ မထွက်နဲ့”
အစ်မရွှမ်သည် ချက်ချင်း ထရပ်ပြီး ကားပေါ်မှ ခုန်ဆင်းသွားလေတော့သည်။