လက်သီးတစ်ချက်ဖြင့် အဆုံးသတ်ခြင်း
Vol. 2 Ch. 32
“ဘာ... နောက်ထပ် ခေါင်းဆောင်ဝံပုလွေ တစ်ကောင် ဟုတ်လား”
လူတိုင်း မှင်သက်သွားကြသည်။ ဝံပုလွေအုပ်တစ်အုပ်တည်းတွင် ခေါင်းဆောင်ဝံပုလွေ နှစ်ကောင် ရှိနေနိုင်ခြေမှာ မည်သို့မျှ မဖြစ်နိုင်သလောက်ပင်။
ဝှစ်...
လင်းဖုန်း သတိပြုမိလိုက်သော ခေါင်းဆောင်ဝံပုလွေမှာ ရုတ်ချည်းပင် လေထဲသို့ ခုန်တက်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးထွားလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သာမန် ဝံပုလွေများထက် လေးငါးဆခန့် ပိုမို ကြီးမားလာလေသည်။
ထိုဝံပုလွေသည် သာမန် မျိုးကွဲဝံပုလွေ မဟုတ်သည်မှာ ထင်ရှားလှသည်။ ၎င်းမှာ အမှန်တကယ် ခေါင်းဆောင်ဝံပုလွေတစ်ကောင်ပင် ဖြစ်သည်။
လင်းဖုန်း၏ သတိပေးချက်မှာ အလွန် အချိန်ကိုက်ဖြစ်သော်လည်း အဆင့်ကိုးသိုင်းသမား သုံးဦး၏ တုံ့ပြန်မှုမှာမူ အနည်းငယ် နှေးကွေးသွားခဲ့သည်။ ထို့အပြင် ထိုခေါင်းဆောင်ဝံပုလွေကြီးမှာ အလွန် ကောက်ကျစ်စဥ်းလဲလှကာ လျှပ်တစ်ပြတ် အရှိန်ဖြင့် ရုတ်ချည်း စတင် တိုက်ခိုက်တော့သည်။
ဘုန်း...
အဆင့်ကိုးသိုင်းသမား နှစ်ဦးမှာ ပူးပေါင်းကာ အလစ်အငိုက် တိုက်ခိုက်လာသော ခေါင်းဆောင်ဝံပုလွေဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ သို့သော် ခေါင်းဆောင်ဝံပုလွေ၏ ခွန်အားမှာ ထင်မှတ်မထားလောက်အောင် သန်မာလှသည်။ သူတို့နှစ်ယောက်၏ လက်သီးချက်များ ဝံပုလွေ၏ ခန္ဓာကိုယ်ကို ထိတွေ့မိသည်နှင့် ချက်ချင်းပင် အဆင့်ကိုးသိုင်းသမား နှစ်ဦးမှာ တစ်ကိုယ်လုံး ထုံကျင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူတို့၏ လက်မောင်းများပင် အားနည်းကာ နာကျင်သွားရသည်။ တိုက်ကွက်တစ်ကွက်တည်းနှင့်ပင် သူတို့ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
“ဆုတ်ခွာကြ”
ထိုသုံးဦးမှာ ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲတော့ပေ။ ဤသည်မှာ ခေါင်းဆောင်ဝံပုလွေ နှစ်ကောင် ဖြစ်သည်။ သူတို့သည် ယခင် ခေါင်းဆောင်ဝံပုလွေကို သတ်ရန် ကြိုးစားမှုကို ချက်ချင်း လက်လျှော့လိုက်ပြီး သိုင်းသမားများရှိရာသို့ အလျင်အမြန် ပြန်လည် ဆုတ်ခွာလာခဲ့ကြသည်။
အစ်မရွှမ် ဦးဆောင်သော သိုင်းသမား ၃၀ မှာ ယခုအခါ အကျပ်အတည်းနှင့် တွေ့နေရပြီ ဖြစ်သည်။ အဆင့်ကိုးသိုင်းသမား သုံးဦးအနက် နှစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရသွားပြီး ခေါင်းဆောင်ဝံပုလွေ နှစ်ကောင်က သူတို့ကို ရက်စက်စွာ စိုက်ကြည့်နေကြသည်။
ဝူး...
ခေါင်းဆောင်ဝံပုလွေက ကောင်းကင်သို့ မော့ကာ အူလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ကျန်ရှိသော ဝံပုလွေအားလုံးမှာလည်း လိုက်လံ အူကြပြီး သွေးဆာသော အကြည့်ဖြင့် သိုင်းသမားများဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။
သိုင်းသမားများစွာမှာ စိုးရိမ်ထိတ်လန့်သွားကြသည်။ ဤသည်မှာ အလွန် အန္တရာယ်ကြီးသော အခြေအနေ ဖြစ်သည်။ ခေါင်းဆောင်ဝံပုလွေကို အသေမသတ်နိုင်သည့်အပြင် သူတို့ကိုပင် ပြန်လည် ဝိုင်းရံခြင်း ခံနေရပြီ ဖြစ်သည်။
“ဝံပုလွေအုပ်တစ်အုပ်ထဲမှာ ခေါင်းဆောင်ဝံပုလွေ နှစ်ကောင် ဘယ်လိုလုပ် ရှိနေရတာလဲ”
“ပိုအရေးကြီးတာက အဲဒီ အကြီးဆုံးကောင်က သာမန် သားရဲအရှင်သခင်အဆင့်ထက်တောင် အများကြီး ပိုသန်မာနေပုံပဲ”
“ငါတို့တော့ သေပြီပဲ”
ဤသိုင်းသမားများမှာ အတွေ့အကြုံရှိကြသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘာမှ မတတ်နိုင် ဖြစ်နေကြသည်။
ထိုအခိုက်အတန့်တွင် အစ်မရွှမ်၏ မျက်နှာမှာလည်း ပျက်ယွင်းနေသည်။ သူမက လေသံလေးလေးဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင်ဝံပုလွေ နှစ်ကောင် ရှိနေတာ မဟုတ်ဘူး။ ခေါင်းဆောင်ဝံပုလွေက တစ်ကောင်တည်းပဲ။ အဲဒါက အဆင့်ကိုးသိုင်းသမား သုံးယောက်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့တဲ့ အကြီးဆုံးကောင်ပဲ။ အဲဒီအကောင်ကမှ ခေါင်းဆောင်ဝံပုလွေ အစစ်ပဲ။ အဲ့ဒီအကောင်က တအားကို ကောက်ကျစ်တာပဲ။ အစက သားရဲအရှင်သခင်နဲ့ ခွန်အားချင်း သိပ်မကွာတဲ့ ဝံပုလွေတစ်ကောင်ကို သုံးပြီး ငါတို့ကို အာရုံလွှဲခဲ့တာ။ ပြီးမှ အခွင့်အရေးကို စောင့်ပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်။ သူက ငါတို့အားလုံးကို တစ်ခါတည်း အပြတ်ရှင်းဖို့ ကြိုးစားနေတာပဲ။ ဒီခေါင်းဆောင်ဝံပုလွေက အရမ်း ဉာဏ်ကောင်းတယ်။ ငါတို့ အခု အန္တရာယ်ရှိနေပြီ”
အစ်မရွှမ်မှာ ခုနက သတိပေးခဲ့သော လင်းဖုန်းကို မသိမသာ လှမ်းကြည့်လိုက်မိသည်။ သို့သော် သူမအမြင်တွင် လင်းဖုန်းမှာ အဆင့်ခုနစ် သိုင်းသမားတစ်ဦးသာ ဖြစ်ရာ ဘာလုပ်နိုင်ပါမည်နည်း။ ယခုလက်ရှိအချိန်တွင် အဆင့်ကိုးသိုင်းသမား သုံးဦးပင်လျှင် အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
အထူးသဖြင့် ခေါင်းဆောင်ဝံပုလွေ အစစ်မှာ သာမန် သားရဲအရှင်သခင် မဟုတ်ဘဲ ထိပ်တန်းအဆင့် သားရဲအရှင်သခင် ဖြစ်နေပုံရသည်။ အဆင့်ကိုး သိုင်းသမား သုံးဦးအနက် နှစ်ဦးမှာ ဒဏ်ရာရနေသည်ကို မပြောနှင့်။ အကယ်၍ သူတို့ သုံးဦးစလုံး ဒဏ်ရာမရခဲ့လျှင်ပင် ဤကြောက်စရာကောင်းသော ဝံပုလွေခေါင်းဆောင်ကို အသာစီးရရန်မှာ မသေချာပေ။
ဝံပုလွေအုပ်ကြီး တဖြည်းဖြည်း ရှေ့တိုးလာချိန်တွင် လူတိုင်းမှာ အသက်ပင် ရဲရဲမရှူရဲဘဲ အာရုံစိုက်နေကြသည်။ နောက်ဘက်တွင် ကုန်စည်ယာဉ်တန်းကို စောင့်ကြပ်နေသူများမှာလည်း ရင်တထိတ်ထိတ် ဖြစ်နေကြတော့သည်။
ရှောင်မိုပင်လျှင် အခြေအနေ မကောင်းတော့သည်ကို နားလည်သွားသည်။
ဖုန်းရှို့က ရှောင်မိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝံပုလွေအုပ်ဆီသို့ အထူးသဖြင့် ထိုအဆမတန် ကြီးမားလှသော ခေါင်းဆောင်ဝံပုလွေဆီသို့ လှမ်းကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ခေါင်းဆောင်ဝံပုလွေ တစ်ကောင်တည်းကိုများ ဘာလို့ အဲဒီလောက် တုန်လှုပ်နေကြတာလဲ”
ရှောင်မိုလည်း မနေနိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ရှင်... ရှင်တို့က တအားကို ရွံစရာကောင်းတာပဲ။ အခု မမရွှမ်တို့ အန္တရာယ်ဖြစ်နေတာ မမြင်ဘူးလား။ သူတို့က ရှေ့မှာ အသက်နဲ့ရင်းပြီး တိုက်နေရတာကို ရှင်တို့က နောက်ကနေ လှောင်နေကြသေးတာလား”
“ဒါက လှောင်တာ မဟုတ်ဘူး၊ အမှန်တရားပဲ။ ခေါင်းဆောင်ဝံပုလွေ တစ်ကောင်တည်းက ဘာမှ မဟုတ်ပါဘူး”
“ရှင်က အဲဒီလောက် တော်နေရင် သွားပြီး အဲဒီ ခေါင်းဆောင်ဝံပုလွေကို သတ်လိုက်လေ”
“ငါက ဘာလို့ သွားရမှာလဲ။ အစ်မရွှမ်က ငါတို့ကို အမိန့်ပေးထားတယ်လေ။ ငါတို့က နောက်ကနေ ကုန်စည်ယာဉ်တန်းကို စောင့်ကြပ်ပေးရုံပဲ”
“ရှင်...”
ရှောင်မို၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေသော်လည်း ဘာမှ ပြန်မပြောနိုင်ပေ။ သူမ ငိုချင်သလို ဖြစ်နေပြီး မျက်ရည်များပင် ဝဲလာတော့သည်။ ဘာပဲဖြစ်ဖြစ် သူမမှာ ကလေးမလေး တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား။
“ဖုန်းရှို့... နောက်တန်းကို စောင့်ကြပ်ထားလိုက်”
လင်းဖုန်းက ပြောလိုက်သည်။
“အစ်ကိုဖုန်း... သူတို့ကို စောစောစီးစီး ကယ်ဖို့ မလိုပါဘူး။ ကြည့်ရတာ သူတို့ ခဏလောက်တော့ တောင့်ခံနိုင်ဦးမှာပါ”
“ငါတို့ တာဝန်ကို လက်ခံထားတာပဲ။ တစ်ခုခုတော့ လုပ်ပေးရမှာပေါ့”
ဖုန်းရှို့နှင့် လင်းဖုန်းတို့၏ ပေါ့ပါးသော အမူအရာကို မြင်လိုက်ရသောအခါ ရှောင်မိုမှာ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။
“ဒီ အနန္တလမ်းစဉ်အကယ်ဒမီက သူဌေးသားတွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ လုပ်နေတာလား”
ရှောင်မိုက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ အသံမှာ အလွန်တိုးသဖြင့် ဖုန်းရှို့ မကြားလိုက်ပေ။
လင်းဖုန်းကမူ ကြားလိုက်သော်လည်း အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
ဘုန်း...
လင်းဖုန်း မြေပြင်ကို အရှိန်ဖြင့် နင်းလိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားရသည်။ ချက်ချင်းပင် မြေပြင်ပေါ်၌ ကြီးမားသော ကျင်းတစ်ခု ဖြစ်သွားပြီး သူသည် အမြောက်ဆံတစ်ခုကဲ့သို့ ဝံပုလွေအုပ်၏ အလယ်သို့ လျှပ်တစ်ပြတ် ပျံသန်းဝင်ရောက်သွားတော့သည်။
“အဲဒါ ဘယ်သူလဲ...”
“အနန္တလမ်းစဉ်အကယ်ဒမီက ကျောင်းသားနှစ်ယောက်ထဲက တစ်ယောက်ပဲ”
“အနန္တလမ်းစဉ်အကယ်ဒမီက သူဌေးသားလေးတွေလား။ သူတို့က အသုံးမကျတဲ့သူတွေ မဟုတ်ဘူးလား။ အဲ့ကောင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်နေတာလား”
“ခုနက သူ ခုန်ထွက်လိုက်တဲ့ အရှိန်က တော်တော် ပြင်းတာပဲ။ သူက သာမန်လူ မဟုတ်နိုင်ဘူး။ ငါတို့အတွက် နောက်ထပ် အကူအညီတစ်ခု ရလာတာလည်း ဖြစ်နိုင်တယ်”
လင်းဖုန်းသည် မည်သည့် လက်နက်ကိုမျှ မကိုင်ဘဲ ဝံပုလွေအုပ်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်ကို မြင်လိုက်ရသောအခါ လူအများမှာ အံ့သြသွားကြသော်လည်း အများစုမှာမူ အထင်သေးနေကြဆဲ ဖြစ်သည်။ အနန္တလမ်းစဉ်အကယ်ဒမီတွင် ပါရမီရှင်များ ရှိသော်လည်း အများစုမှာမူ ငွေအားကိုးဖြင့် ပရော်ဖက်ရှင်နယ် သိုင်းသမား ဖြစ်လာကြသော အသုံးမကျသည့် သူဌေးသားများသာ ဖြစ်ကြသည်။ ထိုသို့သောသူမျိုးက ဘာလုပ်နိုင်ပါမည်နည်း။
အစ်မရွှမ်နှင့် ကျန်ရှိသူများလည်း လင်းဖုန်းကို မြင်လိုက်ကြသည်။ သို့သော် သူတို့ကိုယ်သူတို့ပင် ကာကွယ်ရန် ရုန်းကန်နေရသဖြင့် လင်းဖုန်းကို ကူညီရန်မှာ မဖြစ်နိုင်ပေ။
ဝုန်း...
လင်းဖုန်း ဝံပုလွေအုပ်ထဲသို့ တိုက်ရိုက် ခုန်ဝင်လိုက်သည်။ သူသည် လက်သီးတစ်ချက် ထိုးလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခု ပေါက်ကွဲထွက်လာသည်။ ဝံပုလွေများမှာ လင်းဖုန်း၏ အနားသို့ မကပ်နိုင်မီမှာပင် လင်းဖုန်း၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားကြတော့သည်။
ထို့နောက် လင်းဖုန်းသည် ခေါင်းဆောင်ဝံပုလွေရှိရာသို့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရှေ့ဆက်ဦးတည်သွားသည်။ လင်းဖုန်းဆီသို့ ဝံပုလွေများ တစ်ကောင်ပြီးတစ်ကောင် ခုန်အုပ်လာကြသော်လည်း လင်းဖုန်းအား တားဆီးရန်မဆိုထားနှင့် လင်းဖုန်းရှေ့၌ မျက်နှာချင်းဆိုင် မားမားမတ်မတ် ရပ်တည်တိုက်ခိုက်ရန်ပင် မစွမ်းသာကြပေ။
လင်းဖုန်းမှာ ဝံပုလွေအုပ်ကြားထဲတွင် တားဆီး၍မရသော စစ်နတ်ဘုရားတစ်ပါးအလား ရှိနေတော့သည်။
“ဒါ... ဒါက...”
“အဆင့်ကိုးသိုင်းသမားလား။ သူက ထိပ်တန်း အဆင့်ကိုးသိုင်းသမား ဖြစ်ရမယ်”
“မယုံနိုင်စရာပဲ။ သူက အနန္တလမ်းစဉ်အကယ်ဒမီက ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ ဒီကုန်စည်ယာဉ်တန်းက ဒီလို ပါရမီရှင်မျိုးကို ဖိတ်ခေါ်နိုင်ခဲ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အစကတည်းက သိခဲ့ရင် ငါ ဒီလောက်ထိ စိုးရိမ်နေမှာ မဟုတ်ပါဘူးကွာ”
“အနန္တလမ်းစဉ်အကယ်ဒမီမှာ အသုံးမကျတဲ့ လူပေါ်ကြော့သူဌေးသားတွေ အများကြီးရှိတယ် ဆိုပေမဲ့ အစစ်အမှန် ပါရမီရှင်တွေကတော့ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ။ ဒီကောင်လေးရဲ့ ခွန်အားက သာမန် အဆင့်ကိုးသိုင်းသမားတွေထက်တောင်မှ အများကြီး သာတယ်။ ငါတို့အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသွားပြီပဲကွ”
လင်းဖုန်း၏ စွမ်းဆောင်ရည်ကို မြင်လိုက်ရသောအခါ လင်းဖုန်းမှာ အဆင့်ကိုးသိုင်းသမားတစ်ယောက်၏ ခွန်အားရှိကြောင်း မည်သူမဆို သိနိုင်ပေသည်။
ထိုအခိုက်အတန့်တွင် ရှောင်မိုမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့် ပြည့်နှက်နေသည်။ ဤသည်ကို မြင်လိုက်ရသောအခါ ဖုန်းရှို့မှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး အားရပါးရ ရယ်မောလိုက်သည်။
“ကလေးမလေး... အခုတော့ ငါတို့ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိပြီမလား”
ဖုန်းရှို့၏ အမြင်ကတ်စရာကောင်းသော လေသံကို ကြားလိုက်ရသောအခါ ရှောင်မိုက နှုတ်ခမ်းကို စူကာ ပြောလိုက်သည်။
“သန်မာတာက သူလေ၊ ရှင်မှ မဟုတ်တာ။ ပြီးတော့ သူ ဘယ်လောက်ပဲ သန်မာသန်မာ အဲဒီ ခေါင်းဆောင်ဝံပုလွေကို အနိုင်ယူနိုင်ပါ့မလား”
“အစ်ကိုဖုန်းက သေချာပေါက် သန်မာတာပေါ့။ ငါကတော့ သူ့လောက် မသန်မာပေမဲ့ မင်းတို့ ဖိတ်ခေါ်ထားတဲ့ သာမန်လူတွေထက်တော့ အများကြီး ပိုပြီးတော့ သန်မာပါတယ်။ ခေါင်းဆောင်ဝံပုလွေ ဟုတ်လား။ ဟက်... အစ်ကိုဖုန်းက အဲဒီ ခေါင်းဆောင်ဝံပုလွေကို သတ်ဖို့ ဒုတိယ လက်သီးချက်တောင် သုံးမှာ မဟုတ်ဘူး”
“စကားကြီး စကားကျယ်တွေ ပြောနေတာပဲ။ ပြောလိုက်ရင် လေကြီးမိုးကြီးနဲ့။ ပြီးကျမှ အရှက်ကွဲမှာ မကြောက်ဘူးလား”
ရှောင်မိုမှာ သဘာဝကျကျပင် မယုံကြည်ပေ။ ခေါင်းဆောင်ဝံပုလွေ၏ အရွယ်အစားကို ကြည့်ရုံဖြင့် ၎င်းမှာ သာမန်သားရဲ မဟုတ်သည်မှာ ထင်ရှားလှသည်။ သန်မာအားကောင်းလှပါသည် ဆိုသော အစစ်အမှန် ထိပ်တန်း အဆင့်ကိုးသိုင်းသမားတစ်ဦးပင်လျှင် ဝံပုလွေခေါင်းဆောင်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု ယတိပြတ် မပြောဝံ့ကြပေ။
သို့သော် အနန္တလမ်းစဉ်အကယ်ဒမီ၏ ထိပ်သီးအဆင့် ၁၀၀ စာရင်းဝင် ကျောင်းသားများမှာ မည်မျှအထိ ကြောက်စရာကောင်းသည်ကို ရှောင်မို မည်သို့ သိနိုင်ပါမည်နည်း။
ထိုအချိန်တွင် လင်းဖုန်းသည် ခေါင်းဆောင်ဝံပုလွေ၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့အပြင် သားရဲအရှင်သခင်အဆင့်ရှိသော ဝံပုလွေ နှစ်ကောင်စလုံး သူ၏ ရှေ့တွင် ရှိနေခြင်း ဖြစ်သည်။
ဝူး...
ခေါင်းဆောင်ဝံပုလွေမှာ လင်းဖုန်းထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားလိုက်ရပုံရသည်။ ထို့ကြောင့် ခေါင်းဆောင်ဝံပုလွေသည် စူးရှကျယ်လောင်စွာ အူလိုက်ပြီး လင်းဖုန်းကို ကြမ်းတမ်းသွေးဆာသော အကြည့်ဖြင့် အသေအလဲ စိုက်ကြည့်နေသည်။
ဝုန်း...
ရုတ်တရက် ခေါင်းဆောင်ဝံပုလွေက စတင်လှုပ်ရှားလိုက်သည်။ သားရဲအရှင်သခင်အဆင့်ရှိသော ဝံပုလွေ နှစ်ကောင်စလုံး လင်းဖုန်းဆီသို့ တစ်ပြိုင်နက်တည်း ခုန်အုပ်လာကြခြင်း ဖြစ်သည်။
“သတိထား”
အစ်မရွှမ်က မနေနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။ သူမ၏ စိတ်ထဲတွင် အနည်းငယ် မခံချိမခံသာဖြစ်ကာ စိတ်မကောင်း ဖြစ်မိသွားသည်။ သူမအမြင်တွင် လင်းဖုန်းမှာ သန်မာနေလျှင်ပင် မပေါ့ဆသင့်ပေ။ သူသည် သူမတို့နှင့် အရင်ပူးပေါင်းကာ အစီအစဉ်ချပြီးမှ ခေါင်းဆောင်ဝံပုလွေကို အတူတူ သတ်သင့်သည် မဟုတ်ပါလား။
“နွားရိုင်းနင်းချေခြင်း”
လင်းဖုန်း လက်သီးပြင်းတစ်ချက် ပစ်လွှတ်လိုက်သည်။ ယင်းလက်သီးချက်မှာ တောရိုင်းလွင်ပြင်ကျယ်ကြီးတွင် ပြေးလွှားနေသော နွားရိုင်းတစ်ကောင်အလား ၅ တန်ကျော်သော ခွန်အားဖြင့် သားရဲအရှင်သခင် နှစ်ကောင်စလုံးကို လွှမ်းခြုံအုပ်မိုးသွားတော့သည်။
ဘန်း...
လင်းဖုန်းသည် လက်သီးတစ်ချက်တည်းဖြင့်ပင် သားရဲအရှင်သခင် နှစ်ကောင်စလုံး၏ ဧရာမ ခန္ဓာကိုယ်များကို နောက်သို့ လွင့်ထွက်သွားစေကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားစေသည်။ ခေါင်းဆောင်ဝံပုလွေမှာ နာကျင်စွာ အကြိမ်အနည်းငယ် အူလိုက်ပြီးနောက် လုံးဝ ငြိမ်ကျသွားတော့သည်။ ခေါင်းဆောင်ဝံပုလွေ သေဆုံးသွားပြီ ဖြစ်သည်။
လင်းဖုန်းသည် ဘာမှမဖြစ်သကဲ့သို့ အေးဆေးစွာပင် သူ၏ လက်သီးကို ပြန်ရုတ်လိုက်သည်။
“ကျန်တာတွေတော့ ခင်ဗျားတို့ပဲ ဆက်လုပ်လိုက်ပါတော့”
ထိုသို့ပြောပြီးနောက် လင်းဖုန်းသည် နောက်တန်းဘက်ရှိ လူအုပ်ကြီးရှိရာသို့ ပြန်လည် လျှောက်လှမ်းလာခဲ့လေတော့သည်။