← Chapters

နဂါးတောင်အခြေစိုက်စခန်း

Vol. 2 Ch. 33

နဂါးတောင်အခြေစိုက်စခန်း

Vol. 2 Ch. 33

မျိုးကွဲဝံပုလွေများသည် အုပ်စုလိုက်နေထိုင်ကျက်စားတတ်သော ကြမ်းကြုတ်သားရဲများ ဖြစ်ကြသည်။ သူတို့၏ ခေါင်းဆောင် သေဆုံးသွားသည်ကို သိလိုက်ရသည်နှင့် ကျန်ရှိသော ဝံပုလွေများမှာ လျင်မြန်စွာပင် အလျှိုလျှို ပြန်လည် ဆုတ်ခွာသွားကြတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝံပုလွေအလောင်း အမြောက်အမြားကိုသာ ချန်ထားခဲ့ပြီး ဝံပုလွေအုပ်ကြီးမှာ ပျောက်ကွယ်သွားသည်။ လေထုထဲတွင်မူ သွေးညှီနံ့များ လွှမ်းခြုံနေဆဲ ဖြစ်သည်။

လူအများသည် လင်းဖုန်းကို ပြန်လည်ကြည့်ရှုချိန်တွင်မူ သူတို့၏ မျက်ဝန်းများ၌ အံ့သြတုန်လှုပ်မှုနှင့်အတူ ရိုသေလေးစားမှုများ ပြည့်နှက်နေတော့သည်။ ပြင်ပနယ်မြေတွင် မည်သူပင်ဖြစ်စေ မည်သည့်နောက်ခံရှိပါစေ အစွမ်းထက်သော သိုင်းသမားများသည် သဘာဝကျကျပင် လေးစားအားကျခြင်း ခံကြရသည်။

အစ်မရွှမ်၏ မျက်ဝန်းများတွင်လည်း ထူးဆန်းသော အရောင်အဝါတစ်ခု ဖြတ်သန်းသွားသည်။ သူမသည် ဝင်ရိုးစွန်းအကယ်ဒမီ၏ ကျောင်းသူဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် လင်းဖုန်း ဝံပုလွေခေါင်းဆောင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်လိုက်နိုင်ခြင်းမှာ မည်မျှအထိ အဓိပ္ပာယ်ရှိသည်ကို သူမ ကောင်းကောင်း နားလည်သည်။

ဤကဲ့သို့သော ခွန်အားမျိုးမှာ အနန္တလမ်းစဉ်အကယ်ဒမီတွင်ပင် ထိပ်တန်းအဆင့် ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့သော သူများသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ သာလွန်လူသား ဖြစ်လာနိုင်မည့် အခွင့်အရေးလည်း မြင့်မားစွာ ရှိနေပေသည်။

လင်းဖုန်းသည် ဤတစ်ခေါက် ပြင်ပနယ်မြေသို့ လာရောက်ခြင်းမှာ သေရေးရှင်ရေး တိုက်ပွဲများမှတစ်ဆင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် ဖြစ်နိုင်ကြောင်း သူမ ခန့်မှန်းမိသည်။ သို့သော် လင်းဖုန်းကဲ့သို့သော သူတစ်ယောက်က ဆုလာဘ်အလွန်နည်းပါးသည့် ဤတာဝန်ကို အဘယ်ကြောင့် လက်ခံခဲ့သည်ကိုမူ သူမ နားမလည်နိုင်ပေ။

မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ လင်းဖုန်းသာ မပါဝင်ခဲ့ပါက ယခုတစ်ခေါက် သူတို့ ဒုက္ခရောက်မည်မှာ သေချာလှသဖြင့် အစ်မရွှမ်သည် လင်းဖုန်းထံသို့ လျှောက်လာပြီး အသေအချာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

“ကျွန်တော်က တာဝန်ကို လက်ခံထားတာလေ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်လို့ ကျေးဇူးတင်နေဖို့ မလိုပါဘူး”

ဘေးတွင် ရှိနေသော ရှောင်မိုမှာမူ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေး နီမြန်းနေတော့သည်။ ယခုတစ်ခေါက်တွင် လင်းဖုန်းသည် လူတိုင်းကို အမှန်တကယ်ပင် ကယ်တင်ခဲ့သည် ဖြစ်ကြောင်း သူမ မျက်မြင်ဒိဋ္ဌတွေ့ခဲ့ရသည် မဟုတ်ပါလား။

ထိုအခိုက်တွင် ဖုန်းရှို့က မောက်မာသောအသံဖြင့် ဝင်ပြောလိုက်သည်။

“အစ်ကိုဖုန်းသာ ကူညီလိုက်ရင် အားလုံးက ဖြေရှင်းပြီးသားပဲ။ စိတ်မပူပါနဲ့၊ အစ်ကိုဖုန်းသာ ရှိနေရင် သားရဲဘုရင်တွေနဲ့ မတွေ့သရွေ့တော့ ဘာပြဿနာမှ မရှိနိုင်ဘူး”

“ဟွန်း... စကားကြီး စကားကျယ်တွေ ပြောပြန်ပြီ”

ရှောင်မိုမှာမူ ဖုန်းရှို့နှင့် အဆင်မပြေနိုင်သေးပေ။ လင်းဖုန်း၏ စွမ်းဆောင်ရည်ကို သိသော်လည်း ဖုန်းရှို့၏ ပြောစကားများမှာ ဝံ့ကြွားကာ ချဲ့ကားလွန်းသည်ဟု သူမ ထင်နေဆဲပင်။

မျိုးကွဲဝံပုလွေများ၏ ခွန်အားမှာ အလွန်ကြီးမားသည့်အထဲတွင် မပါဝင်ပေ။ သားရဲအရှင်သခင်ချင်း တူလျှင်ပင် ခွန်အားချင်း ကွာခြားနိုင်သေးသည်။ အချို့သော ရက်စက်ကြမ်းတမ်းသည့် သားရဲအရှင်သခင်များကိုမူ ထိပ်တန်း အဆင့်ကိုးသိုင်းသမား ဆယ်ဦးခန့် ပေါင်းတိုက်လျှင်ပင် အနိုင်ရရန် မလွယ်ကူပေ။

သားရဲဘုရင်များ ဆိုလျှင်မူ ၎င်းတို့မှာ ကပ်ဘေးတစ်ခုအလားပင်။ သားရဲဘုရင်သာ အမှန်တကယ် ပေါ်လာပါက ကုန်စည်ယာဉ်တန်းတစ်ခုလုံး မလွဲမသွေ ပျက်စီးသွားရပေလိမ့်မည်။

“စကားကြီး စကားကျယ်ပြောတယ် ဟုတ်လား။ အစ်ကိုဖုန်းက ငါတို့ အနန္တလမ်းစဉ်အကယ်ဒမီရဲ့ ပုံရိပ်ယောင်တိုက်ပွဲခန်းမှာ ထိပ်သီးအဆင့် ၁၀၀ စာရင်းဝင်တဲ့သူ ဆိုတာ မင်းသိရဲ့လား”

ဖုန်းရှို့၏ မျက်နှာမှာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ အစက သူကိုယ်တိုင် လင်းဖုန်းကို ရှုံးနိမ့်ခဲ့သဖြင့် မကျေမနပ် ဖြစ်ခဲ့သော်လည်း လင်းဖုန်း ထိပ်သီး ၁၀၀ စာရင်းဝင်သွားသည်ကို သိလိုက်ရချိန်မှစ၍ သူသည် လင်းဖုန်းကို အပြည့်အဝ အသိအမှတ်ပြုသွားခဲ့ခြင်း ဖြစ်သည်။

မဟုတ်လျှင် သူသည် လင်းဖုန်းနောက်သို့ လိုက်ကာ ပြင်ပနယ်မြေအထိ လာလိမ့်မည် မဟုတ်ပေ။

“ပုံရိပ်ယောင်တိုက်ပွဲခန်းလား။ အဲဒါက ဘာလဲ”

ရှောင်မိုက ခေါင်းလေးစောင်းငဲ့ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ အစ်မရွှမ်၏ မျက်နှာမှာမူ ချက်ချင်း ပြောင်းလဲသွားသည်။ ဝင်ရိုးစွန်းအကယ်ဒမီ၏ ကျောင်းသူဟောင်းတစ်ဦးအနေဖြင့် ပုံရိပ်ယောင်တိုက်ပွဲခန်း ဆိုသည်မှာ ဘာလဲဆိုသည်ကို သူမ ကောင်းကောင်း သိသည်။ ၎င်းမှာ ထိပ်တန်း သိုင်းအကယ်ဒမီ သုံးခုစလုံးတွင် ရှိသည့်အရာ ဖြစ်ပြီး ထိပ်သီး ၁၀၀ စာရင်းဝင်သည်ဆိုသည်မှာ မည်မျှအထိ အစွမ်းထက်သည်ကို သူမ သိရှိနားလည်ပြီးသား ဖြစ်သည်။

“ရှင်တို့နှစ်ယောက်စလုံး ဒီတာဝန်ကို လက်ခံခဲ့တာ ကျွန်မတို့အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ နဂါးတောင်အခြေစိုက်စခန်းအထိ ဘေးကင်းအောင် ပို့ဆောင်ပေးပြီးရင် ရှင်တို့တစ်ယောက်ချင်းစီကို နောက်ထပ် အမှတ် ၁၀ မှတ်စီ အပိုဆောင်းပေးပါ့မယ်”

အမှတ် ၁၀ မှတ် ဆိုသည်မှာ ယွမ် ၁၀ သန်း ဖြစ်သည်။ လူနှစ်ဦးအတွက် ယွမ် သန်း ၂၀ ဆိုသည်မှာ သာမန် ကုန်သွယ်ရေးကုမ္ပဏီလေးတစ်ခုအတွက် မနည်းလှသော ပမာဏပင်။ ယခုတစ်ခေါက် ခရီးစဉ်တစ်ခုလုံးမှ အမြတ်မှာ ယွမ် သန်း ၁၀၀ သို့မဟုတ် ၂၀၀ ခန့်သာ ရှိနိုင်ပြီး အခြားသော သိုင်းသမားများ၏ အခကြေးငွေကို ဖယ်လိုက်လျှင် အမြတ်များစွာ ကျန်လိမ့်မည် မဟုတ်ပေ။

“မမရွှမ်...”

ရှောင်မိုက စိုးရိမ်တကြီး တားဆီးရန် ပြင်သော်လည်း အစ်မရွှမ်က လက်ကာပြကာ တားလိုက်သည်။

လင်းဖုန်းက အစ်မရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် သူမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ရန် အစီအစဉ် မရှိသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ကောင်းပါပြီ”

“ဟဲဟဲ... ကလေးမလေး၊ မင်းတို့က သန်း ၂၀ ပိုပေးရပေမဲ့ တကယ့်ကို တန်သွားတာကွ”

ဖုန်းရှို့က ရယ်မောကာ ပြောလိုက်သည်။

လင်းဖုန်း၏ ကတိကို ရလိုက်သဖြင့် အစ်မရွှမ်မှာ စိတ်သက်သာရာ ရသွားတော့သည်။ ယွမ် သန်း ၂၀ ပိုကုန်သွားသော်လည်း ၎င်းမှာ တန်ဖိုးရှိလှသည်။ အထူးသဖြင့် သားရဲအုပ်နှင့် တစ်ကြိမ် ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်ရာ အနန္တလမ်းစဉ်အကယ်ဒမီ၏ ထိပ်သီး ၁၀၀ အဆင့်ဝင် ကျောင်းသား လင်းဖုန်း ရှိနေခြင်းမှာ သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် အကြီးမားဆုံး အာမခံချက်ပင် ဖြစ်သည်။

ကျန်ရှိသော ခရီးစဉ်မှာမူ အတော်လေူ ချောမွေ့လှသည်။ ရံဖန်ရံခါ သားရဲအချို့နှင့် တွေ့သော်လည်း ယာဉ်တန်းရှိ အခြားသော သိုင်းသမားများသည်ပင် အလွယ်တကူ ကိုင်တွယ်နိုင်သောကြောင့် လင်းဖုန်းအနေဖြင့် ဝင်ရောက် တိုက်ခိုက်ရန် မလိုခဲ့ပေ။

ဆယ်ရက်အကြာ၌ နောက်ဆုံးတွင် ယာဉ်တန်းမှာ နဂါးတောင်အခြေစိုက်စခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။

နဂါးတောင်အခြေစိုက်စခန်းမှာ အလွန်ပင် ကြီးမားလှပြီး စည်ကားသိုက်မြိုက်လှသည်။ ဤအခြေစိုက်စခန်းမှာ ပြင်ပနယ်မြေရှိ အခြေစိုက်စခန်းများစွာထဲမှ တစ်ခုဖြစ်ပြီး အတော်ပင် ဘေးကင်းသော နေရာတစ်ခုဟု သတ်မှတ်ခြင်း ခံထားရသည်။

ထို့ကြောင့်ပင် ဤနေရာတွင် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုမှာ အလွန်ပင် ကောင်းမွန်လှသည်။

လွတ်လပ်သော သိုင်းသမားများ သို့မဟုတ် စွန့်စားသူများသည် ပြင်ပနယ်မြေသို့ လာရောက်စူးစမ်းလေ့လာကြပြီး အခြေစိုက်စခန်းများတွင် အနားယူခြင်း၊ ရိက္ခာဖြည့်တင်းခြင်းများကို လုပ်ဆောင်ကြသည်။

လင်းဖုန်းတို့ နဂါးတောင်အခြေစိုက်စခန်းသို့ ဝင်ရောက်လာချိန်တွင် လူပေါင်းများစွာမှာ နေရာအနှံ့ အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရသည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်မှာ တောင်ငယ်လေးသဏ္ဌာန်ရှိသော သားရဲအလောင်းကြီးကို စိတ်လှုပ်ရှားစွာ သယ်ဆောင်လာသည်ကို မြင်တွေ့ရတတ်သည်။

ထိုသို့သော အခါမျိုးတွင် မြင်ရသူအပေါင်းတို့မှာ မနာလိုအားကျစွာဖြင့် လှမ်းကြည့်နေတတ်ကြသည်။ ထိုသူတို့မှာ လွတ်လပ်သော သိုင်းသမားများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် သားရဲအရှင်သခင်တစ်ကောင်ကို သတ်နိုင်ခဲ့လျှင် အနည်းဆုံး ယွမ် ၁၀ သန်း သို့မဟုတ် ထိုထက်မကပင် ရရှိနိုင်ပေသည်။

ထို့ကြောင့် ပြင်ပနယ်မြေတွင် ကျင်လည်ကျက်စား‌လေ့ရှိသော ပရော်ဖက်ရှင်နယ် သိုင်းသမား အများစုမှာ အတော်ပင် ကြွယ်ဝချမ်းသာကြသည်။ အကြောင်းမှာ ကြမ်းကြုတ်သားရဲများကို အမဲလိုက်ခြင်းဖြင့် ငွေအမြောက်အမြား ရှာနိုင်ကြသောကြောင့်ပင်။

ငွေကြေးဥစ္စာသည် ကျင့်ကြံခြင်း အရင်းအမြစ်များကို ဝယ်ယူကာ သူတို့၏ ခွန်အားကို မြှင့်တင်ပေးနိုင်ပြီး မြင့်မားသော ခွန်းအားက များပြားကြွယ်ဝသော ဥစ္စာဓနတို့ကို ရရှိပိုင်ဆိုင်စေနိုင်သောကြောင့် ကောင်းမွန်သော သံသရာစက်ဝန်းတစ်ခု ဖြစ်လာသည်။ သို့သော်လည်း အရှင်သခင်အဆင့် ကြမ်းကြုတ်သားရဲကို တစ်ယောက်တည်း အမဲလိုက်နိုင်သော အဆင့်မြင့် သိုင်းသမားမှာ အလွန်တရာ နည်းပါးလှသည်။ ထို့အပြင် ပြင်ပနယ်မြေမှာ အန္တရာယ်များလှသဖြင့် နောက်တစ်ရက်တွင် သားရဲများ၏ ဝါးမျိုခြင်းကို ခံရမလားဆိုသည်မှာပင် မသေချာပေ။

ကုန်သွယ်ရေးကုမ္ပဏီမှာ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားပြီးနောက် အစ်မရွှမ်သည် သိုင်းသမားများအား အခကြေးငွေများကို စတင် ရှင်းလင်းပေးတော့သည်။

အချို့သော သိုင်းသမားများမှာ ကုမ္ပဏီနှင့်အတူ ဒယ်တာမြို့သို့ ပြန်လည် စောင့်ကြပ်ပို့ဆောင်သွားကြမည် ဖြစ်ပြီး အချို့မှာမူ နဂါးတောင်အခြေစိုက်စခန်းတွင် နေရစ်ခဲ့ကာ ကြမ်းကြုတ်သားရဲများကို အမဲလိုက်၍ ငွေရှာကြဦးမည် ဖြစ်သည်။

လင်းဖုန်းနှင့် ဖုန်းရှို့တို့မှာလည်း သူတို့၏ သတ်မှတ်ထားသော အခကြေးငွေများအပြင် အပိုဆောင်း‌ငွေများကိုလည်း ရရှိခဲ့သည်။ တာဝန်အရ အမှတ် ၃ မှတ်နှင့် အပိုဆု ယွမ် ၁၀ သန်း (အမှတ် ၁၀ မှတ်) ပေါင်းလိုက်လျှင် လင်းဖုန်းသည် ဤခရီးစဉ်တစ်ခုတည်းမှ အမှတ် ၁၃ မှတ် ရရှိခဲ့သည်။

အမှန်တကယ်တော့ ဤသည်မှာ မဆိုးလှပေ။ သားရဲအရှင်သခင် တစ်ကောင်ကို သတ်လိုက်သည်နှင့် ညီမျှသည်။

ထို့အပြင် ဤမျှတင်မကသေးပေ။ လင်းဖုန်း သတ်ခဲ့သော ခေါင်းဆောင်ဝံပုလွေ နှစ်ကောင်မှာ သားရဲအရှင်သခင်များ ဖြစ်ကြရာ ကုန်စည်ယာဉ်တန်းက ထိုအလောင်းများကို အခြေစိုက်စခန်းသို့ ယူဆောင်လာခဲ့သည်။ ၎င်းတို့ကို စုစုပေါင်း ယွမ် ၂၃ သန်းဖြင့် ရောင်းချခဲ့ရသည်။ လင်းဖုန်းက ၆၀ ရာခိုင်နှုန်း ရရှိပြီး ကျန် ၄၀ ရာခိုင်နှုန်းကို ယာဉ်တန်းအား ပေးခဲ့သည်။

ထိုမှတစ်ဆင့် လင်းဖုန်းသည် ယွမ် ၁၃.၈ သန်းခန့် ထပ်မံရရှိခဲ့သည်။ အစ်မရွှမ်က ယွမ် ၂ သိန်း ထပ်ပေါင်းပေးလိုက်သဖြင့် စုစုပေါင်း ယွမ် ၁၄ သန်း သို့မဟုတ် အမှတ် ၁၄ မှတ် ရရှိခဲ့သည်။

ဆိုလိုသည်မှာ လင်းဖုန်းသည် ဤတစ်ခေါက်တည်းသော တာဝန်မှ အမှတ် ၂၇ မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ သန်းသုံးဆယ်နီးပါးပင်။

ယာဉ်တန်းရှိ အခြားသော သိုင်းသမားများမှာမူ အလွန်ပင် မနာလို ဖြစ်နေကြတော့သည်။ သူတို့မှာ တစ်ခေါက်လျှင် အများဆုံးမှ ယွမ် သိန်းဂဏန်း၊ သန်းဂဏန်းသာ ရရှိကြပြီး ၎င်းမှာလည်း အသက်နှင့်ရင်း၍ ရှာရခြင်း ဖြစ်သည်။

သို့သော် သူတို့ မနာလိုဖြစ်သော်လည်း လင်းဖုန်းကဲ့သို့သော ထိပ်တန်း သိုင်းသမားများမှာ ပြင်ပနယ်မြေတွင် ငွေရှာရန် အလွန် လွယ်ကူကြောင်း သိထားကြသည်။ ပြင်ပနယ်မြေရှိ ထိပ်တန်း သိုင်းသမားတိုင်းမှာ အတော်ပင် ကြွယ်ဝကြသူများ ဖြစ်သည်။

လင်းဖုန်းသည်လည်း အမှတ် ၂၇ မှတ် ရရှိခဲ့သဖြင့် အလွန် စိတ်ကျေနပ်သွားမိသည်။

“ကောင်းပါပြီ... ကျွန်တော်တို့ အနန္တလမ်းစဉ်အကယ်ဒမီရဲ့ အခြေစိုက်စခန်းမှာ သတင်းသွားပို့ရဦးမယ်။ နောင်တစ်ချိန်မှာ ကံမကုန်ရင် ပြန်ပြီး ဆုံကြတာပေါ့”

အစ်မရွှမ်က ပြုံးလိုက်ပြီး

“ရှင်တို့လို ထိပ်တန်း သိုင်းသမားတွေကို ကျွန်မတို့က ထပ်ပြီး ငှားနိုင်ပါဦးမလား မသိဘူး။ နောင်မှ တွေ့ကြတာပေါ့”

အစ်မရွှမ်ကို နှုတ်ဆက်ပြီးနောက် လင်းဖုန်းနှင့် ဖုန်းရှို့တို့မှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ အခြေစိုက်စခန်းရှိရာသို့ ဦးတည် ထွက်ခွာသွားကြသည်။

သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှောင်မိုက တိုးတိုးလေး ပြောလိုက်သည်။

“မမရွှမ်... အဲဒီတုန်းက ကိစ္စသာ မဖြစ်ခဲ့ရင် မမလည်း ဝင်ရိုးစွန်းအကယ်ဒမီမှာ ဆက်ရှိနေမှာပဲ။ အဲဒီလူထက်လည်း ဘယ်နည်းနဲ့မှ အားနည်းမှာ မဟုတ်ဘူး”

အစ်မရွှမ်က ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

“ရှောင်မို... မင်း နားမလည်ပါဘူး။ ငါသာ ဝင်ရိုးစွန်းအကယ်ဒမီမှာ ရှိနေသေးရင်တောင် လင်းဖုန်းရဲ့ အဆင့်ကို ရောက်ဖို့ဆိုတာ အများကြီး လိုပါသေးတယ်။ သူသာ အသက်ရှင်နေဦးမယ်ဆိုရင် နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ နဂါးတောင်အခြေစိုက်စခန်းမှာ သာလွန်လူသား ကျွမ်းကျင်သူနောက်တစ်ယောက် ပေါ်လာတော့မှာပဲ”

“မမရွှမ်... သူက မျိုးရိုးဗီဇကန့်သတ်ချက်ကို တကယ်ပဲ ချိုးဖျက်နိုင်လိမ့်မယ်လို့ တစ်ထစ်ချ ယုံနေတာလား”

ရှောင်မို၏ မျက်လုံးများမှာ မယုံနိုင်ဖြစ်ကာ ပြူးကျယ်သွားသည်။

All Chapters