← Chapters

နှာမောင်းရှည်သားရဲ

Vol. 2 Ch. 35

နှာမောင်းရှည်သားရဲ

Vol. 2 Ch. 35

လင်းဖုန်းနှင့် ဖုန်းရှို့တို့မှာ နဂါးတောင်အခြေစိုက်စခန်းသို့ ရောက်ရှိကာစသာ ရှိသေးသည်။ သူတို့နှစ်ဦးစလုံးမှာ လက်ရှိ အခြေအနေအရပ်ရပ်ကို သေသေချာချာ သိကျွမ်းနားလည်ခြင်း မရှိသေးဘဲ အမျိုးသမီးငယ်၏ ပြောစကားမှတစ်ဆင့် ကြားသိရုံမျှဖြင့် စိတ်လိုက်မာန်ပါ အပြင်သို့ ထွက်၍ ကြမ်းကြုတ်သားရဲများကို ရင်ဆိုင်တိုက်ခိုက်မည်မဟုတ်ပေ။

ထိုသို့လုပ်ခြင်းမှာ မိုက်ရူးရဲဆန်သော လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူတို့နှစ်ဦးမှာ အဆောင်အတွင်း၌သာ နဂါးတောင်အခြေစိုက်စခန်း၏ အခြေအနေများကို အွန်လိုင်းမှတစ်ဆင့် စတင်လေ့လာကြတော့သည်။

အခြေစိုက်စခန်းသို့ ရောက်ရှိပြီးနောက် သူတို့သည် နဂါးတောင်ကွန်ရက်သို့ ချိတ်ဆက်လိုက်ကြသည်။ သူတို့၏ မှတ်ပုံတင်ကတ်များကို အသုံးပြု၍ ကွန်ရက်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

ကွန်ရက်ထဲတွင် သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ သိသာထင်ရှားလှသော အကျိုးပြုမှတ် အဆင့်သတ်မှတ်ချက်ဇယားပင် ဖြစ်သည်။

အတိုင်းအတာတစ်ခုအထိ အကျိုးပြုမှတ် အဆင့်သတ်မှတ်ချက်ဇယားမှာ ပုံမှန်အကယ်ဒမီအမှတ်အဆင့်သတ်မှတ်ချက်ဇယားနှင့် တူညီသည်။ သာမန်သားရဲ တစ်ကောင်ကို သတ်လျှင် အကျိုးပြုမှတ် ၀.၁ မှတ်၊ လက်ရွေးစင်အဆင့် သားရဲတစ်ကောင်လျှင် အကျိုးပြုမှတ် ၁ မှတ်နှင့် သားရဲအရှင်သခင် တစ်ကောင်လျှင် အကျိုးပြုမှတ် ၁၀ မှတ် ရရှိမည်ဖြစ်သည်။

ပုံမှန်အကယ်ဒမီအမှတ် ရရှိပုံနှင့် တူညီသော်လည်း အနည်းငယ် ကွာခြားချက်ရှိသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများက သားရဲဘုရင် တစ်ကောင် သို့မဟုတ် တစ်ကောင်ထက်ပိုသော သားရဲဘုရင်များကို သတ်ဖြတ်လိုသော အချိန်တွင် အခြားသော သိုင်းသမားများကိုလည်း ခေါ်ယူစုဆောင်းကာ ဝိုင်းရံတိုက်ခိုက်စေတတ်သည်။

ထိုအခါ ကူညီပေးသူများမှာလည်း တိုက်ပွဲတွင်းစွမ်းဆောင်မှုအလိုက် အကျိုးပြုမှတ် အချို့ကို ရရှိမည်ဖြစ်သည်။

အကျိုးပြုမှတ်များ၏ အသုံးဝင်ပုံမှာ အလွန်ရိုးရှင်းသည်။ အနန္တလမ်းစဉ်အကယ်ဒမီမှ အရင်းအမြစ်များကို ဝယ်ယူရာတွင် အတိုင်းအတာတစ်ခုအထိ လျှော့ဈေး ရရှိမည်ဖြစ်သည်။ အကျိုးပြုမှတ် မြင့်မားသူများသည် နဂါးတောင်အခြေစိုက်စခန်းအတွင်း၌ အထူးအခွင့်အရေးများစွာကိုလည်း ခံစားခွင့်ရရှိမည် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် အကျိုးပြုမှတ် ဆိုသည်မှာ ကောင်းမွန်သော အရာပင် ဖြစ်သည်။

ထို့အပြင် အကျိုးပြုမှတ် ၁၀,၀၀၀ ပြည့်မှသာ လျှော့ဈေးခံစားခွင့်ကို စတင်ရရှိမည်ဖြစ်သည်။ အကျိုးပြုမှတ် ၁၀,၀၀၀အတွက် ၂၀ ရာခိုင်နှုန်းလျှော့ဈေး ရရှိမည် ဖြစ်သည်။

အကယ်၍ အကျိုးပြုမှတ်မှတ် ၁၀၀,၀၀၀ ပြည့်ပါက လျှော့ဈေး ၄၀ ရာခိုင်နှုန်း ရရှိမည်။

အကျိုးပြုမှတ် ၁,၀၀၀,၀၀၀ (တစ်သန်း) အထိ ရရှိပါက လျှော့ဈေးမှာ ၈၀ ရာခိုင်နှုန်း အထိ တိုးတက်သွားမည်ဖြစ်သည်။

သို့သော် အကျိုးပြုမှတ် တစ်သန်းရရန်မှာ မဖြစ်နိုင်သလောက်ပင်။ အဘယ်ကြောင့်ဆိုသော် ဤအကျိုးပြုမှတ်များမှာ ပရော်ဖက်ရှင်နယ် သိုင်းသမားအဆင့်အတွက်သာ ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသား ဖြစ်သွားပါက အခြားသော စည်းမျဉ်းများ ရှိလာမည်ဖြစ်သည်။

အကယ်၍ သာလွန်လူသား မဖြစ်မီ အကျိုးပြုမှတ် တစ်သန်း ရယူလိုပါက ထိုသူမှာ ကြောက်မက်ဖွယ်ရာ သွေးဆာရက်စက်သည့် အမဲလိုက်သူတစ်ယောက် ဖြစ်ရပေလိမ့်မည်။ နဂါးတောင်နယ်မြေတစ်ခုလုံးရှိ ကြမ်းကြုတ်သားရဲ အားလုံးကို အမြစ်ပြတ် သုတ်သက်သတ်ဖြတ်ပစ်မှသာ ထိုအမှတ်သို့ ရောက်နိုင်ပေလိမ့်မည်။

လင်းဖုန်း အကျိုးပြုမှတ်အဆင့်ဇယားကို ခြုံငုံကြည့်လိုက်ရာ လက်ရှိတွင် ဇယား၏ အဆင့် ၁ နေရာမှ လူမှာ အကျိုးပြုမှတ် ၁၃၀,၀၀၀ သာ ရှိသေးသည်။ ထို့အပြင် အကျိုးပြုမှတ် ၁၀၀,၀၀၀ ကျော်သူမှာ သုံးဦးသာ ရှိပြီး ကျန်သူများမှာမူ ၁၀၀,၀၀၀ အောက်တွင်သာ ရှိကြသည်။

ဖုန်းရှို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“၈၀ ရာခိုင်နှုန်း လျှော့ဈေး... ၈၀ ရာခိုင်နှုန်းတောင်”

လင်းဖုန်းက မျက်လုံးလှန်ကာ ပြောလိုက်သည်။

“မင်း အဲ့ဒီလျှော့ဈေးရဖို့ လိုအပ်တဲ့ အကျိုးပြုမှတ်ကိုလည်း အရင်ကြည့်ဦး။ တစ်သန်းတဲ့။ နဂါးတောင်အခြေစိုက်စခန်း တစ်ခုလုံးက သားရဲတွေကို အကုန်သတ်ပစ်မှပဲရမှာ။ တစ်သန်းကို ထားလိုက်ပါဦး၊ ၁၀,၀၀၀ ရဖို့တောင် မလွယ်လောက်ဘူး”

အမှန်ပင် အမှတ် ၁၀,၀၀၀ ရရှိရန်မှာ သားရဲအရှင်သခင် အကောင် တစ်ထောင် သတ်ရသည်နှင့် ညီမျှသည်။ သားရဲအရှင်သခင် အကောင်တစ်ထောင် သတ်ရန်မှာ မည်သို့လွယ်ကူနိုင်ပါမည်နည်း။ ထို့ကြောင့် အမှတ် ၁၀၀,၀၀၀ ရရန် ဆိုလျှင် ပို၍ပင် ဆိုဖွယ်မရှိတော့ပေ။

သို့သော်လည်း အခြေစိုက်စခန်း နယ်မြေအတွင်း၌ သားရဲများစွာ ရှိနေပြီး နယ်မြေအပြင်ဘက်မှလည်း သားရဲများ စဉ်ဆက်မပြတ် စီးဝင်လာရောက်ကျက်စားနေသဖြင့် သတ်စရာ သားရဲမရှိတော့မည်ကိုမူ စိုးရိမ်စရာ မလိုပေ။

“အစ်ကိုဖုန်း... ကျွန်တော်တို့ မြန်မြန်စပြီး အမဲလိုက်ကြရအောင်။ ကျွန်တော် မစောင့်နိုင်တော့ဘူး”

အစက ဖုန်းရှို့မှာ ပြင်ပနယ်မြေသို့ လာရန် အနည်းငယ် ကြောက်ရွံ့နေခဲ့သော်လည်း ရရှိမည့် ဆုလာဘ်များကို မြင်လိုက်ရချိန်တွင် စိတ်အားထက်သန်လာခဲ့သည်။ အရင်းအမြစ်များကို စုဆောင်းနိုင်လျှင် သူ အသက်ရှင်နေသရွေ့ သူ၏ ခွန်အားမှာ အံ့မခန်း တိုးတက်လာမည်မှာ သေချာလှသည်။

ဤသည်မှာ ပါရမီရှင်များစွာ ပြင်ပနယ်မြေသို့ လာရောက်ချင်ရသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။

လင်းဖုန်း ပြင်ပနယ်မြေသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် ဖြစ်သည်။ သို့သော် သူ အွန်လိုင်းမှတစ်ဆင့် လေ့လာကြည့်ရာ မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ခြင်းနှင့် ပတ်သက်၍ ပုံသေနည်းလမ်း မရှိကြောင်း သိရသည်။

လင်းဖုန်းသည် အမှတ်များ အသုံးပြုကာ သာလွန်လူသား ကျွမ်းကျင်သူများ၏ ဟောပြောချက်များကို နားထောင်ခဲ့သော်လည်း ထိုသူတို့၏ ချိုးဖျက်ပုံမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ သီးခြား သိုင်းပညာရပ်တစ်ခုကို လေ့ကျင့်ရုံ သို့မဟုတ် အရင်းအမြစ် အမြောက်အမြား ရှိရုံဖြင့် ချိုးဖျက်နိုင်မည်ဟု အာမခံချက် မရှိပေ။

မဟုတ်ပါက လူသားမျိုးနွယ်တွင် သာလွန်လူသားများစွာ ရှိနေပေလိမ့်မည်။ ယခုကဲ့သို့ ရှားပါးနေမည် မဟုတ်ပေ။

သို့သော် တူညီသော အချက်တစ်ခုမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် သေရေးရှင်ရေး အခြေအနေများမှ ရရှိသည့် အလွန်အမင်း ပြင်းထန်သော ဖိအားများ လိုအပ်ခြင်း ဖြစ်သည်။ ပြင်းထန်သော ဖိအားအောက်တွင်သာ သာလွန်လူသား ဖြစ်လာနိုင်ပေသည်။

“ကောင်းပြီ... ဒါဆို အခုပဲ သွားကြတာပေါ့”

လင်းဖုန်းက သဘောတူလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးစလုံး နဂါးတောင်အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ကြသည်။

အခြေစိုက်စခန်း၏ အပြင်ဘက်မှာ လွင်ပြင်ကြီးသာ ဖြစ်သည်။ သစ်တောများ သို့မဟုတ် စိမ်းလန်းသော မြက်ခင်းများ မရှိဘဲ ကျောက်တုံးကျောက်ခဲများသာ ရှိသဖြင့် အလွန်ပင် ခြောက်ကပ်လှသည်။

မြေပြင်ပေါ်၌ တွင်းကြီးတွင်းငယ်များ ရှိနေခြင်းမှာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။

အခြေစိုက်စခန်းနှင့် နီးသော နေရာတွင် သားရဲများ လုံးဝ မရှိတော့ပေ။ သိုင်းသမားများက ထပ်ခါတလဲလဲ ရှင်းလင်းထားပြီး ဖြစ်သည်။ ရှေ့သို့ ဆက်သွားမှသာ ရှေ့တန်းနှင့် နီးကပ်လာပြီး သားရဲများနှင့် တွေ့နိုင်ပေမည်။

သူတို့နှစ်ဦးမှာ နှစ်နာရီခန့် အရှိန်ဖြင့် ပြေးလာခဲ့ပြီးနောက် နောက်ဆုံးတွင် ရှေ့၌ နှာမောင်းရှည်သားရဲ ဆယ်ကောင်ကျော်ကို တွေ့လိုက်ရသည်။

နှာမောင်းရှည်သားရဲများသည် နဂါးတောင်နယ်‌မြေတွင် အပေါများဆုံး သားရဲအမျိုးအစားများထဲမှ တစ်မျိုးဖြစ်သည်။ သူတို့သည် မျိုးကွဲဝံပုလွေများထက် အနည်းငယ် ပိုမိုသန်မာသည်။ တစ်ဦးချင်း တိုက်ခိုက်မည်ဆိုပါက သာမန် မျိုးကွဲဝံပုလွေမှာ နှာမောင်းရှည်သားရဲ၏ ပြိုင်ဘက် မဟုတ်ပေ။

နှာမောင်းရှည်သားရဲများသည် အရွယ်အစား အလွန် ကြီးမားကြသည်။ သူတို့၏ အကြီးမားဆုံးသော ထူးခြားချက်မှာ အလွန်ကောင်းမွန်သော ခုခံနိုင်စွမ်း ဖြစ်သည်။ နှာမောင်းရှည်သားရဲများတွင် ထူထဲသော အရေပြားနှင့် အသားများ ရှိကြပြီး အလွန်သန်မာအားကောင်းကြသည်။ သို့သော် လှုပ်ရှားမှုမှာမူ အနည်းငယ် နှေးကွေးပြီး ဖျတ်လတ်မှု မရှိကြပေ။

ပုံမှန်အားဖြင့် နှာမောင်းရှည်သားရဲ တစ်ကောင်ကို တစ်ဦးချင်း ကိုင်တွယ်ရန် အဆင့်ငါး သိုင်းသမားတစ်ဦး လိုအပ်သည်။ ထို့အပြင် ၎င်းတို့မှာ အုပ်စုလိုက် ကျက်စားတတ်သဖြင့် ကိုင်တွယ်ရန် ခက်ခဲလှသည်။

သာမန် အဆင့်ကိုး သိုင်းသမားတစ်ဦးပင်လျှင် နှာမောင်းရှည်သားရဲ ဆယ်ကောင်ကျော်ကို ပေါ့ပေါ့တန်တန် ရင်ဆိုင်ရန် မဝံ့ရဲပေ။ အကယ်၍ ပေါ့ဆသွားပါက သားရဲများ၏ ဝန်းရံသတ်ဖြတ်ခြင်းကိုပင် ခံရနိုင်သည်။

သို့သော် လင်းဖုန်းနှင့် ဖုန်းရှို့မှာ ထိုသို့ မဟုတ်ပေ။ သူတို့နှစ်ဦးစလုံးမှာ ထိပ်တန်း အဆင့်ကိုးသိုင်းသမားများ ဖြစ်ကြပြီး အထူးသဖြင့် လင်းဖုန်းမှာ သာမန် အဆင့်ကိုးထက် များစွာ ပိုမို သန်မာသည်။

“ကောင်းတယ် အစ်ကိုဖုန်း။ ဘယ်သူ ပိုသတ်နိုင်မလဲ ကြည့်ကြတာပေါ့”

ဖုန်းရှို့မှာ အလွန် စိတ်လှုပ်ရှားနေပြီး စမ်းသပ်ချင်စိတ်များ ပြင်းပြနေသည်။ သူ၏ ခွန်အားမှာ လင်းဖုန်းကို မမှီသော်လည်း အချို့သော နေရာများတွင် လင်းဖုန်းနှင့် ယှဉ်ပြိုင်ချင်နေသေးသည်။

“ကောင်းပြီ... စလိုက်ကြတာပေါ့”

လင်းဖုန်း စကားဆုံးသည်နှင့် သူသည် လျှပ်စီးတစ်ခုအလား နှာမောင်းရှည်သားရဲများဆီသို့ ပြေးဝင်သွားတော့သည်။

ဖုန်းရှို့မှာလည်း အလျှော့မပေးဘဲ လင်းဖုန်း၏ နောက်မှ လိုက်ပါသွားသည်။ ထိုနှာမောင်းရှည်သားရဲများမှာ ဒေါသကြီးလှသည်။ သေးငယ်သော သတ္တဝါနှစ်ဦးက သူတို့ကို လာရောက် တိုက်ခိုက်ဝံ့သည်ကို မြင်သောအခါ နှာမောင်းရှည်သားရဲများသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ကြီးမားလှသော နှာမောင်းကြီးများဖြင့် ရိုက်နှက်ရန် ပြင်လိုက်ကြသည်။

ရှူး...

နှာမောင်းရှည်သားရဲ၏ နှာမောင်းမှာ အလွန် အင်အားကြီးမားသော်လည်း လင်းဖုန်းက တိုက်ရိုက် လှမ်းဖမ်းလိုက်သည်။

“ဟိုက်...”

လင်းဖုန်းသည် ရှိသမျှအားဖြင့် လွှဲလိုက်သည်။ သူသည် နှာမောင်းရှည်သားရဲကြီးကို နှာမောင်းမှ ကိုင်ကာ မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ထို့နောက် သူ၏ အမှုန်ဖြတ်ဓားမော့ကို ဆွဲထုတ်လိုက်သည်။

ရွှစ်...

ဓားတစ်ချက် အဝှေ့တွင် နှာမောင်းရှည်သားရဲ၏ ဦးခေါင်းမှာ နှစ်ခြမ်းကွဲသွားတော့သည်။

“လျှပ်စီးဓားမော့သိုင်းလား”

သတ်ဖြတ်ခြင်းတွင် လက်သီးထက် ဓားမော့က ပိုမို အားသာချက် ရှိလှသည်။ အထူးသဖြင့် လင်းဖုန်း အသုံးပြုနေသည်မှာ အရှိန်ကို အဓိကထားသော လျှပ်စီးဓားမော့သိုင်း ဖြစ်သည်။ ကနဦးတွင် လင်းဖုန်း၏ လျှပ်စီးဓားမော့သိုင်းမှာ အခြေခံအဆင့်သာ ရှိပြီး ကျွမ်းကျင်သည်ဟုပင် မသတ်မှတ်နိုင်ချေ။ သို့သော် သူ၏ ပြင်းထန်အားကောင်းသော ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ မယုံနိုင်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။

အထူးသဖြင့် လင်းဖုန်းသည် လျှပ်စီးဓားမော့သိုင်း၏ အခြေခံကို တတ်မြောက်ပြီးနောက်တွင် ဓားမော့သိုင်း စဉ်ဆက်မပြတ် တိုးတက်လာရန်အတွက် အစဉ်တစိုက် အသုံးပြုခြင်းနှင့် သတ်ဖြတ်ခြင်းများ လိုအပ်သည်။

ဆွစ်... ဆွစ်...ဆွစ်...

လျှပ်စီးတန်းများ လက်ဖြာသွားပြီးနောက် သွေးများ ပန်းထွက်လာတော့သည်။ လင်းဖုန်း၏ ဓားမော့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မည်သည့် နှာမောင်းရှည်သားရဲမှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

တစ်မိနစ်အတွင်းမှာပင် လင်းဖုန်းမှာ နှာမောင်းရှည်သားရဲ ၁၀ ကောင်ကို သတ်ဖြတ်လိုက်ပြီး ဖုန်းရှို့မှာမူ ၃ ကောင်သာ သတ်နိုင်ခဲ့သည်။ ဤကြီးမားသော ကွာခြားချက်ကြောင့် ဖုန်းရှို့မှာ စိတ်ဓာတ်ကျသွားရသည်။

စုစုပေါင်း နှာမောင်းရှည်သားရဲ ၁၃ ကောင်ရှိရာ လင်းဖုန်းတစ်ဦးတည်းကပင် ၁၀ ကောင်ကို ရှင်းလင်းလိုက်ခြင်း ဖြစ်သည်။ ယင်းဆယ်ကောင်မှာ အမှတ် ၁ မှတ်ဖြစ်ပြီး အကျိုးပြုမှတ် ၁ မှတ်နှင့်လည်း ညီမျှသည်။ လင်းဖုန်းအတွက် အမှတ်များ ရှာဖွေရခြင်းမှာ ဤမျှပင် လွယ်ကူလှသည်။

“ထားလိုက်ပါတော့... အစ်ကိုဖုန်းနဲ့ မယှဉ်တော့ဘူး။ အစ်ကိုဖုန်းက လျှပ်စီးဓားမော့သိုင်းကိုပါ လေ့ကျင့်ထားတာကိုး။ အဲဒါက တကယ့် သတ်ဖြတ်ရေး ဓားသိုင်းပဲ။ ကျွန်တော် အစ်ကို့ကို မမှီပါဘူး”

ဖုန်းရှို့ စိတ်ပျက်သွားသည်။ လင်းဖုန်းထက် အားနည်းသည်ကို မပြောနှင့်၊ ယခု သာမန်သားရဲများကို သတ်ရာတွင်ပင် အရှိန်ချင်း မယှဉ်နိုင်ခြင်းမှာ သူ့အတွက် စိတ်ပျက်စရာပင် ဖြစ်သည်။

“ကြမ်းကြုတ်သားရဲတွေမှ အများကြီးရှိပါသေးတယ်။ ငါတို့ နှစ်ယောက်လုံး စိတ်ကြိုက် သတ်ဖို့ လုံလောက်ပါတယ်”

လင်းဖုန်း ပြုံးလိုက်သည်။ သူသည် နောက်ဆုံးတွင် သားရဲတစ်ကောင်နှင့် တွေ့ကာ အမှတ်ရရှိခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ အတိတ်နိမိတ်ကောင်း တစ်ခုပင်။

သူတို့နှစ်ဦးမှာ ဆက်လက် ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ ဆက်သွယ်ရေးစက်များမှ အရေးပေါ် အကူအညီတောင်းခံသံတစ်ခု ထွက်ပေါ်လာလေသည်။

(နှာမောင်းရှည်သားရဲ : ဆင်နှင့်တူသော နှာမောင်းရှည်ကြီး ပါရှိပြီး ကျောက်ဆောင်များကဲ့သို့ ထူထဲမာကျောသော အရေပြားရှိသည့် သားရဲကြီးများ ဖြစ်သည်။ အရွယ်အစားမှာ သာမန် ကားတစ်စီးထက် ပိုမိုကြီးမားပြီး အင်အား အလွန်သန်မာကြသည်။)

All Chapters