အရေးပေါ် အကူအညီတောင်းခံသံ
Vol. 2 Ch. 36
“အရေးပေါ် အကူအညီ။ ကျွန်တော်တို့ နှာမောင်းရှည်သားရဲ အုပ်စုကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ အရှင်သခင်အဆင့် နှာမောင်းရှည်သားရဲ ၈ ကောင်၊ လက်ရွေးစင်အဆင့် သားရဲ ၁၀၀ ကျော်နဲ့ ဘယ်နှကောင်မှန်းမသိ အရေအတွက်သတ်မှတ်လို့မရတဲ့ သာမန်သားရဲတွေ ဝိုင်းရံထားပါတယ်။ အခြေအနေက အရမ်းစိုးရိမ်ရပါတယ်။ အနီးနားရှိ သိုင်းသမားများ၊ အထူးသဖြင့် အကျိုးပြုမှတ် ၁၀,၀၀၀ ကျော်ရှိတဲ့ သိုင်းသမားများ အမြန်ဆုံး လာရောက် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်”
ဤအရေးပေါ် အချက်ပေးသံမှာ ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် လင်းဖုန်းနှင့် ဖုန်းရှို့တို့မှာ အံ့အားသင့်သွားကြသည်။
“သားရဲအရှင်သခင် ၈ ကောင်နဲ့ လက်ရွေးစင်အဆင့်သားရဲ ၁၀၀ ကျော်တဲ့လား။ ဟူး... သူတို့တော့ တကယ် ဒုက္ခရောက်နေပြီပဲ။ ဒါနဲ့ အကျိုးပြုမှတ် ၁၀,၀၀၀ ကျော်မှ ကူညီနိုင်မယ်ဆိုတာက ဘာလဲဟ”
ဖုန်းရှို့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ လူကယ်ရန်အတွက် အကျိုးပြုမှတ် များပြားနေရန် ဘာကြောင့် လိုအပ်သနည်း။
လင်းဖုန်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဖြစ်နိုင်တာကတော့ အကျိုးပြုမှတ် ၁၀,၀၀၀ ကျော်တဲ့ သိုင်းသမားတွေမှာမှ သူတို့ကို ကယ်ထုတ်နိုင်တဲ့ ခွန်အားရှိမယ်လို့ သူတို့ ယူဆလို့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒါက အခွင့်အရေးပဲ။ ဒီလောက်များတဲ့ သားရဲတွေကို တစ်ပြိုင်နက်တည်း တွေ့ဖို့ဆိုတာ ခဲယဉ်းတယ်။ သူတို့ကိုသာ အကုန်သတ်နိုင်ရင် အမှတ်တွေရော အကျိုးပြုမှတ်တွေရော အများကြီး ရမှာပဲ”
ဟုတ်ပေသည်။ ဤသည်မှာ တကယ်တမ်းတွင် ကံကောင်းသော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ သို့သော် အလွန်အစွမ်းထက်သော သိုင်းသမားများအတွက်သာ အခွင့်အရေး ဖြစ်ပြီး ခွန်အားမပြည့်စုံသော သိုင်းသမားများအတွက်မူ ကြီးမားသော ပြဿနာ ဖြစ်ပေလိမ့်မည်။ အစီအစဥ်မရှိဘဲ ဇွတ်ဝင်တိုးပါက အသက်ဘေးပင် ကြုံရနိုင်သည်။
“အစ်ကိုဖုန်း... သူတို့ကို သွားကယ်မှာလား”
“ဟုတ်တယ်... အဓိကကတော့ အမှတ်တွေ ရဖို့ပါပဲ”
ဖုန်းရှို့သည်လည်း ကန့်ကွက်စရာ မရှိပေ။ လင်းဖုန်းသာ ရှိနေလျှင် မည်သည့်အန္တရာယ် ရှိနိုင်ပါမည်နည်း။
ထို့ကြောင့် သူတို့နှစ်ဦးမှာ ဆက်သွယ်ရေးစက်ပေါ်ရှိ တည်နေရာပြ မြေပုံအတိုင်း အလျင်အမြန် ပြေးထွက်သွားကြတော့သည်။
…
ကုန်းစောင်းတစ်ခုပေါ်တွင် အနန္တလမ်းစဉ်အကယ်ဒမီမှ ကျောင်းသား ၃ ဦးမှာ သားရဲများအလယ်၌ ပိတ်မိနေကြသည်။
“အစ်ကိုလီ... အကူအညီတောင်းတဲ့ မက်ဆေ့တော့ ပို့ထားပြီ။ ကျွန်တော်တို့ နောက်ထပ် မိနစ် ၃၀ လောက်တော့ တောင့်ခံနိုင်ဦးမှာပါ။ ဒါပေမဲ့ မိနစ် ၃၀ ကြာလို့မှ ဘယ်သူမှ ရောက်မလာရင် ဘယ်လိုလုပ်မလဲ”
“ဘယ်သူမှ မလာရင်တော့ ငါတို့ ရှိသမျှအားနဲ့ အသေခံပြီး ဖောက်ထွက်ရုံပဲ ရှိတော့တာပေါ့”
အစ်ကိုလီမှာလည်း ဘာလုပ်ရမည်မှန်း မသိတော့ပေ။ သူတို့ သုံးဦးစလုံးမှာ အဆင့်ကိုးပရော်ဖက်ရှင်နယ် သိုင်းသမားများ ဖြစ်ကြသည်။ သူတို့သည် ရှေ့တန်းသို့ စေလွှတ်ခြင်း မခံရဘဲ ရှေ့တန်းတိုက်ပွဲ ဖြစ်ပွားနေချိန်ကို အခွင့်ကောင်းယူကာ တောရိုင်းမြေပြင်တွင် အမဲလိုက်ရန် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် နှာမောင်းရှည်သားရဲများစွာကို ဆွဲဆောင်ရန်အတွက် တမင်တကာ အစာများကိုပင် ချထားခဲ့ကြသေးသည်။
သူတို့၏ အစီအစဉ်မှာ အောင်မြင်ခဲ့ပါသည်။ နှာမောင်းရှည်သားရဲများ ရောက်ရှိလာခဲ့သည်။ သို့သော် သူတို့၏ ကံဇာတာမှာ အလွန်ပင် ဆိုးရွားလှသည်။ ရောက်လာသည်မှာ သားရဲ ၁၀ ကောင်ခန့် မဟုတ်ဘဲ အုပ်စုကြီးတစ်ခုလုံး ဖြစ်နေခြင်းပင်။
ထို့ကြောင့် သူတို့မှာ ကုန်းစောင်းပေါ်တွင် ပိတ်မိနေပြီး မြေမျက်နှာသွင်ပြင်ကို အသုံးချကာ အသည်းအသန် ခုခံနေရခြင်း ဖြစ်သည်။
နှာမောင်းရှည်သားရဲ အမြောက်အမြားကို မြင်ရရုံနှင့်ပင် စိတ်ပျက်အားငယ်ရန် လုံလောက်သည်။ သို့သော် ယခုအချိန်တွင် သူတို့ ဘာမှ မတတ်နိုင်ဘဲ အံ့ဖွယ်တစ်ခု ဖြစ်ပေါ်လာရန်သာ မျှော်လင့်ရင်း စောင့်ဆိုင်းနေရတော့သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ သတိမထားမိခင်မှာပင် မိနစ် ၂၀ ကုန်လွန်သွားခဲ့ပြီ။ သူတို့ သုံးဦးစလုံးမှာလည်း အနည်းနှင့်အများ ဒဏ်ရာကိုယ်စီ ရထားကြပြီး ကြာရှည်စွာ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
“အစ်ကိုလီ... ကျွန်တော်တို့ သေရတော့မှာလား”
အစ်ကိုလီမှာ တုန်လှုပ်သွားသည်။ ဟုတ်ပေသည်။ သူတို့သည် အနန္တလမ်းစဉ်အကယ်ဒမီမှ လာခဲ့ကြသူများဖြစ်ပြီး အကယ်ဒမီ၏ ပါရမီရှင်များ ဖြစ်ကြသည်။ တစ်နေ့တွင် သေရလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးဖူးခဲ့ကြပေ။ ယခင်က ပြင်ပနယ်မြေသို့ လာရခြင်းမှာ ချောမွေ့လွန်းလှသဖြင့် တစ်နှစ်အတွင်းမှာပင် အမှတ် ရာဂဏန်းမှ ထောင်ဂဏန်းအထိ စုဆောင်းနိုင်ခဲ့ကြသည်။
သူတို့သည် မည်သည့်အန္တရာယ်နှင့်မျှ မတွေ့ကြုံခဲ့ဖူးသကဲ့သို့ ထင်ရသည်။ သို့သော် ယခုမူ သူတို့သည် အသက်ဘေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဤသည်မှာ ပြင်ပနယ်မြေ ဖြစ်ပြီး ပုံရိပ်ယောင်တိုက်ပွဲခန်း မဟုတ်ပေ။ သူတို့ ရင်ဆိုင်နေရသည်မှာ ပုံရိပ်ယောင် ပြိုင်ဘက်များ မဟုတ်ဘဲ သွေးသားနှင့် တည်ရှိနေသော ကြမ်းကြုတ်သားရဲများ ဖြစ်သည်။
သေခြင်းတရားမှာ သူတို့၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ။
သူတို့ သုံးဦးစလုံး ကြောက်ရွံ့နေကြသည်။ သူတို့ အံ့ဖွယ်တစ်ခုကို မျှော်လင့်နေကြသည်။ သို့သော် ပရော်ဖက်ရှင်နယ် သိုင်းသမား အများစုမှာ ရှေ့တန်းသို့ သွားနေကြပြီ ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိသည်။ အခြေစိုက်စခန်းတွင် လူအချို့ ကျန်ရှိနေဦးမည် ဖြစ်သော်လည်း ထိုသူတို့မှာ မည်မျှအထိ အစွမ်းထက်နိုင်ပါမည်နည်း။
သာမန် ပရော်ဖက်ရှင်နယ် သိုင်းသမား အနည်းငယ်မှာ သူတို့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။ ယခုတစ်ကြိမ်တွင်တော့ သူတို့ အမှန်တကယ်ပင် အသက်အန္တရာယ်နှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။
“တီ... တီ... တီ... ခင်ဗျားတို့ ဘယ်မှာလဲ”
ရုတ်တရက် ဆက်သွယ်ရေးစက်တွင် မက်ဆေ့အသစ်တစ်ခု ပေါ်လာသည်။
“တစ်ယောက်ယောက် ငါတို့ကို ကယ်ဖို့ လာနေပြီလား”
“အစ်ကိုလီ... ကျွန်တော်တို့ လွတ်တော့မယ်”
သူတို့ သုံးဦးစလုံး အလွန်အမင်း ဝမ်းသာသွားကြသည်။ အသည်းအသန် မျှော်လင့်ချက် ကင်းမဲ့နေချိန်တွင် ယခုကဲ့သို့ အလှည့်အပြောင်း ဖြစ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ထို့ကြောင့် သူတို့ သုံးဦးမှာ ချက်ချင်းပင် နောက်ထပ် မက်ဆေ့တစ်ခု ပြန်ပို့လိုက်သည်။
“ကျွန်တော်တို့ မြေပုံညွှန်းနဲ့ မဝေးတဲ့ ကုန်းစောင်းတစ်ခုပေါ်မှာ ရှိနေပါတယ်။ ဒါနဲ့ ခင်ဗျားတို့ ဘယ်နှစ်ယောက် လာတာလဲ”
“နှစ်ယောက်”
အစ်ကိုလီ၏ မျက်နှာမှာ ချက်ချင်း ညှိုးငယ်သွားသည်။ လူနှစ်ယောက်တည်းတဲ့လား။ သူတို့က ကျွမ်းကျင်သူတွေ ဖြစ်နိုင်ပါ့မလား။
ထို့ကြောင့် အစ်ကိုလီက ထပ်မေးလိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်မှာ အကျိုးပြုမှတ် ၁၀,၀၀၀ ကျော် ရှိလားဗျ။ ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရောက်နေတဲ့ အခြေအနေက အရမ်း အန္တရာယ်များလို့ပါ။ သေချာ မစဉ်းစားဘဲ လာရင် ခင်ဗျားတို့လည်း အန္တရာယ် ရှိနိုင်လို့ပါ”
“ကျွန်တော်တို့က ဒီနေ့မှ အကယ်ဒမီကနေ အခြေစိုက်စခန်းကို ရောက်တာပါ။ အကျိုးပြုမှတ် တစ်မှတ်မှ မရှိသေးပါဘူး”
အစ်ကိုလီနှင့် ကျန်သူများမှာ ဆွံ့အသွားကြသည်။ သူတို့၏ ပျော်ရွှင်မှုများမှာ ရေစုန်မျောသွားခဲ့ပြီ။ ဤသူများမှာ အကျိုးပြုမှတ် တစ်မှတ်မှ မရှိသေးသော မည်သည့်အတွေ့အကြုံမှ မရှိသေးသည့် လူသစ်များသာ ဖြစ်သည်။ အကယ်ဒမီမှ ရောက်ခါစ ကျောင်းသားများမှာ မည်မျှအထိ အစွမ်းထက်နိုင်ပါမည်နည်း။
သူတို့နှစ်ဦးစလုံးမှာ အဆင့်ကိုး ပရော်ဖက်ရှင်နယ် သိုင်းသမားများ ဖြစ်ပြီး အကယ်ဒမီ၏ ထိပ်သီးများ ဖြစ်နေပါစေဦး၊ ဤသည်မှာ ပြင်ပနယ်မြေ ဖြစ်သည်။ ပြင်ပနယ်မြေတွင် အဆင့်ကိုး သိုင်းသမားများမှာ နေရာအနှံ့ ရှိသည်။ သူတို့ကဲ့သို့ ဝါရင့် သိုင်းသမား သုံးဦးပင်လျှင် အုပ်စုဖွဲ့၍ လာခဲ့ကြသော်လည်း ယခုကဲ့သို့ ဒုက္ခရောက်နေကြရသည် မဟုတ်ပါလား။ အသစ်ရောက်လာသူ နှစ်ယောက်က ဘာလုပ်နိုင်မည်နည်း။
အစ်ကိုလီ၏ ဖြူလျော့နေသော မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အပြုံးတစ်ခု ပေါ်လာသည်။ နောက်ဆုံးတွင် သူက ပြန်ကြားလိုက်သည်။
“အန္တရာယ်ကြားကနေ ကျွန်တော်တို့ကို ကယ်ဖို့ လာပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီမှာက အရမ်း အန္တရာယ်များတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ အခုပဲ ရပ်လိုက်ပါတော့။ မလာပါနဲ့တော့ဗျာ”
ထိုသို့ ပြောပြီးနောက် သူတို့ သုံးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အစောပိုင်းက ဝမ်းသာအားရ ဖြစ်ခဲ့မှုများမှာ အရိပ်အယောင်ပင် မကျန်တော့ပေ။
“အစ်ကိုလီ... သေရမှာကို ဘာလို့ ကြောက်နေမှာလဲ။ ကျွန်တော်တို့ ပြင်ပနယ်မြေကို လာကတည်းက သေဖို့ ပြင်ဆင်ထားပြီးသားပဲ”
“ဟုတ်တယ်... ငါတို့ သုံးယောက်အတူတူ သေရမယ်ဆိုရင်တောင် အစက ကတိအတိုင်း ဖြစ်သွားတာပေါ့”
“ဟားဟားဟား... အတူတူ သေရုံပဲလေ။ သေရမယ်ဆိုရင်တောင် သားရဲတွေကို အတတ်နိုင်ဆုံး အဖော်ခေါ်သွားမယ်”
ဤသည်မှာ သူတို့ သုံးဦးအတွင်းရှိ ကြမ်းတမ်းသော သွေးဆာစိတ်ကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။ သေရမည်မှာ သေချာနေပြီ ဖြစ်ရာ ဘာကို ကြောက်နေဦးမည်နည်း။
ထိုအချိန်တွင် အလျင်အမြန် လာနေကြသော လင်းဖုန်းနှင့် ဖုန်းရှို့တို့မှာ အတော်ပင် အံ့သြသွားကြသည်။ တစ်ဖက်လူ၏ နောက်ဆုံး မက်ဆေ့မှာ သူတို့ကို မလာရန် ရှင်းရှင်းလင်းလင်း တားဆီးနေခြင်း ဖြစ်သည်။
“အကူအညီတောင်းတဲ့လူက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဖုန်းရှို့... မြန်မြန်လုပ်၊ မဟုတ်ရင် ငါတို့ သူတို့ အလောင်းပဲ ကောက်ရလိမ့်မယ်”
မူလက လင်းဖုန်းမှာ ထိုသားရဲများကို အမှတ်နှင့် အကျိုးပြုမှတ်များအဖြစ်သာ မြင်ခဲ့သော်လည်း ယခုမူ အကူအညီတောင်းသူ၏ စိတ်ဓာတ်ကြောင့် သူတို့၏ အခြေအနေကို ပို၍ စိုးရိမ်မိသွားသည်။
မကြာမီမှာပင် သူတို့နှစ်ဦးမှာ ကုန်းစောင်းပေါ်သို့ တက်ရန် ကြိုးစားနေသော နှာမောင်းရှည်သားရဲများစွာကို အဝေးမှ မြင်လိုက်ရသည်။ ထိုနေရာတွင် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံနေရသော သိုင်းသမား သုံးဦး ရှိနေသည်။ သူတို့မှာ အရေးပေါ် အကူအညီတောင်းခဲ့သူများ ဖြစ်ရပေမည်။
“သူတို့ အားလုံး အသက်ရှင်သေးတယ်၊ တော်သေးတာပေါ့”
လင်းဖုန်း သက်ပြင်းချလိုက်သော်လည်း သားရဲအရှင်သခင် ၈ ကောင်၊ လက်ရွေးစင်အဆင့် ၁၀၀ ကျော်နှင့် မရေမတွက်နိုင်သော သာမန်သားရဲများမှာ သေးငယ်သော အင်အားစု မဟုတ်ပေ။ သာမန် ထိပ်တန်း အဆင့်ကိုး သိုင်းသမား သုံးလေးဦးပင် ဖြစ်နေပါစေ၊ ဤသားရဲအုပ်ကြီးကို တိုက်ခိုက်ရန် ဝံ့ရဲမည် မဟုတ်ပေ။
ဤသည်မှာ လင်းဖုန်းတို့မှာ အသစ်ရောက်လာသူများဖြစ်ကြောင်း သိလိုက်ရချိန်တွင် အစ်ကိုလီက ဘာကြောင့် စိတ်ပျက်သွားရသနည်း ဆိုသည့် အကြောင်းရင်းပင် ဖြစ်သည်။ သူတို့ ကြုံတွေ့နေရသော ပြဿနာမှာ လူသစ်နှစ်ယောက်ဖြင့် ဖြေရှင်းနိုင်မည့် ကိစ္စ မဟုတ်ပေ။
“ဖုန်းရှို့... မင်း အဲဒီ သုံးယောက်ကို သွားကာကွယ်ပေးလိုက်။ ငါ ဒီ နှာမောင်းရှည်သားရဲတွေကို အရင် လူစုခွဲလိုက်မယ်”
“အစ်ကိုဖုန်း... အစ်ကိုက ဒီသားရဲအုပ်ကြီးကို တစ်ယောက်တည်း လူစုခွဲမလို့လား”
လင်းဖုန်း အလွန်အစွမ်းထက်ကြောင်း သူ သိသော်လည်း ဤမျှများပြားသော သားရဲများကို တစ်ယောက်တည်း တိုက်ခိုက်မည်ဆိုသည်မှာ ရူးသွပ်မှုတစ်ခုဟု ဖုန်းရှို့ ခံစားမိသည်။
“စိတ်မပူပါနဲ့... ငါ့မှာ ယုံကြည်ချက် မရှိဘဲ မလုပ်ဘူး”
လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ ဓားကို တင်းတင်းဆုပ်ကာ ခြေတစ်လှမ်း နောက်သို့ ဆုတ်လိုက်သည်။
ဝုန်း...
မြေပြင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ လင်းဖုန်းမှာ အမြောက်ဆံတစ်ခုအလား သားရဲအုပ်ကြီးအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။