အခန်း (၁၀၂၃-၁၀၂၄)
Vol. 103 Ch. 1023-1024
အခန်း (၁၀၂၃) သူတို့ မလုပ်ရဲကြဘူး
"မောင်ကြီး... ဒီမသေမျိုးကျောက်တုံး ၃ တုံးက..."
ဝတ်စုံဖြူနဲ့ အမျိုးသမီးက ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး မျက်ခုံးကြားမှာ ပူပန်မှုတွေ အရိပ်ယှက်သွားပါတယ်။
"ကိစ္စမရှိပါဘူး တစ်ခါတလေ သုံးသင့်တာကိုတော့ သုံးရမှာပဲ"
လီချန်စန်းက အေးအေးဆေးဆေး ပြုံးပြီး ပြောပါတယ်။
"သူတို့ကတော့ မသေမျိုးကျောက်တုံး တစ်တုံးတောင် သုံးစရာမလိုဘဲ အဆင့် ၂ လွတ်လပ်သောမသေမျိုးတွေရဲ့ အစောင့်အရှောက်ကို ရကြတယ် ငါတို့ ပထမအဆောင် ကျမှပဲ..."
အမျိုးသမီးရဲ့ မျက်နှာက ကြည့်မကောင်းလှပါဘူး။
ပထမအဆောင်က အင်အားချည့်နဲ့နေပြီး ဘိုးဘေးတွေကလည်း ကွယ်လွန်ကုန်ကြပြီဖြစ်လို့ သူတို့ကို စောင့်ရှောက်ပေးမယ့် အဆင့် ၂ လွတ်လပ်သောမသေမျိုး မရှိပါဘူး။
ခုနက ကူညီသွားတဲ့ အဆင့် ၂ လွတ်လပ်သောမသေမျိုးက တတိယအဆောင်က ဆင်းသက်လာသူပါ။
အကယ်၍ သူတို့နဲ့ တတိယအဆောင်ကြားမှာ ဆက်ဆံရေးက အဆင်ပြေမနေဘူးဆိုရင် မသေမျိုးကျောက်တုံး ပေးရင်တောင် ဘယ်သူမှ ကူညီချင်မှာ မဟုတ်ပါဘူး။
"ဒီတစ်ခါ ဘယ်လောက်ပဲ ကုန်ကုန်၊ ဓားသင်္ချိုင်းလှေကားထစ် ပွဲပြီးသွားရင် ငါတို့ အဆပေါင်းများစွာ ပြန်ရမှာပါ"
လီချန်စန်းက နှစ်သိမ့်စကား ဆိုလိုက်ပြီး အားလုံးကို လက်ယမ်းပြလိုက်တယ်
"ဘာမှမဖြစ်တော့ဘူး မင်းတို့တွေ ဆက်ပြီး အားမွေးထားကြဦး"
အားလုံးလည်း သက်ပြင်းအရှည်ကြီး ချနိုင်ပါတော့တယ်။
ရက်အနည်းငယ် ကြာပြီးနောက် မသေမျိုးလှေဟာ နောက်ဆုံးမှာတော့ ဓားသင်္ချိုင်းလှေကားထစ်ဆီ ရောက်ရှိလာပါတယ်။
မိုင်ပေါင်း ရာနဲ့ချီ ဝေးကွာနေသေးပေမဲ့ ကောင်းကင်ယံထဲကို ထိုးဖောက်ဝင်ရောက်နေတဲ့ ခန့်ညားထည်ဝါလှတဲ့ လှေကားထစ်ကြီးကို လှမ်းမြင်နေရပါတယ်။
မှုန်ဝါးဝါး မြင်နေရတဲ့ လှေကားထစ်ရဲ့ အဆုံးမှာတော့ ကောင်းကင်မှာ လွင့်မျောနေတဲ့ ကျွန်းငယ်လေးတစ်ကျွန်း ရှိနေပုံရပါတယ်။
အားလုံးက ဓားကျင့်ကြံသူတွေ ဖြစ်ကြတာကြောင့် ဓားဆန္ဒ ကို အာရုံခံရာမှာ အလွန်ထက်မြက်ကြပါတယ်။
အဲဒီကျွန်းက သူတို့ကို ပေးစွမ်းတဲ့ ခံစားချက်ကတော့ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေပါပဲ။
အဲဒီထဲမှာ ဓားကျင့်ကြံသူ အမြောက်အမြား သေဆုံးခဲ့ဖူးသလိုမျိုး ခံစားရပါတယ်။
"ကြားဖူးတာတော့... သာမန်လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာနဲ့ ဓားသင်္ချိုင်းလှေကားထစ်ရဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်ရင် ဓားကျမ်း တစ်စောင် ရနိုင်တယ်တဲ့"
လီချန်စန်းက အေးအေးဆေးဆေး ပြောတယ်
"နှစ်ပေါင်းများစွာအတွင်းမှာ မိသားစုအသီးသီးက စေလွှတ်လိုက်တဲ့ ဓားကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိပေမဲ့ ထိပ်ဆုံးကို ရောက်တဲ့သူကတော့ လက်ချိုးရေလို့ ရပါတယ်"
အားလုံးရဲ့ မျက်နှာတွေ လှုပ်ရှားသွားပြီး မျက်လုံးထဲမှာ ရယူလိုစိတ်တွေ တောက်ပလာပါတယ်။
အကယ်၍ ဓားကျမ်းတစ်စောင်သာ ရခဲ့ရင် ဒါဟာ အမွေအနှစ်တစ်ခုကို အလကားရလိုက်သလိုပါပဲ၊ အချိန်အကန့်အသတ်မရှိ အမြဲတမ်း လေ့လာနေလို့ ရသွားမှာပါ။
"လုံမျိုးနွယ်စုမှာ ဓားကျမ်း ၃၆ မျိုး ရှိတယ်၊ အဲဒီထဲက ထက်ဝက်က ပထမအဆောင်က မွေးထုတ်ပေးခဲ့တဲ့ ဓားပါရမီရှင်တွေ အဲဒီထဲကနေ သွားယူခဲ့ကြတာပဲ"
လီချန်စန်းက ပြုံးပြီး ဆက်ပြောတယ်
"ဒီတစ်ခါ လောင်းကြေးပွဲမှာ မင်းတို့ထဲက တစ်ယောက်ယောက်သာ ထိပ်ဆုံးကို တက်နိုင်ပြီး လုံမျိုးနွယ်စုအတွက် ဓားကျမ်းတစ်စောင် ပြန်ယူလာပေးနိုင်မယ်ဆိုရင်၊ ဒီပွဲကို အနိုင်ရရုံတင်မကဘူး၊ ငါကိုယ်တိုင်လည်း ဆုလာဘ်အဖြစ် နေမင်းသီး တစ်လုံး ပေးမယ် လုံမျိုးနွယ်စုကလည်း ဒါနဲ့ ပတ်သက်ပြီး ဆုလာဘ်တွေ ပေးဦးမှာပါ"
နေမင်းသီး
အားလုံးရဲ့ စိတ်တွေ ပိုပြီး ထကြွလာပါတယ်။
ဒီလို ထူးခြားတဲ့ သစ်သီးက ဘေးဒုက္ခ ၃ မျိုးနဲ့ ကံကြမ္မာအလှည့်အပြောင်း ၉ မျိုး ကို ဖြေဖျောက်ရာမှာ အစွမ်းထက်ပါတယ်။
ကျုံးကျိုးမှာဖြစ်စေ၊ တိထျန်း မှာဖြစ်စေ၊ ပေတု မှာဖြစ်စေ အလွန်ရှားပါးပြီး ဈေးကြီးပါတယ်။
ယန်ခုန်း နဲ့ ပိုင်ချင်းမင် တို့ဆိုရင် ဘေးဒုက္ခ ၃ မျိုးကို ကျော်ဖြတ်ပြီးပြီ ဆိုပေမဲ့ တာအိုပေါင်းစပ်ခြင်းအဆင့်မှာ ကြုံတွေ့ရမယ့် ကပ်ဘေး၉ မျိုးကိုတော့ အပြည့်အဝ မကျော်ဖြတ်ရသေးပါဘူး။
ဒါကြောင့် သူတို့အတွက်တော့ ဒီ နေမင်းသီး က ပိုပြီး တန်ဖိုးရှိနေပါတယ်။
"အဘိုးကြီးလီ... ဓားကျင့်ကြံသူတွေက ဒီနေရာမှာ အောက်ကျနောက်ကျ ဖြစ်နေတာပဲ ဘာလို့ သက်တမ်းရှည်ဖို့ ကျင့်ကြံတဲ့ တရားဝင် ကျင့်ကြံသူတွေက ဒီဓားသင်္ချိုင်းလှေကားထစ် တည်ရှိနေတာကို ခွင့်ပြုထားရတာလဲ"
"သူတို့က တိုက်ရိုက် တက်သွားပြီး အဲဒါကို ဖျက်ဆီးပစ်ပြီး အပေါ်က ဓားကျမ်းတွေ အကုန်လုံးကို ယူသွားလို့ မရဘူးလား"
ဖန့်ချန်က ရုတ်တရက် မေးလိုက်ပါတယ်။
ဝတ်စုံဖြူနဲ့ အမျိုးသမီးရဲ့ မျက်နှာ အနည်းငယ် ပျက်သွားပေမဲ့ လီချန်စန်းကတော့ ပြုံးလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်တယ်
"ဘာလို့လဲဆိုတော့ သူတို့ မလုပ်ရဲကြဘူး"
မလုပ်ရဲဘူး
ဒီနေရာက အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေတောင် ဒီဓားသင်္ချိုင်းလှေကားထစ်ထဲကို မဝင်ရဲကြတာလား
"လွန်ခဲ့တဲ့ အချိန်အကြာကြီးတုန်းက ဒီနေရာကို ချောင်ဖုန်း လို့ မခေါ်ဘူး၊ ဓားသင်္ချိုင်း လို့ ခေါ်ခဲ့တာ"
ဝတ်စုံဖြူနဲ့ အမျိုးသမီးက ဝင်ပြောတယ်
"ဒီဓားသင်္ချိုင်းလှေကားထစ်က အလွန် ရှေးကျတယ်၊ သူ့ရဲ့ သမိုင်းကြောင်းက ကြီးမြတ်တဲ့ မျိုးနွယ်စု ၄ ခုထက်တောင် အများကြီး ပိုပြီး ရှေးကျသေးတယ်"
"ကောလာဟလတွေအရတော့ အဆင့် ၄ ဓားကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့တာလို့ ဆိုတယ်၊ ဒါပေမဲ့ ဓားကျင့်ကြံသူတွေရဲ့ သက်တမ်းနဲ့ အဆင့် ၄ ကို တက်လှမ်းဖို့ဆိုတာ... အိပ်မက်ယောင်နေတာနဲ့ အတူတူပဲ ဒါကြောင့် ဒီကောလာဟလက ကောလာဟလ သက်သက်ပါပဲ ဒါပေမဲ့ သူ့ရဲ့ နောက်ခံကတော့ တကယ်ကို ထူးဆန်းတယ်"
"အရင်က လွတ်လပ်သောမသေမျိုးတစ်ယောက် ဓားသင်္ချိုင်းလှေကားထစ်ထဲကို ဝင်ဖူးတယ်၊ သူလည်း သာမန်လူတွေလိုပဲ ကျင့်ကြံမှုတွေ အကုန်ပျောက်ဆုံးပြီး သာမန်လူအဖြစ် ပြောင်းလဲသွားခဲ့ရတယ် နောက်ဆုံးမှာ ဓားကို ဆယ်စုနှစ်အနည်းငယ်ပဲ လေ့ကျင့်ထားတဲ့ ချီသန့်စင်ခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်ရဲ့ ဓားချက်နဲ့ အသတ်ခံလိုက်ရတယ်"
အားလုံး ကြောင်သွားကြပါတယ်။
လွတ်လပ်သောမသေမျိုးတစ်ယောက်ဟာ ကျင့်ကြံမှု ပျောက်သွားရင်တောင် ချီသန့်စင်ခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အသတ်ကို ခံရမယ့်အထိတော့ မဖြစ်နိုင်ဘူးမလား
ဒါဆို သာမန်လူအဖြစ် ပြောင်းလဲသွားတယ်ဆိုတာ တကယ်ကြီး သာမန်လူ ဖြစ်သွားတာလား ဘာစွမ်းအားမှတောင် မကျန်တော့တာလား
"ကြည့်ရတာ သူတို့က ဓားသင်္ချိုင်းလှေကားထစ်ကို မတက်နိုင်တာ မဟုတ်ဘူး၊ မတက်ရဲကြတာပဲ ဒီလိုဆိုရင်တော့ အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေတောင် သူ့ကို ဘာမှ မတတ်နိုင်ဘူးပေါ့"
ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။
"ဒီလိုကိစ္စမျိုး ဖြစ်ပြီးတဲ့နောက် ဓားသင်္ချိုင်းလှေကားထစ်ဟာ တားမြစ်နယ်မြေ ဖြစ်လာခဲ့တယ် လွတ်လပ်သောမသေမျိုးတွေ မဝင်သလို သာမန်ကျင့်ကြံသူတွေကိုလည်း ပေးမဝင်တော့ဘူး အဲဒီအစား ဒီနေရာကို စောင့်ကြပ်ဖို့ ဓားသင်္ချိုင်းနန်းတော် ကို တည်ထောင်လိုက်ကြတယ်"
"ချောင်ဖုန်းနယ်မြေမှာ ဘယ်သူတွေက အာဏာရှိလဲ၊ ဓားသင်္ချိုင်းနန်းတော်က အဲဒီလူတွေရဲ့ အမိန့်ကို နာခံရတယ် အခုဆိုရင် ဓားသင်္ချိုင်းနန်းတော်က မျိုးနွယ်စုကြီး ၄ ခု ၊ ဂိုဏ်းကြီး ၃ ခု နဲ့ မြင့်မြတ်သောနယ်မြေ ၁ ခု ရဲ့ အမိန့်ကို နာခံနေရတယ်"
အမျိုးသမီးက ပြုံးပြီး ဆက်ပြောတယ်
"လုံယွမ် ၊ မင်ဟူ၊ စစ်ဟွေ ဘက်က ပညာရှင်တွေ လာရင်တောင် ငါတို့ကို အရင် ခွင့်တောင်းရတယ် ဒါမှ သူတို့ လူတွေကို ဓားသင်္ချိုင်းလှေကားထစ်ထဲ ပေးဝင်ဖို့ အရည်အချင်းရှိမှာ"
အမျိုးသမီးက ဒီလှေကားထစ်ဟာ အစွမ်းထက်တဲ့ ဓားကျင့်ကြံသူတစ်ယောက် ချန်ခဲ့တာဆိုတာကို မယုံကြည်ပေမဲ့ အားလုံးကတော့ အဲဒီလို မတွေးပါဘူး။
သူတို့က ဓားကျင့်ကြံသူတွေ ဖြစ်ကြတာကြောင့် သူတစ်ပါးအောက် နိမ့်ကျနေတာကို အသိအမှတ် မပြုချင်ကြပါဘူး။
သက်တမ်းက တခြားသူထက် တစ်ဝက်ပဲ ရှိရင်တောင် ဘာဖြစ်လဲ၊ ကမ္ဘာကျော် ပါရမီရှင်တွေ ပေါ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
ဒီဓားသင်္ချိုင်းလှေကားထစ်က သက်သေပါပဲ၊ အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေတောင် ဘာမှ မတတ်နိုင်ဘဲ နောက်ဆုံးမှာ ပိတ်ဆို့ထားပြီး ကိုယ့်လူတွေအတွက်ပဲ သုံးဖို့ ထိန်းချုပ်ထားရတာကပဲ အဖြေပါပဲ။
အဲဒီအချိန်မှာပဲ မသေမျိုးလှေတစ်စင်း နားကပ်လာပါတယ်။
လှေပေါ်က လူတွေကို မြင်တော့ အားလုံး ခေတ္တ မှင်သက်သွားကြပါတယ်။
လုံရွှမ်း နဲ့ ချန်ကျော့ကျူး တို့လည်း အဲဒီလှေပေါ်မှာ ပါလာပါတယ်။
ချန်ကျော့ကျူးနဲ့ ရုပ်ချင်းဆင်တဲ့ လူလတ်ပိုင်း တစ်ယောက်က ရယ်မောလိုက်ပြီး လှေပေါ်ကနေ ခုန်ဆင်းကာ လီချန်စန်း ဇနီးမောင်နှံ ရှေ့မှာ ရပ်လိုက်ပါတယ်။
"မိတ်ဆွေနှစ်ယောက်... လမ်းမှာ ပြဿနာတွေ ကြုံခဲ့သေးလား"
လူလတ်ပိုင်းက လက်အုပ်ချီ ပြုံးမေးပါတယ်။
လီချန်စန်းက ပြုံးလိုက်တယ်
"ပြဿနာအချို့တော့ ကြုံခဲ့တယ်၊ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး"
လူလတ်ပိုင်းရဲ့ မျက်နှာက အနည်းငယ် လေးနက်သွားတယ်
"စုန်းမျိုးနွယ်စုက ဒီတစ်ခါ စည်းကမ်း သိပ်မလိုက်နာဘူးလို့ ကြားထားပြီးသားပါ မင်းက ရွှမ်းလေးကို ငါ့ဆီကနေ လာခိုင်းတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ"
"ရွှမ်းလေးက မိတ်ဆွေချန်ကို ဒုက္ခမပေးပါဘူးနော်"
လီချန်စန်းက ရယ်ပြီး မေးပါတယ်။
လူလတ်ပိုင်းက ခေါင်းခါပြတယ်
"ဘယ်ကလာ... သူက တော်တော်လေး လိမ္မာတယ်၊ ငါမြင်ဖူးသမျှ မျိုးနွယ်စုကြီးတွေက သမီးပျိုတွေထဲမှာ ရွှမ်းလေးရဲ့ စရိုက်က အကောင်းဆုံးပဲ"
"ဦးလေးချန်"
ယန်ခုန်းက ရှေ့တိုးပြီး ဂါရဝပြုပါတယ်။
လူလတ်ပိုင်းက ခေါင်းညိတ်ပြတယ်
"တာအိုပေါင်းစပ်ခြင်း အဆင့် ရောက်နေပြီပဲ နောက်ဆုံးတွေ့တုန်းက အလယ်အဆင့် ၃ ဆင့် ပဲ ရှိသေးတာ၊ မဆိုးဘူး မဆိုးဘူး မင်းရဲ့ ဆရာက မင်းရဲ့ ဒီတစ်ခါ စွမ်းဆောင်ရည်ကို တော်တော် မျှော်လင့်နေတာ၊ သူ့ကို စိတ်မပျက်စေနဲ့ဦး"
ယန်ခုန်းက ချက်ချင်း ခေါင်းညိတ်လိုက်တယ်
"ဒီတစ်ခါ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ဓားကျမ်းတစ်စောင် ပြန်ယူလာပေးပါ့မယ်"
"ကောင်းပြီ"
လူလတ်ပိုင်းက ပြုံးပြီး ပြောတယ်
"မင်း အရင်တစ်ခါ ဓားသင်္ချိုင်းလှေကားထစ် လာတုန်းက ၉၇ ထပ် အထိ ရောက်ခဲ့တယ် ဒီတစ်ခါတော့ တစ်ရှိန်ထိုး တက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ် ဒါပေမဲ့ ဒီတစ်ခါ စုန်းမျိုးနွယ်စုကလည်း ပညာရှင်တွေ အများကြီး လွှတ်ထားတယ်၊ ဓားသင်္ချိုင်းလှေကားထစ်ကိုတင် မဟုတ်ဘဲ သူတို့ကိုလည်း ရင်ဆိုင်ရဦးမှာမို့ လျှော့မတွက်နဲ့ဦး"
"တပည့် နားလည်ပါပြီ"
ယန်ခုန်းက ခေါင်းညိတ်လိုက်ပါတယ်။
ပိုင်လင်ယွဲ့ တို့ကတော့ အံ့သြသွားကြပါတယ်။
ယန်ခုန်းက အရင်က ဓားသင်္ချိုင်းလှေကားထစ်ကို လာဖူးတာလား၊ ဒါပေမဲ့ အရင်က ထိပ်ဆုံးကို မရောက်ခဲ့ဘူးပေါ့
"အရင်က စုန်းမျိုးနွယ်စုက တပည့်တွေ မလိမ္မာဘဲ မင်းဆီမှာ လာပြီး ရမ်းကားတာကြောင့် အရေးနိမ့်သွားခဲ့တယ်လို့ ကြားတယ်နော် "
လူလတ်ပိုင်းရဲ့ အကြည့်က ဖန့်ချန်ဆီ ရောက်လာပါတယ်။
လီချန်စန်းက ပြုံးပြီး ဖန့်ချန်ကို မိတ်ဆက်ပေးတယ်
"ဒါက ချန်မျိုးနွယ်စုရဲ့ အကြီးအကဲ ချန်ချင်းထိုက် ပါ"
အဲဒီနောက် လူလတ်ပိုင်းဘက် လှည့်ပြီး
"ဒါက ငါ့ဘက်က ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ ဓားဦးဆောင်သူ ဖန့်ချန် ပါ"
ဖန့်ချန်က လက်အုပ်ချီလိုက်တယ်
"ဖန့်ချန် က စီနီယာချန်ကို ဂါရဝပြုပါတယ်"
"ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းဆောင်ရည် ရှိတာပဲ၊ ဓားကျင့်ကြံသူ ဖြစ်ပေမဲ့ မိတ်ဆွေလီလို စံပြပုဂ္ဂိုလ် ရှိနေတာပဲ၊ မင်းတို့လည်း သေချာ ကျင့်ကြံကြပါ၊ ကိုယ့်ကိုယ်ကိုယ် အားမလျှော့နဲ့၊ လွတ်လပ်သောမသေမျိုး အဆင့်ကို မရောက်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး"
ချန်ချင်းထိုက်က ခေါင်းညိတ်ပြပါတယ်။
အားလုံးက ချန်ချင်းထိုက်ရဲ့ ကျင့်ကြံမှုကို မမြင်နိုင်ပေမဲ့ သူ့ရဲ့ စကားပြောဟန်အရ သူဟာလည်း လွတ်လပ်သောမသေမျိုး တစ်ဦး ဖြစ်တာ သေချာပါတယ်။
"စုန်းမျိုးနွယ်စုက လူတွေ အကုန်မရောက်သေးဘူး၊ မင်းတို့ရဲ့ ဒုတိယ၊ တတိယ၊ စတုတ္ထအဆောင်က လှေတွေလည်း မရောက်သေးဘူး ဒါပေမဲ့ တခြား မျိုးနွယ်စု အကြီးအကဲတွေတော့ ရောက်နေကြပြီ၊ ငါတို့ အရင်သွားပြီး သူတို့နဲ့ လူစုလိုက်ရအောင်"
ချန်ချင်းထိုက်က လီချန်စန်းကို ကြည့်ပြောပါတယ်။
လီချန်စန်း ဇနီးမောင်နှံက ခေါင်းညိတ်ပြလိုက်ကြပါတယ်။
အခု ပထမအဆောင်က အင်အားချည့်နဲ့နေတာကြောင့် အဆောင်ကြီးနဲ့ အမြဲ ခင်မင်ခဲ့တဲ့ ဒီလို နာမည်ကြီး မျိုးနွယ်စုတွေကပဲ သူတို့ရဲ့ အားကိုးရာ ဖြစ်နေပါတော့တယ်။
အခန်း (၁၀၂၄) လူရိပ်
"နောက်ထပ် ရက်အနည်းငယ် စောင့်ရဦးမှာဆိုတော့၊ အားလုံးပဲ ဓားသင်္ချိုင်းနန်းတော် ကို အတူတူသွားပြီး ဓားသင်္ချိုင်းလှေကားထစ် ကို အနီးကပ် သွားကြည့်ကြမလား "
ယန်ခုန်းက အားလုံးကို ပြုံးရွှင်စွာ ကြည့်ပြီး မေးလိုက်ပါတယ်။
လီချန်စန်း၊ ချန်ချင်းထိုက်နဲ့ တခြား နာမည်ကြီးမျိုးနွယ်စုက အကြီးအကဲတွေကတော့ အခုအချိန်မှာ တခြားကိစ္စတွေ ဆွေးနွေးနေကြတာပါ။
"ငါတို့ အရင်သွားကြည့်လို့ ရတာလား"
ရှန်ဖုန်းဓားခန်းမ က တန့်ဇီရွှိ ရဲ့ မျက်နှာ လှုပ်ရှားသွားပါတယ်။
"ရတာပေါ့၊ ဓားသင်္ချိုင်းလှေကားထစ်ထဲကိုပဲ အခု ဝင်မသွားရင် ရပြီ"
ယန်ခုန်းက ရယ်မောပြီး ပြောပါတယ်။
"ဒါဆိုရင် စီနီယာအစ်ကို ယန် လမ်းပြပေးတာကို အားကိုးရတော့မှာပဲ"
ချီရှင်းဓားဂိုဏ်း က ဟို့ယွမ်ဝေ က လက်အုပ်ချီ ပြောလိုက်ပါတယ်။
"ပိုင်ချင်းမင်၊ ဖန့်ဓားဦးဆောင်သူ... မင်းတို့ရော သွားကြည့်ချင်လား "
ယန်ခုန်းက ဖန့်ချန်တို့ နှစ်ယောက်ဘက် လှည့်မေးပါတယ်။
ပိုင်ချင်းမင်က ပြုံးလိုက်တယ်
"သွားကြည့်တာလည်း မဆိုးပါဘူး"
"မင်း မသွားချင်ရင်လည်း မသေမျိုးလှေပေါ်မှာပဲ စောင့်နေလို့ ရပါတယ်"
ယန်ခုန်းက ခပ်အေးအေး ပြောလိုက်ပါတယ်။
"ဘာလဲ မင်းလမ်းမပြရင် ငါတို့က သွားလို့မရဘူးလား "
ပိုင်ချင်းမင်က မဲ့ပြုံး ပြုံးလိုက်တယ်
"ယန်ခုန်း... ငါတို့တွေ အခု လှေတစ်စင်းတည်းစီး၊ လက်တစ်ချောင်းတည်းနှီး နေကြတာကို မမေ့နဲ့ဦး၊ အခုအချိန်မှာ အချင်းချင်း ပြဿနာရှာနေတာကို အဘိုးကြီးလီ သိသွားရင် မင်းကို ဆူလိမ့်မယ်နော်"
"နှစ်ယောက်လုံး စကားထိန်းကြပါဦး"
တန့်ဇီရွှိနဲ့ ဟို့ယွမ်ဝေတို့က ဝင်ပြီး ဖျန်ဖြေပေးကြရပါတယ်။
အခုအချိန်မှာ ပိုင်ချင်းမင်နဲ့ ယန်ခုန်းတို့ရှေ့မှာ စကားပြောရဲတာ ဒီနှစ်ယောက်ပဲ ရှိတာပါ။
ကျန်တဲ့ ဓားကျင့်ကြံသူတွေကတော့ အလယ်ပိုင်းအဆင့် ၃ ဆင့် တွေဖြစ်ပြီး ကျင့်ကြံမှုရော ဝါစဉ်ပါ နိမ့်ကြပါတယ်။
ယန်ခုန်းက အေးစက်စက် ရယ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ အားလုံးကို ဓားသင်္ချိုင်းနန်းတော် ရှိရာဆီ ခေါ်ဆောင်သွားပါတယ်။
လမ်းခုလတ်မှာ လုံရွှမ်း တို့အဖွဲ့က လိုက်လာကြပါတယ်။
သူတို့လည်း ဓားသင်္ချိုင်းနန်းတော်ကို သွားမှာဖြစ်တာကြောင့် အတူတူ ခရီးဆက်ခဲ့ကြပါတယ်။
ယန်ခုန်းက သူတို့နဲ့ တော်တော်လေး ရင်းနှီးပုံရပြီး လမ်းတစ်လျှောက် ရယ်ရယ်မောမော ပြောဆိုလာကြပါတယ်။
ဒါပေမဲ့ အားလုံးက မျက်စိမကန်းကြပါဘူး။
လုံရွှမ်းကတော့ သဘောထား အနည်းငယ် ကောင်းပေမဲ့ ချန်ကျော့ကျူး တို့လို လူငယ်တွေရဲ့ မျက်နှာမှာတော့ ပြုံးနေပေမဲ့ စကားလုံးတွေထဲမှာ မာန်မာနတွေနဲ့ အထင်သေးတဲ့ အရိပ်အယောင်တွေ ပါနေတာကို အားလုံး မြင်နေရပါတယ်။
ယန်ခုန်းကလည်း ဒါကို သိပုံရပေမဲ့ ဘာမှမဖော်ပြပါဘူး။
ဒါဟာ ကျန်တဲ့သူတွေရဲ့ စိတ်ထဲမှာတော့ တော်တော်လေး နေရခက်စေပါတယ်။
မိုင်ပေါင်း ရာနဲ့ချီတဲ့ ခရီးကို ခဏချင်းနဲ့ ရောက်သွားပါတယ်။
ဓားသင်္ချိုင်းနန်းတော်ရှေ့မှာတော့ အရပ်ရပ်က လာကြတဲ့ ကျင့်ကြံသူတွေ စုဝေးနေကြပါပြီ။
ဒီတစ်ခါ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုတို့ရဲ့ လောင်းကြေးပွဲက အကျိုးသက်ရောက်မှု ကြီးမားတာကြောင့် သာမန်ကျင့်ကြံသူတွေကလည်း ဒီလိုပွဲကြီးပွဲကောင်းကို လက်လွတ်မခံချင်ကြပါဘူး။
သူတို့လည်း ဒီလောင်းကြေးပွဲမှာ ဓားသင်္ချိုင်းလှေကားထစ် ထိပ်ဆုံးကို တက်နိုင်သူ ရှိမရှိ ကြည့်ချင်နေကြတာပါ။
ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာအတွင်းမှာ ရာစုနှစ်ပေါင်းများစွာ ကြာမှ ထိပ်ဆုံးရောက်သူ တစ်ယောက် ပေါ်တတ်တာဖြစ်ပြီး တစ်ခါတလေဆိုရင် နှစ်ပေါင်းထောင်ချီကြာတဲ့အထိ ဘယ်သူမှ မတက်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။
အားလုံးက ဓားသင်္ချိုင်းနန်းတော်ရှေ့ကို ဆင်းသက်လိုက်ကြပါတယ်။
ဒီနေရာကနေ ကြည့်ရတဲ့ ဓားသင်္ချိုင်းလှေကားထစ်က အရင်ကထက် ပိုပြီး ခန့်ညားထည်ဝါနေပါတယ်။
လှေကားထစ် တစ်ထပ်ချင်းစီဟာ ကြီးမားတဲ့ စင်မြင့်ကြီးတစ်ခုလိုပါပဲ။
လှေကားထစ် တစ်ထပ်နဲ့တစ်ထပ် ကြားမှာ အနည်းဆုံး ပေတစ်ရာလောက် ကွာဝေးပြီး နွယ်ပင်တွေ အမြောက်အမြားနဲ့ ချိတ်ဆက်ထားပါတယ်။
"တကယ်လို့ သာမန်လူ ဖြစ်သွားပြီဆိုရင်... ဒီပေတစ်ရာလောက်ရှိတဲ့ နွယ်ပင်တွေကို တက်ဖို့ဆိုတာ... လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးပဲ"
ပိုင်လင်ယွဲ့ က တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
တန့်ဇီရွှိ တို့လည်း အလိုအလျောက် ခေါင်းညိတ်လိုက်ကြပါတယ်။
ဓားသင်္ချိုင်းလှေကားထစ်ထဲကို မဝင်ရသေးပေမဲ့ ဒီနေရာမှာ ရပ်နေရုံနဲ့တင် လှေကားထစ်ကြီးဆီကနေ ထွက်ပေါ်လာတဲ့ မမြင်ရတဲ့ ဖိအားကို ခံစားနေရပါတယ်။
"ဟော... ဒီနေရာက တော်တော် စည်ကားတာပဲ၊ ပုံမှန်လည်း ဒီလိုပဲလား "
ပိုင်ချင်းမင်က လှေကားထစ်ကြီးဆီကနေ အကြည့်လွှဲပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါတယ်။
ဓားသင်္ချိုင်းနန်းတော်ရဲ့ အပြင်ဘက်ဟာ ဈေးတန်းတစ်ခုနဲ့ တူနေပါတယ်။
ဝိညာဉ်ပစ္စည်းတွေ၊ ဆေးလုံးတွေ၊ မှော်ဝင်လက်နက် တွေကို ရောင်းချနေတဲ့သူတွေ ရှိနေပါတယ်။
"၃ နှစ် ဒါမှမဟုတ် ၅ နှစ် တစ်ခါမှာ ဓားသင်္ချိုင်းနန်းတော်က တံခါးဖွင့်ပေးပြီး တခြားသူတွေကို ဓားသင်္ချိုင်းလှေကားထစ်ဆီ သွားခွင့်ပြုတတ်ပါတယ်"
"ဒီလမ်းကြောင်းကနေ ကိုယ့်ကံကြမ္မာကိုယ် ပြောင်းလဲဖို့ ကြိုးစားကြတဲ့သူတွေကတော့ အများအားဖြင့် သာမန်လူတွေနဲ့ ဓားကျင့်ကြံသူတွေပါပဲ"
"တချို့လူတွေက ခဏခဏ ရှုံးနိမ့်ပေမဲ့ စိတ်မလျှော့ဘဲ ဒီနေရာမှာတင် အခြေချ နေထိုင်ကြရင်းနဲ့ တဖြည်းဖြည်း စည်ကားလာတာပါပဲ"
လုံရွှမ်းက ပြုံးပြီး ရှင်းပြပါတယ်။
"သူတို့အတွက်တော့ ဓားသင်္ချိုင်းလှေကားထစ်က အခွင့်အရေးကြီးတစ်ခုပဲ၊ ထိပ်ဆုံးကို မရောက်ရင်တောင် အထပ် ၃၀ အထိ တက်နိုင်ရင်ပဲ အချို့သော ဂိုဏ်းတွေ၊ မိသားစုတွေက သဘောကျပြီး ခေါ်သွားကာ ဓားကျမ်းတွေ သင်ပေးတတ်ကြတယ်"
ချန်ကျော့ကျူးက ရယ်မောပြီး ပြောတယ်
"အထပ် ၆၀ အထိ တက်နိုင်ရင်တော့ နာမည်ကြီးမျိုးနွယ်စုတွေ ဖွင့်ထားတဲ့ ဓားသင်တန်းကျောင်း တွေမှာ ကျင့်ကြံခွင့်ရမယ်"
"အထပ် ၉၀ ကို ကျော်ရင်တော့ ကံကောင်းရင် မျိုးနွယ်စုကြီးတွေထဲကို ဝင်ခွင့်ရဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး"
"သူတို့အတွက်တော့ ဒါက ကောင်းကင်ဘုံကို တစ်လှမ်းတည်းနဲ့ တက်လှမ်းနိုင်မယ့် အခွင့်အရေးပဲ မင်းတို့တွေလည်း ဒီတစ်ခါ ဓားသင်္ချိုင်းလှေကားထစ်မှာ အထပ် ၉၀ အထိ ရောက်နိုင်ရင် ပထမအဆောင်အတွက် မျက်နှာပန်းလှတာပေါ့"
"သွားရအောင်၊ ဒီနေရာက လှေကားထစ်နဲ့ သိပ်မနီးသေးဘူး"
လုံရွှမ်းက ပြောလိုက်ပြီး အားလုံးကို ဓားသင်္ချိုင်းနန်းတော် တံခါးမကြီးဆီ ခေါ်သွားပါတယ်။
ဓားသင်္ချိုင်းနန်းတော်မှာ စောင့်ကြပ်နေတဲ့ ဓားကျင့်ကြံသူတွေက လုံရွှမ်းဟာ လုံမျိုးနွယ်စုဝင် ဖြစ်တာကို သိတာကြောင့် မတားဆီးဘဲ အထဲပေးဝင်လိုက်ကြပါတယ်။
"ဘာလို့ သူတို့ကျတော့ ဝင်လို့ရတာလဲ"
တစ်ယောက်က မကျေမနပ် မေးပါတယ်။
"မျိုးနွယ်စုကြီး ၄ ခု၊ ဂိုဏ်းကြီး ၃ ခု၊ မြင့်မြတ်သောနယ်မြေ ၁ ခု ထဲက လူတွေ ဖြစ်မှာပေါ့ သူတို့ကလွဲရင် ဘယ်သူက အခုလိုအချိန်မှာ ဝင်လို့ရမှာလဲ"
"ငါလည်း အဲဒီလို ထင်ပါတယ်၊ ခုနက လူအုပ်ထဲမှာ ဓားကျင့်ကြံသူတွေ အများကြီးပဲ"
"ဪ... မင်းက ဘယ်လို သိတာလဲ"
"ငါလည်း ဓားကျင့်ကြံသူပဲလေ အဲဒီ ဓားကျင့်ကြံသူတွေရဲ့ စွမ်းအားက မသေးဘူး အားလုံးပဲ ဓားဆန္ဒ ကို နားလည်ထားကြပုံရတယ်"
...
...
"ဓားသင်္ချိုင်းနန်းတော်ရဲ့ နန်းတော်သခင်က ကျိုရှန်းဆန်း မြင့်မြတ်သောနယ်မြေက လွတ်လပ်သောမသေမျိုး တစ်ဦးပဲ၊ ငါ့အဖေလိုပဲ ဓားကျင့်ကြံသူကနေ ဆင်းသက်လာတာ"
"သူ လူငယ်ဘဝတုန်းက ဓားသင်္ချိုင်းလှေကားထစ်ကို တက်ခဲ့ပြီး ထိပ်ဆုံးကို အောင်မြင်စွာ ရောက်ခဲ့ဖူးတယ်၊ ပြီးတော့ ကျိုရှန်းဆန်း မြင့်မြတ်သောနယ်မြေအတွက် ဟေးထျန်းဓားကျမ်း ကို ယူပေးနိုင်ခဲ့တယ်"
"ကြားဖူးတာတော့ အဲဒီဓားကျမ်းက လက်ရှိ မျိုးနွယ်စုကြီး ၄ ခုနဲ့ ဂိုဏ်းကြီး ၃ ခုမှာ ရှိတဲ့ ဓားကျမ်းတွေထက်တောင် ပိုပြီး အစွမ်းထက်တယ်တဲ့"
"ငါ့အဖေက အဲဒီပုဂ္ဂိုလ်အကြောင်း ပြောရင်တောင် တော်တော်လေး လေးစားသမှု ရှိတယ် ၊ ဒါကြောင့် ခဏနေရင် ဓားသင်္ချိုင်းနန်းတော်သခင်ကို တွေ့ရင် မရိုမသေ မလုပ်ကြနဲ့ဦး"
လုံရွှမ်းက လမ်းလျှောက်ရင်း ဖန့်ချန်တို့ကို သတိပေးပါတယ်။
အားလုံးရဲ့ မျက်နှာတွေ လှုပ်ရှားသွားပါတယ်။
နောက်ထပ် ဓားကျင့်ကြံသူ လွတ်လပ်သောမသေမျိုး တစ်ဦးလား
ပိုင်လင်ယွဲ့ က စူးစမ်းလိုစိတ်နဲ့ မေးလိုက်တယ်
"လုံရွှမ်း လုံမျိုးနွယ်စုမှာ ဓားကျမ်း ၃၆ မျိုး ရှိတယ်လို့ ကြားတယ် ဒါဆိုရင် တခြားမျိုးနွယ်စုတွေ၊ ဂိုဏ်းတွေမှာ ရှိတဲ့ ဓားကျမ်းတွေနဲ့ ပေါင်းလိုက်ရင် အမျိုးပေါင်း ၁၀၀ ကျော် မရှိဘူးလား၊ အဲဒါတွေ အကုန်လုံးက ဓားသင်္ချိုင်းလှေကားထစ်ကနေ ယူလာကြတာလား"
"အမျိုး ၁၀၀ တောင် ဘယ်ရှိပါ့မလဲ"
လုံရွှမ်းက ပြုံးပြီး ပြောတယ်
"တကယ်တမ်းတော့ ချောင်ဖုန်းနယ်မြေမှာ ဓားသင်္ချိုင်းလှေကားထစ်ကနေ ရထားတဲ့ ဓားကျမ်းက စုစုပေါင်း ၄၀ ကျော်ပဲ ရှိတာပါ"
"မင်းတို့ ပြီးခဲ့တဲ့ရက်ပိုင်းက လေ့လာခဲ့တဲ့ ချင်းဆုန်းဓားကျမ်း ဝူဝမ့်ဓားကျမ်း တို့လိုမျိုး ဓားကျမ်းတွေကို ကျန်တဲ့ မျိုးနွယ်စု ၃ ခု၊ ဂိုဏ်း ၃ ခု နဲ့ ကျိုရှန်းဆန်း မြင့်မြတ်သောနယ်မြေတွေမှာလည်း တူညီတဲ့ ဓားကျမ်းတွေ ရှိကြတယ်"
အားလုံးလည်း သဘောပေါက်သွားကြပါတယ်။
သိပ်မကြာခင်မှာပဲ အထပ်ထပ်သော အဆောက်အဦးတွေကို ဖြတ်ကျော်ပြီးနောက် အားလုံးဟာ ဓားသင်္ချိုင်းလှေကားထစ် ရှေ့ကို ရောက်ရှိလာပါတယ်။
မျက်စိရှေ့မှာ မြင်တွေ့နေရတာကတော့ ရေတံခွန်တစ်ခုလို စီးကျနေတဲ့ စိမ်းလန်းတဲ့ နွယ်ပင်တွေပါပဲ။
ဒီနေရာကနေ အပေါ်ကို လှမ်းကြည့်ရင် တိမ်မြူတွေကြားမှာ ကျွန်းငယ်လေးတစ်ကျွန်း ရေးရေးလေး ပေါ်နေတာကို မြင်ရပေမဲ့ မြေပြင်ကနေ အလွန်မြင့်တာကြောင့် သူတို့ရဲ့ မျက်စိနဲ့တောင် သဲသဲကွဲကွဲ မမြင်ရပါဘူး။
"ငါတို့ အခု စမ်းကြည့်လို့ ရမလား"
ပိုင်လင်ယွဲ့ က စမ်းချင်နေတဲ့ ပုံစံနဲ့ မေးလိုက်ပါတယ်။
တန့်ဇီရွှိ နဲ့ ဟို့ယွမ်ဝေ တို့လည်း လုံရွှမ်းကို ကြည့်ပြီး မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြပါတယ်။
သူတို့လည်း ဒီဓားသင်္ချိုင်းလှေကားထစ်က တကယ်ကြီး ထူးဆန်းသလားဆိုတာ စမ်းကြည့်ချင်နေကြတာပါ။
လုံရွှမ်းက ခွင့်ပြုချင်စိတ် ရှိနေပေမဲ့ ပြောဖို့ ပြင်လိုက်တုန်းမှာပဲ ချန်ကျော့ကျူးက ခေါင်းခါပြလိုက်တယ်
"မင်းတို့က ဒီတစ်ခါ လုံမျိုးနွယ်စုကို ကိုယ်စားပြုရမှာ၊ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုရဲ့ လောင်းကြေးစာချုပ်အရ လောင်းကြေးပွဲ မစခင်မှာ ဓားသင်္ချိုင်းလှေကားထစ်ပေါ် တက်လို့ မရဘူး"
"တကယ်ပဲ အဲဒီလိုပါပဲ"
လုံရွှမ်းက သက်ပြင်းအသာချလိုက်ပါတယ်။
သူမရဲ့ အကြည့်တွေက အဝေးကို ရောက်နေပါတယ်။
ဒီလောင်းကြေးပွဲက လုံမျိုးနွယ်စုအတွက်တော့ သိပ်ပြီး ကိစ္စမရှိလှပါဘူး၊ နှစ်ပေါင်းများစွာ စုန်းမျိုးနွယ်စုနဲ့ ဒီလိုပွဲမျိုး ဖြစ်ခဲ့တာ တစ်ကြိမ်နှစ်ကြိမ်မကတော့ပါဘူး။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ ပထမအဆောင် နဲ့ ဒုတိယအဆောင်ကြားမှာလည်း လောင်းကြေးတစ်ခု ရှိနေတာမို့ ပထမအဆောင်အတွက်တော့ ရှုံးလို့ လုံးဝမဖြစ်သလို၊ ရှုံးဖို့လည်း မတတ်နိုင်ပါဘူး။
ဖန့်ချန်ကတော့ ဓားသင်္ချိုင်းလှေကားထစ်ကို အသေအချာ လေ့လာနေပါတယ်။
ရုတ်တရက်ဆိုသလို မျက်စိမှားတာလားတော့ မသိဘူး၊ လှေကားထစ်ရဲ့ အမြင့်ဆုံးနေရာမှာ လူရိပ် တစ်ခုက အောက်ကို ငုံ့ကြည့်နေတာကို မြင်လိုက်ရသလို ခံစားလိုက်ရပါတယ်။
အဲဒီလူရိပ်က သူ့ရဲ့ အကြည့်နဲ့ တည့်တည့်ဆုံသွားပါတယ်။
သူ သေချာ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီလူရိပ်က ပျောက်ကွယ်သွားပါပြီ။
"ဓားသင်္ချိုင်းလှေကားထစ်ရဲ့ အဆုံးမှာ... လူ ရှိနေတာလား "
ဖန့်ချန် သေချာ မစဉ်းစားရသေးခင်မှာပဲ အဝေးကနေ ရယ်သံမောသံတွေ ကြားလိုက်ရပြီး လူအုပ်စုတစ်စု ဒီဘက်ကို လာနေတာကို တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ လုံရွှမ်း တို့အဖွဲ့ကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး မျက်နှာပေါ်က အပြုံးတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။