အခန်း (၁၀၂၇-၁၀၂၈)
Vol. 103 Ch. 1027-1028
အခန်း (၁၀၂၇) ငါ့မှာ ကန့်ကွက်စရာ ရှိတယ်
လွန်ခဲ့တဲ့ရက်ပိုင်းက ကျောက်ယွင်လူ တစ်ယောက် သူ့သားကို သတ်တဲ့ရန်သူကို ရူးသွပ်မတတ် လိုက်ရှာနေတဲ့အကြောင်းကို လူတိုင်း အနည်းနဲ့အများ သိထားကြပါတယ်။
ဘယ်လိုလူမျိုးကများ မျက်စိမရှိဘဲ ကျောက်ယွင်လူရဲ့သားကို သတ်ရဲတာလဲလို့ လူတိုင်း စိတ်ထဲမှာ စပ်စုနေခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ ဒီကိစ္စက လုံမျိုးနွယ်စုဆီကို ဦးတည်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။
တတိယအဆောင်မှာတော့ လုံဝူ က မဲ့ပြုံး ပြုံးနေတယ်
"ဒီနေ့တော့ လုံရို့ ဒုက္ခရောက်တော့မှာပဲ"
တုန်းဖန်းဟောက်ကျဲ က ကြောင်အသွားပြီး
"ပြီးခဲ့တဲ့ရက်ပိုင်းက ဖန့်ချန်အစ်ကိုက သူမနဲ့အတူ ယွင်လူမြို့ကို သွားခဲ့သေးတယ်၊ အဲဒါ ငြိကုန်မှာ မဟုတ်ဘူးလား "
လုံဝူ ခေတ္တ မှင်သက်သွားပြီးနောက် ထူးဆန်းတဲ့ အမူအရာနဲ့ ခေါင်းခါလိုက်တယ်
"မဖြစ်နိုင်ပါဘူး ရှင် သိပ်ပြီး စိုးရိမ်မနေပါနဲ့"
စတုတ္ထအဆောင်မှာတော့ လုံရင်း တို့တစ်ဖွဲ့လုံးက လေးနက်တဲ့ မျက်နှာပေးတွေနဲ့ အံ့သြနေကြပါတယ်။
ဒီကိစ္စက လုံမျိုးနွယ်စုနဲ့ ပတ်သက်နေလိမ့်မယ်လို့ သူတို့လည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။
ဒုတိယအဆောင်က မသေမျိုးလှေပေါ်မှာတော့ လုံအောက် ရဲ့ မျက်နှာက ပြာနှမ်းနေပြီး လုံရို့ကို ငေါက်လိုက်ပါတယ်
"ဒါက ဘာဖြစ်တာလဲ "
"အဖေ... သမီးလည်း မသိဘူးလေ"
လုံရို့ ကတော့ ဘာမှမသိတဲ့ ပုံစံနဲ့ ကြောင်နေပါတယ်။
"အဖေ... အစ်မက ဒီကိစ္စနဲ့ လုံးဝ မဆိုင်တာ သေချာပါတယ်"
လုံရှန်း က ကမန်းကတန်း ဝင်ပြောပါတယ်။
သူတို့နှစ်ယောက်ရဲ့ အမေကလည်း လုံရို့ နဲ့ မပတ်သက်ကြောင်း အလျင်အမြန် အာမခံနေပါတယ်။
ဒါပေမဲ့ တခြား ဂုဏ်သရေရှိ ဇနီးသည်တွေကတော့ အလိုမကျ ဖြစ်နေကြပါတယ်။
သူတို့နောက်က လုံရို့ နဲ့ ဖေတူမေကွဲ မောင်နှမတွေကလည်း တည်ကြည်တဲ့ မျက်နှာပေးတွေ ရှိနေကြပါတယ်။
"အခု ရှင်းပြနေလို့လည်း မထူးတော့ဘူး၊ စီနီယာ ကျောက်ယွင်လူ ကိုယ်တိုင် ရောက်လာပြီဆိုတော့ တစ်ခုခုတော့ သိထားလို့ပဲ ဖြစ်မှာပေါ့"
"မိန်းကလေး ဖြစ်ပြီးတော့ နေ့တိုင်း အပြင်ကို ထွက်ပြီး လူပုံအလယ်မှာ ဟန်ရေးပြနေချင်တာကိုး၊ အိမ်အတွက် ပြဿနာ ရှာလာလိမ့်မယ်လို့ ငါ အရင်ကတည်းက ပြောသားပဲ မောင်ကြီး ကြည့်စမ်း... ငါပြောတာ မှားလို့လား အခုက သာမန်ပြဿနာ မဟုတ်ဘူး၊ အကြီးကြီးပဲ "
ဂုဏ်သရေရှိ ဇနီးသည်တစ်ယောက်က နှာမှုတ်ပြီး ပြောပါတယ်။
"ဒီမှာ ဘာတွေ တိုးတိုးတိုးတိုး ပြောနေကြတာလဲ"
အဘိုးအိုတစ်ယောက်က လေထဲကနေ ဆင်းသက်လာပြီး လုံအောက် တို့ကို ငေါက်လိုက်ပါတယ်။
အဲဒီနောက် သူက လုံရို့ ကို ကြည့်ပြီး
"နင်နဲ့ အဲဒီနေ့က အတူတူသွားတဲ့သူတွေ အကုန်လုံးကို ခေါ်လိုက်၊ မိတ်ဆွေယွင်လူ က စကားမေးချင်လို့တဲ့ မေးတာကို အမှန်အတိုင်း ဖြေ၊ နင်လုပ်တာ မဟုတ်ရင်လည်း ဇွတ်အတင်း ဝန်မခံနဲ့"
"ဟုတ်ကဲ့ပါ အဘိုး"
လုံရော့ က ဖုတုန်းဟိုင် တို့ကို ချက်ချင်းခေါ်ပြီး ကျောက်ယွင်လူကို သွားတွေ့ဖို့ လုပ်ပါတယ်။
ဖုတုန်းဟိုင် ကတော့ ထူးဆန်းတဲ့ အမူအရာနဲ့
"မိန်းကလေး... ပထမအဆောင်က ဟိုတစ်ယောက်ကော..."
လုံရို့ ရဲ့ မျက်နှာက ပျက်သွားပါတယ်။
အားလုံးရဲ့ အကြည့်တွေက ဒီကို ရောက်နေတာမို့ သူမအနေနဲ့ ဖန့်ချန်ကို ဆက်ပြီး ကာကွယ်ပေးထားဖို့ မသင့်တော့ပါဘူး။
သူမက ဖန့်ချန်ကို လက်ယမ်းပြလိုက်တယ်
"နင်လည်း လာခဲ့"
"ပထမအဆောင်နဲ့လည်း ပတ်သက်နေတာလား"
အားလုံး ကြောင်သွားကြပါတယ်။
လုံအောက် ကတော့ ဒီကိစ္စမှာ ပထမအဆောင်ပါ ပါဝင်နေတာ သိလိုက်ရတော့ စိတ်ထဲမှာ အနည်းငယ် ပြေလျော့သွားပါတယ်။
ပထမအဆောင်ဘက်မှာတော့ လီချန်စန်း ဇနီးမောင်နှံရဲ့ မျက်နှာတွေက ထူးဆန်းနေသလို၊ ချန်ချင်းထိုက် တို့ကလည်း မျက်မှောင်ကြုတ်ပြီး ဖန့်ချန်ကို လှမ်းကြည့်နေကြပါတယ်။
ဒီကောင်လေးက ဘယ်လိုဖြစ်လို့ လုံရို့ နဲ့ ပတ်သက်သွားရတာလဲ၊ ပြီးတော့ ကျောက်ယွင်လူရဲ့သား သေတဲ့ကိစ္စနဲ့ပါ ဘာလို့ ငြိနေရတာလဲ
"သွားလိုက်ပါ၊ တကယ်လို့ မင်းနဲ့ မဆိုင်ဘူးဆိုရင် ဘယ်သူမှ မင်းကို မတရား စွပ်စွဲလို့ မရစေရဘူး"
လီချန်စန်း က ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်ပါတယ်။
ဖန့်ချန်က ဘာမှပြန်မပြောဘဲ လုံရို့ တို့ဆီကို ပျံသွားပြီး ကျောက်ယွင်လူကို သွားတွေ့ကြပါတယ်။
လုံရွှမ်း ရဲ့ မျက်နှာက မကောင်းလှပါဘူး။ သူမက တိုးတိုးလေး ရေရွတ်လိုက်တယ်
"အဲဒီနေ့က ငါသာ စိတ်ပြတ်ပြတ်သားသားနဲ့ လုံရို့ကို လူမချေးခဲ့ရင် ငါတို့ ပထမအဆောင် ဒီကိစ္စမှာ ပါလာမှာ မဟုတ်ဘူး"
"ဖြစ်ပြီးတာတွေ နောင်တရနေလို့လည်း မထူးတော့ဘူး"
လီချန်စန်း က ခပ်အေးအေး ပြောလိုက်ပါတယ်။
"မိတ်ဆွေလီ... ဒီကိစ္စက တကယ်လို့ ဟိုဓားကျင့်ကြံသူလေးနဲ့ ပတ်သက်နေမယ်ဆိုရင် အကျိုးဆက်က တော်တော်လေး ကြီးမားလိမ့်မယ်နော် "
ချန်ချင်းထိုက် တို့က လျှောက်လာပြီး မေးကြပါတယ်။
သူတို့က ပထမအဆောင်ကို ထောက်ခံသူတွေ ဖြစ်ပြီး မျိုးဆက်အလိုက် ရင်းနှီးကြတာပါ။
ဒါကြောင့် လုံမျိုးနွယ်စု ပထမအဆောင် ပြဿနာတက်ရင် သူတို့လည်း ပြဿနာတက်တာနဲ့ အတူတူပါပဲ။
"အားလုံး မစိုးရိမ်ကြပါနဲ့ ကျောက်မင်ရွှမ် မသေခင်မှာ သူ့ဘေးမှာ တက်လှမ်းခြင်း အဆင့် ဓားကျင့်ကြံသူတစ်ယောက် ပါတယ်လို့ ငါ ကြားထားတယ်"
"ဒီလို အစွမ်းထက်တဲ့သူက စောင့်ရှောက်နေတာတောင် သူ သေသွားတယ်ဆိုရင် အဲဒါက ဒီလိုမျိုး မျိုးဆက်သစ်တွေနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ ယွင်လူမြို့သခင်က စကားမေးရုံသက်သက်ပဲ ဖြစ်မှာပါ"
လီချန်စန်း က ပြုံးပြီး ပြောလိုက်ပါတယ်။
အားလုံးကလည်း ခေါင်းညိတ်ကြပါတယ်။
ဒါက ကျိုးကြောင်းဆီလျော်ပါတယ်။
ဘယ်လိုပဲ ကြည့်ကြည့် မျိုးဆက်သစ်တွေနဲ့ မဆိုင်နိုင်ပါဘူး။
ယွင်လူမြို့ အနားမှာ ကျောက်မင်ရွှမ်ကို သတ်ပြီး သူ့ဘေးက တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူကိုပါ သတ်နိုင်တယ်၊ ပြီးတော့ ကျောက်ယွင်လူရဲ့ လိုက်လံဖမ်းဆီးမှုကိုပါ လွတ်အောင် ပြေးနိုင်တယ်ဆိုရင် လက်ချက်က လွတ်လပ်သောမသေမျိုး တစ်ယောက်ယောက် ဖြစ်မှာ သေချာပါတယ်။
"မမ... ဟိုကောင်ပဲ "
စုန်းမျိုးနွယ်စုဘက်မှာတော့ စုန်းယိ က ဖန့်ချန်နဲ့ လုံရော့ ဆုံနေတာကို မြင်လိုက်ရတော့ ဝမ်းသာအားရ ဖြစ်သွားပါတယ်။
"သူက ကျောက်မင်ရွှမ် သေတဲ့ကိစ္စနဲ့ပါ ပတ်သက်နေတာလား မင်းရဲ့ အစ်ကိုလည်း အဲဒီတုန်းက ရှိနေတယ်၊ ပြီးတော့ နန်ကုန်းမျိုးနွယ်စုက နန်ကုန်းယွမ်ချန် လည်း ပါသေးတယ်..."
စုန်းစုစု မျက်မှောင်ကြုတ်လိုက်ပါတယ်။
"မမ... ကျွန်တော် အရင်က ပြောဖူးတယ်လေ၊ ဒီကောင်က ဟိုတောမြို့လေးမှာ အဆင့်အတန်း မနိမ့်ဘူး၊ သူ့ဘေးမှာလည်း လွတ်လပ်သောမသေမျိုး တစ်ယောက် စောင့်နေတယ်လို့ ဒီတစ်ခါ သူလာတော့ အဲဒီလွတ်လပ်သောမသေမျိုးကိုပါ တစ်ပါတည်း ခေါ်လာတာများလား "
စုန်းယိ က ရုတ်တရက် ပြောလိုက်ပါတယ်။
"ပြောရခက်တယ်၊ အဖေက အခုပဲ ယင်စိန့်ဂိုဏ်း ကို လူလွှတ်ပြီး ယင်လောက ထဲမှာ ကျောက်မင်ရွှမ်တို့ရဲ့ ဝိညာဉ်ကို ရှာခိုင်းထားတယ် ဝိညာဉ်ကို တွေ့တာနဲ့ အကုန်လုံးကို သိရမှာပဲ"
စုန်းစုစု က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်တယ်
"အဲဒီလိုနေရာက လွတ်လပ်သောမသေမျိုး ဆိုတာလည်း ချောင်ဖုန်းနယ်မြေကို ရောက်ရင် ငြိမ်ငြိမ်လေး နေရမှာပဲ၊ ယွင်လူမြို့သခင်ရဲ့ သားကို ဘယ်လိုလုပ် သတ်ရဲမှာလဲ၊ အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲလေ"
"ဒါပေမဲ့... ခဏနေရင်တော့ ဒီအချက်ကို ယွင်လူမြို့သခင်ကို လှမ်းပြောပြလိုက်လို့ ရတာပဲ၊ သူ ဘယ်လိုစဉ်းစားမလဲ ကြည့်ကြတာပေါ့"
စုန်းစုစု ရဲ့ နှုတ်ခမ်းဖျားမှာ မဲ့ပြုံးတစ်ခု ပေါ်လာပါတယ်။
ဒုတိယအဆောင်က လွတ်လပ်သောမသေမျိုး အဘိုးအိုက လုံရို့ တို့ကို ကျောက်ယွင်လူ ရှေ့ကို ခေါ်သွားပါတယ်။
ဒီလိုမျိုး အဆင့် ၃ လွတ်လပ်သောမသေမျိုးကို ရင်ဆိုင်ရတဲ့အခါ လုံရို့ ဘေးက ဓားကျင့်ကြံသူတွေရဲ့ မျက်နှာမှာ မသက်မသာ ဖြစ်တဲ့ အရိပ်အယောင်တွေ ပေါ်နေပါတယ်။
"မကြောက်ကြပါနဲ့၊ ငါ စကားအချို့ မေးချင်ရုံတင်ပါ"
ကျောက်ယွင်လူ က ပြုံးပြီး လုံရို့ ကို ကြည့်လိုက်တယ်
"သမီးလေး... မင်ရွှမ် ရဲ့ အဲဒီနေ့က ကိစ္စက သူလုပ်တာ မလျော်ကန်ခဲ့ဘူး၊ အဘိုးက သူ့ကိုယ်စား အရင် တောင်းပန်ပါတယ်"
"စီနီယာ... အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး"
လုံရို့ က လက်အုပ်ချီပြီး ပြောပါတယ်။
"တစ်ကိစ္စစီပေါ့"
ကျောက်ယွင်လူ က ရယ်ပြီး
"ငါ မေးချင်တာက၊ အဲဒီနေ့က သူ မင်းတို့ကို တားဆီးလိုက်ပြီးနောက်မှာ ဘာတွေ ဖြစ်ခဲ့သလဲ "
"ဘာမှ မဖြစ်ခဲ့ပါဘူး၊ သမီးတို့ ထွက်လာတဲ့အချိန်မှာ ကျောက်မင်ရွှမ် က ကောင်းကောင်းမွန်မွန် ကျန်ရစ်ခဲ့တာပါ"
လုံရို့ က ပြောပါတယ်။
"ဟုတ်လား..."
ကျောက်ယွင်လူ ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။
ဒုတိယအဆောင်က အဘိုးအိုက အခြေအနေကို ကြည့်ပြီး ပြုံးပြုံးလေး ဝင်ပြောတယ်
"ကလေးချင်း ရန်ဖြစ်တာကတော့ သာမန်ပါပဲဒါပေမဲ့ လုံရို့က ငါ့မြေးမလေးဖြစ်သလို ဂုဏ်သရေရှိ မျိုးနွယ်စုဝင်လည်း ဖြစ်တယ်၊ စည်းကမ်းတွေကို သိပါတယ် မင်းရဲ့သားကို ဘယ်လိုလုပ် သတ်ရဲမှာလဲ"
"ဒါ့အပြင် သူမဘေးမှာ ဘေးဒုက္ခရင်ဆိုင်ခြင်း အဆင့် ကျင့်ကြံသူတောင် တစ်ယောက်မှ မပါဘူး မင်းသားဘေးက တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"
"အဲဒါတော့ ပြောလို့မရဘူးလေ၊ မင်းတို့ လုံမျိုးနွယ်စုက လူတစ်ယောက်ယောက်က တိတ်တဆိတ် နောက်က လိုက်ပေးနေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား "
စုန်းမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးက ရုတ်တရက် လှောင်ရယ် ရယ်လိုက်ပါတယ်။
လုံမျိုးနွယ်စုဘက်က လူတွေက သူ့ကို ဒေါသတကြီး ကြည့်လိုက်ကြပါတယ်။
ကျောက်ယွင်လူ က ဒုတိယအဆောင်က အဘိုးအိုကို ကြည့်ပြီး ပြုံးလိုက်တယ်
"မိတ်ဆွေလုံရွေ့... ငါ မင်းရဲ့ မြေးမလေးကို မသင်္ကာလို့ မဟုတ်ပါဘူး သူမက မင်ရွှမ်ကို မသတ်နိုင်တာ ငါ သိပါတယ် အဲဒီအချိန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုပဲ ငါ သိချင်တာပါ"
သူက ခေတ္တရပ်ပြီး ဖုတုန်းဟိုင် တို့ပေါ်မှာ အကြည့်ဝေ့လိုက်တယ်
"ဒီကိစ္စရဲ့ အစက ဓားကျင့်ကြံသူတစ်ယောက်က စည်းကမ်းမရှိလို့ စတာလို့ ငါ ကြားတယ်၊ အဲဒီဓားကျင့်ကြံသူက ဘယ်သူလဲ "
ဖုတုန်းဟိုင် တို့က ဘာမှမပြောကြပေမဲ့ သူတို့ရဲ့ အကြည့်တွေက ဖန့်ချန်ဆီကို ပြိုင်တူ ရောက်သွားပါတယ်။
ဒီလိုအချိန်မှာ သူတို့လည်း ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် အနာခံမှာ မဟုတ်ပါဘူး။
"မင်းကိုး... စိတ်ဝိညာဥ်ထွက်ခွာခြင်း နောက်ဆုံးအဆင့်..."
ကျောက်ယွင်လူ အံ့သြသွားတာ သိသာပါတယ်။
ဖန့်ချန်ရဲ့ ကျင့်ကြံမှုက အရမ်းနိမ့်လွန်းတာမို့ သူ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ။
"စီနီယာကျောက်... ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ပါဘူး"
လုံရို့ က တိုးတိုးလေး ပြောပါတယ်။
"သူနဲ့ မဆိုင်ဘူးဆိုတာကို ငါလည်း ယုံပါတယ်၊ ဒါပေမဲ့... ကိစ္စက သူနဲ့ စတာဆိုတော့ ငါ သူ့ကို ဝိညာဉ်ရှာဖွေခြင်း လုပ်ပြီး အဲဒီအချိန်က အခြေအနေကို ကြည့်လိုက်မယ်၊ အားလုံးမှာ ကန့်ကွက်စရာ မရှိဘူးမလား "
ကျောက်ယွင်လူ က ပြုံးပြီး ပြောလိုက်ပါတယ်။
ဒီစကားကို ကြားလိုက်ရတဲ့အခါ လုံမျိုးနွယ်စုက ကျင့်ကြံသူတွေရဲ့ မျက်နှာတွေက ထူးဆန်းသွားပါတယ်။
လုံရွေ့ က ပြုံးပြီး
"ဓားကျင့်ကြံသူလေး တစ်ယောက်ပဲ၊ မိတ်ဆွေယွင်လူ သဘောရှိပါ၊ ငါ့မှာ ကန့်ကွက်စရာ မရှိဘူး"
"စိတ်မရှိပါနဲ့... ငါ့မှာ ကန့်ကွက်စရာ ရှိတယ်"
အသံတစ်ခု ထွက်ပေါ်လာပါတယ်။
အားလုံးက ပထမအဆောင်ရှိရာကို လှည့်ကြည့်လိုက်ကြပြီး လီချန်စန်း ပေါ်မှာ အကြည့်တွေ ကျရောက်သွားပါတော့တယ်။
အခန်း (၁၀၂၈) သျှောင်နတ်နဂါးမလေး
"ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ၊ ငါပြောတာ မဟုတ်ဘူး"
လီချန်စန်း က မျက်မှောင်ကြုတ်လိုက်ပါတယ်။
ခုနက စကားက တကယ်ပဲ သူ့ဆီက ထွက်လာတဲ့ အသံမဟုတ်ပါဘူး။
"ကြည့်ရတာ လီချန်စန်း ရဲ့ အသံတော့ မဟုတ်တာ သေချာတယ်"
အားလုံးရဲ့ မျက်နှာတွေက ထူးဆန်းသွားကြပါတယ်။
ဒီလိုအချိန်မှာ တောမြို့လေးက လာတဲ့ ဓားကျင့်ကြံသူအတွက် ဘယ်သူကများ ရှေ့ထွက်ပြီး ပြောရဲတာလဲ
ရုတ်တရက်ဆိုသလို လူအချို့ရဲ့ အကြည့်တွေက တတိယအဆောင်ဆီကို ရောက်သွားပါတယ်။
ချောမောခန့်ညားတဲ့ စာပေပညာရှိတစ်ယောက်က ကျောက်ယွင်လူ ကို ပြုံးပြုံးလေး ကြည့်နေတာကို တွေ့လိုက်ရတယ်
"ဒီကောင်လေးက ငါ့ရဲ့ ဇာတိမြေက လာတာပါ ပြီးတော့ ဒီတစ်ခါ ဓားသင်္ချိုင်းလှေကားထစ်ကို တက်မှာကလည်း လုံမျိုးနွယ်စုကိုယ်စား ဝင်တိုက်ပေးဖို့ပဲ"
"အခုလို အချိန်မှာ စီနီယာက သူ့ကို ဝိညာဉ်ရှာဖွေခြင်း လုပ်မယ်ဆိုရင် အဲဒါက လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုရဲ့ လောင်းကြေးပွဲကို ဝင်နှောင့်ယှက်တာနဲ့ အတူတူပါပဲ၊ အဲဒါကတော့ အချိန်အခါ မသင့်တော်ဘူး ထင်တယ်"
အားလုံးက သတိရသွားကြပါတယ်။
တတိယအဆောင်က ဒီ ဖူယွမ်ကျူး ဆိုတဲ့ ပုဂ္ဂိုလ်က လီချန်စန်း နဲ့ တစ်မြေတည်းသားတွေပါ။
မတူတာတစ်ခုက ဖူယွမ်ကျူး က ကွန်ဖြူးရှပ်ဝါဒကို ကျင့်ကြံတာပါ။
ဒါက ချောင်ဖုန်းနယ်မြေမှာ လူနည်းစု ကျင့်စဉ် ဖြစ်ပေမဲ့ ထာဝရရှင်သန်ခြင်း လမ်းစဉ် ထဲမှာတော့ ပါဝင်ပါတယ်။
သူ့ရဲ့ တတိယအဆောင်မှာရှိတဲ့ အဆင့်အတန်းက လီချန်စန်း ထက် အများကြီး ပိုမြင့်မားသလို၊ လုံမျိုးနွယ်စုက လူငယ်တွေကလည်း သူ့ကို တော်တော်လေး လေးစားကြပါတယ်။
"ငါ မင်းကို သိတယ်၊ မင်းက မြေဝက်ဝံကြယ် က လာတာပဲ"
ကျောက်ယွင်လူ က ဖူယွမ်ကျူး ကို ကြည့်ပြီး ပြုံးလိုက်တယ်
"ဒီကောင်လေးက မင်းရဲ့ မျိုးဆက်လား"
"သူ့ရဲ့ မိသားစု အကြီးအကဲတွေက ကျုပ်ရဲ့ မိတ်ဆွေတွေပါ၊ အခု သူက ခရီးဝေး လာရတာဆိုတော့ ကျုပ်အနေနဲ့ အနည်းနဲ့အများတော့ စောင့်ရှောက်ပေးရမှာပေါ့"
ဖူယွမ်ကျူး က မာန်မပါဘဲ ပြုံးပြီး ပြောလိုက်တယ်
"စီနီယာလည်း မြင်တဲ့အတိုင်းပါပဲ၊ သူ့ရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံမှုနဲ့က စီနီယာရဲ့ သွေးသားကို တစ်ခုခု လုပ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး"
"အဲဒါတော့ မသေချာဘူးလေ၊ ကျွန်မ မောင်လေး ပြောတာတော့ ဒီကောင်က ဟိုမှာတုန်းက သူ့ဘေးမှာ လွတ်လပ်သောမသေမျိုး တစ်ယောက် စောင့်နေတယ်တဲ့"
"အဲဒါကြောင့်သာ မဟုတ်ရင် ကျွန်မ မောင်လေးတို့ အဲဒီလောက် အရှက်တကွဲ ရှုံးမှာ မဟုတ်ဘူး"
အသံတစ်ခု ထွက်ပေါ်လာပါတယ်။
စုန်းမျိုးနွယ်စုက လူတွေက စုန်းစုစု ကို ကြည့်လိုက်ကြသလို၊ လွတ်လပ်သောမသေမျိုး အကြီးအကဲ အချို့ရဲ့ မျက်နှာမှာလည်း ပြုံးစိစိ ဖြစ်သွားကြပါတယ်။
ဒီလိုအချိန်မှာ လုံမျိုးနွယ်စုအတွက် ပြဿနာပိုများအောင် လုပ်ပေးနိုင်တာက စုန်းမျိုးနွယ်စုအတွက် အကျိုးရှိစေတာမို့ သူတို့က မတားကြပါဘူး။
"တကယ့်ကို ခွေးစိတ်နဲ့ မိန်းမပဲ"
လုံရွှမ်း ရဲ့ မျက်နှာက မကောင်းလှပါဘူး
"သူမက အခုလို အချိန်မှာ ဒါတွေကို ပြောတာက ဖန့်ချန်ကို သေတွင်းထဲ တွန်းပို့နေတာပဲ"
"အခြေအနေက ဒီအထိ ရောက်လာမှတော့ ငါတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး၊ လုံမျိုးနွယ်စုက လွတ်လပ်သောမသေမျိုး ဘိုးဘေးတွေ ရှေ့ထွက်လာမလားဆိုတာပဲ စောင့်ကြည့်ရတော့မယ်"
ချန်ကျော့ကျူး က တိုးတိုးလေး ပြောပါတယ်။
"ကြည့်ရတာ ဟို တောရိုင်းကျောင်းတော် က လူက သူ့ကို တကယ်ပဲ အလေးထားတာပဲ"
ယန်ခုန်း ရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်ချင်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။
စုန်းစုစု ပြောတဲ့ လွတ်လပ်သောမသေမျိုး ဆိုတာ ဘယ်သူလဲဆိုတာ သူ သိပါတယ်။
ဒီကိစ္စက သူတို့ဆီမှာဆိုရင်တော့ ကျင့်ကြံသူတွေ အံ့သြသွားနိုင်ပေမဲ့ ချောင်ဖုန်းနယ်မြေမှာတော့ ဟို အဘိုးကြီးရွှင် ရောက်လာရင်တောင် နောက်ဆုံးတန်းမှာပဲ ထိုင်ရမှာမို့ ဘာမှ မပြောပလောက်ပါဘူး။
"ဪ မင်းဘေးမှာ လွတ်လပ်သောမသေမျိုး စောင့်နေပေးတယ် ဟုတ်လား"
ကျောက်ယွင်လူ က မဲ့ပြုံး ပြုံးပြီး ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။
အဲဒီ အပြုံးရဲ့ နောက်ကွယ်မှာတော့ အေးစက်စက် သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ကိန်းအောင်းနေပါတယ်။
တကယ်လို့ လွတ်လပ်သောမသေမျိုး စောင့်နေပေးတာ မှန်ရင် သူ့သားက ဒီလူ့လက်ထဲမှာ သေသွားတာ ဖြစ်နိုင်ခြေ ရှိပါတယ်။
"လွတ်လပ်သောမသေမျိုး စောင့်နေပေးတာက ထူးဆန်းလို့လား ဒီကောင်လေးက ငါ့ဇာတိမြေရဲ့ မျိုးဆက်သစ်တွေထဲမှာ ဓားပညာ ပထမဆုံးလူပဲ သူ့ရဲ့ ဆရာသခင်က အရင်တုန်းက ဓားသင်္ချိုင်းလှေကားထစ်မှာ ထိပ်ဆုံးတက်ခဲ့တဲ့ လီကျန်းနျန် ပဲ"
လီချန်စန်း က ရုတ်တရက် ဝင်ပြောလိုက်ပါတယ်
"ဒီလိုမျိုး နောက်ခံနဲ့ အရည်အချင်းရှိတဲ့သူကို ငါတို့ဆီမှာ အကြီးအကဲတွေက မျက်စိကျပြီး စောင့်ရှောက်ပေးတာက သဘာဝပါပဲ"
"ဒါပေမဲ့ သူ့အတွက်နဲ့ ချောင်ဖုန်းနယ်မြေအထိ လိုက်လာပြီး လူသတ်ပေးတယ်ဆိုတာကတော့ အခြေအမြစ်မရှိတဲ့ စကားတွေပါ"
"မျိုးဆက်သစ်တွေထဲမှာ ပထမဆုံးလူ ဟုတ်လား"
ယန်ခုန်း ရဲ့ မျက်နှာ ပျက်သွားပြီး လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။
သူ့အထင်မှာတော့ သူကသာ မျိုးဆက်သစ်တွေထဲမှာ ပထမဆုံးလူ ဖြစ်ရမှာပါ။
"လီကျန်းနျန်... ရင်းနှီးနေသလိုပဲ"
ဒီမှာရှိနေတဲ့ လွတ်လပ်သောမသေမျိုးတွေရဲ့ စိတ်ထဲမှာ တစ်ခုခုကို သတိရသွားကြပါတယ်။
အဲဒီအချိန်မှာပဲ အဘွားအိုတစ်ယောက်က ဖူယွမ်ကျူး ရဲ့ နောက်ကွယ်မှာ ဖြည်းဖြည်းချင်း ပေါ်လာပါတယ်။
သူမရဲ့ အကြည့်တွေက လျှပ်စစ်မီးလို ထက်မြက်နေပြီး ဖန့်ချန်ပေါ်မှာ ကျရောက်သွားတယ်
"မင်းက လီကျန်းနျန် ရဲ့ မြေးတပည့်လား"
"ဓားနတ်ဘုရား အဘိုးကြီးက ကျွန်တော့်ရဲ့ ဘိုးဘေးပါ"
ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
"ဒီလူကို ငါ အာမခံတယ်"
အဘွားအိုက ကျောက်ယွင်လူ ကို ကြည့်ပြီး ပြောလိုက်တယ်
"မင်းသား သေတာက ငါ့လုံမျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူး၊ ရန်သူရှာချင်ရင် တခြားနေရာမှာ သွားရှာပါ"
"ဒါက တတိယအဆောင်က အဲဒီလူပဲ..."
စုန်းမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေ မျက်နှာ ပျက်သွားကြပါတယ်။
ဒီနေ့ လောင်းကြေးပွဲမှာ နှစ်ဖက်စလုံးက အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေ ရောက်မလာကြပါဘူး။
အဆင့် ၂ လွတ်လပ်သောမသေမျိုး အချို့ကပဲ ဦးဆောင်နေကြတာပါ။
ဒါပေမဲ့ ဒီနေ့ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုက အဆင့် ၂ တွေ အကုန်လုံး ပေါင်းလိုက်ရင်တောင် ဒီအဘွားအိုကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုံမျိုးနွယ်စု တတိယအဆောင်ကနေ ဆင်းသက်လာတဲ့ ဒီအဘွားအိုဟာ ချောင်ဖုန်းနယ်မြေမှာ နာမည်ကြီးခဲ့တာပါ။
သူမရဲ့ လူသတ်နည်းတွေက ဆန်းပြားလွန်းပြီး ကြောက်စရာ ကောင်းပါတယ်။
သူမလက်ထဲမှာ သေခဲ့ရတဲ့ အဆင့် ၁ နဲ့ အဆင့် ၂ တွေက မရေမတွက်နိုင်အောင်ပါပဲ။
အဲဒီအချိန်တုန်းက ကျင့်ကြံရေးလောကမှာ သူမကို သျှောင်နတ်နဂါးမလေး လို့ ခေါ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ ဒီ သျှောင်နတ်နဂါးမလေး ဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး လောကထဲမှာ မကျင်လည်တော့ပါဘူး။
အဲဒီအချိန်ကစပြီး လူတွေက သူမကို တဖြည်းဖြည်း မေ့သွားကြပါတယ်။
သူမရဲ့ သက်တမ်းကုန်ခါနီးလို့ လုံမျိုးနွယ်စုထဲမှာ အဆင့် ၃ အတွက် တံခါးပိတ် ကျင့်ကြံနေတယ်လို့ပဲ ထင်ခဲ့ကြတာပါ။
ဒီနေ့ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုရဲ့ လောင်းကြေးပွဲမှာ ဒီ သျှောင်နတ်နဂါးမလေး ပေါ်လာပြီး လီချန်စန်း ခေါ်လာတဲ့ ဓားကျင့်ကြံသူကို အာမခံလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။
သူမ စကားတစ်ခွန်း ပြောလိုက်တာက ဒီနေ့ လုံမျိုးနွယ်စုရဲ့ သဘောထား ဖြစ်သွားပါတယ်။
ဘာလို့လဲဆိုတော့ ဒီနေ့ ရောက်နေတဲ့ လုံမျိုးနွယ်စုက အဆင့် ၂ နဲ့ အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေ အားလုံးဟာ သူမရဲ့ မျိုးဆက်တွေ ဖြစ်နေလို့ပါပဲ။
အားလုံးရဲ့ အကြည့်တွေက ကျောက်ယွင်လူ ဆီကို ရောက်သွားပါတယ်။
ဒီပုဂ္ဂိုလ်က သျှောင်နတ်နဂါးမလေး ကို မျက်နှာပေးမလားဆိုတာ စပ်စုနေကြတာပါ။
"သျှောင်နတ်နဂါးမလေး... ငါတို့ မတွေ့တာ တော်တော်ကြာပြီပဲ"
ကျောက်ယွင်လူ က ခေတ္တ တိတ်ဆိတ်သွားပြီးနောက် အဘွားအိုကို လက်အုပ်ချီ နှုတ်ဆက်ပြီး ရယ်လိုက်တယ်
"တကယ်ဆိုရင် ဒီနေ့ မင်းရဲ့ မျက်နှာကို ငါ ထောက်ထားရမှာပါ၊ ဒါပေမဲ့ ငါ့သားရဲ့ အသက်နဲ့ ပတ်သက်နေတာမို့ ဒီကောင်ကို ဝိညာဉ်ရှာဖွေခြင်း မလုပ်ရင်တောင် သူတို့ကိုတော့ လုပ်ရလိမ့်မယ်၊ သျှောင်နတ်နဂါးမလေး အနေနဲ့ ငါ့ကို မျက်နှာပေးမလား "
သူက ဖုတုန်းဟိုင် တို့ကို လက်ညှိုးထိုးပြလိုက်ပါတယ်။
"သူတို့ကိုတော့... မင်းသဘောပါ"
အဘွားအိုက ခေါင်းညိတ်လိုက်ပါတယ်။
လုံအောက် ရဲ့ ဘေးက ရွှယ်ရှန်း ရဲ့ မျက်နှာ ပျက်သွားပါတယ်။
သူက လုံအောက် ကို လှမ်းကြည့်လိုက်ပေမဲ့ လုံအောက် က ဘာမှမဖြစ်သလို ငြိမ်နေတာကြောင့် သူ့ရဲ့ မျက်နှာက ပိုပြီးတော့တောင် မကောင်းတော့ပါဘူး။
"စီနီယာ... ကျွန်တော်တို့ ကျောက်သခင်လေးနဲ့ လမ်းခွဲခဲ့တုန်းက သူက ဘာမှ မဖြစ်သေးပါဘူး၊ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့က ဒီကောင်ကို ချန်ထားခဲ့ကြတာပါ အဲဒီနောက်ပိုင်း ဘာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ လုံးဝ မသိပါဘူး "
ဖုတုန်းဟိုင် က ရုတ်တရက် ဝင်ပြောလိုက်ပါတယ်။
လုံရို့ က ဖုတုန်းဟိုင် ကို ကြည့်လိုက်ပေမဲ့ ဖုတုန်းဟိုင် ကတော့ သူမကို မကြည့်ရဲဘဲ ခေါင်းငုံ့ထားပါတယ်။
ဖုတုန်းဟိုင် ရဲ့ စကားကြောင့် အားလုံးရဲ့ မျက်နှာတွေက ပိုပြီး ထူးဆန်းသွားပါတယ်။
ဒါဆိုရင် တကယ်ပဲ ဒီကောင်နဲ့ ပတ်သက်နေတာလား
မဟုတ်ရင် ဒီကောင်က ဘာမှ မဖြစ်ဘဲ ကျောက်မင်ရွှမ် တို့ပဲ ဘာလို့ ပြဿနာတက်သွားတာလဲ