အခန်း (၁၀၃၅-၁၀၃၆)
Vol. 104 Ch. 1035-1036
အခန်း (၁၀၃၅) ငါ မင်းကို လိုက်ပို့ပေးမယ်
နှစ်ဖက်စလုံး စက္ကန့်အနည်းငယ်ကြာ အခြေအတင် ဖြစ်ပြီးနောက် လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ ခြေလှမ်းတွေကို ရွှေ့ဖယ်ပေးလိုက်ကြပါတယ်။
ပိုင်လင်ယွဲ့ ဟာ တစ်ကိုယ်လုံး သွေးတွေနဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေပါတယ်။
အခုတော့ အားနည်းစွာနဲ့ အသက်ရှူနေရပြီး ခုနက လှမ်းခေါ်လိုက်တဲ့ အသံဟာ သူ့ရဲ့ အားအင်ရှိသမျှကို သုံးလိုက်ရပုံပါပဲ။
ဖန့်ချန်က ပိုင်လင်ယွဲ့ ရဲ့ ရှေ့ကို လျှောက်သွားပြီး ဒူးထောက်ကာ ဒဏ်ရာကို စစ်ဆေးလိုက်ပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အရိုးတွေ မြင်ရတဲ့အထိ နက်ရှိုင်းတဲ့ ဒဏ်ရာအချို့ ရှိနေပေမဲ့ အပြင်းထန်ဆုံးကတော့ အဲဒီဓားဒဏ်ရာတွေ မဟုတ်ပါဘူး။
သူ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက လုံးဝ ကြေမွနေပြီး အသားတွေက ပျော့စိစိ ဖြစ်နေတာပါ။
"မင်း အမြင့်ကနေ ပြုတ်ကျလာတာလား"
ဖန့်ချန်က ခပ်တိုးတိုး မေးလိုက်ပါတယ်။
ပိုင်လင်ယွဲ့ ရဲ့ လက်ရှိ ခန္ဓာကိုယ်က သာမန်လူ တစ်ယောက်လိုပါပဲ။
ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာကြောင့် စကားပြောဖို့တောင် ခက်ခဲနေပါတယ်။
သူ ခဏလောက် အမောတကော အသက်ရှူပြီးမှ အားယူကာ တိုးတိုးလေး ပြောနိုင်ပါတော့တယ်
"ကျွန်တော့်ကို လုံမျိုးနွယ်စုက ဓားကျင့်ကြံသူက တွန်းချလိုက်တာ... စုန်းမျိုးနွယ်စုက လူတွေ သူ့ကို လာတိုက်တော့ ကျွန်တော်က သူ့ဘေးမှာ ရှိနေတာနဲ့ ကျွန်တော့်ကို ဆွဲပြီး ဓားနဲ့ ကာလိုက်တာပဲ"
"ကံကောင်းလို့ အဲဒီတုန်းက ၃ ပေ၊ ၄ ပေ လောက်ပဲ မြင့်သေးလို့၊ မဟုတ်ရင်... ကျွန်တော် တစ်ကိုယ်လုံး ကြေမွပြီး သေနေလောက်ပြီ"
အနီးနားက လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေရဲ့ မျက်နှာတွေ ပျက်ကုန်ကြပါတယ်။
အဲဒီထဲက တစ်ယောက်က ရယ်ပြီး ပြောတယ်
"ဖန့်ကျင့်ကြံသူ... ဒီလူက ယောင်ယမ်းပြီး ပြောနေတာပါ ငါတို့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ကိုယ့်လူအချင်းချင်း ဓားနဲ့ ကာစရာလား သူက အားကုန်နေတာရယ်၊ စုန်းမျိုးနွယ်စုက လူတွေရဲ့ ဓားချက်အချို့ မိသွားတာရယ်ကြောင့် နွယ်ပင်ပေါ်ကနေ ပြုတ်ကျသွားတာပါ"
"မင်း... လျှောက်ပြောနေတာ..."
ပိုင်လင်ယွဲ့ က မျက်လုံးကို အကြိမ်ကြိမ် လန်တက်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်ပါတယ်။
အဲဒီနောက် ဖန့်ချန်ကို အားနည်းစွာ ကြည့်ရင်း
"ငါ အသက်မရှင်တော့ဘူး မဟုတ်လား"
"အသက်ရှင်နိုင်ပါသေးတယ်၊ နောက်ဆုံး ထွက်သက်လေးကိုပဲ ထိန်းထားလိုက်"
ဖန့်ချန်က ဆိုပါတယ်။
"ကျုပ်ကို မညာပါနဲ့တော့ ဒီလို ဒဏ်ရာမျိုးနဲ့... ကျုပ်ဘယ်လိုမှ မရှင်နိုင်တော့ပါဘူးတကယ်လို့ မင်းအနေနဲ့ ဇာတိမြေကို ပြန်ခွင့်ရခဲ့ရင် ကျုပ်ရဲ့ အရိုးပြာတွေကို တစ်ခါတည်း သယ်သွားပေးပါ"
ပိုင်လင်ယွဲ့ က ရုတ်တရက် ဖန့်ချန်ရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်ပါတယ်။
"ထားလိုက်ပါတော့၊ မင်းရဲ့ ဒီဒဏ်ရာက... တကယ်ပဲ မရှင်နိုင်တော့ပါဘူး ငါ မင်းကို လိုက်ပို့ပေးမယ်ဒါပေမဲ့ မှတ်ထားပါ၊ ဘာပဲဖြစ်ဖြစ် အဲဒီနေရာမှာပဲ ငါ့ကို စောင့်နေပါ"
ဖန့်ချန်က ပိုင်လင်ယွဲ့ ရဲ့ ပုခုံးကို ဆွဲကိုင်ပြီး လှေကားထစ် အစွန်းဘက်ကို လျှောက်သွားပါတယ်။
ပိုင်လင်ယွဲ့ က နာကျင်လွန်းလို့ တုန်ယင်နေပြီး အသက်ကို မနည်းရှူနေရပါတယ်။
သူက ဖန့်ချန်ကို ထိတ်လန့်တကြီး ကြည့်ပြီး
"ဖန့်... ဓားခေါင်းဆောင်... ဘာလုပ်မလို့လဲ"
"ငါ ခုနက ပြောတာကို မှတ်ထားပါ"
ဖန့်ချန်က ပြုံးလိုက်ပြီး အားနဲ့ ပစ်ပေါက်လိုက်တဲ့အခါ ပိုင်လင်ယွဲ့ ဟာ လေထဲကို ဝေ့တက်သွားပြီး အောက်ဘက်ကို တန်းတန်းမတ်မတ် ပြုတ်ကျသွားပါတော့တယ်။
ပိုင်လင်ယွဲ့ ရဲ့ မျက်နှာမှာ မယုံနိုင်စရာတွေ ဖြစ်နေပါတယ်။
"ဖန့်ချန်... မင်းကို ငါ..."
ပိုင်လင်ယွဲ့ ရဲ့ အသံက တဖြည်းဖြည်း သေးငယ်သွားပြီး မကြားရတော့ပါဘူး။
အားလုံးက ခဏလောက် စောင့်နေပြီးမှ အောက်ဘက်ကနေ မြည်ဟည်းတဲ့ အသံကြီး တစ်ခုကို ကြားလိုက်ရပါတယ်။
လှေကားထစ်ပေါ်က လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကြက်သီးမွေးညင်းတွေ ထသွားကြပါတယ်။
ဒီကောင်က ကိုယ့်လူအချင်းချင်းတောင် ဒီလောက်အထိ ရက်စက်ရတာလား
မသေမျိုးလှေပေါ်မှာတော့ ချန်ချင်းထိုက် က လီချန်စန်း ကို ကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်တယ်
"ဒီကလေးကတော့ အလားအလာ ရှိတာပဲ"
"သူက သူ့ရဲ့ အဖော်ကို ဒုက္ခမရောက်စေချင်ရုံတင်ပါ"
လီချန်စန်း က ခေါင်းညိတ်ပြတယ်
"ဖြတ်တောက်သင့်ရင် ပြတ်ပြတ်သားသား ဖြတ်တောက်ရမယ်၊ တကယ်ပဲ အလားအလာ ရှိပါတယ်"
သူ့နေရာမှာသာ ဆိုရင်လည်း သူ ဒီလိုပဲ လုပ်မှာပါ။
ပိုပြီး မြင့်တဲ့ နေရာမှာတော့ တိထျန်း နဲ့ ပေတု က လာတဲ့ ယန်ခုန်း၊ တန့်ဇီရွှိ၊ ဟော့ယွမ်ဝေ စတဲ့ ဓားကျင့်ကြံသူတွေကလည်း ဒါကို မြင်လိုက်ရပါတယ်။
အချို့က ချက်ချင်းပဲ ဆဲရေးလိုက်ကြပြီး အချို့ကတော့ ဘာမှ မပြောဘဲ ရှေ့ကိုပဲ ဆက်တက်နေကြပါတယ်။
ဒီနေရာကို ရောက်ရင် ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ပါဘူး။
အခုအချိန်မှာ ထိပ်ဆုံးရောက်ဖို့ပဲ သူတို့ရဲ့ ပန်းတိုင် ဖြစ်နေပါပြီ။
လှေကားထစ်ပေါ်မှာတော့ ဖန့်ချန်က လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေ ရှေ့ကို လျှောက်သွားပြီး ပြုံးမေးလိုက်တယ်
"ဘယ်သူက သူ့ကို ဓားနဲ့ ကာဖို့ သုံးလိုက်တာလဲ"
"မင်း အထင်လွဲနေတာပါ၊ သူက ဒဏ်ရာပြင်းထန်လို့ စိတ်ကယောင်ကတမ်းတွေ ဖြစ်နေတာ ဘယ်သူမှ သူ့ကို ဓားနဲ့ မကာပါဘူး၊ သူ့ရဲ့ အရည်အချင်း မရှိလို့သာ ဖြစ်တာပါ"
လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်ကာ နွယ်ပင်ဆီကို လျှောက်သွားပါတယ်။
ဒါပေမဲ့ ခြေလှမ်း နှစ်လှမ်းလောက်ပဲ လျှောက်ရသေးတယ်၊ နောက်ကျောကနေ အေးစိမ့်သွားတာကို ခံစားလိုက်ရပါတယ်။
သူ ငုံ့ကြည့်လိုက်တဲ့အခါ သွေးတွေ စိုရွှဲနေတဲ့ ဓားဦးက သူ့ရင်ဘတ်ကနေ ထွက်နေတာကို တွေ့လိုက်ရပါတယ်။
ဖန့်ချန်က ဓားရှည်ကို ပြန်ဆွဲထုတ်လိုက်ပြီး အလောင်းက ဒူးထောက်လဲကျသွားတာကို လွှတ်ထားလိုက်ပါတယ်။
အဲဒီလူရဲ့ အဝတ်အစားနဲ့ ဓားပေါ်က သွေးတွေကို သုတ်လိုက်ရင်း မှင်တက်နေတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို ကြည့်ကာ
"တကယ်လို့ သူ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေရဲ့ လက်ချက်နဲ့ သေတာဆိုရင်တော့ သူ့ရဲ့ အရည်အချင်း မရှိလို့ပါပဲ ဒါပေမဲ့ ကိုယ့်လူအချင်းချင်းကပဲ လက်ချက်ဆိုရင်တော့ ငါ့ရဲ့ ဒီတောသား အဖော်က ဘယ်လိုလုပ်ပြီး မျက်စိမှိတ်နိုင်မှာလဲ ဒါကြောင့်... မင်းတို့ကိုပါ သူ့ဆီ အဖော်အဖြစ် လိုက်ပို့ပေးရလိမ့်မယ်"
တစ်ဝက်လောက် ရောက်နေတဲ့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ဒါကို မြင်တော့ အားရပါးရ ရယ်မောနေကြပါတယ်။
"မင်း... မင်း သတ္တိကတော့ တော်တော် ကောင်းတာပဲ၊ အဲဒါက ဒုတိယဓားကျောင်း ကျောင်းအုပ်ရဲ့ တပည့်အရင်းကွ"
လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြီး အော်ဟစ်လိုက်ပါတယ်။
မသေမျိုးလှေ တစ်စင်းပေါ်မှာတော့ မသေမျိုးဘုရင် အဆင့် ဓားကျင့်ကြံသူတစ်ယောက်က မျက်လုံးတွေက လျှပ်စီးလို တောက်ပနေပြီး ဖန့်ချန်ကို စူးစိုက်ကြည့်နေပါတယ်။
သူ့မျက်လုံးထဲက သတ်ဖြတ်လိုတဲ့ စိတ်ကလည်း ဖုံးကွယ်မထားပါဘူး။
"မင်းကရော ဘယ်ကျောင်းအုပ်ရဲ့ တပည့်လဲ"
ဖန့်ချန်က အဲဒီလူဆီကို လျှောက်သွားပါတယ်။
အဲဒီ လုံမျိုးနွယ်စု ဓားကျင့်ကြံသူက မသိစိတ်ကနေ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး
"မင်း မလာနဲ့၊ ဒီကိစ္စက ငါနဲ့ မဆိုင်ဘူး"
"ဒါဆို ဘယ်သူနဲ့ ဆိုင်တာလဲ ပြောလိုက်ပါ၊ ပြောရင် မင်းတို့ကို ငါ ဒုက္ခမပေးတော့ဘူး"
ဖန့်ချန်က ပြုံးပြတယ်
"မင်းတို့ ဒီလောက်အထိ မပြောချင်ဘူးဆိုတာက အဲဒီလူက လုံမျိုးနွယ်စုရဲ့ ဓားကျောင်း ၉ ခုထဲမှာ အဆင့်အတန်း မြင့်လို့လား"
"အခု မပြောလည်း ငါ ခဏနေရင် မေးလို့ ရပါတယ် ဒီအတွက်ကြောင့်နဲ့ အသက်အဆုံးခံရတာကတော့ မတန်ဘူးနော်"
"သူ ငါတို့ကို မသတ်ရဲပါဘူး၊ တစ်ယောက် သတ်တာက ထားလိုက်ပါဦး၊ ထပ်ပြီး လက်လှုပ်ရင် ဓားသင်္ချိုင်းလှေကားထစ်ကနေ ထွက်တာနဲ့ ယွင်လူမြို့ကလူ လာရှာစရာ မလိုဘူး၊ လုံမျိုးနွယ်စုက လူကြီးမင်းတွေကပဲ သူ့အသက်ကို နှုတ်လိမ့်မယ် "
တစ်ယောက်က ဟိန်းဟောက်လိုက်ပါတယ်။
ဖန့်ချန်က အဲဒီလူဆီကို အမြန်လျှောက်သွားပါတယ်။
ထိုလူက ဒါကို မြင်တော့ နောက်ကို အဆက်မပြတ် ဆုတ်သွားပါတယ်။
တစ်ဖက်က တိုးလာပြီး တစ်ဖက်က ဆုတ်နေရင်းနဲ့ မကြာခင်မှာပဲ လှေကားထစ် အစွန်းကို ရောက်သွားပါတော့တယ်။
ထိုလူက အောက်ကို ငုံ့ကြည့်လိုက်ပါတယ်။
အရင်တုန်းကဆိုရင် ဒီလိုအမြင့်မျိုးက သူ့ကို ဘာမှ မဖြစ်စေပေမဲ့ အခု လူသာမန် ဖြစ်သွားတဲ့အခါမှာတော့ တကယ်ပဲ သာမန်လူတစ်ယောက်လို ဖြစ်သွားပါပြီ။
ဒီအမြင့်ကို မြင်တော့ ခြေထောက်တွေက မသိစိတ်ကနေ တုန်ယင်လာပြီး နှလုံးခုန်သံတွေကလည်း အရမ်းမြန်လာကာ မျက်နှာတစ်ခုလုံး နီမြန်းလာပါတယ်။
သူဟာ သေဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုတာကို ခံစားမိတဲ့အခါ သွားကြိတ်ပြီး
"ငါ ပြောမယ်..."
စကားမဆုံးခင်မှာပဲ အင်အားကြီးတဲ့ ခြေကန်ချက်တစ်ခု ရောက်လာပြီး သူဟာ မယုံနိုင်စရာကောင်းလောက်အောင် လေထဲကို ဝဲတက်သွားပါတယ်။
သူ့ရဲ့ ရင်ဘတ်ပေါ်က ခြေရာကို ကြည့်လိုက်၊ လှေကားထစ်ပေါ်မှာ ရပ်နေတဲ့ ဖန့်ချန်ကို ကြည့်လိုက်နဲ့ မျက်နှာမှာ နာကျည်းမှုတွေ ပြည့်နှက်ကာ ရူးသွပ်စွာ ဆဲရေးပါတော့တယ်။
ဖန့်ချန်က ကိုယ်ကိုလှည့်ပြီး ကျန်တဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဆီ လျှောက်သွားပါတယ်။
သူတို့ရှေ့ မရောက်ခင်မှာပဲ တစ်ယောက်က စကားစလိုက်ပါတယ်
"ခုနက ငါ မြင်လိုက်တာကတော့ မင်းရဲ့ အဖော်နဲ့ အနီးဆုံးမှာ ရှိနေတာက ပထမဓားကျောင်း က လုပင်းပင်း ပဲ"
"သူက ဘယ်လိုလူလဲ"
ဖန့်ချန်က ပြုံးမေးပါတယ်။
"ပထမဓားကျောင်း ကျောင်းအုပ်ရဲ့ ဒုတိယသားပဲ၊ အခု အသက် ၈၀၀ တောင် မပြည့်သေးဘူး၊ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ"
"ဩော်... ဒါဆို ဖုတုန်းဟိုင် လိုပဲ ပါရမီရှင်ပေါ့ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းနဲ့ ဘာလို့ ဒီနေရာမှာ ငါ့အဖော်နဲ့ လာဆုံနေရတာလဲ "
ဖန့်ချန်က ပြုံးပြီး မေးပါတယ်။
တစ်ဖက်လူရဲ့ မျက်နှာက ရှုပ်ထွေးသွားတယ်
"စုန်းမျိုးနွယ်စုက ဓားကျင့်ကြံသူတွေက သူ့ကို ဒုက္ခပေးပြီး တမင် နှောင့်နှေးအောင် လုပ်နေကြတာ"
"ကြည့်ရတာ ငါ့အဖော်က တကယ်ပဲ မလိမ်ခဲ့သလို၊ ယောင်ယမ်းပြီး ပြောတာလည်း မဟုတ်ဘူးပဲ"
ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ နွယ်ပင်ဆီကို လျှောက်သွားပါတယ်။
သူက အပေါ်ကို ဆက်တက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး ဖန့်ချန်ကို နောက်ကျောကနေ ဓားနဲ့ ထိုးဖို့ ကြိုးစားပါတယ်။
"အစ်ကို... ငါ အစ်ကို့အတွက် ကလဲ့စားချေပေးမယ်"
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဓားအလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီး လာတဲ့သူရဲ့ ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားပါတယ်။
သူ့ရဲ့ လည်ပင်းမှာ အပေါက်တစ်ခု ပွင့်ထွက်သွားပြီး သွေးတွေက ထိန်းမနိုင် သိမ်းမရ ပန်းထွက်နေပါပြီ။
သူက လက်ထဲက ဓားကို ချလိုက်ပြီး လည်ပင်းကို အလန့်တကြား ဖိထားရင်း လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဆီကို အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်ပါတယ်။
ဒါပေမဲ့ ဒီလိုဒဏ်ရာမျိုးက... ဘယ်လိုလုပ် ထိန်းလို့ ရမှာလဲ။
သူက ပါးစပ်ကို ဟရုံပဲ ရှိသေးတယ်၊ သွေးထွက်လွန်ပြီး မျက်နှာဖြူလျော့ကာ ဒူးထောက်လဲကျ သေဆုံးသွားပါတော့တယ်။
ဖန့်ချန်က ဓားကျောင်းက လုပ်ဖော်ကိုင်ဖက်တွေကို တစ်ယောက်ပြီးတစ်ယောက် သတ်နေတာကို မြင်တော့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ ဒေါသထွက်ပေမဲ့ မပြောရဲကြပါဘူး။
ဖန့်ချန်ရဲ့ နောက်ကျောကိုပဲ စိုက်ကြည့်နေကြပြီး ဘယ်သူမှ ထပ်ပြီး မတိုက်ခိုက်ရဲကြတော့ပါဘူး။
အခန်း (၁၀၃၆) မာန်
အဆင့် ၁၉ လှေကားထစ်
ဖန့်ချန်က အနားယူနေတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို ကြည့်ပြီး မေးလိုက်တယ်
" လုပင်းပင်း ရှိလား"
တစ်ယောက်က အပေါ်ကို လက်ညှိုးထိုးပြပြီး ရှုပ်ထွေးတဲ့ မျက်နှာထားနဲ့ ပြောပါတယ်
"သူ အပေါ်တက်သွားပြီ"
"ကျေးဇူးပဲ"
ဖန့်ချန်က ခေါင်းညိတ်ပြပြီး စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဆီ လျှောက်သွားပါတယ်။
"မင်း ဘာလုပ်မလို့လဲ"
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက် မျက်နှာဖြူလျော့သွားပြီး
"ငါတို့က စုန်းစုစု ရဲ့ လူတွေ မဟုတ်သလို စုန်းယိ ရဲ့ လူတွေလည်း မဟုတ်ဘူးနော်"
"စုန်းမျိုးနွယ်စုကပဲ မဟုတ်လား"
"... ဟုတ်တယ်"
"ဒါဆို ရပြီ"
ဖန့်ချန်က အပေါ်ကို တရစပ် တက်လှမ်းနေပြီး စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေနဲ့ တွေ့တိုင်း သတ်ဖြတ်နေတာကို မြင်တော့ စုန်းမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေရဲ့ မျက်နှာက အရမ်းကို မှောင်မှောက်သွားပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ လုံမျိုးနွယ်စုက လွတ်လပ်သောမသေမျိုး အချို့လည်း မျက်နှာမကောင်းကြပါဘူး။
ဒါပေမဲ့ သူတို့က ခံစားချက်ကို သေချာဖုံးကွယ်ထားပြီး အပြင်ကို ထုတ်မပြကြပါဘူး။
အဆင့် ၂၀ လှေကားထစ်။
"လုပင်းပင်း ရှိလား"
"အပေါ်တက်သွားပြီ"
"ကျေးဇူးပဲ"
အဆင့် ၂၃ လှေကားထစ်။
အဆင့် ၂၈ လှေကားထစ်။
အဆင့် ၃၀ လှေကားထစ်။
အချိန်က တစ်ရက် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး အခုတော့ ဓားသင်္ချိုင်းလှေကားထစ် ဖွင့်လှစ်တဲ့ ဒုတိယမြောက်နေ့ ညနေခင်းကို ရောက်နေပါပြီ။
အဆင့် ၃၀ လှေကားထစ်ကို ရောက်တဲ့အခါ ဖန့်ချန်ဟာ ပုခုံးပေါ်ကို အလုံးအရင်းနဲ့ ဖိချလာတဲ့ မမြင်ရတဲ့ ဖိအားတွေ ပိုလေးလံလာတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။
ခြေထောက်နှစ်ဖက်က ခဲရည်တွေ လောင်းထည့်ထားသလို လေးလံနေပြီး ခြေတစ်လှမ်း လှမ်းတိုင်းက အရမ်းကို ခက်ခဲလှပါတယ်။
အပေါ်မှာ တက်ဖို့ ၇၀ လောက် ကျန်ပါသေးတယ်။
နှစ်ပေါင်းများစွာအတွင်း ဘာလို့ လူအနည်းငယ်ပဲ ထိပ်ဆုံးရောက်နိုင်သလဲဆိုတာ သူ အခုမှ နည်းနည်း နားလည်သွားပါတယ်။
ကံကောင်းတာက လက်ရှိ ဖိအားကို သူ တောင့်ခံနိုင်ပါသေးတယ်။ ဘာမှတော့ မဟုတ်သေးပါဘူး။
"အဆင့် ၆၀ ကျော်မှ တကယ့်ကို ခြေလှမ်းတိုင်းက ခက်ခဲမှာ"
ဖန့်ချန်က မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး မိနစ် ၃၀ ခန့် အနားယူကာ အားပြန်ဖြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အချို့လူတွေက အဆင့် ၃၃ လှေကားထစ်အထိ ရောက်နေကြပါပြီ။
သူတို့တွေက လောင်းကစားဒိုင်တွေမှာ ရေပန်းစားနေတဲ့ လူတွေပါ။
ကျန်တဲ့လူတွေကတော့ ၃၁၊ ၃၂ တွေမှာ ရှိနေပြီး အချို့ကလည်း အဆင့် ၃၀ မှာပဲ နားနေကြပါတယ်။
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ အစက တုန်လှုပ်နေကြပါတယ်။
သူတို့ အားမပြည့်သေးခင်မှာ အတင်းတက်ရင် လမ်းတစ်ဝက်ကနေ ပြုတ်ကျနိုင်ပါတယ်။
ဒါပေမဲ့ ဖန့်ချန်က အောက်မှာ သူတို့လူတွေကို အများကြီး သတ်ခဲ့တာကြောင့် အပေါ်မတက်ရင်လည်း သူ့ဓားစာခံ ဖြစ်ရတော့မှာပါ။
ဘာလုပ်ရမှန်း မသိဖြစ်နေတုန်းမှာပဲ ဖန့်ချန်က စပြီး အနားယူနေတာကို တွေ့လိုက်ရတယ်...
"ဒါ ငါတို့အတွက် အခွင့်အရေး ဖြစ်နိုင်တယ်"
အနီးနားက စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်။
လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ ဝင်ပါဖို့ စိတ်မကူးသလို ဖန့်ချန်ကို သတိပေးဖို့လည်း မစဉ်းစားကြပါဘူး။
သူတို့အမြင်မှာတော့ ဒါက ခွေးချင်း ကိုက်နေကြတာပဲ မဟုတ်လား။
"ဖန့်ကျင့်ကြံသူ... ငါတို့ နားကြရအောင် မင်းကို ရန်စတဲ့လူတွေလည်း သေကုန်ပြီပဲ ငါတို့ကလည်း အမိန့်အရ လုပ်ရတာပါ ဓားသင်္ချိုင်းလှေကားထစ်မှာ အသေအလဲ တိုက်နေစရာ မလိုပါဘူး ငါတို့အားလုံးရဲ့ ပန်းတိုင်က ထိပ်ဆုံးရောက်ဖို့ပဲလေ"
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ဖန့်ချန်ဆီ လျှောက်သွားပါတယ်။
၁၀ ပေ ခန့် အကွာမှာ ရပ်လိုက်ပြီး ရိုးသားတဲ့ ပုံစံနဲ့ ပြောပါတယ်။
"ကောင်းပြီလေ"
ဖန့်ချန်က မျက်လုံးမဖွင့်ဘဲ ခေါင်းညိတ်ပြလိုက်ပါတယ်။
ချက်ချင်းဆိုသလို အဲဒီ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ချက်ချင်းပဲ ထရပ်ကာ ဓားတွေကို ကိုင်ပြီး ဖန့်ချန်ကို ဝိုင်းလိုက်ကြပါတော့တယ်။
"သူက လူတွေအများကြီးကို သတ်ခဲ့ပြီး မနားတမ်း တက်လာတာဆိုတော့ အားကုန်နေပြီပေါ့ အခုလို အားနည်းတဲ့ ပုံစံပြတာက ရန်သူ့လက်ထဲကို အားနည်းချက် ထိုးပေးလိုက်တာပဲ"
လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ခေါင်းခါရင်း ပြောပါတယ်။
ကျန်တဲ့လူတွေကတော့ ဘာမှ မပြောဘဲ ငြိမ်ကြည့်နေကြပါတယ်။
တစ်ဖက်မှာလည်း အသက်ရှူနှုန်းကို ထိန်းညှိပြီး အားအမြန်ဆုံး ပြန်ဖြည့်နေကြပါတယ်။
"မင်းတို့က နားမယ် ဆိုတာ မဟုတ်ဘူးလား"
ဖန့်ချန် မျက်လုံးဖွင့်လိုက်ပါတယ်။
မီးခိုးဖြူရောင် မျက်ဝန်းတွေက ဘာခံစားချက်မှ မရှိသလိုပါပဲ။
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ ခြေလှမ်းတွေ ရပ်သွားပါတယ်။
ဖန့်ချန်နဲ့ ၁၀ ပေခန့် အကွာကနေ သူ့ကို အကဲခတ်နေကြပြီး အကြည့်ချင်းနဲ့ပဲ စကားပြောနေကြပါတယ်။
ရှေ့ကလူက မျက်စိမမြင်ဘူး၊ ဒါကြောင့် သူတို့ စကားမပြောဘဲ အသံကို အတိုးဆုံး ထိန်းထားနိုင်ရင် ဒီနေ့ သူတို့လူတွေအတွက် ကလဲ့စားချေနိုင်မှာပါ။
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ပြန်မဖြေကြပါဘူး။
စက္ကန့်အနည်းငယ် ကြာတဲ့အခါ သူတို့တွေဟာ တပြိုင်နက်တည်း ဓားတွေနဲ့ ကြမ်းပြင်ကို ခေါက်ပြီး ကြည်လင်တဲ့ အသံတွေကို ထွက်ပေါ်စေပါတယ်။
ခေါက်သံတွေက တစ်ခါတလေ ပေါ့ပြီး တစ်ခါတလေ လေးတယ်၊ တစ်ခါတလေ ဝေးပြီး တစ်ခါတလေ နီးတယ်။
ဒါဟာ သူတို့ရဲ့ ခြေသံတွေကို ဖုံးကွယ်ဖို့ လုပ်လိုက်တာပါ။
ဟင်းလင်းပြင်ထဲမှာတော့ စုန်းမျိုးနွယ်စု လွတ်လပ်သောမသေမျိုးတွေဟာ ဒါကို မြင်တော့ အကြာကြီး ပျောက်ကွယ်နေတဲ့ အပြုံးတွေ ပြန်ပေါ်လာပါတယ်။
ဒီဓားကျင့်ကြံသူတွေကတော့ ဦးနှောက်မရှိတာ မဟုတ်ဘူးပဲ၊ ရန်သူကို ရင်ဆိုင်ဖို့ ဒီလိုနည်းလမ်းမျိုး သုံးတတ်သေးတယ်ပေါ့။
ရုတ်တရက် ဓားအလင်းတန်းတစ်ခုက ဖန့်ချန်ဆီကို လျှပ်စီးလို ပြေးဝင်သွားပါတယ်။
ဖန့်ချန်က ဓားကို ခပ်ဖွဖွ လွှဲလိုက်ရုံနဲ့ မြှားတစ်စင်းလို ပြေးဝင်လာတဲ့ ဓားရှည်က လွင့်ထွက်သွားပါတယ်။
ဓားထုတ်လိုက်တဲ့လူက အနားမကပ်ဘဲ ဓားကို လွှင့်ပစ်တဲ့ လက်နက် လို သုံးလိုက်တာပါ။
"ချောင်ဖုန်း နယ်မြေက ဓားကျင့်ကြံသူတွေ... မင်းတို့ ဒီလို ပုံစံဖြစ်နေတာက အပေါ်ယံပဲ ရှိတော့တာပဲ၊ မင်းတို့ရဲ့ မာန် တွေ ပျောက်ဆုံးကုန်ပြီ"
ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဓားကို ကိုင်ကာ လူအုပ်ဆီ လျှောက်သွားပါတယ်။
အဲဒီ ခေါက်သံတွေက သူ့အတွက် အဟန့်အတား မဖြစ်စေတဲ့အပြင် စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ ရှိတဲ့နေရာကို ပိုပြီး တိတိကျကျ သိစေပါတယ်။
ဓားကျင့်ကြံသူအချို့က ဘာအသံမှ မထွက်စေဘဲ ဖန့်ချန်ဆီကို တိတ်တဆိတ် ချဉ်းကပ်သွားပါတယ်။
ခေါက်သံတွေရဲ့ အကာအကွယ်အောက်မှာ သူတို့ရဲ့ ခြေသံက လုံးဝ မကြားရသလောက်ပါပဲ။
မကြာခင်မှာပဲ သူတို့တွေက လေးဘက်လေးလံကနေ ဖန့်ချန်နား ကပ်သွားပါတယ်။
ဓားထုတ်ဖို့ ပြင်လိုက်ရုံရှိသေးတယ်၊ လေပြင်းမုန်တိုင်းလို ပြင်းထန်တဲ့ ဓားကွက်တွေက သူတို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။
လူအချို့ဟာ တစ်ကွက်တောင် မကာနိုင်ဘဲ ဓားချက်မိပြီး သေဆုံးကုန်ပါတယ်။
အဲဒီအထဲက အသက်မထွက်သေးတဲ့ တစ်ယောက်က မကျေမနပ် မေးလိုက်တယ်
"မင်း ဘယ်လိုလုပ်ပြီး ငါတို့ကို သိတာလဲ..."
"မင်းတို့ ကိုယ့်ခြေသံကိုယ် မကြားရတာက ငါလည်း မကြားရဘူးလို့ မဆိုလိုဘူး မင်းတို့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးသံတွေက ငါ့နားထဲမှာ မြစ်ရေလှိုင်းတွေလိုပဲ ကျယ်လောင်နေတယ်"
ဖန့်ချန်က ခပ်အေးအေး ရှင်းပြလိုက်ပြီး ဓားနဲ့ အဲဒီလူရဲ့ မျက်ခုံးအလယ်ကို ထိုးစိုက်လိုက်ပါတယ်။
အဲဒီနောက် ဓားကို ပြန်ဆွဲထုတ်ပြီး ကျန်တဲ့လူတွေဆီ လျှောက်သွားပါတယ်။
ဒါဟာ တစ်ဖက်သတ် သတ်ဖြတ်ပွဲ နောက်တစ်ခုပါပဲ။
ဒီဓားကျင့်ကြံသူတွေဟာ အပြင်လောကမှာ ပေါင်းစပ်ခြင်းအဆင့် ဖြစ်ဖြစ်၊ တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်ဖြစ်၊ အခုအချိန်မှာတော့ ဖန့်ချန်ရဲ့ လက်ထဲမှာ တစ်ကွက်တောင် တောင့်မခံနိုင်ကြပါဘူး။
လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ မှင်တက်နေကြပါတယ်။
တစ်ယောက်က အံ့သြတကြီး ပြောတယ်
"ငါ ဘယ်လို ခံစားနေရလဲဆိုတော့... စုန်းမျိုးနွယ်စုက လူတွေက သူတို့ဘာသာသူတို့ သူ့ဓားအောက်ကို အသေခံဖို့ သွားနေကြသလိုပဲ"
"ငါလည်း အဲဒီလိုပဲ ခံစားရတယ်..."
အားလုံး ထိတ်လန့်သွားကြပါတယ်။
သာမန်လူတစ်ယောက်ရဲ့ ဓားပညာက ဒီအဆင့်အထိ ရောက်နိုင်တာလား
လူသာမန်တွေကတော့ အပေါ်ယံ ပွဲကြည့်ကောင်းတာကိုပဲ မြင်ကြပေမဲ့ ပညာရှင်တွေကတော့ အနှစ်သာရကို မြင်ကြပါတယ်။
လွတ်လပ်သောမသေမျိုးတွေက ဖန့်ချန်ကို သတ္တိရှိတယ်လို့ပဲ မြင်ကြပေမဲ့ သူတို့ခေါ်လာတဲ့ မသေမျိုးဘုရင် အဆင့် ဓားကျင့်ကြံသူတွေကတော့ အနှစ်သာရကို တဖြည်းဖြည်း မြင်လာကြပါပြီ။
"ရှုခေါ့... မင်း တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတွေရဲ့ စွမ်းဆောင်ရည်ကို သိလား"
ကျူးယွမ်ချန်း က ရုတ်တရက် မေးလိုက်ပါတယ်။
ကျူးရှုခေါ့ မှင်တက်သွားပြီး တိုးတိုးလေး ဖြေပါတယ်
"အဖေ... ပုံမှန်ဆိုရင် တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူ နှစ်ယောက် ပူးပေါင်းရင် အဆင့် ၁ လွတ်လပ်သောမသေမျိုး ရှေ့ကနေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်တယ်လို့ သိထားပါတယ်"
"ဟုတ်တယ်၊ ပုံမှန်ဆိုရင်တော့ အဲဒီလို တွက်ချက်တာပေါ့ တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတိုင်းမှာ အားနည်းချက်၊ အားသာချက် ရှိပေမဲ့ အရမ်းကြီးတော့ မကွာခြားလှဘူး"
"ဒါပေမဲ့... ဒီကလေးရဲ့ ဆရာဘိုးဘေး လီကျန်းနျန် တုန်းကတော့ တက်လှမ်းခြင်းအဆင့်ကို ရောက်ပြီးတာနဲ့ တစ်ယောက်တည်းတင် အဆင့် ၁ လွတ်လပ်သောမသေမျိုး ရှေ့ကနေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ရုံတင်မကဘဲ တစ်ဖက်လူကို ဒဏ်ရာရအောင်ပါ လုပ်နိုင်ခဲ့တယ်"
ကျူးယွမ်ချန်း က ခပ်အေးအေး ပြောလိုက်ပါတယ်။
"ဒီလိုမျိုးတောင် ရှိတာလား"
ကျူးရှုခေါ့ မယုံနိုင်အောင် ဖြစ်သွားပါတယ်။
ဓားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းမှန်း သူသိပေမဲ့ ဘယ်လောက်ပဲ ဖြစ်ဖြစ် အကန့်အသတ်တော့ ရှိရမှာ မဟုတ်လား။
"ဒီကလေးသာ တက်လှမ်းခြင်းအဆင့် ရောက်သွားရင် လီကျန်းနျန် လိုပဲ ဖြစ်လာလိမ့်မယ်"
ကျူးယွမ်ချန်း က သက်ပြင်းတစ်ချက် ချလိုက်တယ်
"သူတို့တွေက ဓားအတွက် မွေးဖွားလာသူတွေပဲ ဒီလို ပါရမီမျိုးက သာမန်လူတွေ ဘယ်လိုမှ လိုက်မမီနိုင်ဘူး"
"အဖေ... အဖေ ပြောချင်တာက... သူ တကယ်ပဲ ထိပ်ဆုံးရောက်ဖို့ မျှော်လင့်ချက် ရှိတယ်လို့ ဆိုလိုတာလား"
ကျူးရှုခေါ့ အသက်ရှူမှားသွားပါတယ်။
"တကယ်လို့ ဘယ်သူမှ မတားဆီးဘူးဆိုရင် သူ ထိပ်ဆုံးရောက်ဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ် အခုတော့... ၄၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်"
ကျူးယွမ်ချန်း က ပြောပါတယ်။
"၄၀ ရာခိုင်နှုန်း..."
ကျူးရှုခေါ့ ရဲ့ မျက်နှာက အနည်းငယ် ပျက်သွားပါတယ်။
သာမန်ဓားကျင့်ကြံသူတစ်ယောက်က ဘယ်သူမှ မတားဆီးရင်တောင် ထိပ်ဆုံးရောက်ဖို့ အခွင့်အရေးက ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။
အခု ဒီကလေးကတော့ လူတွေ တားဆီးနေတဲ့ ကြားကတောင် ၄၀ ရာခိုင်နှုန်းတောင် ရှိနေသေးတာလား
သူ့အဖေရဲ့ စကားကို သူ ယုံကြည်ပါတယ်။
ဒီလိုကိစ္စမျိုးမှာ သူ့အဖေ အကြည့် မလွဲနိုင်ပါဘူး။