အခန်း (၁၀၃၇-၁၀၃၈)
Vol. 104 Ch. 1037-1038
အခန်း (၁၀၃၇) ရပါတယ်၊ ငါ သူ့ကို ဖျောင်းဖျပေးမယ်
ဘယ်လောက်ကြာသွားမှန်း မသိတော့ပါဘူး၊ ဖန့်ချန်ရဲ့ ရှေ့မှာ မတ်တပ်ရပ်နိုင်သူ အနည်းငယ်သာ ကျန်ပါတော့တယ်။
ကျန်ရှိနေတဲ့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူ အနည်းငယ်ဟာ တိုက်ပွဲထဲကို မဝင်ခဲ့ကြတာကြောင့် အခြေအနေမဟန်မှန်း သိတာနဲ့ နွယ်ပင်တွေကို ဆွဲပြီး အပေါ်ကို အတင်းတက်သွားကြပါတယ်။
ဖန့်ချန်ကတော့ လိုက်မသွားပါဘူး။
မနေ့ကနေ ဒီနေ့အထိ သူ့ရဲ့ အားအင်တွေက တကယ်ပဲ အများကြီး ကုန်ဆုံးသွားခဲ့ပါပြီ။
ခုနကလည်း တစ်ပွဲ တိုက်ခဲ့ရသေးတာကြောင့် ဆက်ပြီး အနားမယူရင် မကြာခင်မှာပဲ အင်အားချည့်နဲ့သွားတော့မှာပါ။
"မတက်လာကြနဲ့ဦး သူ အားကုန်နေပြီ မြန်မြန်သွားပြီး သူ့ကို ရှင်းပစ်လိုက်ကြ "
အဆင့် ၃၁ လှေကားထစ်ပေါ်က စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ဟိန်းဟောက်လိုက်ပါတယ်။
"သွားချင် မင်းသွားလေ "
အဲဒီ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ ဘေးလွတ်ရာ ရှောင်ရမယ်ဆိုတဲ့ အသိရှိကြပါတယ်။
ဒီကိစ္စအတွက်နဲ့ ကိုယ့်အသက်ကို အဆုံးမခံချင်ကြပါဘူး။
ခုနကတင် ထိုလူက နားမယ်လို့ ပြောခဲ့တာပဲ။
အဲဒါက သူ အားကုန်နေပြီဆိုတာကို ပြနေတာပဲ မဟုတ်လား။
ဒါပေမဲ့ နောက်ပိုင်းမှာရော ထိုလူက တစ်ယောက်တည်းနဲ့ ဓားတစ်လက်ကို ကိုင်ပြီး သူတို့လူတွေကို အကုန်နီးပါး သတ်ပစ်ခဲ့တာလေ။
အခု ထိုလူက လိုက်မလာတာဟာ အားကုန်လို့ မဟုတ်ဘဲ ခုနကလိုမျိုး ကြောင်က ကြွက်ကို ကစားသလိုမျိုး သူတို့ကို နောက်ပြောင်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။
အောက်ကလူတွေက လက်မလှုပ်ချင်ကြတာကို မြင်တော့ အပေါ်ကလူတွေလည်း မျက်လုံးပြူးကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။
သူတို့အမြင်မှာတော့ ဖန့်ချန်ဟာ အခု တကယ်ပဲ အားကုန်နေပြီဖြစ်လို့ ထပ်ပြီး လက်လှုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ထင်နေကြတာပါ။
"တကယ်ပဲ အားကုန်သွားတာ ဖြစ်ရမယ်"
လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဖန့်ချန်ရဲ့ အခြေအနေကို ခန့်မှန်းနေကြပါတယ်။
"ဟုတ်သားပဲ... လုပင်းပင်း ရှိလား"
ဖန့်ချန်က ရုတ်တရက် စကားပြောလိုက်ပါတယ်။
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်က ခေါင်းခါပြတယ်
"ဒီမှာ မရှိဘူး၊ သူ အပေါ်ပိုင်းမှာ ရှိတယ်"
"ကျေးဇူးပဲ"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
အဆင့် ၃၃ လှေကားထစ်။
ဒီအပေါ်မှာတော့ လူအနည်းငယ်သာ ရှိပါတော့တယ်။
တစ်ယောက်ချင်းစီက အပြင်မှာဆိုရင် ဓားကျင့်ကြံသူတွေထဲက ထိပ်တန်းတွေချည်းပါပဲ။
"စီနီယာ လု... ပထမအိမ်တော် က ခေါ်လာတဲ့ အဲဒီဓားကျင့်ကြံသူက ခင်ဗျားကို လိုက်ရှာနေတယ် သူ့ရဲ့ အဖော်အတွက် ကလဲ့စားချေချင်ပုံပဲ"
ဓားကျင့်ကြံသူတစ်ယောက်က လေးနက်တဲ့ မျက်နှာနဲ့ ပြောပါတယ်။
သူတို့လည်း ခုနက ဖန့်ချန် တစ်ယောက်တည်းနဲ့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို သတ်ဖြတ်နေတာကို မြင်ခဲ့ရတာပါ။
အဲဒီလူကတော့ တကယ့်ကို မိစ္ဆာတစ်ကောင်ပါပဲအကျိုးအကြောင်းလည်း ပြောလို့မရဘူး
လုပင်းပင်း က ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ်ကလည်း သွယ်လျပါတယ်။
သူက ဖန့်ချန်ဆီကနေ အကြည့်လွှဲလိုက်ပြီး ခပ်အေးအေး ပြောလိုက်တယ်
"သူ ငါ့ကို အမီလိုက်နိုင်မှ ကလဲ့စားချေဖို့အကြောင်း ပြောလို့ရမှာပါ"
ပြောပြီးတာနဲ့ လုပင်းပင်း က မလှမ်းမကမ်းက ယန်ခုန်း ကို ကြည့်လိုက်တယ်
"ယန်ခုန်း... မင်းနဲ့ သူနဲ့ ဆက်ဆံရေးက ဘယ်လိုလဲ"
"ငါတို့ကြားမှာ ရန်ငြိုးအချို့ ရှိတယ် ဒါပေမဲ့ လောင်းကစားပွဲကိစ္စကြောင့် ဆရာက အချင်းချင်း တိုက်ခိုက်တာကို ခွင့်မပြုဘူး"
ယန်ခုန်း က ခပ်အေးအေး ပြုံးလိုက်ပါတယ်။
တန့်ဇီရွှိ နဲ့ ဟော့ယွမ်ဝေ တို့ဟာ ယန်ခုန်းရဲ့ အကူအညီကြောင့် အခု အဆင့် ၃၃ လှေကားထစ်ကို ရောက်နေကြပါပြီ။
ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ အတော်လေး ပင်ပန်းနေကြပြီဖြစ်လို့ အချိန်လုပြီး အနားယူနေကြပါတယ်။
"ဒါဆို အဲဒီလူက တကယ်ပဲ ငါ့ကို လာရှာရင် မင်း သူ့ကို ကူညီမှာ မဟုတ်ဘူးပေါ့"
လုပင်းပင်း က ရယ်ပြီး မေးပါတယ်။
"စီနီယာ လုကလည်း နောက်နေပြန်ပြီ၊ ကျွန်တော်က ဘာလို့ သူ့ကို ကူညီရမှာလဲ "
ယန်ခုန်း က ခေါင်းခါရင်း ရယ်လိုက်တယ်
"ဒါပေမဲ့ ကျွန်တော်လည်း လက်လှုပ်မှာ မဟုတ်ဘူးနော်၊ ဆရာက ကြည့်နေတာလေ၊ စီနီယာ လု အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်"
"နားလည်ပါတယ်"
လုပင်းပင်း က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီးနောက် တစ်ယောက်တည်း ထိုင်ကာ အားပြန်ဖြည့်နေတဲ့ ပိုင်ချင်းမင် ဆီကို အကြည့်လွှဲလိုက်ပါတယ်။
"ကြားတာတော့ ဖန့်ချန်နဲ့ မင်းနဲ့က ဂိုဏ်းတူ ညီအစ်ကိုတွေဆို၊ နှစ်ယောက်လုံးက ဟင်လင်းပြင်ထာဝရဓားဂိုဏ်း က တပည့်တွေလား"
ပိုင်ချင်းမင် က မျက်လုံးဖွင့်လိုက်ပြီး ပေါင်ပေါ်က ဓားကို ကိုင်ကာ
"ဘာလဲ တိုက်ချင်လို့လား"
လုပင်းပင်း မျက်မှောင်ကြုတ်သွားပြီးမှ ခပ်ဖွဖွ ရယ်လိုက်တယ်
"ငါတို့ရဲ့ ပန်းတိုင်က ထိပ်ဆုံးရောက်ဖို့ပဲ၊ အချင်းချင်း တိုက်နေတာက ငါတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး ဒီကနေ ထွက်သွားရင်တောင် အပေါ်က လူကြီးမင်းတွေရဲ့ အပြစ်ပေးတာ ခံရဦးမယ်၊ အဲဒီအချိန်ကျရင် လီချန်စန်း လည်း မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
သူက ခဏရပ်ပြီး
"တကယ်လို့ မင်းရဲ့ ညီလေးက အမီလိုက်လာရင် သူ့ကို နည်းနည်း ဖျောင်းဖျပေးဖို့ မျှော်လင့်တယ်၊ ငါ့ကို လာမရံစပါနဲ့လို့"
"ရပါတယ်၊ ငါ သူ့ကို ဖျောင်းဖျပေးမယ်"
ပိုင်ချင်းမင် က ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
ဖျောင်းဖျလို့ ရမှပေါ့။
ဖန့်ချန်ရဲ့ စရိုက်ကို သူ သိတာပေါ့၊ ပါးစပ် နှစ်ပေါက် ရှိရင်တောင် ဖျောင်းဖျလို့ ရမှာ မဟုတ်ဘူး။
"ငါ မင်းကို သိပ်မယုံဘူး"
လုပင်းပင်း က ရုတ်တရက် ရယ်လိုက်တယ်
"သူ့ကို သတ်ပစ်လိုက်ကြ၊ နောက်ထပ် ဒုက္ခတွေ မများရအောင်"
လုံမျိုးနွယ်စု ဓားကျင့်ကြံသူ အချို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဓားကို ကိုင်ကာ ပိုင်ချင်းမင် ဆီကို လျှောက်သွားကြပါတယ်။
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ဒါကို မြင်တော့ သူတို့မျက်နှာမှာ အပြုံးတွေ ပေါ်လာပြီး တစ်ယောက်က ရယ်ပြောတယ်
"ငါလည်း မင်းတို့ကို ကူညီပေးမယ်၊ ဒီကောင်နဲ့ သူ့ညီလေးကို အမြစ်ဖြတ်ရမယ်၊ အဲဒါမှ ငါတို့ အားလုံး မျှမျှတတ ယှဉ်ပြိုင်နိုင်မှာ"
"မင်းတို့ တစ်သိုက်လုံး အရှက်မရှိတဲ့ ကောင်တွေ"
ပိုင်ချင်းမင် က ဆဲရေးလိုက်ပြီး နွယ်ပင်တွေရှိရာဘက်ကို ချက်ချင်း ပြေးသွားပါတယ်။
တစ်ချိန်တည်းမှာပဲ ယန်ခုန်း ကိုလည်း လှမ်းပြောလိုက်သေးတယ်
"ယန်ခုန်း... အားလုံးက ဇာတိမြေတူတွေပဲ၊ မင်းက တကယ်ပဲ ကြည့်နေပြီး မကယ်တော့ဘူးလား"
ယန်ခုန်း က ဘာသံမှ မထွက်ပါဘူး။
တန့်ဇီရွှိ နဲ့ ဟော့ယွမ်ဝေ တို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဝေခွဲမရ ဖြစ်နေကြပါတယ်။
"ငါ မကယ်တာ မဟုတ်ဘူး၊ ငါ့မှာလည်း အခြေအနေတွေ ရှိလို့ပါ"
ယန်ခုန်း က ခပ်အေးအေး ပြောလိုက်ပါတယ်။
"ခွေးသူတောင်းစား"
ပိုင်ချင်းမင် က ဟိန်းဟောက် ဆဲဆိုလိုက်ပြီး နွယ်ပင်တွေကို ဆွဲကာ အပေါ်ကို အတင်း တက်သွားပါတော့တယ်။
လုပင်းပင်း တို့က ဒါကို မြင်တော့ ထပ်ပြီး အနားမယူတော့ဘဲ ပိုင်ချင်းမင် ကို အရင် အမီလိုက်ပြီး ဒီရန်စွယ်ကို ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
"စီနီယာ ဖု... ဒီကိစ္စကို ငါတို့ ဝင်ပါရမလား"
ကျန်းကောင်းထျန်း က ဖုတုန်းဟိုင် ကို ကြည့်ပြီး မေးပါတယ်။
"ဂရုစိုက်နေစရာ မလိုဘူး"
ဖုတုန်းဟိုင် က ခပ်ဖွဖွ ခေါင်းခါပြပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လဝက်ခန့် ကုန်ဆုံးသွားခဲ့ပါပြီ။
လူတွေကြားက ကွာခြားချက်လေးတွေကလည်း ဒီအချိန်မှာ တဖြည်းဖြည်း ပေါ်လာပါတယ်။
အချို့က အဆင့် ၅၀ လှေကားထစ်ကို ရောက်နေကြပြီဖြစ်ပြီး အချို့ကတော့ အဆင့် ၄၀ မှာပဲ ရှိနေပါသေးတယ်။
ကံကောင်းတာက နွယ်ပင်တွေပေါ်မှာ အသီးအချို့ ရှိနေတာကြောင့် ဗိုက်ဆာတာနဲ့ ရေငတ်တာကို ဖြေဖျောက်နိုင်ပါတယ်။
မဟုတ်ရင်တော့ နောက်ပိုင်းမှာ ခြေလှမ်းတွေက ပိုနှေးလာမှာဖြစ်ပြီး လှေကားထစ် တစ်ထစ်တက်ဖို့ တစ်ရက် ဒါမှမဟုတ် ရက်အတော်ကြာ အချိန်ပေးရမှာပါ။
တွက်ချက်ကြည့်ချက်အရ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ အခုဆိုရင် တစ်ဝက်ခန့် သေဆုံးသွားပါပြီ။
အချို့က အားကုန်ပြီး ပြုတ်ကျသွားတာ ဖြစ်ပေမဲ့ အများစုကတော့ ဖန့်ချန်ရဲ့ လက်ထဲမှာ သေခဲ့ရတာပါ။
ဆန့်ကျင်ဘက်အနေနဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ အခြေခံအားဖြင့် အားလုံး အန္တရာယ်ကင်းနေကြပါတယ်။
နှစ်ဖက်စလုံးရဲ့ လောင်းကစားပွဲမှာ လုံမျိုးနွယ်စုက အသာရနေပါပြီ။
သုံးလ ကြာပြီးနောက်။
အဆင့် ၆၀ လှေကားထစ်။
လောကသားတွေရဲ့ အမြင်အရ ဓားသင်္ချိုင်းလှေကားထစ်ရဲ့ အဆင့် ၆၀ ကို ရောက်နိုင်သူဟာ သောင်းဂဏန်းမှာ တစ်ယောက်ပဲ ရှိတဲ့ ဓားပညာပါရမီရှင်တွေပါပဲ။
တကယ်လို့ သာမန်လူတစ်ယောက်သာ ဒီနေရာကို ရောက်လာရင် ကျင့်ကြံခြင်း ပါရမီ အနည်းငယ် ရှိရုံနဲ့တင် ထိပ်တန်း မျိုးနွယ်စုကြီးတွေက မျက်စိကျခြင်း ခံရမှာပါ။
လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုရဲ့ ဓားကျင့်ကြံသူတွေကတော့ မူလကတည်းက ရွေးချယ်ခံထားရသူတွေ ဖြစ်လို့ ဒီကို ရောက်လာတာက အဆန်းမဟုတ်ပါဘူး။ အမြန်နှုန်းပဲ ကွာတာပါ။
အခု လုံမျိုးနွယ်စု ဓားကျင့်ကြံသူ အများအပြားက အောက်ပိုင်းမှာ ရှိနေသေးပေမဲ့ စုန်းမျိုးနွယ်စုကတော့... အဆင့် ၆၀ အောက်မှာ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူ တစ်ယောက်မှ မရှိတော့ပါဘူး။
သူတို့အားလုံး အဆင့် ၆၀ အပေါ် ရောက်သွားတာ မဟုတ်ပါဘူး၊ နှေးတဲ့လူမှန်သမျှကို ဖန့်ချန်က အောက်ကို လိုက်ပို့ပေးလိုက်လို့ပါ။
"ဒီနေရာက ခံစားချက်က... တကယ့်ကို ခြေလှမ်းတိုင်းက ခက်ခဲတာပဲ"
ဖန့်ချန်က အဆင့် ၆၀ လှေကားထစ်ကို ရောက်လာပါတယ်။
သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေပါပြီ။
လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုက ဓားကျင့်ကြံသူ အတော်များများကလည်း သူ့လိုပါပဲ။
အချို့ဆို မြေပြင်ပေါ်မှာ လှဲပြီး အိပ်မောကျနေကြပါတယ်။
"ဖန့်ချန် လာနေပြီ၊ မအိပ်ကြနဲ့တော့"
တစ်ယောက်က ဘေးက အဖော်ကို နှိုးလိုက်ပါတယ်။
ဖန့်ချန် ရောက်လာတာကို တွေ့တော့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ဒေါသထွက်ကုန်ကြပါတယ်။
ဒါပေမဲ့ သူတို့ ထွက်မပြေးကြပါဘူး။
အခုအချိန်မှာ ခြေတစ်လှမ်း လှမ်းဖို့တောင် အင်အား အများကြီး သုံးနေရတာလေ။
"မကြောက်နဲ့၊ သူလည်း ငါတို့ကို တိုက်ဖို့ အင်အား မရှိတော့ဘူး"
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က တိုးတိုးလေး ပြောပါတယ်။
"မင်း ငါတို့ကို လာမတိုက်နဲ့တော့၊ မင်းတို့ လုံမျိုးနွယ်စုက ဓားကျင့်ကြံသူတွေက မင်းရဲ့ စီနီယာကို လိုက်သတ်နေကြတယ်၊ မင်း အပေါ်ကို စောစောမတက်ရင် သူ့အလောင်းတောင် အေးသွားလိမ့်မယ်"
တစ်ယောက်က ဖန့်ချန်ကို လှမ်းအော်ပြောပါတယ်။
"ဘယ်သူလဲ"
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
"လုပင်းပင်း"
ထိုလူက အေးစက်စွာ ပြောပါတယ်။
အနီးနားက လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေရဲ့ မျက်နှာကတော့ အနည်းငယ် မရိုးမသား ဖြစ်သွားပါတယ်။
ဖန့်ချန်က ဒါကို မြင်တော့ အပေါ်ကို တစ်ချက် ကြည့်လိုက်ပြီး နွယ်ပင်ဆီကို တန်းတန်းမတ်မတ် သွားကာ အပေါ်ကို ဆက်တက်ပါတော့တယ်။
စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ အားလုံး သက်ပြင်းချနိုင်သွားကြပါတယ်။
သူတို့ရင်ထဲမှာ လုပင်းပင်း ကိုတောင် ကျေးဇူးတင်မိသလိုပါပဲ။
ဒီလူသာ မရှိရင် အခု ဖန့်ချန်က သူတို့ကို ထပ်ပြီး အနားမပေးဘဲ လိုက်သတ်နေဦးမှာ မဟုတ်လား။
အပေါ်ကို ရောက်လေလေ လူနည်းလေလေ ဖြစ်လာပါတယ်။
လအနည်းငယ် ကြာပြီးနောက် ဖန့်ချန်က အပေါ်ကို တက်နေတုန်း နွယ်ပင်တွေကြားကနေ အသံတစ်ခု ထွက်လာပါတယ်။
"ဘယ်သူလဲ"
"ငါပါ"
တစ်ကိုယ်လုံး သွေးတွေနဲ့ ပိုင်ချင်းမင်က ခေါင်းပြူထွက်လာတယ်
"သူတို့အားလုံး အပေါ်မှာ ရှိနေတယ်၊ မင်း ခဏလောက် အပေါ်မတက်နဲ့ဦး ဒီမှာ နွယ်ပင်တွေ များလို့သာ ငါ အသက်မထွက်သေးတာ"
သူ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက ဗလာဖြစ်နေပါတယ်။ ခြေထောက်နှစ်ဖက်လုံး မရှိတော့ဘဲ ပျောက်ကွယ်နေပါပြီ။
ဒဏ်ရာကို နွယ်ပင်တွေနဲ့ အတင်း စည်းနှောင်ထားလို့သာ သွေးထွက်လွန်ပြီး မသေတာပါ။
အခန်း (၁၀၃၈) ဒီနေ့ ငါက မင်းရဲ့ ဓားပဲ
"မင်းရဲ့ အသံက အရမ်းအားနည်းနေတယ်"
ဖန့်ချန်ရဲ့ စိတ်လှုပ်ရှားသွားပါတယ်။
သူရှိနေတဲ့ နေရာက အဆင့် ၆၇ နဲ့ ၆၈ လှေကားထစ် ကြားထဲမှာပါ။
"ငါ့မှာ ခြေထောက်နှစ်ဖက်လုံး မရှိတော့တာလေ၊ အားနည်းမှာပေါ့"
ပိုင်ချင်းမင်က မျက်စံလှန်ပြလိုက်တယ်
"ယန်ခုန်း က အခု သူတို့နဲ့ တစ်လေသံတည်း ထွက်နေပြီ မင်းကို အရင်ရှင်းပစ်ဖို့ သူတို့အားလုံး သဘောတူထားကြတယ်၊ အဲဒါပြီးမှ သူတို့အချင်းချင်း အရှုံးအနိုင် ဆုံးဖြတ်ကြမှာတဲ့"
ဖန့်ချန် အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ တကယ်ပဲ ခေါင်းအချို့က ပြူထွက်ပြီး ချောင်းကြည့်နေတာကို တွေ့လိုက်ရပါတယ်။
"စီနီယာ... မင်းရဲ့ အခြေအနေက တကယ်မကောင်းဘူး၊ ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲ"
ဖန့်ချန်က တိုးတိုးလေး မေးလိုက်ပါတယ်။
"ငါ့အထင်တော့ စားစရာနဲ့ သောက်စရာသာ ရှိရင် ခဏတဖြုတ် အသက်ဆက်ဖို့ ပြဿနာမရှိပါဘူး ငါ အောက်ကို ဖြည်းဖြည်းချင်း ပြန်ဆင်းသွားဖို့ စိတ်ကူးထားတယ် ဒီနေရာကနေ ထွက်သွားလို့ ကျင့်ကြံမှု ပြန်ရလာရင် ခဏလောက် အနားယူလိုက်တာနဲ့ ခြေထောက်တွေက အလိုလို ပြန်ပေါက်လာမှာပါ"
ပိုင်ချင်းမင်က ဆက်ပြောတယ်
"ဒါထက် မင်းကရော ဘာလုပ်ဖို့ စိတ်ကူးလဲ အဲဒီကောင်တွေက မရိုးရှင်းဘူးနော် မင်း အပေါ်တက်သွားရင် တစ်ယောက်တည်းနဲ့ အများကြီးကို ယှဉ်ဖို့ ခက်လိမ့်မယ်"
"အခု သူတို့က သာမန်လူတွေပဲလေ ဘယ်လောက်ပဲ မရိုးရှင်းပါစေဦး ဘာမှ သိပ်ထူးခြားမှာ မဟုတ်ပါဘူး"
ဖန့်ချန်က ခပ်ပေါ့ပေါ့ပဲ ပြောလိုက်ပြီး
"ဒါပေမဲ့ စီနီယာ အောက်ကို ဆင်းသွားဖို့တော့ ငါ အကြံမပြုဘူး အောက်မှာ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ ရှိနေတယ် သူတို့က ငါ့ကို နာကျည်းနေကြတာဆိုတော့ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး"
"မင်း အခုမှ သိတာလား"
ပိုင်ချင်းမင်ရဲ့ မျက်နှာမှာ ခါးသီးတဲ့ အပြုံးတစ်ခု ပေါ်လာတယ်
"ရန်သူတွေက များလွန်းနေပြီ မင်းရဲ့ ဆရာက မင်းကို လူမသိအောင် နေခိုင်းတာကို မင်းကတော့ လုံးဝ လူမသိအောင် နေဖို့ စိတ်မကူးဘူးပဲ"
"ငါ ဒီထဲ မဝင်ခင် ကြားခဲ့တာတော့ ထိပ်ဆုံးကို ရောက်သွားရင်လည်း ကျင့်ကြံမှု ပြန်ရနိုင်တယ်တဲ့၊ မူလလမ်းအတိုင်း ပြန်ဆင်းစရာ မလိုပါဘူး"
ဖန့်ချန်က ဆိုပါတယ်။
"မင်း ဘာလုပ်မလို့လဲ"
ပိုင်ချင်းမင် မှင်တက်သွားပါတယ်။
ခဏအကြာမှာတော့ သူဟာ ဖန့်ချန်ရဲ့ ကျောပေါ်မှာ ရောက်နေပါပြီ။
နွယ်ပင် အသေးစား ၁၀ ပင်ကျော်လောက်နဲ့ ပိုင်ချင်းမင်ကို ဖန့်ချန်ရဲ့ ကျောမှာ မြဲမြံအောင် စည်းနှောင်ထားတာကြောင့် ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် လှုပ်ရှားပါစေ ပြုတ်ကျမှာ မဟုတ်ပါဘူး။
"ညီလေး... မင်း ဒီလိုလုပ်ရင် မင်းလည်း ထိပ်ဆုံးရောက်မှာ မဟုတ်ဘူး"
ပိုင်ချင်းမင်ရဲ့ မျက်နှာထားက ထူးဆန်းနေပါတယ်။
"မစမ်းကြည့်ဘဲ ဘယ်သိမလဲ ဒါမှမဟုတ် စီနီယာက ပိုင်လင်ယွဲ့ လိုမျိုး သေခြင်းတရားနဲ့ပဲ အဆုံးသတ်ချင်လို့လား"
ဖန့်ချန်က မေးလိုက်ပါတယ်။
"အဲဒီလိုတော့ မဟုတ်ပါဘူး... အသက်ရှင်နိုင်ရင်တော့ ငါလည်း ရှင်ချင်တာပေါ့ ဒါပေမဲ့... ငါက ညီလေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီလေ"
ပိုင်ချင်းမင်က သက်ပြင်းအသာ ချလိုက်ပါတယ်။
"စီနီယာက ခြေထောက်ပဲ ပြတ်တာလေ၊ လက်မှ မပြတ်တာ ဓားကိုင်နိုင်သေးရင် ဝန်ထုပ်ဝန်ပိုးလို့ ဘယ်ပြောလို့ ရမလဲ"
ဖန့်ချန်က ပြုံးပြီး အားတင်းကာ အပေါ်ကို ဆက်တက်ပါတော့တယ်။
ပထမအိမ်တော်ရဲ့ မသေမျိုးလှေ ပေါ်မှာတော့...
ချန်ချင်းထိုက် နဲ့ အဖွဲ့သားတွေ မျက်မှောင်ကြုတ်သွားကြပါတယ်။
"ဒီကလေးက အလားအလာရှိတယ်လို့ ပြောခါရှိသေးတယ်၊ အခုတော့ ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုး ထပ်တိုးလိုက်ပြီ တစ်ယောက်တည်း တက်ဖို့တောင် ခက်ခဲတဲ့နေရာမှာ နောက်တစ်ယောက်ကိုပါ ထပ်ခေါ်သွားတယ်တဲ့လား"
"ဒါပေမဲ့ လီချန်စန်းရဲ့ တပည့်ကလည်း တော်ရှာပါတယ်၊ သူလည်း ထိပ်ဆုံးရောက်ဖို့ အခွင့်အရေး ရှိတာပဲ"
တစ်ယောက်က ရယ်ပြီး ပြောပါတယ်။
လီချန်စန်း ကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေပါတယ်။
ဟင်းလင်းပြင်ထဲမှာ ရပ်ကြည့်နေကြတဲ့ ကျင့်ကြံသူအချို့ကတော့ ဖန့်ချန်က ပိုင်ချင်းမင်ကို ကျောပိုးလိုက်တာကို မြင်တော့ မျက်နှာတွေ ပျက်ကုန်ကြပါတယ်။
"ဒီကလေး ထိပ်ဆုံးရောက်ဖို့ အခွင့်အရေး များတယ်ဆိုပြီး ငါက အများကြီး လောင်းထားတာ၊ အခုတော့ အကုန်ပြောင်တော့မှာပဲ"
"တကယ့်ကို မိုက်မဲတာပဲ သူက ဓားသင်္ချိုင်းလှေကားထစ်ကို ဘာမှတ်နေတာလဲ တစ်ကိုယ်တည်း တက်ဖို့တောင် ခက်တာကို အခု လူတစ်ယောက်ပါ ထပ်ခေါ်သွားသေးတယ်"
"လူတစ်ယောက် မဟုတ်ပါဘူး၊ လူတစ်ဝက်ပါ"
"ဒါတောင် ပေါင် ၅၀-၆၀ လောက်တော့ လေးမှာပဲလေ"
စုန်းမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေကတော့ လုံမျိုးနွယ်စုဘက်ကို လှောင်ပြုံးနဲ့ လှမ်းကြည့်နေကြပါတယ်။
လက်ရှိ အခြေအနေအရ စုန်းမျိုးနွယ်စုက လူတွေ ထိပ်ဆုံးရောက်ဖို့ အခွင့်အရေးက လုံမျိုးနွယ်စုထက် ပိုများနေပါပြီ။
အဆင့် ၆၈ လှေကားထစ်ပေါ်မှာတော့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေက အရင်ဆုံး စတက်နေကြပါပြီ။
ဒါပေမဲ့ လုံမျိုးနွယ်စုက လူတွေကတော့ စောင့်နေကြတုန်းပါ။
လုံမျိုးနွယ်စုမှာ ဓားကျောင်း ၉ ခု ရှိပေမဲ့ လက်ရှိမှာတော့ တစ်ဝက်ခန့်ပဲ အဆင့် ၆၈ ကို ရောက်နိုင်ပါသေးတယ်။
သူတို့က အောက်ကို ငုံ့ကြည့်လိုက်ပြီး ဖန့်ချန်က ပိုင်ချင်းမင်ကို ကျောပိုးပြီး တက်လာတာကို မြင်တော့ မရယ်ဘဲ မနေနိုင်ကြတော့ပါဘူး
"ပိုင်ချင်းမင် ဘယ်ပျောက်နေလဲလို့၊ နွယ်ပင်တွေကြားမှာ ပုန်းနေတာကိုး"
လုပင်းပင်း က ပြုံးလိုက်တယ်
"ကိစ္စမရှိပါဘူး၊ သူက အခု လူပို တစ်ယောက် ဖြစ်နေပြီ ဖန့်ချန်က သူ့ကိုပါ ခေါ်လာတယ်ဆိုတော့ ဝန်ထုပ်ဝန်ပိုး တစ်ခု တိုးလာတာပဲလေ"
ပိုင်ချင်းမင်ရဲ့ ခြေထောက်တွေကို သူကိုယ်တိုင် ဖြတ်ခဲ့တာ မဟုတ်လား။
"မင်းက ပိုင်ချင်းမင်ကို အသက်ရှင်ရုံလေး ချန်ထားခဲ့တာ တမင်သက်သက်လား "
ယန်ခုန်း က လုပင်းပင်း ကို ကြည့်ပြီး မေးလိုက်ပါတယ်။
လုပင်းပင်း ကတော့ ဘာမှမပြောဘဲ ပြုံးနေရုံပါပဲ။
"ဒီကိစ္စမှာ ငါတို့ ဝင်မပါတော့ဘူး"
ဖုတုန်းဟိုင် က စကားတစ်ခွန်း ချန်ထားခဲ့ပြီး ကျန်းကောင်းထျန်း ကို ခေါ်ကာ နွယ်ပင်တွေဆီ ထွက်သွားပါတယ်။
"ငါလည်း အရမ်းကြီး ကြည့်မကောင်းတာမျိုး မလုပ်ချင်ဘူး"
ယန်ခုန်း က ခဏစဉ်းစားပြီး
"ငါ သူတို့ကို ခေါ်ပြီး အရင်သွားနှင့်လိုက်မယ်"
"ရပါတယ်"
လုပင်းပင်း က လက်ကာပြပါတယ်။
သူက ဒီလူတွေ အရင်သွားတာကို ဂရုမစိုက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူ အမီလိုက်နိုင်မှာပဲလေ။
စုန်းမျိုးနွယ်စုဝင်တွေ ထွက်သွားပြီ၊ ဖုတုန်းဟိုင် နဲ့ ယန်ခုန်း တို့လည်း ထွက်သွားကြပြီ။
အခု လှေကားထစ်ပေါ်မှာ လုပင်းပင်း နဲ့ ရင်းနှီးတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူ ၁၀ ယောက်ကျော်ပဲ ကျန်ပါတော့တယ်။
တကယ်လို့ အနှောင့်အယှက် မရှိရင် သူတို့အားလုံးဟာ အဆင့် ၈၀၊ ၉၀ အထိ တက်နိုင်တဲ့ ပါရမီရှင်တွေချည်းပါပဲ။
...
"ညီလေး... သတိထားတော့"
ပိုင်ချင်းမင်က အပေါ်ကို ကြည့်လိုက်ပါတယ်။
လုံမျိုးနွယ်စု ဓားကျင့်ကြံသူ အချို့က ဓားကိုင်ပြီး အဆင်သင့် စောင့်နေကြပါပြီ။
"စီနီယာ... မင်းရဲ့ ဓားကို မြဲမြဲကိုင်ထား"
ဖန့်ချန်က ပြောလိုက်ပါတယ်။
ပိုင်ချင်းမင်က ခေါင်းညိတ်ပြီး လက်ထဲက ဓားကို တင်းတင်းဆုပ်လိုက်ပါတယ်။
သူတို့နှစ်ယောက် လှေကားထစ်နဲ့ နီးကပ်လာပါပြီ။
လက်မအနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာ တစ်ယောက်က ဓားနဲ့ လှမ်းထိုးလိုက်ပါတယ်။
ပိုင်ချင်းမင်က ချက်ချင်းပဲ ဓားနဲ့ ပြန်ကာလိုက်ပါတယ်။
ပြင်းထန်တဲ့ အားကြောင့် သူ့လက်ထဲက ဓားတောင် လွတ်ထွက်သွားလုနီးပါး ဖြစ်သွားပါတယ်။
လုပင်းပင်း ကတော့ မလှုပ်မယှက် ရပ်နေပြီး ဒါကို ပြုံးကြည့်နေရုံပါပဲ။
"တက်လာချင်တာလား အိပ်မက်မက်နေလိုက်"
လုံမျိုးနွယ်စု ဓားကျင့်ကြံသူ အချို့က လှောင်ရယ်ရင်း အတူတူ ဝိုင်းတိုက်ကြပါတယ်။
အချို့က ပိုင်ချင်းမင်ကို တိုက်တယ်၊ အချို့က ဖန့်ချန်ကို တိုက်တယ်၊ အချို့ကတော့ နွယ်ပင်ကို ဖြတ်ဖို့ ကြိုးစားကြပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်က ဒီနှစ်ယောက်လုံးကို အောက်ကို ပြုတ်ကျစေပြီး အသားဖတ်ဖြစ်အောင် လုပ်ဖို့ပါပဲ။
ပိုင်ချင်းမင်ရဲ့ မျက်နှာက လေးနက်သွားပါတယ်။
အခု သူလုပ်နိုင်တာက ဖန့်ချန်ဆီ လာမယ့် တိုက်ကွက်အများစုကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့ပါပဲ။
ဒါပေမဲ့ သူ အများဆုံး တောင့်ခံနိုင်ရင် ၁၀ ကွက်ပဲ ရှိပါလိမ့်မယ်။
၁၀ ကွက် ကျော်ရင်တော့ ကံစီမံရာပဲပေါ့။
အဲဒီလို တွေးနေတုန်းမှာပဲ ပိုင်ချင်းမင်က အခွင့်အရေးတစ်ခုကို မြင်လို့ ဓားထုတ်ဖို့ ပြင်လိုက်ပေမဲ့ ဓားအရှိန်က ရုတ်တရက် ပြောင်းလဲသွားတာကို ခံစားလိုက်ရပါတယ်။
အဲဒါက ဖန့်ချန်က ရုတ်တရက် အဝေးကို ခုန်လိုက်ပြီး နောက်ထပ် နွယ်ပင်တစ်ခုကို ပြောင်းဆွဲလိုက်လို့ပါ။
ဒါပေမဲ့ တိုက်ဆိုင်မှုလားတော့ မသိဘူး၊ ပိုင်ချင်းမင်ရဲ့ ဓားက လုံမျိုးနွယ်စု ဓားကျင့်ကြံသူ တစ်ယောက်ရဲ့ ရင်ဘတ်ထဲကို အတိအကျ စိုက်ဝင်သွားပါတယ်။
သူ အများကြီး မစဉ်းစားအားဘဲ ဓားကို အရှိန်နဲ့ ပြန်ဆွဲထုတ်လိုက်တဲ့အခါ တစ်ဖက်လူဟာ မျက်နှာဖြူလျော့သွားပြီး နေရာတင် သေဆုံးသွားပါတော့တယ်။
"ဒါက တိုက်ဆိုင်မှုလား"
"ကံကောင်းလို့ နေမှာပါ"
ဒါကို ကြည့်နေတဲ့ ကျင့်ကြံသူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဝေဖန်နေကြပါတယ်။
ဒါပေမဲ့ ခဏအကြာမှာပဲ နောက်ထပ် အော်သံတစ်ခု ထွက်လာပြန်ပါတယ်။
နောက်ထပ် လုံမျိုးနွယ်စု ဓားကျင့်ကြံသူ တစ်ယောက်လည်း ပိုင်ချင်းမင်ရဲ့ ဓားချက်နဲ့ နှလုံးကို ဖောက်ထွက်ပြီး သေသွားပြန်ပါပြီ။
အားလုံးရဲ့ မျက်နှာတွေ လေးနက်သွားပါတယ်။
တစ်ခါဆိုရင် တိုက်ဆိုင်မှုလို့ ပြောလို့ရပေမဲ့ နှစ်ခါဆိုရင်တော့ ဒါက တိုက်ဆိုင်မှုထက် ပိုနေပါပြီ။
သူတို့အားလုံး ဖန့်ချန်ကို ကြည့်လိုက်ကြပြီး မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ရှိလာပါတယ်။
ဒီလူက သာမန်လူ ဖြစ်နေတာတောင်မှ သူ့ကျောပေါ်က ဝန်ထုပ်ဝန်ပိုးကို သူ့လက်ထဲက လက်နက်တစ်ခု ဖြစ်အောင် ပြောင်းလဲပစ်နိုင်တာလား ဒီလို တိုက်ပွဲအာရုံမျိုးက တကယ့်ကို ကြောက်စရာကောင်းလှပါတယ်။
"ဟားဟား... ညီလေး၊ ဒီနေ့ ငါက မင်းရဲ့ ဓားပဲ၊ သတ်ကြစို့"
ပိုင်ချင်းမင်က အားရပါးရ ရယ်မောလိုက်ပါတယ်။
သူလည်း အခုမှ သဘောပေါက်သွားတာပါ။
စက္ကန့်အနည်းငယ် ကြာတဲ့အခါ ဖန့်ချန်ရဲ့ ခြေထောက်နှစ်ဖက်က လှေကားထစ်ပေါ်မှာ တည်တည်ငြိမ်ငြိမ် နင်းမိသွားပါတယ်။
သူ့ဘေးမှာတော့ အလောင်းအချို့ လဲနေပြီး လုပင်းပင်း ကတော့ အဝေးကနေ သူ့ကို အကဲခတ်နေပါတယ်။
"မင်းရဲ့ ဓားပညာက ဓားကျောင်း ၉ ခုမှာတောင် ထိပ်တန်းလို့ ခေါ်လို့ရပါတယ် ငါတို့အားလုံးက ဓားကျင့်ကြံသူချင်းပဲ မဟုတ်လား၊ အရင်က အထင်လွဲတာတွေကို ဒီမှာတင် အဆုံးသတ်ကြရအောင်"
လုပင်းပင်း က ရုတ်တရက် စကားပြောလိုက်ပါတယ်။
"မင်းလို ဓားပညာ ပါရမီရှင်တစ်ယောက်က ဒီလို အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲမှာ သေသွားတာကို ငါ မမြင်ချင်ဘူး"
ဖန့်ချန်က ဓားတစ်လက်ကို ကောက်ပြီး ပိုင်ချင်းမင်ကို ပေးလိုက်ပါတယ်။
ပိုင်ချင်းမင်က ဓားနှစ်လက်ကို ကိုင်ထားပြီး ဖန့်ချန်ရဲ့ လက်ထဲမှာလည်း ဓားတစ်လက် ရှိနေတာကြောင့် အခု သူတို့ဆီမှာ ဓားသုံးလက် ရှိနေပါပြီ။
လုပင်းပင်းရဲ့ စကားကို ကြားတော့ ဖန့်ချန်က ပြုံးလိုက်တယ်
"ပြောပြီးသားပဲလေ၊ မင်းတို့က ဓားကိုပဲ လေ့ကျင့်နေတာ၊ ဓားကျင့်ကြံသူလို့ မခေါ်ထိုက်ဘူး ငါတို့က လမ်းစဉ်ချင်း မတူဘူး"
"ငါ့ညီလေးက ဖျောင်းဖျလို့ ရတဲ့လူ မဟုတ်ဘူး၊ ဒီနေ့တော့ မင်းတို့ လဲကျမလား၊ ငါတို့ လဲကျမလားပဲ"
ပိုင်ချင်းမင်က သွားဖြဲပြီး ရယ်လိုက်ပါတယ်။
လုပင်းပင်းရဲ့ မျက်နှာ မှောင်ကျသွားတယ်
"သူ့ကို ရှင်းပစ်လိုက်ကြ"
ပြောပြီးတာနဲ့ သူက နောက်တစ်ယောက်ကို ခေါ်ပြီး နွယ်ပင်တွေဆီ လှည့်ထွက်သွားပါတယ်။
ကျန်ရှိနေတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ အံကြိတ်ကာ ဖန့်ချန်တို့ နှစ်ယောက်ဆီကို ဓားတွေနဲ့ ချဉ်းကပ်လာပါတော့တယ်။