← Chapters

အခန်း (၁၀၃၉-၁၀၄၀)

Vol. 104 Ch. 1039-1040

အခန်း (၁၀၃၉-၁၀၄၀)

Vol. 104 Ch. 1039-1040

အခန်း (၁၀၃၉) မင်းကို သောက်ခိုင်းတာလား

​"ညီလေး... ဘယ်လောက်အထိ ယုံကြည်မှု ရှိလဲ"

​ပိုင်ချင်းမင်က မေးလိုက်ပါတယ်။

​"စီနီယာ... မြဲမြဲထိုင်ထားနော်"

​ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။

​ပိုင်ချင်းမင် တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ခင်မှာပဲ ရုတ်တရက် ခေါင်းထဲ မူးနောက်သွားသလို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ဟာ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့ကို ရောက်သွားပါပြီ။

​ဖန့်ချန်က ရုတ်တရက် ကိုယ်ကိုလှည့်ပြီး နောက်တစ်ယောက်ကို ခုတ်လိုက်တဲ့အချိန်မှာ ပိုင်ချင်းမင်ရဲ့ လက်ထဲက ဓားကလည်း ပထမတစ်ယောက်ရဲ့ လည်ပင်းကို အမှတ်မထင် ဖြတ်ကျော်သွားပါတယ်။

​ဖတ်

​အသံနှစ်ခုက တပြိုင်နက်တည်း ထွက်ပေါ်လာပြီး ခေါင်းနှစ်လုံးဟာ ကြမ်းပြင်ပေါ်ကို လိမ့်ကျသွားပါတယ်။

သူတို့ရဲ့ မျက်နှာပေါ်မှာတော့ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ကျန်ရစ်နေတုန်းပါပဲ။

​"ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ရတာလဲ"

​အရပ်ရပ်က ကျင့်ကြံသူတွေဟာ မှင်တက်သွားကြပါတယ်။

​ဒီရက်ပိုင်းအတွင်း သူတို့ စောင့်ကြည့်ခဲ့တာအရ ဖန့်ချန်ရဲ့ အစွမ်းအစ အကန့်အသတ်ကို သိပြီလို့ ထင်ခဲ့ကြတာပါ။

​ဒါပေမဲ့ အခု ဖန့်ချန် ပြသလိုက်တဲ့ အရှိန်အဟုန်က အရင်ကထက် အဆပေါင်းများစွာ ပိုပြီး လျင်မြန်လွန်းနေပါတယ်။

ဒါက အဆင့် ၆၈ လှေကားထစ်ပေါ်မှာနော်

​မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျန်နေတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေ အားလုံး အသက်ပျောက်ကုန်ပါတယ်။

​သူတို့တွေဟာ ခြေတစ်လှမ်း လှမ်းဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ ဖန့်ချန်က လူတစ်ယောက်ကို ကျောပိုးထားလျက်နဲ့ ဘာလို့ ဒီလို အရှိန်အဟုန်ကို ထုတ်ဖော်နိုင်ရတာလဲဆိုတာ သူတို့ စဉ်းစားလို့မရနိုင်တော့ပါဘူး။

​"သူ အရင်က အစွမ်းကို ဖုံးကွယ်ထားတာပဲ ဒါကမှ သူ့ရဲ့ တကယ့် အစွမ်းဖြစ်လိမ့်မယ် "

​"ဒါမှမဟုတ် အခုလည်း ဖုံးကွယ်ထားတုန်းလားထူးဆန်းလိုက်တာ၊ သာမန်လူတစ်ယောက်က ခန္ဓာကိုယ်ကို ဒီအဆင့်အထိ လေ့ကျင့်လို့ ရလို့လား"

​ဖန့်ချန်ကတော့ နေရာမှာတင် ရပ်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ အားပြန်ဖြည့်နေပါတယ်။

သူ့မျက်နှာမှာတော့ အားနာတဲ့ အရိပ်အယောင်လေး ရှိနေတယ်

​"ခန္ဓာကိုယ်ကို တကယ်တမ်း မလေ့ကျင့်ဖြစ်တာ ကြာပြီပဲ၊ အရင်ကလောက် မကောင်းတော့ဘူးလို့ ခံစားရတယ်"

​"ဒါတောင် အရင်ကလောက် မကောင်းဘူး ဟုတ်လား"

​ပိုင်ချင်းမင်က အံ့အားသင့်စွာ မေးလိုက်တယ်

"မင်း ကျင့်ကြံခြင်းလမ်းစဉ်ထဲ မဝင်ခင်က ဘာတွေလုပ်နေခဲ့တာလဲ"

​"အခုလိုပဲလေ... လူသတ်နေတာပေါ့ စီနီယာ မသိတာက... အဲဒီတုန်းက ပတ်ဝန်းကျင်မှာ မင်းက မသတ်ရင် သူတို့က မင်းခေါင်းပေါ် တက်နင်းကြလိမ့်မယ် သူတို့ ကြောက်သွားအောင် သတ်ပြနိုင်မှပဲ သူတို့ ခဏလောက် ငြိမ်သွားကြမှာ"

​ဖန့်ချန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး မလှမ်းမကမ်းမှာ ရှိနေတဲ့ လုပင်းပင်း နဲ့ ပထမဓားကျောင်းက ဓားကျင့်ကြံသူကို လှမ်းကြည့်လိုက်တယ်

​"မင်းတို့ အလုပ်လုပ်တာ နှေးလှချည်လား"

​လုပင်းပင်းရဲ့ မျက်နှာက အရမ်းကို မှောင်ကျသွားပြီး မျက်လုံးတွေကလည်း ဝေဝေဝါးဝါး ဖြစ်နေပါတယ်။

ဖန့်ချန် ခုနက ပြသလိုက်တဲ့ လူသတ်ပညာနဲ့ လျင်မြန်တဲ့ အရှိန်အဟုန်က ဓားသင်္ချိုင်းလှေကားထစ်ပေါ်မှာ တကယ့်ကို ထင်ရှားလွန်းနေပါတယ်။

​"စီနီယာ လု... ဒီလူက ရင်ဆိုင်ဖို့ မလွယ်ဘူး သူက ခင်ဗျားကို ရှာနေတာဆိုတော့ ကျွန်တော် အရင်သွားနှင့်ပြီနော်"

​လုပင်းပင်း ဘေးက ဓားကျင့်ကြံသူက ရယ်ကျဲကျဲနဲ့ ပြောပြီး နွယ်ပင်ကို ဆွဲကာ အပေါ်ကို အတင်းတက်သွားပါတော့တယ်။

​"မင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကို မဆိုးပါဘူး ဓားသင်္ချိုင်းလှေကားထစ်ကနေ ထွက်သွားရင် ငါ ဝိုင်တစ်ပွဲ တည်ခင်းပြီး တောင်းပန်ပါရစေ၊ ဘယ်လိုလဲ"

​"အားလုံးက နောင်ကျရင် လုံမျိုးနွယ်စုမှာပဲ နေကြရမှာဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေလို့ ပြောလို့ရတာပဲ၊ ရန်ငြိုးတွေ ထားနေဖို့... မလိုဘူး မဟုတ်လား"

​လုပင်းပင်းက ခေတ္တစဉ်းစားပြီး ပြုံးပြုံးလေး ပြောလိုက်ပါတယ်။

​"မင်းရဲ့ ဝိုင်ကို ငါတို့ ညီအစ်ကိုတွေ မသောက်နိုင်ပါဘူး ဒီကနေ ထွက်သွားရင် မင်းက ဘေးဒုက္ခရင်ဆိုင်ခြင်း အဆင့် ဓားကျင့်ကြံသူ ဖြစ်သွားမှာလေ၊ အဲဒီကျရင် မင်းက ဓားနဲ့ ငါတို့ကို ပြန်ခုတ်ဦးမှာ"

​ပိုင်ချင်းမင်က ရယ်ပြီး ပြောပါတယ်။

​လုပင်းပင်းက ခပ်ဖွဖွ ခေါင်းခါလိုက်တယ်

"လူကြီးလူကောင်း တစ်ယောက်ရဲ့ စကားက တည်ရမယ်လေ ငါတို့ကြားက ရန်ငြိုးတွေကို ငါ မေ့ပစ်နိုင်ပါတယ် မင်းတို့လည်း အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး မေ့ပစ်နိုင်ဖို့ မျှော်လင့်တယ်"

​"မင်းက အခြေအနေအရပ်ရပ် မဟုတ်ဘူး မင်း သေတာ ရှင်တာက ဒီနေ့ လောင်းကစားပွဲကို ဘာမှ သက်ရောက်မှု မရှိစေရဘူး"

​ဖန့်ချန်က ပြုံးလိုက်ပြီး ဓားကို ကိုင်ကာ လုပင်းပင်းဆီ လျှောက်သွားတယ်

"စီနီယာ... ခဏနေရင် သူ့ကို မင်းပဲ အဆုံးသတ်လိုက်တော့"

​"ကောင်းပြီ"

​ပိုင်ချင်းမင်က သွားဖြဲပြီး ရယ်လိုက်ပါတယ်။

​အဲဒီအချိန်မှာပဲ အဝေးကနေ မိုးကြိုးမုန်တိုင်း အသံလိုမျိုး ဟိန်းသံကြီး ထွက်ပေါ်လာပါတယ်။

​ခဏချင်းမှာပဲ အစိမ်းရောင် ဝတ်စုံနဲ့ လူလတ်ပိုင်း တစ်ယောက်ဟာ ဟင်းလင်းပြင်ထဲမှာ ပေါ်လာပါတယ်။

သူ့လက်ထဲမှာ ဓားတစ်လက်ကို ကိုင်ထားပြီး ဘယ်ဘက်လက်ကတော့ ပျက်စီးနေတဲ့ အလောင်းတစ်ခုကို ဆွဲထားပါတယ်။

အဲဒီအလောင်းဟာ ညာဘက်ပခုံးကနေ ဘယ်ဘက်ခါးအထိ ဓားတစ်ချက်တည်းနဲ့ အပိုင်းပိုင်း ပြတ်နေတာပါ။

​"ဒါက..."

​လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပြီး အဲဒီလူရဲ့ အထောက်အထားကို တပြိုင်နက်တည်း မှတ်မိသွားကြပါတယ်။

​သူကတော့ လုံမျိုးနွယ်စု ပထမဓားကျောင်းရဲ့ ကျောင်းအုပ်... လုချင်းရှူး ပါပဲ။

​ဒါပေမဲ့... ဓားကျောင်း ၉ ခုရဲ့ ကျောင်းအုပ်တွေဟာ ပုံမှန်ဆိုရင် တက်လှမ်းခြင်းအဆင့် တွေပဲ ဖြစ်ရမှာပါ။

အခု လုချင်းရှူးရဲ့ ကိုယ်ပေါ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဟုန်ကတော့ အဆင့် ၁ လွတ်လပ်သောမသေမျိုး ရဲ့ အငွေ့အသက်တွေ ရနေပါတယ်။

​အားလုံးရဲ့ မျက်နှာတွေ လေးနက်သွားပါတယ်။

လုံမျိုးနွယ်စုမှာ နောက်ထပ် လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတစ်ယောက် ထပ်ပေါ်လာတာလား

​ချောင်ဖုန်းနယ်မြေ မှာ လွတ်လပ်သောမသေမျိုးအဆင့်ကို ရောက်နိုင်တဲ့ ဓားကျင့်ကြံသူက လက်ချိုးရေလို့ ရပါတယ်။

ကျူးရှန်းရှန်း လို နေရာမျိုးမှာတောင် ကျူးယွမ်ချန်း တစ်ယောက်ပဲ ရှိတာပါ။

​ဓားကျင့်ကြံသူတစ်ယောက်အတွက် လွတ်လပ်သောမသေမျိုး ဖြစ်ဖို့ဆိုတာ သာမန် ကျင့်ကြံသူတွေထက် အဆပေါင်း ထောင်နဲ့ချီပြီး ခက်ခဲပါတယ်။

​ဒီလိုလူမျိုးတွေက မျိုးနွယ်စုကြီးတွေနဲ့ ဂိုဏ်းကြီးတွေရဲ့ မျက်နှာစာတွေပါပဲ။

ကိစ္စတစ်ခုခုက အဆင့်မြင့်သွားပြီဆိုရင် လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတွေကပဲ ဓားတိုက်ပြီး ပြဿနာကို ရှင်းကြရတာပါ။

​ကြီးမြတ်သော မျိုးနွယ်စု ၄ ခု၊ ဂိုဏ်းကြီး ၃ ခုနဲ့ ကျူးရှန်းရှန်း တို့မှာ မူလကတည်းက လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူ တစ်ယောက်စီ ရှိကြပါတယ်။

​တကယ်လို့ ဒီနေ့ လုချင်းရှူးသာ လွတ်လပ်သောမသေမျိုး အဆင့်ကို အောင်မြင်သွားပြီဆိုရင် လုံမျိုးနွယ်စုရဲ့ အင်အားက တခြားအဖွဲ့တွေထက် သာသွားပါလိမ့်မယ်။

​"ဟင်... သူကိုင်ထားတဲ့ အဲဒီအလောင်းက... ရင်းနှီးနေသလိုပဲ"

​"နေဦး... ဒါ ထိုက်မူတောင်မှာ တိတ်တဆိတ် ကျင့်ကြံနေတဲ့ ကျန့်တယ် အဘိုးအို မဟုတ်လား"

​"တကယ်ပဲ သူပဲ... သူက လွတ်လပ်သောမသေမျိုး ဖြစ်တာ နှစ်ပေါင်း ၅၀ဝ ကျော်ပြီလေ၊ အခုတော့ လုချင်းရှူးရဲ့ လက်ထဲမှာ သေသွားပြီပေါ့..."

​"လုချင်းရှူးကတော့ လွတ်လပ်သောမသေမျိုး ဖြစ်သွားပြီ..."

​နှစ်ဖက်စလုံးက လွတ်လပ်သောမသေမျိုးတွေဟာ လုချင်းရှူး လက်ထဲက အလောင်းကို ကြည့်ပြီး မျက်နှာထားတွေ ထူးဆန်းကုန်ကြပါတယ်။

​"ကျန့်တယ် အဘိုးအိုက သူတပါးရဲ့ သွေးထိုးမှုကို ခံရပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက လုံမျိုးနွယ်စုရဲ့ ဒုတိယအိမ်တော် က သားသမီးတွေကို လမ်းမှာ လုပ်ကြံဖို့ ကြိုးစားခဲ့တယ် ဒီနေ့တော့ သူ့ရဲ့ အပြစ်အတွက် အသက်ပေးလိုက်ရပြီ"

​လုချင်းရှူး က ခပ်အေးအေး ပြောလိုက်ပါတယ်။

​သူ့ရဲ့ အကြည့်က ဝေ့ဝဲသွားပြီး လီချန်စန်း ဆီမှာ ရပ်တန့်သွားပါတယ်။

​"မောင်..."

​အဖြူရောင် ဝတ်စုံနဲ့ အမျိုးသမီး က စိုးရိမ်တကြီး ကြည့်လိုက်ပါတယ်။

​ချန်ချင်းထိုက် တို့ရဲ့ မျက်နှာတွေလည်း မကောင်းပါဘူး။

လုချင်းရှူး က ဒုတိယအိမ်တော်က လူဖြစ်ပြီး အခု သူက လွတ်လပ်သောမသေမျိုး ဖြစ်သွားပြီဆိုတော့ နောင်ကျရင် သူတို့တွေ အပြင်ထွက်ရင် သတိထားရတော့မှာပါ။

​"မကြောက်ပါနဲ့၊ သူ လွတ်လပ်သောမသေမျိုး ဖြစ်သွားရင်တောင် ငါ့ကို မမီသေးပါဘူး"

​လီချန်စန်း က အမျိုးသမီးရဲ့ လက်မောင်းကို အသာအယာ ပုတ်ပြီး နှစ်သိမ့်လိုက်ပါတယ်။

ပြီးနောက် လုချင်းရှူး ကို ပြုံးပြုံးလေး ကြည့်ကာ

​"စီနီယာ လု... ဂုဏ်ယူပါတယ် ချောင်ဖုန်းနယ်မြေမှာ နောက်ထပ် လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတစ်ယောက် တိုးလာတာ ဝမ်းသာစရာပါပဲ ငါလည်း အထီးမကျန်တော့ဘူးပေါ့"

​လုချင်းရှူး က ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သူ့ရဲ့ နောက်ဘက်ကို ကြည့်ကာ ဦးညွှတ်လိုက်ပါတယ်။

​အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် အဘိုးအိုတစ်ယောက်နဲ့ လူလတ်ပိုင်း အချို့ ပေါ်လာပါတယ်။

​အားလုံးရဲ့ စိတ်တွေ လှုပ်ရှားသွားပါတယ်။

အဲဒီအဘိုးအိုရဲ့ အမည်က လုံကျင်ယောင် ဖြစ်ပြီး ဒုတိယအိမ်တော်ကို ဦးဆောင်နေတဲ့ လွတ်လပ်သောမသေမျိုး ပါပဲ။

လုံအောက်ရဲ့ အဖိုးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကတည်းက အဆင့် ၂ လွတ်လပ်သောမသေမျိုး ဖြစ်ခဲ့တာပါ။

​သူ့ဘေးက အဆင့် ၁ လွတ်လပ်သောမသေမျိုး တွေကတော့ သူ့ရဲ့ သားတွေဖြစ်ပြီး လုံအောက်ရဲ့ အဖေနဲ့ ဦးလေးတွေပါပဲ။

​"အားလုံးပဲ... ငါ နည်းနည်း နောက်ကျသွားတယ်အဲဒီ ကျန့်တယ် အဘိုးအိုက ကျင့်ကြံမှု မမြင့်ပေမဲ့ အရမ်းကို ကောက်ကျစ်ပြီး ပုန်းလျှိုးကွယ်လျှိုး နေတတ်လွန်းလို့ ရှာရတာ နည်းနည်း ခက်သွားတယ်"

​လုံကျင်ယောင် က အားလုံးကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​"မင်းတို့ လုံမျိုးနွယ်စုက လမ်းမှာ လုပ်ကြံခံရတယ် ဟုတ်လား ဟဲဟဲ... ငါတို့ စုန်းမျိုးနွယ်စုလည်း အတူတူပဲ တိုက်ဆိုင်လိုက်တာနော်"

​စုန်းမျိုးနွယ်စုက အဆင့် ၂ လွတ်လပ်သောမသေမျိုး တစ်ယောက်က လုံကျင်ယောင် ကို ပြုံးစစနဲ့ ကြည့်ကာ ပြောပါတယ်။

​"ဟုတ်ပါရဲ့... အရမ်း တိုက်ဆိုင်တာပဲ"

​လုံကျင်ယောင် ကလည်း ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

​ပြီးနောက် သူက ကျောက်ယွမ်လူ ကို နှုတ်ဆက်ပြီး စကားအနည်းငယ် ပြောပါတယ်။

သူက ကျောက်ယွမ်လူ ဒီမှာ ရှိနေတာကို ကြိုသိပုံရပြီး ဘာမှ အံ့ဩတဲ့ ပုံစံ မရှိပါဘူး။

​"အဖေ... ကယ်ပါဦး"

​အသံတစ်ခုက ဓားသင်္ချိုင်းလှေကားထစ် ဆီကနေ ထွက်ပေါ်လာပါတယ်။

​လုချင်းရှူးရဲ့ မျက်နှာ လှုပ်ရှားသွားပြီး လုပင်းပင်း ကို ကြည့်လိုက်ပါတယ်။

ပြီးနောက် သူ့ရှေ့မှာ ရှိနေတဲ့ ဖန့်ချန်နဲ့ ပိုင်ချင်းမင်တို့ကို အကြည့်နဲ့ သတ်ဖြတ်တော့မယ့်အတိုင်း ကြည့်လိုက်ပါတယ်။

​ဒုတိယအိမ်တော်က ကျင့်ကြံသူတစ်ယောက်က ရှေ့ထွက်လာပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တဲ့အခါ လုချင်းရှူး က လီချန်စန်း ကို ချက်ချင်း လှမ်းကြည့်လိုက်တယ်

​"လီချန်စန်း... မင်း ဘာသဘောလဲ"

​လီချန်စန်း စကားမပြောရသေးခင်မှာပဲ လုံကျင်ယောင် က ဟိန်းဟောက်လိုက်တယ်

"မိုက်မဲလိုက်တာ၊ ကိုယ့်လူအချင်းချင်း ပြန်ချနေကြတာလား စုန်းမျိုးနွယ်စုကို အရှက်ခွဲနေတာလား"

​လီချန်စန်း က ရင်ထဲမှာ သက်ပြင်းချလိုက်ပြီး ဖန့်ချန် ရှိရာဘက်ကို လှမ်းကြည့်လိုက်တယ်

"ဖန့်ချန်... ရန်မစပါနဲ့တော့၊ ထိပ်ဆုံးရောက်ဖို့ကသာ မင်းရဲ့ ပန်းတိုင်ပါ"

​သူ့ရဲ့ အသံက မကျယ်ပေမဲ့ ဖန့်ချန်ရဲ့ နားထဲမှာတော့ အနားမှာ ပြောနေသလိုပဲ အတိုင်းသား ကြားနေရပါတယ်။

​လုပင်းပင်း က ဖန့်ချန်ကို ပြုံးပြလိုက်တယ်

"ငါ့အဖေက အခု လွတ်လပ်သောမသေမျိုး ဖြစ်သွားပြီ ဒုတိယအိမ်တော်ရဲ့ အဘိုးအိုကလည်း ဂရုစိုက်ပေးနေတယ် သူ့ရဲ့ အဆင့်အတန်းက လီချန်စန်း ထက်တောင် မြင့်နေပြီ ဖန့်ကျင့်ကြံသူ... မင်းတို့ ငါ့ရဲ့ တောင်းပန်တဲ့ ဝိုင်ကိုပဲ စောင့်သောက်လိုက်ပါတော့"

​"မင်းကို သောက်ခိုင်းတာလား"

​ဖန့်ချန်က အားရပါးရ ရယ်မောလိုက်ပြီး လုပင်းပင်း ဆီကို တန်းတန်းမတ်မတ် ပြေးဝင်သွားပါတော့တယ်။

​လုပင်းပင်းရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ပေါ်လာပါတယ်။

ဖန့်ချန်က ပိုနီးကပ်လာတာကို မြင်တော့ သူလည်း ဓားကို ကိုင်ပြီး ပြန်ခုခံဖို့ ပြင်လိုက်ရပါတယ်။

​ဒါပေမဲ့ တစ်ကွက်တည်းပါပဲ... လုပင်းပင်းရဲ့ ခေါင်းဟာ ပခုံးပေါ်ကနေ မြေပြင်ပေါ်ကို လိမ့်ကျသွားပါတော့တယ်။

​ဒါကို မြင်လိုက်ရတဲ့ လုချင်းရှူးရဲ့ မျက်နှာကတော့ အစိမ်းပုပ်ရောင် သန်းသွားပါတော့တယ်။

​ဒုတိယအိမ်တော်က အမျိုးသမီးကြီးတစ်ယောက်ရဲ့ ဘေးမှာ ရှိနေတဲ့ လူငယ်ဓားကျင့်ကြံသူတစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေ ပေါက်ဖွားလာပါတယ်။

လုပင်းပင်း ဟာ သူ့ရဲ့ ညီလေးဖြစ်ပြီး သူ အချစ်ဆုံးနဲ့ သူ့ကို အတူဆုံး ညီလေးဖြစ်လို့ပါပဲ။

​အခန်း (၁၀၄၀) ဖောက်ထွက်သွားပြီ

​"ဒီကောင်က... တကယ်ပဲ သတ္တိခဲပဲ လုပင်းပင်းရဲ့ အဖေ လုချင်းရှူးက လွတ်လပ်သောမသေမျိုး ဖြစ်သွားတာ သိသိကြီးနဲ့တောင် ဒီလို သတ်ရဲတယ်လား"

​ချန်ကျော့ရှူ တစ်ယောက် ရုတ်တရက် ကျောစိမ့်သွားပါတယ်။

​ကျူဖုန်းနယ်မြေမှာ ဓားကျင့်ကြံသူတွေရဲ့ အဆင့်အတန်းက နိမ့်ကျတယ်ဆိုပေမဲ့ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူကိုတော့ အထင်သေးလို့ မရပါဘူး။

သာမန် အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေထဲမှာ ဘယ်သူက အဆင့်တူ ဓားကျင့်ကြံသူတစ်ယောက်ကို တစ်ယောက်ချင်း ရင်ဆိုင်နိုင်မှာလဲအဆင့် ၂ လွတ်လပ်သောမသေမျိုးမှသာ ဖိနှိပ်နိုင်မှာ ဖြစ်ပါတယ်။

​"လုံရွှမ်း... မင်းအဖေ ခေါ်လာတဲ့လူက... ဒီတစ်ခါတော့ ဒုက္ခအကြီးအကျယ် ရှာလိုက်ပြီ မင်း သူ့နဲ့ အရမ်းမနီးကပ်တာ ပိုကောင်းမယ်"

​တစ်ယောက်က လုံရွှမ်းကို အသံလှိုင်းနဲ့ သတိပေးလိုက်ပါတယ်။

​လုံရွှမ်းရဲ့ မျက်နှာက လေးနက်နေပါတယ်။

လက်ရှိမှာ ဖန့်ချန်က ဒုက္ခအကြီးအကျယ် ရောက်နေတာ အမှန်ပါပဲ။

လုချင်းရှူးရဲ့ နောက်ကွယ်မှာ လုံကျင်ယောင် ရှိနေတယ်။

လုံကျင်ယောင်ရဲ့ နောက်ကွယ်မှာတော့... လုံမျိုးနွယ်စုရဲ့ တစ်ဦးတည်းသော အဆင့် ၃ လွတ်လပ်သောမသေမျိုး ရှိနေတာပါ။

သူ့ရဲ့ စကားဆိုရင် သျှောင်နတ်နဂါးမလေး တောင်မှ မလွန်ဆန်ရဲပါဘူး။

​"လီအစ်ကို... ဒီကလေးက အခြေအနေကို သိပ်နားမလည်ဘူးပဲ"

​ချန်ချင်းထိုက်ရဲ့ မျက်နှာက အစိမ်းပုပ်ရောင် သန်းနေပါတယ်။

ကျန်တဲ့ မျိုးနွယ်စုခေါင်းဆောင်တွေလည်း စိုးရိမ်တကြီး ဖြစ်နေကြသလို ဒေါသလည်း ထွက်နေကြပါတယ်။

လုံမျိုးနွယ်စုရဲ့ ပထမအိမ်တော်မှာ ရန်သူတွေ များနေတာတောင် အခု ဒုက္ခပေးတဲ့ ဒုတိယအိမ်တော်ကိုပါ သေအောင် ရန်စလိုက်ပြီဆိုတော့ သူတို့ပါ ရောပြီး ဒုက္ခရောက်ကုန်တော့မှာပါ။

​"အားလုံးပဲ စိတ်မပူကြပါနဲ့၊ ကျွန်မရဲ့ ယောကျာ်းက ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိပါတယ်"

​အဖြူရောင် ဝတ်စုံနဲ့ အမျိုးသမီးက အသာအယာ နှစ်သိမ့်လိုက်ပြီး လီချန်စန်းကို အကဲခတ်ကြည့်လိုက်ပါတယ်။

​"အခု လောလောဆယ် ဒီအတားအဆီးကို ကျော်ဖြတ်နိုင်အောင် အရင်ကြည့်ရမယ်၊ နောက်မှ ဖြစ်မယ့်ကိစ္စတွေကိုတော့ နောက်မှပဲ ဆက်ပြောကြတာပေါ့"

​လီချန်စန်းက ခေတ္တ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်ပါတယ်။

​တတိယအိမ်တော် ရဲ့ မသေမျိုးလှေပေါ်မှာတော့...

​လုံကျင်ချွန်း က ခါးသီးစွာ ပြုံးရင်း သျှောင်နတ်နဂါးမလေးကို ကြည့်လိုက်တယ်

"အဒေါ်... လုံကျင်ယောင်ကတော့ ဒီတစ်ခါ တကယ် ပေါက်ကွဲတော့မှာပဲ ကျွန်တော့်အမြင်တော့ ဒီကလေးကို ဆက်ပြီး ဂရုမစိုက်တာ ပိုကောင်းမယ် ထင်တယ်"

​"ပေါက်ကွဲမယ် ဟုတ်လား လုပင်းပင်းကသာ လီချန်စန်း ခေါ်လာတဲ့လူကို အရင် မတိုက်ခိုက်ခဲ့ရင် ဓားသင်္ချိုင်းလှေကားထစ်ပေါ်မှာ ဘယ်သေမလဲ အကျိုးအကြောင်းအရ သူက ဘာလို့ ပေါက်ကွဲရမှာလဲ"

​သျှောင်နတ်နဂါးမလေး က အေးစက်စွာ ပြောလိုက်ပါတယ်။

သူမရဲ့ အကြည့်က ဖန့်ချန်ဆီမှာ ရပ်တန့်နေပြီး ကြင်နာတဲ့ အရိပ်အယောင်တွေ ရှိနေတယ်

"ဒီကလေးက လီကျင်နျန် ရဲ့ ပုံစံနဲ့ နည်းနည်းတူသားပဲ"

​ဘေးက အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေကတော့ ဒါကို မြင်ပြီး သက်ပြင်းချလိုက်ကြပါတယ်။

နောက်ကျရင် တတိယအိမ်တော်ကလည်း ဒုတိယအိမ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာ သေချာသလောက်ပါပဲ။

​လုချင်းရှူးကတော့ ဖန့်ချန်ကို သေမတတ် ကြည့်နေပါတယ်။

သူ့ကိုယ်ထဲက ဓားဆန္ဒ တွေ ပေါက်ကွဲထွက်လာပြီး လက်ထဲက အလောင်းတစ်ဝက်ဟာလည်း ပြာအဖြစ် ပြောင်းလဲသွားပါတယ်။

ဒါက သူ ဘယ်လောက်အထိ ဒေါသထွက်နေသလဲဆိုတာ ပြနေတာပါ။

​"စိတ်မပူနဲ့၊ ငါ ယင်စိန့်ဂိုဏ်း က လူတွေကို ရှာပြီး လုပင်းပင်းရဲ့ ဝိညာဉ်ကို ပြန်လည် နေရာချထားပေးဖို့ ကူညီခိုင်းပါ့မယ်"

​လုံကျင်ယောင်က လေးနက်စွာ ပြောလိုက်ပါတယ်။

​"ကျေးဇူးတင်ပါတယ် သခင်ကြီး"

​လုချင်းရှူးက လက်အုပ်ချီ နှုတ်ဆက်ပါတယ်။

​လုံကျင်ယောင်ရဲ့ အကြည့်က လီချန်စန်းဆီ ရောက်သွားတယ်

"ဒီကိစ္စကို နောက်မှ ငါတို့ အပြတ်ရှင်းကြတာပေါ့ မင်း တောကနေ ခေါ်လာတဲ့ ဒီကလေးက စည်းကမ်းမရှိဘူးဆိုတော့ ပြစ်ဒဏ် ခံရမှာပဲ"

​လီချန်စန်းကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေပါတယ်။

​...

​လအတော်ကြာ ဖြတ်သန်းသွားခဲ့ပါပြီ။

အခုအချိန်မှာ လှေကားထစ် တစ်ဆင့်တက်ဖို့ ဆယ်ရက်ကျော် အချိန်ပေးနေရပါတယ်။

ဓားသင်္ချိုင်းလှေကားထစ်က ပေးတဲ့ ဖိအားက ပိုပိုပြီး လေးလံလာတာကြောင့် အားလုံးရဲ့ ခြေလှမ်းတွေက အရင်ကလို မသွက်တော့ပါဘူး။

​လောင်းကစားပွဲ စတင်ခဲ့တာ အခုဆို တစ်နှစ်နီးပါး ရှိလာပါပြီ။

အမြင့်ဆုံး တက်နိုင်သူဟာ အဆင့် ၈၆ ကို ရောက်နေပြီး အနိမ့်ဆုံးလူတွေကတော့ အဆင့် ၆၀ ဝန်းကျင်မှာပဲ ရှိပါသေးတယ်။

​"ညီလေး... အခု မင်းနဲ့ သူတို့ကြားက အကွာအဝေးက ပိုဝေးလာပြီ ငါ့ကို ချန်ထားခဲ့တာက ပိုကောင်းမယ် ထင်တယ်"

​ပိုင်ချင်းမင်က ဟင်းလင်းပြင်ကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်

"မင်းသာ ထိပ်ဆုံး မရောက်ရင် ဘယ်သူကမှ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး ငါ အကြမ်းဖျင်း တွက်ကြည့်တာတော့ လုံမျိုးနွယ်စုထဲမှာ မင်းကို သေစေချင်တဲ့လူ ရှိတယ်၊ စုန်းမျိုးနွယ်စုမှာလည်း ရှိတယ်၊ နောက်ပြီး ဟို အဆင့် ၃ လွတ်လပ်သောမသေမျိုးကလည်း မင်းကို သေစေချင်နေတာ"

​"အလယ်ပိုင်းဒေသ မှာတောင် ကျွန်တော့်ကို သေစေချင်တဲ့လူတွေက နွားမွှေးလောက် ရှိတာပဲ"

​ဖန့်ချန်က ရယ်ပြီး ပြောတယ်

"ကျွန်တော် တွက်ပြမယ်... တာအိုဂိုဏ်းကြီး ၃ ခုက ကျွန်တော့်ကို မျက်စိစပါးမွှေး စူးနေကြတယ်၊ ကိုးဆက်မြောက်ဘုရင်ရဲ့ သား ကျီးလျန် ကလည်း ကျွန်တော့်ကို သေစေချင်တယ် နောက်ပြီး သွေးဝိညာဉ်ဂိုဏ်း က အမှိုက်တွေကလည်း ဘယ်အချိန်မှာ ကျောကို ဓားနဲ့ အနောက်က လာထိုးမလဲ မသိနိုင်ဘူး"

​"ဒါပေမဲ့ ဘာဖြစ်လဲ ကျွန်တော် ခုထက်ထိ မသေသေးဘူးလေ"

​"အဲဒါက တောရိုင်းကျောင်း က လူက မင်းကို ကာကွယ်ပေးထားလို့ပေါ့ သူ့အရင်ကလည်း ဓားအဘိုးအို က ရှိသေးတယ်လေ သူကလည်း မင်းကို တိတ်တဆိတ် စောင့်ရှောက်ပေးခဲ့တာ"

​ပိုင်ချင်းမင်က မျက်စံလှန်ပြလိုက်တယ်

"အခု ချောင်ဖုန်းနယ်မြေမှာတော့ ငါတို့က ရေပေါ်ဆီတွေလိုပဲ၊ ဘယ်သူက မင်းကို ကာကွယ်မှာလဲ ငါ့ကို ချန်ထားခဲ့ပါ မင်း ထိပ်ဆုံးရောက်ရင် လုံမျိုးနွယ်စုက လူတွေ မင်းကို လာရှင်းရင်တောင် တတိယအိမ်တော်က အမျိုးသမီးက မင်းကို ကာကွယ်ပေးဖို့ အကြောင်းပြချက် ရှိသွားမယ်"

"ငါ ဒီကို မလာခင် အကြီးကဲဝမ် ဆီက ကြားခဲ့တာ... သူနဲ့ ငါတို့ ဓားအဘိုးအိုက ရင်းနှီးတဲ့ သံယောဇဉ် ရှိတယ်တဲ့"

"အစက ဒုတိယအိမ်တော်က မင်းကို ခေါ်သွားတုန်းက ငါ သူတို့ဆီ အကူအညီ တောင်းမလို့ပဲ ဒါပေမဲ့ မင်းရဲ့ ဆရာက အသက်အန္တရာယ် မကြုံမချင်း ဘာမှ မပြောဖို့ မှာထားလို့"

​"အို... စီနီယာက အတွင်းရေးတွေ သိနေတာလားကျွန်တော့်ကိုလည်း ပြောပြပါဦး၊ စိတ်ဝင်စားလို့ပါ"

​ဖန့်ချန်က ရယ်ပြီး ပြောပါတယ်။

​"အားနေတာနဲ့ပဲ ငါ ကြားဖူးသမျှ ပြောပြပါ့မယ် ဒါပေမဲ့ အမှန်လားတော့ မသေချာဘူးနော် မင်းရဲ့ ဆရာက အရင်ကြားခဲ့တာ အဲဒါကို ငါက သူ့ဆီကနေ တစ်ဆင့် ပြန်ကြားခဲ့တာဆိုတော့"

​ပိုင်ချင်းမင်က ဆိုပါတယ်။

​သူ ပုံပြင်ပြောနေတဲ့ အချိန်မှာ ဖန့်ချန်ကတော့ ဆက်တက်နေပါတယ်။

ခဏတက်လိုက်၊ ခဏနားလိုက်နဲ့ပေါ့။

အခုချိန်မှာ စမ်းသပ်နေတာက ခန္ဓာကိုယ်ရဲ့ အားအင်တင် မဟုတ်တော့ဘဲ ဇွဲနဲ့ စိတ်ဓာတ်ခိုင်မာမှုပါပဲ။

ဒီလို အခြေအနေမှာ ဇွဲမရှိရင် လက်မအနည်းငယ် တက်ဖို့တောင် အလွန်ခက်ခဲပါတယ်။

​ရုတ်တရက် ကောင်းကင်ကနေ နှင်းတွေ ကျလာပါတယ်။

ဖြူလွလွ နှင်းတွေက နွယ်ပင်တွေပေါ်မှာ ဖုံးအုပ်သွားပြီး နွယ်ပင်စိမ်းတွေကို ရေခဲရေတံခွန်ကြီးလို ဖြစ်သွားစေပါတယ်။

ဒါက တက်နေတဲ့ လူတွေအတွက် ပိုပြီး ခက်ခဲသွားစေပါတယ်။

​ဒီဆောင်းရာသီမှာ ဖန့်ချန်ဟာ ပိုင်ချင်းမင်ကို ကျောပိုးပြီး အဆင့် ၈၆ လှေကားထစ်ကို ရောက်သွားပါတယ်။

​သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပိုပိုပြီး ကောင်းလာသလို ခံစားနေရပါတယ်။

မသိစိတ်ထဲမှာပဲ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဖောက်ထွက် သွားသလိုပါပဲ။

​အပြင်က သာမန်လူတွေအတွက်တော့ လောင်းကစားပွဲ စပြီး နောက်တစ်ပတ်မှာတင် သူတို့ရဲ့ ပုံမှန်ဘဝထဲ ပြန်ဝင်သွားကြပါပြီ။

အလုပ်လုပ်ရင်း အားတဲ့အချိန်မှ ဘယ်သူ အတက်မြန်လဲ၊ ဘယ်သူ ထိပ်ဆုံးရောက်မလဲဆိုတာ ဝိုင်းဆွေးနွေးကြတာပါ။

သူတို့အတွက် အချိန်က အရမ်းတန်ဖိုးရှိပါတယ်။

ဒီနေ့ အချိန်ဖြုန်းရင် မနက်ဖြန် ဗိုက်ဆာရနိုင်လို့ပါ။

​တစ်ဖက်မှာတော့ ကျင့်ကြံသူတွေအတွက် အချိန်ကုန်ဆုံးသွားတာက သိပ်ပြီး ထူးထူးခြားခြား မရှိပါဘူး။

တခါတလေ တရားထိုင်တာတောင် နှစ်ပေါင်း ဆယ်ချီ ကြာတတ်တာဆိုတော့ တစ်နှစ်ဆိုတာ ဘာမှ မဟုတ်ပါဘူး။

အခြေအနေအရ နောက်ထပ် ၂ နှစ်လောက် ကြာရင်တော့ အဖြေပေါ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

​ဒီအတောအတွင်းမှာ အမြင့်ဆုံး ရောက်နေတဲ့ လူအချို့ကတော့ ကံကောင်းရင် နွယ်ပင်အချို့ကို ဖြတ်ပြီး အအေးဒဏ် ခံနိုင်အောင် လုပ်ကြပါတယ်။

ကံမကောင်းတဲ့ လူတွေကတော့ ဖန့်ချန်တို့လိုပဲ နွယ်ပင်ပေါ်မှာ တွဲလောင်းခိုပြီး အအေးဒဏ်ကို အောင့်ခံနေရပါတယ်။

ရာသီဥတု ကောင်းလာမှသာ ဆက်တက်ကြတာပါ။

​ဆောင်းနှင်းတွေ အရည်ပျော်ပြီး နွေဦးရောက်လာတဲ့အခါ နွယ်ပင်တွေကလည်း ပြန်လည် စိမ်းလန်းလာပါတယ်။

အားလုံးလည်း အပေါ်ကို ဆက်တက်ကြပြန်ပါတယ်။

​အဲဒီအချိန်မှာ စုန်းမျိုးနွယ်စုက ကျင့်ကြံသူတစ်အုပ် ရောက်လာပါတယ်။

ခေါင်းဆောင်လာသူကတော့ ထည်ဝါတဲ့ ခန္ဓာကိုယ်နဲ့အတူ ခြင်္သေ့လို ဟိန်းပြီး ကျားလို လမ်းလျှောက်တတ်တဲ့ အရှိန်အဟုန် ရှိသူပါ။

​စုန်းယီ က အဲဒီလူကို မြင်တော့ ချက်ချင်း ရှေ့ထွက်ပြီး ရိုရိုသေသေ နှုတ်ဆက်လိုက်တယ်

"အဖေ"

​"အင်း"

​အဲဒီလူက ခေါင်းညိတ်ပြပြီး စုန်းမျိုးနွယ်စုက အဆင့် ၂ လွတ်လပ်သောမသေမျိုး အဘိုးအိုတွေဆီ လျှောက်သွားကာ လေးနက်စွာ ပြောလိုက်တယ်

​"ဘိုးဘိုးတို့... ကျွန်တော် စုန်းကု ရဲ့ ကိစ္စကို စုံစမ်းခိုင်းထားပါတယ် ကျွန်တော်ကိုယ်တိုင်လည်း ယင်စိန့်ဂိုဏ်းကို သွားခဲ့ပါတယ် ယင်စိန့်ဂိုဏ်းဘက်က ပြောတာကတော့... အခု မြေအောက်ကမ္ဘာ မှာ အကြီးအကျယ် ရှုပ်ထွေးနေတာကြောင့် လူရှာရတာ ခက်နေတယ်တဲ့ ဒါပေမဲ့ စုန်းကုရဲ့ သေဆုံးမှုကတော့ လုံမျိုးနွယ်စုနဲ့ မကင်းနိုင်ဘူးလို့ ယူဆရပါတယ်"

​"မြေအောက်ကမ္ဘာမှာ ရှုပ်ထွေးနေတယ် ဟုတ်လား အောက်မှာ ဘာတွေ ဖြစ်နေတာလဲ "

​အားလုံးက မှင်တက်သွားပါတယ်။

သူတို့အတွက် စုန်းကု သေတာထက် မြေအောက်ကမ္ဘာရဲ့ အခြေအနေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေလို့ပါ။

​သူတို့တွေဟာ မြေအောက်ကမ္ဘာကို တစ်ခါမှ မရောက်ဖူးသလို ဘယ်လိုပုံစံလဲဆိုတာ မသိကြပေမဲ့၊ ယင်စိန့်ဂိုဏ်းဟာ မြေအောက်ကမ္ဘာကို ကူးသန်းနိုင်တဲ့ ပညာရပ်ကြောင့် ဂိုဏ်းကြီး ၃ ခုရဲ့ ထိပ်ဆုံးမှာ ရှိနေတာကို ကြည့်ခြင်းအားဖြင့် မြေအောက်ကမ္ဘာနဲ့ ကျင့်ကြံသူတွေကြားမှာ နီးကပ်တဲ့ ဆက်နွှယ်မှု ရှိနေတယ်ဆိုတာ သိသာပါတယ်။

​"မသိရသေးဘူး အင်အားစုတွေ အပြောင်းအလဲ ဖြစ်နေပုံပဲ"

​အဲဒီလူက ခေါင်းခါပြပါတယ်။

သူက အဘိုးအိုတွေရဲ့ သဘောထားကို အားမလိုအားမရ ဖြစ်နေပုံရပြီး ကျောက်ယွမ်လူ ဆီကို အကြည့်လွှဲလိုက်တယ်

​"စီနီယာ ကျောက်... ဒီကိစ္စကို ဘယ်လိုမြင်လဲ"

​"ဒီကလေးက ငါ့သားကို နောက်ဆုံးတွေ့ခဲ့တဲ့လူပဲ ငါ သူ့ရဲ့ ဝိညာဉ်ကို ရှာဖွေ လိုက်ရင် ငါ့သား ဘယ်သူ့လက်ချက်နဲ့ သေလဲဆိုတာ သိရလိမ့်မယ်"

​ကျောက်ယွမ်လူက ဓားသင်္ချိုင်းလှေကားထစ် ဆီကို လက်ညှိုးညွှန်လိုက်ပါတယ်။

​အဲဒီလူရဲ့ အကြည့်က ဖန့်ချန်ဆီ ရောက်သွားပြီး မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတော့တယ်။

All Chapters