← Chapters

လိမ္မာပါးနပ်သော

Vol. 8 Ch. 776

လိမ္မာပါးနပ်သော

Vol. 8 Ch. 776

လက်ရှိ ဗဟိုဧကရာဇ်မင်းဆက်တွင် ဗဟိုဧကရာဇ်မှာ ပြယုဂ် တစ်ခုအဖြစ်သာ ရှိသည်။ မဟာကောင်းကင်သခင်သည် အချုပ်အခြာအာဏာအစစ်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်၏သားတော်နှင့် မှူးမျိုးမတ်နွယ်များကို ထိန်းချုပ်ထားသည်။ သို့သော် ထိုအရာများမှာ ကန့်လန့်ကာ၏ နောက်ကွယ်တွင် လူသိပ်မသိကြသော ကိစ္စရပ်များဖြစ်သည်။

ထို့အပြင် အရာအားလုံးထည့်တွက် စဥ်းစားလိုက်ပါက ဗဟိုဧကရာဇ်အင်အားနည်းနေသည့် ကိစ္စရပ်မှာ ရေကြီးခွင်ကျယ်မဟုတ်ပေ။ သူသည် လက်ရှိ ဗဟိုဧကရာဇ်သာ ဖြစ်နေသည်မဟုတ်ပါလော။ နောက်ထပ် ဗဟိုဧကရာဇ် နန်းတက်လာလျှင် မည်သို့ပြောင်းလဲသွားနိုင်မည်ကို မည်သူမှမသိကြပေ။ ထို့အပြင် မဟာကောင်းကင်သခင်သည် ကောင်းကင်တံတားကျွန်းရှိ ကောင်းကင်ဧကရာဇ်၏ လမ်းစဥ်ကို လိုက်၍ သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးအဖြစ် မတင်မြှောက်ခဲ့ပေ။ လူအများ၏အမြင်တွင် မဟာကောင်းကင်သခင်သည် စာနာသနားစိတ်ရှိပြီး သဘောမနောကောင်းသည့် လူတစ်ယောက်ဖြစ်နေသည်။

ဤကိစ္စနှင့် ပတ်သတ်၍ လူအများစုက ဝေးဝေးရှောင်ကြသည်။ တိုက်ရိုက်ပါဝင် ပတ်သတ်လိုစိတ်မရှိကြသဖြင့် သူတို့သည် သူတို့၏ ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ကာ ဗဟိုဧကရာဇ်မင်းဆက် မပျက်သုဥ်းသ၍ မဟာကောင်းကင်သခင်နှင့် ဗဟိုဧကရာဇ်တို့အား သူတို့နှစ်ယောက်၏ ကိစ္စကို နှစ်ဦးကြားတွင်သာ ဖြေရှင်းခွင့်ပေးထားကြသည်။

ထို့ကြောင့် လက်ရှိဖြစ်ရပ်များမှာ ရုတ်တရက်ဆန်လွန်းနေပြီး မဟာကောင်းကင်သခင်နှင့် ဗဟိုဧကရာဇ်တို့အကြား ကိစ္စရပ်နှင့်ပတ်သတ်သည့် ပြဿနာများမှာ ဗူးပေါ်သလို ပေါ်လာရတော့သည်။

ရင်ပြင်ထဲရှိ လူတိုင်းမှာ သူတို့ မကြုံတွေ့လိုသဖြင့် ကြိုးစားပမ်းစားနှင့် ရှောင်တိမ်းနေခဲ့ရသည့် အရှုပ်ထုပ်ထဲသို့ ဆွဲထည့်ရလောက်အောင် ရက်စက်လွန်းလှသည့် ပိုင်ရှောင်ချန်းအား စိတ်ထဲတွင် ကျိန်ဆဲနေကြတော့သည်။ အများစုမှာ ဤပွဲတော်အား တက်ရောက်မိသည်ကိုပင် နောင်တကြီးစွာရနေကြသည်။

ဗဟိုဧကရာဇ်မှာလည်း လက်ရှိဖြစ်ရပ်ကြီးအတွက် မပြင်ဆင်ထားရသေးပေ။ ယနေ့ဖြစ်ရပ်များမှာ သူမည်မျှ အာဏာကြီးမားသည်ကို ထာဝရဆုံးဖြတ်ပေးမည့် နေ့တစ်နေ့ဖြစ်ကြောင်းကိုလည်း သူကသိသည်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ် ခတ်နေပြီး သူ၏နှလုံးသားမှာ စိုးရိမ်ထိတ်ထိတ်စွာ တဒိန်းဒိန်း ခုန်နေတော့သည်။ သို့သော် သူသည်လည်း အတင်းအကြပ်လုပ်နေသည်။ ဒုတိယမင်းသားနှင့် မဟာမင်းသားတို့မှာ သူ့အားမကောင်းကြံစည်ခဲ့သည်ဖြစ်ပြီး အကယ်၍ မဟာကောင်းကင်သခင်ကြောင့်သာ မဟုတ်ပါက သူသည် ဤမြေရိုင်းဒေသထဲတွင် မြှုပ်နှံခံထားရမည်မှာ အမှန်ပင်။

" ကျုပ်ကို လာအပြစ်တင်လို့မရဘူး ဗဟိုဧကရာဇ်ရေ။ အပြစ်တင်ချင်သပဆိုရင် ခင်ဗျားရဲ့ သားနှစ်ယောက်ကို သွားအပြစ်တင်တော့ "

ယခုတွင် သူ၏စိတ်မှာ ပြတ်သားနေပြီဖြစ်သည်။ သူ၏ ကံကြမ္မာအား မဟာကောင်းကင်သခင်၏ လက်ထဲတွင် ပုံအပ်ထားလိုက်ပြီဖြစ်သည်။

ထိုအချိန်တွင် လူအုပ်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်နေကြသည်။ ကောင်းကင်နယ်စားများနှင့်မြို့စားများအားလုံးမှာ သူတို့၏ ခြေထောက်များကိုသာ ငုံ့ကြည့်နေကြသည်။ ဘိုးဘေးပူဇော်ပွဲ သမိုင်းတစ်လျှောက်တွင် ယနေ့သည် တော်ဝင်နန်းတော်ကြီးတစ်ခုလုံး တိတ်ဆိတ်နေရသည့် ပထမဆုံး အကြိမ်ဖြစ်သည်။

အောက်ဘက်ရှိ မြို့တော်မှ သာမန်ပြည်သူများ၏ စူးရှကျယ်လောင်စွာ ပွဲတော်ဆင်နွှဲနေကြသည့် ဖြစ်ရပ်ကြီးနှင့် လုံးဝပြောင်းပြန်ဖြစ်နေတော့သည်။

ဗဟိုဧကရာဇ်မှာ စကားတစ်ခွန်းမှ မပြောသလို မဟာကောင်းကင်သခင်လည်း တိတ်ဆိတ်နေသည်။ ခန်းမထဲရှိလူတိုင်းမှာ အသံတစ်သံမှ မထွက်ကြပေ။ မင်းသား၊ မင်းသမီးများမှာလည်း နာကျည်းနေသည့်မျက်နှာများဖြင့် မြေပြင်သို့စိုက်ကြည့်ရင်း ပိုင်ရှောင်ချန်းအား သူမွှေးခဲ့သည့်မီးကြောင့် နှလုံးသားထဲမှနေ၍ မုန်းတီးနေကြပြီး မဟာကောင်းကင်သခင်ကိုမူ ထိတ်လန့်နေကြတော့သည်။

သို့သော် ထိုတိတ်ဆိတ်ငြိမ်သက်မှုမှာ ကြာကြာမခံလိုက်ပေ။ အဆုံးတွင် ကောင်းကင်မြို့စားတစ်ယောက်က အံကြိတ်ကာ ရှေ့သို့ထွက်လာလေသည်။ သူကလက်ယှက်ကာ ဗဟိုဧကရာဇ်နှင့် မဟာကောင်းကင်သခင်တို့အား ဦးညွှတ်အရိုအသေပေးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ဖြေလိုက်လေသည်။

" ကျွန်တော့်အမြင်မှာတော့ စစ်ဆေးရေးအရာရှိပိုင်ဟောက် ကိုင်ထားတာက နတ်အဆင့်ဝိညာဥ်ကြီးပါပဲ "

ပထမဦးဆုံးလူ ထွက်လာပြီဖြစ်ရာ ဒုတိယတစ်ယောက်ကလည်း လိုက်ပြောလိုက်ကြတော့သည်။ ထို့နောက် တတိယမြောက်တစ်ယောက်ထွက်လာသည်။ ကောင်းကင်မြို့စား အယောက်တစ်ရာကျော်မှာ တစ်ယောက်ပြီးတစ်ယောက် ထိုသို့ထွက်လာနေကြတော့သည်။

" အဲဒါ သေချာပေါက် နတ်အဆင့်ဝိညာဥ်ပဲ "

" ဟုတ်တာပေါ့။ သေချာကြည့်လိုက်ရင် နတ်အဆင့်ဝိညာဥ်ဆိုတာ အသိအသာကြီးပါ "

လူတိုင်း လူတိုင်းမှာ ၎င်းသည် နတ်အဆင့်ဝိညာဥ် ဖြစ်သည် ဆိုသော တူညီသည့်စကားတစ်ခွန်းထဲကိုသာ ပြောနေကြတော့သည်။

ထိုရှေ့သို့ထွက်လာကြသူများထဲမှ အချို့မှာ မဟာကောင်းကင်သခင်အား အမှန်တကယ် သစ္စာရှိကြသူများဖြစ်သော်လည်း အားလုံးတော့မဟုတ်ပေ။ သို့သော်လည်း တစ်ယောက်တစ်လေပင် သူတို့၏ ရပ်တည်ချက်ကို ထုတ်ပြောဖို့ရာ အနည်းငယ်လေးပင် တွန့်ဆုတ်မနေကြပေ။

အများစုမှာ ပိုင်ရှောင်ချန်းအား စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ သို့သော် နတ်ဝိညာဥ်ဖြစ်ကြောင်း ထုတ်ပြောရာတွင် သူတို့၏မျက်နှာများမှာ မှိုင်းညို့သော အမူအရာများဖြင့်သာ ပြည့်နှက်နေကြသည်။ ကျောက်ရှောင်လင်း အပါအဝင် ပိုင်ရှောင်ချန်းအား တိုက်ခိုက်ခဲ့သည့် ကောင်းကင်မြို့စားကိုးယောက်ပင်လျှင် တစ်ပုံစံထဲပင်။ ကျောက်ရှောင်လင်းမှာ စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း အသံကျယ်ကျယ်ဖြင့် ဖြေလိုက်လေသည်။

" အဲဒါ နတ်ဝိညာဥ်တစ်ခုမှန်း လူတိုင်း သိပါတယ်ဗျာ "

ကောင်းကင်မြို့စားများမှာ ထိုသို့ ဖြေနေကြစဥ် တော်ဝင် မင်းသား၊မင်းသမီးများ၏ မျက်နှာများမှာ ပို၍ ဖြူဆုတ်လာကြတော့သည်။ အဘိုးကြီးနှစ်ယောက်၏ မျက်နှာများပေါ်တွင် နားကျည်းနေသည့် အပြုံးများကို မြင်နိုင်သည်။ ဗဟိုဧကရာဇ်မှာမူ တည်ငြိမ်စွာ ထိုင်၍ ကောင်းကင်မြို့စားများနှင့် နယ်စားများကို ကြည့်နေလေသည်။ မကြာသေးမီက သူ၏မျက်ဝန်းထဲတွင် ရှိနေခဲ့သည့် အေးစက်မှုများမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ၏မျက်နှာအမူအရာမှာ အသက်မဲ့နေတော့သည်။ သို့သော် သူ့ မျက်ဝန်းများ၏ နက်ရှိုင်းသောနေရာတစ်ခုထဲတွင် ပိုင်ရှောင်ချန်း၏ ယခုပုံရိပ်ကြီးကို တစ်သက်တာစွဲမြဲအောင် မှတ်သားနေသည်ကို အထင်အရှားမြင်နိုင်သည်။

ထိုအကြည့်ကြောင့် ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ အေးစက်သွားရသော်လည်း သူသည် မဟာကောင်းကင်သခင်၏ ဘက်တော်သားတစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူ ပြန်၍ သတိပေးလိုက်ပြီး ဗဟိုဧကရာဇ်မှာ ယခုထက် ပို၍ စွမ်းအားကြီးမားနေလျှင်ပင် သူ့အား မထိခိုက်နိုင်ကြောင်းကို တွေးနေလိုက်တော့သည်။

" ငပိန်း ဗဟိုဧကရာဇ်။ ငါက သရဲကြီးဘုရင်ရဲ့ ခေါင်းကိုတောင် ရိုက်လာတဲ့ကောင်ပါကွ။ ဟမ်းးး ဗဟိုဧကရာဇ်ကို ရိုက်ရတဲ့ ခံစားချက်ကြီးကရော ဘယ်လိုများ ဖြစ်နေမလဲ သိချင်လိုက်တာ "

သူက တံတွေးမျိုချကာ သတ္တိမွေးလိုက်ပြီး ကောင်းကင်မြို့စားအားလုံး ရှေ့သို့ထွက်လာရန် စောင့်ဆိုင်းလိုက်တော့သည်။

မကြာမီ မြို့စားအားလုံးမှာ တစ်ယောက်မကျန် နတ်အဆင့်ဝိညာဥ်ဖြစ်ကြောင်း ထောက်ခံသွားကြပြီဖြစ်သည်။ ထို့နောက် ကောင်းကင်နယ်စားဆယ်ယောက် အလှည့်ရောက်လာပြီး သူတို့အားလုံးမှာလည်း တွေဝေမနေကြပေ။

" နတ်အဆင့်ဝိညာဥ်ပါ "

" နတ်အဆင့်ဝိညာဥ်ပါ "

ချန်ဟောက်စုန့်ပင် အပါအဝင်ဖြစ်သည်။ ယခုတွင် တော်ဝင်မင်းသား၊မင်းသမီးများမှာ တုန်ရီနေကြသော်လည်း ဒေါသကြောင့်လား၊ ကြောက်ရွံ့မှုကြောင်းလားဟု ဝေခွဲ၍မရနိုင်ပေ။ သခင်မလေးဟုန်ချိန်နှင့် အခြား ကောင်းကင်ဘုရင်များ၏ ကိုယ်စားပြုများမှာလည်း ပိုင်ရှောင်ချန်း၏ လက်ထဲတွင် နတ်အဆင့်ဝိညာဥ်ရှိနေကြောင်း ထောက်ခံလိုက်ကြသည်။ ထို့နောက် ရင်ပြင်ကြီးမှာ နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားရပြန်သည်။

ထိုတိတ်ဆိတ်ငြိမ်သက်မှုကြီးမှာ မဟာကောင်းကင်သခင်၏ အာဏာသည် သူ၏ယခင်ကအဆင့်ထက်ပို၍ မြင့်မားသွားပြီဖြစ်ကြောင်း ဖော်ပြနေသည်။ သူနှင့် ဗဟိုဧကရာဇ်တို့သည် ယခုမှ ပထမဆုံးအကြိမ် လူသိရှင်ကြား ယှဥ်ပြိုင်ဖူးသည် မဟုတ်ပါလော။

မဟာကောင်းကင်သခင်၏ စကားတစ်ခွန်းကြောင့် လူတိုင်းမှာ ဦးညွှတ်သွားရပြီဖြစ်သည်။ ထိုသို့သော အာဏာမျိုးမှာ ဖော်ပြ၍မရနိုင်အောင် ကြီးမားနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းပြောခဲ့သည့်အတိုင်း မဟာကောင်းကင်သခင်မှာ လူတိုင်း မည်သို့တွေးတောနေသည်ကို သိရှိရန် မလိုပေ။ လူတိုင်းက သူ့အားကြောက်ရွံ့နေရန်သာ လိုအပ်သည်။ ထိုမျှလောက်နှင့် သူ့အတွက် လုံလောက်ပြီဖြစ်သည်။

ခန်းမထဲတွင် မဟာမင်းသား၊ ဒုတိယမင်းသားနှင့် အခြားလူတိုင်းမှာ အသက်မရှိတော့သည့်အလား မျက်နှာများဖြူဆုတ်နေကြသည်။ သို့သော်လည်း သူတို့သည် မဟာကောင်းကင်သခင်အား ရှက်ရွံ့မှုများနှင့် ကြောက်ရွံ့မှုများထဲတွင် နွံနစ်နေရပြီဖြစ်သည်။ ယခုတွင် သူတို့ယခင်က ကြံစည်နေခဲ့သည့် စီမံကိန်းများမှာ အရာမရောက်နိုင်တော့ပေ။ မဟာကောင်းကင်သခင်ရှေ့တွင် သူတို့သည် တိုက်ကွက်တစ်ခုထဲဖြင့် ရှုံးနိမ့်သွားနိုင်သည့်အလား အားအင်ချည့်နဲ့နေပြီဖြစ်သည်။ ထိုအချင်းအရာမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ထိုအရာများထက် တော်ဝင်အင်ပါယာမျိုးနွယ်စုသည် ဤအဆင့်ထိရောက်အောင် ကျဆင်းသွားရသည်ကို သူတို့က သိလိုက်သဖြင့် ပူဆွေးသောကရောက်နေရတော့သည်။

ထိုအချိန်တွင် ဗဟိုဧကရာဇ်သည် ပိုင်ရှောင်ချန်းအား အဓိပ္ပါယ်ပါပါကြည့်၍ မတ်တတ်ထရပ်လိုက်တော့သည်။ ထို့နောက် မဟာကောင်းကင်သခင်ပင် မဆိုထားနှင့် အခြားမည်သူ့ကိုမှ မကြည့်တော့ပဲ ခန်းမထဲမှ ထွက်သွားတော့သည်။ အဘိုးကြီးနှစ်ယောက်မှာလည်း အသက်ပြင်းပြင်းရှူကာ ပိုင်ရှောင်ချန်အား စိုက်ကြည့်၍ ဗဟိုဧကရာဇ်နောက်သို့ လိုက်သွားကြတော့သည်။

တော်ဝင်မင်းသား၊ မင်းသမီးများမှာလည်း စကားတစ်ခွန်းတစ်လေပင်မပြောပဲ သူ၏နောက်မှ ဖရိုဖရဲနှင့် လိုက်သွားကြတော့သည်။ သို့သော် သူတို့အားလုံးက မထွက်ခွာမီ ပိုင်ရှောင်ချန်းအား ကြည့်သွားကြသည်။

စုဝေးနေကြသည့် အရာရှိများနှင့် မှူးမျိုးမတ်နွယ်များမှာလည်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အနက်ရောင်ပလ္လင်ပေါ်ရှိ မဟာကောင်းကင်သခင်အားကြည့်လိုက်ကြသောအခါ သူသည် နက်မှောင်တောက်ပနေသည့်မျက်ဝန်းများဖြင့် သူတို့အားလုံးကို ပြန်၍ကြည့်လိုက်လေသည်။

အမှန်တွင် သူသည် ကောင်းကင်မြို့စားများနှင့်နယ်စားများ အပါအဝင် ခန်းမအပြင်ရှိလူတိုင်းကို အသေးစိတ် လေ့လာဆန်းစစ်နေခဲ့သည်။ သူတို့၏ မျက်နှာအမူအရာတွင် ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှုအသေးစားများနှင့် သူတို့ ဝိညာဥ်များ၏ တုန်ခါမှုများကိုပင် သူက အသေးစိတ် စောင့်ကြည့်လေ့လာနေခဲ့သည်။

သူသည် စကားတစ်ခွန်းမှ မပြောသော်လည်း သူ၏မျက်ဝန်းထဲရှိ နက်မှောင်သောအလင်းမှာ အလွန်သိသာနေသည်။ ထို့နောက် သူသည် မတ်တတ်ထရပ်လိုက်သဖြင့် ရင်ပြင်ထဲရှိ လူတိုင်းမှာ လက်ယှက်၍ ဦးညွှတ်လိုက်ကြတော့သည်။

" နှုတ်ဆက်ပါတယ်၊ မဟာကောင်းကင်သခင်။ နှုတ်ဆက်ပါတယ် ဗဟိုဧကရာဇ် "

" မင်းတို့အားလုံး ပြန်လို့ရပြီ "

မဟာကောင်းကင်သခင်က မိန့်ကြားလိုက်သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းအား အသိအမှတ်ပြုသည့် အမူအရာဖြင့်ကြည့်ကာ ဆိုလိုက်လေသည်။

" ပိုင်ဟောက်။ မင်းက ငါနဲ့လိုက်ခဲ့ "

ထိုသို့ဆိုကာ သူသည် နောက်လှည့်၍ မဟာခန်းမ၏ နောက်ထဲသို့ ဦးတည်သွားတော့သည်။

မဟာကောင်းကင်သခင်၏ မျက်ဝန်းထဲမှ အသိအမှတ်ပြုသည့် အရိပ်အယောင်များကို ပိုင်ရှောင်ချန်းက သတိထားမိလိုက်သဖြင့် ကျယ်လောင်စွာ အမိန့်ပေးလိုက်တော့သည်။

" မင်းတို့အကုန် သွားလို့ရပြီ "

တချိန်ထဲမှာပင် သူသည်စိတ်ထဲတွင် သက်ပြင်းချကာ ကြီးမားသောကိစ္စကြီးတစ်ခုကို စွမ်းဆောင်နိုင်လိုက်ပြီဖြစ်ကြောင်း သိလိုက်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေတော့သည်။

အစမှ အဆုံးအထိ သူက အသာစီးရနေခဲ့သဖြင့် အလွန် ရင်ဖိုဖွယ်ရာကောင်းပေသည်။ သူ၏စိတ်ထဲတွင် အကြောက်တရား အနည်းငယ်ကျန်ရှိနေသေးပါသော်လည်း မဟာကောင်းကင်သခင်က သူ့အား အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း သိလိုက်ရ၍ သူသည် စိတ်လှုပ်ရှားကာ အသားများတုန်ရီနေရတော့သည်။

" ဒီတစ်ခါတော့ ငါတကယ့်ကို ချီးကျူးထိုက်တဲ့ ကိစ္စကြီးတစ်ခု စွမ်းဆောင်နိုင်ခဲ့တာပဲ။ မဟာကောင်းကင်သခင်က ငါ့ကိုဘယ်လိုများ ဆုချမှာပါလိမ့် "

သူသည် မဟာကောင်းကင်သခင်ထံသို့ ပြေးသွားချိန်တွင် လူတိုင်းက သူ့အားစိုက်ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကောင်းကင်နယ်စားနှင့် မြို့စားများစွာတို့မှာ အဖြစ်မရှိသောလူတစ်ယောက်က မထင်မှတ်ပဲ ရာထူးအာဏာကြီးတစ်ခု ရရှိသွားသည့်အချက်ကို မထီမဲ့မြင်ပြုနေသည့် အကြည့်များဖြင့် သူ့အားကြည့်နေကြသည်။

ထိုအကြည့်များကို ပိုင်ရှောင်ချန်းက သဘောမကျပေ။

ကျောက်ရှောင်လင်းမှာပို၍ပင် ဆိုးသည်။ သူသည် ပိုင်ရှောင်ချန်း၏ ခြေလက်များကို ဆွဲဖြုတ်ပစ်ချင်နေသည့်အလား ရက်စက်ဖွယ်အကြည့်ကြီးဖြင့် စိုက်ကြည့်နေသည်။

" ငါ့ကိုစိုက်ကြည့်ရလောက်အောင် အတင့်ရဲလှပါလား "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။

ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး မေးငေါ့ကာ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်လေသည်။

" အခု ငါ့ဆီမှာရှိတဲ့ဝိညာဥ်က နတ်အဆင့်ဝိညာဥ်ဆိုတာကို မင်းတို့ကပါ ထောက်ခံနေမှတော့ ဒီနေ့ငါတော်တော်ကံကောင်းနေပုံပဲ "

ထိုသို့ဆိုလိုက်ပြီး သူသည် ထိုအခြေခိုင်မာခြင်းအဆင့် ဝိညာဥ်အား ကျောက်ရှောင်လင်းဆီသို့ ရုတ်တရက် လှမ်းပစ်လိုက်သည်။

" ကောင်းကင်မြို့စား ကျောက်ရေ။ ကျုပ်က မဟာကောင်းကင်သခင်နဲ့ လုပ်စရာအလုပ်ရှိသေးတော့ ဒီနတ်အဆင့်ဝိညာဥ်ကို ဘေးကင်းလုံခြုံအောင် မင်းဆီ ထားခဲ့မယ်။ မနက်ဖန် မနက် ရောင်နီလာချိန်ကျရင် မင်းရဲ့ မျိုးနွယ်စုဆီ ကျုပ် ပြန်လာယူလိုက်မယ်။ မပျောက်စေနဲ့နော်။ အဲဒါက နတ်အဆင့်ဝိညာဥ်ကြီး "

ကျောက်ရှောင်လင်းမှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ပိုင်ရှောင်ချန်းမှာ ထွက်ခွာသွားတော့သည်။

All Chapters