← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း။ ၉၁

စုန်ယန်သည် ကင်ထားသော ငန်းသားတစ်ဖတ်ကို တုတ်ဖြင့်ညှပ်ကာ ပါးစပ်အတွင်းသို့ ထည့်လိုက်ပြီးနောက် မြိန်ရည်ယှက်ရည် စားသုံးရင်း သေရည်တစ်ခွက်ကို ခပ်သွက်သွက် ငှဲ့လိုက်၏။ သူသည် သေရည်ကို တစ်ကျိုက်တည်းဖြင့် မော့ချလိုက်ပြီးနောက် လွန်စွာကျေနပ်အားရဖွယ်ကောင်းသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

ထို့နောက် လက်ထဲမှ သေရည်ခွက်ကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပြန်လည်ချထားလိုက်၏။

သို့ရာတွင် သေရည်ခွက်နှင့် စားပွဲမျက်နှာပြင် ထိမိသည်နှင့်တစ်ပြိုင်နက် သစ်သားစားပွဲကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ကြေးဖြင့်ပြုလုပ်ထားသော ခြေသုံးချောင်းထောက် သေရည်ခွက်ကလေးမှာ ထိုတုန်ခါမှုကြောင့် လေထဲသို့ အနည်းငယ် မြောက်တက်သွားရ၏။

ယင်းနောက်တွင်မူ ဆက်တိုက်ဆိုသလိုပင် မြေငလျင်လှုပ်သကဲ့သို့ တုန်ခါမှုများ တစ်ဟုန်ထိုး ပေါ်ပေါက်လာတော့သည်။

စားသောက်ဆိုင်အတွင်းရှိ စားပွဲများပေါ်မှ ခွက်များ၊ ပန်းကန်များ၊ ဇွန်းနှင့် တုတ်များအားလုံးမှာ ပြုတ်ကျလာသော ပဲစေ့များအလား အပေါ်အောက် အပြင်းအထန် ခုန်ပေါက်နေကြတော့၏။ ပန်းကန်များထဲရှိ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားဟင်းလျာများမှာလည်း ပန်းကန်ပြားများထဲမှ လွင့်စင်ထွက်ကာ ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲဖြစ်ကာ ပြန့်ကျဲကျကုန်ကြသည်။

ထိုအခါ ကျန်းဟူနယ်ပယ်မှ သိုင်းသမားများသည် သူတို့၏ လက်နက်ကိုယ်စီကို ဆုပ်ကိုင်လျက် အပြင်ဘက်သို့ အလုအယက် ပြေးထွက်သွားကြပြီး သူတို့၏ မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။

စုန်ယန်သည်လည်း လူအုပ်ကြီးနှင့်အတူ လိုက်ပါကာ အပြင်သို့ ပြေးထွက်လာခဲ့၏။

အပြင်ဘက်သို့ ကြည့်လိုက်သောအခါ မည်သည့်အချိန်က ပေါ်ပေါက်လာမှန်းမသိသော ဖောက်ထွင်းမြင်ရသည့် အကာအကွယ်အတားအဆီးတစ်ခုကို ကောင်းကင်ယံတွင် တွေ့လိုက်ရသည်။ စွမ်းအင်လှိုင်းတစ်ခုသည် ထိုအတားအဆီးကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် လှိုင်းတွန့်များပင် ထနေတော့၏။

ကျင့်ကြံသူများရှိရာ နယ်မြေအတွင်း၌လည်း ပရမ်းပတာ ဖြစ်နေကြပြီး တစ်ခါတစ်ရံတွင် တန်ခိုးရှင်လက်နက်များ၏ အလင်းတန်းများ ဖြတ်သန်းသွားသည်ကို တွေ့ရသည်။ ထိုအတောအတွင်း “မြေခွေးမိစ္ဆာ ကျူးကျော်လာပြီ” ဟူသော အော်ဟစ်သံများနှင့် အခြားသော ရုန်းရင်းဆန်ခတ် အသံများကိုလည်း ကြားနေရ၏။

ထိုစဉ် တစ်စုံတစ်ယောက်က ရုတ်တရက် အသံကုန်ဟစ်ကာ အော်ပြောလိုက်သည်မှာ

“ဒါ မြေခွေးအဘွားအိုပဲ... မြေခွေးအဘွားအို ရောက်လာပြီဟေ့”

ထိုစကားအဆုံးတွင် သိုင်းလောကသားအချို့၏ မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်မှုများ သိသိသာသာ ပေါ်ပေါက်လာသည်။ အခြေအနေကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေသူများကိုလည်း သူတို့က အလျင်အမြန်ပင် ရှင်းပြလိုက်ကြ၏။

“ဒီအအေးလှိုင်းလျှိုမြောင် စျေးတန်းကိုက မြေခွေးအဘွားအိုကို ခုခံဖို့ တည်ဆောက်ထားတာဗျ။ သူက လူတွေကို ပဲစေ့ဝါးသလိုမျိုး စားပွဲသောက်ပွဲ လုပ်တတ်တဲ့ မိစ္ဆာမကြီးပဲ”

ယခုအခါတွင်မူ လူတိုင်း၏ စိတ်နှလုံးထဲ၌ ကြောက်စိတ်များ လွှမ်းမိုးသွားကြတော့သည်။

လူတို့၏ ကြောက်ရွံ့မှုကို တုံ့ပြန်လိုက်သည့်အလား ဖောက်ထွင်းမြင်ရသော အကာအကွယ်အတားအဆီး၏ အပြင်ဘက်တွင် ဧရာမ မိစ္ဆာရိပ်ကြီးတစ်ခု တဖြည်းဖြည်း မြင့်တက်လာသည်။ ထိုမိစ္ဆာရိပ်ကြီးသည် အလင်းရောင်ကို ပိတ်ဆို့ထားသဖြင့် အကာအကွယ်အတွင်းရှိ နေရာအတော်များများမှာ မှောင်မည်းသွားရ၏။

ချွန်မြသော မြေခွေးမျက်နှာကြီးမှာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ပြီး “ဟီး... ဟီး... ဟီး...” ဟု စူးရှခြောက်ခြားဖွယ်ကောင်းသော ရယ်သံကြီးကို လွှတ်လိုက်သည်။

ကောင်းကင်ယံကို လောင်မြိုက်စေမည့် မီးတောက်များအလား ဖြူဖျော့ဖျော့ မြေခွေးအမြီး သုံးချောင်းမှာလည်း မာန်မူလျက် ကောင်းကင်အထက်ဆီသို့ တည့်တည့်မတ်မတ် မြင့်တက်နေတော့၏။

သိုင်းလောကအတွင်း သတ္တိခဲများစွာ ရှိသော်လည်း ယခုအခါတွင်မူ မည်သို့မျှ မတတ်နိုင်ဘဲ အချို့မှာ ကြောက်လွန်းသဖြင့် ဆီးထွက်ကုန်ကြပြီး အချို့မှာမူ မလှုပ်ရှားနိုင်လောက်အောင်ပင် တုန်ရီနေကြတော့သည်။

စုန်ယန်သည် အထက်သို့ မော့ကြည့်နေစဉ် မြေခွေးအဘွားအိုက သူမ၏ လက်ကို မြှောက်လိုက်ပြီး အပြင်းအထန် ရိုက်ချလိုက်သည်ကို တွေ့လိုက်ရ၏။

“ဒုန်း”

မှော်အစီအရင် အကာအကွယ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ဒုန်း... ဒုန်း... ဒုန်း...

ပြင်းထန်လှသော ရိုက်ခတ်မှုများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပြီးနောက် မမျှော်လင့်ဘဲ အကာအကွယ်အတားအဆီးထက်တွင် အက်ကြောင်းများ စတင်ထင်ဟပ်လာတော့သည်။

နောက်ထပ် "ဒုန်း... ဒုန်း..." ဟု မြည်ဟည်းသံအချို့ ထပ်မံထွက်ပေါ်လာ၏။

ထို့နောက်တွင်မူ စူးရှပြတ်သားသော ကွဲအက်သံတစ်ခုကို ကြားလိုက်ရသည်။

အကာအကွယ်အတားအဆီးကြီးတွင် အပေါက်တစ်ပေါက် ပွင့်ထွက်သွားပြီးနောက် အစီအရင်အပြင်ဘက်၌ ပိတ်မိနေကြသော မြေခွေးပေါက်လေးများသည် တစ်ဟုန်ထိုး အတွင်းသို့ တိုးဝင်လာကြကာ ကျင့်ကြံသူများကို စတင်တိုက်ခိုက်ကြတော့သည်။

ကျင့်ကြံသူများကလည်း သူတို့၏ လက်နက်ကိုယ်စီဖြင့် ပြန်လည်ခုခံရင်း တိုက်ပွဲမှာ အရှိန်မြင့်လာ၏။

“ပြေးကြ... ပြေးကြတော့”

“လွတ်အောင်ပြေးကြဟေ့... အသက်ရှင်ချင်ရင် ပြေးကြ”

သိုင်းလောကသားများသည် ကြောက်စိတ်ကြောင့် ရူးသွပ်လုမတတ် ဖြစ်နေကြပြီး ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ စျေးတန်း၏ နောက်ဘက်ဆီသို့ ဦးတည်ကာ အတင်းအဓမ္မ ထွက်ပြေးနေကြတော့သည်။

စျေးတန်းအတွင်းသို့ စတင်ဝင်ရောက်စဉ်က လမ်းမကြီးမှာ ကျယ်ဝန်းသော်လည်း နောက်ဘက်ရှိ ထွက်ပေါက်များမှာမူ ကျဉ်းမြောင်းလှသော လမ်းကြားလေးများသာ ဖြစ်၏။

စုန်ယန်သည်လည်း ကြောက်လန့်တုန်လှုပ်နေသော မျက်နှာပေးဖြင့် သိုင်းလောကသားများကြားတွင် ရောနှောကာ ထွက်ပြေးနေခဲ့သည်။

သူသည် အမြန်ကြီးလည်း မပြေးသလို အနှေးကြီးလည်း မကျန်ရစ်စေဘဲ လူအုပ်ကြီး၏ အလယ်တည့်တည့်တွင်သာ အလိုက်သင့် စီးမျောလိုက်ပါနေ၏။ ဤအရှိန်မှာ သူ့အတွက်မူ အေးအေးလူလူ လမ်းလျှောက်နေရသကဲ့သို့ပင် ဖြစ်သဖြင့် ဘေးဘီဝဲယာသို့ ခိုးကြောင်ခိုးဝှက် အကဲခတ်ကြည့်ရင်း အဝေးမှ တိုက်ပွဲကို အာရုံခံကြည့်နေမိသည်။ တစ်စုံတစ်ခုကို သတိပြုမိလိုက်ဟန်လည်း တူ၏။

ရုတ်တရက် သူ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။

လွှမ်းမိုးထားသော မြေခွေးအဘွားအို၏ မိစ္ဆာရိပ်ကြီး၏ အစွန်းတစ်နေရာတွင် ဖြူလွလွ အက်ကြောင်းလေးတစ်ခု ဖြစ်ပေါ်နေသည်ကို သူ သတိထားမိလိုက်ခြင်းပင်။

အခြားသူများအဖို့မူ ထိုအက်ကြောင်းမှာ မထင်မရှား ဖြစ်နေပေလိမ့်မည်။ သာမန် နေရောင်ခြည် အစင်းကြောင်းတစ်ခုဟုပင် ထင်မှတ်ကောင်း ထင်မှတ်နိုင်သည်။

သို့သော် စုန်ယန်ကမူ မြင်အောင် ကြည့်နိုင်ခဲ့၏။

ထို့အပြင် ထိုအက်ကြောင်းလေးအတွင်း၌ ပျံသန်းနေကြသော ဆီးနှံကဲ့သို့ ဖြူဖွေးသည့် ပိုးကောင်လေး အကောင်ပေါင်း ဒါဇင်အချို့ကိုလည်း သူ မြင်လိုက်ရသည်။

၎င်းတို့မှာ ထင်ယောင်ထင်မှား စားသုံးသည့် ပျံလွှားပုရွက်ဆိတ်များပင်။

ယင်းပိုးကောင်လေးများကို စျေးတန်းအဝင်ဝတွင် မည်သည့် လှည့်စားမှုအတတ်ကိုမဆို ထောက်လှမ်းနိုင်ရန်အတွက် အသုံးပြုထားခြင်း ဖြစ်သည်။

ယခုမူ ထိုပိုးကောင်များကို ထည့်ထားသော လှောင်အိမ်မှာ ပျက်စီးသွားပြီ ဖြစ်ဟန်တူသဖြင့် ၎င်းတို့သည် အပြင်သို့ ပျံထွက်လာကြခြင်း ဖြစ်ပေလိမ့်မည်။

ဤထူးဆန်းသော ပိုးကောင်များသည် လှည့်စားမှုအတတ်များအပေါ် လွန်စွာ အာရုံခံနိုင်စွမ်း မြင့်မားကြသည်။ အကယ်၍ ၎င်းတို့သည် ဖန်တီးထားသော ထင်ယောင်ထင်မှားမှုတစ်ခုကို တွေ့ရှိပါက ဗီဇအရ ထိုနေရာသို့ ပျံသန်းသွားပြီး ကိုက်ခဲဖျက်ဆီးပစ်တတ်ကြ၏။

နောက်တစ်ခဏတွင်မူ ထိုဖြူလွလွ အက်ကြောင်းလေးသည် ပျောက်ကွယ်သွားပြီး ပိုးကောင်လေးများလည်း မရှိတော့ချေ။

စုန်ယန်သည် စဉ်းစားစရာတစ်ခု ရသွားသည့်အလား သူ၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ယခင်က စုချန်းလီသည် သူနှင့်အတူ မြေခွေးအဘွားအိုအကြောင်း ဆွေးနွေးခဲ့ဖူးသည်။

မြေခွေးအဘွားအို၏ နဂါးသွေးဆိုသည်မှာ ပြင်ပမှ ရရှိထားသော သွေးမျိုးဖြစ်ပြီး လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှကြောင်း ထိုသွေးမှ ထွက်ပေါ်လာသော စွမ်းအားသည် ကြက်သွေးရောင် နန်းတော်အဆင့်ထက်ပင် ကျော်လွန်နေကြောင်း စုချန်းလီက ပြောပြခဲ့ဖူး၏။ ဤအချက်က သူ့ကို များစွာ ဇဝေဇဝါ ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ၏ နောက်ဆုံးကောက်ချက်မှာ ထို နဂါးသွေးထဲတွင် တစ်စုံတစ်ရာသော လျှို့ဝှက်ချက် သို့မဟုတ် အားနည်းချက်တစ်ခု ဖုံးကွယ်နေရမည်ဟူ၍ပင်။ အကယ်၍သာ ဤအားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့လျှင် မြေခွေးအဘွားအို၏ စွမ်းအားမှာ သိသိသာသာ ထိုးဆင်းသွားပေလိမ့်မည်။

သို့သော်လည်း စုမိသားစုမှ ထိုလူကြီးသည် မြေခွေးအဘွားအို၏ နဂါးသွေးအားနည်းချက်ကို ရှာမတွေ့ခဲ့သည်မှာ အသေအချာပင်။ သို့မဟုတ်ပါက သူတို့မိသားစုတစ်ခုလုံး မျိုးတုံးသတ်ဖြတ်ခံရမည် မဟုတ်ချေ။

စုန်ယန်တစ်ယောက် စဉ်းစားခန်းဖွင့်နေစဉ်မှာပင် အဝေးဆီမှ ကျင့်ကြံသူတစ်ဦး၏ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ ထင်ယောင်ထင်မှား စားသုံးတဲ့ ပုရွက်ဆိတ်တွေက မိစ္ဆာရိပ်ကို ဖောက်ထွက်သွားတာ ကျွန်တော် မြင်လိုက်တယ်။ ဒီဧရာမ မိစ္ဆာရိပ်ကြီးက မြေခွေးအဘွားအို ဖန်တီးထားတဲ့ လှည့်စားမှုအတတ်တစ်ခုပဲ ဖြစ်ရမယ်။ သူက အားကြီးတဲ့သူတွေနဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ရလို့ အခုဆိုရင် အားအင်ကုန်ခမ်းနေပြီဗျ။ ကြောက်စရာ မလိုပါဘူး...”

ထိုစကားအဆုံးမှာပင် ကောင်းကင်ယံရှိ မိစ္ဆာရိပ်ကြီး၏ ဧရာမလက်ဝါးကြီးမှာ ရုတ်တရက် အောက်သို့ နိမ့်ဆင်းလာပြီး စကားပြောနေသော ကျင့်ကြံသူကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်တော့သည်။

ထို့နောက်တွင်မူ မြေခွေးအဘွားအို၏ ခေါင်းလောင်းသံကဲ့သို့ စူးရှသော ရယ်မောသံကြီး လွင့်ပျံလာ၏။

၎င်းမှာ လှောင်ပြောင်သရော်လိုက်သော အသံပင်။

“တော်လိုက်တာ... သိပ်တော်တာပဲ”

ထိုသို့ပြောဆိုပြီးနောက် မိစ္ဆာရိပ်ကြီး၏ ချွန်မြသော နှုတ်သီးကြီးမှာ ၎င်း၏ အစွယ်များကို ဖော်ထုတ်လိုက်ပြီး ခွပ်ခနဲ မြည်အောင်ပင် ထိုကျင့်ကြံသူ၏ ခါးလယ်မှ ကိုက်ဖြတ်ပစ်လိုက်သည်။ သွေးများမှာ ပန်းထွက်လာကာ မိစ္ဆာရိပ်ကြီးကို နီရဲသွားစေပြီးနောက် ပါးစပ်နားမှ တဖြည်းဖြည်း စီးကျလာ၏။ ထိုမြင်ကွင်းမှာ ဖော်ပြ၍မရလောက်အောင် လက်တွေ့ကျလွန်းပြီး ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလှတော့သည်။

လေထုထဲတွင်လည်း ခြောက်ခြားဖွယ်ကောင်းသော ရယ်မောသံများ ဖုံးလွှမ်းသွားရ၏။

“ဘုန်း...”

စုန်ယန်၏ ဘေးနားရှိ သိုင်းလောကသားတစ်ဦးမှာ ကြောက်လွန်းသဖြင့် ဒူးများပင် မခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားတော့သည်။

စုန်ယန်က ထိုသူကို အလျင်အမြန်ပင် လက်လှမ်းတွဲလိုက်ပြီး မေးလိုက်၏။

“အစ်ကို... အဆင်ပြေရဲ့လား”

ထိုသူမှာ အဝတ်အစား ခန့်ညားထည်ဝါမှုကို ကြည့်ခြင်းအားဖြင့် နာမည်ဂုဏ်သတင်း အတန်အသင့်ရှိသည့် လူငယ်တစ်ဦးဖြစ်ဟန် တူသော်လည်း ယခုအခါတွင်မူ စကားပင် မပြောနိုင်လောက်အောင် သွားရိုက်ကာ တုန်ယင်နေရှာသည်။

စုန်ယန်က သူ့ကို မလိုက်မှသာ သူက အသက်ကို ဝအောင်ရှူရင်း တိုးတိုးလေး ပြောနိုင်တော့၏။

“ကျေးဇူး... ကျေးဇူးတင်ပါတယ်ဗျာ...”

“ကျွန်တော် ကူညီပါရစေ”

စုန်ယန်က ထိုလူငယ်၏ လက်မောင်းကို ထိန်းမပေးလိုက်သည်။

သိုင်းလောကသားများကြားတွင် ရောနှောနေထိုင်သည့်အခါ တစ်ဦးတည်း ဖြစ်နေပါက အထောက်အထား မခိုင်လုံဘဲ သံသယဖြစ်ခံရနိုင်သည်။

အကယ်၍ သူက အမျိုးသမီးတစ်ဦးကိုသာ ရွေးချယ်ကူညီခဲ့လျှင်လည်း အခွင့်အရေးယူသည်ဟု အထင်မှားခံရနိုင်သဖြင့် ဤအနီးအနားရှိ သိုင်းလောကလူငယ်သူရဲကောင်းကိုသာ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ထိုလူငယ်မှာ တစ်ကိုယ်လုံး ပျော့ခွေနေပြီး စုန်ယန်၏ လည်ပင်းကို အသက်ကယ်ကြိုးသဖွယ် အတင်းဖက်တွယ်ကာ ဖုတ်ကောင်တစ်ကောင်အလား လိုက်ပါလာပြီး ခဏခဏ ကျေးဇူးတင်

စကား ပြောနေရှာသည်။

စုန်ယန်က သူ့ကို တွဲမထားကာ အရှေ့သို့ အမြန်ပြေးထွက်ခဲ့၏။

“ကျွန်တော်... ကျွန်တော်က ရှန်လျောင်ပါ။ ဒီနေ့သာ မသေခဲ့ရင် ဒီကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူးဗျာ...”

ထိုလူငယ်က တိုးတိုးလေး ရေရွတ်နေတော့သည်။

စုန်ယန်ကလည်း “ကျွန်တော့်နာမည်က ဟန်ဟုပါ။ သိုင်းလောကသားချင်းပဲ တစ်ယောက်ကိုတစ်ယောက် ဖေးမကြတာပေါ့။ ညီအစ်ကိုရှန်... အားနာမနေပါနဲ့” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည်လည်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် အသက်ရှူသံများ ပြင်းထန်နေစေပြီး ရေနစ်နေသူတစ်ဦးကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသည့် ပုံဖမ်းလိုက်၏။

ခဏအကြာတွင် လူအုပ်ကြီး၏ နောက်ဘက်ဆီမှ လက်နက်ချင်း ထိခတ်သံများနှင့် အော်ဟစ်သံများ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ရှန်လျောင်ဆိုသည့် လူငယ်မှာ နောက်သို့လှည့်ကြည့်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်တော့သည်။

“အစ်ကိုဟန်... အစ်ကိုဟန် မြေခွေးမိစ္ဆာတွေ တိုက်ခိုက်နေပြီဗျ”

သူအော်မပြောခင်ကတည်းက စုန်ယန်မှာ သိရှိပြီးသားဖြစ်သည်။

သာမန်မြေခွေးမိစ္ဆာအချို့မှာ ထွက်ပြေးနေသည့် သိုင်းလောကသားများကို လိုက်လံသတ်ဖြတ်ရန် ဤဘက်သို့ ရောက်ရှိလာကြခြင်း ဖြစ်၏။ ထိုမြေခွေးမိစ္ဆာများ၏ အရှိန်မှာ လေပွေကဲ့သို့ မြန်ဆန်လှပြီး သူတို့၏ လက်သည်းများမှာလည်း ထက်မြက်လှသည့် လက်နက်များအလားပငါ။ အရှိန်နှေးကွေးသူများမှာမူ မျက်တောင်တစ်ခတ်အတွင်းမှာပင် အသက်ပျောက်ကုန်ကြရ၏။

စုန်ယန်သည်လည်း အခြေအနေအရ ဖုတ်ကောင်တစ်ကောင်အလား ခုန်ဆွခုန်ဆွဖြင့် အမြန်လိုက်ပါပြေးလွှားနေသည်။

မနီးမဝေးရှိ မြင်းဇောင်းတွင် မြင်းများမှာ ဟီသံများပေးနေကြပြီး အချို့မှာ မြင်းများကို လွှတ်ပေးကာ ထွက်ပြေးရန် ပြင်ဆင်နေကြသည်။ စုန်ယန်သည် အခြေအနေကို အကဲခတ်လိုက်ပြီးနောက် မြေခွေးမိစ္ဆာအချို့ အခြားသူများကို လိုက်လံတိုက်ခိုက်နေစဉ် မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် ရှန်လျောင်ကိုလည်း အခြားမြင်းတစ်ကောင်ပေါ်သို့ ပစ်တင်ပေးလိုက်ပြီး နှစ်ဦးသား ဒုန်းစိုင်းနှင်ကာ ထွက်ပြေးကြတော့သည်။

ကလောက်... ကလောက်... ကလောက်...

မြင်းခွာသံများမှာ နွေရာသီမိုးထဲတွင် အော်ဟစ်နေသော ပုစဉ်းရင်ကွဲများအလား မြန်ဆန်လှ၏။

ရှန်လျောင်သည်လည်း အတတ်ပညာ အတန်အသင့်ရှိသူ ဖြစ်သည်။ သူသည် ပါးစပ်ကို တင်းတင်းစိလျက် မြင်းဗိုက်အောက်သို့ ပြောင်းပြန်ခိုတွဲလိုက်၏။ အကယ်၍ မြေခွေးမိစ္ဆာများက အမြင်အာရုံကိုသုံး၍ လိုက်လံရှာဖွေပါက မြင်းပေါ်တွင် လူမရှိသည်ကိုမြင်လျှင် လိုက်လံမှုကို အချိန်ဆွဲနိုင်လိမ့်မည်ဟု သူက မျှော်လင့်ထားခြင်း ဖြစ်သည်။

စုန်ယန်မှာ ထိုသူ၏ အကြံကို အံ့အားသင့်သွားမိပြီးနောက် သူလုပ်သကဲ့သို့ပင် မြင်းဗိုက်အောက်သို့ ပြောင်းပြန်ခိုကာ လိုက်ပါသွားသည်။

သူသည် အဝေးဆီသို့ လှမ်းကြည့်လိုက်ရာ မြေခွေးအဘွားအိုနှင့် အအေးလှိုင်းလျှိုမြောင်မှ ကျင့်ကြံသူများ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို မြင်ရ၏။ ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း အမျိုးမျိုးသော စွမ်းအင်လှိုင်းများမှာ ပန်းချီကားတစ်ချပ်အလား ပေါက်ကွဲပျံ့နှံ့နေတော့သည်။ ကျင့်ကြံသူများမှာလည်း တစ်ဦးပြီးတစ်ဦး သေဆုံးကာ ဒဏ်ရာရနေကြ၏။

မြင်းများမှာ အအေးလှိုင်းလျှိုမြောင်အတွင်းမှ လွတ်မြောက်ကာ ကွေ့ကောက်နေသော လမ်းငယ်လေးအတိုင်း ပြေးထွက်လာခဲ့ကြသည်။ အဝေးရှိ စျေးတန်းဆီမှလည်း လူအုပ်ကြီး ဖရိုဖရဲ ကွဲအက်သွားသည့် အသံများကို ကြားနေရဆဲပင်။

စုန်ယန်က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သောအခါ ကျင့်ကြံသူအများအပြားမှာလည်း သူတို့၏ တန်ခိုးရှင်လက်နက်များကို စီးနင်းလျက် စတင်ထွက်ပြေးနေကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ထိုသို့ အကဲခတ်နေစဉ်မှာပင် သူ ရုတ်တရက် တောင့်တင်းသွားရသည်။ အဝေးဆီမှ ရှန်လျောင်၏ အော်ဟစ်သံကို ကြားလိုက်ရပြီးနောက် ထိုလူငယ်၏ မြင်းဗိုက်အောက်တွင် မြေခွေးမိစ္ဆာတစ်ကောင် တွဲခိုနေသည်ကို မြင်လိုက်ရ၏။ ထိုမိစ္ဆာက ရှန်လျောင်၏ လည်ပင်းကို ဟပ်ခနဲ ကိုက်လိုက်ရာ သိုင်းလောကလူငယ်လေး၏ အသက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားရတော့သည်။

စုန်ယန်က ထိုမြင်ကွင်းကို တစ်ချက်မျှသာ ကြည့်လိုက်ရသေးသည်။ သူ၏ ဘေးနားမှ ကြောက်မက်ဖွယ်ကောင်းသော လေပွေတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။

မြေခွေးမိစ္ဆာတစ်ကောင်က သူ့ကို ပစ်မှတ်ထားကာ အပေါ်မှ ခုန်အုပ်လိုက်ခြင်းပင်။

စုန်ယန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း မည်သို့မျှ မတုံ့ပြန်ဘဲ မြေခွေးမိစ္ဆာ၏ ခုန်အုပ်မှုကို ငြိမ်ခံနေလိုက်သည်။ မြေခွေးမိစ္ဆာက ပါးစပ်ကို အကျယ်ကြီးဖြဲကာ သူ၏ လည်ပင်းကို အားကုန်ဟပ်လိုက်၏။

ဂျွတ်...

မိစ္ဆာ၏ အစွယ်များမှာ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။

မြေခွေးမိစ္ဆာမှာ သူ၏ မေးရိုးအတွင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ခဏမျှ ကြောင်အသွားရ၏။ နောက်တစ်ခဏတွင်မူ သူ၏ ကိုယ်မှာ အတင်းအဓမ္မ ဖိညှစ်ခံလိုက်ရပြီး ထိုသူ၏ လည်ပင်းနှင့် ကပ်လျက်သား ဖြစ်သွားတော့သည်။

မြေခွေးမိစ္ဆာမှာ မျက်လုံးများ ပြူးထွက်သွားရ၏။ ထိုလူက လက်တစ်ဖက်ဖြင့် သူ့လည်ပင်းတွင် တင်းတင်းကြပ်ကြပ် ဖိကပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တိတ်တိတ်နေဟူသည့် အမူအရာ ပြုလုပ်နေသည်ကို မြင်လိုက်ရသည်။

မြေခွေးမိစ္ဆာမှာ ရုန်းကန်ရန် ကြိုးစားသော်လည်း အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ထိုသူ၏ လက်မှ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်တစ်ခု ထွက်ပေါ်လာသည်။ အကယ်၍ ဆက်လက်ရုန်းကန်ပါက သူ၏ ဦးခေါင်းမှာ မြေခွေးခေါင်းကင်ဖြစ်သွားတော့မည့်အလား ခံစားလိုက်ရ၏။

ထို့ကြောင့် မြေခွေးမိစ္ဆာမှာ မလှုပ်ဝံ့တော့ဘဲ လူ၏လည်ပင်းကို ကိုက်ထားသည့်ဟန်ဖြင့် မြင်းဗိုက်အောက်တွင် ငြိမ်ငြိမ်ကလေး ကပ်ပါလျက် လျှိုမြောင်အတွင်းမှ ထွက်ခွါလာခဲ့ရသည်။

အခန်း။ ၉၂

အအေးလှိုင်းလျှိုမြောင် ဈေးတန်းတစ်ခုလုံးမှာမူ ယခုအခါ စစ်တလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ နေရာအနှံ့တွင် ကျင်းကြီးကျင်းငယ်များ ပေါက်ပြဲနေပြီး တောင်ထိပ်များမှာ ပြတ်တောက်ကာ တောင်စောင်းများမှာလည်း ပေါက်ကွဲပျက်စီးနေတော့သည်။ အပျက်အစီးပုံများနှင့် သစ်သားစအစနများကြားတွင် စူးရှသော သွေးညှီနံ့များက လေထုအတွင်း ရောနှောလျက်ရှိသည်။

ကျင့်ကြံသူများဖြစ်စေ၊ မြေခွေးမိစ္ဆာများဖြစ်စေ နှစ်ဖက်စလုံးတွင် အကျအဆုံး လွန်စွာများပြားလှ၏။

မြေခွေးအဘွားအို၏ ဧရာမမိစ္ဆာရိပ်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏နေရာတွင် ခါးကုန်းကုန်းဖြင့် အမောတဟိုက် ဖြစ်နေသော အမြီးသုံးချောင်းပါ အဖြူရောင်မြေခွေးတစ်ကောင် အစားထိုးဝင်ရောက်လာသည်။

ဤမြေခွေးဖြူမှာ အရွယ်အစားအားဖြင့် လူတစ်ရပ်၏ တစ်ဝက်ခန့်သာရှိပြီး ယခုအခါ နေဝင်ရိုးရီ အချိန်ကာလတွင် ချောက်ကမ်းပါးတစ်ခုထက်၌ မတ်တပ်ရပ်နေ၏။

"ဟူး... ဟူး... ဟူး..."

မြေခွေးအဘွားအိုသည် ခက်ထန်ပြီး မကျေမနပ်ဖြစ်နေသော အကြည့်တို့ဖြင့် အဝေးဆီသို့ စူးစိုက်ကြည့်နေသည်။ ဤအသည်းအသန် တိုက်ပွဲအပြီးတွင် သူမ၏ မြေခွေးပေါက်လေးများမှာ ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်အထိ သေကျေပျက်စီးသွားခဲ့ရပြီဖြစ်ရာ အုပ်စုအသစ်တစ်ခု ပြန်လည်ပျိုးထောင်ရန်အတွက် မည်မျှကြာဦးမည်ကို မသိနိုင်တော့ချေ။

အမြီးများစွာပါသော မြေခွေးမျိုးနွယ်စုများသည် လှည့်စားမှုအတတ်တွင် ကျွမ်းကျင်ကြသဖြင့် ရန်သူကို တိုက်ခိုက်ရာ၌ တဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်ခြင်း၊ သွေးခွဲခြင်းနှင့် ဓားတုံးတုံးဖြင့် အသားကို လှီးဖြတ်သကဲ့သို့ နည်းပရိယာယ်များကိုသာ အသုံးပြုသင့်သည်။

ယခုကဲ့သို့ အတင်းအဓမ္မ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းမျိုးမှာ လုံးဝ မသင့်လျော်သည့် လုပ်ရပ်ပင်။

ဤအချက်ကို မြေခွေးအဘွားအိုကိုယ်တိုင် သိရှိသော်လည်း...

ထိုကောက်ကျစ်လှသော သူခိုးလေးမှာ ရှာဖွေရ ဤမျှခက်ခဲလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိချေ။

ပထမတွင် သူမသည် ကျောက်သား အကြီးအကဲဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ ချောင်းမြောင်းတိုက်ခိုက်လိုက်ရုံဖြင့် အလွယ်တကူ ဖမ်းမိလိမ့်မည်ဟု ယူဆခဲ့သည်။

ထို့နောက်တွင်မူ စုန်ယန် ဖြစ်နိုင်သည်ဟု သူမ တွေးခဲ့ပြန်သည်။ စုန်ယန်ကဲ့သို့ နာမည်ကျော် ကျင့်ကြံသူတစ်ဦး ဤဈေးတန်းထဲတွင် ရှိနေပါလျက်နှင့် သူမ ဘာလို့ ရှာမတွေ့နိုင်ရတာလဲ။

သို့သော် လက်တွေ့အခြေအနေမှာ သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ ချောင်းမြောင်းတိုက်ခိုက်မှုမှသည် ဝိုင်းရံတိုက်ခိုက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

တိုက်ပွဲကြီး ပြီးဆုံးသွားသည့်တိုင်အောင် အကျအဆုံးများစွာဖြင့် သူမကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သည်။ ဈေးတန်းတစ်ခုလုံးကို မြေလှန်ရှာဖွေကာ ကျင့်ကြံသူတိုင်းကို စစ်ဆေးကြည့်ခဲ့သော်လည်း ထိုသူခိုးလေးကို ရှာမတွေ့ခဲ့ချေ။

သူမ၏ မျက်စိဖြင့်သာ မြင်လိုက်ရပါက ထိုသူခိုးလေးကို အသေအချာ မှတ်မိမည်ဖြစ်သော်လည်း... တကယ်တမ်းတွင် သူမ ရှာမတွေ့ခဲ့သည်မှာ အမှန်ပင်။

ယခုအချိန်တွင်မူ သူမ အခိုင်အမာ ယုံကြည်သွားသည်မှာ စုန်ယန်သည် ချန်ဝမ်ကျားသစ်မျိုးနွယ်၏ အဆီအနှစ်သွေးကို ခိုးယူသွားသည့် သူခိုးလေးဖြစ်ရမည်ဟူ၍ပင်။ သို့မဟုတ်ပါက ဤမျှ ရှာဖွေရ ခက်ခဲနေမည် မဟုတ်ချေ။

နေဝင်ဆည်းဆာ အလင်းရောင်မှာ သွေးကဲ့သို့ နီရဲကာ တရွေ့ရွေ့ ပြောင်းလဲနေသည်။

မြေခွေးအဘွားအိုသည် သူမ၏ ဘယ်ဘက်ပုခုံးမှ ဒဏ်ရာကို တင်းတင်းဆုပ်ကိုင်ထား၏။ ထိုဒဏ်ရာမှာ စောစောပိုင်းက မြေမိစ္ဆာကျင့်ကြံသူကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး လွန်စွာ ပြင်းထန်လှသည်။ သူမအနေဖြင့် ဒဏ်ရာကို ထူးကဲချီဖြင့် အမြဲတစေ ထိန်းချုပ်ထားရပြီး သို့မဟုတ်ပါက ကျိန်စာမှာ တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားမည်ဖြစ်သည်။

'အရင်ဆုံး ဝေနိုင်ငံ တော်ဝင်မြို့တော်ကို ပြန်မယ်... ငါ့ရဲ့ စုဆောင်းထားတာတွေကို အမြနသိမ်းဆည်းပြီး ဟိုချန်ဝမ်ကျားသစ်ကို မြန်မြန် ရှင်းပစ်ရမယ်။ ပြီးရင်တော့... ငါ ဒီကနေ ထွက်ပြေးရတော့မှာပဲ'

'ချန်ဝမ်ကျားသစ်သာ ပျောက်ကွယ်သွားမယ်ဆိုရင် မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်တွေ လိုက်လာရင်တောင် ချန်ဝမ်ကျားသစ်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ကို ငါခိုးယူခဲ့တာဆိုတာကို အချိန်တိုအတွင်း သူတို့ အတည်မပြုနိုင်ကြတော့ဘူး'

'ငါ့ဆီမှာ ရှေးဟောင်းမြေပုံတစ်ခု ရှိနေသေးတယ်... အဲဒီပေါ်မှာ ရှေးဟောင်းရွှေ့ပြောင်းအစီအရင်တစ်ခု ပါတယ်။ အဲဒါက ငါ့ကို ဘယ်နေရာကို ပို့ပေးမလဲဆိုတာ မသိရပေမဲ့ ဒီမှာ ဆက်နေတာထက်စာရင်တော့ ပိုကောင်းမှာပါ'

'မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်တွေက တစ်နေ့မှာတော့ အမှန်တရားကို သိသွားကြမှာပါပဲ။ ဒါပေမဲ့ အဲဒီအချိန်ကျရင်... ငါ ဒီတိုက်ကြီးပေါ်မှာ ရှိနေတော့မှာ မဟုတ်ဘူး'

ချန်ဝမ်ကျားသစ် အဆီအနှစ်သွေးကို ပြန်လည်မရရှိခဲ့သည့်နောက်တွင် မြေခွေးအဘွားအို၏ စိတ်ထဲ၌ ထွက်ပြေးတိမ်းရှောင်ရန် အကြံတစ်ခု ချက်ချင်း ပေါ်ပေါက်လာတော့သည်။

ထိုသို့ ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် သူမသည် ခွန်အားအနည်းငယ် ပြန်လည်ရရှိစေရန် ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီးနောက် မြောက်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ခရီးဆက်တော့သည်။

လမ်းခရီးတစ်လျှောက်တွင်မူ သူမသည် ခဏနား၊ ခဏသွား ပြုလုပ်ရင်း အရှေ့တွင် ဖြစ်ပျက်နေသမျှကို ထောက်လှမ်းနိုင်ရန် သူမ၏ နတ်ဘုရားအာရုံကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။

ဘေးကင်းလုံခြုံမှုရှိကြောင်း သေချာမှသာ သူမသည် ခရီးကို ဆက်လက်နှင်၏။

အမှန်စင်စစ်... ယခုအချိန်တွင် သူမသည် အားအင်ကုန်ခမ်းလုနီးပါးပင်။ အကယ်၍သာ လမ်းခုလတ်၌ ကုဟွမ်ကျီသို့မဟုတ် အကြီးအကဲတို့နှင့် တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ဆုံတွေ့ပြီး အသတ်ခံရပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

နတ်ဘုရားအာရုံနှင့် အာရုံခံစားမှုတို့မှာ မတူညီကြချေ။ အာရုံခံစားမှုသည် ခန္ဓာကိုယအင်္ဂါရပ်များအပေါ်တွင်သာ အခြေခံသော်လည်း နတ်ဘုရားအာရုံမှာမူ ကြက်သွေးရောင် နန်းတော်အဆင့်ရောက်ရှိသူများသာ ပိုင်ဆိုင်သည့် ထူးကဲချီအပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။

ထိုစွမ်းအင်ကို ဖြန့်ကျက်လိုက်ခြင်းဖြင့် အဝေးရှိ မြင်ကွင်းများကို မိမိမျက်စိရှေ့မှောက်သို့ ရောက်ရှိလာသကဲ့သို့ပင် မြင်တွေ့နိုင်စွမ်းရှိ၏။ သို့ရာတွင် မိမိဖြန့်ကျက်ထားသော နတ်ဘုရားအာရုံသည် မိမိနှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦးထံသို့ သွားရောက်ထိတွေ့မိပါက တစ်ဖက်လူကလည်း မိမိအား ချက်ချင်း ပြန်လည်အာရုံခံမိသွားမည်ဖြစ်သည်။

ထို့ကြောင့်ပင်... ဤအခြေအနေသည် များစွာ ဗျာများရသော အကျပ်အတည်းတစ်ခု ဖြစ်နေတော့၏။

အကယ်၍ နတ်ဘုရားအာရုံကို အသုံးမပြုပါက ပတ်ဝန်းကျင် အခြေအနေကို အတည်မပြုနိုင်ဘဲ ဖြစ်နေမည်ပင်။ သို့သော် အသုံးပြုပြန်ပါကလည်း ရန်သူနှင့် ဆုံတွေ့သည့်အခါ တစ်ဖက်လူက မိမိသည် ကြက်သွေးရောင် နန်းတော်အဆင့်ရှိသူ ဖြစ်ကြောင်း ချက်ချင်း သိရှိသွားမည် ဖြစ်သည်။ ထိုအခါမျိုးတွင်မူ မည်သို့မျှ ပုန်းကွယ်၍ ရတော့မည် မဟုတ်ချေ။

ရှောင်လွှဲ၍ ရနိုင်ပါက မြေခွေးအဘွားအိုသည် ဤအစွမ်းကို အသုံးမပြုလိုသည်မှာ အမှန်ပင်။ သို့သော် ယခုအချိန်တွင် သူမ၏ ရုပ်သွင်မှာ လွန်စွာ ထင်ရှားနေသဖြင့် အသုံးမပြုဘဲ မနေနိုင်တော့ချေ။ အကယ်၍သာ ကုဟွမ်ကျီနှင့် အခြားသူများက နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းကြည့်မည်ဆိုပါက သူမကို ချက်ချင်းပင် သိရှိသွားနိုင်သည်။

မြေခွေးအဘွားအို မည်မျှပင် သတိကြီးစွာဖြင့် ခရီးဆက်သော်လည်း နာရီဝက်ခန့်အကြာ တောင်ပေါ်တောအုပ်တစ်ခုကို ဖြတ်သန်းစဉ်မှာပင် သူမ၏ မျက်နှာပေးမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

အဝေးတစ်နေရာ၌ နန်ဝူဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ဓားပျံစီးနင်းလျက် နတ်ဘုရားအာရုံကို အစွမ်းကုန် ဖြန့်ကျက်ထားရင်း ရုတ်တရက် ရပ်တန့်သွား၏။ သူသည် “ဟင်” ဟု ထူးထူးဆန်းဆန်း ရေရွတ်လိုက်ပြီးနောက် ထိုဧရိယာတစ်ခုလုံးကို နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံကာ စစ်ဆေးလိုက်တော့သည်။

သူမ၏ အမှတ်သညာကို ရိပ်မိသွားပြီဖြစ်ကြောင်း မြေခွေးအဘွားအို သိလိုက်သည်။ ထို့ကြောင့် သူမသည် ဆက်လက်ဟန်ဆောင်မနေတော့ဘဲ အသည်းအသန် လှည့်ပြန်ကာ ထွက်ပြေးတော့သည်။ ယခုသူမ၏ အခြေအနေမှာ ဟန်ကိုယ့်ဖို့ လုပ်နိုင်ရန်ပင် မတတ်နိုင်လောက်အောင် ဖရိုဖရဲ ဖြစ်နေသည်။

ထိုအကြီးအကဲသည် ဆက်သွယ်ရေးကျောက်တုံးကို အလျင်အမြန် ထုတ်ယူလိုက်ပြီး သတင်းပို့လိုက်၏။

“ဒီကောင်မကြီးကို ကျွန်တော် တွေ့လိုက်ပြီ မြေခွေးမိစ္ဆာအဘွားအိုပဲ”

ဆက်သွယ်ရေးကျောက်တုံး၏ အခြားတစ်ဖက်မှ နန်ဝူဓားဂိုဏ်းဂိုဏ်းချုပ်ကြီးက အံကြိတ်လျက် ပြန်လည် အမိန့်ပေးလိုက်သည်။

“ဒီတစ်ခါတော့ သူ့ကို စိတ်ကြိုက် လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ မရစေရဘူး”

လမ်းခရီးတစ်လျှောက်တွင် ဂိုဏ်းချုပ်ကြီးနှင့် ကုဟွမ်ကျီတို့သည် အအေးလှိုင်းလျှိုမြောင်ဈေးတန်းရှိ အခြေအနေများကို နားလည်သဘောပေါက်သွားကြပြီ ဖြစ်သည်။ ထို့ပြင် မြေခွေးအဘွားအိုသည် မြောက်ဘက်သို့ ပြန်လည်ဦးတည်နေကြောင်းကိုလည်း သူတို့ ရိပ်မိထားကြ၏။

ထို့ကြောင့် သူတို့နှစ်ဦး ပူးပေါင်းကာ အအေးလှိုင်းလျှိုမြောင်ဆီသို့ တပ်ကူအချို့ စေလွှတ်လိုက်သော်လည်း မြောက်ဘက်သို့ ဦးတည်ရာ လမ်းကြောင်းတစ်လျှောက်တွင်မူ ကျယ်ပြန့်လှသော ပိုက်စိပ်တိုက် ဝိုင်းရံပိတ်ဆို့မှုကြီးတစ်ခုကို ပြင်ဆင်ထားခဲ့ကြသည်။ ဤဝိုင်းရံမှုမှာ လွန်စွာကျယ်ပြန့်ပြီး နေရာအနှံ့တွင် ကျင့်ကြံသူများကို အဆင်သင့် နေရာချထားခြင်းဖြစ်ရာ မည်သည့်နေရာမှ တိုက်ခိုက်သည်ဖြစ်စေ ချက်ချင်း တုံ့ပြန်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ဂိုဏ်းချုပ်ကြီးအတွက် ရင်နာစရာကောင်းသည်မှာ... အအေးလှိုင်းလျှိုမြောင်

တိုက်ပွဲတွင် နန်ဝူဓားဂိုဏ်းမှာ အကျအဆုံး လွန်စွာ များပြားခဲ့ပြီး ရုပ်သေးဂိုဏ်းမှာမူ တပည့်အချို့ ဆုံးရှုံးခဲ့သော်လည်း သူတို့လောက် များပြားခြင်း မရှိသည့် အချက်ပင်။

အမှန်စင်စစ် မြင့်မြတ်သောလမ်းစဉ်ကို လျှောက်လှမ်းသူများထဲတွင် သတ္တိနည်းသူအချို့ ရှိနိုင်သော်လည်း အများစုမှာ မိစ္ဆာများကို တွေ့ရှိပါက အလိုအလျောက် ခုခံတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သွန်သင်ဆုံးမမှုများက ထိုသို့ ပြုလုပ်ရန် တောင်းဆိုထားသောကြောင့်ပင်။ ထိတ်လန့်တုန်လှုပ်နေကြသည့်တိုင်အောင် သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ မိစ္ဆာကို သတ်ရန်သာဖြစ်ပြီး မိမိ၏ ရဲဘော်ရဲဘက်များကို စွန့်ပစ်ကာ ထွက်ပြေးရန် မဟုတ်ချေ။

မိစ္ဆာဂိုဏ်းကမူ ထိုသို့ မဟုတ်ပေ။

ဂိုဏ်းချုပ်ကြီး၏ ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ထွက်နေရ၏...

မြေခွေးသတ်မဟာမိတ်အဖွဲ့က ပထမဆုံး ပြိုကွဲခဲ့ပြီး ယခု အအေးလှိုင်းလျှိုမြောင်ဈေးတန်းက ဒုတိယမြောက်ပင်။ အမှန်တကယ်ပင် ဘေးအန္တရာယ်တစ်ခုပြီး တစ်ခု ဆင့်ကဲ ကြုံတွေ့နေရခြင်းပင်။

...

...

ကလောက်... ကလောက်... ကလောက်...

စုန်ယန်သည် လျင်မြန်သော မြင်းတစ်ကောင်ကို စီးနင်းလျက် အအေးလှိုင်းလျှိုမြောင်အတွင်းမှ အမြန်ဆုံး လွတ်မြောက်လာခဲ့သည်။

သူသည် သူ့ကိုယ်ပေါ်၌ တွဲခိုနေသော မြေခွေးမိစ္ဆာကို အလျင်အမြန်ပင် ရှင်းလင်းလိုက်ပြီး ထိုအလောင်းကို အပိုပါလာသော စွမ်းအင်သိုလှောင်အိတ်ထဲသို့ ခေတ္တ ထည့်ထားလိုက်၏။ ထို့နောက် သူသည် သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

ဤနေရာမှာ လွန်စွာ ခြောက်ကပ်ပြီး လူသူကင်းမဲ့သော တောင်တန်းဒေသတစ်ခု ဖြစ်ပြီး ရှေ့တွင်လည်း ရွာမရှိသလို နောက်တွင်လည်း ဈေးမရှိသည့် နေရာမျိုးပင်။

စုန်ယန်သည် မြင်းကိုချည်ရန် မြက်ခင်းပြင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သော်လည်း မီးပုံမဖိုဘဲ သစ်ပင်အိုကြီးတစ်ပင်ကို မှီကာ ခေတ္တအနားယူနေလိုက်သည်။

သိုင်းလောကတွင် မြင်းစီးခရီးနှင်သူများအဖို့ နေ့ဘက်၌ သွားလာခြင်းကသာ အလုံခြုံဆုံးဖြစ်သည်။ ညဘက်တွင် ခရီးဆက်ခြင်းမှာ လူသိသာလွန်းလှ၏။ ဤနေရာသည် အအေးလှိုင်းလျှိုမြောင်နှင့် နီးကပ်နေသေးသဖြင့် ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများနှင့် မြေခွေးမိစ္ဆာများ မည်မျှရှိနေမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

စုန်ယန်သည် သူ၏အဝတ်အစားများကို ပြင်ဆင်ဝတ်ဆင်လိုက်၏။ နွေဦးည၏ အအေးဒဏ်မှာ ပြင်းထန်လှသော်လည်း သူ့အတွက်မူ အနည်းငယ်မျှပင် အေးမျှမှုကို မပေးနိုင်ချေ။

ထိုမျှသာမက သူ့ကို ရေခဲဂူထဲသို့ ပစ်ချထားလျှင်ဖြစ်စေ မီးဖိုကြီးထဲတွင် ထည့်ထားလျှင်ဖြစ်စေ သူသည် ဘာမျှဖြစ်မည်မဟုတ်ပေ။

ကျိကျိ... တောက်တောက်...

ပတ်ဝန်းကျင်မှ ပိုးမွှားများနှင့် ငှက်တို့၏ အော်မြည်သံများမှာ ရံဖန်ရံခါ ပဲ့တင်ထပ်နေပြီး အဝေးဆီမှ တောရိုင်းတိရစ္ဆာန်တို့၏ အူသံများမှာလည်း စိုစွတ်သော မြေနံ့သင်းသည့် တောအုပ်လေထုအတွင်း ပျံ့လွင့်နေသည်။ လမင်းကြီးမှာ တဖြည်းဖြည်း မြင့်တက်လာပြီး အလင်းရောင်ကို အောက်ဘက်သို့ ဖြာကျစေ၏။ သစ်ပင်ရိပ်များမှာလည်း နွေဦးည၏ လေပြေအောက်တွင် မငြိမ်မသက် လှုပ်ရှားနေကြသည်။

စုန်ယန်သည် မြင်းကို မြက်အချို့ ကျွေးလိုက်၏။ မြင်းကလေးက တောမြက်များကို ဂျွတ်ဂျွတ်ဟူ၍ မြိန်ရည်ယှက်ရည် ဝါးစားနေသည်ကို ကြည့်ရင်း သူ၏စိတ်မှာ တဖြည်းဖြည်း ပြေလျော့လာတော့သည်။

'ဒီနေ့မှာ ဖြစ်ပျက်ခဲ့တာတွေက တကယ်ကို များလွန်းလှတယ်'

'ဒီနေ့ပြီးရင်တော့ ငါက အမြီးများစွာပါတဲ့ မြေခွေးမျိုးနွယ်စုရဲ့ အကြီးအကဲ၊ ရုပ်သေးဂိုဏ်းနဲ့ နန်ဝူဓားဂိုဏ်းတို့ရဲ့ အလိုရှိခြင်းကို ခံရတော့မယ် ထင်တယ်'

'ဝေနိုင်ငံကို ပြန်ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဝေနိုင်ငံနဲ့ ကျင်းနိုင်ငံကြားမှာ ပဋိပက္ခတွေ ရှိနေတာတင်မကဘဲ မြေခွေးမိစ္ဆာတွေနဲ့ ကျင့်ကြံသူတွေကြားမှာလည်း ရှုပ်ထွေးလွန်းနေတယ်'

'ရှူနိုင်ငံကတော့ နေချင်စရာကောင်းတဲ့ နေရာမှန်ပေမဲ့... တစ်စုံတစ်ယောက်ကသာ ရည်ရွယ်ချက်ရှိရှိ စုံစမ်းကြည့်ရင် ဟွားရုန်မှာ ပြဿနာရှိနေတာကို သိသွားလိမ့်မယ်။ အဲဒီကိုသွားရင် ငါချောင်းမြောင်းတိုက်ခိုက်ခံရမှာ စိုးရတယ်'

'ဒါဆို ဝူနိုင်ငံကိုပဲ သွားရမလား... မြို့ပြင်က ရွာတစ်ရွာမှာ သားသတ်သမားတစ်ယောက်အနေနဲ့ အခြေချပြီး နှစ်အနည်းငယ်လောက် အေးအေးဆေးဆေး နေထိုင်ရမယ်'

စုန်ယန်သည် ခေတ္တမျှ စဉ်းစားခန်းဖွင့်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ဘာမှမထူးခြားသည်ကို သေချာမှ အဝတ်အစားများကို ခြုံကာ မျက်လုံးများကို အသာမှိတ်လျက် အနားယူလိုက်တော့သည်။

...

...

ရက်အနည်းငယ်ကြာအောင် စုန်ယန်သည် တောင်ဘက်သို့ ဆက်လက်ခရီးနှင်ခဲ့သည်။

တစ်နေ့တွင် ရေစီးသန်လှသော မြစ်ကျယ်ကြီးတစ်ခုကို ဖြတ်ကျော်ရန် ကူးတို့ဆိပ်ကို စတင်ရှာဖွေခဲ့၏။ ကောင်းကင်ယံ မှောင်စပျိုးလာသဖြင့် သူသည် တောရိုင်းမြေရိုင်းတစ်ခု၌ ထပ်မံ၍ စခန်းချလိုက်ရပြန်သည်။

ဤကာလအတွင်း သူသည် ကျင့်ကြံသူအချို့ကိုလည်း မြင်တွေ့ခဲ့ရ၏။ သို့သော် ထိုကျင့်ကြံသူများသည် သူ့ကို အဝေးမှဖြစ်စေ၊ ကောင်းကင်ယံမှဖြစ်စေ တစ်ချက်မျှ ကြည့်ရုံသာကြည့်ပြီး ကျော်လွန်သွားကြသည်။ သာမန် သိုင်းလောကခြေဦးတည့်ရာ သွားလာနေသူတစ်ဦးကို သူတို့က ဘာလို့ အာရုံစိုက်နေရမှာလဲ။

သန်းခေါင်ယံအချိန်တွင် သူသည် မောပန်းမှုကြောင့် တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။ ရုပ်သေးဂိုဏ်းနှင့် အအေးလှိုင်းလျှိုမြောင်တို့နှင့် ဝေးကွာလာသည်နှင့်အမျှ သူ၏ရင်ထဲမှ အနှောင်အဖွဲ့များ ပြုတ်ထွက်သွားသကဲ့သို့ ခံစားရပြီး ကောင်းကင်နှင့် ပင်လယ်ပြင်ကြီးကဲ့သို့ ကျယ်ပြောလွတ်လပ်သွားသလို ခံစားနေရ၏။

သို့ရာတွင် ရုတ်တရက် အဝေးဆီမှ အသံအချို့ကို သူ ကြားလိုက်ရသည်။

ယင်းမှာ ကိုယ်လုံးသေးသွယ်သော အမျိုးသမီးတစ်ဦး လမ်းလျှောက်လာသည့် အသံဖြစ်သည်။ ခြေလှမ်းများမှာ တစ်ခါတစ်ရံ ပြင်းထန်ပြီး တစ်ခါတစ်ရံ ပေါ့ပါးနေကာ ရွှံ့နွံထူထပ်သော တောလမ်းတစ်လျှောက် ထော့နဲ့ထော့နဲ့ လျှောက်လာခြင်းဖြစ်ရာ ဒဏ်ရာရထားဟန်တူ၏။ သိုင်းလောကတွင် ဤကဲ့သို့သော အခြေအနေမျိုးမှာ မဆန်းလှသော်လည်း ရန်ငြိုးရန်စများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ပေါများလှသည့် နေရာမျိုးတွင်မူ သတိထားစရာပင်။

စုန်ယန်သည် မျက်လုံးများကို အသာဖွင့်လိုက်ပြီး သစ်ပင်ကြားမှ အဝေးဆီသို့ လှမ်းကြည့်လိုက်၏။

ထိုနေရာရှိ မြစ်ကမ်းဘေးလမ်းပေါ်တွင် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးချင်းချင်းနီနေပြီး ခေါင်းကို ငိုက်စိုက်ချထားကာ ဖားလျားကျနေသော ဆံပင်ရှည်များက သူမ၏ မျက်နှာကို ဖုံးအုပ်ထားသည်။

သူမ၏ ဘယ်ဘက်ခြေထောက်မှာ တွဲလောင်းကျနေပြီး ညာဘက်တံတောင်ဆစ်ကမူ ဓားအိမ်မှထုတ်ထားသော ဓားရှည်ကြီးတစ်ချောင်းကို ချိုင်းထောက်သဖွယ် အားပြုထားရရှာသည်။ လရောင်အောက်တွင် သူမ၏ နားထင်နှင့် မေးစေ့တို့မှ သွေးစက်များက မြေပြင်ပေါ်သို့ တစ်စက်ချင်း စီးကျနေ၏။

ကြည့်ရသည်မှာ သူမသည် တစ်စုံတစ်ယောက်ကို သတ်ခဲ့ဟန်တူသည်... သို့မဟုတ်လျှင်လည်း သူမကိုယ်တိုင်ပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားခြင်း ဖြစ်ပေလိမ့်မည်။

စုန်ယန်ကမူ ဤအမျိုးသမီးသည် လူသတ်လာခြင်းဖြစ်သည်ဟု ချက်ချင်းတွေးမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကြီးမားရှည်လျားလှသော ဓားမှာ ဤမျှသေးသွယ်သော အမျိုးသမီးနှင့် လုံးဝမလိုက်ဖက်သောကြောင့်ပင်။ ဤအမျိုးသမီးငယ်သည် တစ်စုံတစ်ဦးကို သတ်ဖြတ်ပြီး ထိုဓားကို လုယူလာခြင်းသာ ဖြစ်ရပေမည်။

စုန်ယန်၏ရင်ထဲတွင် စာနာစိတ်အချို့ ဖြစ်ပေါ်လာမိသည်။ ဤမျှ ရက်စက်လှသော ကမ္ဘာကြီး၏ အေးစက်လှသော နွေဦးညတွင် ဤကဲ့သို့ သနားစရာကောင်းလှသော အခြေအနေနှင့် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရခြင်းက မည်သူ့ကိုမဆို စိတ်မကောင်းဖြစ်စေပြီး သူမ ဘာတွေကြုံခဲ့ရသလဲ အကူအညီများ လိုအပ်နေမလားဟု တွေးတောမိစေသည်။

စုန်ယန်သည်လည်း ပုံမှန်လူသားတစ်ဦးဖြစ်သဖြင့် စိတ်ထဲတွင် စတင်စဉ်းစားမိတော့သည်။ အကယ်၍သာ အလွန်အမင်း အနှောင့်အယှက် မဖြစ်ဘူးဆိုလျှင်... သူ အကူအညီပေးချင်မိသည်။ ကျောက်တုံးအခေါင်းထဲတွင် ရေနွေးအနည်းငယ် တည်ပေးခြင်း၊ တောကောင်တစ်ကောင်ကို အမဲလိုက်ပေးခြင်းဖြင့် သူမကို အားအင်ပြန်ပြည့်အောင် ကူညီပေးနိုင်သည်။

ဤနေရာတွင် ကျင့်ကြံသူများလည်း မရှိသလို မိစ္ဆာများလည်း မရှိချေ။

သူသည်... ကျန်းဟူလောကထဲမှာပဲ ရှိနေတာဖြစ်သည်။

စုန်ယန်သည် တွေးတောပြီးနောက် သူမကို ကူညီရန် ထမည်အပြု... ရုတ်တရက် သူ ရပ်တန့်သွားသည်။

ဖော်ပြ၍မရသော ထူးဆန်းသည့် ခံစားချက်တစ်ခုက သူ၏ရင်ထဲ၌ အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။ ရွှံ့နွံထူသော မြစ်ကမ်းဘေးလမ်းပေါ်မှ ထိုအမျိုးသမီးထံမှ နားမလည်နိုင်သော ရင်းနှီးမှုနှင့်အတူ အန္တရာယ်အငွေ့အသက်များကို သူ ခံစားလိုက်ရခြင်းပင်။

စုန်ယန်သည် သဋ၏ အလိုလိုသိစိတ်ကို အမြဲယုံကြည်သူဖြစ်သည်။ သူသည် ကြက်သွေးရောင်နန်းတော်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ့ကို လာရောက်မနှောင့်ယှက်သရွေ့ အဓိပ္ပာယ်မရှိသည့် ပဋိပက္ခများကို ရှောင်ရှားတတ်သူ ဖြစ်သည်။

သူသည် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာလိုက်၏။

ထိုအခိုက်တွင် လမ်းပေါ်၌ ဓားကို အားပြုရပ်နေသော အမျိုးသမီးငယ်က သူ့ကို သတိပြုမိသွားဟန်တူသည်။ သူမသည် ခေါင်းကို အသာအယာ လှည့်ကြည့်လိုက်ရာ လရောင်အောက်တွင် သွေးများ၏ မြစ်ဖျားခံရာကို တွေ့လိုက်ရတော့သည်။

ထိုသွေးများသည် သူမ၏ နားထင်မှ စီးကျလာခြင်းမဟုတ်ဘဲ ပါးစပ်ထဲမှ စီးကျလာခြင်းပင်။ ထိုအမျိုးသမီးငယ်၏ ပါးစပ်သည် လူ့လက်ချောင်းတစ်ချောင်းကို ဝါးစားနေခြင်း ဖြစ်သည်။ သွေးစက်များမှာ ထိုလက်ချောင်းမှ စီးကျနေခြင်းဖြစ်၏။

စုန်ယန်၏ မျက်လုံးထဲတွင် အမျိုးသမီးငယ်၏ လှပသောမျက်နှာမှာ ဝေဝါးသွားပြီး မျက်ဝန်းများမှာ ခက်ထန်ကြမ်းကြုတ်လာသည်။

ဤအမျိုးသမီးငယ်တစ်ဖြစ်လဲ မြေခွေးအဘွားအိုသည် ဝိညာဉ်ရှာဖွေခြင်းအတတ်ဖြင့် စုန်ယန်ကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။ စုန်ယန်၏ ကိုယ်နေဟန်ထား၊ လှုပ်ရှားမှု၊ အလေ့အထ... အသေးစိတ် အချက်အလက်အားလုံးကို သူမ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်သားထားခဲ့ပြီးသားပင်။

မြောက်ဘက်သို့သွားရန် ပိတ်ဆို့ခံရခြင်း၊ အငြိုးတေးဖြင့် လိုက်လံတိုက်ခိုက်ခံရခြင်းနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားခြင်းတို့ကြောင့် သူမသည် တော်ဝင်မြို့တော်သို့ ပြန်မည့်အစီအစဉ်ကို စွန့်လွှတ်ကာ တောင်ဘက်သို့ လှည့်ပတ်ပြီး ထွက်ပြေးရန် ကြိုးစားနေခြင်းဖြစ်သည်။

လမ်းခရီးတွင် ဗိုက်ဆာလာသည့်အခါ တောအုပ်ထဲ၌ အလှပဂေးတစ်ဦးအဖြစ် အသွင်ပြောင်းကာ အမျိုးသားများကို ဖြားယောင်းပြီး သူတို့၏ အသားကို အစာအဖြစ် စားသုံးခဲ့သည်။ ဒီညတွင်လည်း သူမသည် အမျိုးသားတစ်ဦးကို စားသုံးပြီး မြစ်ကို ဘယ်အချိန်မှာ ဖြတ်ရမလဲဟု တွေးနေစဉ် ဖော်ပြ၍မရသော ထူးဆန်းသည့် အာရုံတစ်ခုကို ခံစားလိုက်ရသည်။

ပေအနည်းငယ်အကွာတွင်သာ...

သူတို့နှစ်ဦး၏ အကြည့်များမှာ လေထဲတွင် ဆုံစည်းသွားကြတော့သည်။ ဤဆုံစည်းမှုမှာ ရှောင်လွှဲ၍ မရနိုင်တော့သော ကံကြမ္မာပင်။

အံကြိတ်သံများမှာ လေထုထဲတွင် ပဲ့တင်ထပ်သွား၏။

“စုန်ယန်...”

All Chapters