← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း။ ၉၃

“စုန်ယန်... နင်ခိုးထားတဲ့အရာကို အခုချက်ချင်း ပြန်ပေးစမ်း”

မြေခွေးအဘွားအိုသည် ချက်ချင်းခုန်အုပ်ခြင်းမပြုဘဲ အခြေအနေကို အကဲခတ်လျက် ပြောလိုက်သည်။

“ဒါကို ငါ့လက်ထဲပြန်ထည့်ပေးလိုက်ရင် ငါတို့ကြားကကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်။ နင်နဲ့ငါကြားမှာ ကြီးကြီးမားမား ရန်ငြိုးရန်စရယ်လို့လည်း ရှိတာမဟုတ်ဘူး”

သူမသည် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး ဝါးစားနေသော လက်ချောင်းကို ထွေးထုတ်လိုက်ကာ သနားစဖွယ် အလှပဂေးလေးတစ်ဦးအဖြစ် အသွင်ပြောင်းလဲလိုက်ပြန်သည်။ ထို့နောက် လက်အင်္ကျီဖြင့် မျက်နှာကိုအုပ်ကာ ဝမ်းနည်းပူဆွေးဟန်ဖြင့် ပြောတော့သည်။

“အခု ငါ့အခြေအနေကိုလည်း နင်မြင်နေရတာပဲ။ ငါ ဘယ်လောက်တောင် သနားစရာကောင်းနေပြီလဲ။ နင့်ကို ရန်မူချင်တယ်ဆိုရင်တောင် ငါ့မှာ အင်အားမရှိတော့ပါဘူး။ ဒါ့အပြင် နင်ကလည်း စွမ်းရည်အမျိုးမျိုးရှိတဲ့သူပဲ။ နင့်အစွမ်းကလည်း အားနည်းမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ငါက အခု လွတ်မြောက်ဖို့နဲ့ အင်အားချွေတာဖို့ပဲ အာရုံစိုက်နေတာ။ နင့်လိုလူမျိုးကို အန္တရာယ်ခံပြီး ဘာလို့ ရန်လုပ်နေပါ့မလဲ”

ထိုသို့ပြောပြီးသည်နှင့် အမျိုးသမီးငယ်၏ ဦးခေါင်းမှာ ရက်စက်ကြမ်းကြုတ်သော မြေခွေးခေါင်းအဖြစ်သို့ ချက်ချင်း ပြန်လည်ပြောင်းလဲသွားပြန်သည်။ မြေခွေးခေါင်းကြီးက စုန်ယန်ကို စူးစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။

“ဒါပေမဲ့... နင်က ခေါင်းမာပြီး ငါ့ပစ္စည်းကို ပြန်မပေးဘူးဆိုရင်တော့ ငါနဲ့အတူ ငရဲကို လိုက်ခဲ့ရမယ်လို့သာ မှတ်လိုက်တော့”

ရက်စက်လှသော အကြည့်တို့မှာ စုန်ယန်ထံတွင် အသေအချာ ကျရောက်နေတော့သည်။

စုန်ယန်က တည်ငြိမ်စွာဖြင့် မေးလိုက်၏။

“အဲဒီအဆီအနှစ်သွေးက ဘာအမျိုးအစားမို့လို့လဲ”

မြေခွေးအဘွားအိုက ပြန်ပြောသည်မှာ “ဒါ နင်သိဖို့မလိုပါဘူး...သူခိုးလေး နင်က နည်းနည်းပဲသိလေလေ အသက်ရှည်ရှည် နေရလေလေပဲ။ ငါက နင့်ကောင်းကျိုးအတွက်ကြောင့် မပြောပြတာပါ။ အကယ်၍ နင်သာ သိသွားမယ်ဆိုရင်တော့ ငါ နင့်ကို သတ်ပစ်ရလိမ့်မယ်။ ငါ ဘယ်လောက်တောင် စေတနာထားသလဲဆိုတာ မြင်တယ်မလား”

သူမ၏ စကားလုံးများသည် သာယာနာပျော်ဖွယ်ကောင်းသော ငှက်ငယ်လေးတစ်ကောင်၏ အသံကဲ့သို့ နုညံ့နေသော်လည်း အဆုံးသတ်တွင်မူ ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုဖြင့် အဆုံးသတ်သွား၏။

“ဒါကို ဆက်ထားနေရင် နင့်အတွက် အဆုံးစွန်တဲ့ ဘေးဒုက္ခတွေပဲ ဖိတ်ခေါ်နေသလို ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့ အဲဒီလို အခက်အခဲတွေကြားထဲ ကိုယ့်ကိုယ်ကိုယ် ထိုးထည့်နေမှာလဲ”

မြေခွေးအဘွားအိုသည် ချိုသာသောစကားနှင့် ခြိမ်းခြောက်စကားတို့ကို တစ်လှည့်စီ ပြောဆိုနေရင်း ရုတ်တရက် ရှေ့သို့တစ်လှမ်းတိုးကာ အမိန့်ပေးလိုက်တော့သည်။

“မြန်မြန်ပေးစမ်း”

စုန်ယန်က ပြန်မေး၏။

“အဘွားအို... ဘယ်လိုမျိုး ဘေးဒုက္ခလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါဦး”

မြေခွေးအဘွားအိုက အေးစက်စွာ ပြောလိုက်၏။

“ငါ ပြောသလောက်ဆိုရင် လုံလောက်ပြီ။ ငါ့ရဲ့ စိတ်ရှည်မှုကို လာမစမ်းနဲ့...အကယ်၍ နင် မယုံကြည်ဘူးဆိုရင် နင့်ကို အရင်ဆုံး သုံးမိုင်လောက် အကွာအဝေးအထိ ထွက်သွားခွင့်ပေးမယ်။ နင်က အဲဒီနေရာမှာ ပစ္စည်းကို ထားခဲ့ပြီး ချက်ချင်း ထွက်ပြေးလို့ရတယ်။ နင်က အရမ်းကောက်ကျစ်တဲ့ သူခိုးလေးပဲ။ သုံးမိုင်လောက် ဝေးသွားပြီဆိုရင် နင့်ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ပြီး ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ နေရာမှာ ပုန်းနေလို့ရတာပဲ မဟုတ်လား”

“နင်နဲ့ ငါနဲ့ လုံးထွေးသတ်ပုဒ်နေမယ်ဆိုရင် ငါ့ရဲ့ ထွက်ပြေးမယ့် အချိန်တွေကိုပဲ နှောင့်နှေးစေလိမ့်မယ်။ နင်နဲ့ ငါက အခု အခြေအနေတူတူပဲ။ ရုပ်သေးဂိုဏ်းရော နန်ဝူဓားဂိုဏ်းရောက နင့်ကို လိုက်ရှာနေကြတာဆိုတော့ နင်လည်း ထွက်ပြေးနေရတာပဲ မဟုတ်လား။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အချိန်မဖြုန်းကြရအောင်... ဟုတ်ပြီလား”

စုန်ယန်က မျက်လွှာကို အနည်းငယ် ချလိုက်သည်။

ရုပ်သေးဂိုဏ်းနှင့် နန်ဝူဓားဂိုဏ်းတို့က သူ့ကို လိုက်လံရှာဖွေနေသည်မှာ အမှန်ပင်ဖြစ်ရာ သူသည်လည်း ခေတ္တမျှ ပုန်းကွယ်နေရန် လိုအပ်နေသည်။

ဒါပေမဲ့ မြေခွေးအဘွားအိုက ဘယ်သူ့ဆီက ထွက်ပြေးနေတာလဲ

သူမသည် အဆိုပါဂိုဏ်းနှစ်ခုကို ရှောင်တိမ်းနေခြင်းဟု စုန်ယန် မထင်ချေ။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်မှ အမြီးများစွာပါသော မြေခွေးမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် ဤသုံးနိုင်ငံနယ်နိမိတ်အတွင်း အရေးနိမ့်ခဲ့ပါက သူမသည် အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်ရန် အကူအညီတောင်းရမည် ဖြစ်သည်။

ယခုမူ မြေခွေးအဘွားအိုသည် အကူအညီမတောင်းသည့်အပြင် ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးနေခြင်းက သူမသည် တစ်စုံတစ်ရာသောအကြောင်းကြောင့် မြေခွေးမျိုးနွယ်စုကို သစ္စာဖောက်ခဲ့ခြင်း သို့မဟုတ် အိမ်ပြန်မရတော့ခြင်းတို့ကြောင့်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူသည် ခဏမျှစဉ်းစားကာ မေးလိုက်၏။

“ဒါဆိုရင်... အဘွားအိုက တောင်ဘက်ကိုပြေးပြီး ဘယ်မှာ ပုန်းနေမလို့လဲ ကျွန်တော်သိသလောက် တောင်ဝူနိုင်ငံရဲ့ တောင်ဘက်မှာ အဆိပ်ငွေ့တွေ ထူထပ်လှတဲ့ စိမ့်တောကြီးပဲ ရှိတာ။ ကျွန်တော်ကလည်း ဘယ်သွားရမလဲ မသိဖြစ်နေတာနဲ့ အတော်ပဲ။ အဘွားအိုက ကျွန်တော့်ကို လမ်းညွှန်ပေးပါဦးလား”

မြေခွေးအဘွားအိုက သူ့ကို အေးစက်စက် စိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်၏။

“သူခိုးလေး... နင် တကယ်ပဲ ပြန်မပေးဘူးလား”

စုန်ယန်က ခေါင်းကို ကုတ်ကာ ဟန်ဆောင်ရယ်မောလိုက်ပြီး “ပေးမှာပါ ပေးမှာပါ။ အချက်အလက်လေး နည်းနည်းလောက် ပိုသိချင်လို့ပါဗျာ။ ကျွန်တော့်မှာ အဘွားအိုလိုမျိုး ကြီးမားတဲ့ အစွမ်းတွေမှ မရှိတာ။ ထွက်ပြေးရမယ်ဆိုရင်တောင် ဘယ်ကို သွားရမလဲ မသိလို့ပါ”

မြေခွေးအဘွားအိုသည် စိတ်ရှည်လက်ရှည်ဖြင့်ပင် ပြန်ပြောလိုက်၏။

“ဒီလောကထဲမှာ ဖုံးကွယ်ထားတဲ့ ရှေးဟောင်းရွှေ့ပြောင်းအစီအရင်အချို့ ရှိတယ်။ ငါ့ဆီမှာ အဲဒီနေရာတစ်ခုရဲ့ မြေပုံရှိတယ်။ နင် ငါ့ပစ္စည်းကို ပြန်ပေးပြီးရင် နင့်ကိုပါ တစ်ခါတည်း ခေါ်သွားပေးမယ်။ အခုချိန်မှာ ငါတို့နှစ်ယောက်စလုံးက လောကကြီးထဲမှာ လွင့်စင်နေရတဲ့ ဒုက္ခသည်တွေပဲ။ တစ်ယောက်ကိုတစ်ယောက် ကူညီကြတာက သဘာဝကျပါတယ်”

“ဒါ့အပြင်... အဲဒီရှေးဟောင်း စီရင်ထုံးရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ ငါလည်း သေသေချာချာ မသိသေးဘူး။ လူတစ်ယောက် ပိုပါတာကလည်း မဆိုးပါဘူးလေ”

စုန်ယန်က ခေါင်းကို အသာအယာ ညိတ်လိုက်၏။

ဪ... ဒီလိုကိုး။

ရှေးဟောင်း ရွှေ့ပြောင်းအစီအရင်ဆိုတဲ့ အယူအဆနဲ့ သူ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းပင်။

မြေခွေးအဘွားအိုက “ကောင်လေး... မြန်မြန်ပေးတော့” ဟု ထပ်မံ တိုက်တွန်းလိုက်သည်။

စုန်ယန်၏ လက်ချောင်းများမှာ အသာအယာ လှုပ်ရှားသွားပြီး သူ၏ သိုလှောင်အိတ်ထဲမှ အမျိုးမျိုးသော မိစ္ဆာသားရဲ ဝိညာဉ်ရုပ်သေးများကို ထုတ်ဖော်လိုက်တော့သည်။

သွေးဓားသမင်၊ မြေလျှိုးအလောင်းကောင်ကဏန်း၊ မြေတိုးပုတ်သင်ညို၊ ဝိညာဉ်မဲ့ ကျီးကန်း၊ ဆူးချပ်ဝတ် အပြာရောင်ဝံပုလွေ၊ မျက်လုံးကိုးလုံးပါ နဂါးပတ်အမြွေ၊ အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာ...

ဤရုပ်သေးအများစုမှာ ရုပ်သေးဂိုဏ်း၏ ရုပ်သေးဆောင်မှ ရရှိထားခြင်းပင်။

မြေခွေးအဘွားအိုသည် သူ၏ လက်ချောင်းများကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။

“ကောင်လေး... နင် ငါ့ကို မယုံဘူးလား”

စုန်ယန်ကမူ စိတ်ထဲမှ “နင့်ကိုယုံတဲ့သူက အရူးပဲ” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ တစ်ဖက်တွင်လည်း သူသည် စကားအပိုများ ပြောဆိုကာ အချိန်ဆွဲရင်း မန္တန်ရွတ်ဆိုမှုပြီးဆုံးရန်နှင့် အသာစီးရရန်အတွက် ရုပ်သေးများကို အမြန်ဆုံး အသက်သွင်းနေ၏။

“ယုံတာပေါ့... မယုံဘဲ နေမလား။ ကျွန်တော်က အဘွားအိုအပေါ် ထားရှိတဲ့ စေတနာကို ပြနေတာပါ။ ကျွန်တော့်မှာရှိတဲ့ အစွမ်းတွေကို အဘွားအိုကို ပြတယ်ဆိုတာက... ကျွန်တော်တို့ကြားက ယုံကြည်မှုကို တည်ဆောက်ချင်လို့ပါ။ ကျွန်တော်တို့ လူသားလောကမှာ ပွင့်လင်းမြင်သာမှုရှိခြင်းလို့ ခေါ်တဲ့ စကားပုံတစ်ခု ရှိတယ်ဗျ။ အဘွားအိုရော... ကျွန်တော့်ရဲ့ စေတနာကို ယုံရဲ့လား”

“အဘွားအို ကြည့်ပါဦး ဒါတွေက ရုပ်သေးတွေလေ”

“ကြည့်ရတာ နည်းနည်း ကြမ်းတမ်းတယ် ထင်ရပေမဲ့ ဒါတွေအားလုံးကို ကျွန်တော် ကိုယ်တိုင်

လုပ်ထားတာပါ”

ထိုသို့ပြောရင်း စုန်ယန်သည် အဆောင်စာရွက်အချို့ကိုပါ ထုတ်ယူကာ သူ့ကိုယ်ပေါ်တွင် အငမ်းမရ ကပ်လိုက်ပြန်သည်။ ယခင်က ကပ်ထားသော ချိပ်ပိတ်အဆောင်စာရွက်ကိုမူ သူသည် ဟိုးကတည်းက တိတ်တဆိတ် ဖယ်ရှားထားပြီးသား ဖြစ်၏။

“ဒီမှာကြည့်... ဒါတွေက အဆောင်စာရွက်တွေ”

“ဒီစာရွက်ပေါ်က လက်ရေးလက်သားကို ကြည့်ပါဦး။ လှလှပပ ရေးဆွဲထားတာ မဟုတ်ဘူးလား”

မြေခွေးအဘွားအို “......”

ဤသူခိုးလေး၏ အရှက်မရှိသော လုပ်ရပ်များကြောင့် သူမ ဆွံ့အသွားရ၏။

ထို့နောက် မြေခွေးအဘွားအိုသည် ဒေါသတကြီး ရယ်မောလိုက်ကာ ခက်ထန်စွာ ပြောတော့သည်။

“နင်လို ကောက်ကျစ်တဲ့ သူခိုးလေးကို... ငါ လုံးဝမယုံဘူး နင် ဒီနေ့ သေကို သေရမယ်”

ဗုန်း…

မြေခွေးအဘွားအိုသည် ဓားရှည်ကြီးဖြင့် မြေပြင်ကို ဆောင့်ချလိုက်၏။

ဓားအိမ်မှာ ချက်ချင်းပင် အက်ကွဲသွားပြီး အတွင်းမှ ဓားသွားမှာ ပေါ်ထွက်လာသည်။ စုန်ယန်သည် စကားပြောခြင်းကို ရပ်တန့်လိုက်ကာ နိုးကြားဖျတ်လတ်သော မျက်ဝန်းများဖြင့် ထိုဓားကို စိုက်ကြည့်နေမိ၏။

ဖော်ပြ၍မရသော ကြောက်ရွံ့မှုတစ်ခုမှာ သူ၏ရင်ထဲ၌ ရုတ်တရက် ပေါ်ပေါက်လာသည်။

ဓားသွားထံမှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး လရောင်တို့ဖြင့် ဝင်းလက်နေသော်လည်း တစ်ခဏချင်းမှာပင် မြင့်တက်လာသော မိစ္ဆာရိပ်ကြီးများကြောင့် လရောင်မှာ မှောင်အတိ ကျသွားရ၏။ မြေခွေးအဘွားအို၏ ကိုယ်လုံးမှာ တဖြည်းဖြည်း မြင့်တက်လာကာ ရုပ်သွင်မှာ ဝေဝါးသွားပြီး သူမ၏ ပတ်ဝန်းကျင်တွင်လည်း မီးတောက်များမှာ ဝုန်းခနဲ ဟုန်းဟုန်းတောက် ပွင့်ထွက်လာတော့သည်။

သူမသည် ပုကွကွ ရုပ်သွင်မှသည် ပေတစ်ဆယ်ကျော်မြင့်သော ဧရာမမိစ္ဆာကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး လက်ထဲမှ ဓားရှည်မှာလည်း ပေအနည်းငယ်မှသည် ကိုက်ပေါင်းများစွာအထိ ရှည်လျားသွား၏။

ဓားသွားမှာ ပျောက်ကွယ်သွားပြီး မီးတောက်များသာ ကျန်ရစ်တော့သည်။

ဘုန်း….

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၊ လွှမ်းမိုးထားသော မိစ္ဆာရိပ်နှင့်အတူ တောက်လောင်နေသော မီးတောက်များမှာ ညကောင်းကင်ယံတွင် ကြက်သွေးရောင် လခြမ်းကွေးကြီးတစ်ခုအလား ဖြတ်သန်းသွားကာ စုန်ယန်၏ ဦးခေါင်းတည့်တည့်သို့ အပြင်းအထန် ပိုင်းချလိုက်တော့သည်။

သို့သော်လည်း တစ်ခဏချင်းမှာပင် မြေခွေးအဘွားအို၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျဉ်းမြောင်းသွားရ၏။ မြေပြင်ပေါ်မှ ထိုသူခိုးလေးမှာလည်း ပေတစ်ဆယ်ကျော်မြင့်သော ကိုယ်လုံးကြီးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်ကို မယုံနိုင်စဖွယ် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထိုသူခိုးလေးသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ပါးစပ်ကို အကျယ်ကြီး ဖြဲလိုက်၏။ ထို့နောက် သူထုတ်ထားသော ဝိညာဉ်ရုပ်သေး ဒါဇင်ပေါင်းများစွာကို ပါးစပ်အတွင်းသို့ တစ်ဟုန်ထိုး စုပ်သွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း သူမထက်ပင် ပိုမိုထူးဆန်းသော အသွင်ကူးပြောင်းမှုများကို စတင်ဖြစ်ပေါ်လာတော့သည်။

သူ့ဦးခေါင်းတွင် ဦးချိုများ ပေါက်လာပြီး တစ်ကိုယ်လုံးကို ချပ်ဝတ်များ ဖုံးလွှမ်းသွားသည်။ ပုခုံးနှစ်ဖက်မှ မြွေခေါင်းများ ထွက်ပေါ်လာကာ နံဘေးတွင်မူ ကဏန်းလက်မကြီးများ ပေါက်ထွက်လာ၏။ ကျောပြင်တွင် အနက်ရောင် အတောင်ပံများ ဖြန့်ကားသွားပြီး နောက်ကျောဘက်တွင်မူ မီးခိုးရောင် မြေခွေးအမြီးတစ်ချောင်း ထွက်ပေါ်လာသည်။

အမျိုးမျိုးသော မိစ္ဆာအင်္ဂါရပ်များ စုစည်းနေမှုမှာ ဖော်ပြ၍မရလောက်အောင်ပင် ရုပ်ဆိုးကာ ကြည့်ရဆိုးလှ၏။ အဆိုးရွားဆုံးသော အိမ်မက်ဆိုးများထဲတွင်ပင် မမြင်ဖူးနိုင်သည့် ထူးဆန်းအံ့သြဖွယ် မိစ္ဆာကြီးတစ်ကောင် မြေပြင်ပေါ်၌ ရုတ်တရက် ပေါ်ထွန်းလာသကဲ့သို့ပင်။ ထို့ပြင် ထိုမိစ္ဆာကြီး၏ ခါးပတ်လည်တွင်လည်း စွမ်းပကားတိုးမြင့်စေသည့် အဆောင်စာရွက်များ ဝိုင်းပတ်ကပ်ထားသေးသည်။

ထိုစဉ် မီးတောက်ဓားကြီးမှာ ဝုန်းခနဲ ပိုင်းချလိုက်၏။

မိစ္ဆာကြီးမှာ တည်ငြိမ်သောအမူအရာဖြင့် သူ၏လက်မောင်းကို အမြန်မြှောက်ကာ ခုခံလိုက်သည်။

ဘုန်း…

ဟိန်းထွက်လာသော အသံကြီးမှာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး သစ်ပင်များကို ကျိုးပြတ်စေကာ သဲနှင့် ကျောက်ခဲများကို လွင့်စင်သွားစေသည်။

မြေခွေးအဘွားအိုသည် သူမ၏ ဓားချက်များကို အဆက်မပြတ် ပိုင်းချနေတော့၏။ ဓားချက်တိုင်းမှာ ကောင်းကင်ယံမှ ကျဆင်းလာသော မီးတောက်လေပွေကြီးများအလား။ စုန်ယန်ကမူ သူ၏လက်မောင်းများကို ပြင်းထန်စွာ လွှဲယမ်းလျက် ထိုမီးတောက်လေပွေများကို တစ်ခုပြီးတစ်ခု ရိုက်ခွဲပစ်လိုက်သည်။

အနီးအနားရှိ မြစ်ရေများမှာ လှိုင်းတံပိုးများ ထကြွလာပြီး ငါးနှင့် ပုစွန်တို့မှာ ကြောက်လန့်တကြား ရေအောက်ခြေသို့ ကပ်နေကြရ၏။ ပိုးမွှားတို့သည်လည်း မြေအောက်သို့ တိတ်ဆိတ်စွာ တိုးဝင်သွားကြပြီး တောအုပ်ကြီးမှာ တစ်ခဏအတွင်းမှာပင် ကွင်းပြင်အတိ ဖြစ်သွားရတော့သည်။

ဘုန်း….

ဘုန်း…

ပြင်းထန်လှသော ထိပ်တိုက်ရင်ဆိုင်မှုများ ထပ်မံပေါ်ပေါက်လာပြန်သည်။

မြေခွေးအဘွားအိုနှင့် စုန်ယန်တို့မှာ နှစ်ဦးစလုံး လွင့်စင်သွားကြပြီး အဝေးတစ်နေရာစီမှ အပြန်အလှန် စိုက်ကြည့်နေကြ၏။

“နင်လိုသူခိုးလေးက ကြက်သွေးရောင်နန်းတော်အဆင့်ရှိနေတာကိုး ကျောက်သား အကြီးအကဲတော့ နင့်လက်ထဲမှာ တကယ့်ကို အလိမ်ခံလိုက်ရတာပဲ”

“အဘွားအိုကိုတော့ မမီသေးပါဘူး”

တိုတောင်းသော စကားအဆုံးတွင် မြေခွေးအဘွားအိုမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်တူသည်။ သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ရာ သွေးစအချို့ ပါးစပ်မှ ထွက်လာ၏။ အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော ထိုကမ္ဘာကြီးထဲတွင် အေးစက်လှသော မြေခွေးမျက်လုံးတစ်စုံမှာ စုန်ယန်ကို တည့်တည့်စိုက်ကြည့်နေတော့သည်။

စုန်ယန်သည် ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာကိုယ်ထည်အဖြစ် ကူးပြောင်းထားသော်လည်း သူ၏ရင်ထဲတွင် ထိတ်ခဲသွားပြီး အေးစက်လှသော အငွေ့အသက်များမှာ သူ၏ကိုယ်လက်အင်္ဂါများထဲသို့ တစ်ဟုန်ထိုး ပြန့်နှံ့သွား၏။

ထိုစဉ် မြေခွေးအဘွားအို၏ မိစ္ဆာရိပ်ကြီးမှာ ရုတ်တရက် ပြန်လည်မြင့်တက်လာကာ ပေသုံးဆယ်ကျော်မှသည် ပေတစ်ရာခန့်အထိ ကြီးမားလာတော့သည်။ မူလက သာမန်ကိုယ်လုံးရှိသော စုန်ယန်မှာ ထိုမိစ္ဆာရိပ်ကြီးနှင့် ယှဉ်လိုက်လျှင် ခြေထောက်ဖြင့် နင်းခြေဖျက်ဆီးပစ်နိုင်သော ပုရွက်ဆိတ်ငယ်လေးအလား ဖြစ်သွားရ၏။

ယခုအခါ စုန်ယန်သည် ထူးဆန်းသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်သည်။

သူသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အလား သူ၏သိုလှောင်အိတ်ထဲမှ သတ်ဖြတ်ခြင်းအဆောင်စာရွက်ဒါဇင်ပေါင်းများစွာကို ထုတ်ယူလိုက်၏။ စုန်ယန်သည် အိတ်ထဲရှိ ထိုအဆောင်စာရွက်အားလုံးကို အကုန်အစင် ထုတ်ယူလိုက်ခြင်းပင်။

ဖပ် ဖပ် ဖပ် ဖပ်….

နောက်တစ်ခဏတွင် ထိုအဆောင်စာရွက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အလျင်အမြန် ကပ်တွဲသွားပြီး စုန်ယန်၏ ရင်ထဲရှိ ကြောက်ရွံ့မှုအားလုံးမှာလည်း ပျောက်ကွယ်သွားတော့သည်။

“သူခိုးလေး... သေပေတော့”

မြေခွေးအဘွားအိုသည် ရန်သူကို အမှုမထားဘဲ ဓားကို အမြန်ဆုံး ဝှေ့ယမ်းလိုက်၏။ ထိုကြက်သွေးရောင် လခြမ်းကွေးကြီးမှာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသော ဆူနာမီလှိုင်းလုံးကြီးအလား ဖြစ်သွားပြီး အထက်ရှိ လမင်းကြီးပင်လျှင် ထိုနီရဲလှသော ဓားအလင်းတန်း လှိုင်းတံပိုးများကြားတွင် လူးလှိမ့်နေသည့် လှေငယ်လေးအလား ထင်မှတ်ရတော့သည်။

သို့သော်လည်း သူမ၏မျက်လုံးထဲတွင် ထိုသူခိုးလေး ပြောင်းလဲထားသော ထူးဆန်းသည့်မိစ္ဆာကြီးမှာ သွေးရောင်လွှမ်းသော မျက်ဝန်းများဖြင့် ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ အတိုင်းအဆမရှိသော သတ်ဖြတ်လိုစိတ်များမှာလည်း ဟုန်းဟုန်းတောက်နေသည်။

မြေခွေးအဘွားအို၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

သူမ ဓားကို လွှဲယမ်းလိုက်သည်နှင့်အမျှ ထိုခံစားချက်မှာ ပိုမိုကြီးထွားလာပြီး... တစ်စထက်တစ်စ ပို၍ ပို၍ ပြင်းထန်လာတော့သည်။

ထိုခံစားချက်ကို တုံ့ပြန်လိုက်သည့်အလား မြေခွေးအဘွားအို၏ အရပ်အမောင်းမှာ ရုတ်တရက် ပြန်လည်ပုဝင်သွားပြီး ကောင်းကင်ယံကို လွှမ်းမိုးထားသည့် မိစ္ဆာရိပ်ကြီးမှာလည်း လျင်မြန်စွာပင် သေးသိမ်သွားတော့သည်။

ဓားသွားမှာ စုန်ယန်၏ ဦးခေါင်းအထက် တစ်ကိုက်ခန့်အကွာသို့ ရောက်ရှိလာချိန်တွင် မြေခွေးအဘွားအိုမှာ ပေတစ်ရာကျော်မြင့်သည့် မိစ္ဆာရိပ်ကြီးမှသည် တစ်ကိုက်ခန့်သာရှိသော မိစ္ဆာရိပ်ကလေးအဖြစ်သို့ ပြောင်းလဲသွား၏

ဓားရှည်ကြီးမှာလည်း ဆယ်ပေကျော်အရှည်မှသည် လက်မအနည်းငယ်မျှသာရှိသော ဓားငယ်ကလေးအဖြစ်သို့ ပြန်လည်ကျုံ့ဝင်သွားတော့၏။ အတိုချုံးသွားသော ဓားမှာ စုန်ယန်ကို ထိမှန်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ဤဓားချက်မှာ တိုက်ခိုက်မှုပင် မမြောက်ဘဲ အလိုအလျောက် ပျက်ပြယ်သွားရလေတော့သည်။

မြေခွေးအဘွားအိုမှာ ဆွံ့အမှင်သက်သွားပြီး သူမ၏လက်ကို အလျင်အမြန် မြှောက်

လိုက်သော်လည်း ထိုထူးဆန်းသည့်မိစ္ဆာကြီးမှာ သူမကိုကြည့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးဖြင့် ပြုံးပြနေသည်ကိုသာ မြင်လိုက်ရ၏။

ထိုထူးဆန်းသည့်မိစ္ဆာကြီးက မြေပြင်ကို အားကုန်ဆောင့်နင်းလိုက်ရာ မြေပြင်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာတော့သည်။ ပင့်ကူအိမ်သဖွယ် အက်ကြောင်းများကြားမှ ရွှံ့ညွန်များမှာ ပေါက်ကွဲထွက်ကုန်၏။ သစ်မြစ်များမှာ မြေပေါ်သို့ လွင့်စင်ကာ အပိုင်းပိုင်းပြတ်တောက်သွားကြသည်။

မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသော အသံကြီးနှင့်အတူ မြေကျင်းနက်ကြီးထဲမှ ပေါ်ထွက်လာသော ဖုန်မှုန့်များနှင့် မီးခိုးများကြားတွင် ထိုထူးဆန်းသည့်မိစ္ဆာကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ပေပေါင်းများစွာသော အကွာအဝေးကို ဖြတ်ကျော်လိုက်သည်။ သူ၏နောက်ကွယ်မှ မြေပြင်မှာလည်း မြေနဂါးတစ်ကောင် နိုးထလာသကဲ့သို့ "ဝုန်း... ဝုန်း..." ဟု မြည်ဟည်းလျက် ကပ်ပါလာတော့၏။

မိစ္ဆာကြီးမှာ မြေခွေးအဘွားအို၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

သူသည် ရုပ်ပျက်ဆင်းပျက် မျက်နှာပေးဖြင့် အသွင်ပြောင်းနေသော အစွယ်များကို ဖော်ထုတ်ကာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ကဲ... အဘွားအိုကြီးအနားယူဖို့ အချိန်တန်ပြီဗျို့”

မြေခွေးအဘွားအိုမှာ ခဏမျှ တုံ့ခနဲ ဖြစ်သွားရသည်။

ထိုစကားလုံးများ...

သူမ မှတ်မိနေသည်။

ချောင်မိသားစုမှ ချောင်ရှိယင်းဆိုသည့် ကောင်လေးနှင့် နောက်ပိုင်းတွင် ဖူရှီးရုန်ဟု အမည်ရသော မိဖုရားကြီးတို့သည်လည်း အလားတူ စကားလုံးမျိုးကို ပြောခဲ့ဖူးသည်။

ယခု ဤသူခိုးလေးက ဤစကားကို ပြောနေခြင်းမှာ သူမကို သတ်ရန်ကြိုးစားရင်း သေဆုံးသွားခဲ့ကြသော လူသားများကို “ကျွန်တော် သူတို့အတွက် ကလဲ့စားချေပေးလိုက်ပြီ။ သူတို့ ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါပြီ” ဟု အသိပေးနေသကဲ့သို့ပင်။

ထိုအတွေးမှာ ခဏချင်း ဖြတ်သန်းသွားစဉ်မှာပင် ဆူးချပ်ဝတ်များနှင့် ထူးဆန်းသော အင်းကွက်များ ပြည့်နှက်နေသည့် မိစ္ဆာလက်ကြီးနှစ်ဖက်မှာ သူမ၏လည်ပင်းကို အတင်းအဓမ္မ ဆုပ်ကိုင်လိုက်တော့သည်။

ယခုအခါ မြေခွေးအဘွားအိုသည် သူမ၏ နောက်ဆုံးသော အရပ်အမောင်းကိုပါ ဆုံးရှုံးသွားရပြီး သေးငယ်သော ကိုယ်ထည်လေးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ဘုန်း…

မိစ္ဆာလက်ဝါးကြီးများက သူမ၏လည်ပင်းကို ညှစ်ကာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်ရာ လေထုပင်လျှင် ပွက်ပွက်ဆူသွားသယောင် ထင်ရ၏။ မြေခွေးအဘွားအိုသည် ပြင်းထန်သော နာကျင်မှုနှင့်အတူ သေခြင်းတရားကို အနီးကပ် ခံစားလိုက်ရပြီးနောက် သူမ၏မျက်လုံးများမှာ ရုတ်တရက် စူးရှတောက်ပလာကာ သူမနှင့် ကပ်လျက်ရှိသော မိစ္ဆာကြီးကို ခက်ထန်စွာ စိုက်ကြည့်လိုက်တော့သည်။

'နင့်ကိုပါ ငါနဲ့အတူ ငရဲထဲခေါ်သွားမယ်'

'ကောက်ကျစ်တဲ့ သူခိုးလေး... ငါနဲ့အတူ သေလိုက်တော့'

မြေခွေးအဘွားအို၏ နဖူးပြင်မှာ ရုတ်တရက် လင်းလက်လာပြီး သူမ၏ မူလစိတ်ဝိညာဉ်မှာ အတင်းအဓမ္မ ရုန်းထွက်လာကာ မမြင်နိုင်သော မြှားတစ်စင်းအဖြစ် အသွင်ပြောင်းလျက် စုန်ယန်၏ နဖူးတည့်တည့်သို့ ပစ်လွှတ်လိုက်တော့သည်။

၎င်းမှာ ကြက်သွေးရောင်နန်းတော်အဆင့်ရှိ ပညာရှင်များ အင်အားကြီးမားချိန်နှင့် ရန်သူနှင့် အလွန်နီးကပ်ချိန်တွင် အသုံးပြုတတ်သော ရန်သူနှင့်အတူ အသေခံခြင်းနည်းပရိယာယ်ပင်။ အကယ်၍ ထိုဝိညာဉ်သည် တစ်ဖက်လူ၏ ဝိညာဉ်လောကအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ပါက ခန္ဓာကိုယ်၏ အခြေအနေ မည်သို့ပင်ရှိစေကာမူ နှစ်ဖက်စလုံး၏ ဝိညာဉ်မှာ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။

အမှန်စင်စစ် တိုက်ခိုက်သူမှာ သေဆုံးရန် သေချာသလောက် ရှိသော်လည်း အတိုက်ခိုက်ခံရသူမှာလည်း အနည်းဆုံး ဝိညာဉ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်ဖြစ်ရာ ပြန်လည်ကျန်းမာလာရန် လွန်စွာခက်ခဲပေလိမ့်မည်။ ကံအနည်းငယ် ဆိုးပါက စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်သွားခြင်းမှာ ပုံမှန်ပင်။

မြေခွေးအဘွားအိုသည် သူမကိုယ်သူမ စုန်ယန်ထက် များစွာ အစွမ်းထက်သည်ဟု ယူဆထားသဖြင့် ဤတိုက်ကွက်သာ အောင်မြင်ပါက စုန်ယန်မှာ အနည်းဆုံး အရူးတစ်ယောက် ဖြစ်သွားမည်ဟု ယုံကြည်ထား၏။

သို့ရာတွင် သူမ၏ ဝိညာဉ်သည် စုန်ယန်၏ နဖူးပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားချိန်၌ သူမသည် မယုံကြည်နိုင်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ဝိညာဉ်လောက၏ အဝင်ဝတွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေကြီးများက အစောင့်အကြပ်သဖွယ် ရပ်နေကြပြီး အမှောင်ထုကြားမှ များပြားလှသော အနက်ရောင် အင်းကွက်များမှာ ရုတ်တရက် ထိုးထွက်လာတော့သည်။

ရှူး... ဖျတ်

အင်းကွက်တစ်ခုမှာ မြေခွေးအဘွားအို ဝိညာဉ်၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ချုပ်နှောင်လိုက်၏။ မြေခွေးအဘွားအို၏ ဝိညာဉ်မှာ ခဏမျှ တောင့်တင်းသွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်ထပ် အင်းကွက်များက သူမကို တင်းတင်းကြပ်ကြပ် ပတ်နှောင်ကာ... ပြောင်းပြန် ဆွဲချလိုက်တော့သည်။

ဤမတိုင်မီအထိ ဘာတွေပဲဖြစ်လာပါစေ ထိုသူခိုးလေးသည် သူမ၏ နဂါးသွေးအားနည်းချက်ကို သိရှိသွားသည့်တိုင်အောင် သူမ လုံးဝ မထိတ်လန့်ခဲ့ချေ။ သို့သော် ယခုအချိန်တွင်မူ သူမ အမှန်တကယ် ထိတ်လန့်သွားပြီဖြစ်သည်။

သူမ၏ စိတ်ထဲတွင် ခါးသီးလှသော အတွေးများ ဖြတ်သန်းသွားရင်း ကြောက်စိတ်ကြောင့် သူမ၏ဝိညာဉ်မှာ ပျက်စီးလုနီးပါး ဖြစ်သွားရ၏။

'သူခိုးလေး... နင်... နင်က ဘယ်လိုလုပ်ပြီး ချန်ဝမ်ကျားသစ် အဆီအနှစ်သွေးကို အကုန်အစင် စုပ်ယူနိုင်ခဲ့တာလဲ'

အခန်း။ ၉၄

ချန်ဝမ်ကျားသစ်မျိုးနွယ်ဟူသည်ကား ဝိညာဉ်လောက၏ အရှင်သခင် အစစ်အမှန်ပင်။

မြေခွေးအဘွားအိုသည် ကြက်သွေးရောင်နန်းတော်အဆင့်၏ အလယ်အလတ်အဆင့်တွင် ရှိနေသူဖြစ်ပြီး တစ်ချိန်က သုံးနိုင်ငံနယ်နိမိတ်အတွင်း တစ်ဦးတည်း အစွမ်းပြခဲ့သူ ဖြစသော်လည်း... ယခုအခါ ချန်ဝမ်ကျားသစ်၏ ဧရာမပါးစပ်ကြီးအတွင်းသို့ ကျဆင်းသွားပြီးနောက်တွင်မူ ပန်းကန်ပြားပေါ်ရှိ ငါးတစ်ကောင်ကဲ့သို့သာ ဖြစ်သွားရရှာသည်။

သူမသည် ပြောင်းပြန်ဆွဲချခံထားရသော်လည်း အမြီးဆွဲခံရသော ကြောင်တစ်ကောင်အလား အတင်းအဓမ္မ ရုန်းကန်နေဆဲဖြစ်ကာ သူမ၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေသော အနက်ရောင်

အစက်အပြောက်များကို အသည်းအသန် ကိုက်ဖဲ့ကာ ဖျက်ဆီးနေ၏။ သို့သော်လည်း ထိုအနက်ရောင်အစက်အပြောက်များသည် တဖြည်းဖြည်း ပို၍များပြားလာတော့သည်။

မကြာမီမှာပင် သူမသည် တင်းတင်းကြပ်ကြပ် တုတ်နှောင်ခံလိုက်ရသည်။

သူမကတော့ ရူးသွပ်မတတ် ဆက်လက်ရုန်းကန်နေဆဲပင်။ သို့သော် မြေခွေးမကြီးတစ်ကိုယ်လုံးမှာ မုန့်ထုပ်တစ်ထုပ်ကဲ့သို့ အထပ်ထပ်အခဲခဲ အထုပ်ခံလိုက်ရပြီးနောက်တွင်မူ အနက်ရောင်အစက်အပြောက်များ၏ မျက်နှာပြင်မှာသာ အနည်းငယ် နိမ့်ချီမြင့်ချီ ဖြစ်နေတော့၏။ ၎င်းမှာ အားနည်းလှသော မိန်းကလေးတစ်ဦးက ပဲမုန့်လုံးအရွယ် လက်သီးဆုပ်လေးများဖြင့် အချည်းနှီး ပြန်လည်ခုခံနေသကဲ့သို့သာ ရှိတော့သည်။

နောက်ဆုံးမြင်ကွင်းမှာ ထိုအနက်ရောင်အစက်အပြောက်များကြားမှ မြေခွေးအဘွားအို၏ နာကျည်းလှသော မျက်နှာပေးလေးမှာ ငုံ့ကြည့်နေခြင်းဖြစ်သော်လည်း... နောက်ထပ် အစက်အပြောက်တစ်ခုက ထိုနာကျည်းမှုများကိုပါ လုံးဝဖုံးအုပ်ပစ်လိုက်လေတော့သည်။

စုန်ယန်သည်လည်း တိတ်တဆိတ် အံ့အားသင့်နေမိ၏။ ချန်ဝမ်ကျားသစ်သွေးကို အကုန်အစင် စုပ်ယူပြီးနောက် ဗဟိုနန်းတော်ကို ရှာဖွေတွေ့ရှိခဲ့ရာ သူသည် အရာများစွာကို နားလည်သဘောပေါက်သွားခဲ့သည်။

ဥပမာအားဖြင့် ယခင်က ထိုထူးဆန်းသောအနက်ရောင်ရိပ်ကြီးပေါ်တွင် သူမြင်တွေ့ခဲ့ရသော အစင်းကြောင်းတိုင်းကို ဝိညာဉ်လက်ထိပ်ဟု သတ်မှတ်နိုင်သည်။ ထိုလက်ထိပ်ဖြင့် ခတ်ခံရသူ မည်သူမဆို ချန်ဝမ်ကျားသစ်၏ လက်အောက်ခံ တစ္ဆေတစ်ကောင် ဖြစ်သွားရပေမည်။

အရိုးရှင်းဆုံး ပြောရလျှင် ၎င်းမှာ တဖြည်းဖြည်း တိုးတက်လာသော အဆင့်မြင့် အမာခံပရိသတ်များနှင့် တူသည်။

ဤတစ္ဆေဝိညာဉ်များသည် သင့်အတွက် အိမ်စောင့်ပေးခြင်းကို ကူညီပေးနိုင်ပြီး အခြားသော အသုံးချပုံများကိုမူ ဆက်လက်စမ်းသပ်ရန် လိုအပ်နေသေးသည်။ ခန့်မှန်းရသလောက်မှာမူ ရုပ်သေးအတတ်၊ စက္ကူရုပ်အတတ်နှင့် လှည့်စားမှုအတတ်ကဲ့သို့သော မှော်အတတ်များတွင် အစွမ်းသတ္တိများစွာ တိုးမြင့်လာစေမည်ဖြစ်သော်လည်း... တစ်ဖက်တွင်မူ ထိုအဆီအနှစ်သွေးသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတို့တွင်မူ တိုးတက်မှု လုံးဝမရှိသလောက်ပင်။

ပုံမှန်အားဖြင့် လက်ထိပ်တစ်ကွင်းတည်းနှင့်ပင် တစ္ဆေတစ်ကောင်ကို ချုပ်နှောင်ကာ အငြိုးကြီးသောဝိညာဉ်အဖြစ် ပြောင်းလဲပစ်ရန် လုံလောက်လှသည်။

သို့သော် မြေခွေးအဘွားအိုကို ချုပ်နှောင်ရန်အတွက်မူ လက်ထိပ်ပေါင်း ဒါဇင်နှင့်ချီ၍ အသုံးပြုခဲ့ရသည်။

သို့သော်ငြားလည်း သူမသည် အားအင်ကုန်ခမ်းစွာဖြင့် ဆက်လက်ရုန်းကန်နေဆဲပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် များပြားလှသော အတွေးပေါင်းစုံမှာ ဖြတ်သန်းသွားကြ၏။

ဘုန်း…

မြေခွေးအဘွားအို၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သို့ရာတွင် ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်သော ထိုခန္ဓာကိုယ်မှာ အသက်မဲ့သောအလောင်းတစ်ခုသာ ဖြစ်နေသည်။

စုန်ယန်သည် မြေခွေးအဘွားအို၏ ရင်ခွင်အတွင်းကို ဂရုတစိုက် ရှာဖွေလိုက်ရာ စွမ်းအင်

သိုလှောင်လက်စွပ်တစ်ကွင်းကို တွေ့ရှိခဲ့သဖြင့် သူ့ရင်ခွင်ထဲသို့ ကောက်ထည့်လိုက်၏။ ထို့နောက် မြေခွေးအဘွားအို၏ အလောင်းကို မလိုက်သည်။

ထိုအခါမှပင် မြေခွေးအဘွားအို၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်

နှက်နေသည်ကို သူတွေ့လိုက်ရ၏။ အထူးသဖြင့် ဘယ်ဘက်ပုခုံးပေါ်တွင်မူ မျက်စိဖြင့်ပင် မြင်

နိုင်လောက်အောင် ပျံ့နှံ့နေသော အမည်းရောင် အညိုအမဲကွက်ကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ တိုက်ပွဲအတွင်း မည်သူ့လက်ချက်ကြောင့် ရရှိခဲ့မှန်း မသိရသော ဒဏ်ရာပင်။

စုန်ယန်အနေဖြင့် ထိုအမည်းရောင် အညိုအမဲကွက်ကို မည်သို့ကိုင်တွယ်ရမည်မှန်း မသိသလို မထိတွေ့လိုသဖြင့်လည်း အသားပုပ်ကို ဖယ်ရှားသည့်အလား မြေခွေးအဘွားအို၏ ဘယ်ဘက်လက်မောင်းနှင့် ထိုဒဏ်ရာကို အားကုန်သုံး၍ ဆတ်ခနဲ ဆွဲဖြတ်ပစ်လိုက်သည်။

ထိုအမည်းရောင်ဒဏ်ရာမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားပြီး မြေခွေးအဘွားအို၏ လက်မောင်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့၏။ လေတစ်ချက်အဝှေ့တွင် ထိုလက်မောင်းမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ဤလောကထဲတွင် မည်သည့်ခြေရာလက်ရာမျှ မကျန်ရစ်တော့ဘဲ လွင့်စင်ပျောက်ကွယ်သွားသည်။

စုန်ယန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ တိတ်တဆိတ် ဝမ်းသာမိသွား၏။

အကယ်၍သာ မြေခွေးအဘွားအိုသည် ဒဏ်ရာများစွာဖြင့် အားအင်ကုန်ခမ်းမနေခဲ့လျှင် သူကိုယ်တိုင်လည်း ကြက်သွေးရောင်နန်းတော်အဆင့်ကို မချိုးဖျက်နိုင်ခဲ့ဘဲ ဝှက်ဖဲအချို့ မကျန်ရှိခဲ့လျှင်... ဤတိုက်ပွဲ၏ ရလဒ်မှာ လုံးဝ ပြောင်းပြန်ဖြစ်သွားနိုင်သည်။

သူသည် အတွေးကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး မြေခွေးအဘွားအို၏ လက်တစ်ဖက်ပြတ် အလောင်းကို စွမ်းအင်သိုလှောင်အိတ်အတွင်းသို့ အမြန်ထည့်လိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားအာရုံကို ရုတ်တရက် ဖြန့်ကျက်လိုက်ပြီး ပတ်ဝန်းကျင်ကို စတင်ရှာဖွေတော့သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အကယ်၍သာ အနီးအနား၌ အခြားကျင့်ကြံသူများ ရှိနေခဲ့ပါက သူသည် ခြေရာဖျောက်ရန်အတွက် တုံ့ဆိုင်းမနေဘဲ သတ်ဖြတ်ပစ်မည်မှာ အသေအချာပင်။

သို့ရာတွင် ဤနေရာမှာ သူနှင့် မြေခွေးအဘွားအို နှစ်ဦးစလုံးက ထွက်ပြေးပုန်းအောင်းရန် ရွေးချယ်ခဲ့ကြသည့် နေရာဖြစ်သဖြင့် လွန်စွာ ခြောက်ကပ်လှသည်။ ကျင့်ကြံသူများ မဆိုထားနှင့် မိုင်အနည်းငယ်အကွာရှိ မြစ်ကမ်းဘေး တဲအိမ်လေးတစ်လုံးအတွင်း တိုက်ပွဲအသံများကြောင့် ကြောက်လန့်တုန်ရီနေသော အဘိုးအိုတစ်ဦးမှလွဲ၍ သာမန်လူပင် မရှိသလောက်ပင်။

ထိုတဲအိမ်အပြင်ဘက်တွင်မူ အမည်းရောင် အမိုးပါသော လှေကလေးတစ်စင်း ရှိနေပြီး ၎င်းမှာ ကူးတို့လှေဖြစ်ကြောင်း သိသာလှသည်။

စုန်ယန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သာမန်လူတစ်ဦးအဖြစ် ဟန်ဆောင်မနေတော့ဘဲ လှုပ်ရှားလိုက်သည်။

ဤနေရာတွင် ဖြစ်ပျက်ခဲ့သော ဆူညံသံများမှာ လွန်စွာ ကြီးမားလှသဖြင့် သူသာ အမြန်မထွက်ခွာပါက မကြာမီ အရပ်မျက်နှာအသံစုံမှ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပေတော့မည်။

သူသည် ဓားကွက်တစ်ခုကို အမြန်ဖော်ဆောင်လိုက်ပြီး ရဲရဲဝံ့ဝံ့ပင် သက်တန့်ရောင် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ အနောက်ဘက် ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။ ထို့နောက် လမ်းခုလတ်တွင် ရုတ်တရက် လှည့်ပြန်လာကာ မြစ်ကမ်းဘေးသို့ ဆင်းသက်ပြီး ဝုန်းခနဲ မြည်အောင်ပင် မြစ်ထဲသို့ ခုန်ချလိုက်၏။ သူသည် တစ်ဖက်ကမ်းသို့ လျင်မြန်စွာ ကူးခတ်သွားပြီးနောက် တောင်ဘက်ရှိ ထူးကဲချီတောရိုင်းဆီသို့ ဦးတည်၍ ပြေးထွက်ခဲ့ကာ လမ်းတစ်လျှောက်တွင်လည်း လမ်းကြောင်းများကို အကြိမ်ကြိမ် ပြောင်းလဲပစ်ခဲ့သည်။

သို့ဖြစ်ရာ သူသည် အနောက်ဘက်သို့လည်း အမှန်တကယ် မသွားခဲ့သလို တောင်ဘက်သို့လည်း တန်းတန်းမတ်မတ် မသွားခဲ့ချေ။

ယခင်က နန်ဝူဓားဂိုဏ်း၏ သူလျှိုထောက်လှမ်းရေး နည်းလမ်းများကို ပြန်လည်စဉ်းစားမိပြီးနောက် စုန်ယန်သည် အထောက်အထားတစ်ခုရရန် သာမန်လူသားများကြားတွင် ရောနှောနေထိုင်ရန် မဆုံးဖြတ်တော့ဘဲ တောနက်တောင်နက်များထဲတွင် ခေတ္တပုန်းအောင်းကာ ယခုတိုက်ပွဲမှ ရရှိလာသော အကျိုးအမြတ်များကို အစာချေဖျက်ရန်သာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

...

...

နောက်တစ်နေ့ မိုးမလင်းမီမှာပင် ကျင့်ကြံသူအချို့ ရောက်ရှိလာကြပြီး မြစ်ကြီး၏ မြောက်ဘက်ကမ်းမှ အဝေးတစ်နေရာတွင် ရပ်တန့်လိုက်ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများမှာ ပို၍ များပြားလာတော့၏။

ကူးတို့ဆိပ်မှ အဘိုးအိုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ နတ်ဘုရားကဲ့သို့သော ထိုပုဂ္ဂိုလ်များကို ရင်ဆိုင်ရသည့်အခါ အဘိုးအိုမှာ ကြောက်ရွံ့နေသော်လည်း အားကိုးရာတစ်ခုကို တွေ့ရှိသွားသည့်အလား မနေ့ညက သူမြင်ခဲ့သမျှကို အရှိအတိုင်း အကုန်အစင် ပြန်လည်ပြောပြတော့သည်။

ကျင့်ကြံသူများသည် အဘိုးအို၏ ဖော်ပြချက်များကို နားထောင်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ကြောက်မက်ဖွယ်ကောင်းတဲ့ ဧရာမ မိစ္ဆာရိပ်ကြီး၊ သဘာဝဘေးအန္တရာယ်တစ်ခုလို ပြင်းထန်တဲ့ တိုက်ပွဲ၊ အနောက်ဘက်ကို ဦးတည်သွားတဲ့ သက်တန့်ရောင် အလင်းတန်းစသည့် စကားလုံးများကို ပေါင်းစပ်ကြည့်လိုက်သောအခါ သူတို့သည် အခင်းဖြစ်ပွားရာနေရာတွင် ကိုယ်တိုင်မရှိခဲ့သော်လည်း ဖြစ်ပျက်ခဲ့သမျှကို ကွင်းကွင်းကွက်ကွက် မြင်ယောင်နေကြသည့်အလား ခံစားလိုက်ရသည်။

ဆက်သွယ်ရေးကျောက်တုံးများမှာ တစ်ခုပြီးတစ်ခု လင်းလက်လာ၏...

နှစ်ရက်အတွင်းမှာပင် မြောက်ပိုင်းဒေသမှ ကြက်သွေးရောင်နန်းတော်အဆင့်ကျင့်ကြံသူများသည်လည်း ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။

ကုဟွမ်ကျီနှင့် အကြီးအကဲတို့သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

“ဒါ မြေခွေးအဘွားအိုပဲ”

အကြီးအကဲက စဉ်းစားရင်း ပြောလိုက်သည်။

“အနောက်ဘက်ကို ဦးတည်သွားတဲ့ သက်တန့်ရောင် အလင်းတန်းကတော့... ယုံရခက်ပေမဲ့ စုန်ယန် ဖြစ်ဖို့ များတယ်။ စုန်ယန်... သူက မြေခွေးအဘွားအို လက်ထဲကနေ တကယ်ပဲ လွတ်အောင် ပြေးနိုင်ခဲ့တာလား။ ဒီကောင်လေးမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ”

ကုဟွမ်ကျီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် “ကျွန်တော် ဂိုဏ်းက တပည့်တွေကို လွှတ်ပြီး ရှာခိုင်းလိုက်မယ်။ အကြီးအကဲအနေနဲ့တော့ စိတ်မရှိဘူးမလား”

အကြီးအကဲက ထိုစကားကို ကြားသောအခါ ခဏမျှ တုံ့သွားပြီးမှ “မင်းရဲ့တပည့်က အနောက်ဘက်ကို သွားတာလေ။ ဘာဖြစ်လို့ ငါ့ရဲ့ ဝူနိုင်ငံထဲမှာ လာရှာနေတာလဲ” ဟု မေးလိုက်သည်။

ကုဟွမ်ကျီက “ဒါက လမ်းလွှဲတဲ့ လှည့်ကွက်လေးတွေပဲလေ။ ကျွန်တော်တို့ ရုပ်သေးဂိုဏ်းက သုံးနှစ်သားကလေးတောင် ဒါမျိုးကို သိပါတယ်။ သူ အနောက်ဘက်ကို သွားပြတယ်ဆိုရုံနဲ့ အနောက်ဘက်ကို တကယ်သွားတယ်လို့ ဆိုလိုတာမှ မဟုတ်တာ”

All Chapters