← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း။ ၉၅

ဂိုဏ်းချုပ်ကြီးသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။

ဤနေရာတွင် စုဝေးနေကြသော ကြက်သွေးရောင်နန်းတော်အဆင့်ကျင့်ကြံသူများထဲတွင် သူ၏ နန်ဝူဓားဂိုဏ်းမှ တစ်ဦးတည်းသာပါဝင်သော်လည်း ရုပ်သေးဂိုဏ်းဘက်တွင်မူ သုံးဦးအထိ ရှိနေသည်။

ဤတိုက်ပွဲကြီးအတွင်း သူ၏ ဓားဂိုဏ်းမှာ အကျအဆုံး လွန်စွာများပြားခဲ့သည်။ ဂိုဏ်းချုပ်

ကြီး၏ မျက်နှာမှာ ရုတ်တရက် မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားပြီးနောက် သူက ပြောလိုက်၏။

“မြေခွေးအဘွားအိုကိုလည်း ရှာမတွေ့သေးဘူး။ စုန်ယန်ကလည်း ပျောက်ဆုံးနေတုန်းပဲ။ သူတို့ သေလားရှင်လားတောင် မသေချာသေးတဲ့အချိန်မှာ မင်းက ငါ့ရဲ့ ဓားဂိုဏ်းနဲ့ တကယ်ပဲ ရန်တိုက်ချင်နေတာလား”

လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။

ကုဟွမ်ကျီက ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။

“အဲဒီကောက်ကျစ်တဲ့ ကောင်လေးက မင်းတို့ရဲ့ ဝူနိုင်ငံထဲကို ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တာပဲ။ အကယ်၍ သူသာ မင်းတို့လက်ထဲရောက်သွားပြီး လျှို့ဝှက်ချက်တွေကို မင်းတို့ပဲ တစ်ကိုယ်တော် သိမ်းပိုက်လိုက်ရင် ငါက အကြီးအကျယ် နစ်နာရမှာပေါ့။

ရန်တိုက်မယ် ဟုတ်လား

တကယ်လို့ တိုက်ရမယ်ဆိုရင်တောင်... ဟားဟား... ဒါက မင်းတို့ကိုယ်တိုင် တွန်းပို့နေတာပဲ”

ဂိုဏ်းချုပ်ကြီး၏ မျက်နှာထက်တွင် စိုးရိမ်စိတ်များ ဖြတ်သန်းသွားကာ လက်အင်္ကျီအတွင်းမှ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ထို့နောက် သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် အတူတူ ရှာကြတာပေါ့။ မြေခွေးအဘွားအိုနဲ့ စုန်ယန်ကို အရင်ရှာတွေ့အောင်လုပ်။ ကျန်တာကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့”

“ကောင်းပြီလေ”

ကုဟွမ်ကျီက ပြန်ထူးလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆက်ပြောသည်။

“ငါမှတ်မိသလောက်တော့ စုန်ယန်မှာ ချောင်ယွီကျွမ်းဆိုတဲ့ ကျင့်ကြံဖော်တစ်ယောက် ရှိဖူးတယ်။ ဒါပေမဲ့ အအေးလှိုင်းလျှိုမြောင် တိုက်ပွဲပြီးတော့ လူတွေအများကြီး သေကျေဒဏ်ရာရကုန်ကြတာဆိုတော့ သူ ရှိမရှိတော့ မသိဘူး...

အကယ်၍ မင်းတို့ဆီမှာ အဲဒီမိန်းကလေးနဲ့ပတ်သက်တဲ့ သတင်းအစအနရှိရင် ငါ့ကို အသိပေးဖို့ မမေ့နဲ့ဦး”

ဂိုဏ်းချုပ်ကြီးက “မြေခွေးအဘွားအိုရဲ့ လက်ကျန်အင်အားတွေက တော်ဝင်မြို့တော်မှာ ရှိနေသေးတာပဲ။ ငါတို့ အင်အားချင်းပူးပေါင်းပြီး တော်ဝင်မြို့တော်ကို အရင် သိမ်းပိုက်ကြတာပေါ့”

ကုဟွမ်ကျီက “မဟာကျင်းနိုင်ငံက ဘာပဲဖြစ်ဖြစ် မကြာခင် တိုက်ခိုက်တော့မှာပဲလေ။ အဲဒါတွေက သာမန်လောကသားတွေရဲ့ ကိစ္စတွေပဲ ငါတို့ ဝင်မရှုပ်သင့်ပါဘူး”

ဂိုဏ်းချုပ်ကြီးက ဒေါသတကြီးဖြင့် “ကုဟွမ်ကျီ မင်းက အကျိုးအမြတ်အားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာလား”

ကုဟွမ်ကျီက အံ့သြဟန်ဆောင်ကာ “တစ်ယောက်တည်း သိမ်းပိုက်မယ်”

ဂိုဏ်းချုပ်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး “မြေခွေးအဘွားအိုက တိုက်ပွဲထွက်လာတာလေ။ သူ ပြန်မလာနိုင်တော့ဘူးလို့ ဘယ်တုန်းကမှ တွေးထားမှာ မဟုတ်ဘူး။ သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ ပစ္စည်းတွေ ဘယ်လောက်တောင် များမလဲဆိုတာ မင်းစဉ်းစားကြည့်ဦး”

ကုဟွမ်ကျီမှာ သူ၏ လျှို့ဝှက်ချက်ကို ရိပ်မိသွားသည်ကို သိလိုက်ရသဖြင့် စိတ်မရှည်သလို ပြောလိုက်သည်။

“အကျိုးအမြတ်တွေ ရလာတဲ့အခါကျရင် မင်းကိုလည်း နည်းနည်းပါးပါး ခွဲပေးမှာပေါ့။ ဘာလို့ ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ”

“မင်း... မိစ္ဆာအိုကြီး”

“ကဲပါ... ထားလိုက်ပါတော့ အတူတူပဲ လုပ်ကြတာပေါ့။ စိတ်လှုပ်ရှားမနေပါနဲ့ဦး ဟားဟား...”

ကုဟွမ်ကျီက အေးအေးဆေးဆေး ရှိနေသော်လည်း ဂိုဏ်းချုပ်ကြီးမှာမူ ဒေါသဖြစ်လွန်း၍ နဖူးမှ သွေးကြောများပင်ထောင်လာသည်။

မြေခွေးအဘွားအိုနှင့် တိုက်ပွဲအပြီးတွင် နှစ်ဖက်အင်အား ညီမျှမှုမှာလည်း လုံးဝ ပျက်ပြားသွားခဲ့ရသည်။

သုံးလခန့် ကြာပြီးနောက်...

ဝူနိုင်ငံအတွင်းရှိ ထူးကဲချီကင်းမဲ့ပြီး လူသူအရိပ်အယောင်မရှိသော တောတောင်ကြားရှိ ဂူတစ်ခုအတွင်း...

စုန်ယန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏မြင်ကွင်းထဲတွင် ရေတံခွန်တစ်ခုမှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေ၏။ နွေဦးကာလ နှင်းများအရည်ပျော်ပြီး ရေအရင်းအမြစ်များ ပေါများလာသည်နှင့်အမျှ ယခုအခါ နွေဦးနှောင်း နွေဦးဦးကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ရေတံခွန်၏စီးဆင်းမှုမှာ ပိုမိုအားကောင်းလာပြီး အောက်ဘက်ရှိ ကျောက်တုံးစိမ်းများပေါ်သို့ ရိုက်ခတ်ကာ တောက်ပသော ရေစက်ရေမှုန်များအဖြစ် လွင့်စင်နေတော့သည်။

ဤနေရာမှာ မြွေတွင်းများနှင့် အဆိပ်ရှိသော ပိုးမွှားသိုက်များအနီးတွင် ရှိသော်လည်း စုန်ယန်မှာ ၎င်းတို့ကို ရှင်းလင်းခြင်းမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုမြွေများနှင့် ပိုးမွှားများသည် သူ့ကို ရန်မမူဝံ့ကြသောကြောင့်ပင်။

သူနေထိုင်နေသော ဤဂူကြီးပင်လျှင် မူလက မြွေဟောက်ကြီးတစ်ကောင်၏ အသိုက်ဖြစ်ခဲ့သည်။ သို့သော် စုန်ယန်က သူ၏အရှိန်အဝါကို ထုတ်ဖော်ကာ ဂူရှေ့တွင် ရပ်ကြည့်လိုက်ရုံမျှဖြင့် ထိုမြွေကြီးမှာ လိမ်လိမ်မာမာဖြင့် အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။

တောရိုင်းတိရစ္ဆာန်များသည် လူသားများထက်ပင် သွေးနှင့်စွမ်းအင်အာရုံခံစားမှုတွင် ပိုမိုထက်မြက်ကြရာ စုန်ယန်ကို မြင်သည်နှင့် သူသည် အစာကွင်းဆက်၏ ထိပ်ဆုံးမှ ရှောင်ရှားရမည့် သားရဲကြီးတစ်ကောင်ဖြစ်ကြောင်း သူတို့ သိရှိကြသည်။

စုန်ယန်သည် ဤဂူအတွင်း၌ သုံးလတိုင်တိုင် အောင်းနေခဲ့ပြီး ဘယ်မှမသွားခဲ့ချေ။ ယခုအခါ ပြင်းထန်သော နေရောင်ခြည်နှင့် အပူရှိန်ကို ခံစားလိုက်ရသည့်အခါ သူသည် ရုတ်တရက် စိတ်ဝင်စားမှု ဖြစ်ပေါ်လာတော့သည်။ သူသည် ဂူဝတွင် ရပ်လိုက်ပြီး အပေါ်အင်္ကျီကို ချွတ်လိုက်ရာ တောင့်တင်းခိုင်မာသော ကြွက်သားအဖုအထစ်များ ပေါ်ထွက်လာ၏။

သူ၏ကျောပြင်တွင်မူ ထူးဆန်းသော အရောင်အသွေးစုံသည့် အင်းကွက်များမှာ မှိန်ပျပျ ပေါ်ပေါက်နေသည်။ ထိုအင်းကွက်များကို ဖော်ဆောင်ထားသော အနက်ရောင်အစင်းကြောင်းတိုင်းမှာ တစ္ဆေတစ်ကောင် တဖြည်းဖြည်း လှုပ်ရှားနေသကဲ့သို့ပင်။ ထိုအင်းကွက်များအားလုံး၏ အလယ်ဗဟိုတွင်မူ ကြောက်မက်ဖွယ်ရာ ပုံရိပ်တစ်ခုမှာ ပိုမိုထင်ရှားနေ၏။ ယင်းမှာ ထူးဆန်းလှသော မြေခွေးခေါင်း ပုံရိပ်ပင်။

ထိုမြေခွေးခေါင်းမှာ ရူးသွပ်နေသော ပန်းချီဆရာတစ်ဦးက စိတ်ကူးပေါက်သလို ရေးဆွဲထားသည့်အလား ထူးဆန်းနေသော်လည်း လက်ရာမှာမူ ပညာရှင်တစ်ဦး ဖန်တီးထားသကဲ့သို့ သေသပ်လှသည်။ သို့သော် ၎င်း၏မျဉ်းကြောင်းများမှာ ရူးသွပ်မှုနှင့် ကြောက်မက်ဖွယ် အငွေ့အသက်များ ပြည့်နှက်နေ၏။ သာမန်လူတစ်ဦးသာ တစ်ချက်မျှ လှမ်းကြည့်မိပါက ခြေဖျားလက်ဖျားများ တုန်ရီသွားပြီး ရင်ထဲ၌ ဖော်ပြ၍မရသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေမည်မှာ အသေအချာပင်။

သူသည် ရေတံခွန်နှင့်အတူ အမြင့်မှနေ၍ အောက်ဘက်ရှိ ရေကန်နက်ကြီးအတွင်းသို့ ခုန်ချလိုက်၏။ ရေမြွေများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး ဘေးကင်းရာသို့ အလုအယက် ထွက်ပြေးကြတော့သည်။ စုန်ယန်သည် ရေထဲတွင် ကိုယ်လက်ဆန့်တန်းကာ စိတ်တိုင်းကျ ကူးခတ်လိုက်ပြီးနောက် ကုန်းပေါ်သို့ ကိုယ်လုံးတီးဖြင့် တက်လာခဲ့သည်။ သူသည် အမည်မသိ တောသီးအချို့ကို ခူးယူကာ ရေဖြင့် အသာအယာ ဆေးကြောပြီးနောက် တင်ပျဉ်ခွေထိုင်ကာ စားသုံးနေလိုက်၏။

သူသည် စိတ်ထဲမှ အနည်းငယ် စဉ်းစားလိုက်သည်နှင့်တစ်ပြိုင်နက် ပွင့်လင်းမြင်သာသော အဖြူရောင် မြေခွေးဝိညာဉ်လေးတစ်ဦးမှာ သူ၏ဘေးနားသို့ ပျံသန်းကျဆင်းလာသည်။ ထိုအခိုက်တွင် သူ၏ကျောပြင်ပေါ်မှ မြေခွေးခေါင်းပုံရိပ်မှာလည်း အလိုအလျောက် ပျောက်ကွယ်သွားတော့၏။

‘အရှင်...’

မြေခွေးအဘွားအိုသည် စုန်ယန်တစ်ဦးတည်းသာ ကြားနိုင်သော ဝိညာဉ်အာရုံဖြင့် သူ့ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

စုန်ယန်သည် မြေခွေးအဘွားအို၏ ဝိညာဉ်ကို သိမ်းပိုက်ပြီးနောက် သူ၏ ကျောပြင်တွင် ဝိညာဉ်လက်ထိပ်များဖြင့် ချုပ်နှောင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ယခင်ကထက် များစွာ ပိုမိုအစွမ်းထက်လာခဲ့သည်။

စုန်ယန်သည် ဖြူဖွေးသော မြေခွေးဝိညာဉ်လေးကို ကြည့်ကာ သူ၏နတ်ဘုရားအာရုံဖြင့် ပြုံးလျက် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

’မကျေမနပ် ဖြစ်နေတုန်းလား...’

သူသည် အဖြေကို စောင့်မနေဘဲ ကိုယ့်ဘာသာ ဆက်ပြောသည်။

’ကြက်သွေးရောင်နန်းတော်အဆင့် ကျင့်ကြံသူတွေက အစွမ်းထက်တယ်ဆိုပေမဲ့ မင်းပြသခဲ့သလိုမျိုး တစ်ဆင့်တည်းရှိတဲ့ အင်အားစုတွေကို လွှမ်းမိုးထားနိုင်တာမျိုးကတော့ တခြားသူတွေမှာ မရှိဘူး။ အထူးသဖြင့် ရုပ်သေးဂိုဏ်းရဲ့ မြေမိစ္ဆာနယ်မြေမှာ ကုဟွမ်ကျီတောင် ကြောက်ရတဲ့ အစွမ်းထက်တဲ့သူတွေ ရှိနေတာပဲ။

မင်းက အဲဒီလိုနေရာမျိုးမှာတောင် လွှမ်းမိုးထားနိုင်တယ်ဆိုတာ တကယ့်ကို မယုံနိုင်စရာပဲ။ ဒါကြောင့် မင်းရဲ့ နဂါးသွေးမှာ အားနည်းချက်တစ်ခုခု ရှိနေရမယ်လို့ ငါတွေးခဲ့တယ်။

အဲဒီအားနည်းချက်ကို မသိသရွေ့တော့ မင်းက အနိုင်မရနိုင်တဲ့သူပဲ။ ဒါပေမဲ့ အားနည်းချက်ကို သိသွားပြီဆိုရင်တော့ အပ်နဲ့အထိုးခံလိုက်ရတဲ့ မိုးပျံပူဖောင်းလိုပါပဲ’

’ပထမတော့ မင်းရဲ့ မိစ္ဆာရိပ်ကြီးက လှည့်စားမှုအတတ်လို့ ငါထင်ခဲ့မိတယ်။ အအေးလှိုင်းလျှိုမြောင် ဈေးတန်းမှာ ဝိညာဉ်စား ပျံလွှားပုရွက်ဆိတ်တွေက မင်းရဲ့ မိစ္ဆာရိပ်ထဲမှာ အမှတ်အသားတစ်ခု ချန်ခဲ့ဖူးတယ်လေ။ မင်းက အဲဒီအမှတ်အသားကို ရှာတွေ့သွားတဲ့ ကျင့်ကြံသူကို ချက်ချင်းသတ်ပြီး မင်းရဲ့ မိစ္ဆာရိပ်နဲ့ ဝါးစားပြလိုက်တယ်။

အဲဒါက မင်းရဲ့ မိစ္ဆာရိပ်က လှည့်စားမှုအတတ်ပဲလို့ ကြေညာလိုက်သလို ဖြစ်နေတာ။ အမှန်တော့ အဲဒါက ဖုံးကွယ်ဖို့ ကြိုးစားရင်း ပိုပေါ်သွားတာပဲ’

’နောက်ပိုင်းမှာ ငါ တစ်ခုခု မှားနေပြီဆိုတာ စပြီးသတိပြုမိလာတယ်။ ဘာလို့လဲဆိုတော့ မင်းသွားတဲ့နေရာတိုင်းမှာ လူတွေက မျှော်လင့်ထားတာထက် ပိုပြီးတော့ ကြောက်လန့်နေကြလို့ပဲ။ ငါအပါအဝင်ပေါ့...

သတိထားရမှာက အအေးလှိုင်းလျှိုမြောင်မှာ ငါက ချန်ဝမ်ကျားသစ် အဆီအနှစ်သွေးကို စုပ်ယူပြီးပြီဆိုတော့ ငါ့ရဲ့ ဝိညာဉ်အပြောင်းအလဲတွေကို ငါက ပိုပြီး အာရုံခံနိုင်နေတာ။ အပြင်ဘက်က အကြောင်းရင်းမရှိဘဲ ငါ့မှာ ကြောက်စိတ်ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် မင်းက ကျယ်ကျယ်ပြန့်ပြန့် အာရုံခံနိုင်တဲ့ ကြောက်ရွံ့ခြင်း လျှို့ဝှက်အတတ်ကို သုံးနိုင်တယ်လို့ ငါ သံသယဝင်လာတာ’

’အဲဒီနောက် ငါတို့ တွေ့ပြီး တိုက်ခိုက်ကြတဲ့အခါမှာလည်း ပုံမှန်ဆို ငါက ကြောက်နေစရာ အကြောင်းမရှိဘူး... ဒါပေမဲ့ မင်း အသွင်ပြောင်းလိုက်တဲ့အချိန်မှာ ငါ တကယ်ကြောက်သွားခဲ့တယ်။

အဲဒီအချိန်မှာ ငါ သတိထားမိတာက ငါကြောက်စိတ်ဝင်လာတာနဲ့အမျှ မင်းရဲ့ ကိုယ်လုံးကလည်း ပုကွကွကနေ ဧရာမမိစ္ဆာကြီးဖြစ်အောင် ကြီးထွားလာတာပဲ။ ဒါနဲ့ ငါလည်း လောင်းကြေးထပ်ပြီး ဝယ်ထားသမျှ သတ်ဖြတ်ခြင်း အဆောင်စာရွက်တွေကို ငါ့ကိုယ်ပေါ်မှာ အကုန်ကပ်လိုက်တယ်။

အဲဒီအဆောင်စာရွက်တွေဆီကလာတဲ့ စွမ်းအင်တွေက ငါ့ရင်ထဲက ကြောက်စိတ်တွေကို ချက်ချင်း မောင်းထုတ်ပစ်လိုက်တယ်။ အဲဒီအခါမှာတော့... မင်းက တကယ့်ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပဲ’

စုန်ယန်သည် လက်ထဲမှ တောသီးကို အကုန်စားပြီးနောက် အဝေးသို့ လွှင့်ပစ်လိုက်ကာ ရေစီးနှင့်အတူ ပါသွားသည်ကို ကြည့်နေ၏။ ထို့နောက် နေပူစာလှုံရင်း သက်တောင့်သက်သာ လှဲလျောင်းလိုက်တော့သည်။

မြေခွေးအဘွားအိုသည် ယခုအခါ သူ၏ ချန်ဝမ်ကျားသစ် ဝိညာဉ်ဖြစ်သွားပြီဖြစ်ရာ သူမ၏ လျှို့ဝှက်ချက်မှာလည်း သူ့အတွက် လျှို့ဝှက်ချက် မဟုတ်တော့ချေ။

ကြက်သွေးရောင်နန်းတော်အဆင့်တွင် အဆင့် (၃) ဆင့် ရှိသည်။ ၎င်းတို့မှာ

အစောပိုင်းအဆင့်ဖြစ်သည့် အလယ်နန်းတော်သုံးခုကို လွှမ်းခြုံထားပြီး အလယ်အလတ်

အဆင့်မှာ အဆင့်နိမ့်နန်းတော်သုံးခုကို လွှမ်းခြုံထားသည်။

နောက်ဆုံးအဆင့်မှာ အထက်နန်းတော်သုံးခုပင်။

ဤသည်ကို နန်းတော်ကိုးခုဟု ခေါ်ဝေါ်ကြ၏။ ထိုနန်းတော်ကိုးခုအတွင်းရှိ လက်ဝဲနှင့် လက်ယာ နန်းတော်နှစ်ခုသည် ပြင်ပသွေးကို လိုအပ်သော်လည်း ထိုသွေးများမှ ရရှိသော စွမ်းအားမှာ မူလစွမ်းအား၏ တစ်စိတ်တစ်ပိုင်း (၃၀% မှ ၄၀% သို့မဟုတ် အများဆုံး ၆၀% မှ ၇၀%) သာ ရှိတတ်သည်။

ဗဟိုနန်းတော် အဆီအနှစ်သွေးသာလျှင် ၎င်း၏ စွမ်းပကားကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီး ဆက်လက်ကြီးထွားနိုင်စွမ်းရှိသည်။

မြေခွေးအဘွားအိုသည် ကြက်သွေးရောင်နန်းတော်၏ အလယ်အလတ်အဆင့်တွင် ရှိပြီး နန်းတော်ခြောက်ခုစာ သွေးစွမ်းအင်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမ၏ အလယ်ဗဟိုနန်းတော်တွင် အမြီးများစွာပါသော မြေခွေးသွေးရှိပြီး ထိုသွေးသည် ပို၍ စင်ကြယ်လေလေ အမြီးများ ပိုမိုထွက်ရှိလေလေ ဖြစ်သည်။ ထိုအမြီးတစ်ခုစီမှာ ချက်ချင်းဖြည့်စွမ်းပေးနိုင်သော စွမ်းအင်ဆေးရည်ကဲ့သို့ပင် သူမ၏ ထူးကဲချီများကို တစ်ခဏချင်း ပြန်လည်ပြည့်ဖြိုးစေနိုင်သည်။

သို့ရာတွင် မြေခွေးအဘွားအို၏ အောက်ဗဟိုနန်းတော်တွင်မူ နဂါးသွေးမရှိချေ။ နဂါးသွေးဆိုသည်မှာ မြေခွေးမျိုးနွယ်စု၏ လျှို့ဝှက်နယ်မြေဖြစ်သော ရှေးဟောင်းနဂါးသွေးအိုင်မှ ရရှိခြင်းပင်။ ထိုအိုင်ထဲတွင် သာမန်နဂါးသွေးနှင့် နဂါးအဆီအနှစ်သွေးဟူ၍ ရှိရာ မြေခွေးမျိုးနွယ်စု အများစုမှာ သာမန်နဂါးသွေးကိုသာ စုပ်ယူနိုင်ကြပြီး မြေခွေးအဘွားအိုမှာလည်း ထိုအထဲမှ တစ်ဦးပင်။

မြေခွေးအဘွားအို၏ အောက်ဗဟိုနန်းတော်ရှိ အဆီအနှစ်သွေးမှာ ကြက်သွေးရောင်နန်းတော်အဆင့်ရှိ ရှားပါးမိစ္ဆာသားရဲတစ်မျိုးဖြစ်သော အတောင်ခြောက်ခုပါ ထိတ်လန့်ဖွယလင်းနို့မှ ရရှိခြင်းဖြစ်သည်။ ထိုလင်းနို့၏ အကြီးမားဆုံးသော ထူးခြားချက်မှာ ကြောက်ရွံ့ခြင်း လျှို့ဝှက်အတတ်ပင်။

ထူးကဲချီများလေလေ ထိုအတတ်က ပိုမိုကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်ပြီး ကြောက်ရွံ့မှုမှာ ကူးစက်တတ်သော သဘောရှိသည်။ ဤသည်မှာ မြေခွေးအဘွားအိုအတွက် အကောင်းဆုံးသော ပေါင်းစပ်မှုပင်။

အမြီးသုံးချောင်းပါသော မြေခွေးအဘွားအိုသည် ထူးကဲချီများကို တစ်ခဏချင်း အလုံးအရင်းနှင့် ထုတ်ပေးနိုင်သဖြင့် ကြောက်ရွံ့ခြင်း လျှို့ဝှက်အတတ်မှာလည်း ဒီရေတက်သကဲ့သို့ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။ နဂါးသွေး၏ ထူးခြားချက်မှာ တစ်ဖက်ရန်သူက ပို၍ ကြောက်လန့်လေလေ မိမိ၏ ခန္ဓာကိုယ်မှာ ပို၍ ကြီးမားလာကာ ပိုမိုကြောက်မက်ဖွယ်

ကောင်းသော စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်းပင်။

ထို့ကြောင့် မြေခွေးမျိုးနွယ်စုသွေး၊ အတောင်ခြောက်ခုပါ လင်းနို့သွေး၊ နဂါးသွေးနှင့် မြေခွေးမျိုးနွယ်တို့၏ပင်ကိုယ် လှည့်စားမှုအတတ်တို့သည် ပြည့်စုံလွန်းလှသော သံသရာစက်ဝန်းကြီးတစ်ခုအလား ဖြစ်နေတော့သည်။ မြေခွေးအဘွားအိုသည် အမြီးများကို အသုံးပြုကာ ကြောက်ရွံ့ခြင်းအတတ်ကို အသက်သွင်းပြီး နဂါးသွေးဖြင့် ထိုကြောက်ရွံ့မှုများကို စုပ်ယူကာ ခန္ဓာကိုယ်ကို ကြီးထွားစေခဲ့သည်။ တစ်ဖက်တွင်လည်း လှည့်စားမှုအတတ်ကို အသုံးပြု၍ ထိုဧရာမ မိစ္ဆာရိပ်ကြီးမှာ လှည့်စားမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူတစ်ပါးတို့အား အထင်မှားစေခဲ့၏။

အကယ်၍ တစ်စုံတစ်ယောက်က ဤသည်မှာ ကြောက်ရွံ့မှုကြောင့် ဖြစ်သည်ဟု သံသယဝင်

လျှင်ပင် သူမ၏ အတတ်က ထိုသူ၏ နှလုံးသားထဲသို့ ကြောက်ရွံ့စိတ်များကို အတင်းအဓမ္မ ရိုက်သွင်းပေးနိုင်စွမ်း ရှိသည်။ အကယ်၍သာ ထိုက်တန်သော စွမ်းအား၊ ပြင်ဆင်မှုနှင့် တိုက်ဆိုင်မှုများ မရှိခဲ့ပါက ထိုအားနည်းချက်ကို သိရှိသွားသည့်တိုင်အောင် သေဆုံးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

’ဒီတစ်ခါတော့ တကယ်ကို ကံကောင်းသွားတာပဲ...’

စုန်ယန်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်၏။ သူ၏ဘေးနားရှိ အဖြူရောင် မြေခွေးဝိညာဉ်လေးမှာမူ တုန်တုန်ယင်ယင်ဖြင့် ပြောရှာသည်။

“ကျွန်တော်မျိုးမ... ကြောက်လှပါပြီရှင်”

အခန်း။၉၆

အနည်းငယ်ကြာပြီးနောက် ဆောင်းဦးပေါက်ချိန်သို့ ရောက်ရှိလာခဲ့သည်။

စုန်ယန်သည် တောနက်တောင်နက်များအတွင်း လှည့်လည်သွားလာရင်း ရံဖန်ရံခါတွင် ရွာငယ်လေးများမှ ရွာသားများ၏ စကားဝိုင်းကို နားထောင်ကာ ပြင်ပလောက၏ အခြေအနေများကို စုံစမ်းလေ့ရှိသည်။ မြေခွေးအဘွားအိုထံမှလည်း ကြက်သွေးရောင်နန်းတော်အဆင့်နှင့် ပတ်သက်သော ဗဟုသုတအတော်များများကို သူ ဆည်းပူးနိုင်ခဲ့၏။

သူ စိတ်ဝင်စားဆုံးအချက်မှာ အနှစ်သာရသွေးတို့၏ အရင်းအမြစ်ပင် ဖြစ်သည်။ လူတစ်

ယောက်ကို သတ်ဖြတ်ခြင်းဖြင့် သူတို့အတွင်း၌ ရှိသော အဆီအနှစ်သွေးကို ရယူ၍မရနိုင်ချေ။ မြေခွေးအဘွားအိုက သူ့ကို ပေးအပ်နိုင်သည်မှာလည်း သူမမျိုးနွယ်စု၏ အမြီးများစွာပါသော မြေခွေးအဆီအနှစ်သွေးသာ။

သို့သော် စုန်ယန်သည် ထိုမြေခွေးသွေးကို သူ၏ လက်ဝဲနှင့် လက်ယာနန်းတော်များတွင် ချက်ချင်းထည့်သွင်းရန် အစီအစဉ်မရှိသေးပေ။

ပထမအချက်မှာ အဘွားအိုထံမှ သိရသည်မှာ သွေးအမျိုးအစားများကို ကောင်းမွန်စွာ ပေါင်းစပ်နိုင်ပါက တူညီသောအဆင့်ရှိ ကျင့်ကြံသူများကြားတွင် အပြတ်အသတ် အသာစီးရနိုင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာမူ အကယ်၍ ထိုမြေခွေးသွေးကို ဘေးနန်းတော်များတွင် ထည့်သွင်းပါက မူလစွမ်းအား၏ ၆၀% မှ ၇၀% ခန့်သာ ထုတ်ဖော်နိုင်မည်ဖြစ်ပြီး အမြီးသုံးချောင်း စွမ်းအားမှာ အမြီးနှစ်ချောင်း အဖြစ်ပင် အားနည်းသွားနိုင်သောကြောင့်ပင်။

တတိယအချက်မှာ မြေခွေးအဘွားအို ဝိညာဉ်ဖြစ်သွားပြီးနောက် ပြောပြချက်အရ ဗဟိုနန်းတော်ရှိ အဆီအနှစ်သွေးကို ပိုမိုစင်ကြယ်အောင် ထပ်မံပြုပြင်နိုင်ကြောင်း သူ သိလိုက်ရသည်။ ထိုသို့ ပြုပြင်ရာတွင် တူညီသော သွေးအမျိုးအစားများကို ထပ်မံစုပ်ယူပြီး သန့်စင်ရခြင်းဖြစ်သော်လည်း လူတစ်ဦးချင်းစီ၏ အခြေခံအရည်အသွေးပေါ်မူတည်၍ အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိ၏။ အချို့မှာ ၃ ကြိမ် သို့မဟုတ် ၄ ကြိမ် သာ ပြုလုပ်နိုင်ပြီး အချို့မှာ ၈ ကြိမ် သို့မဟုတ် ၉ ကြိမ် အထိ ပြုလုပ်နိုင်ကြသည်။

ယခင်က မြေခွေးအဘွားအိုသည် မြေခွေးပေါက်လေးများကို မွေးမြူကာ သန်မာလာသူများကို ပြန်လည်ဝါးစားပြီး သူမ၏သွေးကို ဆင့်ကဲသန့်စင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ အခြားနန်းတော်တစ်ခုတွင် ပုရွက်ဆိတ်ဘုရင်မသွေး ရှိနေသောကြောင့်သာ လူသားအသားကိုစားပြီး မြေခွေးပေါက်များကို အဆက်မပြတ် မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဗဟိုနန်းတော်သွေးကို ဆင့်ကဲသန့်စင်နိုင်မှန်း သိသွားသည့်နောက်တွင် စုန်ယန်မှာ မျှော်လင့်ချက်ကလေးတစ်ခု ရှိလာသည်။ ၎င်းမှာ အခြားမြေခွေးမိစ္ဆာများကို သတ်ဖြတ်ကာ သွေးထုတ်ယူပြီး သူ၏ အမြီးသုံးချောင်းကို အမြီးခုနစ်ချောင်းအထိ ရောက်အောင် သန့်စင်ရန်

ပင်။ အဘယ်ကြောင့် ခုနစ်ချောင်းလဲဟုဆိုသော် မြေခွေးအဘွားအို၏ အမှတ်သညာအရ ထိုမျိုးနွယ်စုတွင် အစွမ်းအထက်ဆုံးမှာ ခုနစ်ချောင်း ဖြစ်သောကြောင့်ပင်။ အမြီးကိုးချောင်းဆိုသည်မှာကား ဒဏ္ဍာရီလာ အဆင့်ပင်။

...

...

ယနေ့တွင် သစ်ရွက်များ လွင့်စင်ကာ ဆောင်းဦးမိုးများမှာ အေးစက်စက် ရွာသွန်းနေသည်။

စုန်ယန်သည် ထုံးစံအတိုင်း တောင်ခြေတစ်ဝိုက်တွင် အေးအေးလူလူ လမ်းလျှောက်နေ၏။ သို့သော် ရွာငယ်လေးများမှာ ပြင်ပနှင့် ဆက်သွယ်ရေး ပြတ်တောက်နေပြီး ရွာသားအချို့မှာ အနီးနားရှိ မြို့ငယ်လေးထက် ပိုဝေးသောနေရာသို့ တစ်ခါမျှ မရောက်ဖူးကြချေ။ သူတို့အတွက် ကျင့်ကြံသူများဆိုသည်မှာ အဝေးက ဒဏ္ဍာရီလာ နတ်ဘုရားများကဲ့သို့သာ ဖြစ်နေသဖြင့် စုန်ယန်အတွက် အသုံးဝင်သော သတင်းအချက်အလက် ရှာမရနိုင်ဖြစ်နေသည်။

သို့ရာတွင် မြေခွေးအဘွားအိုထံမှတစ်ဆင့် ချန်ဝမ်ကျားသစ်မျိုးနွယ် အဆီအနှစ်သွေး၏ မူလရင်းမြစ်နှင့် ပတ်သက်သော အကြောင်းအရာအချို့ကို သူ စတင်သိရှိလာခဲ့သည်။

အတိုချုပ်ရလျှင် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်ဆိုသည်မှာ နိုင်ငံတစ်ခုဟု အမည်တွင်သော်လည်း အမှန်စင်စစ် မိစ္ဆာမျိုးနွယ်စုများ စုပေါင်းဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့အစည်းနှင့် ပိုတူသည်။

မူလက ချန်ဝမ်ကျားသစ်မျိုးနွယ်သည် အမြီးများစွာပါသော မြေခွေးမျိုးနွယ်နှင့် အလောင်းစားဝံပုလွေမျိုးနွယ်တို့အပေါ် စိုးမိုးအုပ်ချုပ်ခဲ့သည်။ သို့သော် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်တို့သည် ကျားမျိုးနွယ်စု ဒဏ်ရာရရှိချိန်ကို စောင့်ဆိုင်းကာ ပုန်ကန်ရန် အကွက်ချစီစဉ်ခဲ့ကြ၏။ သူတို့သည် ရုတ်တရက် အာဏာသိမ်းတိုက်ခိုက်ပြီး ကျားမျိုးနွယ်စုကို အမြစ်ပြတ်သုတ်သင်ကာ အဆီအနှစ်သွေးများကို ဝါးစားရန် ကြိုးပမ်းခဲ့ကြသည်။

သူတို့ အောင်မြင်ခဲ့သလို တစ်ဖက်တွင်လည်း ရှုံးနိမ့်ခဲ့ရသည်။

ကျားမျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့ခြင်းက သူတို့၏ အောင်မြင်မှုဖြစ်သော်လည်း ကျားမျိုးနွယ်တို့၏ အဆီအနှစ်သွေးကိုမူ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။ ချနဝမ်ကျားသစ်မျိုးနွယ်၏ မိစ္ဆာဘုရင်ကြီးသည် သူ၏မျိုးနွယ်စု တစ်ခုလုံးကို သူ့ဘာသာ ဖျက်ဆီးပစ်ခဲ့သောကြောင့်ပင်။

ထိုအဖြစ်အပျက်တွင် ကျားပေါက်လေးတစ်ကောင်သာ အသက်ရှင်ကျန်ရစ်ခဲ့၏။ ထိုကျားပေါက်လေးတွင် အဆီအနှစ်သွေး မပါရှိသေးသဖြင့် မြေခွေးမျိုးနွယ်စုထဲတွင် ထည့်သွင်းမွေးမြူထားခဲ့သည်။ ကျားပေါက်လေး ကြီးပြင်းလာချိန်မှ သတ်ဖြတ်ကာ ၎င်းထံမှ ရရှိမည့် အဆီအနှစ်သွေးနှင့် သာမန်သွေးများကို မည်သို့ခွဲဝေရမည်ကို မြေခွေးမိစ္ဆာဘုရင်က ဆုံးဖြတ်မည် ဖြစ်သည်။

မြေခွေးအဘွားအိုသည် ထိုကျားပေါက်လေးကို စောင့်ကြပ်နေသူ မဟုတ်သော်လည်း မမျှော်လင့်ဘဲ အခွင့်အရေးရရှိကာ ကျားပေါက်လေးကို ခိုးယူ၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ... ကျားပေါက်လေးသည် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုတို့အပေါ် နာကျည်းချက် ပြင်းထန်နေသဖြင့် သူနှင့် စိမ်းသက်သော လူသားစုန်ယန်ကို တွေ့သောအခါ သူ၏အဆီအနှစ်သွေးကို စုန်ယန်ထံ စိတ်လိုလက်ရ ပေးအပ်ခဲ့ခြင်းပင်။

ဇာတ်ကြောင်းအစုံက ထိုအတိုင်းပင်။

မြေခွေးအဘွားအိုသည် ရှေးဟောင်း ရွှေ့ပြောင်းအစီအရင်ကို အသုံးပြုကာ ထွက်ပြေးရန် စီစဉ်ထားသော်လည်း ထိုအစီအရင်က မည်သည့်နေရာသို့ ပို့ဆောင်ပေးမည်ကို သူမကိုယ်တိုင် မသိရှိချေ။ ထိုနေရာသည် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်ဆီသို့ ပြန်လည်ရောက်ရှိသွားနိုင်မလားဆိုသည်ကိုပင် သူမ မသေချာပေ။

၎င်းမှာ အဓိပ္ပာယ်မရှိသော စွန့်စားမှုတစ်ခုပင်။

စုန်ယန်အနေဖြင့် အခြားမျှော်လင့်ချက် လုံးဝမရှိတော့သည့် အခြေအနေမျိုးမှလွဲ၍ ထိုရွှေ့ပြောင်းအစီအရင်ကိုသုံး၍ သူ့အသက်ကို လောင်းကြေးထပ်ရန် စိတ်မကူးခဲ့ချေ။

ထိုစဉ် သူ၏အကြည့်တို့မှာ တစ်နေရာသို့ ရုတ်တရက် ကျရောက်သွားသည်။

သူ အကြိမ်ကြိမ် ဖြတ်သန်းဖူးသည့် ဤတောင်ခြေလမ်းလေးဘေးရှိ ကုန်းစောင်းတစ်ခုပေါ်တွင် အလောင်းတစ်လောင်း ရှိနေသည်ကို တွေ့လိုက်ရ၏။

ထိုအလောင်းမှာ အဝတ်အစားများ ချွတ်ပစ်ခြင်းခံထားရသော အသားဖြူဖြူ လုံးလုံးတစ်ဦးဖြစ်ပြီး ရင်ဘတ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုရှိနေသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာလည်း အကုန်အစင် ကုန်ခန်းလုနီးပါးပင်။

စုန်ယန်သည် အလောင်းအနီးသို့ အမြန်ချဉ်းကပ်ကာ လက်ညှိုးကို မြှောက်၍ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို အလျင်အမြန် ပြုလုပ်လိုက်သည်။ လူသေသွားသော်လည်း ဝိညာဉ်မှာ ခုနစ်ရက်တိုင်တိုင် ကျန်ရှိနေတတ်ရာ ဤလတ်လတ်ဆတ်ဆတ် အလောင်းတွင် မှတ်ဉာဏ်အပိုင်းအစများ ရှိနေမည်မှာ အသေအချာပင်။

မှတ်ဉာဏ်အပိုင်းအစများ သူ၏ဦးနှောက်ထဲသို့ လျင်မြန်စွာ ဖြတ်သန်းဝင်ရောက်လာသည်။ စုန်ယန်သည် ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း နားလည်သွားတော့၏။

ထိုအလောင်း၏ အမည်မှာ လီဖူရှန်းဖြစ်ပြီး မြောက်ပိုင်းဒေသမှ ကုန်သည်တစ်ဦး ဖြစ်သည်။

ယခုအခါ မြောက်ပိုင်းဒေသတွင် စစ်မီးများ တောက်လောင်ကာ အကြီးအကျယ် ဖရိုဖရဲ ဖြစ်

နေသည်။ ကျင်းနိုင်ငံသည် ဝေနိုင်ငံကို အလုံးစုံ ဝါးမြိုလိုက်ပြီးနောက် ဂိုဏ်းတော်များကို ဖေးမရန်နှင့် မိစ္ဆာများကို နှိမ်နင်းရန်ဟူသော ခေါင်းစဉ်ဖြင့် ပြည်သူတို့၏ ငွေကြေးများကို အတင်းအဓမ္မ သိမ်းဆည်းခြင်း၊ အမျိုးသမီးများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်နေသဖြင့် ပြည်သူတို့မှာ ငရဲကျသကဲ့သို့ ဒုက္ခရောက်နေကြရသည်။

ထို့ကြောင့် လီဖူရှန်းသည် သူ၏ စည်းစိမ်ဥစ္စာအားလုံးကို သိမ်းကျုံးကာ ဇနီးသည်နှင့် သစ္စာရှိအစေခံများကို ခေါ်ဆောင်၍ တောင်ဘက်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ ဤနေရာသို့ ရောက်ရှိချိန်တွင် ထိုသစ္စာရှိအစေခံဆိုသူက ဘေးကင်းလုံခြုံသည့် မြို့တစ်မြို့သို့ သွားရာ လမ်းဖြတ်ကို သိသည်ဟု အကြံပြုခဲ့၏။

လီဖူရှန်းသည်လည်း အစေခံ၏စကားကို ယုံကြည်မိခဲ့သည်။ သို့သော် လူသူမနီးသော တောင်ကမ္ဘာထဲသို့ ရောက်သောအခါ ထိုအစေခံသည် သခင်ဖြစ်သူကို နောက်ကျောမှနေ၍ ဓားဖြင့် တစ်ချက်တည်း ထိုးသတ်လိုက်တော့သည်။ ထို့နောက် သခင်၏ ငွေကြေးများကို လုယူကာ အဝတ်အစားများကို ချွတ်ယူပြီး သခင့်ဇနီးကို အတင်းအဓမ္မ ဆွဲခေါ်ကာ ထွက်ပြေးသွားခဲ့သည်။

စုန်ယန်သည် ခဏမျှ စဉ်းစားလိုက်၏။

စည်းစိမ်ဥစ္စာဆိုသည်မှာ သူ ဂရုစိုက်သည့်အရာ မဟုတ်သော်လည်း လီဖူရှန်း၏ မှတ်ဉာဏ်များအရ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ ဤဘက်သို့ ရောက်မလာသေးကြောင်း သူ သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် မြေခွေးအဘွားအို ကျားပေါက်လေးကို ခိုးယူလာခဲ့သည့် အချိန်မှာ အလွန်တိကျလွန်းသောကြောင့် ဖြစ်သည်။ ကျားပေါက်လေးကို စောင့်ကြပ်နေသည့် မြေခွေးမိစ္ဆာမှာ ဤကိစ္စကို ဖုံးကွယ်ထားဆဲ ဖြစ်နိုင်ပြီး ကျားပေါက်လေးကိုသာ အသည်းအသန် လိုက်လံရှာဖွေနေသဖြင့် သတင်းမှာ အပြင်သို့ ပေါက်ကြားခြင်း မရှိသေးချေ။

တစ်ဖက်တွင်လည်း လီဖူရှန်း၏ ခရီးဆောင်အိတ်ထဲ၌ အစစ်အမှန်ဖြစ်သော အိမ်ထောင်စုစာရင်းနှင့် လမ်းကြောင်းဖြတ်သန်းခွင့် စာရွက်စာတမ်းများ ရှိနေသည်။ လီဖူရှန်း၏ ရုပ်သွင်မှာလည်း ထူးခြားချက်မရှိဘဲ လွန်စွာ သာမန်ဆန်လှသဖြင့်... စုန်ယန်၏ စိတ်ထဲတွင် အကြံတစ်ခု ရလာတော့သည်။

ဤကဲ့သို့ တောနက်ကြီးထဲတွင် အမြဲပုန်းအောင်းနေ၍ မဖြစ်ချေ။ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ လိုက်မလာမီ အချိန်အတွင်း လူသားမြို့ပြတစ်ခုတွင် အထောက်အထားတစ်ခုဖြင့် အခြေချနေထိုင်ပြီးမှသာ ရှေ့ဆက်ရမည့် အစီအစဉ်များကို ဆွဲရပေမည်။

သူသည် လီဖူရှန်းကို အမြန်ဆုံး သင်္ဂြိုဟ်လိုက်ပြီးနောက် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ လှုပ်ရှားမှု အစအနအချို့ကို တွေ့ရှိသဖြင့် နောက်ယောင်ခံ လိုက်ပါသွားတော့သည်။

...

...

ခဏအကြာတွင်...

စုန်ယန်၏ ကျောပြင်ပေါ်ရှိ အနက်ရောင်အစက်အပြောက်မှ တစ္ဆေတစ်ကောင် ပေါ်ထွက်လာပြီး ရေထဲသို့ နစ်မြုပ်သွားသည့်အလား ပြန်လည် ပျောက်ကွယ်သွားသည်။

ဘေးနားတွင် အစေခံ၏ အလောင်းမှာ လဲလျောင်းနေပြီး လှပသော အမျိုးသမီးငယ်တစ်ဦးမှာမူ အသက်ချမ်းသာခွင့်ပေးရန် ငိုယိုတောင်းပန်နေ၏။

"ကျွန်မ အသက်ရှင်ချင်လို့ လုပ်ခဲ့တာပါ။ သူက သခင်ကြီးကို သတ်လိုက်တဲ့အချိန်မှာ ကျွန်မကသာ သူ့နောက်ကို မလိုက်ခဲ့ရင် ကျွန်မလည်း သေမှာပဲလေ..."

"ကျွန်မကို မသတ်ပါနဲ့ ရှင်ခိုင်းတာမှန်သမျှ အကုန်လုပ်ပါ့မယ်။ ဘာပဲဖြစ်ဖြစ်ပါ..."

ထိုသို့ပြောရင်း အမျိုးသမီးသည် သူမ၏ အင်္ကျီကြယ်သီးများကို တစ်လုံးပြီးတစ်လုံး အလျင်အမြန် ဖြုတ်လိုက်ကာ စုန်ယန်၏လက်ကို ဆွဲယူ၍ သူမ၏ ရင်ဘတ်ပေါ်သို့ တင်ရန် ကြိုးစားတော့သည်။

သို့သော် စုန်ယန်မှာမူ ထိုအစေခံ၏ ဝိညာဉ်ကို စစ်ဆေးပြီးကတည်းက အမှန်တရားကို သိရှိထားပြီးသား ဖြစ်သည်။

၎င်းမှာ အစေခံ၏ ပြောစကားကဲ့သို့ မဟုတ်ဘဲ သခင်ဖြစ်သူက မယားငယ်အဖြစ် သိမ်းပိုက်ထားသော ထိုအမျိုးသမီးသည် အစေခံနှင့် ခိုးရာလိုက်ရန်အတွက် သခင်ဖြစ်သူကို အကွက်ဆင် သတ်ဖြတ်ခဲ့ခြင်းသာ။

စုန်ယန် ခေတ္တတန့်သွားရခြင်းမှာ ထိုအမျိုးသမီး၏ အလှအပကြောင့် မဟုတ်ဘဲ သူ၏ကျောပြင်ပေါ်တွင် တံဆိပ်ခတ်နှောင်ထားသည့် မြေခွေးအဘွားအို၏ ဝိညာဉ်မှာ ဂဏာမငြိမ် ဖြစ်လာသောကြောင့်ပင်။

ကြက်သွေးရောင်နန်းတော်အဆင့်ရှိ ဝိညာဉ်များသည် သာမန်လူသားများ သို့မဟုတ် စွမ်းအင်

သန့်စင်ခြင်းအဆင့်ကျင့်ကြံသူများနှင့် မတူညီချေ။ သူတို့သည် အခြားသူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်၍ ဝင်ရောက်ပူးကပ်နိုင်စွမ်းရှိကြသည်။ မြေခွေးအဘွားအိုသည် ဤအမျိုးသမီး၏ ကိုယ်ထဲသို့ ဝင်ရောက်ကာ လူသားတစ်ဦးအဖြစ် ပြန်လည်ရှင်သန်ရန် ကြံစည်နေခြင်းပင်။

အရှင်... ကျွန်တော်မျိုးမကို ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ခွင့်ပြုပါ။

ဒါက မဖြစ်နိုင်ဘူး။

အရှင်က ကျွန်တော်မျိုးမ အရှင်အပေါ် ရန်မူမှာကို စိုးရိမ်နေတုန်းလား။

မဟုတ်ဘူး မင်းက ကြက်သွေးရောင်နန်းတော်အဆင့်မှာ ရှိနေတာ။ ခန္ဓာကိုယ်ကို သိမ်းပိုက်

နိုင်တယ်ဆိုပေမဲ့ တစ်သက်မှာ တစ်ကြိမ်ပဲ လုပ်လို့ရတာ မဟုတ်လား။

စုန်ယန်က ပြန်လည်ချေပလိုက်သည်။

မြေခွေးအဘွားအိုမှာ ထိုစကားကို ကြားသောအခါ အားတက်သွားပြီး “အရှင်... အဲဒီတော့ အရှင်က ကျွန်တော်မျိုးမအတွက် ပါရမီကောင်းတဲ့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ရှာပေးမယ်လို့ ဆိုလိုတာလား”

စုန်ယန်က “အခွင့်အရေး ကြုံရင်တော့ ကြည့်ရတာပေါ့” ဟု ခပ်အေးအေးပင် ပြန်ပြောလိုက်၏။ ထိုအခါမှ မြေခွေးအဘွားအိုသည် ငြိမ်သက်သွားတော့သည်။

စုန်ယန်သည် လက်ကိုမြှောက်ကာ ထိုအမျိုးသမီးကို အဆုံးစီရင်လိုက်ပြီး သူမ၏ ဝိညာဉ်ကို ကျွမ်းကျင်စွာပင် ဖမ်းယူကာ တစ္ဆေအစေခံတစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူ၏ ဝတ်စုံကို လဲလှယ်ကာ လီဖူရှန်း၏ လမ်းကြောင်းဖြတ်သန်းခွင့် စာရွက်စာတမ်းများနှင့် အိမ်ထောင်စုစာရင်းတို့ကို သိမ်းဆည်းလိုက်၏။

မူလက လီဖူရှန်း သွားရန် ရည်ရွယ်ထားသည့်နေရာမှာ ဟန်လင်းမြို့ဖြစ်သည်။ ထိုနေရာသည် မြေဆီလွှာ ခြောက်သွေ့သော်လည်း စစ်မီးနှင့် အငြင်းပွားမှုများမှ ဝေးကွာသော နေရာတစ်ခုပင်။ သို့သော် စုန်ယန် သွားရန် စီစဉ်ထားသည့်နေရာမှာမူ ဟန်လင်းမြို့၏ တောင်ဘက်တွင်ရှိသော ချောင်လီခရိုင်ဖြစ်သည်။

သူသည် ခရီးမထွက်ခွာမီ ဆရာရှီ ပေးအပ်ထားခဲ့သော အရေခွံခွာခြင်း မှတ်တမ်း၊ ပုံသဏ္ဌာန်

တစ်ရာ ဝိညာဉ်ထိန်းချုပ်ခြင်း၊ ငါးပါးသောဒြပ်စင် ပိုးချည်ချုပ်နှောင်ခြင်းနှင့် ဝိညာဉ်ခေါ် အရေခွံပန်းချီအတတ် စသည့် ကျမ်းစာအုပ်များကို ပြာဖြစ်အောင် မီးရှို့ပစ်လိုက်သည်။ ထို့နောက် လှပသော နေရာတစ်ခုတွင် မြေမြှုပ်ကာ ငြိမ်းချမ်းစွာ အနားယူပါဟု ရေးထိုးထားသည့် ကျောက်စာတိုင်တစ်ခုကို စိုက်ထူပေးလိုက်၏။

မြေခွေးအဘွားအိုသည် ကျောက်သားအကြီးအကဲ၏ ဝိညာဉ်ကို ရှာဖွေဖတ်ရှုခဲ့သူ ဖြစ်ရာ သူမ စုန်ယန်၏ အစေခံဖြစ်လာပြီးနောက် စုန်ယန်သည် သူ၏ဆရာအကြောင်းကို ယခင်ကထက် ပိုမိုနက်ရှိုင်းစွာ သိရှိလာခဲ့သည်။ ဆရာရှီသည် သူ့အပေါ် စိတ်ရင်းဖြင့် ကောင်းခဲ့သည်မှာ မှန်သော်လည်း တစ်ဖက်တွင်လည်း သူ့ကို အန္တရာယ်ပြုရန် အကြံအစည် အစစ်အမှန် ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် စုန်ယန်၏ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာရသည်။

ယခုကဲ့သို့ စာအုပ်များကို မီးရှို့မြှုပ်နှံခြင်းမှာ အဝတ်အစားနှင့် ဦးထုပ်များကိုသာ မြှုပ်နှံထားသည့် အထိမ်းအမှတ် ဂူသင်္ချိုင်းတစ်ခု ပြုလုပ်ပေးလိုက်ခြင်းပင်။

"ခင်ဗျားက ဆရာကောင်းတစ်ယောက်ပါ..."

"ကျွန်တော့်ကို မှော်အတတ်တွေ သင်ပေးခဲ့ရုံတင်မကဘဲ ကျင့်ကြံခြင်းလောကရဲ့ ကောက်ကျစ်တဲ့ လူ့နှလုံးသားတွေကိုပါ မြင်အောင် ပြပေးခဲ့တယ်..."

"ခင်ဗျား မသေခင်က ငါ့အတွက် ကလဲ့စားချေပေးပါလို့ အော်သွားတဲ့ စကားက ဂျူနီယာညီမလေးဝမ် ကြားအောင် ပြောတာ မဟုတ်ဘူးမလား"

"ဒါပေမဲ့ ခင်ဗျား ဘာလို့ မမြင်တာလဲ ညီမလေးဝမ်က ခင်ဗျားအတွက် ဘယ်တော့မှ ကလဲ့စားချေပေးမှာ မဟုတ်ဘူးဆိုတာကိုလေ"

"ထားပါတော့လေ... ခင်ဗျားရဲ့ ဝိညာဉ်က လွင့်ပျံသွားတာ ကြာလှပြီ။ နောက်ဘဝမှာတော့ လက်မှုပညာသည်တစ်ယောက်ပဲ ဖြစ်ပါစေ... ကျင့်ကြံသူတစ်ယောက်တော့ မဖြစ်ပါစေနဲ့ဗျာ"

...

...

နာရီဝက်ခန့် ကြာပြီးနောက်...

ချောင်လီခရိုင်သို့ သခင်ကြီးလီဆိုသူ တစ်ဦး ရောက်ရှိလာခဲ့သည်။ ထိုသခင်ကြီးလီသည် မြောက်ပိုင်းဒေသမှ လာသူဖြစ်ပြီး လမ်းခရီးတွင် ဓားပြတိုက်ခံရသဖြင့် သူ၏ ဇနီးနှင့် အစေခံများအားလုံး သေဆုံးသွားခဲ့ရသည်ဟု ပြောသည်။

သူသည် သူ၏ဇနီးအတွက် အထိမ်းအမှတ် ဂူသင်္ချိုင်းတစ်ခု ပြုလုပ်ကာ ခဏမျှ ငိုကြွေးပြလိုက်သည်။ ထို့နောက်တွင်မူ သားသတ်ဆိုင်တစ်ဆိုင်ကို လွှဲပြောင်းယူကာ ဝက်များကို မွေးမြူခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် အေးအေးလူလူ အခြေချနေထိုင်တော့သည်။

All Chapters