← Chapters

ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်း

Vol. 8 Ch. 777

ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်း

Vol. 8 Ch. 777

" မင်း "

ကျောက်ရှောင်လင်းမှာ အံသြတကြီးဖြစ်သွားရခြင်းနှင့်အတူ ဒေါသလည်း ထွက်သွားတော့သည်။ သို့သော် မဟာကောင်းကင်သခင် ရှိနေသေးသည့်အတွက် သူ မပေါက်ကွဲရဲပေ။ သူက ရှူးရှူးရှားရှားဒေါသထွက်လျက် ဆူပုပ်နေသော မျက်နှာကြီးနှင့် အနှီအရှက်မရှိပေါ်တင်တိုက်ကွက်ကို ကျိန်ဆဲနေရင်း မတ်တတ်သာ ရပ်နေနိုင်တော့သည်။

" သောက်ခွေး ပိုင်ဟောက် " သူက တွေးသည်။

" ဒီကောင် ငါ့ကို အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်ပေးပြီး နတ်အဆင့်ဝိညာဥ်ကို ငါ ပြန်ပေးရအောင် လုပ်သွားတယ် "

ကျောက်ရှောင်လင်းမှာ ဒေါသငယ်ထိပ်ရောက်နေပြီး နာကျင်မှုများ၊ နောင်တများဖြင့် စိတ်ဖိစီးနေတော့သည်။ သူ့အတွက် နတ်အဆင့်ဝိညာဥ်သည် ကံကောင်းမှ တွေ့နိုင်သော ရတနာအမျိုးအစားဖြစ်ကာ သူက တစ်ခါမှ လိုက်မရှာခဲ့ရာ မတွေ့ဖူးခဲ့ပေ။

နတ်အဆင့်ဝိညာဥ်များသည် နတ်တစ်ပါးဖြစ်ရန် ကြိုးစားသည့် မည်သူ့အတွက်မဆို အလွန်အသုံးဝင်ပြီး အောင်မြင်မှုနှုန်းကို မြောက်မြားစွာ တိုးစေနိုင်သည် မဟုတ်ပါလော။ ထိုကြောင့် ပိုင်ရှောင်ချန်း၏ စောစောက လုပ်ရပ်မှာ စော်ကားလိုက်သည့်အလားပင်။

ကျောက်ရှောင်လင်းမှာ ယခုလေးတင် ကြောက်စရာကောင်းသောအရာများ မည်သို့ ဖြစ်သွားခဲ့သည်ကိုတွေးကာ တုန်ရီလျက် မလှုပ်မယှပ်ရပ်နေတော့သည်။

ပတ်ဝန်းကျင်ရှိ အခြားသော အထက်တန်းလွှာများမှာ ပိုင်ရှောင်ချန်းလမ်းလျှောက်ထွက်သွားသည်ကို ကြည့်ရင်း မှင်သက်နေလေသည်။ ပိုင်ရှောင်ချန်းသည် သူ့လမ်းတွင် ပေါ်လာသည့် မည်သည့်အခွင့်အရေးကိုမဆို မလွှတ်တမ်းရယူမည့် လူစားမျိုးဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူတို့မှာ ကျောချမ်းလာတော့သည်။

" လုံးဝ ရက်စက်လိုက်တာ "

" သူက ကျောက်ရှောင်လင်းကို သိသိသာသာကို ဒုက္ခပေးနေတာပဲ "

" မနက်ဖြန် သူ အဲဒီဝိညာဥ်ကို ပြန်လာယူတဲ့အခါ ကျောက်ရှောင်လင်းကတော့ သူ့ကို နတ်အဆင့်ဝိညာဥ်ပေးရတော့မှာပဲ "

မဟာကောင်းကင်သခင်မှာ ရင်ပြင်ကို ကျောခိုင်းထားလျက် ခပ်ဝေးဝေးရောက်နေပြီ ဖြစ်သည့်တိုင် သူက ဖြစ်ပျက်နေသော အရာအားလုံးကို သိလေသည်။ ပိုင်ရှောင်ချန်း ဘာလုပ်နေသည်ကို သဘောပေါက်လိုက်သောအခါ သူ၏ ပါးက တွန့်သွား၏။

" အာ ဘာပဲဖြစ်ဖြစ်" သူက တွေးသည်။

" အဲဒါက သူ့အတွက် ဆုလာဘ်အဖြစ်ပဲ ထားလိုက်ပါတော့ "

ပိုင်ရှောင်ချန်း၏လုပ်ဆောင်မှုသည် အံသြဖွယ်ကောင်းခဲ့၍ မဟာကောင်းကင်သခင်မှာ အလွန်ကျေနပ်နေသည်။ ထို့ကြောင့် သူက ခေါင်းသာ ခါယမ်းလိုက်ပြီး ဆက်လက်ထွက်ခွာလိုက်သည်။

မဟာကောင်းကင်သခင် မစွက်ဖက်သည်ကို မြင်သောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားပြီး မဟာကောင်းကင်သခင်ခန်းမဆီသို့ လမ်းလျှောက်သွားလိုက်သည်။ သူတို့ ရောက်ရှိချိန်တွင် မဟာကောင်းကင်သခင်က များများစားစား မပြောပေ။ သူက ပိုင်ရှောင်ချန်းကို သူ၏စစ်ဆေးရေးအရာရှိမင်း အမိန့်ပေးတံဆိပ်ပြား ထုတ်ရန်သာ ပြောလိုက်ပြီးနောက် သူ၏လက်ညှိုးကို ဝှေ့ယမ်း၍ ၄င်းအတွင်းသို့ အနက်ရောင်အလင်းတစ်ခုကို စေလွှတ်လိုက်သည်။

" အခုကစပြီး မင်း တပ်သား သုံးထောင်ကို အမိန့်ပေးနိုင်ပြီ။ ပြန်ပြီး နည်းနည်းလောက် အနားယူလိုက်ဦး။ သိပ်မကြာခင်... မင်းရဲ့ အလောင်းဆပ်သား သုံးထောင် ဖြစ်တည်လာလိမ့်မယ်။ အဲဒီအခါကျရင် မင်းဘာသာမင်း မင်းရဲ့ဆုလာဘ်ကို သွားယူနိုင်ပြီ "

ထို့နောက် သူက ပိုင်ရှောင်ချန်းကို လှည့်ပင်မကြည့်ဘဲ မဟာကောင်းကင်သခင်ခန်းမထံ ဝင်သွားသည်။ ထိုမျှသာမက သူက ကောင်းကင်မြို့စားလီနှင့် ကောင်းကင်မြို့စားချန်တို့ထံမှ ပိုင်ရှောင်ချန်း တိတ်တိတ်ကလေးယူထားခဲ့သည့် ပစ္စည်းများအကြောင်းကိုလည်း တစ်ခွန်းမဟသွားခဲ့ပေ။ ထိုသည်က မျိုးနွယ်စုများထံမှ ဘဏ္ဍာငွေသိမ်းပိုက်ပြီးလျှင် ပိုင်ရှောင်ချန်းရမည့် အကျိုးအမြတ်များကို ဖော်ပြနေသည်။

ရှေ့ရေးကိုမျှော်တွေးလျက် စိတ်လှုပ်ရှားသွားသော ပိုင်ရှောင်ချန်းက လက်ယှက်၍ ကျယ်လောင်စွာ ဆိုသည်။

" မဟာကောင်းကင်သခင်၊ ခင်ဗျားအတွက်ဆိုရင် ကျုပ် ၊ ပိုင်ဟောက်က ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ ဘာပဲဖြစ်ဖြစ် ဆောင်ရွက်ပေးပါ့မယ်"

မဟာကောင်းကင်သခင် ခန်းမထဲဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ တိုင်းဆ၍မရအောင် ကျေနပ်နေလျက် လှည့်လိုက်ပြီး သူနှင့်အတူ အလောင်းတပ်သားတစ်ထောင်ကို ခေါ်ကာ နန်းတော်ထဲမှ ထွက်ခွာသွားလေသည်။ အလွန် ကြီးကျယ်ခမ်းနားထည်ဝါသည့် ပုံဖြင့် သူက စစ်ဆေးရေးစံအိမ်သို့ အမြန်ပြန်လိုက်သည်။

ကောင်းကင်နယ်စားများနှင့် မြို့စားများ၊ အားလုံးသော မင်းမျိုးနွယ်အထက်တန်းလွှာများမှာမူ သူ့ကို အလွန့်အလွန်မုန်းတီးသည့်အတွက် သူဖြတ်သွားသောအခါ သူတို့မှာ ယောင်၍ပင် မကြည့်ကြပေ။

စစ်ဆေးရေးစံအိမ်သို့ရောက်သော် သူပထမဆုံးလုပ်သည့်အရာမှာ အမိန့်ပေးတံဆိပ်ပြားကို သုံး၍ မြေအောက်ထဲရှိ အလောင်းများနှင့် ဆက်သွယ်မှုပြုလုပ်ခြင်း ဖြစ်သည်။

ခေါင်းတလား ၂၀၀၀သည် လေထဲ တဟုန်းထိုးတက်လာကြသည့်အတွက် စစ်ဆေးရေးစံအိမ်တစ်ခုလုံးတွင် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားတော့သည်။

" နိုးထကြစမ်း ငါရဲ့ အလောင်းတပ်သားတို့ "

သူက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ အက်ကွဲသံများထွက်ပေါ်လာပြီး ခေါင်းတလား ၂၀၀၀ ပွင့်လာကာ မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်တန်ဆာ လူထွားကြီးများ ပေါ်ပေါက်လာတော့သည်။

သူတို့အားလုံးက သေမင်းအငွေ့အသက်များ ထုတ်လွှတ်နေပြီး သူတို့အကြားရှိ အားအနည်းဆုံးမှာ အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်မှာ ဖြစ်သည်။ ထိုမျှသာမက နတ်တစ်ပိုင်းအဆင့် လေးယောက်ပင် ရှိလေသည်။

အလောင်းတပ်သားများ၏ မျက်လုံးများ ပွင့်လာသည်တွင် ကောင်းကင်တုန်ခါ၍ မြေပြင်တို့ အက်ကွဲသွားစေသော စွမ်းအားများ ပေါ်ထွက်လာ၏။

အနက်ရောင်လေပွေကြီးတစ်ခုက စစ်ဆေးရေးစံအိမ်အထက် လေထဲတွင် ပေါ်ပေါက်လာရာ ချက်ချင်းပင် အနီးနားရှိ လူအများ သတိထားမိသွားကြလေသည်။

" စစ်ဆေးရေးစံအိမ်မှာ အလောင်းတပ်သားတွေ ထပ်ရောက်လာပြန်ပြီလား "

" အဲဒါ နှစ်ထောင်တောင်မလား။ အရင်က တစ်ထောင်နဲ့ဆိုရင် ပိုင်ဟောက်က အခု သုံးထောင်ပါတဲ့ စစ်တပ်တစ်တပ်ကို ထိန်းချုပ်နိုင်သွားပြီ"

" အလောင်းတပ်သား သုံးထောင်။ အဲဒီအင်အားက ကြောက်မခန်းလိလိပဲ။ သူတစ်ယောက်တည်း တိုက်ပွဲကြီးတစ်ခုစလို့ရတယ် "

ဗဟိုဧကရာဇ်မြို့တော်၏ မင်းမျိုးနွယ်အထက်တန်းလွှာ အများစုသည် ဖြစ်ပျက်နေသည်များအား သတိထားမိလိုက်ကာ လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ကြောက်မက်ဖွယ် အင်အားစုကို တည်ဆောက်နေကြောင်း သဘောပေါက်လိုက်သဖြင့် သူတို့၏ မျက်နှာများပေါ်တွင် အကြည့်ရဆိုးသော အမူအရာများ ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် တဆတ်ဆတ်တုန်နေပြီး သူ့၏မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေသည်။ သူ၏ အလောင်းတပ်သားအသစ် ၂၀၀၀ကို ကြည့်ရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မူလ ၁၀၀၀ ပြန်ထွက်လာ၏။ သူတို့က အလျင်အမြန် အဆင့်အလိုက်နေရာယူလိုက်စဥ် စစ်ဆေးရေးစံအိမ်အထက်ကောင်းကင်ယံရှိ အနက်ရောင်လေပွေကြီးက ပို၍ ကြီးထွားလာတော့သည်။

ထို့အပြင် အမိန့်ပေးတံဆိပ်ပြားကို စစ်ဆေးလိုက်စဥ် အလောင်းတပ်သား အသစ် ၂၀၀၀ အပြင် သူသည် ယခုတွင် နတ်ဘုရားစွမ်းရည်အသစ်ကို ရရှိသွားလေပြီ။

၄င်းကို အသေးစိတ်လေ့လာပြီးနောက် အမိန့်ပေးတံဆိပ်ပြားထဲသို့ နတ်ဘုရားအာရုံအချို့ ပို့လွှတ်လိုက်ရာ အနက်ရောင်အလင်းတစ်ခု ပေါ်လာ၏။ ထိုအနက်ရောင်အလင်းက ပျိုကညာနှလုံးသားကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်ငွေ့အချို့ကို စုပ်ယူခဲ့ပြီးနောက် နတ်အဆင့်ထိ မြင့်တက်သွားခဲ့သော အလောင်းတပ်သားထံ တဟုန်ထိုးပြေးဝင်သွားလေသည်။ အနက်ရောက်အလင်းက အလောင်းတပ်သားကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူက တုန်ရီသွားပြီး သူ့စွမ်းအင်တို့ မြင့်တက်လာ၏။ ပိုင်ရှောင်ချန်းက စိတ်အားထက်သန်သော မျှော်လင့်ချက်များဖြင့် စောင့်နေချိန် သူက ခေါင်းနောက်လှန်၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ထိုသို့ ဟိန်းဟောက်လိုက်စဥ် သူ၏ အရှိန်အဝါသည် နတ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သို့ပြန်ရောက်သွား၏။ သို့သော် လိုအပ်ပါက သူသည် ထိုစွမ်းအင်၏အထွတ်အထိပ်သို့ ခေတ္တပြန်ရောက်ရန် အခြားအလောင်းတပ်သားများ၏ အရှိန်အဝါကို စုပ်ယူနိုင်ကြောင်း ပိုင်ရှောင်ချန်း ပြောနိုင်လေသည်။

ဤသည်မှာ လက်ဆောင်ပေးထားသည့် စစ်ဆေးရေးအမိန့်ပေးတံဆိပ်ပြား၏ စွမ်းအားများထဲက တစ်ခုဖြစ်သည်။

" ငါ့ကို အခုဘယ်သူမှ ရန်စရဲမှာ မဟုတ်တော့ဘူး "

သူက အားပါးတရရယ်ရင်း ကြွေးကြော်လိုက်သည်။ သူက ပြိုင်ဘက်ကင်းပြီဟု အတပ်မပြောနိုင်သော်လည်း သူ့အတွက် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ရှင်းထုတ်ရန်မှာ လက်ကလေးလှန်လိုက်သကဲ့သို့ လွယ်မည်ဖြစ်ပေသည်။

လောလောဆယ်တွင် သူ့၌ နတ်တစ်ပိုင်းအဆင့်၏ အထွတ်အထိပ် အလောင်းတပ်သား၊ နတ်အဆင့် ငါးဦး နှင့် ယင်ယန်ဝိညာဥ်အဆင့် ၃၀၀၀နီးပါး ရှိလေသည်။ ထိုသည်က ကောင်းကင်တံတားဒေသသို့ ပြန်ရောက်လျှင် ရှင်းကုံကျစ်တာအိုဂိုဏ်းကို စိန်ခေါ်ရန် ...လုံလောက်သော စွမ်းအားဖြစ်သည်။

" မဟာကောင်းကင်သခင်နဲ့ တစ်လှေတည်းသွားတာက သေချာပေါက် အကောင်းဆုံးရွေးချယ်မှုပဲ “

ပိုင်ရှောင်ချန်းမှာ ဤမျှလောက် ဘဝင်ခိုက်လျက် မပျော်နိုင်တော့ပေ။ ဗဟိုဧကရာဇ်၏ မျက်စောင်းထိုးခြင်းခံရသည့်အပေါ် သူ၏ စိုးရိမ်သောကများအားလုံး ပျောက်ပျယ်သွားလေပြီ။

" ငါက မြေရိုင်းဒေသမှာ ဆရာကြီးပဲဟေ့ ။ ငါ့လောက် အရေးကြီးတဲ့လူ သိပ်တောင် မရှိဘူး "

သူ၏ရာထူးအာဏာအပေါ် ယစ်မူးနေရင်း လူတိုင်း သူမည်မျှ အံသြဖွယ်ကောင်းကြောင်း သိသွားစေရန်အတွက် သူ၏အလောင်းတပ်သား ၃၀၀၀ကို ခေါ်၍ မြို့ထဲ လမ်းလျှောက်ထွက်ရန် ပြင်လိုက်ဆဲဆဲမှာပင် ရုတ်တရက် သူ့အိတ်ထဲမှ အလွန်ပျော်ရွှင်ဝမ်းမြောက်နေဟန်တူသည့် ပိုင်ဟောက်၏ အသံကို ကြားလိုက်ရသည်။

" ဆရာရေ ကျွန်တော် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းကို အပြီးသတ်ပြီးပြီ "

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြူးကျယ်သွားပြီး အားပါးတရ ရယ်မောလိုက်သည်။ ယနေ့သည် အမှန်တကယ် အံဖွယ်ထူးကဲသောနေ့တစ်နေ့ ဖြစ်ပြီး အလွန်အံဖွယ်ကောင်းလွန်း၍ သူက လမ်းလျှောက်မထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက သူ၏ အလောင်းတပ်သား ၃၀၀၀ ကို ပတ်ဝန်းကျင်တွင် စောင့်ကြပ်ရန် ညွှန်ကြားလိုက်ပြီး တံခါးပိတ်တရားကျင့်ရန် ဝင်ရောက်လိုက်ကာ သူ့ကိုယ်သူ တင်းကြပ်စွာ ပိတ်လှောင်လိုက်သည်။ ထိုအချိန်တွင် ပိုင်ဟောက်က အပြင်သို့ ထွက်လာသည်။

ပိုင်ဟောက်က အရိုးပေလွှာတစ်ခုတွင် ဖန်တီးနည်းကို အလျင်အမြန်ရေးသားလိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ကမ်းပေးလိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက ပြင်းထန်သောမျှော်လင့်ချက်များဖြင့် လေ့လာလိုက်သည်။

တခဏကြာပြီးသော် သူက သူ၏ နတ်ဘုရားအာရုံများကို အရိုးပေလွှာမှ နုတ်ယူလိုက်သည်။ အချိန်အနည်းငယ်တွေးပြီးနောက် သူက မြေရိုင်းဒေသရှိ မည်သည့်နေရာတွင်မဆို ဤဖန်းတီးနည်းသည် မည်မျှ အဖိုးမဖြတ်နိုင်ကြောင်းတွေးရင်း ပိုင်ဟောက်ကို လှမ်းကြည့်လိုက်သည်။

၄င်းမှာ နတ်အဆင့်ဝိညာဥ်ထက် အဖိုးထိုက်သည်ဟုပင် သတ်မှတ်နိုင်မည် ဖြစ်သည်။

မရေမတွက်နိုင်သော လူများသည် ဤဖန်တီးနည်းကို လိုချင်နေကြသည်။ သို့သော် ထိုသည်က လောကဓာတ်အောက်လမ်းဆရာများရှိသည့် မျိုးနွယ်စုများမှာသာ ရှိသည်။ ထို့ပြင် ထိုကဲ့သို့ မျိုးနွယ်စုများက ဖန်တီးနည်းကို ပေါ့ပေါ့တန်တန်ပေးမည် မဟုတ်ပေ။

" တော်လိုက်တာ တပည့်ရေ "

ပိုင်ရှောင်ချန်းက ရိုးသားစွာ ပြောလိုက်သည်။

" ဆရာ လောကဓာတ်အောက်လမ်းဆရာဖြစ်လာခဲ့ရင် အဲဒါ မင်းရဲ့ကြိုးစားဆောင်ရွက်မှုကြောင့်ပဲကွ။ မင်းဘာလိုချင်လဲပြော။ ဘာမဆို ပြောကွာ "

ပိုင်ဟောက်မှာ သူ့ဆရာကို ကျေနပ်အောင် လုပ်နိုင်သည့်အတွက် ဝမ်းသာပီတိဖြစ်နေတော့သည်။ သူ့အတွက် ပိုင်ရှောင်ချန်းသည် ဆရာတစ်ယောက်ဖြစ်သော်လည်း အရေးအကြီးဆုံးက သူ၏ တစ်ဦးတည်းသော မိသားစုဖြစ်သည်။ သူ့ကို ကူညီပြီး သူပျော်သည်ကို မြင်ရသည်နှင့်ပင် လုံလောက်ပြီဖြစ်သည်။

" ဆရာ ကျွန်တော် အခုတော့ ဘာမှမလိုချင်ဘူး။ နောက်မှ ပြောကြတာပေါ့။ အခု အရေးအကြီးဆုံးက ဒီလမ်းကြောင်းအတိုင်း ဆယ့်ကိုးရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းကို အာရုံစိုက်ဖို့ပဲ။ "

ပိုင်ဟောက်၏ မျက်လုံးများအတွင်းရှိ ပြတ်သားမှုများအရ သူ အောင်မြင်နိုင်ရာတွင် ယုံကြည်ချက်ရှိနေကြောင်း သိသာသည်။ ထိုမျှသာမက သူ့ဆရာက မြေရိုင်းဒေသကို ထိုဖန်တီးနည်းဖြင့် လွှမ်းမိုးနိုင်တော့မည်ကို သူ တွေးရင်း စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီနေတော့သည်။

" ကျွန်တော် အစွမ်းရှိသလောက်နဲ့ ဆရာ့ကို..... ကောင်းကင်အောက်လမ်းဆရာဖြစ်အောင် ကူညီဖို့ အစွမ်းကုန်ကြိုးစားမယ်"

သူ့ရင်ထဲတွင် သစ္စာဆိုရင်း သူက ပိုင်ရှောင်ချန်းကို အရိုအသေပေးလိုက်ပြီးနောက် ဝိညာဥ်သိုလှောင်စေတီထဲ ပြန်ဝင်ကာ အလုပ်စလုပ်တော့သည်။

ပိုင်ရှောင်ချန်းမှာ စိတ်ထဲကြည်နူးသွားပြီး ဝိညာဥ်သိုလှောင်စေတီကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သရဲကျင့်စဥ်များသည် သူ့တပည့်အတွက် အလွန်အရေးကြီးသည်ကို သူသိသည့်တိုင်အောင် ထိုကဲ့သို့ ကျင့်စဥ်များအား မည်သည့်နေရာတွင် သွားရှာရမည်ကို သူမသိပေ။

" သရဲကျင့်စဥ်တွေကို ငါဘယ်ကများ ရနိုင်မလဲ...။ ကောင်းကင်တံတားဒေသမှာ ကျင့်စဥ် အမျိုးအစားအားလုံးရှိတယ် ဆိုတော့ အဲဒီမှာ တစ်ခုခုတော့ ရှာတွေ့နိုင်တယ်လို့ ငါလောင်းရဲတယ် "

ဤသည်မှာ သရဲကျင့်စဥ်များ လိုက်ရှာရန် အကောင်းဆုံးရှုထောင့်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ရင်း တင်ပျဥ်ခွေထိုင်လိုက်ပြီး ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းနှင့် ရင်းနှီးကျွမ်းဝင်စေရန် စတင်လိုက်သည်။

ညသည် လျှပ်တပြက်အတွင်း ကုန်ဆုံးသွား၏။

ထိုဖန်တီးနည်းမှာ အမှန်တွင် အလွန်ရှုပ်ထွေးသော်လည်း ခပ်မှိန်မှိန်ဆယ့်ရှစ်ရောင်ခြယ်မီးတောက် မြင်လာခဲ့ရသည့် မီးတောက်သဟဇာတအဆင့်ရှိ သူ၏ အတွေ့အကြုံများကြောင့် သူ့တွင် မည်သို့လုပ်ရန် အခြေခံအုတ်မြစ်ရှိလေသည်။

ထို့ကြောင့် သူသည် တစ်ညလေးလေ့လာလိုက်ရုံနှင့် များစွာ သိရှိသွား၏။ မီးတောက်ဖန်တီးပြီး လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်လာတော့မည်ကို တွေးလိုက်သည်နှင့် သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။

"ဒါပေမဲ့ ငါတကယ်ဖန်တီးချင်ရင် အများကြီးလုပ်ဖို့ လေ့ကျင့်ရမယ် "

ထိုအချိန်တွင် သူက အပြင်ဘက်ကို ကြည့်လိုက်ရာ မိုးလင်းနေသည်ကို သတိထားမိလိုက်ပြီး ကျောက်ရှောင်လင်းက သူ့အပေါ် နတ်အဆင့်ဝိညာဥ်အကြွေးတင်နေသည်ကို သတိရလိုက်သည်။ အရိုးပေလွှာကိုသိမ်းလိုက်ရင်း သူက ထရပ်လိုက်ကာ အကြောအနည်းငယ်ဆန့်လိုက်ပြီးနောက် မေးကို မော့လိုက်သည်။

" ကောင်းပြီ ကျောက်ရှောင်လင်းရေ ကိုယ်တော်ပိုင်တော့ မင်းဆီလာပြီကွာ "

ပိုင်ရှောင်ချန်းက သူ၏အောင်မြင်မှုကို ဖော်ထုတ်လိုက်ချိန် သရဲကြီးမြို့တော်တွင် သရဲကြီးဘုရင်က ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြောင်း သူမသိလိုက်ပေ။

ဘိုးဘေးပူဇော်ပွဲတွင် ဖြစ်ပွားခဲ့သော အကြောင်းများနှင့် ပတ်သက်သည့် သခင်မလေးဟုန်ချိန်၏ အစီရင်ခံစာကို ရရှိပြီးနောက် သူ၏ မျက်လုံးများ တဖျပ်ဖျပ်တောက်ပလာတော့သည်။

" ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်လဲ။ ငါ ဒီကောင်ပိုင်ဟောက်ကို အကဲခတ်မမှားခဲ့ဘူး။ ဘယ်လောက်ထိ ရောက်နိုင်မလဲဆိုတာ ပြောဖို့ မဖြစ်နိုင်ပေမယ့် ဒီကောင်က သေချာပေါက် ပြီးပြည့်စုံတဲ့ သမက်ပဲ။ သူ့နောက်ခံက ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ "

" ဆိုးတာက မိုအာရဲ့ဒေါသက ပြဿနာပဲ။ သူတို့နှစ်ယောက်ကြားမှာ ဒီလိုသာဆက်ဖြစ်နေရင် အဆင်ပြေဖို့ခက်လိမ့်မယ်။ "

အနည်းငယ်တွေးတောပြီးနောက် သူ၏မျက်လုံးများမှာ ထူးဆန်းသောအလင်းများ တလက်လက် တောက်ပလာပြီး သူက လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် သခင်မလေးဟုန်ချိန်ထံ စာတစ်စောင် ပို့လိုက်၏။

ပထမတွင် သူက သူမ၏ ကျင့်ကြံခြင်းအခြေခံအကြောင်း မေးခွန်းနည်းနည်းပါးပါးမေးပြီးနောက် ပြောသည်။

" မိုအာ၊ အဖေ့မှာ သမီးကို အလယ်ပိုင်းနတ်အဆင့်ရောက်အောင် အခွင့်အရေး ၇၀ရာခိုင်နှုန်းပေးမယ့် ကျင့်စဥ်တစ်ခုရှိတယ်။ ဒါပေမဲ့ သမီး အဲဒါကို တံခါးပိတ်ပြီး တိတ်တဆိတ်ကျင့်ကြံရမယ် "

All Chapters