ဝံပုလွေအုပ်စုက ဘုရင်တစ်ပါးကို အမဲလိုက်ခြင်း၊ မိုးကြိုး၀က်၀ံ၏ နောက်ဆုံးတုံ့ပြန်မှု (၁)
Vol. 10 Ch. 91
ငွေရောင်လမင်းထံမှ အလင်းတန်းများ ဖြာကျလာသည်နှင့်အမျှ၊ လောင်ကျွမ်းနေသော မြေပြင်နှင့် သွေးနံ့များ ပြည့်နှက်နေသည့် စစ်မြေပြင်မှာ ပိုမိုခြောက်ကပ်လာပုံ ရလေသည်။
အဝေးမှ သေအံ့ဆဲဆဲ လူသားတစ်ဦး၏ နာကျင်စွာဖြင့် အော်ဟစ်လိုက်သည့် နောက်ဆုံးအော်ဟစ်သံ ထွက်ပေါ်လာပြီးနောက်၊ ရက်စက်ကြမ်းကြုတ်သော ငွေရောင်ပုံရိပ်များသည် တောအုပ်အရိပ်များထဲမှနေ၍ တစ္ဆေများကဲ့သို့ တိတ်ဆိတ်စွာ ခုန်ထွက်လာကြလေသည်။
၎င်းတို့မှာ ထျန်းပင်း၊ ယင်းဖုန်းနှင့် သူတို့၏ လက်အောက်မှ အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူများပင် ဖြစ်လေသည်။
သူတို့သည် ထွက်ပြေးနေသော လူသားများကို ထိရောက်စွာ သုတ်သင်ပြီးစီးခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင်မူ ၀က်ဝံဘုရင်း သတ်ဖြတ်လိုစိတ်များနှင့် သူတို့၏ ဘုရင်အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိမှုတို့ကို သယ်ဆောင်ထားရင်း၊ သူတို့သည် လျင်မြန်စွာ စုစည်းလိုက်ကြသည်။
ကြွက်သားများ ဖောင်းကားနေကာ ထွားကျိုင်းသည့် နှင်းဝံပုလွေ ဒါဇင်ကျော်မှာ လရောင်အောက်တွင် သူတို့၏ အရိုးများကဲ့သို့ ဖြူဖွေးသော အစွယ်များကို ထုတ်ပြရင်း၊ လည်ချောင်းထဲမှ ခြိမ်းခြောက်နေသော တိုးညှင်းသည့် ညည်းတွားသံများကို ထုတ်လွှတ်လိုက်ကြပြီး၊ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ဧရာမဝက်ဝံကြီးကို အလယ်တွင်ထားကာ ဖိအားအပြည့်ပေးနိုင်သော ဝိုင်းရံပိတ်ဆို့မှုကို ချက်ချင်း ဖွဲ့စည်းလိုက်ကြလေသည်။
ငွေရောင် စက်ဝိုင်းတစ်ခုက လမင်း (ဝက်ဝံဘုရင်) ကို ဝိုင်းထားသကဲ့သို့ပင်၊ သေမင်းတမန်ကွင်ရက်ကို ခင်းကျင်းလိုက်ပြီပဲ ဖြစ်သည်။
ဝံပုလွေအုပ်စုမှာ အရေအတွက်အရ လုံးဝ အသာစီးရထားပြီး စိတ်ဓာတ်များလည်း တက်ကြွနေကြလေသည်။ အပြင်ပန်းအရ ကြည့်မည်ဆိုလျှင် အခြေအနေမှာ အလွန်ကောင်းမွန်နေသည်။
ဤအခိုက်အတန့်တွင် နာကျင်မှု၊ ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သော ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံ၏ ဧရာမ မျက်ဝန်းများအတွင်းတွင်၊ ဒေါသများအပြင် အခြားသော ခံစားချက်တစ်ခု နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ယခင်က သူ တစ်ခါမှမကြုံဖူးသော တုန်လှုပ်မှုနှင့် မသိမသာ ထိတ်လန့်မှု အရိပ်အယောင်လေး တစ်ခုပင်။
“ထူးဆန်းတယ်။” သူ၏ ခေါင်းကြီးထဲတွင် တွေဝေရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေလေသည်။ “ဒီနှင်းဝံပုလွေတွေ... ငါ အာရုံခံမိသလောက်ဆိုရင် သူတို့ရဲ့ စွမ်းအင်အဆင့်တွေက သနားစရာကောင်းလောက်အောင် နိမ့်နေတာကို… အသန်မာဆုံး နှစ်ကောင်တောင် ပါရမီရှင်အဆင့်ရဲ့ တံခါးဝကို မနည်းထိတွေ့ထားနိုင်တာလေ... ဘာလို့ သူတို့အားလုံး စုစည်းထားတဲ့ အရှိန်အဝါက ငါ့ကိုတောင် သိသိသာသာ စိတ်မအေးနိုင်ဖြစ်စေရတာလဲ။”
သဘာဝကျစွာပင် သူ နားမလည်နိုင်ပေ။
လင်းထျန်းလုံ၏ ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် · ဘုရင်အဆင့်) မျိုးနွယ်စု အာဏာစက်၊ တိုတမ်မိခင်သစ်ပင်၏ မျိုးနွယ်စုနှင့် အတူယှဉ်တွဲရှင်သန်ခြင်း (ခရမ်းရောင် · ပါရမီရှင်အဆင့်) မှ ပေးစွမ်းသော အသက်ချင်းဆက်စက်မှုနှင့် တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်မှု၊
ထို့အပြင် ဝံပုလွေဟိန်းသံဖြင့် ခြိမ်းခြောက်ခြင်း (အဖြူရောင် · ငွေအဆင့်) ကြောင့် ထွက်ပေါ်လာသော လရောင်အောက်ရှိ အုပ်စုလိုက် စိတ်ဓာတ်မြှင့်တင်မှုတို့ကြောင့်၊ ပျမ်းမျှအဆင့် ၁၇ သို့မဟုတ် ၁၈ (ထူးချွန်အဆင့်) သာရှိသေးသော ဤနှင်းဝံပုလွေအဖွဲ့မှာ၊ သာမန် အဆင့်စံနှုန်းများဖြင့် တိုင်းတာ၍မရတော့သော လက်တွေ့တိုက်ခိုက်ရေးစွမ်းအားများကို ပေါက်ကွဲထုတ်နိုင်နေကြခြင်း ဖြစ်သည်။
အထူးသဖြင့် အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော ထျန်းပင်းနှင့် ယင်းဖုန်းတို့မှာ စွမ်းအားမြှင့်တင်မှု အမျိုးမျိုးကို ခံယူပြီးနောက်၊ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ ပါရမီရှင်အဆင့် တခါး၀တွင် ရောက်ရှိနေကြပြီး၊ အချို့သော ကဏ္ဍများတွင်ဆိုလျှင် ပါရမီရှင်အဆင့်ကိုပင် ကျော်လွန်နေကြပြီ ဖြစ်သည်။
ယခုအခါ ဒဏ်ရာ အပြင်းအထန် ရရှိထားသည့်အပြင် သူ၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက်ဖြစ်သော နိုးထခြင်း အခြေအနေမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ တကယ်တမ်းတွင် ထိတ်လန့်လာခဲ့ပြီ ဖြစ်သည်။
သူ အမြဲတမ်း အာဏာပြရန် အားကိုးခဲ့သော ကျင့်ကြံခြင်းအဆင့် ဖိနှိပ်မှုမှာ၊ ဤထူးဆန်းသော နှင်းဝံပုလွေအုပ်စု ရှေ့တွင်မူ အသုံးမဝင်တော့သကဲ့သို့ ဖြစ်နေလေသည်။
လင်းထျန်းလုံသည် ထိုဧရာမသတ္တဝါကြီး၏ မျက်ဝန်းများထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသော ထိတ်လန့်မှုကို စူးရှစွာ ဖမ်းဆုပ်မိလိုက်သော်လည်း၊ သူ၏ ရေခဲပြာရောင် ဝံပုလွေမျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များမှာမူ လျော့ကျမသွားခဲ့ပေ။
ထိုအစား ၎င်းမှာ အေးခဲနေသော မီးတောက်တစ်ခုအလား ပိုမိုအေးစက်ပြီး ပြင်းထန်လာခဲ့လေသည်။
“ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံဘုရင်လား.. ခြေလှမ်း၀က်ဘုရင်အဆင့်တဲ့လား” သူ၏ အမြင်တွင်မူ ဤဧရာမ ဝက်ဝံကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက် တစ်ဦး မဟုတ်တော့ဘဲ... ဤဆောင်းရာသီတွင် သူ၏ အဖိုးတန် သမီးလေးနှစ်ယောက်အတွက် ထိပ်တန်းအဆင့်၊ စွမ်းအင်ကြွယ်ဝဆုံးသော အစားအစာ သိုလှောင်မှုကြီး တစ်ခုသာ ဖြစ်နေလေသည်။
ထို့အပြင် ဤကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ လောဘတက်ချင်စရာ ကောင်းလောက်အောင် ကောင်းမွန်သော ပင်ကိုစွမ်းရည်များဖြစ်သည့် ဖျက်ဆီး၍မရသော မိုးကြိုးခန္ဓာကိုယ်၊ မိုးကြိုးအရင်းအမြစ်၊ ရိုင်းစိုင်းသော ကောင်းကင်မိုးကြိုးအက တို့ထဲမှ တစ်ခုချင်းစီတိုင်းမှာ လင်းထျန်းလုံ၏ မျက်လုံးများကို လောဘဇောများဖြင့် တောက်လောင်လာစေရန် လုံလောက်နေပေသည်။
ကိုယ့်တံခါးဝအထိ လာပို့ပေးသည့် ဤမျှ ကြီးမားလှသော လက်ဆောင်ထုတ်ကြီးကို သူ ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မည်နည်း။
နောက်တစ်စက္ကန့်တွင် လင်းထျန်းလုံ၏ တိကျသော အမိန့်ကိုပင် မစောင့်တော့ဘဲ၊ ထျန်းပင်းမှာ အလိုအလျောက် တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်လာကာ၊ ယာယီ စစ်မြေပြင် ကြီးကြပ်ရေးမှူး တာဝန်ကို ရယူလိုက်လေသည်။
ထျန်းပင်းမှာ တကယ့်ကို အကြမ်းပတမ်းနိုင်ပြီး တိုက်ပွဲရူးသွပ်သူ ဖြစ်သည်မှာ မှန်သော်လည်း၊ တစ်ချိန်တည်းမှာပင် သူသည် နှင်းဝံပုလွေမျိုးနွယ်စုတွင် အထူးချွန်ဆုံးနှင့် ပါရမီအရှိဆုံးသူအဖြစ် အသိအမှတ်ပြုခံထားရကာ အမဲလိုက် ကျွမ်းကျင်သူလည်း ဖြစ်ပေသည်။
လင်းထျန်းလုံ၏ စကားနှင့် ပြောရမည်ဆိုလျှင်... ဤအကောင်သည် သူ၏ ဦးနှောက်ဆဲလ်များ အားလုံးနီးပါးကို 'အမဲလိုက်ခြင်း” နှင့် “တိုက်ခိုက်ခြင်း’ ဆိုသည့် စွမ်းရည် နှစ်ခုထဲမှာတင် အကုန်အစင် အသုံးပြုထားခြင်း ဖြစ်လေသည်။
“အာဝူး... (ဘုရင်ကြီး… ကျွန်တော့်ကို ကြီးကြပ်ခွင့်ပေးဖို့ တောင်းဆိုပါတယ်...)” “အာဝူး... (ဒီဝက်ဝံသားရဲကို ဒီနေရာမှာတင် အမဲလိုက်နိုင်ဖို့ မျိုးနွယ်စု ဝံပုလွေတွေကို ဦးဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ချက်အပြည့်ရှိပါတယ်...)”
ထျန်းပင်း၏ တိုးညင်းသော ဟိန်းဟောက်သံများထဲတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး တိုက်ခိုက်ချင်စိတ် ပြင်းပြနေသည့် အရိပ်အယောင်များပင် ပါဝင်နေလေသည်။
အတိအကျ ပြောရမည်ဆိုလျှင် ဤစကားများသည် အနည်းငယ် စည်းကျော်ရာ ရောက်နေသော်လည်း၊ လင်းထျန်းလုံအတွက်မူ သူ၏ လက်အောက်ငယ်သားများ အလွန်အမင်း အစွမ်းထက်နေခြင်း သို့မဟုတ် တက်ကြွလွန်းနေခြင်းတို့အပေါ် တစ်ခါမျှ စိုးရိမ်ခဲ့ခြင်းမရှိပေ။
ဆန့်ကျင်ဘက်အားဖြင့်၊ ဤအဆုံးအဖြတ်ပေးရမည့် အချိန်တွင် ထျန်းပင်း ပြသလိုက်သော ခေါင်းဆောင်အရည်အသွေးနှင့် ခိုင်မာသော ယုံကြည်မှုတို့ကြောင့် သူ၏ နှလုံးသားထဲတွင် ပို၍ပင် ချီးကျူးမိသွားလေသည်။
“ကောင်းပြီ” လင်းထျန်းလုံသည် တိုတောင်းသော်လည်း အတည်ပြုပေးသော အတွေးတစ်ခု ပြန်လည် ပေးပို့လိုက်သည်။
ထို့နောက် နက်ရှိုင်းကာ ခန့်မှန်းရခက်သော အရှိန်အဝါများရှိသည့် ယင်းဖုန်းကို ခေါ်ဆောင်ကာ၊ နားလည်မှုရှိစွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ပြီး၊ လောလောဆယ်တွင် တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသော ထျန်းပင်းထံသို့ ပင်မစစ်မြေပြင်နှင့် တပ်ဖွဲ့အား ယာယီ လွှဲပြောင်းပေးလိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် ဧရာမဝက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ နောက်ဆုံးကျန်ရှိနေသော လျှပ်စီးလှိုင်းလေးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ နိုးထခြင်း အခြေအနေမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ချေပြီ။
၎င်းကို ဝန်းရံထားသော အသက်ရှူကျပ်ချင်စရာကောင်းသည့် အရှိန်အဝါမှာလည်း လေလျှော့လိုက်သော ပူပေါင်းတစ်ခုကဲ့သို့ ရုတ်တရက် ကျဆင်းသွားခဲ့သည်။
၀က်ဝံဘုရင်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ဒဏ်ရာများမှ ပြင်းထန်သော နာကျင်မှုနှင့် ကြီးမားလှသော အားနည်းသည့် ခံစားချက်တို့ ဒီရေလှိုင်းကဲ့သို့ တက်လာသောကြောင့် အနည်းငယ်ပင် ယိမ်းယိုင်သွားခဲ့ရပြီး၊ လေးလံကာ မကျေနပ်မှုများဖြင့် ပြည့်နှက်နေသော အသက်ရှူသံကြီးကို ထုတ်လွှတ်လိုက်လေတော့သည်။
“အချိန်ကိုက်ပဲ”
ထျန်းပင်း၏ မျက်လုံးများတွင် ကြမ်းတမ်းသော အလင်းရောင်များ လင်းလက်သွားပြီးနောက် သူ၏ အဓိကပင်ကိုစွမ်းရည်များကို တွန့်ဆုတ်ခြင်းမရှိဘဲ အသက်သွင်းလိုက်လေတော့သည်။
ရေခဲကြေးခွံချပ်ဝတ်တန်ဆာ (အဖြူရောင် · ငွေအဆင့်)... ပြင်းထန်သော ရေခဲဝိညာဉ် (ခရမ်းရောင် · ခြေလှမ်းဝက်ပါရမီရှင်အဆင့်)...
“ဝှစ်...”
ဝံပုလွေအုပ်စု၏ ခေါ်သံကို တုံ့ပြန်လိုက်သည့်အလား၊ ထျန်းစန်းတောင်တန်း၏ အနက်ထဲမှ မြစ်ဖျားခံလာသော ခိုက်ခိုက်တုန်အောင် အေးစက်လှသာည့် မြောက်လေများမှာ ရုတ်တရက် တိုက်ခတ်လာပြီး၊ မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို လွင့်ပျံသွားစေခဲ့သည်။
ထျန်းပင်း၏ ခမ်းနားလှသော ကိုယ်ထည်ပေါ်တွင်၊ အေးစက်စက် အလင်းတန်းများ လင်းလက်နေကာ မရေမတွက်နိုင်သော သေးငယ်လှသည့် ရေခဲကျောက်သလင်း ကြေးခွံများမှာ လျင်မြန်စွာ စုစည်းပြန့်နှံ့လာခဲ့ပြီး ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ကျောကုန်း စသည့် အရေးကြီးသော နေရာများကို အလျင်အမြန် ဖုံးလွှမ်းသွားကာ၊ အေးစက်မာကျောသော ရေခဲချပ်ဝတ်တန်ဆာ ဝတ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ရှေးဟောင်းခေတ်မှ အရိုင်းဆန်လွန်းသော အရှိန်အဝါတစ်ခုမှာ သူ၏ ကိုယ်အတွင်းပိုင်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
စိမ်းပြာရောင် မျက်ဝန်းနှင့် ရူးသွပ်နေဟန်ရသော သွေးနီရောင် မျက်၀န်းများ ပါရှိသည့် ရှေးဟောင်း ဧရာမဝံပုလွေကြီးတစ်ကောင်၏ ဝေဝါးနေသော ဖြူဖျော့ဖျော့ ပုံရိပ်ယောင်ကြီး ထျန်းပင်း၏နောက်တွင် ခဏတာမျှ လင်းလက်သွားခဲ့သည်မှာ ရှေးဟောင်း စစ်ဝိညာဉ် တစ်ခုနှင့် ပေါင်းစပ်သွားသကဲ့သို့ပင်။
သူ၏ ကြွက်သားများမှာ ပိုမိုဖောင်းကားလာပြီး၊ လက်သည်းများနှင့် အစွယ်များမှာလည်း အနည်းငယ် ရှည်ထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ထက်ရှမှုများဖြင့် တောက်ပနေလေသည်။
“အာ၀ူးးးး” ထျန်းပင်းသည် အမဲလိုက်ခြင်း စတင်ပြီဖြစ်ကြောင်း ကြေညာသည့် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်လေသည်။
သူ၏ အနောက်ရှိ လက်ရွေးစင် လုပ်ကြံသတ်ဖြတ်သူ ဝံပုလွေကိုးကောင်မှာလည်း ချက်ချင်း လှုပ်ရှားလာခဲ့ကြလေသည်။
သူတို့သည် သုံးကောင် တစ်ဖွဲ့စီဖြင့်၊ တိုက်ပွဲနည်းဗျူဟာများကုိ အကြိမ်ပေါင်းတစ်ထောင်မက လေ့ကျင့်ထားခဲ့ရာ၊ တိကျသည့် စက်ယန္တရားများကဲ့သို့ ဘယ်ဘက်၊ ညာဘက်နှင့် အနောက်ဘက်တို့မှနေ၍ အလယ်ရှိ ဧရာမဝက်ဝံကြီးဆီသို့ သွက်လက်တိတ်ဆိတ်စွာဖြင့် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်တိုက်ခိုက်မှုများကို စတင်လိုက်ကြလေသည်။
နိုးထခြင်း အခြေအနေ၏ အထောက်အပံကို ဆုံးရှုံးလိုက်ရခြင်းနှင့် ဒဏ်ရာအပြင်းအထန် ရရှိထားခြင်းတို့ကြောင့်၊ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီး အလွန်အမင်း မြန်ဆန်လှသော ဤဝံပုလွေအုပ်စုနှင့် ရင်ဆိုင်ရသောအခါ၊ အသာစီးမရနိုင်ဘဲ ချက်ချင်းပင် အကျပ်ရိုက်သွားသည့်ပုံ ပေါ်လေသည်။
အမှန်စင်စစ် ၀က်ဝံဘုရင်မှာ အစစ်အမှန် အဆင့် ၂၉ ခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲ တစ်ကောင်ဖြစ်ပြီး၊ သူ၏ မူလခွန်အားမှာ ဝံပုလွေအုပ်စုမှ မည်သူထက်မဆို များစွာ သာလွန်လေသည်။
သို့သော် ဤအခိုက်အတန့်တွင်မူ ၀က်ဝံဘုရင်မှာ အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့ခြင်း မဟုတ်ချေ။
ဒဏ်ရာ အပြင်းအထန် ရရှိထားသော ခန္ဓာကိုယ်နှင့် စွမ်းအင်များ ကုန်ခမ်းနေချိန်တွင်၊ ဝံပုလွေအုပ်စု၏ ဒီရေလှိုင်းကဲ့သို့ တရက်စက် တက်လာသော ထိုးစစ်များကို ရင်ဆိုင်နေရကာ သူ၏ ဒဏ်ရာများကို ကုသရန်အတွက်ပင် စွမ်းအင်များကို လှုံ့ဆော်ရန် အလွန် ခက်ခဲနေခဲ့ရာ၊ ပြန်လည် တိုက်ခိုက်ရန်ဆိုသည်မှာ ပို၍ပင်မဖြစ်နိုင်ပေ။
ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုမှာ ကြမ်းတမ်းပြီး ထိရောက်လှသည်။ သူတို့သည် ချီးကျူးခံချင်ဇောဖြင့် အတင်းကာရောမတိုက်ခိုက်ကြပဲ တစ်ချက် တိုက်ခိုက်ပြီးသည်နှင့် နောက်သို့ဆုတ်ကာ အခြားနှင်းဝံပုလွေတစ်ကောင်က ချက်ချင်း ဝင်ရောက် အစားထိုးလိုက်လေသည်။
အေးစက်သော လက်သည်းများနှင့် အစွယ်များမှ အလင်းများ လင်းလက်သွားတိုင်းတွင်၊ ထို ဧရာမဝက်ဝံခန္ဓာကိုယ်ကြီးထံမှ အသားစ အနည်းငယ်ကို ဆုတ်ဖြဲသွားခြင်း သို့မဟုတ် ဒဏ်ရာအသစ်တစ်ခုကို ထပ်တိုးလာခြင်းတို့ ဖြစ်ပေါ်နေလေသည်။
တစ်ချက်တည်းဖြင့် ပေးနိုင်သော ထိခိုက်ပျက်စီးမှုမှာ အကန့်အသတ်ရှိသော်လည်း၊ စုစည်းလိုက်သောအခါတွင်မူ စွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။
ဤအခိုက်အတန့်တွင် စစ်မြေပြင်အစွန်း၌ မတ်မတ် ရပ်နေရင်း အခြေအနေကို လေ့လာနေသော လင်းထျန်းလုံသည် သူ၏ ရေခဲပြာရောင် မျက်ဝန်းများကို အနည်းငယ် ကျုံ့လိုက်ကာ၊ သူကိုယ်တိုင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။