← Chapters

ဝက်ဝံအသိုက်ထဲအထိ လိုက်လံတိုက်ခိုက်ခြင်းနှင့် မျှော်လင့်မထားသော ဆုလဒ် (၁)

Vol. 10 Ch. 93

ဝက်ဝံအသိုက်ထဲအထိ လိုက်လံတိုက်ခိုက်ခြင်းနှင့် မျှော်လင့်မထားသော ဆုလဒ် (၁)

Vol. 10 Ch. 93

လင်းထျန်းလုံ၏ မျက်ခုံးများ ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။ သာမန်၀ံပုလွေတစ်ကောင်ထက် များစွာသာလွန်သော သူ၏ အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းက ရူးသွပ်မတတ် အန္တရာယ်သတိပေးချက်များကို ထုတ်ပြန်နေလေသည်။

“အာဝူး... (လူစုခွဲကြ၊ နောက်ဆုတ်ကြ)”

သူ၏ သတိပေးချက်ကို ကနဦးစိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ဝံပုလွေအုပ်စုထံ ပေးပို့လိုက်သည်နှင့် တစ်ပြိုင်နက်၊ လေထဲသို့ ခုန်တက်သွားသော ဧရာမဝက်ဝံခန္ဓာကိုယ်ကြီးမှာလည်း ဥက္ကာခဲတစ်ခုအလား အောက်သို့ ပြင်းထန်စွာ ပြန်လည်ကျဆင်းလာခဲ့လေသည်။

ဤအရာမှာ စွမ်းရည်တစ်ခု မဟုတ်ပေ။ ကိုယ်အလေးချိန်၊ ခွန်အားနှင့် အမြင့်တို့ ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များအား သီးသန့်ထုတ်လွှတ်လိုက်ခြင်းသာ။

ဝုန်း...

မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကျိုးပဲ့လွယ်သော မှန်မျက်နှာပြင်ကဲ့သို့ ကွဲအက်သွားလေသည်။ မြေကြီးများနှင့် ကျောက်စရစ်ခဲများ ရောယှက်နေသော မျက်စိဖြင့်ပင်မြင်နိုင်သည့် ရိုက်ခတ်မှုလှိုင်းတစ်ခုမှာ စက်ဝိုင်းပုံစံဖြင့် အပြင်ဘက်သို့ လျင်မြန်စွာ ပြန့်နှံ့သွားလေတော့သည်။

အမြန်ဆုံး တုံ့ပြန်နိုင်ပြီး အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင် ပါရမီရှင်အဆင့်) ကို အသုံးပြုကာ တိုက်ခိုက်မှု၏ အပြင်းထန်ဆုံးနေရာမှ စောစီးစွာ ခုန်ရှောင်လိုက်နိုင်သော လင်းထျန်းလုံနှင့်၊ အရိပ်များအတွင်းသို့ လုံးဝနီးပါး ပေါင်းစပ်ဝင်ရောက်နေပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် ယင်းဖုန်းတို့မှလွဲ၍၊ ထျန်းပင်း အပါအဝင် ကျန်ရှိနေသော ဝံပုလွေသားရဲများမှာမူ ထိုယုတ္တိမရှိသော ရိုက်ခတ်မှုလှိုင်းကြောင့် အတော်ဝေးဝေးထိ ပြင်းထန်စွာ လွင့်စင်သွားခဲ့ကြရသည်။

သူတို့မှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ကိုးရို့ကားယား ပြုတ်ကျလာကြပြီး နာကျင်စွာ ညည်းတွားလိုက်ကြရသည်။ ဒဏ်ရာအပြင်းအထန်မရခဲ့သော်လည်း သွေးများဆူပွက်သွားပြီး သူတို့၏ ဝိုင်းရံပိတ်ဆို့မှုမှာလည်း လုံးဝ ကျိုးပျက်သွားခဲ့ချေပြီ။

“သောက်ကျိုးနည်း... ဒီအရိုင်းဆန်လွန်းတဲ့ ခွန်အားကြီးကတော့...” လင်းထျန်းလုံ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

မျှော်လင့်ချက်မဲ့နေသော ဝက်ဝံဘုရင်မှာ ပိုမိုရူးသွပ်သော တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်လာလိမ့်မည်ဟု ထင်မှတ်ကာ သူ အစွမ်းကုန် သတိထားနေစဉ်မှာပင်၊ ဝံပုလွေများအားလုံးကို အံ့အားသင့်သွားစေမည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

အခုလေးတင် ထိတ်လန့်ဖွယ်ကောင်းလောက်သော စွမ်းအားဖြင့် မြေပြင်ပေါ် ဆင်းသက်လာခဲ့သော ဧရာမဝက်ဝံကြီးမှာ အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ၊ မြေပြင်နှင့် ရိုက်မိသည့် အရှိန်ကို အသုံးပြုကာ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို အလွန်သွက်လက်စွာ တွန့်လိမ်လိုက်ပြီး၊ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ... ထျန်းဆန်းတောင်တန်း၏ ပိုမိုနက်ရှိုင်းပြီး ပိုမိုအန္တရာယ်များသော နေရာဆီသို့ ရူးသွပ်စွာ တိုး၀င်ထွက်ပြေးသွားလေတော့သည်။

၎င်းထွက်ပြေးသွားသော လမ်း‌တစ်လျှောက် မြေပြင်မှာ ချိုင့်ခွက်များဖြစ်သွားရပြီး လမ်းကြောင်းကို ပိတ်ဆို့နေသော သစ်ပင်များနှင့် ကျောက်တုံးများ အားလုံးမှာလည်း ပြင်းထန်စွာ တိုက်မိခံရခြင်း သို့မဟုတ် ကြိတ်ချေခံရခြင်းတို့ကြောင့် အပျက်အစီးလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

“ဒါ... သူ ထွက်ပြေးဖို့ ကြိုးစားနေတာလား...”

လင်းထျန်းလုံ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်သွားခဲ့သော်လည်း သူ၏ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ထင်ဟပ်နေခဲ့လေသည်။

“လိုက်ကြ။”

ဒဏ်ရာအပြင်းအထဋ် ၀က်ဝံကြီးကို သူ မည်သို့မျှ ထွက်သွားခွင့် မပေးနိုင်ချေ။ ဝက်ဝံဘုရင်၏ ယုတ္တိမရှိသော “နိုးထခြင်း အခြေအနေ” တွင် တင်းကျပ်သော အချိန်ကန့်သတ်ချက် ရှိနေသည်ကို သူ လုံးဝ မမေ့လျော့ခဲ့သလို၊ ထို၀က်ဝံဘုရင်မှာ အခုအချိန်တွင် ဒဏ်ရာအပြင်းအထန်ရနေပြီး မျက်လုံးတစ်ဖက်လည်း ပျက်စီးနေပြီဖြစ်ကြောင်း သူ သိနေလေသည်။

ဤအခြေအနေမျိုးတွင် မည့်သည့်အရာကိုမှ ဂရုမစိုက်ဘဲ အတင်းအဓမ္မ ထွက်ပြေးခြင်းမှာ သူ၏ ဒဏ်ရာများကြောင့် အားအင်ကုန်ခမ်းမှုကို ပိုမိုမြန်ဆန်စေရုံသာ ရှိပေလိမ့်မည်။

ဒဏ်ရာအပြင်းအထန်ရထားပြီး၊ အမြင်အာရုံ ချို့ယွင်းနေကာ၊ ကြောက်ရွံ့မှုကြောင့် ထိတ်လန့်တကြား ထွက်ပြေးနေရသော ဝက်ဝံဘုရင် တစ်ကောင်...

လင်းထျန်းလုံ လုပ်ဆောင်ရန် လိုအပ်သည်မှာ အတွေ့အကြုံ အရှိဆုံး မုဆိုးတစ်ဦးကဲ့သို့ စိတ်ရှည်လက်ရှည် နောက်ကလိုက်နေရန်သာ ဖြစ်ပြီး၊ ၀က်ဝံဘုရင်ကြီး သွေးများအကုန် ကုန်ခမ်းသွားကာ ခွန်အားများအားလုံး ကုန်ဆုံးသွားမည့် အချိန်ကို စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။

ထို့အပြင် ကောင်းကင်ယံတွင် ငွေရောင်လမင်းကြီး ထွန်းလင်းနေသည်ဖြစ်ရာ၊ ဤတောအုပ်မှာ သူ၏ အိမ်ကွင်းပင် ဖြစ်လေသည်၊ လမင်းမြည်ကြွေးခြင်းမှ ပေးစွမ်းသော အလုံးစုံ စွမ်းအားမြှင့်တင်မှုကလည်း သူ့အား အမြန်နှုန်းနှင့် ထိန်းချုပ်မှုပိုင်းတွင် လုံးဝ သာလွန်စေနိုင်ခဲ့လေသည်။

ဝက်ဝံကြီးက သူ၏ ကျန်ရှိနေသော ခွန်အား တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားဦးမည် ဆိုလျှင်တောင်မှ အဆုံးသတ်ရလဒ်ကို ပြောင်းနိုင်မည်မဟုတ်ပေ။

လင်းထျန်းလုံ လုံးဝတည်ငြိမ်နေခဲ့သည်။ သူသည် ခေါင်းကို တည်ငြိမ်စွာ ခါယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။

“ယင်းဖုန်း... မင်းက တိတ်တိတ်လေး သူ့နောက်ကလိုက်ပြီး သူ့ရဲ့ တည်နေရာကို အတိအကျ စောင့်ကြည့်ထား၊ ထျန်းပင်း... မင်းက ဝံပုလွေအုပ်စုကို ဦးဆောင်ပြီး ပျက်စီးနေတဲ့ လမ်းကြောင်းအတိုင်း နောက်ကလိုက်လာခဲ့၊ သတိတော့ ထားကြ”

အမိန့်ပေးပြီးသည်နှင့် သူ၏ ငွေပြာရောင် ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ တိတ်ဆိတ်စွာပင် နောက်ကလိုက်သွားခဲ့လေပြီ။

ယင်းဖုန်းမှာလည်း အရိပ်အစစ်တစ်ခုကဲ့သို့ပင် တောအုပ်၏ ညအမှောင်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး၊ ထွက်ပြေးနေသော ဝက်ဝံဘုရင်နောက်သို့ ကပ်လျက် လိုက်ပါသွားလေတော့သည်။

ထျန်းပင်းကတော့ တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး၊ လဲကျနေသည့် ဝံပုလွေများကို ပြန်ထခိုင်းကာ သိသာထင်ရှားသော ပျက်စီး‌နေသည့် လမ်းကြောင်းကြီးအတိုင်း တည်ငြိမ်စွာ ရှေ့ဆက်လာခဲ့ကြလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်... ဧရာမဝက်ဝံကြီး ထိုးဖောက်သွားခဲ့ရာ လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော သစ်ပင်ကြီးများမှာ ကျိုးပဲ့နေခဲ့သည်။ ထို၀က်ဝံဘုရင် ထွက်ပြေးနေသည့် လမ်းကြောင်းမှာ တောင်တန်းကြီးများ၏ အနက်ထဲရှိ နေရာတစ်ခုစီသို့ တည့်တည့်မတ်မတ် ဦးတည်နေလေသည်။

နောက်ဆုံးတွင် လေထုထဲတွင် ပိုမိုပြင်းထန်လာသော သွေးနံ့များနှင့် မြေပြင်ပေါ်ရှိ ထင်ရှားလှသော သွေးစွန်းရာများနောက်သို့ လိုက်လာရင်း၊ လင်းထျန်းလုံမှာ တောင်နံရံကြီးတစ်ခုအောက်ရှိ အလွန်လျှို့ဝှက်ပြီး နက်ရှိုင်းလှသော ဂူအဝင်ဝတစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။

သူ ရုတ်တရက် ရပ်တန့်လိုက်သည်။

သူ၏ အကြည့်များမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှသည့် ဖိအားများနှင့် စူးရှသည့် အနံ့ပြင်းပြင်းများ ထွက်ပေါ်နေသည့်၊ သူ၏ရှေ့မှ မည်းနက်နေသော ဧရာမဂူအဝင်ဝကို စူးရှစွာ စိုက်ကြည့်လိုက်လေသည်။

သူ၏ ထက်ရှသော ရေခဲပြာရောင် ဝံပုလွေမျက်ဝန်းတစ်စုံမှာ အန္တရာယ်ရှိနေဟန်ဖြင့် ဒေါင်လိုက်မျဉ်းကြောင်းအဖြစ် တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့သည်။

“ဒါက သူ့ရဲ့ အသိုက်ပေါ့...”

လေထုထဲတွင် ပျံ့နှံ့နေသော သွေးနံ့များမှာ အလွန်ပင် ပြင်းထန်လှပေသည်။ အသက်လု ထွက်ပြေးခဲ့ရခြင်းက ဝက်ဝံဘုရင်၏ ပြင်းထန်ပြီးသား ဒဏ်ရာများကို ပိုမိုဆိုးရွားသွားစေခဲ့သည်မှန်း ထင်ရှားလှပေသည်။

လင်းထျန်းလုံ၏ အရှိန်အဝါမှာ ဂူအတွင်းတွင် လျင်မြန်စွာ အားနည်းလာနေသော တည်ရှိမှုအပေါ်သို့ တင်းကျပ်စွာ ပစ်မှတ်ထားနေခဲ့လေသည်။

သူ ထပ်မံ၍ တွန့်ဆုတ်မနေတော့ဘဲ ဝက်ဝံဘုရင်၏ အသိုက်အတွင်းသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်း ဝင်ရောက်သွားလေတော့သည်။

ဂူအဝင်ဝတွင် ကျဉ်းမြောင်းသော လမ်းကလေးတစ်ခု ရှိသော်လည်း၊ ၎င်းကို ဖြတ်ကျော်ပြီးနောက်တွင်မူ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြန့်သွားခဲ့သည်။

ဂူ၏ အတွင်းပိုင်းမှာ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုကျယ်ဝန်းလှသည်။

အလင်းရောင်မှာ မှုန်မှိုင်းနေပြီး ကျောက်နံရံများတွင် ကျိုးတိုးကျဲတဲ မြှုပ်နှံထားသည့် ထူးဆန်းသော သတ္တုရိုင်းများထံမှ ထွက်ပေါ်နေသော မှိန်ဖျော့ဖျော့ အစိမ်းရင့်ရောင် အလင်းတန်းများသာ အားနည်းသော အလင်းအရင်းအမြစ်များအဖြစ် ရှိနေလေသည်။

သို့သော် လင်းထျန်းလုံ၏ ပါရမီရှင်အဆင့် အမြင်အာရုံအတွက်မူ အသိုက်၏ ဖွဲ့စည်းပုံကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် လုံလောက်နေပေသည်။

ဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် စင်မြင့်အသေးလေးတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော ရှေးဟောင်းဆန်သည့် ဧရာမခုတင်ကြီးတစ်ခု ရှိနေပြီး၊ ၎င်းပေါ်တွင် မရေမတွက်နိုင်သော မိစ္ဆာသားရဲ အရေခွံများ၊ ခြောက်သွေ့နေသော မြက်ပင်များနှင့် ထူထဲသော သစ်ကိုင်းများကို စည်းမဲ့ကမ်းမဲ့ ပုံထားလေသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်မိုးကြိုး မုန်တိုင်းဝက်ဝံမှာ ခုတင်ကြီးပေါ်တွင် အားနည်းစွာ ဝပ်နေပြီး အပြင်းအထန် အသက်ရှူနေလေသည်။

၀က်ဝံဘုရင်သည် သူ၏ ဧရာမလျှာကြီးကို ထုတ်ကာ၊ သူ၏ဗိုက်ကို ဖောက်ထွက်လုနီးပါး ဖြစ်နေသည့် ရင်ဘတ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို လျက်နေခဲ့သည်။

တစ်ကြိမ် လျက်လိုက်တိုင်း နာကျင်မှုကြောင့် တိုးညင်းသော ဟိန်းဟောက်သံတစ်ခု လိုက်ပါလာခဲ့သည်။

ဂူ၏ ညာဘက်ခြမ်းတွင်မူ အမျိုးမျိုးသော မိစ္ဆာသားရဲတို့၏ အရိုးများမှာ တောင်ကုန်းငယ်လေး တစ်ခုသဖွယ် ပုံနေပြီး၊ ခပ်သဲ့သဲ့ ပုပ်စော်နံ့များ ထွက်ပေါ်နေကာ၊ ယခင်က ဤတောအုပ်အား ဗိုလ်ကျအုပ်စိုးခဲ့သည့်သူတွင် ‘စားနပ်ရိက္ခာ’ များ မည်မျှ ပေါကြွယ်ဝခဲ့ကြောင်းကို တိတ်ဆိတ်စွာ ပြောပြနေလေသည်။

သို့သော်လည်း လင်းထျန်းလုံ၏ အာရုံကို ဖမ်းစားနိုင်ဆုံးအရာမှာ ဂူ၏ ဘယ်ဘက်အခြမ်းတွင် ရှိနေခြင်းပင်။

ထိုနေရာတွင် စားပွဲတစ်လုံး အရွယ်အစားခန့်ရှိသော၊ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ကြည်လင်သော ဝိညာဉ်စမ်းရေကန်လေး တစ်ခု ရှိနေသည်။

စမ်းရေမှာ ခိုက်ခိုက်တုန်အောင် အေးစက်နေပြီး၊ မျက်စိဖြင့်မြင်နိုင်သော သန့်စင်လှသည့် မြူခိုးဆန်ဆန် ဝိညာဉ်စွမ်းအင် အပိုင်းအစလေးများမှာ မီးခိုးငွေ့များကဲ့သို့ စမ်းရေတွင်းထဲမှနေ၍ အဆက်မပြတ် တက်လာနေလေသည်။

ထို့အပြင် စမ်းရေတွင်း၏ ဗဟိုတည့်တည့်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် အပင်တစ်ပင်မှာ ရှင်သန် ကြီးထွားနေလေသည်။

၎င်းမှာ တစ်ကိုယ်လုံး အပြာရောင်ရှိပြီး ကြာပန်း ပုံသဏ္ဌာန် ရှိသော်လည်း၊ အလွန်ထူထဲသည့် ကျောက်စိမ်းကဲ့သို့ ကြာရွက် နှစ်ရွက်ကသာ၊ ဗဟိုရှိ အဆုံးမဲ့ အသက်စွမ်းအားများ ကိန်းအောင်းနေပုံရသော သေးငယ်သည့် မြစိမ်းရောင် ကြာငုံလေး တစ်ခုကို စောင့်ရှောက်ပေးထားလေသည်။

လင်းထျန်းလုံ၏ အကြည့်မှာ ထိုအပင်ပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်မှာပင်၊ စနစ်အသိပေးချက်မှာ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။

[ရေခဲနှလုံးသားကြာပန်း] ။ ။ ဝိညာဉ်စမ်းရေ၏ အာဟာရဖြည့်တင်းမှုနှင့် ဤနေရာရှိ ထူးခြားသော ပတ်ဝန်းကျင်တို့ကြောင့် ဗီဇပြောင်းလဲသွားသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ရတနာ တစ်ခု ဖြစ်လေသည်။ ရင့်မှည့်နေသော ကြာစေ့များကို စားသုံးပါက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို သိသိသာသာ တိုးတက်စေနိုင်ပြီး၊ စွမ်းအင်များကို သန့်စင်ပေးနိုင်ကာ၊ ရေခဲဒြပ်စင်၊ ရေဒြပ်စင်များနှင့် လိုက်ဖက်ညီမှုကိုလည်း အနည်းငယ် မြှင့်တင်ပေးနိုင်သည်။

[မှတ်ချက်] ။ ။ ဤဝိညာဉ်ရတနာမှာ လုံးဝ ရင့်မှည့်ရန်အတွက် နောက်ထပ် သုံးလခန့် အချိန်လိုအပ်သေးသည်။ ၎င်းသည် ပါရမီရှင်အဆင့်နှင့် အောက်ရှိ အဆင့်သတ်မှတ်ချက်များအတွက်သာ (ဆိုလိုသည်မှာ အဆင့် ၂၉ နှင့် ၎င်းအောက်) ထိရောက်မှု ရှိမည် ဖြစ်သည်။

All Chapters