ဝက်ဝံအသိုက်ထဲအထိ လိုက်လံတိုက်ခိုက်ခြင်းနှင့် မျှော်လင့်မထားသော ဆုလဒ် (၂)
Vol. 10 Ch. 94
“သြော်... အဲ့လိုလား... ဒါက တကယ့်ကို အခွင့်အရေးကြီး တစ်ခုပဲ...”
ဤအတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ နောက်တစ်စက္ကန့်တွင် လင်းထျန်းလုံမှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ သူ၏ မျက်လုံးများမှာ စူးရှစွာ ကျုံ့ဝင်သွားခဲ့ပြီး၊ သူ၏ နှလုံးသား အနက်ထဲမှလည်း အအေးဓာတ်များ စိမ့်တက်လာခဲ့သည်။
“ဘုရားရေ၊ တကယ်လို့ ဒီ ရေခဲနှလုံးသားကြာပန်းကိုသာ ရင့်မှည့်အောင် ထားလိုက်ပြီး ဝက်ဝံဘုရင်က စားလိုက်မယ်ဆိုရင်... ပြီးတော့ ဒီဝိညာဉ်ရတနာနဲ့ အရင်က စုဆောင်းထားသမျှတွေကို ချေဖျက်ရင်း မျိုးဗီဇအသွင်းပြောင်းလဲခြင်းကိုသာ အောင်မြင်အောင် လုပ်နိုင်သွားမယ်ဆိုရင်...”
“လာမယ့် နွေဦး၊ ဒီဝက်ဝံကြီး ပြန်ထွက်လာတဲ့အခါ သူ့ရဲ့ခွန်အားက ဘယ်လောက်အထိတောင် ထိုးတက်သွားမှာလဲ၊ ဘုရင်အဆင့်လား၊ ဒါမှမဟုတ် အဲဒီထက်တောင် ပိုမြင့်သွားဦးမလား”
“အဲဒီအချိန်ကျရင် ငါ့ရဲ့ ဝံပုလွေအုပ်စုအတွက် ဒီထျန်းစန်းတောအုပ်ကြီး တစ်ခုလုံးမှာ ရှင်သန်ဖို့နည်းလမ်း ရှိပါ့ဦးမလား။”
ဤအခိုက်အတန့်တွင် လင်းထျန်းလုံသည် အနည်းငယ်မျှပင် တွေဝေမနေပဲ ၀က်ဝံဘုရင်၏ အသိုက်ထဲအထိ ဝင်ရောက်စွန့်စားကာ ၎င်းကို အမဲလိုက် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ၊ အမှန်ကန်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း ခံစားလိုက်ရသည်။
ဤသည်မှာ အမဲလိုက်ခြင်းသက်သက် မဟုတ်တော့ဘဲ၊ မျိုးနွယ်စုရှင်သန်ရပ်တည်ရေးအတွက် သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်လေတော့သည်။
တစ်ချိန်တည်းမှာဈပင် ဂူအတွင်းပိုင်းရှိ ကောင်းကင်မိုးကြိုး မုန်တိုင်းဝက်ဝံမှာလည်း၊ သေခြင်းတရားကို ယူဆောင်လာသူဖြစ်သော ငွေရောင်ဝံပုလွေ၏ အရှိန်အဝါက သူ၏ အသိုက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြောင်းကို ရှင်းလင်းစွာ အာရုံခံမိလိုက်လေသည်။
၀က်ဝံဘုရင်သည် သူ၏ခေါင်းကို မနည်းအားတင်းကာ မော့လိုက်ရာ၊ ကျန်ရှိနေသော မျက်ဝန်းတစ်ဖက်ထဲတွင် တောက်လောက်နေသော ဒေါသများ၊ ရူးသွပ်မှုများနှင့် ဂျောင်ပိတ်မိနေသူတစ်ယောက်၏ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေလေသည်။
“ဂါး...”
“သေစမ်း... ယုတ်မာတဲ့ နှင်းဝံပုလွေ၊ မင်း ဘာလို့ ငါ့ကို မသေမချင်း လိုက်တိုက်နေရတာလဲ၊ ဘာလို့ ငါ့ကို ဆန့်ကျင်နေရတာလဲ”
ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်းတို့နှင့်အတူ အနည်းငယ် အားနည်းနေသော ထိုစိတ်ပိုင်းဆိုင်ရာ ဟိန်းဟောက်သံမှာ လင်းထျန်းလုံ၏ အသိစိတ်အား တိုက်ရိုက် တိုက်ခိုက်လာခဲ့သည်။
လင်းထျန်းလုံမှာမူ ဤအရာအပေါ် မည်သည့်တုံ့ပြန်မှုမျှ မပြသဘဲ၊ အေးစက်စက်ဖြင့် ခြေလှမ်းတစ်လှမ်းသာ ရှေ့သို့တိုးလာခဲ့ပြီး သူ၏ ဝံပုလွေ နှာခေါင်းထောင့်တွင် အေးစက်လှသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ မကျေမနပ်ဖြစ်နေသည့် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပြီး၊ နောက်ဆုံးအကြိမ် ပြန်လည်တိုက်ခိုက်ရန်အတွက် မတ်တတ်ရပ်ရန် အပြင်းအထန် ကြိုးစားလိုက်လေတော့သည်။
သို့သော်လည်း သူ၏ ခြေထောက်လေးဖက်လုံးကို အားပြုလိုက်ပြီး ဧရာမခန္ဓာကိုယ်ကြီးဖြင့် ထနိုင်ရန် ကြိုးစားလိုက်သည့် အခိုက်အတန့်မှာပင် -
လင်းထျန်းလုံ လှုပ်ရှားလာခဲ့လေပြီ။
သူ မလှုပ်ရှားခင်က ငြိမ်သက်နေခဲ့သော်လည်း၊ လှုပ်ရှားလိုက်သောအခါတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင် ပါရမီရှင်အဆင့်)... [ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း (ခရမ်းရောင် ပါရမီရှင်အဆင့်)...
မူလကပင် အလွန်မြန်ဆန်နေပြီဖြစ်သော သူ၏ အမြန်နှုန်းမှာ ဂူအတွင်းတွင် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကြောင့် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး၊ အမှောင်ထုကို ဆုတ်ဖြဲသွားသည့် ငွေဖြူရောင် လျှပ်စီးတန်းတစ်ခုအလား ပြောင်းလဲသွားခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် သူတို့ကြားရှိ အကွာအဝေးကို ဖြတ်ကျော်လိုက်ပြီး ဝက်ဝံဘုရင်၏ရှေ့သို့ ရောက်ရှိသွားခဲ့လေသည်။
အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ အခြေခံစွမ်းရည်များနှင့် ပါရမီရှင်အဆင့် စွမ်းရည်နှစ်ခု၏ အားဖြည့်မှုအောက်တွင်၊ သူ၏ အနောက်က အရိပ်မှာ ပိုမိုခိုင်မာပြီး ပိုမိုထက်မြက်သော အရိပ်လက်သည်းကြီး တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
အစွမ်းကုန် ထုတ်သုံးထားသော အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း၏ အမြန်နှုန်းကို ခွန်အားပြင်းသံချပ်ကာခွဲလက်သည်း၏ ထက်ရှမှုနှင့် ပေါင်းစပ်လိုက်ရာ၊ ၀က်၀ံဘုရင်ကြီး၏ အသိုက်အတွင်းတွင် သေမင်းတမန်အလား အေးစက်စက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ လျှပ်တစ်ပြက်တိုးလာသည်။ ဧရာမအရိပ်လက်သည်းကြီးမှာလည်း ဝက်ဝံဘုရင်ကြီး၏ အားနည်းချက်ဖြစ်သော လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားလေသည်။
ထိတ်လန့်တကြားဖြစ်သွားသော ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ၊ လင်းထျန်းလုံ၏တိုက်ကွက်ကို ကာကွယ်ရန်အတွက် သူ၏ ထူထဲသောရင်ဘတ်နှင့် လက်ဝါးများကို အသုံးပြု၍ နောက်ခြေထောက်များကို အားပြုကာ မတ်တတ်ရပ်လိုက်လေသည်။
သို့သော် ၀က်ဝံဘုရင်ကြီးသည် ပြင်းထန်သောဒဏ်ရာနှင့် မျက်စိတစ်ဖက်ကွယ်နေမှုတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို လျစ်လျူရှုခဲ့မိသည်။ စွမ်းအင်မြှင့်တင်မှု အမျိုးမျိုးနှင့် လင်းထျန်းလုံ၏ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းကိုလည်း သူ လျှော့တွက်ခဲ့မိလေသည်။
ရှပ်...
စူးရှသော ဆုတ်ဖြဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထက်ရှသော လက်သည်းအလင်းမှာ လည်ပင်းကို တိုက်ရိုက်မထိမှန်ခဲ့သော်လည်း၊ ၀က်ဝံဘုရင် အချိန်မီ မကာကွယ်နိုင်ခဲ့သည့် ရင်ဘတ်ကိုတော့ ပြင်းထန်စွာ ဆုတ်ဖြဲသွားခဲ့လေသည်။
မူလကတည်းက လင်းထျန်းလုံကြောင့် ဒဏ်ရာအပြင်းအထန် ရထားသော နေရာမှာ ပိုမိုကျယ်ပြန့်သွားခဲ့ပြီး၊ အတွင်းကလီစာများအား မြင်ရသည်အထိ နက်ရှိုင်းသွားခဲ့သည်။ ပူနွေးနွေး ဝက်ဝံသွေးများမှာလည်း ပန်းထွက်လာခဲ့လေသည်။
ထိုမျှနှင့်တင်မပြီးသေးချေ။ လင်းထျန်းလုံသည် အသွက်လက်ဆုံးသော မုဆိုးတစ်ဦးကဲ့သို့ ထိုအရှိန်ကို အသုံးပြုကာ သူ၏ခါးကို တွန့်လိမ်လိုက်ပြီး ယခုအခါ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံ၏ ကျယ်ပြန့်သော်လည်း ယိုင်နဲ့နေပြီဖြစ်သော ကျောရိုးပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်လေတော့သည်။
လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော အချိန်တိုလေးအတွင်းမှာပင်၊ နတ်ဘုရားများ၏ လက်နက်နှင့် နှိုင်းယှဉ်နိုင်သော လင်းထျန်းလုံ၏ ဝံပုလွေလက်သည်းများအတွင်းရှိ ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း စွမ်းအင်များစီးဆင်းနေသည့် လက်သည်းဆယ်ချောင်းမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြီး အေးစက်စက် အလင်းတန်းများလည်း လင်းလက်နေလေသည်။
“ပြီးသွားပြီ”
အေးစက်ပြီးပြတ်သားသော အတွေးတစ်ခုနှင့်အတူ၊ ထိုထက်ရှလှသော လက်သည်းတစ်စုံမှာ ဝက်ဝံဘုရင်၏ ကျောရိုးပေါ်ရှိ အသားနှင့် အရေပြားများကို၊ မီးပူပေးထားသော ဓားတစ်ချောင်းဖြင့် ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ အလွယ်တကူ ထိုးဖောက်သွားခဲ့ပြီး၊ ကျောရိုးအဆစ်များကြားရှိ အက်ကွဲကြောင်းများကို တိကျစွာ ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
ထို့နောက် လက်သည်းနှစ်ဖက်ကို စုစည်းလိုက်ပြီး အားကုန်သုံး၍... ဆုတ်ဖြဲလိုက်လေသည်။
ဂျွတ်....
နှလုံးခုန်ရပ်သွားစေနိုင်လောက်အောင် ကျယ်လောင်သော အရိုးကျိုးသံကြီးမှာ၊ ဝက်ဝံဘုရင်၏ အလွန်အမင်း ဝမ်းနည်းပူဆွေးဖွယ်ကောင်းပြီး မျှော်လင့်ချက်မဲ့လှသော အော်ဟစ်သံနှင့်အတူ ဂူတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေတော့သည်။ သွေးများနှင့် အသားစများ ဝံပုလွေလက်သည်းများနှင့်အတူ ပွင့်ထွက်သွားခဲ့သည်။
၀က်ဝံဘုရင်ကြီး၏ ကျောရိုးမှာ လုံး၀ ပျက်စီးသွားခဲ့ပြီဖြစ်ရာ၊ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံ၏ နောက်ဆုံး ကျန်ရှိနေသော ခွန်အားများမှာလည်း ချက်ချင်းပင် လွင့်ပြယ်သွားခဲ့လေသည်။
၀က်ဝံဘုရင်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အရိုးများအားလုံး ရိုက်ချိုးခံလိုက်ရသကဲ့သို့၊ ၎င်း၏ ဧရာမသားရေခုတင်ကြီးပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ပြီး၊ သူ၏ ခြေလက်များမှာလည်း ထိန်းချုပ်မှုလွှတ်ကင်းကာ တွန့်လိမ်နေလေတော့သည်။
သွေးများမှာ ရင်ဘတ်နှင့် ကျောကုန်းပေါ်ရှိ ကြီးမားလှသော ဒဏ်ရာများမှနေ၍ ရေတံခွန်တစ်ခုကဲ့သို့ တရဟောစီးကျလာခဲ့ပြီး၊ ကိုယ်ပေါ်ရှိ အမွေးအမျှင်များမှာ လျင်မြန်စွာပင် ရဲရဲနီသွားခဲ့သည်။
၀က်ဝံဘုရင်၏ အသက်စွမ်းအင်များမှာလည်း ကျဆင်းသွားသော ဒီရေလှိုင်းကဲ့သို့ပင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ချေပြီ။
ဒေသတစ်ခုလုံးကို စိုးမိုးခဲ့ပြီး အံ့အားသင့်ဖွယ် အလားအလာများကို ပိုင်ဆိုင်ထားခဲ့သော ဤခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲကြီးမှာ၊ သွေးများ အားလုံး ကုန်ခမ်းသွားခြင်းကြောင့် အသက်ရှူချိန် အနည်းငယ်အတွင်းမှာတင် ထိုနေရာမှာတင် ပြိုလဲသွားခဲ့လေသည်။
ကျန်ရှိနေသော သူ၏ မျက်လုံးတစ်ဖက်အတွင်းမှ မကျေနပ်မှုများ၊ ဒေါသများနှင့် ကြောက်ရွံ့မှု အလင်းတန်းများမှာလည်း နောက်ဆုံးတွင် မှေးမှိန်သွားခဲ့ပြီး လုံးဝ ငြိမ်သတ်သွားလေတော့သည်။
လင်းထျန်းလုံသည် အနည်းငယ်မျှပင် ပေါ့ဆခြင်း မရှိခဲ့ပေ။ သူသည် ရှေ့သို့ လျှောက်သွားကာ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံ၏ ဦးခေါင်းရှေ့သို့ ရောက်ရှိလာပြီး၊ သူ၏ ထက်မြက်ကာ လင်းလက်နေသော လက်သည်းကို မြှောက်လိုက်ကာ၊ ၎င်း၏ ဦးခေါင်းခွံရှိ အချက်အချာကျသော နေရာဆီသို့ တိကျပြီး သေမင်းတမန် နောက်ဆုံး တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်ရာ၊ သေချင်ယောင်ဆောင်နေခြင်း သို့မဟုတ် ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်နိုင်ခြေအားလုံးကို လုံးဝ ဖယ်ရှားပစ်လိုက်လေသည်။
ဝက်ဝံဘုရင်၏ အရှိန်အဝါများ လုံးဝပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင်၊ လင်းထျန်းလုံ ကြာရှည်စွာ စောင့်မျှော်နေခဲ့ရသော စနစ်အသိပေးချက်တစ်ခုမှာ သူ၏အသိစိတ်ထဲတွင် ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။
[စနစ် အသိပေးချက်] ။ ။ ဂုဏ်ယူပါတယ်၊ သင်သည် အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့်) မိစ္ဆာသားရဲဖြစ်သော ကောင်းကင်မိုးကြိုး မုန်တိုင်းဝက်ဝံဘုရင်ကို အောင်မြင်စွာ အမဲလိုက် သတ်ဖြတ်နိုင်ခဲ့သည်။ အတွေ့အကြုံ အမှတ် အမြောက်အမြားကို ရရှိခဲ့ပါပြီ။ သင်၏ လက်ရှိအဆင့်မှာ အဆင့် ၂၃ (ပါရမီရှင်အဆင့်)
[စနစ် အသိပေးချက်] ။ ။ ထုတ်ယူနိုင်သော ပင်ကိုစွမ်းရည် မိုးကြိုးအရင်းအမြစ် (ခရမ်းရောင် ပါရမီရှင်အဆင့်) စုပ်ယူမည်လား
[မိုးကြိုးအရင်းအမြစ် (ခရမ်းရောင် ပါရမီရှင်အဆင့်)] ။ ။ ပါရမီရှင်အဆင့် ပင်ကိုစွမ်းရည် လက္ခဏာရပ်တစ်ခုဖြစ်ပြီး၊ အထူးမိုးကြိုးသွေးမျိုးဆက် ရှိသူများတွင်သာ နိုးထနိုင်ကာ၊ အလွန်သန့်စင်ပြီး ကြမ်းတမ်းလှသော မူလမိုးကြိုးစွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ လက်ရှိတွင် အဓိကစွမ်းရည်သုံးခုကို ဖွင့်ထားပြီး ဖြစ်သည် - ‘ကောင်းကင်မိုးကြိုးဖြင့် သန့်စင်ခြင်း’၊ ‘မိုးကြိုးဝိညာဉ်’ နှင့် ‘နိုးထခြင်း’
· ‘ကောင်းကင်မိုးကြိုးဖြင့် သန့်စင်ခြင်း’။ ။ ကောင်းကင်မိုးကြိုး၏ ရိုက်ခတ်ခြင်းဏ်ကို အစပျိုးပြီးနောက် သို့မဟုတ် အလိုအလျောက် ကြံ့ကြံ့ခံပြီးနောက်၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အားဖြည့်ပေးရန်အတွက် မိုးကြိုးစွမ်းအား အချို့ကို စုပ်ယူနိုင်သည်။ လက်ရှိ အကျိုးသက်ရောက်မှု - ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ၁၀ ရာခိုင်နှုန်း တိုးလာခြင်း။
· ‘မိုးကြိုးဝိညာဉ်’ ။ ။ ပတ်ဝန်းကျင်ရှိ မိုးကြိုးဒြပ်စင်များကို အာရုံခံနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့ကို သိသိသာသာ မြှင့်တင်ပေးသည်။ မီတာသုံးဆယ်အတွင်းရှိ မိုးကြိုးဒြပ်စင်များ၏ သိပ်သည်းဆ၊ ပုံသဏ္ဌာန်နှင့် တိုက်ခိုက်မှုတို့ကို အတိုင်းအတာတစ်ခုအထိ ကြိုးကိုင်ခြယ်လှယ်နိုင်သည်။
· ‘နိုးထခြင်း’ ။ ။ အလွန်အမင်း ဒေါသထွက်နေချိန် သို့မဟုတ် သေလုမျောပါး ဖြစ်နေချိန်တွင်၊ သွေးမျိုးဆက်အတွင်းရှိ ပုန်းအောင်းနေသော မူလမိုးကြိုးစွမ်းအားများကို အသက်သွင်းနိုင်ပြီး၊ စက္ကန့် ၆၀ ကြာ ‘နိုးထခြင်း အခြေအနေ’ ထဲသို့ ဝင်ရောက်နိုင်သည်။ ကိုယ်ပိုင်စွမ်းရည်များ အားလုံး များစွာ တိုးတက်လာမည်ဖြစ်ပြီး မိုးကြိုးစွမ်းအားများမှာလည်း အဆမတန် မြင့်တက်လာမည်ဖြစ်သည်။ လက်ရှိ အကျိုးသက်ရောက်မှု - တိုက်ခိုက်ရေးစွမ်းအား ၁၅ ရာခိုင်နှုန်း တိုးလာခြင်း။