ပင်ကိုစွမ်းရည်များ အဆင့်မြင့်လာခြင်း၊ ပင်ကိုစွမ်းရည်အသစ် (၃)
Vol. 10 Ch. 97
နှင်းဝံပုလွေများမှာ လင်းထျန်းလုံတို့ ပြန်လာရာ လမ်းကြောင်းဆီသို့ ပြေးလာကြကာ စိတ်လှုပ်ရှားကာ ရိုသေလေးစားသော ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြပြီး မျိုးနွယ်စုအတွက် နောက်ထပ် ကြီးမားလှသော အောင်ပွဲတစ်ခုကို ဂုဏ်ပြုလိုက်ကြလေသည်။
သစ်ပင်အိမ်လေး အတွင်းတွင်၊ ရေခဲနှလုံးသား သိုင်းကျမ်းနှင့် ခရမ်းအကျဉ်းထောင် မိစ္ဆာသိုင်းကျမ်းတို့ကို ကျင့်ကြံနေကြသော ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ၊ ကမ္ဘာတုန်မတတ် ဝံပုလွေဟိန်းဟောက်သံများကြောင့် တစ်ပြိုင်နက်တည်း လန့်နိုးသွားကြပြီး၊ အံ့သြစရာကောင်းလောက်အောင် သူတို့၏ မျက်ဝန်းများကို တစ်ချိန်တည်းမှာပဲ ဖွင့်လိုက်ကြလေသည်။
“ဝံပုလွေဖေဖေနဲ့ ဝံပုလွေဦးလေးတွေ ပြန်လာကြပြီ...” ဝမ်းသာပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုတို့မှာ သူတို့နှစ်ဦးလုံး၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
ဤစစ်ပွဲအတွင်း လင်းထျန်းလုံ၏ စွန့်စားမှုများကို သူတို့ ကောင်းစွာ သိရှိထားကြသည်။ ယခုအခါ သူတို့နှငိ့ ရင်းနှီးကျွမ်းဝင်သည့် ပိုမိုအားကောင်းလာသော အရှိန်အဝါက ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သောအခါ၊ စိုးရိမ်စိတ်ကြောင့် လေးလံနေခဲ့သော သူတို့၏ နှလုံးသားများမှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့လေသည်။
လူသားများ၏ ခြိမ်းခြောက်မှုကို မဖြေရှင်းရသေးကြောင်း သူတို့ သိထားသော်လည်း၊ အနည်းဆုံးတော့ ဝံပုလွေဖေဖေက သူတို့ ပိုမိုသန်မာလာစေရန်အတွက် အဖိုးတန်သော အချိန်ကို အရယူနိုင်ခဲ့ပြီပဲ ဖြစ်လေသည်။
ထိုအခိုက်အတန့်မှာပင် ငွေပြာရောင် ပုံရိပ်ကြီးတစ်ခုမှာ သစ်ပင်အိမ်အပြင်ဘက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာခဲ့သည်။ ၎င်းမှာ အခြားသူမဟုတ်၊ လင်းထျန်းလုံပင် ဖြစ်လေသည်။
ပထမဦးဆုံး သူသည် အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို အသုံးပြု၍ မိခင်သစ်ပင်ဘေးတွင် တွင်းတစ်ခုကို ဂရုတစိုက် တူးလိုက်သည်။
ထို့နောက် သူ ယူဆောင်လာခဲ့သော ဝိညာဉ်စမ်းရေ ရေကန်နှင့် ရေခဲနှလုံးသားကြာပန်းတို့ကို ဝိညာဉ်စွမ်းအင်များ စုပ်ယူကာ ဆက်လက်၍ ကြီးထွားနိုင်စေရန် သေချာ နေရာချထားပေးလိုက်လေသည်။
ဤအလုပ် ပြီးစီးပြီးနောက်၊ သူသည် နောက်ဆုံးတွင် သစ်ပင်အိမ်လေးအတွင်းသို့ ခြေချလိုက်ပြီး၊ ကြီးမားကာ မည်းနက်ပြီး တောက်ပနေသည့် မျက်လုံးလေးများဖြင့် သူ့အားစူးစိုက်ကြည့်နေကြသော ကလေးငယ်နှစ်ဦးကို ကြည့်လိုက်လေသည်။
နူးညံ့သော်လည်း ကြည်လင်ပြတ်သားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်လှိုင်းလေးတစ်ခုမှာ ကလေးငယ်နှစ်ဦး၏ အသိစိတ်ထဲကို ညင်သာစွာ တိုး၀င်သွားခဲ့သည်။
“ရှောင်လန်၊ ရှောင်ယင်း... ဗိုက်ဆာနေကြပြီလား...”
“ခဏစောင့်ဦး... ဒီနေ့ ဖေဖေ့ဆီမှာ သမီးတို့အတွက် အထူး ဟင်းလျာတစ်ခု ပါလာတယ်... သမီးတို့ ခြေလှမ်း၀က်ဘုရင်အဆင့် အစားအစာ တစ်ခုကို မြည်းစမ်းခွင့် ရတော့မယ်...”
အတွေးပြီးဆုံးသွားသည်နှင့် လင်းထျန်းလုံသည် နောက်လှည့်ကာ ချက်ချင်း လှုပ်ရှားလိုက်လေသည်။ သူသည် သေဆုံးသွားသည့်တိုင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေဆဲဖြစ်သည့် ဝက်ဝံဘုရင်၏ အလောင်းဆီသို့ လျှောက်သွားလိုက်သည်။
အလယ်အလတ် စိတ်ထိန်းချုပ်ခြင်း (ခရမ်းရောင် ပါရမီရှင်အဆင့်)
ဤတစ်ကြိမ်တွင်မူ သူ၏ စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အလွန်အမင်း တိကျလာခဲ့ပြီ ဖြစ်သည်။
ရိုးရှင်းစွာ မတင်လိုက်မည့်အစား၊ သူသည် မျက်စိဖြင့်မမြင်ရသော စွမ်းအင်အမှုန်အချို့ကို စုစည်းကာ လက်တစ်ခုအဖြစ် ပုံဖော်လိုက်လေသည်။
ထို့နောက် ဝိညာဉ်စွမ်းအင်ဓားတစ်ခုကိုပါ ဖန်တီးလိုက်ပြီး၊ ၎င်းတို့သည် ကျွမ်းကျင်မှု အရှိဆုံး သားသတ်သမားတစ်ဦး၏ ဓားမကြီးအလား ဝိညာဉ်လက်သွားရာ လမ်းကြောင်းအတိုင်း တိကျစွာ လိုက်ပါသွားပြီး၊ ဝက်ဝံဘုရင် ထံမှ အနူးညံ့ဆုံးနှင့် စွမ်းအင်များ သိမ်မွေ့စွာ ပါဝင်နေသော ရင်ဘတ်သား နှစ်တုံးကြီးကို ဖြတ်တောက်ယူလိုက်လေသည်။
ဤဖြစ်စဉ်မှာ သူ၏ စွမ်းအားမြှင့်တင်ထားသော စွမ်းရည်အသစ်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် အခြားသော ဝံပုလွေများကိုလည်း သူ မမေ့လျော့ခဲ့ချေ။ ဧရာမဝက်ဝံဘုရင်ကြီး၏ အလောင်းမှာ မျိုးနွယ်စုတစ်ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာကြီးတစ်ခုပင် ဖြစ်လေသည်။
“ရန့်မြဲ့” လင်းထျန်းလုံသည် စိတ်စွမ်းအင်ဖြင့် ကင်းစောင့်ရန် တာဝန်ယူထားသော ခေါင်းဆောင်ဝံပုလွေကို တိုက်ရိုက် ရှာဖွေလိုက်သည်။ “ဒီအသားနဲ့ သွေးတွေကို ခွဲဝေပေးလိုက်... ဒီနေ့ တိုက်ပွဲဝင်ခဲ့တဲ့ ဒါမှမဟုတ် ဒဏ်ရာရထားတဲ့ ညီအစ်ကိုတွေကို ဦးစားပေးပြီး ပိုပေးလိုက်... ကျန်တာတွေကို သိုလှောင်ဂူထဲမှာ သိမ်းထားလိုက်... ပိုင်လင်းကိုလည်း အသိပေးထား... တကယ်လို့ ဝံပုလွေတစ်ကောင်ကောင်က စွမ်းအင်တွေ ပြင်းထန်လွန်းလို့ ကိုယ်တွင်းစွမ်းအင်နဲ့ ဟန်ချက်မညီဖြစ်ပြီး မခံမရပ်နိုင်ဖြစ်လာရင် သူ့ရဲ့စွမ်းရည်ကို သုံးပြီး ချက်ချင်း မျှချေညီအောင် လုပ်ပေးလိုက်လို့...”
“အမိန့်အတိုင်းပါ ဘုရင်ကြီး” ရန့်မြဲ့၏ တုံ့ပြန်မှုထဲတွင် ကြီးမားသော ရိုသေလေးစားမှုနှင့် စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။
ရန့်မြဲ့သည် တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး၊ သူယခင်က တစ်ခါမှမစားခဲ့ဖူးသော အဖိုးတန် အမဲလိုက်သားကောင်ကို အပိုင်းပိုင်းဖြတ်ကာ သယ်ဆောင်ရန်အတွက် ဝံပုလွေအုပ်စုကို ထိရောက်စွာ စတင် လမ်းညွှန်ပေးလေတော့သည်။
နှင်းဝံပုလွေကျေးရွာတစ်ခုလုံးမှာ အလုပ်ရှုပ်နေခဲ့ပြီး ပျော်ရွှင်စရာကောင်းသော လေထုအတွင်းသို့ ချက်ချင်း ကျရောက်သွားလေတော့သည်။
လင်းထျန်းလုံ မှာမူ သူ၏ အလယ်အလတ် စိတ်ထိန်းချုပ်ခြင်း စွမ်းရည်ကို အသုံးပြု၍ ဝက်ဝံအသားတုံးကြီး နှစ်တုံးကို ထိန်းချုပ်ကာ၊ သူ၏ အရှေ့တွင် လွင့်မြောနေစေခဲ့သည်။
သူသည် နှင်းဝံပုလွေကျွေးရွာ၏ အလယ်ရှိ ကွင်းပြင်သို့ လျှောက်သွားလိုက်ပြီး တစ်ခဏမျှ စဉ်းစားနေလေသည်။
ခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲတစ်ကောင်၏ အသားနှင့် သွေးများမှာ အလွန်အမင်း မာကျောလှသဖြင့် အစိမ်းစားခြင်းမှာ အသက် ၁ နှစ်၊ ၂ နှစ်အရွယ် လမ်းလျှောက်တတ်ခါစ ကလေးငယ်များသာ ဖြစ်သေးသော ဧကရီနှစ်ပါး၏ အစာခြေစနစ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ပေသည်။
သူ၏ ရေခဲပြာရောင် မျက်ဝန်းများက ဧရိယာတစ်ခုလုံးကို ဝေ့၀ဲကြည့်လိုက်ရာ မကြာမီမှာပင် အကြံတစ်ခု ရလာခဲ့သည်။ အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို အသုံးပြု၍ ပြန့်ပြူးနေသော ကျောက်တုံးအချို့ကို ထိန်းချုပ်ကာ၊ ရိုးရိုးရှင်းရှင်း မီးဖိုကြီးတစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်လေသည်။
ထို့နောက် ခြောက်သွေ့နေသော သစ်ကိုင်းခြောက်အချို့ကို စုစည်းပြီး ကျောက်မီးဖိုအတွင်း ပုံထားလိုက်လေသည်။
“ဝံပုလွေဖေဖေက မီးထပ်မွှေးမလို့လား...” သစ်ပင်အိမ်လေးအတွင်းရှိ ရှောင်လန်သည် ဝံပုလွေဖေဖေ၏ ပုံမှန်မဟုတ်သော လုပ်ရပ်များကိုကြည့်ရင်း သူမ၏ မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည်။
“ကြည့်ရတာက... အသားတွေကို ချက်ပြုတ်ဖို့များလား...” ရှောင်ယင်းသည်လည်း သူမ၏ ခေါင်းသေးသေးလေးကို စောင်းကာ ကြည့်နေခဲ့သည်။ သူတို့၏ များပြားကျယ်ပြန့်လှသော အတိတ်ဘဝ အတွေ့အကြုံများကြောင့် လင်းထျန်းလုံ လုပ်ချင်နေသည့်အရာကို သူတို့ ချက်ချင်းနားလည်သွားကြသည်။
သို့သော် နှင်းဝံပုလွေဘုရင်တစ်ပါးက ဤအရာကို ကိုယ်တိုင်ကိုယ်ချ ပြုလုပ်နေသည်ကို မြင်တွေ့ရခြင်းမှာ သူတို့အား ဆန်းသစ်မှုနှင့် နက်ရှိုင်းသော ကြည်နူးမှု နှစ်မျိုးစလုံးကို ခံစားရစေဆဲပင်။
နောက်အခိုက်အတန့်တွင် လင်းထျန်းလုံသည် သူ၏ ထက်ရှလှသော လက်သည်းများကို ဆန့်ထုတ်လိုက်သည်။ ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း (ခရမ်းရောင် ပါရမီရှင်အဆင့်)၏ ထက်ရှမှုစွမ်းအင်မှာ သူ၏ လက်သည်းအဖျားများတွင် ခဏတာ လင်းလက်သွားခဲ့သည်။ သူသည် ယခုတစ်ကြိမ်တွင် တိုက်ခိုက်ရန် အသုံးပြုခြင်းမဟုတ်ဘဲ စွမ်းအားများကို အပြင်းအထန် စုစည်းထားလိုက်လေသည်။ ထို့နောက် သူ၏ လက်သည်းဖျားကို မီးဖိုအောက်ရှိ မာကျောသော မီးခတ်ကျောက်တစ်တုံးနှင့် လျင်မြန်စွာ ပွတ်တိုက်လိုက်လေတော့သည်။
ချလစ်...
မီးပွင့် အနည်းငယ် ပွင့်ထွက်လာပြီး၊ ခြောက်သွေ့နေသော မီးစာများပေါ်သို့ တိကျစွာ ကျရောက်သွားခဲ့သည်။ မကြာမီမှာပင် မီးခိုးများ ထွက်ပေါ်လာပြီး မီးပုံငယ်လေးတစ်ခု စတင်လောင်ကျွမ်းလာလေတော့သည်။
လင်းထျန်းလုံသည် သူ၏ စိတ်ထိန်းချုပ်ခြင်း စွမ်းရည်ကို ဂရုတစိုက် အသုံးပြု၍ ဝက်ဝံအသားကို ထိန်းချုပ်ကာ၊ မီးတောက်များအပေါ်တွင် ညီညာစွာ အပူပေးလိုက်လေသည်။ မကြာမီမှာပင် ထူးခြားသော အသားကင်နံ့တစ်ခု လေထုထဲတွင် ပျံ့နှံ့လာခဲ့သည်။
သာမန်သားရဲအသားများ၏ အနံ့အသက်များနှင့် မတူဘဲ၊ ဤသည်မှာ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များနှင့် သန့်စင်သော ပရိုတင်းဓာတ်များ လောင်ကျွမ်းနေသည့်အနံ့များ ရောယှက်နေသည့် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုပင် ဖြစ်လေသည်။
ထိုရနံ့က မလှမ်းမကမ်းတွင် အသားများကို ခွဲဝေပေးနေသော အရွယ်ရောက်ပြီးသား နှင်းဝံပုလွေများကိုပင် မကြာခဏ လှည့်ကြည့်မိစေပြီး၊ သွားရည်များ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာစေခဲ့သည်။
အချိန်အတော်အတန်ကြာပြီးနောက် ကျက်ပြီဟု ခံစားလိုက်ရသောအခါ လင်းထျန်းလုံသည် မီးတောက်များကို ငြိမ်းသတ်လိုက်သည်။
စိတ်ထိန်းချုပ်ခြင်းကို အသုံးပြု၍၊ အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းပိုင်းတွင် နူးညံ့ကာ အဆီတ၀င်၀င်းဖြစ်နေသော ဝက်ဝံအသားကို အတုံးငယ်လေးများအဖြစ် ဖြတ်တောက်လိုက်လေသည်။
အသင့်စားရန် သင့်တော်သော အပူချိန်အထိ အအေးခံပြီးနောက်၊ ထိုဖြစ်စဉ်ကို ကြာရှည်စွာ စောင့်မျှော်နေခဲ့ကြသော သစ်ပင်အိမ်လေးအတွင်းရှိ ကလေးငယ်နှစ်ဦး၏ အရှေ့သို့ ပို့ဆောင်ပေးလိုက်လေသည်။
“စားကြတော့လေ...”
ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ အသားရနံ့ကြောင့် အစောပိုင်းကတည်းက သွားရည်တမျှမျှကျနေခဲ့သည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့သည် သူတို့၏လက်သေးသေးလေးများကို ချက်ချင်းဆန့်ထုတ်လိုက်ကြပြီး၊ သူတို့၏ မျက်နှာထက်ပင် ကြီးသော အသားကြီးတစ်တုံးစီကို ကိုင်ကာ အားရပါးရ ကိုက်စားလိုက်ကြလေတော့သည်။
အသားမှာ အနည်းငယ်ဝါးရခက်နေသေးသော်လည်း၊ လင်းထျန်းလုံ၏ ဂရုတစိုက် ကင်ပေးမှုကြောင့် ကိုက်ဖြတ်ရ လွယ်ကူသွားခဲ့ပြီ ဖြစ်သည်။ ပထမဆုံး တစ်ကိုက်တွင် အနည်းငယ်မာကျောနေသည်ဟု ခံစားရသော်လည်း၊ ချက်ချင်းဆိုသလိုပင် နူးညံ့ကာ ကြီးမားသန့်စင်သည့် စွမ်းအင်စီးကြောင်းတစ်ခုမှာ သူတို့၏ လည်ချောင်းများမှတစ်ဆင့် ခြေ၊ လက်များနှင့် အရိုးများအတွင်းသို့ စီးဝင်သွားပြီး၊ နွေးထွေးကာ သက်တောင့်သက်သာရှိသော ခံစားချက်တစ်ခုကို ယူဆောင်လာခဲ့လေသည်။
“အရမ်းစားလို့ကောင်းတာပဲ...” ရှောင်လန်သည် ကျေနပ်အားရစွာဖြင့် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး၊ ရေခဲနှလုံးသား သိုင်းကျမ်းကို ကျင့်ကြံရာတွင် ကုန်ခမ်းသွားခဲ့သော စိတ်၀ိညာဥ်စွမ်းအင်များ ပြန်လည် ဖြည့်တင်းလာသည်ကို ခံစားလိုက်ရသည်။
“စွမ်းအင်တွေ အများကြီးပဲ...” ရှောင်ယင်းသည်လည်း သူမ စားသောက်နေသော အရှိန်ကို မြှင့်လိုက်ကာ မျက်နှာငယ်လေးပေါ်တွင်လည်း ကျေနပ်မှုများဖြင့် ပြည့်နှက်နေလေသည်။
ခရမ်းရအကျဉ်းထောင် မိစ္ဆာသိုင်းကျမ်းကြောင့် ဖြစ်ပေါ်လာသော အနည်းငယ် စိတ်မတည်မငြိမ်ဖြစ်မှုများမှာ ဤနူးညံ့ပြီး ကြီးမားသန့်စင်သော စွမ်းအင်စီးကြောင်းကြောင့် ပြေလျော့သွားခဲ့လေပြီ။
ကလေးငယ်နှစ်ဦး အားရပါးရ စားသောက်နေကြသည်ကို ကြည့်ရင်း၊ လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် ကြည်နူးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထို့နောက်သူကိုယ်တိုင်လည်း ဝက်ဝံအသားတုံးကြီး တစ်တုံးကို ဆွဲဖြတ်ကာ အားရပါးရ ဝါးစားလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်း စွမ်းအားများ ဖြည်းညင်းစွာ ကြီးထွားလာနေသည်ကို့ ခံစားနေလေသည်။
ထို့နောက်တွင် သူ၏အာရုံကို အစားအသောက်ဆီမှ ယာယီလွှဲဖယ်လိုက်ပြီး၊ သူ၏ အကြည့်များမှာ တိုတမ်မိခင်သစ်ပင် ဘေးတွင် နေရာချထားသော ဝိညာဉ်စမ်းရေ ရေကန်နှင့် ရေခဲနှလုံးသားကြာပန်းဆီသို့ ရောက်သွားခဲ့လေသည်။
လရောင်နှင့် တိုတမ်မိခင်သစ်ပင်ထံမှ ထွက်ပေါ်လာသော အသက်စွမ်းအင်များ၏ ပေါင်းစပ်အာဟာရဖြည့်တင်းမှုအောက်တွင်၊ ရေခဲနှလုံးသားကြာပန်း၏ ကျောက်စိမ်းကဲ့သို့ကြည်လင်နေသော အရွက်နှစ်ရွက်မှာ ပို၍ စိမ်းလန်းစိုပြည်ကာ အသက်ဝင်လာပုံ ရလေသည်။
ကြာဖူးလေးမှာလည်း အနည်းငယ် ဖောင်းကားလာပြီး၊ ၎င်း၏ ဝိညာဉ်စွမ်းအင်များအား စုပ်ယူခြင်းနှင့်ထုတ်လွှတ်ခြင်း လုပ်ငန်းစဉ်မှာ သိသိသာသာ မြင့်တက်လာနေခဲ့သည်။
“ကြည့်ရတာ နေရာပြောင်းပြီး စိုက်ဖို့ကြံလိုက်တာက အောင်မြင်သွားပုံရတယ်...” လင်းထျန်းလုံ ကျေနပ်အားရစွာဖြင့် တွေးလိုက်သည်။
“မိခင်သစ်ပင်နဲ့ဝိညာဉ်စမ်းရေ ရေကန် နှစ်ခုစလုံးရဲ့ အာဟာရဖြည့်တင်းမှုနဲ့ဆိုရင်၊ ဖူးပွင့်လာဖို့ သုံးလတောင် မကြာလောက်တော့ဘူး...”
“အချိန်တန်ရင် ဒီဝိညာဉ်ရတနာက အတော်လေး အသုံး၀င်လာလိမ့်မယ်... ငါ့သမီးလေး နှစ်ယောက်ရဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်မာစေဖို့အတွက်ပဲဖြစ်ဖြစ်၊ ကြီးမားတဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်ခဲ့တဲ့ ရန့်မြဲ့နဲ့ ထျန်းပင်းလို ဝံပုလွေတွေကို ဆုချဖို့အတွက်ပဲဖြစ်ဖြစ်ပေါ့...”
တဖြည်းဖြည်း ညဉ့်နက်လာခဲ့ပြီး ဝံပုလွေအသိုက်မှာ သက်ဝင်လှုပ်ရှားနေဆဲပင် ဖြစ်သည်။ နှင်းဝံပုလွေများသည် သူတို့၏ ခမ်းနားလှသော စားသောက်ပွဲကြီးကို သုံးဆောင်နေကြပြီး၊ လေထုထဲတွင် စွမ်းအားများ ကြီးထွားလာမှုကြောင့် ဖြစ်ပေါ်လာသော ကျေနပ်အားရမှု၊ ငြိမ်းချမ်းမှုအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေလေသည်။
လင်းထျန်းလုံသည် သူ၏ နှင်းဝံပုလွေအုပ်စုနှင့် ကလေးငယ်များ၏ ဘေးတွင် မတ်တတ်ရပ်နေကာ၊ လရောင်အောက်တွင် အနာဂတ်အတွက် အစီအစဉ်ဆွဲရင်းသူ၏ ရေခဲပြာရောင် မျက်ဝန်းများမှာ အလင်းတန်းများဖြင့် တလက်လက် တောက်ပနေလေတော့သည်။
သူ့အတွက် ထျန်းစန်းတောအုပ်ကြီးအား စိုးမိုးခြင်းဆိုသည်မှာ ပထမဆုံး ခြေလှမ်းမျှသာ ဖြစ်ပေသည်။