အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ခြင်း
Vol. 8 Ch. 778
သခင်မလေးဟုန်ချိန်မှာ အံသြသွား၏။ တခြားအကြောင်းများ ပါဝင်နေလိမ့်မည်မှာ ထင်ရှားသော်လည်း သူမက ကျင့်စဥ်ကို ရရှိ၍ ကြည့်ရှုပြီးနောက် မည်သည့်အရာဖြစ်သည်ကို ရှာမတွေ့ပေ။ ထို့ပြင် သရဲကြီးဘုရင်က သူမ၏ဖခင်ဖြစ်၍ သူမကို အန္တရာယ်မဖြစ်စေနိုင်လောက်ပေ။ သို့ထိတိုင် သူမမှာ မသင်္ကာစရာ တစ်ခုခုရှိနေသည် ဆိုသောခံစားချက်ကြီးကို ထုတ်၍ မရပေ။
သူမက စစ်ဆေးမှုအနည်းငယ်ထပ်လုပ်လိုက်သော်လည်း အဆုံးသတ်တွင် စောင့်စားနေခဲ့ရသော ကျင့်ကြံခြင်းအခြေခံအဆင့်တက်ရမည့်အတွက် အစိုးရိမ်လွန်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ကောက်ချင်ချလိုက်သည်။ သူမနှင့် ပိုင်ရှောင်ချန်း၏ ယခင်ကတိုက်ပွဲသည် သူမကို သူမ၏လက်ရှိကျင့်ကြံခြင်းအခြေခံနှင့်ပတ်သက်၍ အလွန်မကျေမနပ်ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူမသည် တံခါးပိတ်ကျင့်ကြံရန်သွားလိုက်ပြီး သူမဖခင်အကြံပြုခဲ့သည့်အတိုင်း ကျင့်စဥ်ကို တိတ်တဆိတ်ကျင့်ရန် စတင်လိုက်သည်။
" လိမ္မာတဲ့သမီးလေး "
သရဲကြီးဘုရင် တွေးလိုက်သည်။
“ အဖေက သမီးကို ဒုက္ခရောက်အောင် ကြိုးစားနေတာမဟုတ်ပါဘူး။ ဒီကျင့်စဥ်က မကောင်းတာ ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သမီး တရားကျင့်တာကနေ ထွက်လာရင်တော့ နည်းနည်း စိတ်ရှုပ်ထွေးနေပြီး ထိန်းချုပ်ရလွယ်ကူနေလိမ့်မယ်။ ပြောရရင် သမီးရဲ့ ဦးနှောက်က ဘာမှမတွေးတတ်လောက်အောင် ဖြစ်နေမယ်။ အင်း.. ဘာမှလုပ်လို့မှမရတာ၊ သမီးက သိပ်တော်လွန်းနေတာကိုး။ အခုအတိုင်းသာထားလိုက်ရင် သမီးနဲ့ ပိုင်ဟောက်ကြားမှာ ဘာမှ ဖြစ်လာမှမဟုတ်တော့ဘူးလေ "
သရဲကြီးဘုရင်မှာ အတန်ငယ်အပြစ်ရှိသလို ခံစားရသော်လည်း နောက်ဆုံးတွင် သူ့သမီး၏ကောင်းစားရေးအတွက် လုပ်နေသည် ဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။ ထိုသည်က သူ့ကို အလွန်တရာကောင်းသော အဖေတစ်ယောက် ဖြစ်သွားစေသည်။
ယခုအခါ အစီအစဥ်၏ ပထမခြေလှမ်းက အထမြောက်နေပြီဖြစ်သည့်အတွက် သရဲကြီးဘုရင်၏ အပြစ်ရှိသလိုခံစားချက်များသည် စိတ်လှုပ်ရှားမှုများအဖြစ် ပြောင်းလဲသွားသည်။ သူ့သမီး တံခါးပိတ်ကျင့်ကြံလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ကိုယ်ရံတော်တပ်သားများအားလုံးကို ဆင့်ခေါ်ကာ သူမထွက်လာသည်နှင့် အကြောင်းကြားရန် ညွှန်ကြားလိုက်သည်။
သူက အလွန်စည်းကမ်းတင်းကြပ်စွာ ပြောလိုက်သဖြင့် အစောင့်များအားလုံး အလွန်စိတ်လှုပ်ရှားသွားကြပြီး သူ၏ ညွှန်ကြားချက်များကို လိုက်နာရန် ချက်ချင်း သဘောတူလိုက်သည်။
ထိုကိစ္စများအားလုံး ပြီးမြောက်သောအခါ သရဲကြီးဘုရင်က သက်ပြင်းချလိုက်သည်။
" အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ ကံကြမ္မာပေါ်မူတည်တယ်။ သူတို့နှစ်ယောက်က တူတူဆုံစည်းဖို့ ကံမပါရင်တော့ ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး"
****
ကျောက်မျိုးနွယ်စုသည် မြို့နယ်အမှတ် ( ၁၉ ) တွင် တည်ရှိ၏။ ကျောက်ရှောင်လင်းက ကောင်းကင်မြို့စားတစ်ဦးဖြစ်သည့်အတွက် သူတို့ မျိုးနွယ်စုသည် လီမျိုးနွယ်စု၊ ချန်မျိုးနွယ်စုများနှင့် အလွန်ဆင်တူလေသည်။ အဆောက်အအုံများသည် အထူးကောင်းမွန်လှပလျက်ရှိပြီး တစ်နေရာလုံးက ခမ်းနားတင့်တယ်နေသည်ဖြစ်ရာ မြို့နယ်အမှတ် ( ၁၉ ) အတွင်း အလွန် ထင်းခနဲ မြင်သာလှသည်။
မျိုးနွယ်စု၏ ပင်မရင်ပြင်တွင် ဧရာမရုပ်တုကြီးနှစ်ရုပ်ရှိသည်။ ၎င်းတို့သည် မီတာ ဒါဇင်များစွာ မြင့်မားပြီး ဖြူစွတ်နေကာ သားရဲသတ္တဝါကြီးများဖြင့် အလှဆင်ထား၏။ ရုပ်တုများကို စိတ်စွမ်းအင်ကျောက်တုံးများနှင့် ပြုလုပ်ထားခြင်းမဟုတ်သော်လည်း ပန်းပဲပညာ၏ ပြိုင်ဘက်ကင်းနည်းလမ်း၊ အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက် အနိမ့်ဆုံးပြောရလျှင် သာမန်ထက် ထူးကဲနေသည်။
ရုပ်တုနှစ်ရုပ်၏ အလည်တည့်တည့်တွင် လူတိုင်းကို ကြောက်လန့်တုန်ရီသွားစေနိုင်သည့် အစွမ်းထက်အခိုးအငွေ့များ ထုတ်လွှတ်နေသော ကျောက်မျိုးနွယ်စု၏ ကောင်းကင်မြို့စားစေတီတော် ရှိသည်။
လက်ရှိအချိန်တွင် မျိုးနွယ်စု၏ အမျိုးမျိုးသော မင်းသား၊ မင်းသမီးများသည် မျိုးနွယ်စု၏ လေ့ကျင့်ရေးကွင်းတစ်ကွင်းအတွင်း မှော်အတတ်များ၊ နတ်ဘုရားစွမ်းရည်များသုံးကာ အချင်းချင်းတိုက်ခိုက်လျက် တိုက်ခိုက်ရေးနည်းလမ်းများ လေ့ကျင့်နေကြသည်။ မျိုးနွယ်စု၏ အကြီးဆုံးသား ကျောက်ဒုံရှန်က မြင့်မြတ်သောနေရာတွင် တင်ပျဥ်ခွေထိုင်နေ၏။ သူက လေ့ကျင့်ရေးကွင်းရှိ တိုက်ခိုက်နေခြင်းများကို အာရုံစိုက်နေဟန်တူသော်လည်း အမှန်တကယ်တော့ သူ၏မျက်ခုံးမွှေးက အနည်းငယ် တွန့်ကွေ့သွားသည်အထိ တခြားအတွေးများဖြင့် စိုးမိုးနေသည်။
ရံဖန်ရံခါ သူက ကောင်းကင်ကြီးကို မော့ကြည့်ပြီး သက်ပြင်းချတတ်သည်။ ယမန်နေ့က သူ၏ ဖခင် ကျောက်ရှောင်လင်း အလွန်တရာဒေါသူပုန်ထကာ မည်သို့ပြန်လာခဲ့သည်ကို တွေးလိုက်ရုံနှင့် သူ၏ပိုင်ရှောင်ချန်းအပေါ် မုန်းတီးခြင်းများက ယခင်ထက်ပို၍ အားကောင်းလာတော့သည်။
" တော်တော်ယုတ်မာတာပဲ "
" သူက ကျောက်မျိုးနွယ်စုကို အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်တစ်ကောင်ပေးပြီး နတ်အဆင့်ဝိညာဥ်ပြန်ပေးဖို့ မျှော်လင့်နေတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ အကွက်လဲ " ကျောက်ဒုံရှန်မှာ ဒေါသတကြီးအံကြိတ်လျက် ထိုင်နေသည့်တိုင် လုံးဝကူရာမဲ့နေသည်ဟု ခံစားနေရတော့သည်။ မနေ့က ညနေတွင် သူ့အဖေသည် သူ့ကို နတ်အဆင့်ဝိညာဥ်တစ်ကောင်ပေးခဲ့ပြီး ၄င်းနှင့် မည်သို့လုပ်ရန် ညွှန်ကြားခဲ့ပြီးနောက် တင်းမာခက်ထန်စွာနှင့် တံခါးပိတ်ကျင့်ရန်ဝင်သွားလေသည်။
" အဖေ ဒါက မျက်နှာပျက်စရာလို့ ထင်ပေမယ့် ကျုပ်လည်းတူတူပဲလေ "
ကျောက်ဒုံရှန်က နာကျင်စွာ သက်ပြင်းချလိုက်သည်။ ကျောက်မျိုးနွယ်စု၌ ကောင်းကင်နယ်စားချန်ဟောက်စုန့်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းကြောင့် သူ ပေးထားခဲ့သော နတ်အဆင့်ဝိညာဥ်တစ်ကောင်သာ ရှိသည် မဟုတ်ပါလော။
သို့သော် ယခုတွင် သူတို့မှာ ၄င်းအား လက်လွှတ်ရပေတော့မည်။ ကျောက်ဒုံရှန်၏စိတ်အခြေအနေမှာ ထိုအကြောင်းတွေးလေလေ ကျဆင်းလာလေလေဖြစ်သည့်တိုင် သူလုပ်နိုင်သော အရာမရှိပေ။ ထိုအချိန်တွင် လေထဲ၌ တရွှီရွှီမြည်သံများကို ရုတ်တရက် ကြားလိုက်ရ၏။
ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏မျက်ခုံးများ လှုပ်ခတ်သွားလေသည်။ အပေါ်ကို မော့ကြည့်လိုက်သောအခါ ပြင်းထန်သော သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် သူ့ထံ ပျံသန်းလာနေသော အလင်းတန်းထောင်ပေါင်းများစွာကို မြင်လိုက်ရသည်။
" ဒီအရှက်မရှိတဲ့ ပိုင်ဟောက်ကတော့ ဝိညာဥ်လေးတစ်ကောင် ယူဖို့အတွက်နဲ့ ဟိတ်ဟန်ထုတ်နေပြန်ပြီ "
ကျောက်ဒုံရှန်မှာ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကျောက်မျိုးနွယ်စုအပေါ်တည့်တည့်တွင် ရပ်လိုက်သော အရိပ်ထောင်ပေါင်းများစွာကို ကြည့်လိုက်စဥ် သူ၏အမူအရာမှာ အလွန်တရာ တင်းမာခက်ထန်သွားတော့သည်။
ဦးဆောင်သူနေရာတွင်ကား ပိုင်ရှောင်ချန်းဖြစ်ပြီး သူက အင်္ကျီလက်ကို ဂုဏ်ယူစွာခါ၍ မျိုးနွယ်စုတစ်ခုလုံး ပဲ့တင်ထပ်သွားသည် အသံကြီးနှင့် ပြောလိုက်လေသည်။
" ကောင်းကင်မြို့စား ကျောက်၊ အို အစ်ကိုကြီး ကျောက်ရေ၊ ကျုပ်အတွက် ဒီဝိညာဥ်ကို ဂရုစိုက်ထားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမ်း....ကဲ ကျုပ် အခုလာပြန်ယူပြီဆိုတော့ ကျုပ်ကို ကျေးဇူးပြုပြီး ပြန်ပေးနိုင်မလား ခင်ဗျာ "
ပိုင်ရှောင်ချန်းမှာ ကိစ္စတစ်ခုလုံးနှင့်ပတ်သက်၍ အလွန်ကျေနပ်အားရနေတော့သည်။ ထိုမျှသာမက သူ့ကို ကြိုဆိုရသည့် လူမှာ ကျောက်ဒုံရှန်ဖြစ်ကြောင်း သတိပြုပြီးသည့်နောက်တွင် သူ၏ရာထူးမည်မျှမြင့်သည်ကို ထည့်မတွက်လျှင်ပင် ကျောက်ဒုံရှန်က သူနှင့် တိုက်ရိုက်ပြောဆိုရန် သင့်တော်သူဟု မခံစားရပေ။ ကျောက်ဒုံရှန်ကဲ့သို့ အငယ်တစ်ယောက်မှာ သူ့ကို နှုတ်ဆက်ရန်ပင် မထိုက်တန်ပေ။
ကျောက်ရှောင်လင်းမှာ ကောင်းကင်မြို့စားစေတီထဲတွင် တဆတ်ဆတ်တုန်လျက် ထိုင်နေသည်။ အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်နှာမှာ ရှုံ့တွသွားသော်လည်း လျစ်လျူရှုထားရန် သူ့ကိုယ်သူ ဖိအားပေးလိုက်လေသည်။
အောက်မှ ကျောက်ဒုံရှန်က အံတင်းတင်းကြိတ်ပြီး ပြောသည်။
“ ဒီဝိညာဥ်ကို ယူပြီး ထွက်သွားတော့၊ ပိုင်ဟောက် "
ထို့နောက် သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ သလင်းကျောက်အပိုင်းအစတစ်ခု ပျံထွက်လာ၏။ တဖျပ်ဖျပ်တောက်ပနေသော သလင်းကျောက်၏အသွင်အပြင်က ထူးခြားဆန်းကြယ်လှသည်။ ၄င်းက မယုံကြည်နိုင်ဖွယ် စွမ်းအားကိုလည်း ထုတ်လွှတ်နေရာ သာမန်ထက်ထူးကဲဟန် ဖြစ်နေတော့သည်။ သလင်းကျောက်၏အတွင်းတွင် မီးတောက်တစ်ခုရှိပြီး ၎င်းသည်ကား မီးအမျိုးအစားနတ်အဆင့်ဝိညာဥ်က လွဲ၍ တခြားမဟုတ်ပေ။
သလင်းကျောက်သည် အလင်းတန်းတစ်ခုအသွင် ပိုင်ရှောင်ချန်းထံ ပြေးဝင်လာသည့်အတွက် သူက လေထဲမှနေ၍ ဖမ်းဆုပ်လိုက်သည်။ သူက စပ်ဖြဲဖြဲ ပြုံးရင်း ကျောက်ဒုံရှန်ကို ငုံ့ကြည့်လိုက်သည်။
" ဟေး ဟိုကောင်လေး၊ မင်းက ဒုံရှန်မလား ။ ဟားဟားဟား၊ မင်းတို့ကောင်တွေ ဘယ်လောက် ယဥ်ကျေးလိုက်လဲကွာ။ ငါ့ရဲ့ နတ်အဆင့်ဝိညာဥ်ကို သလင်းကျောက်ထဲမှာ တကယ်လုံလုံခြုံခြုံထားထားတာပဲကွ။ မဆိုးဘူး။ လုံးဝမဆိုးဘူးကွာ။ သိပ်တော်တယ် ကောင်လေး၊ ဦးလေးပိုင် ဒီနေ့ စိတ်ကြည်နေတယ်ကွ။ လာလာ မြန်မြန် ဂါဝရပြုလှည့်။ ဦးလေးပိုင် မင်းကို ဆုချမယ် "
ယခင်က ကျောက်ဒုံရှန်သည် သူ့အပေါ် အကြိမ်ပေါင်းများစွာ ကလန်ကဆန်လုပ်ခဲ့သည့်အတွက် ယနေ့တွင် သူ့ကို မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ပေ။
ကျောက်ဒုံရှန်မှာ အလွန်ဒေါသထွက်လှသဖြင့် အသက်ဖြောင့်ဖြောင့်မရှူနိုင်ဘဲ ဖြစ်နေသည့်အပြင် ပိုင်ရှောင်ချန်း သူ့ကို ကောင်လေးဟု ခေါ်သည့်အချက်က ပို၍ စိတ်တိုစရာကောင်းနေတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ မယုံကြည်နိုင်ဖွယ်အတိုက်အခိုက်စွမ်းရည်၊ သူ့နောက်တွင် အလောင်းတပ်သား ၃၀၀၀ရှိပြီး စစ်ဆေးရေးအရာရှိမင်းဖြစ်သည်ကို တွေးလိုက်ရုံနှင့် သူ၏ ဒေါသများကို မျိုသိပ်ရမည်ဖြစ်ကြောင်း သေချာသွားသည်။
" မင်း ဝိညာဥ် မင်းရပြီလေ ပိုင်ဟောက် ။ ပြန်လိုက်တော့ ဟုတ်ပြီလား။ မင်းကို ဒီနေရာက မကြိုဆိုဘူး "
ပိုင်ရှောင်ချန်းက ထိုသည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူ၏မျက်လုံးများက စိန်းစိန်းဝါးဝါးပြူးကျယ်သွား၏။ သူက ကျောက်ဒုံရှန်ကို လက်ညှိုးထိုးပြီး ပြောသည်။
" အဲဒီစကားက ဘာအဓိပ္ပါယ်လဲ ကောင်လေး။ ငါ့ကို ဒီနေရာက မကြိုဆိုဘူးဟုတ်လား။ ငါက မဟာကောင်းကင်သခင်ကို ကိုယ်စားပြုတယ်။ ငါ့ကို မကြိုဆိုဘူးလို့ပြောတာက မဟာကောင်းကင်သခင်ကိုလဲ မကြိုဆိုဘူးလို့ မင်းပြောနေတာပဲ "
" မင်း "
ကျောက်ဒုံရှန်မှာ ပေါက်ကွဲထွက်မတတ် အလွန်ဒေါသထွက်သွားပြီး ရှင်းပြရန် ပြင်လိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းက သူ့ကို အခွင့်အရေးမပေးပေ။
" မဟာကောင်းကင်သခင်ကို မကြိုဆိုဘူးဆိုတော့ မင်းက ဗဟိုဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်လိုက်တာပဲ။ မင်းတို့ ကျောက်မျိုးနွယ်စုက တစ်ခုခုကို ဖုံးကွယ်ထားတာလား "
ပိုင်ရှောင်ချန်း အော်လိုက်သည်နှင့် သူ၏ အလောင်းတပ်သား ၃၀၀၀က သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ ကျောက်မျိုးနွယ်စု၏ အပေါ်ဘက် ကောင်းကင်ယံတွင် အနက်ရောင်လေပွေကြီးတစ်ခု ပေါ်လာတော့သည်။
" မဟုတ်ဘူး "
ကျောက်ဒုံရှန်က ပြာပြာသလဲလဲပြောသည်။ စစ်ဆေးအရာရှိမင်းဖြစ်လာပြီးနောက် ပိုင်ရှောင်ချန်းသည် လူများကို မဟုတ်မမှန်သောစွပ်စွဲချက်များဖြင့် ခေါင်းစဥ်တပ်ရသည်တွင် သဘောကျလာတော့သည်။ သူတို့က ပါးစပ်လေးဖွင့်ရုံသာ လုပ်ခဲ့ခြင်းဖြစ်ပြီး သူက ချက်ချင်း တိုက်ခိုက်သူဖြစ်သည်။ ကျောက်ဒုံရှန်၏ အဖေအရင်းပင် ထိုနည်းတူ ခံခဲ့ရသည်မဟုတ်ပါလော။
ကောင်းကင်နယ်စား ချန်ဟောက်စုန့်ပင် ဒုက္ခလှလှခံခဲ့ရပြီး နောက်ဆုံးတွင် ပါးစပ်ပိတ်ထားရန်သာ ရွေးချယ်ခဲ့ရလေသည်။
" အီး အပြစ်ရှိသလို ခံစားရတာလား ဘာလား "
ပိုင်ရှောင်ချန်း၏ မျက်လုံးထဲရှိ အရိပ်အယောင်များအရ အရေးကြီးသော သက်သေအချို့ ရှာနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်နေဟန်တူသည်။ စေတီထဲရှိ ကျောက်ရှောင်လင်း၏ လက်များမှာ ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ကျောက်ဒုံရှန်က စောစောကထက် အနည်းငယ်ပို၍ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက ကပျာကယာ ရှေ့တစ်လှမ်းတိုးလိုက်ပြီး အသက်ပြင်းပြင်းရှူ၍ သူ၏ဒေါသများကို ဖိနှိပ်ကာ လက်နှစ်ဖက်ယှက်လျက် ပိုင်ရှောင်ချန်းကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
" ဆရာကြီး၊ ဒုံရှန် အရိုအသေပေးပါတယ်၊ အရိုအသေပေးပါတယ် ကြီးမြတ်လှသော စစ်ဆေးရေးအရာရှိမင်းခင်ဗျား "
ကျောက်ဒုံရှန်မှာ သွေးအန်ကာ ရူးသွပ်လုမတတ်ခံစားနေရတော့သည်။ သို့သော် အနှီပိုင်ဟောက်က ယခင်က ပိုင်ဟောက်နှင့် မတူတော့ပေ။ ကျောက်ဒုံရှန်၏အဖေပင်လျှင် သူ့ကို စိတ်တိုအောင် မလုပ်ရဲသည့်အတွက် ကျောက်ဒုံရှန်မှာ အညံ့ခံရုံမှတစ်ပါးရွေးချယ်စရာ မရှိပေ။
ပိုင်ရှောင်ချန်းသည် ကျောက်ဒုံရှန်က ခဏလေးနှင့်စိတ်ထိန်းလိုက်နိုင်သည်ကို အံ့သြရင်း မကျေမနပ်ကြည့်လိုက်သည်။ ဤအခြေအနေကို အခွင့်ကောင်းယူ၍ ကျောက်မျိုးနွယ်စုကို ခြိမ်းခြောက်ငွေညှစ်ရန် သူ မျှော်လင့်ထားခဲ့သည်ကို ထည့်တွက်လိုက်ပါက အမှန်တကယ် နှမြောစရာကောင်းေနတော့သည်။
" အရမ်းလွယ်လွယ်နဲ့ အလျှော့ပေးလိုက်ရင် ဘယ်ပျော်ဖို့ ကောင်းတော့မလဲ "
သူက တွေးလိုက်သည်။ ကံဆိုးစွာပင် သူ့၌ ရှေ့ဆက်သွားရန် ဆင်ခြေမရှိပေ။ တစ်ယောက်တည်း ဒေါသတကြီး ပွစိပွစိရေရွတ်ရင်း သူက မျိုးနွယ်စုကို ဝေ့ဝိုက်ကြည့်လိုက်ရာ နောက်ဆုံးတွင် ဖြူဆွတ်နေသော သားရဲရုပ်တုများကို သတိထားမိလိုက်သည်။
" ဒီသားရဲရုပ်တုကြီးက တော်တော်မသင်္ကာစရာပဲ" သူက ကြေညာလိုက်သည်။
" ငါ့ကောင်တို့ အဲဒီရုပ်တုတွေကို ယူလိုက်ကွာ။ ငါ့ရဲ့စံအိမ်ကို သယ်သွားကြ။ ဒါမှ ငါအနီးကပ်လေ့လာလို့ရမှာ "
ချက်ချင်းပင် အနက်ရောင်ချပ်ဝတ်တန်ဆာများနှင့် အလောင်းတပ်သားရာချီက ကျောက်မျိုးနွယ်စုကျင့်ကြံသူများကို လုံးဝလျစ်လျူရှရင်း ရုပ်တုများထံ ပျံသန်းလာကြသည်။ ကျောက်ဒုံရှန်၏ မျက်နှာပေါ်တွင် သွေးကြောကြီးများ ထောင်တက်လာတော့သည်။ သို့သော် သူ့အဖေက အမိန့်တစ်စုံတစ်ရာမပေးသည့်အတွက် သူ ပါးစပ်ပိတ်ထားရလေသည်။ အလောင်းတပ်သားရာချီက ကျောက်မျိုးနွယ်စု၏ အဖိုးမဖြတ်နိုင်သော ရတနာများအဖြစ် သတ်မှတ်ထားသော ရုပ်တုနှစ်ရုပ်ကို အလျင်အမြန်ယူဆောင်လိုက်ကြပြီး မြေကြီးပေါ်မှ ဖယ်ရှားလိုက်ကြသည်။
ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်သည် ကောင်းကင်မြို့စားစေတီပေါ် ကျရောက်သွား၏။ သိသာထင်ရှားစွာပင် ကျောက်ရှောင်လင်းမှာ ထွက်လာရန် အစီအစဥ်မရှိပေ။ အတန်ငယ်စိတ်တိုသွားရင်း ပိုင်ရှောင်ချန်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏အလောင်းတပ်သားများ၊ ရုပ်တုနှစ်ရုပ်ဖြင့် လှည့်ပြန်သွားတော့သည်။
" ငါ့ကို ဘယ်လိုတောင် ရန်စရဲတာလား။ ကျောက်ဒုံရှန်က ငါ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်။ ဒီရုပ်တုနှစ်ရုပ်က သူငါ့အပေါ်တင်နေတဲ့ အကြွေးချေတယ်လို့ပဲ ထားတာပေါ့"
သူက မေးကို မော့ရင်း ထွက်ခွာသွားသည်။
သူထွက်သွားပြီးနောက် ကောင်းကင်မြို့စားစေတီမှ ဒေါသတကြီးအော်သံတစ်ခု ပဲတင့်ထပ်လာ၏။ ကျောက်ရှောင်လင်းမှာ ဒေါသူပုန်ထနေသော်လည်း သူ၏ဒေါသမှာ ဆန္ဒမပြည့်လိုက်ရ၍ အဆက်မပြတ် ဒေါသတကြီးဟိန်းဟောက်နေခြင်းဖြင့်သာ စိတ်ဖြေနေရလေသည်။
ကျောက်ဒုံရှန်မှာ ပိုင်ရှောင်ချန်းကို ကြောက်လန့်လျက် ခါးသီးနာကျည်းစွာ မလှုပ်မယှက် ထိုင်နေလေသည်။ ဤကဲ့သို့ ဖြစ်မည်ကိုသာ သူကြိုတင်သိခဲ့ပါက အတိုက်အခံလုပ်ရဲခဲ့မည် မဟုတ်ပေ။
ထိုသို့ဖြင့် ပိုင်ရှောင်ချန်းမှာ နတ်အဆင့်ဝိညာဥ်ကို လက်တွင်ကိုင်ရင်း သူ၏အလောင်းတပ်သားများက ရုပ်တုနှစ်ရုပ်ကို ထမ်းလျက် စစ်ဆေးရေးစံအိမ်ကို ပြန်လာလေသည်။ သူ၏ အလောင်းတပ်သားများအား စောင့်ကြပ်ရန် စီမံပေးပြီးနောက် သူက တံခါးပိတ်ကျင့်ကြံရာအဆောင်ကို သွားပြီး မနေ့က မဟာကောင်းကင်သခင် သူ့ကို ပြောခဲ့သည့်အရာကို ပြန်စဥ်းစားလိုက်သည်။
" နောက်ထပ်ပေးမယ့် အမိန့်တွေကိုပဲ စောင့်လိုက်မယ်။ ဒီတစ်ကြိမ်တော့ မဟာကောင်းကင်သခင် မျိုးနွယ်စုဘယ်လောက်များများကို ငွေညစ်ခိုင်းမလဲ သိချင်လိုက်တာ "
မျှော်လင့်ချက်များဖြင့် ရင်တဒိန်းဒိန်းခုန်ရင်း သူက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို လေ့လာရန် ပြန်ပြင်လိုက်သည့်အချိန်မှာပင် သူ၏အမူအရာ လက်ခနဲပြောင်းသွား၏။ တခဏကြာသော် ကျိုးရီရှင်းသည် သူ၏တံခါးပိတ်ကျင့်ကြံရာအဆောင်၏ အပြင်ဘက်တွင် ပေါ်လာ၏။
" ကျိုးရီရှင်း တွေ့ခွင့်တောင်းပါတယ် ကြီးမြတ်တဲ့အရှင်ခင်ဗျား "
ကျိုးရီရှင်းမှာ စစ်ဆေးရေးစံအိမ်၏ အဖွဲ့ဝင်အဖြစ် ပိုင်ရှောင်ချန်း၏ အသိအမှတ်ပြုခြင်းခံရသောကြောင့် အလောင်းတပ်သားများက သူ့ကို အကြည့်စူးစူးများဖြင့် မကြာခဏကြည့်နေသော်လည်း သူ့၌မကောင်းသော ရည်ရွယ်ချက်မရှိသရွေ့ မည်သည့်အန္တရာယ်မှပြုမည် မဟုတ်ပေ။
အမှန်တွင် ပိုင်ရှောင်ချန်းက ကျိုးရီရှင်း၏ လုပ်ဆောင်မှုများကို အလွန်တရာ ဘဘောကျကျေနပ်နေသည်။ ထို့ကြောင့် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အဆောင်တံခါး ပွင့်သွား၏။ ကျိုးရီရှင်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အလွန်လေးနက်သော မျက်နှာအမူအရာဖြင့် လမ်းလျှောက်ဝင်လာသည်။ ပိုင်ရှောင်ချန်း၏ ရှေ့တွင် ရပ်ရင်း သူက လက်ကိုယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
မဟာကောင်းကင်သခင်၏ပုံစံကို တုပရန် ကြိုစားရင်း ပိုင်ရှောင်ချန်းက အေးတိအေးစက် ပြောသည်။
" ရီရှင်း၊ ကောင်းကောင်းသာ အဆင်သင့်ပြင်ထားပေတော့။ စစ်ဆေးရေးစံအိမ်က သိပ်မကြာခင် အရမ်းအလှုပ်ရှုပ်တော့မှာ "
ကျိုးရီရှင်းက ရုတ်တရက် ကျယ်လောင်စွာ ဘဘောတူလိုက်သည်။ ထို့နောက် သူက ချီတုံချတုံနှင့် ဘေးဘယ်ညာကို ကြည့်ပြီး ခပ်တိုးတိုးပြောသည်။
" အရှင်၊ ဟို… စုန့်ချွဲကို ကျုပ်တို့ ဘယ်လိုလုပ်သင့်လဲ"